Monday, April 20, 2026

တိမ်အတုမှာ ရွာတဲ့မိုး


 

❝ တိမ်အတုမှာ ရွာတဲ့မိုး ❞
          ( ကိုစက်ဖေ )

“ ညက အိပ်လို့ ကောင်းရဲ့လား ဦး ”

ညီဇော်က ချောင်းထဲမှ တက်လာရင်း ဦးလှဘော်ကို မေးလိုက်သည် ။ ထို့နောက် လည်ရှည်ဘိနပ်ကို ချွတ်ကာ ချောင်းစပ်ရှိ ကျောက်ခဲရောရော သဲပြင်ပေါ်ကို ခြေပစ်လက်ပစ် ထိုင်ချလိုက်သည် ။

ဦးလှဘော်က ကြားဟန် မတူသေး ။ စာရွက် အချို့နှင့် အလုပ်ရှုပ် နေ၏ ။ ခပ်လှမ်းလှမ်းရှိ ချောင်းကွေ့၌ လယ်ဗယ်လာ ခေါ် မြေပြင်တိုင်း ကိရိယာကို သိမ်းနေသည့် အကူလုပ်သားလေး ကိုလည်း နားရန် ညီဇော်က အချက် ပြလိုက်သည် ။ ထိုစဉ် ဦးလှဘော်က ခေါင်းထောင်လာပြီးမျက်မှောင်ကြုတ်လျက် ...

“ နားတော့မလို့လား မောင်ညီဇော် ။ လိုချင်တဲ့ ပွိုင့်တွေ မရသေးဘူးလေ ၊ နည်းနည်းလောက် ထပ်ပြီး တိုင်းပါဦးကွ ”

“ ခဏနေမှ လိုတာတွေကို ဂျီပီအက်စ် သုံးပြီး ထပ်တိုင်းတော့မယ် ဦး ။ အခုတော့ နားဦးမယ်ဗျာ ။ တစ်ညလုံး မအိပ်ရတော့ ပင်ပန်းနေတယ်ဗျာ ”

ဦးလှဘော်က ကျေနပ်ဟန် မတူ ။ လေသံမာမာဖြင့် ...

“ ကိုယ်တိုင် တိုင်းတာ ပိုတိကျတော့မပေါ့ မောင်ညီဇော်ရဲ့ ။ ရေအားလျှပ်စစ် အတွက် ရေကာတာတစ်ခု ဆောက်ဖို့ ဆိုတာ လွယ်တယ် မထင်နဲ့ ။ ရေမြုပ် ဧရိယာကို တိတိကျကျ ... ”

“ ကဲ ၊ ဟုတ်ပါပြီ ဦးရယ် ။ ကျွန်တော် ထပ်တိုင်းပါ့မယ် ”

ပြောသာ ပြောသည် ၊ ညီဇော် ထိုင်ရာက မထသေး ။ ဦးလှဘော်၏ မျက်နှာမှာ အပြုံးရိပ်ရိပ် ပေါ်လာ၏ ။ လေသံကို လျှော့ချသွားပုံရသည် ။

“ ဒါနဲ့ ၊ ညက ဦးလည်း ဆယ်နာရီလောက်မှာ အိပ်ပျော် သွားတယ် ။ မောင်ညီဇော် ဘာတွေ လုပ်နေလို့ တစ်ညလုံး မအိပ်ရတာလဲကွ ”

ဦးလှဘော် မေးခွန်းကို ညီဇော်က စိတ်ပျက်လက်ပျက် ဟန်ဖြင့် ပြန်ကြည့်ရင်း ပြော၏ ။

“ ကျွန်တော်တို့ တည်းတဲ့ ဘန်ဂလိုမှာ ဝင်ပေါက် တံခါး ပိတ်မရတာ ဦး သတိထားမိရဲ့လား ” ဟု မေးတော့ ဦးလှဘော် မဖြေ ။ သတိထား မိဟန် မရှိ ။ ညီဇော်က အကူ လုပ်သားကောင်လေးကို ပခုံး ပုတ်ရင်း ဆက်ပြောသည် ။

“ မနေ့တုန်းက နေ့လယ် စာ စားရင်း ဒီကောင် စောလွယ်ထူးနဲ့ စကားစပ်မိတယ် ။ ပြီးခဲ့တဲ့ တစ်ပတ်က ဘုန်းကြီးတစ်ကောင်ကို မုဆိုးတွေ ရလာကြတယ်ဗျ ။ ဘုန်းကြီးဆိုတာ မရိုသေ့စကားပါ ၊ ကျားကို ဒီအရပ်မှာ ဘုန်းကြီးလို့ခေါ်တာ ဦးရေ ။ မိတဲ့ကျားက ခုနစ်တောင် ရှိတယ် ၊ အမကြီး ။ ဒီတောမှာ ကျားနှစ်ကောင် သောင်းကျန်းနေတာကို တစ်ရွာလုံး သိတယ် ။ ဦးနဲ့ ကျွန်တော်က လွဲလို့ပေါ့လေ ”

ဦးလှဘော်၏ မျက်ခုံးအစုံက နဖူးပေါ်သို့ တက်သွား၏ ။

“ တို့ကိုလည်း ဘာမှ ကြိုပြော မထားပါလားကွ ”

“ ဘယ် ပညာရှင်က အသက်နှစ်ချောင်း ပါလို့လဲ ဆရာကြီးရယ် ။ ကျားရှိတယ် ပြောရင် ဘယ်သူက လာပြီး ဒီနေရာကြီးကို တိုင်းလားထွာလား လုပ်ရဲပါ့မလဲ ။ ဆရာကြီးတို့ နှစ်ယောက်တောင် ကျားရှိမှန်း မသိလို့ လိုက်လာတာ မဟုတ်လား ။ ကျန်တဲ့ ကျားက အထီး ။ ရှစ်တောင်လောက် ရှိတယ်လို့ ကိုမောင်ထွေးနဲ့ သူ့တပည့် မုဆိုးတွေ ပြောနေတာ ကြားမိတယ် ”

တစ်ချိန်လုံး ငြိမ်နားထောင်နေသည့် စောလွယ်ထူးက ဝင်ပြောလာ၏ ။ စောလွယ်ထူး၏ စကားကို ဖြတ်ပြီး ညီဇော်က ဆက်ပြောပြန်သည် ။

“ ကျွန်တော်တို့ ဘန်ဂလိုမှာ ဝင်ပေါက် နှစ်ပေါက်ရှိတယ် ။ နောက်ဖေးပေါက် ကတော့ တံခါးကို ဂျက်ထိုးလို့ ရတယ် ။ ရှေ့ပေါက်က ပိတ်မရဘူးလေ ။ ကြိုးနဲ့ ချည်စရာ လည်း တံခါးလက်ကိုင်တောင် မရှိဘူး ။ အပြင်က ဆွဲဖွင့်ရတဲ့ တံခါးမျိုး ဆိုတော့ တုတ်နဲ့ လည်း ထောက်မရပေါ့ ဦးရယ် ။ အပြင်က တစ်ခုခုနဲ့ ချည်မယ် ကြံတော့လည်း မျောက်လက်တောင် မရှိဘူး ”

“ အဲဒီတော့ ဘာဆက် လုပ်လဲ မောင်ညီဇော် ”

“ တံခါး နှစ်ပေါက်စလုံးကို ဖွင့်ထားပြီး အလယ်မှာ ငုတ်တုတ်ထိုင် နေလိုက်တာပေါ့ ဦးရာ ။ ရှေ့ပေါက်က ဘုန်းကြီး တက်လာမှ နောက်ဖေးတံခါး သွားဖွင့်ရင် ပြေးချိန် မကျန်တော့ဘူးလေ ”

“ ဟေ မင်း ၊ မင်းကွာ ။ ငါ့လည်း ဒီအကြောင်း ဘာမှ မပြောပါလား ”

“ ဦးပဲ ပြောနေကျလေ ။ ဦးက သက်သတ်လွတ်သမား ၊ သတ္တဝါတွေ အပေါ် မေတ္တာ ထားတယ်ဆို ။ ညအိပ်ခါနီးရင်လည်း စည်းတွေ ဘာတွေ ချပြီးမှ အိပ်တာဆိုတော့ ဦးက အန္တရာယ်ကင်းတယ် ဆိုပြီး ကျွန်တော်လည်း ဘာမှ မပြောတော့တာ ”

ဦးလှဘော်၏ မျက်နှာပေါ်တွင် အမျိုးအမည် ဖော်ရ ခက်သော အရိပ်များ ယှက် သန်းလျက် တဖြည်းဖြည်း အနီရောင်သန်းလာ၏ ။ ညီဇော် က ခပ်လှမ်းလှမ်းရှိ ချောင်းကွေ့ တစ်နေရာကို လက်ညှိုး ထိုးပြရင်း ...

“ ဟိုးက ချောင်းကွေ့မှာ ပစောက်ပုံစံ ချုံတွေ ဝိုင်းနေတဲ့ နေရာလေးကို ဦး တွေ့လား ။ အဲဒီနားကို မရောက်ခင် ချောင်းရိုး တစ်လျှောက်မှာ ဝက်လူးကျင်းတွေ တွေ့တယ် ။ ဝက် ခြေရာလည်း ရှိတယ် ။ ဝက်တွေ စားထားတဲ့ သစ်ရာဥတွေလည်း တွေ့တယ် ။ ဝရုန်းသုန်းကား ဖြစ်ထားတဲ့ ခြေရာ လက်ရာတွေလည်း ရှိတယ် ။ တွေးမိတာက ကျွန်တော်သာ မုဆိုး ဖြစ်ခဲ့ရင် သားကောင်ကို ချောင်းဖို့ အဲဒီ ပစောက်ပုံ နေရာလေးက အရမ်းကောင်းတယ်လို့ တွေးမိတာပါပဲ ”

ဦးလှဘော်၏ မျက်နှာမှာ နီရာမှ သပြေသီးမှည့်ရောင် ပေါ်လာ၏ ။ ညီဇော် စကားပြော ရပ်တော့ စောလွယ်ထူးက ...

“ ကိုမောင်ထွေးကို အထင်မသေးနဲ့ ဆရာ ။ သူက ဒီနယ်မှာ နာမည်ကြီးမုဆိုးပဲ ။ ကုမ္ပဏီက ဈေးကြီး ပေးပြီး ခေါ်ထားရတာ ။ ကျားစွယ် တွေ ဘာတွေ ရဖူးတယ် ။ ကျွန်တော့်အဖေနဲ့က တော လိုက်ဖက် ။ ကျွန်တော့်ဆီမှာလည်း ကျားစွယ်တစ်ချောင်း ရှိတယ် ။ တောမုဆိုးချင်း စည်းထားရင် တော်ရုံ အန္တရာယ် မကျနိုင်ဘူး ဆရာ ”

စောလွယ်ထူးက ပြော ရင်းပင် လည်ပင်းမှာ ဆွဲထားသည့် အရှည် သုံးလက်မခန့် ရှိသော အစွယ် တစ်ချောင်းကို ပြသည် ။ ထိုစဉ် ဦးလှဘော်တို့ ရှိရာ ချောင်းစပ်ကို လူ ငါးဦး အပြေးအလွှား ရောက်လာကြသည် ။ ဦးလှဘော်တို့ တောတိုးရာတွင် အကူအညီ ဖြစ်စေရန် ကုမ္ပဏီက စီမံပေးထားသည့် တောခုတ်သမား နှစ်ဦးနှင့် မုဆိုးသုံးဦး ။ မျက်လုံးတစ်ဖက်ကို အင်္ကျီချွတ်ကာ စည်းထားသည့် တောခုတ်သမား တစ်ယောက်ကို အခြား နှစ်ယောက်က တွဲရင်း ရောက်လာသည် ။

“ ဘာဖြစ်တာလဲဗျ ”

ညီဇော်က ပြူးပြူးပျာပျာ ထ , ရင်း မေးသည် ။ ကိုမောင်ထွေးက ...

“ ဆရာကြီး ခိုင်းထားတဲ့ လမ်းကို ထွင်နေတာဗျ ။ ဝါး သပွတ်ခုတ်ရင်း မျက်လုံးကို ဝါးကိုင်း ထိုးမိလို့ ”

“ ဖြစ်ရလေဗျာ ။ ဝါးသပွတ်တွေက အရမ်းချော်တာ ။ အပေါ်ပိုင်းကို အမြင့်ကြီး မခုတ်ရဘူး ဆိုတာ မသိလို့လား ”

ပြောပြောဆိုဆိုဖြင့် ပတ်တီး အဖြစ် စည်းထားသည့် အင်္ကျီအစကို ဖယ်ကြည့်လိုက်ရာ အသားတစ်များသာ မြင်ရသည် ။ မျက်လုံးကို လုံးလုံး မတွေ့တော့ ။ ရင်ထဲမှာ ပျို့တက်လာသဖြင့် ညီဇော်က အဝတ်စကို အသာ ပြန်အုပ် ထားလိုက်ရသည် ။

“ ဒီကောင်က လူသစ် ဆရာလေးရေ ”

“ ကိုင်း ၊ ဒါဖြင့် စခန်းကို အရင် ပြန်ရအောင် ၊ စခန်းမှာဆေးခန်း တွေ့ခဲ့တယ် ။ ဆရာဝန် မရှိတောင် သူနာပြုတော့ ရှိမှာပဲ ။ အခြေအနေ မကောင်းရင် မြို့တက်ဖို့ ကားတောင်းရမှာပေါ့ ”

ကိုမောင်ထွေးက ပြုံးရင်း မဲ့လာသည် ။ လေသံပါ မာထန်လာ၏ ။

“ ဒီက ဆေးခန်းတွေ ၊ ကျောင်းတွေက ဟန်ပြပါ ဆရာလေး ။ ဆရာဝန်နဲ့ သူနာပြု ဆိုတာ ဆေးခန်းဖွင့် စ , တစ်လလည်း ပြီးရော ဘယ်သူမှ မရှိတော့ဘူး ။ အခု ဆေးတပ်က ပင်စင် ယူလာတဲ့ တပ်ကြပ်ကြီး တစ်ယောက်တော့ ရှိတယ် ။ ဒါပေမဲ့ သူလည်း အချိန်ပြည့် မူးနေတာ ”

“ ကဲဗျာ ၊ စခန်းရောက် အောင်တော့ ပြန်ရမှာပဲ ။ ဟိုကျမှ ကားတောင်းပြီး မြို့က ဆေးရုံကို ပို့ဖို့ စီစဉ်ကြတာပေါ့ ။ ကိုမောင်ထွေး တွဲစမ်းပါဗျ ၊ မြန်မြန် ။ ဟေ့ စောလွယ်ထူး ။ ရှေ့က အရင်ပြေးနှင့်ချေ ။ ကားစီစဉ်ဖို့ တစ်ယောက်ယောက်ကို အကူအညီ တောင်းခိုင်းထားလိုက် ”

ညီဇော်က လောနေ သလောက် အားလုံးက တက်တက်ကြွကြွ မရှိလှ ။ မျက်လုံး ထိထားသည့် တောခုတ်သမားပင် မလှုပ်တလှုပ် ။ ဦးလှဘော် ကတော့ သူ့အလုပ် မပြီးသဖြင့် ကြည်လင်ပုံ မရ ။ မျက်နှာ တစ်ခုလုံးလည်း သပြေသီးအရောင်မှ ဆင်ချေးတုံး ဆပ်ပြာအရောင်သို့ ပြောင်းနေ၏ ။ စောလွယ်ထူးက အပြေးတစ်ပိုင်းနှင့် ထွက်သွား၏ ။ ညီဇော် ကိုယ်တိုင် လယ်ဗယ်လာကို လွယ်လျက် တစ်ဖက်က ဓားလွတ်ကို ကိုင်ကာ တောခုတ်ရင်း စခန်းဆီကို ပြန်သည် ။ စခန်းရောက်ဖို့ ငါးမိုင်ခန့် လိုသေး၏ ။ ခပ်မြန်မြန် လျှောက်လျှင်ပင် တစ်နာရီခွဲတော့ လျှောက်ရမည် ။ ဦးလှဘော်က အလယ်မှာ ။ ကိုမောင်ထွေးနှင့် ညီဇော်က ရှေ့ဆုံးမှ ဦးဆောင်ကာ ခုတ်ရင်း ထွင်ရင်း တောတိုးကြသည် ။ မျက်လုံးဒဏ်ရာ ရထားသည့် လူငယ်ကတော့ တညည်းညည်း ၊ တွဲသူတွေနှင့် နောက်ဆုံးမှ လိုက်လာသည် ။

ညီဇော့် နံဘေးမှာ ကပ်ပါလာသည့် ကိုမောင်ထွေး က တီးတိုးစကား ဆို၏ ။

“ ဆရာလေး ၊ ကျွန်တော် တို့စခန်းမှာ ဒဏ်ရာရတိုင်း ဘယ်တုန်းကမှ မြို့တက်ပြီး ကုပေးတယ်လို့ တစ်ခါမှ မရှိခဲ့ဘူး ”

“ ဗျာ ... ။ ဘာလို့လဲ ကိုမောင်ထွေး ။ ဒီမှာလည်း ကုပေးမယ့်လူ မရှိဘူးဆို ”

“ အားလုံး ဟန်ပြပါဆို ဆရာရယ် ၊ ဒီမှာ တာဝန်ရှိတဲ့ လူတွေ တစ်ခုခု ဖြစ်ရင်တော့ ပါချန်မြစ်ကို ဖြတ်ပြီး ရှမ်း ကမ်း ( ယိုးဒယား ) မှာ သွားကုကြတယ် ။ ဒီက ခြံတွေထဲမှာ အလုပ်သမားက အများကြီး လိုတာလေ ။ ဒေသခံတွေနဲ့ မလောက်လို့ ဆေးရုံတွေ ရှိတယ် ၊ ကျောင်းတွေ ရှိတယ် ၊ ဈေးတွေ ရှိတယ် ။ မိသားစု ဘဝတွေ ခိုင်လုံတယ် ဆိုပြီး တီဗွီမှာတောင် ကြော်ငြာထည့် သေးတယ်လေ ဆရာ ”

“ အဲဒီ ကြော်ငြာတွေ ကျွန်တော်လည်း တွေ့ပါ တယ်ဗျ ။ တကယ် မဟုတ်ဘူးလား ”

“ ကြံကြံဖန်ဖန် ဆရာလေးရယ် ။ အစကတော့ အယောင်ပြ ထားသေးတာပေါ့ ။ နောက်တော့ ဘာမှ မထားတော့ဘူး ။ ဘယ်လောက်တောင် ဆိုးလာသလဲ ဆိုတော့ လူရဖို့ အတွက် တိုင်းပြည်အနှံ့က အလုပ်အကိုင် ရှားပါးတဲ့ ရွာတွေအထိ လိုက်ပြီး အိုကြီးအိုမတွေကို စည်းရုံးကြတယ် ။ အမေတို့ ၊ အဘတို့ပါ လိုက်ခဲ့ပါ ။ ဟိုရောက်ရင် ဘာအလုပ်မှ မလုပ်နဲ့ ။ ရွာက ပါလာတဲ့ ကလေးတွေ ကိုပဲ စောင့်ရှောက် ။ လစာလည်း ပေးထားမယ် ၊ စားဖို့လည်း စရိတ်ငြိမ်း ထောက်ပံ့မယ်ဆိုပြီး စည်းရုံးကြတယ် ဆရာလေး ။ ဒါမှလည်း လူငယ်တွေ ပါလာမှာလေ ၊ မိဘတွေကလည်း စိတ်ချမှာ ။ ဒီလည်း ရောက်ရော ။ လစာက ဘယ်နေမှန်း မသိဘူး ။ ဆယ့်ငါးရက် တစ်ခါ ဆန်ရယ် ၊ အာလူးရယ် ၊ ဆီရယ် ၊ ကော်ဖီမစ်ရယ် ဒါပဲ ရတယ် ။ အလုပ် မဆင်းတဲ့ လူတွေက အဲဒီ ခွဲတန်းတောင် မရဘူး ။ အဘိုးကြီး ၊ အဘွားကြီးတွေလည်း ခြံထဲ မဆင်းရင် ရိက္ခာ မရဘူး ၊ ငတ်ရောပဲ ”

“ ဟာဗျာ ၊ ဒီလောက် ဆိုးဝါးနေတာ မတိုင်ကြဘူးလား ”

“ ဘယ်ကို တိုင်မှာလဲ ဆရာ ။ တိုင်စရာ နေရာမှ မရှိတာ ။ ထွက်ပြေးပြန်ရင်လည်း ထွက်ပြေးတဲ့ လူကို အချင်းချင်း ပြန်ဖမ်းတယ် ။ ပြီးတော့ ဒီမှာ လူတစ်ယောက် အစ ပျောက်သွားဖို့ ဆိုတာ သိပ်လွယ်တယ် ဆရာ ”

“ ဗျာ ၊ အဲဒီလောက်တောင်လား ”

“ ရောက်လာတဲ့ လူငယ်ပိုင်းတွေ ကတော့ ရှမ်းကမ်း ( ယိုးဒယား ) ဘက်ခြမ်းကို ထွက်ပြေးကြတယ် ။ ပြည်မကို ပြန်တာထက် အဲဒီဘက်ကို သွားတာ လွယ်လည်း လွယ်တယ် ၊ နီးလည်း နီးတယ်လေ ။ ဒါနဲ့ ဆရာလေး ၊ မျက်လုံး ထိတဲ့ကောင်ကို မြို့ တက်ပြီး ကုပေးဖို့ စိတ်ကူး ရှိသေးလား ”

“ ရှိတယ်ဗျ ၊ ရှိတယ် ။ သူလည်း လူပဲ ။ ဒီကုမ္ပဏီက ကုမပေးရင် ကျွန်တော် အိတ် စိုက်ပြီး ကုမယ်ဗျာ ”

အလွန် ခံပြင်းလာသည် ကြောင့် ထင်၏ ။ ညီဇော် လေသံက ပြင်းထန် ပြတ်တောင်းနေသည် ။

“ ဆရာလေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်ဗျာ ။ ခြံတွေထဲမှာ ဝေဒနာပေါင်းစုံ ခံနေရတဲ့ မသေမရှင် လူနာ တစ်ရာ ဝန်းကျင်လောက် ရှိတယ် ။ ငုတ်စူးလို့ ၊ ငှက်ဖျားမိလို့ ၊ သစ်ပိလို့ ရောဂါဘဖြစ်နေတဲ့ လူတွေပါ အကုန် ကုပေးလိုက်ပါ ဆရာလေး ”

“ ဗျာ ”

ကိုမောင်ထွေး၏ မဲ့ပြုံးလည်း ပိုမို ပီပြင်လာ၏ ။

“ တစ်ခုတော့ ရှိတယ် ဆရာလေး ။ တိုင်လားတောလား လုပ်ရင်တော့ ကျွန်တော်လည်း သက်သေခံ လုပ်မပေးနိုင်ဘူး ။ ကျွန်တော့် လစာနဲ့ ရပ်တည် နေရတဲ့ မိသားစုက ရှိသေးတယ် ။ ခြံလုပ်သား တွေသာ လစာ မရတာ ၊ အရေးကြီးတဲ့ လူတွေ အကုန်လုံး လစာ ပုံမှန်ရတယ်ဗျ ။ ပြီးတော့ မုဆိုးအလုပ်က မိုး သိပ်ခေါင်တာ ။ လူတွေ များလာတော့ ဒီရိုးမမှာ သားကောင်ရယ်လို့ မည်မည်ရရ မရှိတော့ဘူး ။ ဆရာ့ကို ကူညီတာနဲ့ ကျွန်တော်လည်း အလုပ်ပြုတ်မယ် ပြီးတော့ ... ”

“ တော်ပါတော့ဗျာ ။ တော်ပါတော့ ကိုမောင်ထွေးရယ် ”

“ ဆရာလေးရေ ။ ဒီ ကောင့်ကံပေါ့ဗျာ ။ ဒီကုမ္ပဏီ ပိုင်ရှင်သူဌေးက မြို့မှာ နိုင်ငံခြားသား မျက်စိဆရာဝန်ကြီးတွေကို ခေါ်လာပြီး မျက်စိဝေဒနာသည် ၁၅ဝဝ ကို ကုပေးနေတာ သုံးရက်ရှိပြီ ကြားတယ် ။ အဲဒီအဖွဲ့က မျက်စဉ်းလေး ဘာလေး ပိုလို့ စခန်းကို သယ်လာရင်တော့ ဟိုကောင် သက်သောင့်သက်သာ မျက်လုံးကန်းခွင့်ရမယ်ပေါ့ဗျာ ”

တောစခန်းနှင့် မိုင်ငါးဆယ်မျှ ဝေးသည့် မြို့လေး ရှိရာအရပ်ကို ညီဇော် လှမ်းမျှော် ကြည့်နေပုံရသည် ။ ထိုမြို့လေးမှာ ရက်ရောလှသော သူဌေးကြီး အတွက် မြို့လူထု၏ ချီးမွမ်းသံက ညံနေပါလိမ့်မည် ။ တနင်္သာရီရိုးမ တစ်နေရာ၌ မျက်လုံး တစ်ဖက် ကန်းလုကန်းခါနီး လူငယ်တစ်ဦး၏ ညည်းညူသံကတော့ လေနှင့် အတူ ပျောက်ကွယ်သွားလေတော့ သည် ။

( စိတ်ကူးယဉ် ဖန်တီးထားသော ဇာတ်ကောင်များနှင့် ဇာတ်လမ်းမျှသာ ဖြစ်ပါ သည် ။ အမည် ၊ နေရပ်နှင့် အကြောင်းအရာများ တိုက်ဆိုင်ခဲ့ပါလျှင် မတော်တဆ တိုက်ဆိုင်မှုသာ ဖြစ်ပါကြောင်း ။ )

⎕ ကိုစက်ဖေ
📖ရွှေအမြုတေ ရုပ်စုံ  
     မဂ္ဂဇင်း အောက်တိုဘာ ၊ ၂၀၁၇

No comments:

Post a Comment