Sunday, April 5, 2026

ကမ္ဘာရွာထဲက မျက်ရည်စက်များ


 

❝ ကမ္ဘာရွာထဲက မျက်ရည်စက်များ ❞
        ( နန်းဧကရီရှင် )

အစည်းအဝေးခန်း ထဲက ထွက်လာလာချင်း သူ့ဆီ ကျွန်မ တန်းဝင်လာမိသည် ။ သူကတော့ ရိုးသားကြင်နာတတ်သည့် သူ့ပုံစံအတိုင်း ကျွန်မကို တည်တည်ငြိမ်ငြိမ်လေး ကြည့်နေသလို ခံစားရသည် ။ ဒိုင်ယာရီ စာအုပ်လေးကို အလုပ် စားပွဲပေါ် တင်ပြီး သူ့ရှေ့မှာ ကျွန်မ ဝင်ထိုင်လိုက်သည် ။ နောက် ... ကျွန်မ၏ လက်ကလေးတွေဖြင့် သူ့ခန္ဓာကို ဖြည်းညင်းစွာ ထိတွေ့လိုက်မိသည် ။ ဘာပြောပြော သူ့ကို ကျွန်မ စွန့်လွှတ်ရတော့မည် ထင်သည် ။ သူ့ကို ရီဝေဝေ စူးစူးနစ်နစ် ငေးစိုက်ကြည့်လျက် ကျွန်မ စိတ်တွေ လွင့်နေသည် ။ သူနှင့် စတွေ့တော့ ကျွန်မက တကယ့်ကို မနူးမနပ်လေး ။ ဘာကိုမှလည်း မသိသေး ၊ စိတ်မဝင်စားသေး ။ သူ့ အကြောင်းဆို ပိုဆိုးသည် ။ သူများတွေ ပြောသမျှကို ပါးစပ် အဟောင်းသားဖြင့် နားထောင်နေရသည် ။ ကြားဖူးနားဝ ရှိပေမဲ့ အဲဒီ ကြားဖူး တာတွေကို လူကြားထဲ ချ ပြောရလောက်သည် အထိ ကျွန်မ မကျွမ်းကျင်သေးပါ ။ အဲသည်လို ကာလမှာ သူနှင့် နဖူးတွေ့ ၊ ဒူးတွေ့ တွေ့ရတော့သည် ။ သူဟာ ကျွန်မ၏ မသိ ဆိုးဝါးမှုတွေကို သည်းခံခဲ့သလို သူဟာ ကျွန်မ၏ လက်တည့် စမ်းမှုတွေကိုလည်း အကြိမ်ကြိမ်ခံခဲ့ရသည် ။

သူဟာ ... အတိုင်းအတာ တစ်ခု အထိ ကျွန်မ ကျွမ်းကျင်သူတစ်ဦး ဖြစ်ဖို့ ၊ ဒီ့ထက် ကျယ်ပြောသည့် ကောင်းကင်ကြီးတစ်ခုအောက် ရောက်ဖို့ ... ။

နောက်ပြီး ဒါတွေဟာ မဖြစ်မနေ သိကို သိရတော့မယ်လို့ ကျွန်မ လက်ခံ ယုံကြည်မိစေဖို့ ကျွန်မအတွက် ထိုးပေးထားသည့် တံတားလေးတစ်ခုလိုပါပဲ ။

အခု အဲသည် တံတားလေးရှိဖို့ မလိုအပ်တော့ဘူးပေါ့ ။ ကျွန်မ မျက်ရည်တွေ သူ့ကိုယ်ပေါ် တစိမ့်စိမ့် ကျလာသည် ။ သူ့ကိုယ်လေးကို ရင်ခွင်ထဲ သွင်းလို့ ကျွန်မ ရှိုက်ကြီးတငင် ငိုကြွေးမိသည် ။

“ ဒီနေ့ အစည်းအဝေး ကတော့ အားလုံး သိတဲ့အတိုင်း ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ကွန်ပျူတာစနစ်နဲ့ ပြောင်း လဲဖို့ပါ ။ ဒါကို လုပ်နေတာ ကြာပါပြီ ၊ ညွှန်ကြားထားပြီး စ , လုပ်နေတာ တစ်နှစ်ကျော် ကြာပါပြီ ။ ခုတော့ အဲဒီ့ အတွက် ခွင့်ပြုမိန့်လည်း ကျပြီ ၊ ပစ္စည်းတွေလည်း ရောက်ပြီ ။ ပစ္စည်းတွေ ဆိုတာ ကွန် ပျူတာအသစ်တွေပါ ။ ဆော့ဝဲ ကိုလည်း ကုမ္ပဏီနဲ့ ညှိနှိုင်း ရေးဆွဲနေပါပြီ ။ တစ်ခုရှိတာ က လက်ရှိ သုံးနေတဲ့ ကွန်ပျူ တာ အဟောင်းတွေက အခု အသစ် ရေးဆွဲထားတဲ့ ဆော့ဝဲလ်နဲ့ အဆင်မပြေတာတွေ ရှိနိုင်တယ် ။ အဲလိုဆိုရင် ကွန်ပျူတာအသစ်တွေကိုပဲ သုံးမယ် ။ ဒါကြောင့် ဒီ အစည်းအဝေး ပြီးရင် ကွန်ပျူတာဌာနက အသစ်ပြောင်းရမယ့် ကွန်ပျုတာစာရင်း ပြုစု ပေးပါ ။ ပြန်သိမ်းရမယ့် စာ ရင်းတင်ပေးပါ ။ ခုတစ်ပတ် အပြီးလုပ်ပါ ၊ ရှေ့တစ်ပတ် အဆင်သင့် ဖြစ်အောင် ”

သူ ... သူ ဆိုတာ ကျွန်မ အခန်းထဲက တစ်လုံးတည်းသော ဟောဒီ ကွန်ပျူတာလေးပါပဲ ။ ဒီဌာနကို စတင် ရောက်ရှိခဲ့သည့် ဟိုး ... လွန် ခဲ့သည့် နှစ်များဆီက အလုပ် စဝင်ခဲ့သည့်နေ့ကို ကျွန်မ ခုထိ သတိတရ ရှိနေဆဲ ။ အသစ် ဖွင့်သည့် ဌာနမို့ ထိုင်ခုံ အဟောင်းလေး တစ်လုံး ၊ စားပွဲခုံအဟောင်းလေး တစ်လုံး ကလွဲလို့ ဘာမှ မရှိသည့် အခန်းကျဉ်းလေးထဲ ကျွန်မ တစ်ယောက်တည်း ။ ထိုအခိုက် လူကြီးအဖွဲ့ ဝင်ရောက်လာခဲ့ပြီး ဌာနမှူး ကျွန်မကို မေးခဲ့တာက ကွန်ပျူတာ ကျွမ်းကျင်လား ၊ မြန်မာလက်ကွက် ရလားတဲ့ ။ ဟုတ်ကဲ့ ၊ နည်းနည်းပါးပါးတော့ရပါတယ်ဟု မဝံ့မရဲ ခပ်တိုးတိုး ဖြေခဲ့ပေမဲ့ ကိုယ့်လုပ်ငန်းသုံး ဆော့ဝဲလ်က လွဲလို့ မသိ ၊ မတတ်ခဲ့သည့် ကျွန်မ အတွက် ခုချက်ချင်း ဒီဌာနအတွက် ကွန်ပျူတာတစ်စုံ ချပေးပါဟု ဆိုပြီး အဲဒီနေ့ ညနေစောင်းတော့ အလူမီနီယံဗီရို နှစ်လုံး ၊ စာအုပ်စင်လေး တစ်ခုနှင့် အတူ ကျွန်မ ဌာနနာမည်နှင့် အသစ်စက်စက် ကွန်ပျူတာတစ်စုံနှင့် သပ်ရပ်သန့်ရှင်းသည့် အခန်းငယ် တစ်ခုအသွင် ချက်ချင်း ပြောင်းလဲ သွားခဲ့ရပြီး နောက်တစ်နေ့က စလို့ လှည်းတန်းက ကွန်ပျူတာသင်တန်း တစ်ခုမှာ ကျွန်မ သင်တန်းစ,တက်နေပြီဖြစ်သည် ။ သင်တန်းက ပေးသည့် လေ့ကျင့်ခန်းတွေကို ဒီကွန်ပျူတာလေးနှင့် လေ့ကျင့်လေ့လာရင်း သူနှင့် ကျွန်မ စတင် ရင်းနှီးထိတွေ့ ခဲ့ရသည် ။

နောက် ... ကျွန်မတို့ လုပ်ငန်းသုံး ဆော့ဝဲလ်လေးကို ဒီကွန်ပျူတာလေးထဲ ထည့်ပြီး အလုပ်တွေ စ,လုပ်ကြရသည် ။ အခက်အခဲတွေ အများကြီးကို သူနှင့်အတူ ရင်ဆိုင်ဖြေရှင်းခဲ့ရသည် ။ ဌာနအသစ်ဆိုတော့ လုပ်စရာတွေက များလှသည် ။ ညမိုးချုပ်ထိ အလုပ်ဆင်းရစဉ် ကျွန်မနှင့် အတူ မနားမနေ လုပ်ခဲ့ရတာလည်း သူပါပဲ ။ အဆူခံရလို့ မျက်ရည်တွေဖြင့် ကျွန်မ အလုပ်လုပ်နေစဉ် ကျွန်မနှင့် အတူ ရှိနေခဲ့တာလည်း သူပါပဲ ။ သူ့ကိုယ်ပေါ် ကို မျက်ရည်တို့နှင့် ပေကျံသွားအောင် လုပ်ပြီး ကျွန်မ ကြံ့ကြံ့ခံခဲ့စဉ် သူကလည်း ကျွန်မကို တစ်ဖက်တစ်လမ်းက အားပေးနေသလို ခံစားခဲ့ရသည် ။

အို ... ကျွန်မနှင့် ထပ်တူညီမျှ ပင်ပန်းခဲ့သူ ။

ကျွန်မနှင့် ထပ်တူညီမျှ ခံစားနာကျင်ခဲ့ရသူ ။

ကျွန်မ၏ နာကျင်ပင်ပန်းခဲ့မှုတို့ကိုလည်း သိနေခဲ့သူ ။

ခုချိန်မှာတော့ အခန်းကျယ်ကြီး တစ်ခုတွင် ခေတ်မီ ပရိဘောဂ အစုံအလင်ဖြင့် ကျွန်မအတွက် သီးသန့်အခန်း ငယ် တစ်ခုထဲတွင် ကျွန်မတို့ တစ်တွေ တပင်တပန်း မနားမနေ ကြိုးစား လုပ်ဆောင်ခဲ့ရခြင်း၏ အကျိုးအဖြစ် သူ ရော ၊ ကျွန်မပါ လုပ်ငန်း တစ်ခုကို စနစ်တကျ လည်ပတ်နိုင်ခဲ့ပြီ ဖြစ်ပါသည် ။ အဲလိုဖြစ်ရန် ကျွန်မတို့ ဆယ်စု တစ်စုနီးပါး ကျော်ဖြတ်ရုန်း ကန်ခဲ့ရသည် ။

ထိုအချိန် နောက်ထပ် လှိုင်းတစ်ခု ကျွန်မတို့အနီး ရိုက်ခတ်လာခဲ့သည် ။ ကျွန်မ နှင့် သူ့အတွက် တံခါးခေါက်သံ သဲ့သဲ့ ကြားလိုက်ရသည် ။ နောက် အဲဒီ့ တံခါးခေါက်သံက တဖြည်းဖြည်း ကျယ်လောင် လာခဲ့သည် ။ အီးမေးလ် ၊ အင်တာနက်ဝက်ဆိုက် ၊ နောက် ... တစ်နေ့ ထက် တစ်နေ့ ခေတ်မီ ပါးလွှာလာသည့် အီလက်ထရောနစ် ပစ္စည်းလေးတွေ ၊ လက်တစ်ဝါးသာသာ ရှိသည့် ပစ္စည်းလေး တစ်ခုထဲထောင် သောင်းချီ ရှိနေသည့် စာအုပ် မျိုးစုံကို ဖတ်နိုင်သည့် အကြောင်း သိရတော့ စာရွက်သားလေးကို လက်လေးနှင့် ထိတွေ့ပြီး အဲသည့်စာရွက်လေး၏ ရနံ့ကို နှလုံးသားဖြင့်ပါ နမ်းရှိုက် မှတ်သား ဖတ်ရှုတတ်သူ ကျွန်မ ငိုချင်ချင်ဖြစ်လို့ ။ ကြံ့ခိုင်ခံ့ညားသည့် သူ့ကိုကြည့်ပြီး ဘာကိုမှန်း မသိ စိုးရိမ်သွားသလို ရှိသည် ။

ခုတော့ ကျွန်မ စိုးရိမ်ခဲ့သည့် နေ့ကို ရောက်လာခဲ့ပြီ ။

“ အစ်မ ဆရာတို့ လာနေတယ် ”

တဖျပ်ဖျပ် ပြေးလာသော ခြေသံနှင့်အတူ အခန်းဝမှာ ပေါ်လာသည့် အရိပ်ကြောင့် ကျွန်မကိုယ် ဆတ်ခနဲ ဖြစ်သွားသည် ။ အစည်းအဝေးခန်းမက လူအုပ် ကျွန်မထံ ရောက်လာခဲ့ပြီ ။

“ ဒေါ်ထင်လင်းတင့် အခန်းမှာ ဒီကွန်ပျူတာ တစ်လုံးပဲနော် လဲရမှာ ”

ကျွန်မ ပြန်မဖြေရသေးခင် “ လဲလိုက်ပါ ၊ ပြီး ... ဒီဌာနမှာ ကွန်ပျူတာ ဘယ်နှလုံးလောက် လိုမလဲ ” ဟု ဘေးက တာဝန်ရှိသူကို လှည့်မေး သည် ။ အိုင်တီတာဝန်ခံက လက်ထဲက ဖိုင်ကို တစ်ချက် ကြည့်လျက် “ တင်ထားတာတော့ ငါးလုံးပါ ဆရာ ” ဟု ဆိုသည် ။ ကျွန်မ တစ်ခုခု ပြောရန် အားယူဆဲ “ ဆရာမ လိုအပ်တာ တစ်ခါတည်း ပြောပါ ” ဟု ဆိုသည် ။

“ ဒီကွန်ပျူတာလေးက ရော ဆက်သုံးလို့ မရတော့တာလား ဆရာ ”

အံ့သြသွားသလိုဖြင့် “ ဘာဖြစ်လို့လဲ ဆရာမ ” ဟု မေးသည် ။ အိုင်တီတာဝန်ခံ ဆရာက “ အခု သုံးမယ့် ဆော့ဝဲလ်က ဒီကွန်ပျူတာနဲ့ သိပ် အဆင်မပြေလောက်ဘူး ဆရာမ ။ တစ်ခါတည်း အဆင်ပြေအောင် လုပ်တာ ကောင်းပါတယ် ။ နောက်မှ တစ်ခုခုဆို ပြဿနာ ရှိနိုင်တယ် ” ဟု ရှင်းပြသလို ဆိုသည် ။

“ ဒီလိုပါ ဆရာ Memory ထပ်စိုက်ပြီး ဒီအခန်းထဲ တစ် နေရာရာမှာ ပြန်သုံးလို့ရော ရနိုင်သလားလို့ပါ ။ သုံးလက်စလေး ဆိုတော့ ... ”

အိုင်တီဆရာက တစ်ချက်တော့ တွေသွားသည် ။ ဘာမှတော့ ပြန်မပြော ။ ဒါပေမဲ့ ဌာနမှူးဆရာက အခန်းပြင် ပြန်ထွက်သွားရင်း ဌာနထဲ တစ်ချက်ကြည့်လို့ နောက်ပြန်လှည့် ကျွန်မဆီ ဦးတည်ကာ “ ဘာဖြစ်ဖြစ် နောင်ပြဿနာ မရှိမယ့်ဟာသာ သုံးလိုက်ပါ ။ လဲလိုက်ပါ ။ ဆရာမ ဒေတာတွေ ၊ ဖိုင်တွေ သေချာ ပြန်စစ်ပြီးကူးထားပါ ။ မနက်ဖြန် ဖိုင်တွေ လာဖျက်မယ် ” ဟု ဆိုသည် ။ နောက် သူ့ဆီ လက်ညှိုးညွှန်ပြီး “ ဒါစာရင်းထဲ မှတ်လိုက်ပါ အသစ်လဲ လိုက်ပါ ” ဟု ညွှန်ကြားပြီး အခန်းဝ ဝင်ပေါက်ဆီ ဦးတည် သည် ။

တဖြည်းဖြည်း ဝေးသွားသည့် ခြေသံတွေ ပျောက်ကွယ်သွားတော့ ဘာမှ မတတ်နိုင်သလို ထိုင်ခုံမှာ ကျွန်မ ထိုင်ချလိုက်မိသည် ။ နောက်တော့ .. သူ့ကို တမြည့်မြည့် ငေးကြည့် နေမိသည် ။

ကျွန်မ စစ်ဆေးပြီးသည့် ဖိုင်တွေကို စတစ်ထဲ ကူးထည့်နေသည့် အခန်းထဲက ညီမလေး ဘေးမှာ ထိုင်ကာ အတူ ပြန်စစ်နေရင်းက ကျွန်မ နာကျင်ခံစားနေရသည် ။

လောကကြီးက အဲလိုလား ၊ သွားတိုက်ဆေးလို အကုန်အစင် ညှစ်ထုတ် အသုံးပြုပြီး အမှိုက်တောင်းထဲ ထည့်ပစ်တော့မယ်ပေါ့ ။ လူတစ်ယောက် ဆိုရင်လည်း အဲလိုပဲ လုပ်မှာလား ၊ စက်ပဲ ဖြစ်ဖြစ် ၊ လူပဲ ဖြစ်ဖြစ် အသိအမှတ် ပြုမှုလေးတော့ ရှိသင့် ပါသည် ။

နောက်တစ်ပတ်တွင်တော့ ကျွန်မ အခန်းတစ်ခုလုံး တစ်ဆင့်တက် ပြောင်းလဲသွားခဲ့ရသည် ။ ကွန်ပျူတာအသစ်တွေ စ,ဆင်နေပေပြီ ။ သူကတော့ စတိုကို ပို့ရန် အခန်းထောင့်လေးမှာ သူ့ခုံလေးထက် လဲလျောင်းနေသည် ။ သူ့ကို ကြည့်ပြီး ကျွန်မ ဘယ်လောက် ကြေကွဲရတယ်ဆိုတာ ဘယ်သူ သိမှာတဲ့လဲ ။

“ ဆရာမ ပြန်အပ်မှာ ဒီကွန်ပျူတာလား ”

စတိုဌာနက ကောင်လေးတွေ ရောက်လာပြီး သူ့ တွန်းလှည်းလေးကို ဆွဲယူလိုက်တော့ ကျွန်မ စိတ်လှုပ် ရှားစွာဖြင့် နေ ... နေ ကျွန်မ တွန်းမယ် ဆိုတော့ အံအားသင့်သွားသည် ။

“ ရပါတယ် ဆရာမ ကျွန်တော်တို့ လုပ်လိုက်ပါ့ မယ် ” ဆိုသော စကားကို “ ကျွန်မ ကိုယ်တိုင် လိုက်ပို့ချင်လို့ပါ ။ စတို ကလည်း သိပ်မဝေးပါဘူး ၊ ဒီကော်ရစ်တာ ထိပ်မှာပဲ ” ဆိုတော့ နားမလည်သလို ကြည့်သည် ။

သူ့လှည်းလေးကို ကော်ရစ်တာ တစ်လျှောက် တွန်းလာတော့ စူးစမ်းသလို ကြည့်ကြသည် ။ သူတို့ အားလုံး နည်းနည်းလေးမှ မခံစားရဘူးတဲ့လား ။ လက်တစ်ဖက်က သူ့ကိုယ်ကို ထိန်း ၊ တစ်ဖက်က တွန်းရင်း စတိုအခန်းဝ ရောက်တော့ “ ရပါပြီ ဆရာမ ၊ ကျွန်တော်တို့ ယူသွား လိုက်ပါတော့မယ် ” ဟု အားနာသလို ဆိုသည် ။

သူ့ကို ကိုင်ထားသည့် ကျွန်မ လက်ကလေးကို ဖြည်းညင်းစွာ လွှတ်လိုက်သည် ။ နောက် ... ကောင်လေး ခေါ်ရာ တရွေ့ရွေ့ ပါသွားသည့် သူ့ကို အခန်းဝမှာ စုံရပ်လျက် ကျွန်မ ငေးကြည့်နေမိသည် ။ စတို အခန်းကျယ်ကြီး ထဲတွင်တော့ အတုံးအရုံး လဲနေသည့် ကွန်ပျူတာလေးတွေက အစီအရီ ။

“ သွားပေတော့ … ငါ့ရဲ့ ကွန်ပျူတာလေးရေ ၊ သက်ရှိ လူသားတွေလည်း နောက်ဆုံးမှာ သေခြင်းကို ရင်ဆိုင်အရှုံး ပေးရသလို မင်းလည်း ဟော ဒီ နည်းပညာ ခေတ်ကြီးထဲ အဆုံးသတ်မှာ အရှုံးပေး သေ ဆုံးခဲ့ရပြီပဲ ။ မင်းရဲ့ လုပ် ဆောင်ခဲ့သမျှကို ဘယ်သူတွေ အသိအမှတ် ပြုပြု မပြုပြု ငါ ပြုတယ် ။ ဘယ်သူတွေ မှတ် တမ်းတင်တင် မတင်တင် ငါ တင်ပါတယ် ။

“ ဆရာမ မနက်ဖြန် လောက်ဆို ဆရာမ အခန်းထဲ နက်ဝပ်ခ် ရလောက်ပါပြီ ။ ခု ကြိုးနည်းနည်း လိုသွားလို့ ”

အခန်းဆီ အပြန် Network ချိတ်သည့် ကောင်လေးက နှုတ်ဆက်သလို ပြောသွားစဉ် သိပ်ပြီး နားမလည်လိုက်ပေမဲ့ ခုချိန်မှာ အထွေအထူး ပြန်မေးချင် စိတ်မရှိတာကြောင့် နေရာ ဝင်ထိုင်လိုက်ပြီး ဘေးဘီကို တစ်ချက် ဝေ့ဝဲလို့ ကြည့်လိုက်မိသည် ။

အခုတော့ ကျွန်မ နံဘေးတွင် မျက်နှာပြင် ခပ်ပါးပါး အမည်းရောင် ကွန်ပျူတာလေးတွေ ဝန်းရံလျက် ရှိနေပြီ ။ နောက် ... ဆယ်စုတစ်ခု လောက်ဆိုရင်ရော ဒီနေရာမှာ သက်ရှိလူသား ကျွန်မ ထိုင်နေဖို့ပင် သိပ်မသေချာတော့ပါ ။

⎕ နန်းဧကရီရှင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း   
     နိုဝင်ဘာ ၊ ၂၀၁၉

No comments:

Post a Comment