❝ မနှစ်ကပဲ လောင်းခဲ့တာတွေ ❞
( မောင်ရင့်မာ - ကျောင်းကုန်း )
“ ပန်းပိတောက်ရွှေဝါ ××× အဖူးအပွင့်တွေနဲ့ ××× အထူးတင့်ပါဘိ ၊ တန်ခူးချိန်ခါဝယ် ××× ရာသီမိဿဝယ် ၊ စိတြကြယ် ××× ထွန်းလင်းတော့တယ် ”
တန်ခူး ရောက်လျှင် ပိတောက်ပွင့်မည် ။ ဥသြတွန်မည် ။ သင်္ကြန်နှိုးသံ ကြားရမည် ။ ဟိုတုန်းက ဆိုလျှင်ဖြင့် ဒိုးပတ်သံ နှင့် ဦးရွှေရိုးအကကို မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရသည် ။ ရေလောင်းရ ၊ ပက်ရ ၊ အိုးမဲသုတ်ရမည် ။ “ ပိတောက်ရွှေဝါ ” ဟူ၍ နှစ်တိုင်း နှစ်တိုင်း အမည်ပေးတတ်သော ကျွန်တော်တို့ ရွာက သင်္ကြန်မဏ္ဍပ်ကလေးမှာ မုန့်လုံးရေပေါ် ကျွေးမည် ။
“ ပိတောက်ပွင့်ရက်ဝယ် ၊ မောင်လာနေကျကွယ် ၊ ဥသြ ××× တွေ ၊ တေးချိုးဖွဲ့ရင် ရောက်လာမြဲမို့ ရာသီကာလတွေ ၊ မိုးနေဆောင်းများရယ် ၊ ပြောင်းရွေ့ကာ မရှိပါရင်ကွယ် ၊ အချိန်တွေတိုင်းဟာ အမြဲတကယ် ပိတောက်ပွင့်ရက်ပဲဖြစ်၍ ××× နေချင်တယ် ”
စန္ဒရား ဦးချစ်မောင် ရေး၍ အေဝမ်းတင်တင်လှ သီဆို အောင်မြင်ခဲ့သော သီချင်းကို ပုသိမ်မြို့မှာ “ ကျောင်းတက်နေသည့် အရွယ်တော်သစ်စ ၊ ဆယ်ကျော်နှစ်က ” နားထောင်ဖူးပြီး အရူးအမူး စွဲငြိသွားခဲ့ပါသည် ။ ရည်းစားသနာ ဆို၍ မူးလို့မျှ ရှူစရာ မရှိမီ ကတည်းက “ နေ့စဉ် ပိတောက်ပွင့်ပါစေ ” သီချင်းသံ ကြားသည့် အခါတိုင်း တမြည့်မြည့် ခံစားလွမ်းဆွတ်နေခဲ့ဖူးပါသည် ။ ရွက်ဝါကြွေသည့် နွေဦးနှင့် ပိတောက်ဖူးသည့် တန်ခူးအတာ ရက်များသည် မြန်မာတို့၏ စိတ်နှလုံးကို သိမ်းငင်ဆွဲဆောင်နေစမြဲ ဖြစ်ပါသည် ။
မနက်က ကျွန်တော်သည် မောင်းမကန်လမ်းဘက်သို့ လျှောက်ခဲ့ပါ သည် ။ နှင်းမြူမှုန်လေးတွေ ဝေ့ဝဲ နေသည်ကို မြင်ရပါသည် ။ ကွင်းပြင်ဘက်မှာ မြူငွေ့တွေ ဝေ့ပျံနေတော့ “ ကွင်းအငူ နှင်းမြူကလည်း စဲချိန်မို့ ” ဆိုတတ်သော ရွာက ဦးလေး ၊ ဘကြီးတို့ကို သတိရမိပါသည် ။ ကျွန်တော်က ဟိုငေး သည်ငေး ၊ ငေးနေတုန်း တေးသံတစ်စ လမ်းမပေါ်သို့ လွင့်ပျံကျလာခဲ့ပါသည် ။
“ အိပ်မက်စေတမန် ××× ညင်းသွဲ့ ဝန်းရံ လေသွေးပြန် ××× ဥသြတွန်သံ ကြားရလေမှ နိုးထ , လာခဲ့ပြန် ၊ ဩော် ××× သင်္ကြန် ××× အဖော် ××× ကင်းပြန် ၊ တီးကြ ××× ဆိုကြ ××× ကကြရပေဦးတော့အမှန် ”
ကျွန်တော်သည် ကျီးကြည့် ကြောင်ကြည့် လုပ်ပြီး မည်သူမျှ သတိ မထားမိဘူး ဆိုတာ သေချာတော့မှ နောက်ပြန်ဆုတ်၍ မယောင်မလည် နားထောင် နေလိုက်ပါသည် ။ သင်္ကြန်တေးတွေ ထဲမှာ “ အိပ်မက်စေတမန် ” သည် “ အခါကာလ ” ပါသည် ။ “ အရွယ် ” ပါသည် ။ “ သံဝေဂ ” ပါးလျလျလေး ပါသည် ။ “ အလွမ်းငွေ့ငွေ့ ပါသည် ။ သပ်ရပ်လှပသည် ။ ကျွန်တော် ကြိုက်သည် ။ ကျွန်တော်တို့ သတိပြုမိသည် ဖြစ်စေ ၊ မပြုမိသည် ဖြစ်စေ အခါကာလသည် မည်သည့် အခါမျှ ရပ်တန့်၍ မနေချေ ။ စက္ကန့်တံကလေး မရပ်မနား လှုပ်ကာ ရွေ့လျားနေသည်နှင့်အမျှ အရာရာသည် ရွေ့လျောနေသည် ၊ ပြောင်းလဲနေသည် ။ အပြောင်းအလဲများ၏ လက္ခဏာချက် ဖြစ်သော သင်္ကြန်အခါသည်ပင်လျှင် ဟို ရှေးကနှင့် မတူတော့ပြီ ။
••••• ••••• •••••
ဆရာမ ခင်ခင်ထူးက ယခုအခါ ကွယ်လွန်ခဲ့ရှာပြီ ဖြစ်သော အညာသူ မိခင်ကြီးနှင့် စကားဆိုရင်း အညာ၏ အတာသင်္ကြန် ပုံရိပ်ကို ဖွဲ့လိုက်ပါသည် ။
“ မန္တလေးမှာ မိုးတွေ ညို့ပါပြီ ၊ လေကလေး မှုန်ပါပြီ ၊ တောင်လေကလေး သွေးပါပြီ ၊ အပင်တွေ အရွက်ချစုံတော့ အပင်တိုင်းလိုလို ပုရစ်ဖူးကလေးတွေ ဝေဝေစီစီလည်း ရှိကြပါပြီ ”
“ ကျွန်မတို့ မန္တလေးမှာ သင်္ကြန် အခါတော်ရက် နီးပြီဆိုတာနဲ့ နိုင်ငံတစ်နံ တစ်လျား ဆန်ကွဲကြဲသလို ရောက်နေကြတဲ့ မန်းသူမန်းသားတွေ သည်လို ရာသီမှာ အညာဆီ အထုပ် တစ်ဖက်ထမ်းပါလို့ ပျာကသီ ရုတ်တရက် လှမ်းလာကြချိန်ပါ ။ ကိုယ့်မြို့ကိုယ့်ရွာကို ချစ်သော စိတ်နဲ့ ပြန်ကြသူတွေပေါ့လေ ။ မန္တလေးသူ မန္တလေးသားတွေရယ်မှ မဟုတ်ပါဘူး ။ အနယ်နယ် အရပ်ရပ်က သင်္ကြန် ချစ်သူတွေကလည်း မန္တလေး သင်္ကြန်မှ နန်းဆန်သတဲ့ ၊ မန်းဆန်သတဲ့ ၊ ယဉ်ကျေးသတဲ့ ၊ သိမ်မွေ့သတဲ့ ဆိုတာ တွေ သိထား ၊ ကြားထားကြလေတော့ မီရာ ကား ၊ မီရာ ရထားနဲ့ ၊ မီရာ လေယာဉ် နဲ့ လိုက်လာကြတာ ဘယ်နည်းလိမ့်မလဲ ”
“ ဆန်ကွဲ ကြဲသလို ကွဲနေသည့် မန္တလေးသားတွေကို မန်းသင်္ကြန်က ပြန်လည်စုဆောင်း ” ပေးတတ်သည် ဆိုသည့် အဖွဲ့ကို နှစ်လိုမိပါသည် ။ မမြင်မတွေ့ရဘဲ အသံပဲ ကြားအောင် နားစိုက်ထောင် ကြည့်လျှင် အညာသူမကြီး တစ်ယောက် ဆေးပေါ့လိပ်ကြီး ထောင်းထောင်းထ, အောင် ဖွာရင်း လေအေးအေးကြီးနှင့် ပြောနေသလား အောက်မေ့ရပါသည် ။
ဆရာမက အစဉ်အလာ ကြီးခဲ့သည့် မန်းသင်္ကြန်ကို “ အညာလေ ” နှင့် ဖွဲ့နွဲ့နေသည် ။ ကျွန်တော်က မင်းသားကြီး ဝင်းဦး တစ်ယောက် တာသင်္ကြန် ရောက်လေတိုင်း “ ငွေငန်းမောင့်ကို လောင်းတဲ့ ရေ ” ဟူ၍ ဆယ်စုနှစ် တစ်နှစ်စွန်း မန်းသင်္ကြန် လုပ်ခဲ့ပုံတွေကို လွမ်းသွားသည် ။ လွမ်းစရာကြီး ဖြစ်ပါသည် ။
ဆရာမက လွမ်းနေပုံ ရပါသည် ။
သူ့အိမ်ရှေ့ ထိုးထားသည့် အတာအိုးကလေးထဲက ညှိုးရော်စ ပြုနေပြီဖြစ် သော သင်္ကြန်ရွက်များကို လွမ်းလွမ်းနှင့် ငေးကြည့်နေရသည်ဟု ဆိုသည် ။ သင်္ကြန်မင်းက သူ့ကို ကြိုမှန်းမသိဘဲ ကျုံးဘေးက စပွန်ဆာမဏ္ဍပ်တွေထဲ ရောက်များ နေမလား ၊ “ အိမ်ကြိုအိမ်ကြားက ခုံဖိနပ်သံကြား ၊ ကျုပ်တို့မောင် လာပြီလားလို့ ဆယ့်နှစ်ရာသီ ငွေဖလားနဲ့ ကွမ်းယာတို့ထား ” ဆိုရအောင် သိကြားမင်းက “ ကွမ်းယာ မကြိုက် ၊ ဘီယာများ ကြိုက်နေအံ့ထင်ပါရဲ့ ” ဟု ဝေဝေဆာဆာ ညည်းတွားရှာသည် ။
ညည်းတို့မို့အေ စိတ်ကူးစိတ်ရ ၊ ဟိုတုန်းက ဗုံသီချင်းလို အမေရယ် အမေရယ် ကိုရဲကျော် ဗုံသံကြား သွားချင်လှသယ် ၊ မသွားပါနဲ့ သမီးရယ် ၊ ချိန် မတော် မှောင်မိုက်ထဲ လူဆွဲတတ်သယ် ဆိုသာ ၊ ညည်းတို့ လူဆွဲ ခံချင်လို့လား ၊ မသွားရပါဘူး ၊ ကိုယ့်အိမ်ရှေ့ကိုယ်ပက်ချေ ”
ဒါကတော့ဖြင့် ဆရာမခင်ခင်ထူး၏ အမေက မန္တလေးသင်္ကြန်ပွဲကြီး ကျင်းပသည့် ကျုံးပတ်ပတ်လည်သို့ သွားပါရစေ - ဟု ခွင့်တောင်းနေသည့် မြေးအပျိုမ နှစ်ယောက်အား တားမြစ်နေခြင်းဖြစ်ပါသည် ။ “ ချိန်မတော် မှောင် မိုက်ထဲ ၊ လူဆွဲတတ်တယ် ” ဆိုသည့် သီချင်းကို အမေက ဆိုလျက် ဆရာမ ခင်ခင်ထူးတို့ ငယ်တုန်းကလည်း တားဖူးသတဲ့ ။
“ တစ်နှစ်မှ တစ်ခါ သွားပါစီဟာ ” ဟု အဖေ ပြောတော့မှ အမေက တစ်ထစ် လျှော့သတဲ့ ။
“ ကျွန်မတို့ သူငယ်ချင်း တစ်သိုက် လေး , ငါးယောက် စုပြီး သင်္ကြန်လည် သွားကြမယ် ဆိုတော့ အမေက ခြေဆုံး ခေါင်းဆုံး ကြည့်သေးတာပါ ။ ထဘီထူထူ ဝတ်ရဲ့လား ၊ အင်္ကျီထူထူ ဝတ်ရဲ့လား ၊ တဘက်တစ်ထည် ခြုံရဲ့လားကအစ လူ မကွဲကြစေနဲ့ ၊ အချိန်မလင့်ကြစေနဲ့ ၊ မှာသေးတာပါ ၊ ထဘီရေစိုရင် အသား ပေါ်နိုင်သလား ကြည့်လို့ ဟန်ပုံ မပေါ်ရင် တစ်ထည် လဲရသေးတာပါ ”
အပျိုတွေချည်း ငှား၍ စီးသည့် မြင်းလှည်း မထွက်မီ စကားကြွယ်သည့် အမေ လှေသူကြီးကတော်က “ မိန်းမလှေကြုံ မလုပ်ကြနဲ့ ကောင်မတွေ ၊ ယောက်ျားလေးတွေက မိန်းကလေးက ပြီမှ ကပ်ဝံ့ကြသာရယ် ။ ပြောသာပြော ရသာပါအေ ၊ ညည်းတို့ သင်္ကြန်မှ လင် မရရင် ဘယ်တော့မှ ရမယ့်ဟာတေ မဟုတ်ဘူး ” ဟု ရယ်သွမ်းတတ်သတဲ့ ။ ဆရာမတို့ အမေသည် စင်စစ် ဆရာမတို့ ခေတ်၏ သင်္ကြန်ကို ငဲ့စောင်း ကြည့်နေခြင်း ဖြစ်သည် ။ “ အမေတို့ ငယ်ငယ် ရွာမှာတုန်းကကော မိန်းကလေးသဘာဝ ရေပက်တာတွေ မရှိဘူးလား ” မေးတော့မှ အညာရွာကလေး တစ်ရွာ၏ သင်္ကြန် ဓလေ့ကို အမေက “ မရှိဘဲလားအေ ” ဟု ဆိုကာ “ သာချင်းတစ်ထပ် ” ပြန်ပြောပါသည် ။
ညနေစောင်းပြီ ဆိုလျှင် အပျိုတွေ များသည့် ဝိုင်းတိုက် သို့မဟုတ် ရုပ်ရည် ချောမောသည့် မိန်းကလေး ရှိရာ ဝိုင်းတိုက်သို့ ရေလောင်းချင် ကာလသားတို့ သည် ရေတစ်ထမ်းစီ ထမ်း၍ ရောက်လာကြသည်ဆို၏ ။ အပျိုချော မမိတာ အိမ်ရှေ့ ရောက်ပြီ ဆိုစို့ ၊ အိမ်ဝိုင်းရှေ့က ဤသို့ အော်ကြသည်ဆို၏ ။
“ ဦးကြီးတို့ ၊ ဒေါ်ကြီးတို့ ကျုပ်တို့ ကာလသားများက မမိတာကို ရေလောင်းချင်လို့ပါဗျို့ ၊ သင်္ကြန်ရေလေး အေးစေချင်လို့ လောင်းပါရစီ ခွင့်တောင်းပါသယ် ပေါ့အေ ။ အဲသလိုများ ဝိုင်းဝက အော်ရင် မိဘမောင်ဖားတွေက ခွင့်ပြုရသယ် ၊ ဟဲ့ကောင်မလေး ထွက်လိုက်လေ ၊ သွား ရေလောင်းခံချေလို့ တွန်းလွှတ်ကြသာပဲ ။ အပျိုမကလည်း ရေလောင်းခံသကောရယ်လို့ ကစုတ်ကညစ် အိမ်နေရင်း အဝတ်အစားနဲ့ မရဘူး ။ အလှပြင်ပြီး ဝတ်ကောင်းစလှနဲ့ ထွက်ရသာ ။ ကာလသားများက ထမ်း လာတဲ့ ရေပုံးနဲ့ ပခုံးကနေ လောင်းကြသာပဲ ။ အပျိုက အင်္ကျီထူထူ ဝတ်ထားပေသိ လက်နှစ်ဖက်နဲ့ ရင်ကလေး လုံအောင် ယှက်ထားသေးတာ ”
ရံဖန်ရံခါ ရေလောင်းချင်သည့် အပျိုချောတွင် ခပ်စွာစွာ ၊ ခပ်ဆတ်ဆတ် ရန်လိုတတ်သည့် မောင်တွေ ၊ အစ်ကိုတွေ ရှိတတ်လေရာ ကျေးလက်ကာလသားလေးတို့၏ သံခင်းတမန်ခင်း ကြွယ်ဝပုံ ၊ လိမ္မာပါးနပ်ပုံက ကျောသပ် ချင်စရာဖြစ်ပါသည် ။
“ အစ်ကို ညကျရင် ကြက်သား ကာလသားချက် လာစားလှည့်ဦး ၊ အစ်ကို့ဖို့ အရက်တစ်လုံး ချန်ထားတာ ရှိသယ် - လို့များ ဆိုရင် ပက်ကြကွ ၊ အပျို လူပျို သည်လို ပက်ရသာ ၊ ငါ့နှမလည်း မရှောင်နဲ့ ၊ ဟဲ့ကောင်မလေး အပက်ခံလိုက် လုပ်တော့တာပါ ”
ချစ်စရာ ကောင်းလိုက်တာ ။ ကျွန်တော်ဖြင့် သည်နေရာကလေးကို အကြိမ်ကြိမ် ပြန်ဖတ်မိပါသည် ။ ဖတ်မိတိုင်း ချစ်စရာ ကောင်းလိုက်တာ ၊ တို့အညာ ၊ တို့မြန်မာ - ဟူ၍ ရင်နှလုံးထဲက လှိုက်လှိုက်လှဲလှဲ ဆွတ်ပျံ့ကြည်နူးမိပါသည် ။ အမေ လှေသူကြီးကတော်က အပြော ကောင်းလှပါသည် ။ သူ့ကဗျာ ၊ သူ့စကား ၊ သူ့ဥပမာ ၊ ဥပမေယျတို့မှာ အညာလေ ၊ အညာအငွေ့အသက်တို့ဖြင့် ရွှင်သွက်လှပပါပေသည် ။ အညာရနံ့ကလေးတွေ သင်းပျံ့ကြိုင်လှိုင်နေပါ သည် ။
ပြောရဦးမည် ။ ပြောသာပေါ့ ၊ ထွက်ရသာ ၊ လောင်းသာပဲ ၊ ဝတ်ပေသိ - တို့ကို ဖတ်မိစက နည်းနည်းဆန်း သယောင် ထင်မိပါသည် ။ ဖတ်နေတုန်းမှာပဲ အညာရနံ့ ၊ အညာသံ ၊ အညာ၏ ချစ်စရာ သရုပ်သကန် အဖြစ် ကျွန်တော်တို့ လွယ်လင့်တကူ လက်ခံသွားပါသည် ။ သို့သော် ဆရာမ၏ နာမည်ကျော် “ မအိမ်ကံ ” ဝတ္ထုကြီးကို အမျိုးသားစာပေဆု ပေးဖို့ ဆွေးနွေးကြတော့ အဆိုပါ ‘ သာ ’ ၊ ‘ သယ် ’ ၊ ‘ သိ ’ စသော အသုံး အနှုန်းများသည် မြန်မာစာ ရေးထုံးကို ပျက်စေသဖြင့် ဆုမပေးဖို့ အဖွဲ့ဝင် တစ်ဦးက ကန့်ကွက်သည်ဟု ကြားရပါသည် ။ ဆုမရသည်မှာ ထိုအကြောင်းကြောင့် ဖြစ်ခဲ့သည် ဆိုပါက တကယ်ပဲ ဝမ်းနည်းရပါ မည် ။ ကျွန်တော်တို့သည် ဒေသ အလျောက် ယဉ်ကျေးမှု ၊ ထုံး ၊ ဓလေ့နှင့် ဒေသိယ အသုံးအနှုန်းများကို နှစ်လိုစွာ လက်ခံ ထွေးပိုက်နိုင်ဖို့ လိုမည် ထင်ပါသည် ။
ဆရာမ ခင်ခင်ထူး၏ သင်္ကြန်ကို ဆက်ပါမည် ။
“ အမေ ပြောတာတွေ ကြားရတော့ ရှေးက သင်္ကြန်ဆိုတာ ကာလသားက အပျိုကို ရှာပြီး ပက်ရတဲ့ သင်္ကြန်ပါကလား ” ဟု တွေးမိကြောင်း ဆရာမက ဆိုပါသည် ။ အမေ ပြန်ပြောသည့် သင်္ကြန်မှာ အညာကျေးလက်က ရွာသင်္ကြန် ဖြစ်ပါသည် ။ ထို့နောက် ဆရာမတို့ မိသားစုသည် ရွာမှ မြင်းခြံသို့ ပြောင်း ၊ မြင်းခြံမှ မန္တလေးသို့ ပြောင်းလာခဲ့သည် ။ ခင်ခင်ထူးတို့ မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်ကြစဉ် မြို့မ သီချင်းတွေနှင့် မင်း သားကြီး ဝင်းဦး ၊ ကိုဇော်ဝမ်း တို့ ခေတ် ဖြစ်သည် ။ နန်းဆန်ဆဲ ဖြစ်သည့် မန်းသင်္ကြန်၏ အငွေ့အသက်တွင် ဒါရိုက်တာ မောင်တင်ဦး၏ “ သင်္ကြန်မိုး ” ၏ လွှမ်းမိုးမှုဖြင့် စွဲမက်စရာ ကောင်းနေဆဲဖြစ်သည် ။
“ သံသာ × × × ချိုမြမြ ဆိုတေးလေးတွေ ၊ မန်းမြို့သူရဲ့ဂုဏ်နဲ့ညီပေ × × × ယဉ်ကျေးသူတွေ ၊ မနှစ်ကပဲ လောင်းခဲ့တာတွေ အေး × × × မြမြ မမေ့ရက်နိုင်ပေ ”
ကြည်နူးစရာ ကောင်းပါလိမ့်မည် ။ ချမ်းမြေ့စရာ ကောင်းပါလိမ့်မည် ၊ ပျော်ရွှင်စရာ ကောင်းပါလိမ့်မည် ။ မြန်မာတို့၏ ယဉ်ကျေးမှု မိုးကောင်းကင်တွင် “ မြူမှောင်ဝေကင်း ” ၍ ပြာစင်ကြည်လဲ့နေဆဲ အခါသမယ ဖြစ်ပါလိမ့်မည် ။
မန်း မှသာ မဟုတ် ၊ အညာ မှသာ မဟုတ် ၊ သင်္ကြန် အခါဆိုတာ နိုင်ငံ တစ်နံတစ်လျားမှာ ချစ်စရာချည်း ဖြစ်ပါ သည် ။ နှစ်လိုစရာချည်း ဖြစ်ပါသည် ။ လွမ်းတတ်လျှင်လည်း လွမ်းစရာချည်း ဖြစ်မည်သေချာလှပါသည် ။
“ ကျုံးဘေးပတ်လည် မဏ္ဍပ်ကြီးတွေ ထိုးပြီး ရေပက်ကြတဲ့ မန်းသင်္ကြန် ခေတ်ကို ရောက်လာတော့ သင်္ကြန်ဆိုတာ ကိုယ့်ကိစ္စ မဟုတ်သလို ခံစားကြသူတွေက ခပ်များများ ။ သင်္ကြန်သံတွေလည်း ပြောင်း ၊ သင်္ကြန်ဟန်တွေကလည်း ပြောင်း ၊ သင်္ကြန်ပုံရိပ်တွေကလည်း ပြောင်း ဆိုတော့ ရှေးဆန်တယ်ပဲ ပြောပြော ကျွန်မတို့နဲ့ ဝေးသွားလိုက်တာ ။ ဟိုတုန်းက မန်းဓလေ့ ၊ မန်းသင်္ကြန် ငွေ့ငွေ့တောင် မကျန်တော့ သလိုပဲ ”
“ ဪ - ဆရာမ ခင်ခင်ထူး တစ်ယောက် တော်တော့်ကို အသက်ကြီး သွားရှာပြီ ” ဟု ဆိုရတော့ မလိုပဲ ဖြစ်ပါသည် ။
အမှတ်တမဲ့ ဆိုလျှင် “ သူ့အမေ လှေသူကြီးကတော် ” ၏ လေသံနှင့် တူပါသည် ။ လွမ်းသံနှင့် အတူ ညည်းသံလည်း သိသိသာသာ စွက်နေသည် ။ စင်စစ် ဆရာမက အမေတို့ ခေတ် ၊ သူတို့ ခေတ် နှင့် သမီးတို့ ခေတ် မျိုးဆက် သုံးဆက်ကို အကျစ်လျစ်ဆုံး ပြန်ပြောပြခဲ့ခြင်း ဖြစ်ပါသည် ။
“ ကျွန်မတို့ ကျုံးပတ်လည် သင်္ကြန် ဖြစ်နေတာ ကြာပါပြီ ။ မဏ္ဍပ် နေရာရဖို့ လျှောက်ရသတဲ့ ။ လျှောက်လို့ရတော့ တချို့က ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းသတဲ့ ။ မဏ္ဍပ်ပေါ် ရေကစားချင်ရင်တော့ ပိုက်ဆံ ပေးရသတဲ့ ”
“ ရန်ကုန်က မဏ္ဍပ် တချို့မှာတော့ နားနေခန်းတွေပါလို့ ။ အရက်မဏ္ဍပ် ၊ ဘီယာမဏ္ဍပ်တွေမှာ ဘူးကိုင်ပုလင်းကိုင် မိန်းကလေးတွေရဲ့ ပုံတွေ ဆိုတာ မမြင်ချင် အဆုံး ။ မူးယစ်ဆေးဝါးတွေ ၊ ရာဂစိတ်ကြွ ချောကလက်တွေ ၊ သကြားလုံးတွေ ၊ စီးကရက်တွေရဲ့ ဘေးကလည်း ဝေးဖို့ ခက်ကြသတဲ့ ။ ဘောင်းဘီတို ရင်စည်းတွေ ၊ အင်္ကျီပါး ရေစိုစိုတွေ ၊ ဆံပင်ရွှေအပိုရောင်နဲ့ လက်တစ်ဖက်က ပုလင်း ကိုင်ထားတဲ့ မိန်းကလေးတွေ ”
ချစ်နှစ်သက်စရာ ကောင်းသည့် သင်္ကြန်သည် စောစောကာလမှာပဲ “ ယဉ်ကျေးမှုသင်္ကြန် ” မှ “ စီးပွားရေးသင်္ကြန် ” အဖြစ်သို့ ပြောင်းသွားသည် ။ ထို့နောက် အသောက်အစားသင်္ကြန် ၊ ထိုမှ မူးယစ်သင်္ကြန် ၊ ကာမဂုဏ်သင်္ကြန် အဖြစ်သို့ ပြောင်းခဲ့သည် ။
တစ်ခုသော သင်္ကြန် နှစ်ဦးတွင် အမေ လှေသူကြီးကတော်က သူ့မြေးမကို ရေပက်ခံ မထွက်ဘူးလား မေးသတဲ့ ။ ဆရာမက အမေ့ သဘော သိလိုသည်နှင့် “ ကျွန်မတို့ ငယ်ငယ်က အမေ ပြောဖူးတယ်လေ ” ဟု ဆိုကာ ‘ ကိုရဲကျော် ဗုံသံကြား ၊ သွားချင်လှသယ် ’ ကဗျာလေးကို ရွတ်ဆိုပြီးအမေ့မြေးမ ဖွေး လည်း မလွှတ်ဝံ့လို့ ဘယ်မှ မလွှတ်ပါဘူး အမေရယ် ” ဟု ပြောလိုက်သည် ။
ညည်းနှယ် ဟိုတုန်းက ဆွဲရမယ့် မိန်းကလေးက တစ်ယောက်စ နှစ်ယောက်စအေ့ ၊ ဆွဲမယ့်သူက မှောင်ရိပ် ခိုပြီး တိတ်တိတ် ဆွဲရသာ ။ အခုက လမ်းပေါ်မှာ ဆွဲရမယ့် ဟာတွေက များလွန်းသအေ ။ မှောင်ရိပ်ခိုပြီး တိတ်တိတ် ဆွဲစရာ မလိုတော့ပါဘူးတော် ၊ ပြောင်ဆွဲနေကြတဲ့ဟာ ” ဟု အမေက အားရပါးရ တုံ့ပြန်သည် ။
“ ကျွန်မဖြင့် ရယ်လိုက်ရတာ ။ ဟုတ်လည်း ဟုတ်ပါရဲ့ ။ သင်္ကြန်အကြို ၊ သင်္ကြန်အကျ ၊ အကြတ် ၊ အတက် လေးရက်လုံးလုံး သင်္ကြန်ဒီမိုကရေစီ ရနေလိုက်ကြပုံများ ၊ သင်္ကြန် အာဝါဒေးကြီး နွှဲနေလိုက်ကြပုံများ ။ ကျွန်မ နားထဲတော့ ကိုရဲကျော်ရဲ့ ဗုံသံတွေ ကြားသလိုလို ”
ဆရာမ ခင်ခင်ထူးက သူ့စာကို သည်လိုပဲ အဆုံးသတ်ခဲ့ပါသည် ။ ကျွန်တော်ဖြင့် မြင်းခြံခရိုင် ဧရာဝတီ အနောက်ဘက်ကမ်း ရွာကလေးတစ်ရွာ၏ စကားကြွယ်သော အညာသူမကြီး တစ်ယောက်က ဆေးပေါ့လိပ်ကြီး တငေါငေါနှင့် အားပါးတရကြီးကိုပဲ ပြောချလိုက်သံကို ကြားနေရသည်ကဲ့သို့ အောက်မေ့မိပါသည် ။
အကြိုနေ့ ကတည်းက အိမ်ရှေ့မှာ ထိုးထားသည့် အတာအိုးကလေးသည် ညှိုးရော်သွားခဲ့ပါပြီ ။
••••• ••••• •••••
ကျွန်တော် အခု ပြန်တွေးနေမိသည်မှ တေးသီချင်းများ ဖြစ်ပါသည် ။
အတာကူး၍ တန်ခူးသို့ ရောက်သည့် အခါတိုင်း လွမ်းလွမ်းမြည့်မြည့် ခံစားလှုပ်ခတ်ရသော တေးများ ဖြစ်ပါသည် ။
“ ပိတောက်တွေ ရွှေရည်လူးခဲ့ပေါ့လေ ၊ ပုလဲငုံစံပယ်ဖြူဖူး ခိုက်ဝေဝေ ၊ ကိုယ်တိုင် လှရာရာရွေးလို့ ဆင်မပေးရ ဆံမြညှာကေ ” ဆိုသည်ကို ကြားရလျှင် ဘယ်သူ့ကို လွမ်းရမည် မသိနိုင်ဘဲ ဆွတ်ပျံ့ နေခဲ့ပါသည် ။ “ ပန်းပိတောက်ရွှေဝါ ၊ အဖူးအပွင့်တွေနဲ့ ၊ အထူးတင့်ပါဘိ ၊ တန်ခူးချိန်ခါဝယ် ” ဟု ဆိုလျှင် ရာသီမိဿတွေ စိတြတွေကို မသိပေမဲ့လည်း ကြည်နူးနေရပါသည် ။
ကျွန်တော်တို့သည် သီချင်းသံ ကြားမှ မဟုတ် ဥသြတွန်သံ ကြားလျှင်လည်း လွမ်းတတ်သည့် လူမျိုး ဖြစ်သည် ။ ပိတောက်ဝါ မြင်လျှင်လည်း ချစ်တတ်သည့် လူမျိုး ဖြစ်သည် ။ သင်္ကြန်ရေလေး အေးခနဲ စိုမှ နေကောင်းထိုင်သာ ရှိတတ်သော သူမျိုး ဖြစ်သည် ။ ဦးရွှေရိုးနှင့် အိုးမဲလေးတွေက ကျွန်တော်တို့ကို ငွေကုန်ကြေးကျ မများဘဲ အပျော်တွေ ကူးစက်စေနိုင်သည် ။ ကြည်မြူးနှစ်လိုစေနိုင်သည် ။ ဒါက ယဉ်ကျေးမှု ဖြစ်သည် ၊ ဒါက အနုပညာ ဖြစ်သည် ၊ ဒါက လူမျိုးတစ်မျိုး၏ တန်ဖိုးနှင့် တန်ခိုး အာဏာဖြစ်သည် ။
“ မိချောရေ ၊ မိချောရေ ၊ မုန့်လုံး ” ဆိုသည့် သီချင်းသံကို သည်နှစ်များမှာ ကြားကြား နေရပါသည် ။ မဆိုးလှပါ ။
ဟိုတုန်းကနှင့်တော့ မတူပါ ။ မတူနိုင်ပါ ။ တူဖို့ မျှော်ငံ့ နေလျှင်လည်း သဘာဝကျမည် မထင်ပါ ။ သို့ပေမဲ့ ကျေနပ်ရပါမည် ၊ ကြည်ဖြူရပါမည် ။ အပြောင်းအလဲ တစ်ခုကို နှစ်လိုသည် ဖြစ်စေ ၊ မနှစ်လိုသည် ဖြစ်စေ ကြည်ကြည်ဖြူဖြူ လက်ခံရပါ မည် ။
ပြတင်းတံခါးကို ဖွင့်လိုက်သည့် အခါ လေညင်းသုန်သုန် နှင့်အတူ မှက် ၊ ခြင် ၊ ယင်တို့ ဝင်လာတတ်စမြဲ ဖြစ်ပါသည် ။ အကူးအပြောင်း တစ်ခုသည် ယဉ်ကျေးမှု မြေသားကို လှန်ပစ်လိုက်သကဲ့သို့ ပြောင်းလဲ မသွားစေဖို့သာ လိုပါသည် ။
ပိတောက်သည် ကျွန်တော်တို့ ပန်းဖြစ်ပါသည် ။ ဥဩသည် ကျွန်တော်တို့ ငှက်ဖြစ်ပါသည် ။
အတာကူးသည့် တန်ခူး အခါသည် ကျွန်တော်တို့ ချစ်မြတ်နိုးရာ အမှတ်လက္ခဏာ ဖြစ်ပါသည် ။ ကျွန်တော်တို့နှင့် အဝေးကြီးသို့ ရောက်မသွားသေးဘူး ထင်ပါသည် ။
မောင်ရင့်မာ ၊ ကျောင်းကုန်း ၊
ရည်ညွှန်း ။ ။ ခင်ခင်ထူး ၊ ကိုရဲကျော်ရဲ့ ဗုံသံ ( မောင်ရှင်ဆိုင်းထမ်း ရသစာစုများ ၊ ၂ဝ၁၈ ) ။
▢ မောင်ရင့်မာ ၊ ကျောင်းကုန်း ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဧပြီ ၂၀၁၇

No comments:
Post a Comment