Thursday, April 23, 2026

နွေတဲ့လား ငါ အခု မိုးရေချိုးနေတယ်


 

❝ နွေတဲ့လား ငါ အခု မိုးရေချိုးနေတယ် ❞
          ( ဇေဦးယျာ )

“ အယုတ်တမာမ ခတ္တာညို ။ နင့်ကြောင့် ငါ့ဘဝ ပျက်ခဲ့ပြီ ။ ငါ ဘယ်လို ပြန်ပြီး အဖတ်ဆယ်ရမလဲ ။ ပြောစမ်းပါဦး ။ ရုပ်ကလေး လှသလောက် မာယာများလိုက်တဲ့ မိန်းမ ။ ငါ့ကို တိရစ္ဆာန် တစ်ကောင်လောက်သာ အသုံးချပြီး ငါ့ဘဝကို ဖျက်ဆီးခဲ့တဲ့မိန်းမ ”

တလိပ်လိပ် တက်လာသော ဒေါသတွေကို အရက်နှင့် ဖြေချသည် ။ သူ့အတွက် ဒီဒေါသတွေက အမြည်းတောင် မလိုလောက်အောင် ပေါပေါများများ စားသုံးလို့ ရနေသည် ။ တစ်ခွက်ပြီး တစ်ခွက် အဆက်မပြတ် သောက်နေသောကြောင့် သူ့ ရင်အစုံမှာ မီးစနှင့် ထိုးသလို ပူလောင်နေသည် ။ ဒါပေမဲ့ အရက် သောက်နေတာ ကိုတော့ သူ မရပ်ချင်သေး ။ ဆက်သောက် ချင်နေသေးသည် ။ ဖြစ်နိုင်လျှင်တော့ လောကကြီး တစ်ခုလုံးနှင့် အဆက်ပြတ်သွားအောင် သောက်ချင်သည် ။

ပြီးတော့ ခတ္တာညို ကိုလည်း မေ့ချင်သည် ။ အကြောင်းကြောင်းကြောင့် မှားယွင်းစွာ ဖြစ်တည်လာခဲ့သော ခတ္တာညို ဝမ်းဗိုက်ထဲမှ ကလေးငယ်ကိုလည်း မေ့ချင်သည် ။ ကိုယ့်ဘဝကြီး တစ်ခုလုံးကိုလည်း မေ့ချင်သည် ။ ဟုတ်သည်လေ ။ ရှင်လျက် နှင့် သေနေသလို ဖြစ်နေသော ဘဝကြီးကို သူဘာကြောင့်များ ဖက်တွယ်ချင်စိတ် ထား နေဦးမည်နည်း ။ လူ့လောကကြီး အလယ်မှာ မျက်နှာ မဖော်ရဲလောက်အောင် ဆိုးသွမ်းလွန်းနေသော ဘဝ ။

အား ၊ အယုတ်တမာမ ခတ္တာညို ဆီ သူ ပြန်ရဦးမည် ။ သူ ဘယ်လောက်ထိ ညဉ့်နက်အောင်နေနေ သူ ပြန်အလာကို မအိပ်ဘဲ စောင့်နေမည့် ခတ္တာညိုဆီ သူ ပြန်ရဦးမည် ။ မပြန်ဘဲ နေလျှင်ကော ။ ဘယ် လောက်ကောင်းလိုက်မည်လဲ ။ နေ့တိုင်း ၊ ညတိုင်း မပြန်ဘဲနေ ။ ခတ္တာညို ကလည်း မအိပ်ဘဲနေ ။ နေ့တိုင်း မအိပ်လျှင် ဒီမိန်းမ အားအင်တွေ ဆုတ်ယုတ်မည် ။ နောက်ဆုံး အသက်ပင် သေသွားနိုင်သည် ။ ဘယ်လောက်တောင် ကောင်းမည်လဲ ။ ဒါပေမဲ့လည်း မဖြစ်သေး ။ ခတ္တာညို့ ဗိုက်ထဲမှာ အလွန် အော့နှလုံးနာစရာ ကောင်းလောက်သော သူ့ရင်သွေးလေး ရှိနေသေးသည် ။ ခတ္တာညို သေသွားတာ ကိစ္စ မရှိပေမဲ့ လူ့လောကကို မျက်နှာတောင် မပြရသေးသော သူ့ရင်သွေးလေးကိုတော့ အသေမခံနိုင် ။ သူပြန်မှ ဖြစ်မည် ။ သူ ပြန်မည် ။ ပြီးတော့ သူ့ဒေါသတွေကို တစ် ခုချင်း တစ်ခုချင်းစီ ခတ္တာညို အပေါ် ဖွင့်ချမည် ။ အသံ မထွက်ဘဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေသော ခတ္တာညိုကို ကြည့်ပြီး သူ အားပါးတရ ရယ်ရဦးမည် ။

ခတ္တာညို မငိုသော ညတွေဆို သူ အိပ်မပျော် ။ ခတ္တာညို ငိုမှ သူ အိပ်ပျော်သည် ။ ဒီတော့ အိမ်ပြန်ပြီး ခတ္တာညိုကို ငိုအောင် လုပ်ရဦးမည် ။

“ နောက်ထပ်တစ်လုံး ပါဆယ်ဟေ့ ။ ပြီးတော့ ခတ္တာညို အတွက် ခေါက်ဆွဲကြော် တစ်ပွဲပါ ပါဆယ်ထုပ်ပေးဦး ။ ပြီးရင် ပိုက်ဆံရှင်းမယ် ”

••••• ••••• •••••

၁ ။

“ ဘယ်လိုလဲ ကဗျာဆရာရဲ့ ၊ ခင်ဗျား ကောင်မလေးကို သဘောကျရဲ့လား ”

လှောင်ချင်သလိုလို မျက်နှာထားနှင့် မေးလာသော မိတ်ဆွေ ဖြစ်သူကို အပြုံးနှင့်သာ ပြန်တုံ့ပြန်နိုင်သည် ။ ဘေးနားမှ ကောင်မလေးက သဘောကျရုံတင်ပဲလား ဟု ရိသဲ့သဲ့ မေးလာတော့ သူ ဘာမှ ပြန်မပြောဖြစ် ။ မပြောချင်တာတော့ မဟုတ် ။ မပြောရဲတာ ဖြစ်သည် ။ ဟုတ်သည် ။ မိန်းမနှင့် ပတ်သက်လျှင် အတွေ့အထိ နည်းသော သူသည် မိန်းမတစ်ယောက် ကျလောက်အောင် အရည်အချင်း နှင့်လည်း ဝေးနေသည် ။ အသက် သုံးဆယ်တိုင်လာ သော်လည်း ချစ်သူရည်းစား ဆို ဝေးလို့ ၊ မိန်းကလေး မိတ်ဆွေတောင် သိပ်များများစားစား ရှိတာ မဟုတ် ။ သူ့အတွက် လိုလည်း မလို ။ ကဗျာတွေသာ သူ့ ဘေးနားမှာ ရှိနေလျှင် လောကကြီး တစ်ခုလုံးကို သူ မေ့ထားနိုင်သည် ။ သူ့ဘဝ အတွက် ကောင်မလေး မလို ၊ မိန်းမ မလို ။ ကဗျာတွေသာ လိုသည် ။

ထိုနေ့ည ဒင်နာ တစ်ခုမှ အပြန် ကျောင်းတုန်းက သူငယ်ချင်းတွေနှင့် ပြန်ဆုံ ဖြစ်ကြသည် ။ မတွေ့တာ ကြာနေပြီ ဖြစ်သော သူငယ်ချင်းများနှင့် ဆိုင်တစ်ဆိုင်မှာ ဝိုင်းကြရင်း နောက်ဆုံးတော့ သူငယ်ချင်း တစ်ယောက်က နေရာတစ်ခုကို သွားဖို့ စတင် အကြံပြုသည် ။ သူ မလိုက်လိုသော်လည်း အားလုံးက ဝိုင်းဝန်း တိုက်တွန်းသောကြောင့် သူ တစ်ခါမှ မရောက်ဖူးသော နေရာ တစ်ခုကို ရောက်လာဖြစ်ခဲ့သည် ။ မီးရောင် ခပ်မှန်မှိန်သာ ရှိသော အခန်းကျယ် တစ်ခုထဲမှာ သီချင်းသံတွေ လွင့်ပျံဝဲနေသည် ။ အယ်လ်စီဒီ စကရင် ထက်မှာ သီချင်းတွေက တစ်ပုဒ်ပြီး တစ်ပုဒ် ။ ခဏနေတော့ မိန်းကလေးတွေ ဆယ်ယောက်ခန့် တန်းစီရောက်လာသည် ။ မိတ်ဆွေ ဖြစ်သူက ခင်ဗျား ကြိုက်တဲ့ သူတစ်ယောက်ကို ရွေး ဆိုတော့ သူ ရှက်အားပိုစွာ ကြောက်လန့်တကြား ငြင်းမိသည် ။ နောက်ဆုံးတော့ မိတ်ဆွေ ဖြစ်သူက အတင်း ရွေးချယ်ပေးမှုနှင့် ကောင်မလေး တစ်ယောက် သူ့အနား ရောက်လာခဲ့သည် ။

အစတုန်းက ကြောက်အား ပိုနေခဲ့သော်လည်း နောက်ဆုံးတော့ ယမကာတန်ခိုးနှင့် ခတ္တာညို က သူ့အနားကို တိုးလာနိုင်ခဲ့သည် ။ ထိုမှတစ်ဆင့် သူ့ဘဝထဲသို့ အထိပင် တိုးလာနိုင်ခဲ့သည် ။

ထိုအချိန်မှ စ၍ ခတ္တာညို ရှိသော ထိုကေတီဗွီသည် ကဗျာဆရာ စတည်းချရာ ဘုံရိပ်သာ တစ်ခု ဖြစ်လာခဲ့သည် ။ နေ့တိုင်း မဟုတ်တောင် ရက်ခြား ဆိုသလို ကဗျာဆရာ ရောက်ဖြစ်ခဲ့သည် ။ သောက်မည် ။ မူးမည် ။ သီချင်းတွေ ဆိုမည် ။ သာသာယာယာ သီဆိုတတ်သော ခတ္တာညို၏ သီချင်းသံတွေ နောက်မှာ သူ့ လက်ခုပ်သံတွေနှင့် စီးမျောမည် ။ ပလီပလာ ပြောတတ် သော ခတ္တာညို့၏ စကားသံ တွေ အောက်မှာ သူ ညိမ်သက်စွာ ယစ်မူးမည် ။ နူးညံ့စွာ ချော့မြှူ တတ်သော ခတ္တာညို ၏ ရင်ခွင်ရိပ် အောက်မှာ အိပ်မက်တွေ မက်မည် ။ ကဗျာတွေကို မေ့ချင်လာသည် ။ လောကကြီး တစ်ခုလုံးကို မေ့လာသည် ။ ဒီအစား ခတ္တာညိုကို အစားထိုး ဝင်ရောက်လာခဲ့သည် ။

ကဗျာဆရာသည် အချစ်ကို မရှာဖွေခဲ့ဘူး ။ ဒါပေမဲ့ ခတ္တာညို ကိုတော့ ရှာတတ်လာခဲ့သည် ။ အချိန်သည် သိပ်မကြာလိုက် ။ ကဗျာဆရာ့ အတွက် ကံဆိုးမိုးမှောင်ကျသည့် နေ့တစ်ရက် ကျရောက်လာခဲ့သည် ။

••••• ••••• •••••

၂ ။

ထိုနေ့သည် ကဗျာဆရာ အဖို့ အိပ်မက်မှ လန့်နိုးလာခဲ့သာ နေ့ဖြစ်သည် ။ ခတ္တာညို သည် ချစ်စရာ မကောင်း ။ ကြောက်စရာ ကောင်းသည်ဟု စတင် သိမြင်ခဲ့သောနေ့ လည်း ဖြစ်သည် ။

“ ကဗျာဆရာ ၊ ညို့မှာ ကိုယ်ဝန် ရှိနေပြီ ”

ကြားလိုက်ရသော စကားသံသည် သူ့အတွက် နားနားမှာ ဗုံးတစ်လုံး ကျကွဲသွားသည့် ပမာ ။ ခေါင်းတစ်ခုလုံး ချာချာလည် သွားအောင် ၊ ကြားလိုက်သည့် စကားကို မယုံကြည်နိုင် လောက်အောင် သူ့ရင်ခွင် တစ်ခုလုံး ဆူညံသွားခဲ့သည် ။

“ ဘယ်လို ပြောလိုက်တယ် ခတ္တာညို ။ နင့်မှာ ကိုယ်ဝန် ရှိနေတယ် ။ ဟုတ်လား ။ ဘယ်သူနဲ့လဲ ”

ကြေကွဲစွာ မေးလိုက်သော သူ့စကားသံ အဆုံးမှာ ခတ္တာညို့ထံမှ စကားသံ ပြန် မကြားရဘဲ ၊ လက်ဝါးတစ်ခုသာ ရလိုက်သည် ။ ဖြန်းခနဲ မြည်သံနဲ့အတူ ပါးပြင်ထက်မှာ စပ်ဖျဉ်းဖျဉ်း နာကျင်မှုကို ခံစားလိုက်ရသည် ။

“ ရှင် မိုက်ရိုင်းလှချည့်လား ။ ဒီစကားက ရှင့်ပါးစပ်က ထွက်လာတာလို့တောင် ညို မယုံကြည်နိုင်လောက် အောင်ပဲ ။ ရှင် ယောက်ျားတစ်ယောက်မှ ဟုတ်ရဲ့လား ။ အေးလေ ။ ရှင် မေ့ချင်ယောင် ဆောင်မှတော့လည်း ညို ကတော့ လှုပ်နိုးရတော့မှာပေါ့ ”

ခတ္တာညို ပြန်ပြောပြသော စကားလုံးတို့သည် သူ့ နားကို သံရည်ပူပူနှင့် လောင်းထည့်နေသလို ခံစားရ ခက်ခဲလှသည် ။ ထိုနေ့က သူ လူမှန်း မသိအောင် မူးနေခဲ့သည် ။ ခတ္တာညိုနှင့် မခွဲနိုင် ၊ အဆောင်သို့ မပြန်ဘဲ ခတ္တာညို အနားမှာပဲ နေချင်သည်ဟု ဆိုကာ အော်ဟစ်သောင်းကျန်းနေသဖြင့် သူငယ်ချင်းများက သူ့ကို ကေတီဗွီမှာပဲ သိပ်ခဲ့သည် ။ မနက် မိုးလင်းလာတော့ ခတ္တာညို အခန်းမှာ အိပ်ခဲ့သည် ဆိုသော အတွေးက လွဲ၍ သူ ဘာမှ မသိခဲ့ ။ ခတ္တာညို ကလည်း ဘာမှမဆိုခဲ့ ။ ယခု ဆိုမယ့် ဆိုတော့လည်း သူ့ဘဝ တစ်ခုလုံး အရုပ်ဆိုး အကျည်းတန်စေမည့် စကားလုံးတို့ကို ရွေး၍ ဆိုချေလေပြီ ။ သူဘာမှ ပြန်မပြောနိုင် ။ ခတ္တာညို မျက်နှာကိုသာ တွင်တွင် ငေးလျက် ၊ ဖြစ်ခဲ့သမျှတို့ကို နောင်တရလျက် ။ ဒါပေမဲ့ တောင်းဆိုသူ ကတော့ တောင်းဆိုခဲ့လေပြီ ။

“ ညို့ကို လက်ထပ်ပါ ကဗျာဆရာ ”

ကြားလိုက်ရသော စကားသံတို့ကို သူ မယုံချင် ။ သူမကို လက်ထပ်ပါတဲ့ ။ တောင်းပန်နေတာ မဟုတ် ။ အမိန့်ပေးနေတာ မဟုတ် ။ ရသင့်ရထိုက်သော အခွင့်အရေး တစ်ခုကို တောင်းဆိုနေသည့် ပမာ ။ ခတ္တာညို မျက်နှာက တည်ငြိမ်လွန်းလှသည် ။ ယခုတော့ သူမသည် ကဗျာဆရာ ပိုင်ဆိုင်သော မှော်ရုံတောမှ မင်းသမီးလေး မဟုတ်တော့ ။ ကြောက်စရာမျက်နှာနှင့် ဘီလူးတစ်ကောင် ဖြစ်နေလေသည် ။ ကဗျာဆရာကို ဝါးမျိုတော့မည့် မီးတောက် တစ်ခု ဖြစ်လာခဲ့သည် ။ သူ မြင်ဖူးသော ခတ္တာညိုသည် ပျောက်ကွယ်သွားလျက် ၊ သူ မမြင်ဖူးသော ခတ္တာညို အစားထိုး ဝင်ရောက်လာသည် ။ သူ အကြောက်အကန် ငြင်းမိသည် ။

“ဟင့်အင်း ခတ္တာညို ။ ငါ နင့်ကို မယူနိုင်ဘူး ။ နင်က ကေတီဗွီက မိန်းကလေးတစ်ယောက် ။ နင်က ယောက်ျားတကာနဲ့ တွဲဖူးတယ် ။ နင့်ကို ငါ ယူလို့ မဖြစ်ဘူး ။ ငါ နာမည် ပျက်လိမ့်မယ် ”

ပြောသင့် သလား ။ မပြောသင့်သည့် စကားလား ။ သူ မတွေးတတ်တော့ ။ လောလောဆယ်တော့ ခတ္တာညို ဆင်ထားသော ထောင်ချောက် ထဲမှ ပြေးထွက်ရန်သာ သူ့ အတွက် အရေးကြီး နေခဲ့သည် ။ သူ အားမနာစတမ်း ညည်းနေ မိသည် ။

“အဆင်မပြေလို့ပါ ခတ္တာညိုရယ် ။ နင့်ကို ယူလိုက်ရင် ငါ့အသိုင်းအဝိုင်းမှာ ငါ့ပတ်ဝန်းကျင်မှာ ငါ ဘယ်လိုမျက်နှာ ပြရမလဲ ။ ဒီပြဿနာကို တခြားနည်းနဲ့ ဖြေရှင်းကြရအောင် ခတ္တာညို ရယ် ”

သူ့အသံသည် တောင်းပန် တိုးလျှိုးနေသလောက် သူမ ၏ တုံ့ပြန်သံကတော့ ပြတ် သားလှသည် ။

“ ရှင်က လွဲလို့ ကျန်တာ မလိုချင်ဘူး ။ ဒီပြဿနာမှာ အဓိက ကျတာက ရှင်ပဲလေ ။ ရှင် ရှာထားတဲ့ ပြဿနာကို ရှင်ကိုယ်တိုင် အဖြေရှာပေး ရမယ် ။ ညိုက မိန်းမတစ် ယောက်ပါ ။ မိခင်စိတ် အပြည့် ရှိတယ် ။ ကံကောင်းလို့ပဲ ဖြစ်ဖြစ် ၊ ကံဆိုးမိုးမှောင်ကျလို့ ရလာတာပဲ ဖြစ်ဖြစ် ဒီကိုယ်ဝန်ကို ညို ဖျက်မချနိုင်ဘူး ။ ညို ရအောင် မွေးမယ် ။ ဒါပေမဲ့ ရှင် ညို့ကိုတော့ ယူမှ ဖြစ်မယ် ။ မဟုတ်ရင်တော့ ... ”

ကဗျာဆရာ တိုက်ပွဲ တစ်ခုလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဖူးသော စစ်ပွဲ တစ်ခုမှာ အလူးအလဲ ကျရှုံးခဲ့ ရသည် ။ တောင်းပန်သည် ။ မရ ။ အပြစ်တင်သည် ။ မရ ။ ဒေါသထွက်ပြသည် ။ မရ ။ တခြား နည်းလမ်းတွေ ပြောပြသည် ။ မရ ။ ခတ္တာညို အတွက် အဖြေသည် သူကိုယ်တိုင် ဖြစ်နေတော့ သူ ကိုယ်ကျိုးနည်းစွာ ခတ္တာညိုကို လက်ထပ်ခဲ့ရသည် ။ ထိုအချိန်မှ စ၍ ခတ္တာညို သည် တိရစ္ဆာန် တစ်ကောင်လို့ သူ သတ်မှတ်ခဲ့သည် ။

••••• ••••• •••••

၃ ။

အခုတော့ ကဗျာဆရာ၏ လောကကြီးသည် အလင်း ရောင်တို့ ကင်းမဲ့သွားခဲ့သည် ။ အလင်းပျောက်နေသူ တစ် ယောက်ဖြစ်ခဲ့ပြီ ။ ကဗျာဆရာ့ အတွက် တစ်ခုတည်းသော အဖော်မှာ ယစ်ရွှေရည် ဖြစ်ခဲ့သည် ။ ကဗျာဆရာသည် အပေါင်းအသင်းတွေကိုရော ၊ လောကကြီးကိုပါ မကြည့်ရဲတော့ ။ အချိန်တိုင်း ခေါင်း ငိုက်စိုက်ချတတ်လာသည် ။ ကဗျာဆရာ နားတွေသည် အရာရာကို မကြားရဲတော့ ။ ကေတီဗွီက မိန်းကလေးတစ် ယောက်က ထောင်ဖမ်းလိုက်တာတဲ့ ဆိုသော အသံတွေနှင့် ဝေးရာသို့ ပြေးခဲ့သည် ။နေ့တွေညတွေသည် ကဗျာဆရာ အတွက် အဓိပ္ပာယ် မဲ့လာခဲ့သည် ။ အသိုင်းအဝိုင်းက စွန့် ခွာသည် ။ ကဗျာတွေက လည်း စွန့်ခွာသည် ။ မိသားစုက စွန့်ပစ်မှုကို ခံစားရသည် ။ ကဗျာဆရာ အတွက် တစ်ခုတည်းသာ ကျန်ရစ်ခဲ့သည် ။ ထိုတစ်ခုကလည်း ကဗျာဆရာ လုံးဝ မလိုလားသာ အရာတစ်ခု ။

အိမ်ထောင်ကျပြီး နောက်ပိုင်းတွင် ကဗျာဆရာသည် လူဆိုးတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည် ။ နူးညံ့သိမ်မွေ့မှုတို့သည် ကဗျာဆရာ ဆီမှ ပြေးထွက် သွားလေပြီ ။ ထိုအစား ရုန့်ရင်းကြမ်းတမ်းသော စကားလုံးတို့က အစားထိုး ဝင်ရောက်လာသည် ။ အရင်တုန်းအခါက အလွမ်းအဆွေးသံ ပါသော စာသားတို့သည် လေနှင့်အတူ မျောလွင့်သွားသော တိမ်တိုက်တွေပမာ ကဗျာဆရာ၏ ရင်ခွင်ထက်မှ ပျောက်ကွယ်သွားကြလေပြီ ။ ယခုတော့ ကဗျာဆရာ့ ထံပါးမှာ ဒေါသသံပါသော နာကျင်မှုတို့ ပါသော စာသားတို့သာ ကျန်နေတော့သည် ။

ကဗျာဆရာ ဆုံးဖြတ်ချက် တစ်ခု ချထားသည် ။ သူ့ကြောင့် ခတ္တာညိုသည် ဘယ်သော အခါမှ မပျော်ရွှင်စေရ ။

••••• ••••• •••••

၄ ။

“ နင် ငါ့ကို ဘာဖြစ်လို့ ရွေးချယ်လိုက်တာလဲ ခတ္တာညို ။ ကလေးရှိရုံ သက်သက် နဲ့တော့ နင် ငါ့ကို လက်ထပ်မှာ မဟုတ်တာတော့ အမှန်ပဲ ။ ပြောစမ်းပါဦး ။ နင် ငါ့ကို ဘာ အသုံးချချင်လို့ လက်ထပ်တာလဲ ။ လှည်းကျိုး ထမ်းခိုင်းချင်တာလား ။ ဒီကလေးက ကော ငါနဲ့ ရတာ အမှန်ပဲလား ”

ရက်စက်သော စကား ။ ဒါမှမဟုတ် ရက်စက်သော မေးခွန်းလို့တော့ ကဗျာဆရာ မထင် ။ တကယ်လို့ ရက်စက်ဦးတော့ကော ခတ္တာညို လို မိန်းမတစ်ယောက် အတွက်တော့ ထိုက်တန်သော မေးခွန်းတို့ပင် ဖြစ်လိမ့်မည်ဟု ကဗျာဆရာ ထင်သည် ။ ဒါပေမဲ့ ခတ္တာညို ကတော့ သူထင်သလို မဟုတ် ။ သူ့မေးခွန်း အတွက် အဖြေတို့ကို အေးဆေးတည်ငြိမ်စွာ ပြန်လည် ဖြေကြားနိုင်ခဲ့သည် ။ ခတ္တာညိုသည်လည်း ခေသူ တစ်ယောက် မဟုတ်မှန်း ကိုတော့ ကဗျာဆရာ သိသည် ။

“ ဒီမှာ ကဗျာဆရာ ။ ရှင့်ကိုယ် ရှင် သိပ်ကြီးလည်း အထင်ကြီး မနေပါနဲ့ ။ ရှင့်ကို ချစ်လို့ ၊ မြတ်နိုးလွန်းလို့လည်း မဟုတ်ဘူး ။ ရှင့် ပိုင်ဆိုင်မှုတွေကို မက်မောလို့လို့ ပြောရအောင်လည်း ရှင်က စကားလုံးတွေက လွဲပြီး တခြား ပိုင်ဆိုင်မှု ဆိုလို့ ဘာမှရှိတာမှ မဟုတ်တာ ။ ရှင့်ကို ရွေးချယ်လိုက်တာက ညို့ဘဝ လုံခြုံမှု အတွက် ။ ပြီးတော့ ညို လိုချင်တဲ့ မိသားစုဘဝ တစ်ခု အတွက် ။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး ။ ခါးမှာ ဝတ်ထားတဲ့ ပုဆိုးတောင် အရောင် ထွက်ရဲ့လားလို့ ။ ရှင် ညို့ကို ယူလိုက်လို့ ဆုံးရှုံးစရာ ဘာမှ ရှိတာမှ မဟုတ်တာ ။ ရှင် ပြောတဲ့ ဂုဏ်သိက္ခာ ဆိုတာတွေက တကယ်တမ်းတော့ ရှင့်ဘာသာ ယုံကြည်ထားတာပါ ။ ရှင် ထင်သလောက်လည်း ရှင် ပိုင်ဆိုင်နေတာမှ မဟုတ်တာ ”

ဒီတစ်ခါ ခံလိုက်ရသူက ကဗျာဆရာ ကိုယ်တိုင်ပင် ။ အခါတိုင်း ကဗျာဆရာ့ စကားတို့ကို ပြန်မဖြေတတ်သော ခတ္တာညို က အခုတော့ ပြန်လည် ပြောလေပြီ ။ ခတ္တာညို စကားတို့ကို စိတ်နာမိသော်လည်း အမှန်တရားတစ်ခု ပေမို့ သည်းညည်းခံရသည် ။ ဒါပေမဲ့ ကဗျာဆရာ သိချင်စိတ် ပြင်းပြနေတာ တစ်ခု တော့ ရှိသည် ။ အထင်မကြီးဘူး ဆိုသော ခတ္တာညိုက ဘာကြောင့်များ သူ့ကို အိမ်ထောင်ဖက် အဖြစ် ရွေးချယ်သည် ဆိုတာကိုတော့ ကဗျာဆရာ သိချင်သည် ။ ပြီးတော့ ညို လိုချင်သော မိသားစုဘဝ တစ်ခု အတွက်တဲ့ ။

“ ဆိုပါဦး မင်းသမီးရဲ့ ။ နင်ပြောသလို ငါ့မှာ ခြူးတပြားမှ ချမ်းသာတာလည်း မဟုတ် ။ ဂုဏ်သိက္ခာလည်း ပြောပလောက်အောင်တောင် မရှိဘူး ဆိုတော့ နင်က တခြား ဘာများ တွေးမိလို့လဲ ”

ခတ္တာညို၏ မျက်ဝန်းတို့သည် မှေးမှိန်သွားသည် ။ အဖြေသည် ချက်ချင်းပြန် မလာ ။ အဝေးသို့သာ ငေးကြည့်နေသည် ။ ကြည့်သာ ကြည့်နေသည် ။ ဘာကိုမှ မြင်သည့် ပုံစံမျိုးနှင့် ။

“ ယောက်ျား တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ဆိုတာကို ခဏ ဘေးဖယ်ထားပြီး ညို့စကားတွေကို နားထောင်ပေးပါ ။ ညို့မှာ ဘယ်သူ့ကိုမှ ပြောမပြဖြစ်ဘူးတာတွေ ရှိ တယ် ။ ညို့ အဖေ ဆိုတာ မမြင်ခဲ့ဖူးဘူး ။ အမေ ဆိုတာလည်း နောက်အိမ်ထောင်နဲ့ ။ ညို့ကို အချိန်တိုင်း ဂရုစိုက်နိုင်ခဲ့တာ မဟုတ်ဘူး ။ မိသားစု တစ်ခုရဲ့ တန်ဖိုး ၊ နွေးထွေးမှု ၊ သာယာချမ်းမြေ့မှု ဆိုတာတွေ ညို မရင်းနှီးခဲ့ဖူးဘူး ။ ညို မိသားစုဘဝ ဆိုတာကို တမ်းတတယ် ။ မက်မော တယ် ။ ရယူချင်တယ် ။ ပိုင် ဆိုင်ချင်တယ် ။ မတတ်သာလို့ ဒီလောကထဲ ရောက်လာခဲ့ရတာ ။ ညို လိုချင်တဲ့ ဘဝတစ်ခုတော့ မဟုတ်ခဲ့ဘူး ကဗျာဆရာ ။ ညို လိုချင်တဲ့ မိသားစု ဘဝကို ညိုကိုယ်တိုင် ဖန်တီးချင်ခဲ့တယ် ။ ညို ရအောင် တည်ဆောက်မယ် လို့လည်း သန္နိဋ္ဌာန် ချထားတယ် ။ ဒီအချိန်မှာ ရှင်က ညို့ အတွက်တော့ ထွက်ပေါက် တစ်ခု ဖြစ်လာခဲ့တယ် ”

အစပိုင်းက ခတ္တာညို မျက်နှာမှာ ခံပြင်းရိပ်တို့ တည်သည် ။ နောက် နာကျင်မှုတို့ တည်သည် ။ နောက် စကားပြောရင်းနှင့် တည်ငြိမ်မှုတို့ကို မြင်လာရသည် ။ မာနမျက်နှာကို တွေ့ရသည် ။ တွေဝေ ငေးမောမှုတို့ကို မမြင်ရ ။ ထိုအစား လိုချင်တာကို မဖြစ်မနေ လုပ်မည့် ပြတ်သားသော အသွင်သဏ္ဌာန်တို့ကို တွေ့ မြင်ရသည် ။ နောက်ဆုံးတော့ ခတ္တာညို ငိုလေသည် ။

အခါတိုင်း သူ ဘယ်လောက် ဒေါသကြီးကြီး ၊ ရန်လုပ်လုပ် ဘာတစ်ခုမှ ပြန်မပြောခဲ့ ။ ဖက်ရန်လည်း မပြုခဲ့ ။ အခုတော့ ကဗျာဆရာ့၏ ဒေါသသံတွေ အောက်မှာ ခတ္တာညို ရင်ထဲမှာ ဘယ်သော အခါတုန်းက မျိုသိပ်ထားသည် မသိရသော ခံစားချက်တို့ ပေါက်ကွဲထွက်လာသည် ။ ခတ္တာညို ငိုတာကို သူ မြင်ခဲ့ဖူးပေါင်း များပြီ ။ ဘယ်သော အခါကမှ အသံထွက် မငို ။ အံကြိတ်ငိုတာသာ မြင်ဖူးသည် ။ ဒါပေမဲ့ ဒီတစ်ခါတော့ အရင်လို မဟုတ် ။ အနှစ်နှစ် အလလ ထမ်းပိုး ထားရသော အထုပ် တစ်ခုကို ဖြေပြသလို သူမ ပြောချင်တာတွေကို တစ်ခုပြီးတစ်ခု ရေရွတ်ရင်း အားပါးတရ ငိုနေသည် ။ မမြင်ဖူးသော မြင်ကွင်းမို့ ကဗျာဆရာ မှင်တက်နေမိတာတော့ အမှန် ။

“ ယောက်ျားတစ်ယောက်ဟာ အသုံးချခံ ပစ္စည်းမဟုတ် သလိုဘဲ မိန်းမတစ်ယောက်ဟာ အသုံးချခံ ပစ္စည်း မဟုတ်ပါဘူး ။ လူ တိုင်းမှာ ဘဝ တစ်ခုစီတော့ ရှိကြတာပါပဲ ။ အဲဒီ ဘဝကို တိုးတက်အောင် ဖန်တီးပိုင်ခွင့်လည်း ရှိကြတာပါပဲ ။ ညို တက္ကသိုလ်ကို ဒုတိယနှစ်ထိ တက်ခဲ့ဖူးတယ် ။ နောက်ပိုင်း အဆင်မပြေလို့ ထွက်လိုက်တာ ။ ဒီလောကထဲကို ရောက်လာပေမဲ့ ညို့ စိတ်တွေကတော့ ဘယ်တုန်း အခါကမှ အိပ်မောကျ မနေခဲ့ဘူး ။ ညို လိုချင်တဲ့ မိသားစုအိပ်မက် ကိုတော့ မက်မက်မောမော တွယ်မက် နေတုန်းပဲ ။ ညို အချစ်ဆိုတာကို မသိဘူး ။ ယုံလည်း မယုံကြည်တတ်ဘူး ။ ရှင့်ကို ရွေးချယ်တယ် ဆိုတာကလည်း အချစ် ဆိုတာ ထက် ယုံကြည်အားကိုးမှုက ပိုလို့ ရွေးချယ်ခဲ့တာ ။ ရှင်က ကဗျာသမား ။ စိတ်ကူးတွေ ထဲမှာပဲ ကျင်လည်နေတဲ့သူ ။ သူများ စိတ်ကို နာကျင်အောင် ဘယ်တော့မှ လုပ်တတ်မှာတော့ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ် ။ ဒါပေမဲ့ ညို ထင်တာတွေ မှားခဲ့တယ် ”

“ ညိုက အကြောင်းမလှလို့ ဒီလောကထဲ ရောက်နေပေမဲ့ ကိုယ့်ကိုယ်ကို ဘယ်တုန်းကမှ သစ္စာမဖောက်ဖူးဘူး ။ ဘယ်ယောက်ျားကိုမှ ညို့ဘဝကို ထိုးမအပ်ခဲ့ဖူးဘူး ။ ရှင်ကတော့ အတ္တသမား တစ်ယောက်ပဲ ။ ကိုယ့်ကိုယ်ကို ထက် ဘယ်အရာကိုမှ ပို မချစ်တတ်ဘူး ။ နောက်ဆုံး ရှင် ရေးတဲ့ ကဗျာတွေကိုတောင် ရှင့် လောက် မချစ် ဘူး ။ ညို့ကို ယူလိုက်ရရုံ သက်သက်နဲ့ ကဗျာတွေကို တောင် မေ့ထားခဲ့တယ် ။ ကိုယ့်ကဗျာတွေကို သစ္စာ ဖောက်ခဲ့တယ် ”

ကဗျာဆရာ တွေဝေရသည် ။ ခတ္တာညိုသည် သူ ထင်သလို မိန်းကလေးတော့ မဟုတ်ပြန် ။ သူမ မှာ အကြံရှိသည် ။ မက်ချင်နေသော အိပ်မက်တွေ ရှိသည် ။ ဒါပေမဲ့ သူ ဘာလုပ်ရမည်နည်း ။ ခတ္တာညို မျှော်လင့် သလို ယောက်ျား တစ်ယောက် အဖြစ်နှင့် သူ နေနိုင်မည်လား ။ လက်ခံနိုင်မည်လား ။ တစ်ခါမှတောင် မစဉ်းစားဖူးသော အကြောင်းတွေ ။ ခတ္တာညို မျှော်လင့်သော မိသားစုဘဝ တစ်ခုတော့ ဟုတ်ပါရဲ့ ။ အိမ် ထောင်ဦးစီး တစ်ယောက်၏ တာဝန်တွေကိုကော သူက ကျေပွန်နိုင်ပါ့မလား ။ ကဗျာဆရာ စိတ်ရှုပ်ရှုပ်နှင့် သောက်နေကျ ဆိုင်ဆီသို့ ထွက်လာခဲ့သည် ။

••••• ••••• •••••

၅ ။

ဆိုင်ကို ရောက်တော့ စောသေး၍ လူရှင်းနေသည် ။ သူ့ကို မြင်တော့ ဆိုင်ရှင်က စောလှပါလားဟု ဆိုသည် ။ ဆိုင်ရှင့် လက်ထဲမှာ အခါတိုင်း ကဗျာဆရာ သတိမထားမိခဲ့သော ကလေးတစ်ယောက်ကို ပွေ့ချီထားသည် ။

“ မြလေးရေ ၊ ဒီမှာ ဧည့်သည် ရောက်နေလို့ ကလေး လာခေါ်ပါဦး ”

“ လာပြီ တော်ရေ့ ၊ ခဏလေး ဒီမှာ ထမင်းအိုးလေး တူးသွားမှာ စိုးလို့ ”

“  သိပ် နေမကောင်းနေလို့ လက်ပေါ်ကကို ချလို့ မရဘူး ။ မွေးကတည်းက ချူချာလိုက်တဲ့ ကလေးဗျာ ။ ကောင်းတယ်လို့ကို မရှိဘူး ။ ကိုယ့်သွေးသား ဆိုတော့လည်း ဂရုမစိုက်လို့ ကလည်း မဖြစ် ။ ခက်တယ်ဗျာ ”

ရယ်ရယ်မောမောနှင့် ပြောနေသော ဆိုင်ရှင့်စကား တို့သည် ကဗျာဆရာ့ နားသို့ ဝင်လိုက် မဝင်လိုက်နှင့် ။

ကဗျာဆရာမှာ အဖေ ရှိသည် ။ အမေ ရှိသည် ။ ဒါပေမဲ့ အဖေရော အမေရော က နောက်အိမ်ထောင် အသီး သီးနှင့် ။ သဘောထားချင်း မတိုက်ဆိုင်ကြတာလား ၊ အကြောင်း မညီညွတ်တာ လားတော့ ကဗျာဆရာ ကိုယ်တိုင်တောင် မသိ ။ သူ သိသည်ကတော့ သူလည်း မြေစာမြက် တစ်ပင် ။ အဘိုး ၊ အဘွားတွေ၏ ရင်ခွင်ရိပ် အောက်မှာ ဘယ်တော့မှ မရခဲ့ဖူးသော မိဘမေတ္တာ ဆိုတာကို မေ့ထားခဲ့ရသည် ။ ယခု ခတ္တာညို ပြောပြတော့မှ မိသားစု ဆိုတာကို သူ တွေးမိသည် ။ ခတ္တာညိုထက် စာလျှင်တော သူ နည်းနည်းတော့ ညံ့ခဲ့သည် ။

ဒီတစ်ခါ သောက်ရတာ အခါတိုင်းလောက် အရသာ မရှိသလို ခံစားရသည် ။ ဒေါသတွေ အစား အတွေး တွေက နေရာယူနေသလို ။ သူ ဘာကို ရွေးချယ်ရမည်နည်း ။ သူ မစဉ်းစားတတ် ။ တွေးရင်း တွေးရင်းဖြင့် ခေါင်းတွေ ပူလာသည် ။ အာခေါင်တွေ ခြောက်လာသည် ။ မထူးပါဘူး ဆိုသော အတွေးဖြင့် ဆက်ကာဆက်ကာ သောက်မိသည် ။ လူကသာ မူးလာသော်လည်း အတွေးတွေက ပျောက်မသွား ။

ထိုနေ့ညက လူမသိ သူမသိ လောက်အောင် မူးလာသည့် ကဗျာဆရာသည် အခါတိုင်းလို ခတ္တာညို ကို ဆဲဆူနေတာမျိုး ၊ ဆူပူအော်ဟစ် သောင်းကျန်းနေတာမျိုးလည်း မရှိ ။ ထိုအစား ကဗျာဆရာ့ နှုတ်မှ မိသားစု  ၊ မိသားစု ဆိုသော စကား တစ်လုံးကိုသာ မဆုံးနိုင်သော တေးတစ်ပုဒ်လို ထပ်ပြန် တလဲလဲ ရေရွတ်နေခဲ့သည် ။

••••• ••••• •••••

၆ ။

နောက်နေ့မနက် ခတ္တာညို ကို မြို့ထဲ လိုက်ခဲ့ဖို့ ခေါ် တော့ အံ့သြသွားတာကို မြင်ရသည် ။ အခါတိုင်း ခေါ်ဖို့ ဝေးစွ ၊ သူကိုယ်တိုင်ပင် မသွားသလောက်ပင်  ။ မယုံနိုင်သလို ငေးကြည့်နေသော ခတ္တာညိုက ဘာဘာညာညာ မေးမနေတော့ဘဲ သူ ခေါ်ရာ နောက်သို့ လိုက်လာခဲ့သည် ။ ဘတ်စ်ကားပေါ်မှ အဆင်းတွင် ရေးဖော်ရေးဖက် စာရေးဆရာ တစ်ယောက်နှင့် တွေ့သည် ။ သူ့ကို နှုတ်ဆက်ရင်းမှ ခတ္တာညို့ကို အကဲခတ် သလို ကြည့်နေသည် ။

“ ဒါက ကျွန်တော့် မိန်းမလေ ” ဆိုတော့ အံ့အားသင့် သလို ကြည့်နေပြီး ဟိုတစ်ယောက်လား မေးသည် ။ ခတ္တာညို ကတော့ အနေရ ခက်သလို မျက်နှာကို အောက်သို့ ငုံ့ထားသည် ။

“ ဟုတ်တယ်လေ ။ အရင်တုန်းကတော့ ကေတီဗွီမှာ အလုပ် လုပ်တယ် ။ အခု ကျွန်တော်နဲ့ ယူပြီးမှ မလုပ် တော့ဘူး ။ ကျွန်တော် ကယ်တင်လာတာလေ သူ့ကို ။ အခု မြို့ထဲက ကျွန်တော့် အသိ ဆရာဝန် တစ်ယောက်ဆီ သွားပြီး ဗိုက်သွားအပ်မလို့ ”

ရယ်ရယ်မောမောနှင့် ပြောနေသော သူ့စကားသံ ဆုံးတော့ ခတ္တာညို မျက်နှာက အပေါ် မော့လာသည် ။ မယုံကြည်နိုင်သော အကြည့်တွေ ၊ အံ့အားသင့်နေသော မျက်ဝန်းတွေနဲ့ ။ မိတ်ဆွေ စာရေးဆရာက ခဏတော့ ယောင်အမ်းအမ်း ဖြစ်သွားသည် ။ ပြီးတော့မှ ဂုဏ်ယူပါတယ်ဗျာ ဟု တစ်ခွန်းသာ ဆိုသည် ။ သူကတော့ ခတ္တာညို လက်ကို ဆွဲ၍ ထွက်လာခဲ့သည် ။

ဒီနေ့ မဂ္ဂဇင်းတိုက်တွေကို သွားမည် ။ စာမူခတွေကို ထုတ်မည် ။ ပြီးတော့ ဆရာဝန်နှင့် ခတ္တာညိုကို ဗိုက်အပ်ပေးမည် ။ ညက တစ်ညလုံး စဉ်းစားခဲ့သမျှ အတွေးကို ဒီနေ့ ခတ္တာညိုကို ပြောပြရဦး မည် ။ သူလည်း မိသားစုဆိုတာကို မမြင်ဖူးခဲ့ကြောင်း ၊ မိသားစုတစ်ခု၏ နွေးထွေးမှုကို ကိုယ်တိုင် တမ်းတဖူးကြောင်း ၊ အခု ခတ္တာညိုနှင့် အတူ ကိုယ်ပိုင် မိသားစုဘဝ တစ်ခုကို ထူထောင်ချင် ကြောင်း ပြောပြရဦးမည် ။

ပြီးတော့ အချစ်ကို မယုံ ကြည်သော ခတ္တာညို အတွက်လည်း အချစ်၏ လျှို့ဝှက် ဆန်းကြယ်မှုများ အကြောင်း ၊ နက်နဲသိမ်မွေ့မှု သဘောတရားများအကြောင်းကို ကိုယ်တိုင် ကိုယ်ကျ နားလည်လာအောင် သင်ပေးရဦးမည် ။ နောက်ထပ် မည်သည့် အကြောင်းကြောင့်နှင့်မျှ ခတ္တာညို ကိုရော ၊ ကဗျာတွေ ကိုပါ သစ္စာမဖောက်တော့ပါ ဆိုသော ကတိကိုလည်း ခတ္တာညို့အတွက် ပေးရဦးမည် ။ ကိုယ့်အတွေးနှင့် ကိုယ် ကျေနပ်စွာ မော့ကြည့်လိုက်တော့ ခေါင်းထက်မှာ နေမင်းကို တွေ့သည် ။ ကဗျာဆရာ ကတော့ နေမင်းက ပေးသော အပူဒဏ်ကို မမြင် ၊ ထိုအစား အလင်းရောင် ကိုသာ မြင်မိသည် ။

⎕ ဇေဦးယျာ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၄ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment