Wednesday, April 22, 2026

ငယ်ကချစ်

 

❝ ငယ်ကချစ် ❞ 
    ( ပီမိုးနင်း )

ဦးလောကသည် မြစ်ကူးတို့ဆိပ်၌ ရပ်ကာ တစ်ဖက်ကမ်းကို ရှုမျှော်၍ နေလေ၏ ။ သို့ရှုမျှော်၍ နေစဉ် တစ်ဖက်ကမ်း၌ မြင်ရသော အဆောက်အအုံများသည် နှင်းမြူတွေ ဖုံးသလို ဖုံးအုပ်ပျောက်ကွယ်၍ သွားလေ၏ ။

ထို့နောက် စိမ်းစိုသော သစ်ပင်များနှင့် ကိုင်းတောကြီးများသည် လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်ခန့် အခါမှာ မြင်ခဲ့ရသည်နှင့် မခြား ၊ ထင်ရှားပေါ်ပေါက်၍ လာလေ၏ ။

အနိစ္စ ၊ အနိစ္စ ၊ အနိစ္စာဝတ သင်္ခါရာ ဟူသော တရားကို ဆင်ခြင်လျက် တောင်ဝှေးကို အားပြု၍ မှီကာ ပုတီးကို စိပ်ရင်း မှေးမှိန်သော မျက်လုံးများမှာ မှိုင်းဝေ၍ လာလေသတည်း ။

ဦးလောကသည် သက်တော် ၇ဝ ခန့် နီးသော်လည်း စာပေများမှာ မတတ် ။ ပရိယတ်ကို မလိုက်စားနိုင် ။ အချစ်ဆိုတဲ့ ပင်လယ်၌ သင်္ဘောပျက်ကာ လွင့်ပါပြီး သာသနာ့ဘောင်သို့ ရောက်ခဲ့သဖြင့် စာပေကျမ်းဂန် အစား တရားကိုသာ အားထုတ်ခဲ့ရရှာလေ၏ ။

ထိုနေရာသို့ နောက်ဆုံး ရောက်ခဲ့သည်မှာ နှစ်ပေါင်း လေးဆယ် ကျော်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ ပြန်၍ မရောက် ။ ယခု ပြန်၍ ရောက်လာသော အခါ၌ကား ဟိုရှေးအခါက မြင်ခဲ့ရသော အခြေအနေ မဟုတ်တော့ပေ ။ အချိန်တည်း ဟူသော လက်သည် ကြီးကျယ်သော ပြောင်းလဲခြင်းကို ပြုခဲ့လေ၏ ။

ဟိုစဉ်အခါက ဤဘက်မှ ဟိုဘက်သို့ ဤလရာသီ ဤအချိန်မျိုးမှာ လှေငယ်ကလေးကို ကိုယ်တိုင် လှော်၍ ကူးခဲ့ရ၏ ။ ထိုအခါ၌ လှေဦးမှာ မိမိဘက်ကို လှည့်ကာ ထိုင်လျက် ကြည်လင်တောက်ပ ချစ်ဖွယ်ရာ ကောင်းလှသော အမူအရာ သာယာသော အသံစကား ပြုံးရွှင်နှုတ်ခမ်းကလေးများ အကြည်လုံး ဆိုက်နေသော မျက်နှာထားနှင့် အားပေးသော မျက်နှာ တစ်ခုသည် ကွင်းကွင်းကွက်ကွက် ထင်ပေါ်၍ လာလေသတည်း ။

မိုက်တုန်း ၊ ရူးတုန်း ၊ ချစ်တုန်း ၊ ပျော်တုန်းအရွယ် ဖြစ်ခဲ့လေရာ ယခုကဲ့သို့ သွေ့ခြောက်အိုမင်း ၊ ရှုံ့တွခြင်း အဖြစ်မျိုးကို အနည်းငယ်မျှ မတွေးမခေါ် မမြော်မမြင် ထင်သလို ပျော်ရွှင်ခဲ့ရသောအခါ ဖြစ်ခဲ့လေ၏ ။

ဟိုဘက်ကမ်း ကိုင်းတောကြီး၌ တဲကလေးနှင့် မြစ်ရေစပ်သို့ ဆင်းသော လမ်းကြောင်းကွေ့ကွေ့ကောက်ကလေးသည် တရေးရေး ထင်ပေါ်၍ လာလေ၏ ။

မိုးသက်လေတို့သည် အနောက်တောင်ဘက်မှ ထောင်တန်းတက်လျက် လှိုင်းကြက်ခွပ်တို့သည် လှေကလေးကို အတင်းဗလက္ကာရ ဝှေ့ယမ်း၍ ကစားကြလေရာ လှေဦး၌ ရှိသော မျက်နှာမှာ လင်းရာမှ မိုးတိမ်ပမာ ။ မင်ညိုသန်းလျက် ။ ကိုဘိုးဖေရဲ့ မြန်မြန်လှော်ပါ ။ ကြောက်လှချည်ရဲ့ ကျွန်မတို့ တဲကလေးကို ရောက်မှ ရောက်ပါဦးမလားဟု ကြောက်ရွံ့စွာပြောသော အသံကလေးကို ကြားယောင်ယောင် ရှိလေ၏ ။

ထိုအခါသည်ကား ဝေးခဲ့ချေပြီ ။ လွန်ခဲ့ချေပြီ ။ ပျောက်ခဲ့ချေပြီ ။ နှစ်ပေါင်း လေးဆယ်ကျော် အခါ ကာလသည် ထိုထို အခါ သမယ၌ ရှိခဲ့သမျှသော အခြေအနေတို့ကို သင်ပုန်း၌ ရွေးချယ်ပြီး ချေဖျက်သလို ဖျက်ခဲ့လေ၏ ။

ဤလောကကြီး၌ ဖြစ်ပျက်တွေ့ကြုံရသော အခြေအနေတို့သည် ဤယခု ကောင်းကင်၌ မြင်ရသော တိမ်ရုပ် ၊ တိမ်သဏ္ဌာန်တို့နှင့် တူလှလေ၏တကား ။ အချိန်သည် မညှာမတာ ။ ထိုသဏ္ဌာန်တို့ကို ရိုက်နှက် ဖြိုဖျက်လွင့်စဉ်အောင် နှင်သော လေနှင့် တူလှပေသည်တကား ။ အနိစ္စ အနိစ္စ အမြဲ မရှိပါတကား ။

ဤလောက လူတို့၏ တိုတောင်းသော ဘဝမှာ ဘဝပေါင်းများစွာ ပြောင်းလဲခြင်းတွေ ဖြစ်ခဲ့ရပေသည် ။ ထိုအခါ သမယ၌ တောင့်တင်း မာကျောလျက် ။ လှော်တက်ကို စက်ကုန် နှင်ခဲ့၍ ဟိုဘက်ရေစပ်မှ ကိုင်းတောလမ်းကလေး တစ်လျှောက် ကမ်းထိပ်ရှိ တဲကလေးသို့ ရောက်အောင် မယ်အိုကို ပွေ့ချီကာ တင်ဆောင်ခဲ့သော ငါ၏ လက်မောင်းတို့သည် ယခုအခါ ဇရာဖိထောင်း အချိန် ညောင်းသဖြင့် ပျောင်းပျော့ယိုယွင်း အိုမင်းခြောက်ကပ် ပါးလှပ် လှုပ်ရှား ပျားစလက်များလို ပြားပိန်၍ လာကြလေပြီ ။ မယ်အို ဆိုတဲ့ သူ့ခမျာမှာ ယခုနှယ်အခါ ဘယ်ရပ် ၊ ဘယ်ရွာ ၊ ဘယ်ဆီမှာဟု ရှိပါလေလား ၊ လွန်လေလား ငါကား မသိ ။ ထင်ရုံသာ ထင်ရ၍ မြင်ရပုံ မရှိ ။ တွေ့ဖို့ရန် ဝေးလှပေတော့၏ တကား ။ အနိစ္စ - အနိစ္စ ။

ဟိုစဉ် သမယတွေ့ တုန်းခါက ကွေကွင်းကြ၍ ဝေးရမည့်တာ ဤခေတ်ခါကို ဘယ်မှာ မြင်မိ ၊ တွေးမကြည့် ကြုံမည့် မထင် ၊ မြဲအစဉ် ပျော်ရွှင်လျက်သာ နေဖို့ရာကို မျှော်ကာကြည်နူး စိတ်ဝယ်မြူး ထူးသည့် အခြေ ။ ဤလူ့မြေ နတ်ပြည်ပေလား ၊ မှတ်ထင်မှား ၊ ကိုးစားယုံကြည် ၊ အချစ်ကို အတည် ထင်လျက် အတည်ပင် စွဲမက်ခဲ့လေသည် ။ ဘယ်ဆီရခါ အတွေ့နှင့် ပျော်သမျှတွေဟာ အတွေ့၌ မရှည်ကြာ ၊ ဘယ်ဆီမှာ ပျော်ကြာ၍ ဘယ်နေရာ ရောက်ကြပါကုန်သနည်း ။ အနိစ္စ ၊ အနိစ္စ ၊ အနိစ္စ ။

စသည်ဖြင့် ဦးလောကသည် ဘဝတစ်ပါး၌ တွေ့ကြုံ ဖြစ်ပျက်ခဲ့ရသည့် အကြောင်းအရာတို့ကို ပြန်၍ ထင်မြင်သည့် အလား ။ မြစ်တစ်ဖက်ကမ်း၌ မရှိသော ကိုင်းတောနှင့် မရှိသောလမ်း ၊ မရှိသော တဲကလေးကို ထင်မြင်၍ နေလေ၏ ။

သို့ထင်မြင်ရာ ညနေချမ်းချိန် အခါမို့ ဆူညံစွာ ရေသို့ ဆင်းကြသည့် ယောက်ျားမိန်းမတို့၏ အသံများကို ကြားရသောအခါ အိပ်မက်မှ နိုးသည့်အလား မြစ် တစ်ဖက်ကမ်း၌ တကယ် ရှိနေသော အိမ်ခြေရာခြေ အဆောက်အဦတို့နှင့် မြူးရွှင်စွာ မီးခိုးတို့ကို ကောင်းကင်သို့ လွှတ်လျက်နေသော စပါးစက်ကြီးများကို မြင်ရရှာလေတော့သတည်း ။

ဦးလောကသည် လူ့ဘဝ၌ အချစ် ဆိုသည့် နှလုံးရောဂါကို တစ်ခါသာ ရဖူးလျက် ထိုရောဂါမှာ အဘယ်အခါမှ ရှင်းရှင်း မပျောက် ။ မအို၏ မိဘများက အထင်လွဲပြီး သမီးနှင့် သမက်ကို ချစ်တုန်း ကြင်နာတုန်းမှာ ဖြုန်းခနဲ ခွဲလိုက်ရာ သုံးမိုးတိတိ မအိုနှင့် ပြန်၍ တွေ့ ရနိုးနိုး မျှော်ကိုးလျက် ။ မအို၏ မိဘများ ရွာမှ မခွာဘဲ ကိုင်း အလုပ်ကို လုပ်ခဲ့လေ၏ ။ သို့လုပ်ရာတွင် မအိုကို တစ်ခါ တစ်ခါ မြင်ရုံသာ မြင်ရ၍ မတွေ့ရဘဲ နေလေရာ နောက်ဆုံး၌ လုံးလုံးကြီး စိတ်ကို လျှော့ကာ အောက် အရပ်ဒေသသို့ လွင့်ပါးခဲ့ပြီးလျှင် ပျောက်အောင် ကုသရန် ဆေး မတွေ့သော ဤနှလုံးရောဂါမှ သက်သာရာရစေဟု သာသနာ့ဘောင် ဝင်ခဲ့ပြီးနောက် နှစ်ပေါင်းများစွာ တရားကို အားထုတ်ခဲ့သဖြင့် ထိုဝေဒနာမှ သက်သာရာ တစ်မျိုး ရခဲ့လေ၏ ။

သို့ဖြစ်လေရာ ထိုနေရာသို့ ပြန်၍ လာဖို့ရန် မတွေးမခေါ် မမြော်မမြင်ဘဲလျက် အကြောင်း တစ်ခုနှင့် ပတ်သက်၍ လာခဲ့ရာ ကံအားလျော်စွာ မိမိ၏ ဘဝ၌ အပျော်ဆုံး ဖြစ်ခဲ့သော အချစ်ဇာတ်လမ်း တည်ရာ ထိုနေရာသို့ ရောက်လာသောအခါ တကယ် မပျောက် ။ ငုပ်လျက် မြုံ၍ နေသော ရောဂါသည် တစ်အုံလုံး ကြွကာ ပေါ်ပေါက်၍ လာလေရာ အိုမင်းဆွေးမြည့်သော ကိုယ်ခန္ဓာ အရိုးစု အသားစု သွပ်ချောင်ချောင်မှာ နုပျိုသော ဟိုစဉ်အခါ အချစ်၏ ပူးကပ်ခြင်းကို ခံရသောအခါ ချည့်နဲ့သော လူမမာကို ဆင်ရိုင်းကြီး နှာမောင်းနှင့်ပတ်ကာ ဝှေ့ယမ်းသလို ဖြစ်နေရှာသဖြင့် မသက်မသာ ဘုန်းတော်ကြီး အိုဇရာမှာ ထိုနေရာတွင် အရိုးအဆစ်တွေ ပြုတ်ပြီး ဖုတ်ကောင်ပမာ ပုံလျက်သာ ကျရတော့မည်ကဲ့သို့ ဖြစ်ရှာလေတော့သတည်း ။

သို့သော်လည်း ဤမျှလောက် ကြာစွာ ငါ နေနိုင်ခဲ့ရာ တစ်စုံတစ်ရာမျှ မဖြစ် ။ အခုမှ ငါ၏ စိတ်သည် အဘယ်နည်းဖြင့် ဖောက်ပြန်ရန် ရှိပါသနည်း ။ မယ်အိုလည်း ရှိတော့မှာ မဟုတ် ။ ရှိတောင် အိုနာရှိုက်ကုန်း ၊ စုန်းမသဏ္ဌာန် ၊ ဇရာနှိပ်သို့ ။ ကိုယ်ရေပြားတွေ အလိပ် အလိပ်ထ ။ ကုန်းကွရွတ်တွ စိတ်ပျက်စရာကြီး ဖြစ်နေမှာ မို့ ။ မက်စရာ ဘာမှ ရှိမှာ မဟုတ်ပါတကား ။ အနိစ္စ အနိစ္စ အနိစ္စ ဟု ပုတီးစိပ်ရင်း ကူးတို့လှေကို မျှော်၍ နေလေ၏ ။

ထိုအခိုက် မိန်းမကြီး နှစ်ယောက် ၊ သုံးယောက် ဟိုဘက်သို့ ကူးရန် အထုပ်အပိုးများနှင့် ရောက်လာကြရာ ရတနာသုံးပါးကို ကြည်ညိုလေးစားသူတို့ အလေ့အတိုင်း ရေဆိပ်၌ ထိုင်စရာ မရှိသဖြင့် မတ်တတ် နေရသော ကိုယ်တော်ကြီးကို မြင်ကြသောအခါ အသက်ငါးဆယ် ကျော်ခန့်ရှိသော မိန်းမကြီး တစ်ယောက်က ဖျာလိပ်ကို ဖြေကာ ခင်းပြီး ဘုန်းကြီး၏ ရှေ့၌ ပဆစ်ဒူးတုပ်ကာ ဖျာပေါ်သို့ ရောက်သွား သီတင်းသုံးတော်မူရာ ဒကာမကြီးများနှင့် စကားပြောရာတွင် စကားတစ်လုံးနှင့် ပတ်သက်၍ မိန်းမကြီး တစ်ယောက်က ဖျာခင်းပေးသော မိန်းမကြီးအား နာမည်ကို ထပ်ကာ မအို ဟု ခေါ်ပြောသည်ကို ဦးလောက ကြားရသဖြင့် သွေ့ခြောက် ပါးကပ်သော ရင်အတွင်း၌ မြင်းအကောင် နှစ်ဆယ်က ကဆုန်စိုင်းသလို ဖြစ်ပြီး ဒေါ်အို ကို သေချာစွာ ကြည့်လိုက်ရာ ဇရာထောင်းသဖြင့် အကြောင်းထင်သော မျက်နှာ ကွယ်ပျောက်ကာ လှေပေါ်၌ မြင်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော် အခါက သဏ္ဌာန်သည် တဖြည်းဖြည်း ပေါ်၍ လာသဖြင့်

“ ဒကာမကြီး ဟိုအရင် အနှစ်လေးဆယ် လောက်အခါက ဟိုဘက်ကမ်းမှာ အခုလို စက်တွေ ၊ အိမ်တွေ မရှိဘူး ။ ကိုင်းတောကြီးလို့ ဘုန်းကြီး ထင်တာပဲ ။ ဘုန်းကြီး ဒီနေရာကို ရောက်ဖူးတယ် ထင်လို့ မေးတာပါ ”

“ မှန်ပါ့ ၊ ဘုရားတပည့်တော်မများလည်း ဒီအရပ်က ဝေးနေတာ အတော် ကြာသွားပါပြီ ဘုရား ”

“ ဒီကိုင်းတောထဲက တဲကလေး တစ်ခုကို ဒကာမကြီးများ မှတ်မိသေးရဲ့လား ”

ဒကာမကြီးသည် တစ်ဖက်ကမ်းကို လှမ်းမျှော်၍ ကြည့်ပြီး မျက်လုံးများမှာ ဝေ၍ လာလေ၏ ။ အတန်ငယ် ကြာလျှင် ပိန်ခြောက်သော ရင်မှာ အသက်ဝင်၍ လာလေ၏ ။ အိုသဖြင့် ညို၍ နေသော မျက်နှာမှာ စိုပြည်၍ လာလေ၏ ။

“ ဪ .. ဦးလောက ကိုယ်တော်ကြီး ထင်ပါတယ် ဘုရား ” ဟု လျှောက်ထားလေ၏ ။

“ ဒကာမကြီး ၊ ဘုန်းကြီးဘွဲ့ကို ဘယ့်နှယ် သိသလဲ ”

“ ဂရုစိုက် နားထောင် ၊ စုံစမ်းလို့ သိရတာပေါ့ဘုရား ”

စုံစမ်းသွားလာနိုင်တဲ့ အခြေအနေလည်း ရှိပေလို့သာ ။ အခုလို သိအောင် တတ်နိုင်တာပဲ ။

ဒေါ်အိုသည် ဣန္ဒြေ လုပ်သော်လည်း မရတော့ပေ ။ သက္ကလတ်စောင်အနီနှင့် မျက်နှာကို သုတ်ပြီး

“ ဘုရား တပည့်တော်မလည်း လူကြီးမိဘ နေရာချထားလို့ သူတော်ကောင်းနဲ့ တွေ့ပြီး ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ ဆိုသလို ရှိခဲ့ပါတယ် ဘုရား ။ သည့်နောက် ကျောင်းဒကာ ကွယ်လွန် အနိစ္စရောက်ပါတယ် ဘုရား ။ သည့်နောက် တပည့်တော်မ လိုက်ပြီး စုံစမ်းတော့ ဦးလောက ရယ်လို့ ကြားသိရသည့် အတွက် ဖျက်ဆီးရာကျမှာ စိုးပြီး အဝေးကသာ မေတ္တာပို့ခဲ့ရပါတယ် ဘုရား ”

နှစ်ယောက်သား အတန်ကြာ ဆိတ်ငြိမ်စွာ နေကြပြီးမှ ဦးလောကက

“ ဒီလို အချိန်ပဲ ။ မိုးသက်လေတွေ လာတုန်းက ဒကာမကြီး တော်တော် ကြောက်သွားသနော် ”

“ ဟိုတုန်းက မိုက်မိုက်ရူးရူး အင်မတန် အားကိုးပါတယ် ဘုရား ၊ ကြောက်ရမှန်း မသိပါဘူး ”

“ ဒါ့ထက် ဟိုစက်ဟာ ဘယ်သူ့စက်လဲ ”

“ ကိုင်းတော နေရာကလေ ရှိပါသေးတယ် ဘုရား ။ ဒီစက်ကို ဝယ်လိုက်ပါတယ် ဘုရား ”

“ နို့ တဲကလေးကော ”

“ တဲကလေးတော့ မရှိပါဘူး ဘုရား ။ တဲထက် ကောင်းတဲ့အိမ် ရှိပါတယ် ။ တပည့်တော်မမှာလည်း အုပ်ချုပ်မဲ့လူ မရှိ ၊ အိုမှ ဝန်ကြီးပိုနေတော့တာပဲ ”

ထိုအတွင်း ကူးတို့လှေ ရောက်၍ လာရာ အားလုံး ကူးကြပြီးနောက် နှစ်ယောက်စလုံး စိတ်တူသဘောတူ ဖြစ်လျက် ။ ခွဲရမည့် အရေးအတွက် အခက်ကြုံ၍ နေကြလေ၏ ။ ထိုညဉ့် ဒေါ်အို၏ အိမ်၌ တည်းခိုပြီး နံနက် မိုးလင်း၍ ဦးလောက ခရီးဆက်ရန် အသင့် ရှိသောအခါ ဦးလောက၏ မျက်နှာမှာ မသက်မသာ ဖြစ်သည်ကို ဒေါ်အို သိမြင်လာ၏ ။ ထိုအခါ ဒေါ်အို ကိုယ်တိုင် ချုပ်တည်း၍ မရဘဲ ကိုယ်တော် သွားဖို့ရန် အရေးမကြီး သေးရင်လည်း ဘုရားဟု ပြောလေ၏ ။

ဦးလောကသည် စဉ်းစားသလိုလို လုပ်၍ နေပြီးမှ

“ အရေးတော့လည်း တယ်ကြီး မကြီးပါဘူး ။ ဆရာတော် မှာလိုက်တဲ့ ကိစ္စလည်း တဖြည်းဖြည်း စုံစမ်းပြီး စာပြန် လိုက်ရင် ပြီးနိုင်ပါတယ် ။ သို့သော်လည်း ”

“ အင်း ... ဒီလိုဖြင့်လည်း တဖြည်းဖြည်းမှ စုံစမ်းတာပေါ့ ဘုရား ” ဟု ဒေါ်အိုက ပြောလေ၏ ။

“ အင်း ... ဒါလည်း ဖြစ်နိုင်တာပါပဲ ” ဟု ဘုန်းကြီးက ပြောလေရာ ။

ဒေါ်အိုသည် နှစ်ပေါင်း အစိတ်လောက် ပြန်၍ ငယ်သလို ဖြစ်၍ သွားအောင် လတ်ဆတ်ရွှင်လန်း ဖျတ်လတ်စွာ ဆွမ်းရေး အတွက် ချက်ပြုတ်ရန် ပျာပျာသလဲ ဆူဆူညံညံ စီမံရှာလေ၏ ။

ထို့နောက် ဦးလောကသည် ဦးဘိုးရ ပြန်၍ ဖြစ်ရသည့် တိုင်အောင် အတည်တကျ သီတင်းသုံးရရှာလေတော့သတည်း ။

▢  ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်
      အတွဲ ၁ ၊ အမှတ် ၄၅
      သြဂုတ် ၁ဝ ၊ ၁၉၃၄

No comments:

Post a Comment