Saturday, April 18, 2026

လမ်းခွဲ


 

❝ လမ်းခွဲ ❞
( ယဉ်ယဉ်နု - မန္တလေး )

“ မောင်ရင်လေး အမှိုက် ထည့်မှာလား ”

ကျွန်တော်တို့ ရပ်ကွက်ရဲ့ အမှိုက်ပစ် ၊ အမှိုက်သိမ်းစနစ်က ဆန်းကြယ်လှပါသည် ။ မြို့ဧရိယာအတွင်း ကွင်းကွင်းကွက်ကွက် တည်ရှိကာ ရပ်ကွက်ကြီး တစ်ခု အနေဖြင့် သတ်သတ်မှတ်မှတ် ရှိသော်လည်း စည်ပင်သာယာမှ အမှိုက်ကား တစ်ခါမျှ မလာဖူးပါ ။ ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ် ဟူ၍ မကြားဖူးပါ ။ အမှိုက်ပစ်ရန် အတွက် လူနေအိမ်ခြေ လွတ်သော နေရာများတွင် အမှိုက်ပုံကြီးများက ဟည်းထနေပြီး ၊ အမှိုက်ပုံ အတော်လေး မြင့်လာလျှင် မြေ ထော်လာဂျီ လေး ၊ ငါး စီး ဖို့ပြီးသည်နှင့် ထိုမြေက အကွက်ရိုက် ရောင်းရန် အဆင်သင့် ဖြစ်နေပြီး ဝယ်မည့်သူများက တန်းစီနေလေ့ ရှိပါသည် ။ တချို့က ဆာလာအိတ်များနှင့် အမှိုက်ထည့် ၊ ဆိုင်ကယ်နှင့် မသိမသာ တင်သွားပြီး ရပ်ကွက်ကို ဖြတ်စီးနေသည့် အထင်ကရ ရေဆိုးမြောင်းကြီး ထဲသို့ လူသူ ကင်းရှင်းချိန်တွင် ကိုယ်နှင့် မဆိုင်သလို ဟန်ဆောင်၍ ပစ်ကြပါသည် ။

အိမ်မွေး တိရစ္ဆာန် ခွေးတို့ ၊ ကြောင်တို့ သေလျှင်လည်း ထိုနည်းတိုင်း ခပ်တည်တည် ပစ်တတ်ကြသည် ။ ယခုတော့ အမှိုက်ပစ်စရာ နေရာလွတ် မရှိအောင် အိမ်တွေနှင့် ပြည့်နေပြီ ။ ရေဆိုးမြောင်းကြီးမှာလည်း ပြုပြင်ရေးစီမံကိန်း ဝင်နေ၍ ပစ်မရပါ ။ ဒီတော့ ပုဂ္ဂလိက အမှိုက်လှည်းလေးများက နေရာယူလာကြသည် ။ အမှိုက်ပုံး အရွယ်တော် တစ်ပုံးကို နှစ်ရာခန့်ဖြင့် ကိုယ့်အမှိုက်ကို ပိုက်ဆံပေး၍ ပစ်နေကြသည် ။ စည်ပင်သာယာကို ပေးရသည့် အမှိုက်ခွန် ပြေစာကတော့ တိုင်မှာ ချိတ်ထားသည့် သံချောင်းတွင် တွဲလဲခိုရင်း အိပ်ပျော်နေသည် ။

“ မောင်ရင်လေး ၊ ပိတောက်ပင်က အမှိုက်တွေ အပုံလိုက်ကြီး ဖြစ်နေတယ် ၊ အဲဒါတွေကော ရှင်းမှာလား ”

ကျွန်တော် စဉ်းစားကြည့်သည် ။ အိမ်က အမှိုက် ၊ မီးဖိုချောင် အမှိုက်က တောင်းတစ်လုံး ဆိုတော့ နှစ်ရာ ၊ ဒီဦးကြီးက ကျွန်တော့်ကို ပိတောက်ပင်က အမှိုက်ကို ဘယ်လောက် တောင်းမှန်း မသိ ။ ပိတောက်ပင်ကလည်း သင်္ကြန်တုန်းက အပွင့်ပါသည့် ကိုင်းတွေ ခုတ်ကြပြီး အပွင့်တွေ ချိုးယူသွားကာ အရွက်တွေ အပင် အောက်မှာ ပစ်ခဲ့ကြလို့ အမှိုက်တွေက ပုံနေသည် ။ ကျွန်တော်တို့ကလည်း ပိတောက်ပင် ပွင့်သမျှ တစ်ရပ်ကွက်လုံး အလကား ပေးတော့ လူတိုင်း လာတက်ကြသည် ။ ကျွန်တော်တို့က ကိုယ့်အပင်က ပန်းနှင့် တစ်ရပ်ကွက်လုံး နှစ်ဦးကုသိုလ်ဟု သဘောထားနိုင်ကြပေမယ့် ‘ ဦးလေး ပန်းတစ်ပွေ့လောက် ’ ဟု လာတောင်းသော ရပ်ကွက်သူများက ပန်းသာ မက်မောပြီး ပန်းနှင့်အတူ ပါလာသည့် ကိုင်းကြီးများ ၊ အရွက်များကို မမက်မောကြပေ ။

ပိတောက်ပန်း တစ်ရက် ပွင့်ပြီးသည့်နှင့် အိမ်ရှေ့မှာ အမှိုက်တွေ အပုံလိုက် ကျန်ခဲ့မြဲဖြစ်သည် ။ ဒါပေမဲ့ ကျွန်တော်တို့ မမှုပါ ။ နှစ်တိုင်း ပျော်ပျော်ရွှင်ရွှင် ပန်းလှူမြဲ ၊ အမှိုက်ရှင်းရမြဲ ဖြစ်သည်မှာ နှစ်စဉ် အလုပ်ပင် ဖြစ်ပါသည် ။

“ အဲ ... ပိတောက်မှိုက်တွေပါ ပစ်ရင် ဘယ်လောက် ပေးရမလဲ ”

ဦးကြီးက ပိတောက်အမှိုက်ပုံကို ကြည့်သည် ။ ခဏ စဉ်းစားသလို လုပ်နေပြီး ကျွန်တော့်ကို အားနာပါးနာ ပြန်ကြည့်ရင်း အသံတိုးတိုးဖြင့် ...

“ ငါးရာတော့ ပေးရမယ်ကွယ် ”

“ ငါးရာ ပေးမယ် ၊ ပေးမယ် ဦးကြီး ”

တော်လှချည့်လား ။ စိတ်ထဲမှာ တစ်ထောင်လောက် တောင်းမယ် အောက်မေ့နေတာ ။ အခုတော့ ထက်ဝက်ကြီး သက်သာနေသည် ။ ကျွန်တော်တို့ အရပ်ထဲကို လာနေကျ မပိန် အမှိုက်လှည်း ဆိုရင် မရ ။ ပိတောက်မှိုက် အပုံကြီးလောက်ကို ထောင့်ငါးရာလောက်က စတောင်းပြီး ကျွန်တော်တို့ ဆစ်တာနှင့် တစ်ထောင်လောက်နှင့် ဈေးတည့်လေ့ ရှိတာ ။ ယခု ဦးလေးကြီး ကတော့ ငါးရာသာ တောင်းသည် ။ ကျွန်တော် အိမ်ထဲ ဝင်ပြီး ပိုက်ဆံယူ ပြန်ထွက်လာတော့ ပိတောက်မှိုက်တွေ တစ်စမကျန် ပြောင်ရှင်းနေပြီ ။ အမှိုက်စုသည့် နေရာက မောက်နေသည့် မြေကိုလည်း ဖြေပြီး ပိတောက်ပင် အောက်မှာ မညီမညာ အဖုအထစ် မရှိ ပြေပြစ်နေအောင် အသားပြားလေးနှင့် မြေညှိနေသော ဦးကြီးကို တွေ့ ရသည် ။

“ ရော့ ဦးကြီး ၊ ဦးကြီးက တော်တော် စေတနာ ပါပါ လုပ်ပေးတာပဲ ၊ ကျေးဇူးတင်ပါတယ်ဗျာ ”

ဦးကြီးလှည်း ထွက်သွားတော့ ဒီဘက်အိမ်က ဗာဒံပင်အောက် မျက်စိက ရောက်သွားတယ် ။ မနေ့က မိုးကြီးလို့ ဗာဒံကိုင်း ကျိုးကျတာကြောင့် အိမ်ရှင်က မပိန် အမှိုက်လှည်းကို ခေါ်ပြီး ကိုင်းကျိုးတွေ တင်သွားပါ ၊ အမှိုက်လေးလည်း ရှင်းလိုက်ပါဟု ဆိုပြီး တစ်ထောင်တန် တစ်ရွက် ထုတ်ပေးသည် ။ မပိန် ဘာလုပ်တယ် ထင်ပါသလဲ ။ ဗာဒံကိုင်း နှစ်ကိုင်းကို အရင်းကနေ ဆွဲမပြီး လှည်းပေါ်တင်ကာ ထွက်သွားတယ် ။ ကိုင်းဆွဲမစဉ် အရွက်တွေ ကြွေကျတာလည်း မကောက် ၊ ဗာဒံပင် အောက်က အမှိုက်ကလည်း ဒီအတိုင်း ။ အီလန်ဆပ်ပြာမှုန့် အခွံတွေက လေထဲ လွင့်နေတာ အိမ်ရှင်က လိုက်ကောက်ပြီး “ အလကားပဲ ၊ အလကားပဲ ” ဟု တတွတ်တွတ် ရေရွှတ်နေသည်ကို သတိရမိသည် ။

ထိုစဉ် ဒုန်း ဟူသော အသံ လမ်းထိပ်က ကြား၍ အလန့်တကြား လှမ်းကြည့်မိတော့ ကျွန်တော့်အိမ်မှ ပြန်လှည့်သွားသော ဦးကြီး အမှိုက်တွန်းလှည်းနှင့် လမ်းထဲ ဝင်လာသော မပိန် အမှိုက်တွန်းလှည်းတို့ တိုက်မိကြသော အသံဖြစ်သည် ။ ဘုရား ဘုရား ... ဆိုင်ကယ်ချင်း ၊ ကားချင်း မဟုတ်ဘဲ အမှိုက်တွန်းလှည်းချင်း တိုက်မိကြသတဲ့ ။ အံ့သြလိုက်တာဟု လှမ်းကြည့်မိစဉ် ...

“ ဖြုတ် ဖြုတ်လေ ၊ ရအောင် ဖြုတ် ၊ တော် တမင် လုပ်တာမလား ”

မပိန်၏ စွာလောင် စွာလောင် အသံစူးစူးက ဟိန်းထွက်လာသည် ။

“ ငါ တမင် လုပ်တာ မဟုတ်ပါဘူးဟယ် ။ နင့်လှည်း လာတာမြင်လို့ ငါ ကွေ့ပြီး ရှောင်ပေးတာ အသိသာကြီး ၊ နင် ပွတ်ဆွဲပြီး လိုက်တိုက်တာ ”

“ တိုက်တယ်လေ ၊ တိုက်တော့ ဘာဖြစ်လဲ ။ တော် ဘာလုပ်ချင်လဲ ။ ဒီမယ် ကျုပ် ဒီရပ်ကွက်ထဲ အမှိုက်သိမ်းလာတာ အိုသေတော့မယ် ၊ တော်က အခု ကျုပ် ခွင်ကို ဝင်လည်း ရှုပ်တယ် ။ ဈေးလည်း လျှော့တောင်းတယ် ၊ ဒါကြောင့် တိုက်ပစ်တာ ၊ ကဲ ”

“ ဟ ... ငါက ဈေးလျှော့ မတောင်းဘူး ၊ အမှိုက် ကြည့်ပီး တန်သလောက်ပဲ ယူတာ ”

“ ဒီအရပ်က ကျုပ်အရပ် ၊ ကျုပ် တောင်းသလောက် ရတယ် ။ တော် ရှုပ်လို့ ”

မပိန်က အော်ရင်းဟစ်ရင်း အမှိုက်လှည်းကို တဂျောင်းဂျောင်း မြည်အောင် ဆွဲလှုပ်ပြီး လှည်းချင်း ငြိနေသည်ကို ဖြုတ်သည် ။ ငွေကိုသာ အတင်း တောင်းပြီး လှည်းကို တစ်စက်မှ မပြုပြင်သော သူ့ ဉာဉ်ကြောင့် မပိန် လှည်းမှာ ဘေးသံဆန်ခါတွေ ပြုတ်ထွက်ကာ ဦးကြီးလှည်းနှင့် ငြိနေခြင်း ဖြစ်သည် ။ ရပ်ကွက်ထဲမှာ လူတွေက ဝိုင်းလာကြပြီး ကူညီပေမယ့် လှည်းချင်းက မပြုတ် ။ နောက်ဆုံး အတင်း ဆောင့်ခါလိုက်မှ မပိန်လှည်း ဘေးသံဆန်ခါ အချပ်လိုက် အမှိုက်တွေ လမ်းပေါ် အပုံလိုက် ကျကုန်လေသည် ။ ရပ်ကွက်သူ ၊ ရပ်ကွက်သားတွေက “ မပိန် ပြန်ကျုံးသွားလေ ” ဆိုတာ ဂရုမစိုက်ဘဲ ဦးကြီးကို အံတင်းတင်း ကြိတ်ကြည့်ပြီး လှည်းကို ဘယ်ဘက်ချိုးကွေ့ သွားသည် ။

“ ကြည့်ပါဦး ၊ သူ့ လှည်းပေါ်က အပုံလိုက် ကျခဲ့တာ ”

“ ဟုတ်ပါရဲ့ ၊ လမ်းလယ်ကောင်ကြီး ”

“ မပိန်က ဆိုးတယ်နော် ”

“ နေကြပါဦးဗျာ ၊ ကျုပ် ကျုံးပါ့မယ် ”

ဦးကြီးက မပိန် ကျသွားသည့် အမှိုက်ကို တစ်မျှင်တစ်စ မကျန်အောင် ကျုံးပြီး သူ့လှည်းထဲကို ထည့်နေသည် ။ အမှိုက်အားလုံး ကုန်သွားမှ လက်ဝါးနှစ်ဖက်ကို ခါရင်း ကျွန်တော့်ကို လှမ်းကြည့်သည် ။

“ မောင်ရင်လေးရယ် ၊ ဘဝကံ အကျိုးပေး မကောင်းလို့ ညစ်ပတ်တဲ့ အမှိုက်တွေ ကျုံးပြီး စီးပွားရှာနေရတဲ့ လူချင်း အတူတူ ဘာလို့ လောဘ ရှေ့ဆောင်ပြီး ဒေါသ ပွားနေရမှာလဲ ။ ကျုပ်တို့ နေတော့လည်း အမှိုက်ကုန်းမှာ အတူတူ မိုးရွာရင် နံစော်နေရတာ ။ ကျုပ်တော့ စိတ်ကောင်းထားတယ် မောင်ရင်လေး ။ ဒီဘဝ မကျွတ်တောင် နောက်ဘဝ လွတ်အောင်ပေါ့ ”

ဦးကြီး လှည်းက ယာဘက်လမ်းကို ကွေ့သွားသည် ။ တမင်တကာ မပိန်နှင့် လမ်းခွဲသွားသည် ထင်ပါသည် ။ ယခု လမ်းခွဲ သွားသလို ဦးကြီးနှင့် မပိန်သည် သံသရာမှာလည်း လမ်းခွဲမှာ အသေအချာပါပဲဟု တွေးရင်း ကျွန်တော် အိမ်ဘက်သို့ ပြန်လျှောက်လာခဲ့ပါတော့သည် ။

▢  ယဉ်ယဉ်နု ( မန္တလေး )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီလ

No comments:

Post a Comment