Monday, April 20, 2026

မင်းလောင်းနှစ်ယောက်

 

❝ မင်းလောင်းနှစ်ယောက် ❞
            ( ပီမိုးနင်း )

ဘထွန်းသည် ညနေစောင်းအချိန် ရန်ကုန်မြို့ ဆူးလေဘုရား ပန်းခြံထဲ၌ ခုံတန်းလျား နောက်ကို မှီကာ တပေါင်းလ မိုးပြာပြာကြီးကို ကြည့်လျက် နေလေ၏ ။ ၎င်း၏ နားသည်ကား ထပ်ကာထပ်ကာ ကျော့၍ ထိုးသော ဖြည်းညင်းသည့် ကု,လားတယောထိုးသံကို နားစိုက်ကာ နားထောင်၍ နေလေ၏ ။ ၎င်း၏ စိတ်သည်ကား မော်လမြိုင်မြို့ တောင်အစောင်း၌ ရှိသော ခင်လေး၏ အိမ်သို့ ရောက်၍နေလေ၏ ။

သို့ရောက်၍ နေရာ ငယ်စဉ်က အဖြစ်အပျက်များကို ပြန်၍ ထင်မြင်လေ၏ ။ ထိုအဖြစ်အပျက်များသည်ကား ငယ်စဉ်အခါက ခင်လေး နှင့်အတူ မယ်သီလရင် ကျောင်းမှာ နေခဲ့ရပုံ ၊ စာသင်ကျောင်း၌ တစ်တန်းတည်း နေရသဖြင့် ခင်လေးအား ဂဏန်းသင်္ချာများကို လက်ရေး စာအုပ်၌ တွက်ချက် သင်ပြရပုံ ။ သို့တွက်ချက် သင်ပြရင်း ခင်လေး၏ လက်ရေးစာအုပ်၌ ခဲတံနှင့် ခြစ်ရာ ခင်လေး က ဘာဖြစ်လို့ ခြစ်ရသလဲဟု မေးသည်တွင် ချစ်လို့ ခြစ်တာ ဟု အမှတ်တမဲ့ ပြန်၍ ပြောလိုက်သဖြင့် သတိရကာ ထိတ်လန့်ပြီး မောကြည့်လိုက်ရာ ဆရာမက ကြိမ်လုံးနှင့် ထိပ်ကို ချပြီး မတ်တတ်အထ ခိုင်းသဖြင့် သရော်နေပုံ ၊ ခင်လေးက ကောင်းတယ်ဟု ပြောလိုက်သောအခါ မိမိ နှင့် ခင်လေး ရန်ဖြစ်ကြပုံ ၊ ခင်လေးနှင့် အတူ ပြေးလွှား ကစားရင်း နှစ်ကိုယ်တည်း စိတ်ငြိမ်ရာမှာ တွေ့ကြသဖြင့် တကယ့် အချစ်စကားများကို ပြော၍ နေကြပုံ စသည်များကို အဆုံးမရှိ လျှောက်၍ တွေးတောလေ၏ ။ ကု,လား တယောသံသည်ကား တေးအပိုဒ်တိုကလေးကို ကျော့ကာ ကျော့ကာ အသစ် ထပ်ထိုး၍ နေလေသည်မှာလည်း အဆုံးမရှိတော့ဟု ထင်မြင်ရလေ၏ ။ မိမိ ထိုင်နေသော နေရာ အနောက်ဘက်၌ ရှိသော သစ်ပင်အရိပ်သည် တဖြည်းဖြည်း မိမိ၏ ဦးခေါင်းပေါ်သို့ ကျ၍ လာလေ၏ ။ မြောက်ဘက်မှ လာသော ညင်းလေပြည်သည်လည်း နဖူးကို ပန်ကာနှင့် ယပ်သလို ယပ်လေ၏ ။ သို့ဖြစ်လေရာ တွေးထင်၍ ကောင်းတိုင်း မှိန်းလျက် တွေး၍သာနေလေ၏ ။ ခင်လေး မော်လမြိုင်မှာ ရှိသေးရဲ့လား ဟူ၍ စဉ်းစား မိလေ၏ ။ မော်လမြိုင်မှာ ရှိသေးလျှင် ယခု လာမယ့် တန်ခူးလမှာ အလုပ်မှာ အခွင့်ခံ၍ သွားမည် ရိုးဂိုးကို ထမင်းမြိန် စားသွားမည် ဟူ၍လည်း ကြံစည်မိလေ၏ ။

မော်လမြိုင်၌ သင်္ကြန် ရေလောင်းကြပုံကို လည်းကောင်း ၊ လွန်ခဲ့သော နှစ်က မုပွန်၌ ခင်လေးနှင့် အုန်းထမင်း ဝယ်စားကြပုံများကိုလည်းကောင်း ပြန်လှန် တွေးတော ထင်မြင်လေ၏ ။

သို့ထင် မြင်၍ နေခိုက်တွင် ခြေသံကို ကြားရလေ၏ ။ ထိုခြေသံ ကြားရာဘက်ကို ကြည့်လိုက်သောအခါ မိမိနှင့် ရွယ်တူခန့် ယောက်ျားပျို တစ်ယောက် မိမိကို ကြည့်လျက် လျှောက်၍ လာသည်ကို တွေ့ရလေ၏ ။ ထိုသူ၏ မျက်လုံးများသည် မိမိကို စူးစိုက်လျက်ကြည့်ကာ မိမိအား ခေါ်ချင် သလိုလို တစ်စုံတစ်ရာ မေးချင် သလိုလို လက္ခဏာ ရှိသည်ကို သိရလေ၏ ။ ထိုသူသည် အပါးသို့ ရောက်၍ လာသောအခါ

“ အိုင်ဆေးဘထွန်း ၊ မင်း ရန်ကုန်မှာ နေသလား ၊ ငါ မနည်းကြီးကြည့်မှ မင်းကို မှတ်မိတယ် ” ဟု ပြောကာ ဘထွန်း၏ ပခုံးကို ကိုင်လျက် အနားမှာ ထိုင်လေ၏ ။

ဘထွန်းသည်ကား ၎င်းကို မည်သူမည်ဝါ ဖြစ်သည်ဟု သတိမရသဖြင့် အတန်ငယ် ရီးတီးယားတား ဖြစ်၍ နေပြီးမှ

“ ငါ ရန်ကုန်မှာပေါ့ကွဲ့  ၊ ရန်ကုန်မြို့က ငါ့မြို့ပဲ ၊ မင်း ဘယ်ကလာသလဲ ” ဟု သိဟန်ဆောင်လျက် ပြန်၍ မေးလေ၏ ။ ၎င်း၏ မျက်နှာကို ဘထွန်းသည် အကျွမ်းဝင်သော မျက်နှာဟူ၍ သိလေ၏ ။ သို့သော်လည်း အဘယ်မှာ သိသည် ၊ မည်သူ ဖြစ်သည်ကို စဉ်းစား၍ မရပေ ။

“ မင်း ငါ့ကို ကောင်းကောင်း မမှတ်မိဘူး ထင်ပါရဲ့ ၊ စိန်ပက်ထရစ်မှာ မင်းနဲ့ငါ အတူတူ နေတယ် မဟုတ်လား ၊ ဘိုးစောလေ မှတ်မိသလား ” ဟု မျက်နှာချင်း ကပ်ကာ ကြည့်လျက် ပြောလေ၏ ။

ထိုအခါကျမှ မိမိနှင့် ပျော်ပျော်ရွှင်ရွှင် လည်ပတ် သွားလာခဲ့ဖူးသော သူငယ်ချင်း ဘိုးစော ဖြစ်ကြောင်းကို မှတ်မိလေ၏ ။

“ ငါ ကောလိပ်ကို ရောက်နေတာ တစ်နှစ် ရှိပြီ ။ အိုင် အေ မှာ ရှိသေးတယ် ။ ခုလာမယ့် ကျောင်းပိတ်ရက် အတွင်းမှာ မော်လမြိုင်ကို ပြန်မလို့ ၊ ဘယ်ပုံ ပြန်ရမယ် ဆိုတာ မသိတာနဲ့ ဟိုဟိုသည်သည် လည်ပတ်ရင်း အကြံ ယူနေတယ် ။ ငါ့ဖားသားနဲ့ မားသား မရှိတော့ဘူး သေကုန်ပြီ ။ ကျောင်းလခကို ငါ့အစ်မက ထောက်ထားတယ် ။ အစ်မမှာလည်းပဲ သိပ်ပြီး မချမ်းသာဘူး ။ ဒါကြောင့် ပြန်ဖို့ စရိတ် မရှိဘူး ”

ထွန်း ။  ။ “ ငါလည်း မော်လမြိုင်ကို သွားချင်တယ် ။ ခင်လေးတို့ဆီ မရောက်တာ ကြာလှပြီ ။ မင်းလိုပဲ ငါ့မှာ ငွေကြေးအတွက် ကျပ်နေတယ် ။ ဒီအတွက် မင်း မသွားရဘူး ။ ခင်လေးတို့ မော်လမြိုင်မှာ ရှိသေးရဲ့လား ”

“ ရှိတာပေါ့ ၊ ရှိပေတဲ့ မင်းမှာ ငွေမရှိလို့ မသွားနိုင်ရင် ဘယ့်နှယ် လုပ်မလဲ ၊ ငါ့မှာလည်း မရှိဘူး ”

ထိုအတွင်း အသက် ခြောက်ဆယ်ခန့် ရှိသော ဖြူစင်သန့်ရှင်းသော ယောက်ျားကြီး တစ်ယောက်သည် ဝတ်ဖြူစင်ကြယ်နှင့် ရောက်၍ လာပြီး ၎င်းတို့ကို ကျောခိုင်းလျက် ရပ်၍ နေလေ၏ ။ ဘထွန်းနှင့် ဘိုးစောသည် မတ်တတ်ရပ်ကာ “ ဘကြီး ထိုင်ပါလား ” ဟု နောက်နားမှာ ကပ်၍ ပြောကြလေ၏ ။ ထိုလူကြီးသည် ၎င်းတို့ကို လှည့်၍ ကြည့်ကာ “ ဘကြီး ရေငတ်လိုက်တာကွယ် ” ဟု ပြောပြီး ခုံတန်းလျား ပေါ်မှာ ထိုင်လေ၏ ။

ဘထွန်းသည် ထမင်းဆိုင်သို့ အမြန် သွားပြီး ရေခဲရေ တစ်ခွက်ကို ယူ၍ အဘိုးကြီးအား ပေးလေ၏ ။ အဘိုးကြီးသည် ရေကို အားရပါးရ သောက်ပြီး

“ မောင်ရင်တို့ ဘာတိုင်ပင်နေကြသလဲ ၊ ခရီးသွားဖို့ လာဖို့ တိုင်ပင်နေတယ် မဟုတ်လား ” ဟုမေးလေ၏ ။

“ ဟုတ်ကဲ့ ကျွန်တော်တို့ မော်လမြိုင်ကို သွားမယ်လို့ တိုင်ပင် နေကြပါတယ် ”

“ မင်းတို့ ငွေကြေး လိုနေတယ် မဟုတ်လား ” ဟု မေးပြန်လေ၏ ။ ထိုအခါ သူငယ်ချင်း နှစ်ယောက်သည် အံ့သြလျက် ဝိဇ္ဇာဇော်ဂျီလား ၊ ငါတို့ကို မစရန်လာတဲ့ ရုက္ခစိုးနတ်များလားဟု တွေးကာ

“ ဟုတ်တယ် ဘကြီးရဲ့ ။ ဘကြီးရဲ့သိတတ်တဲ့ ဉာဏ်ရှိရင် ငွေကို ရအောင် ဘယ်လို လုပ်ရမယ်ဆိုတဲ့ နည်းလမ်းကိုလည်း သိမှာပဲ ။ ကျွန်တော်တို့ကို ငွေရလမ်းကို ပြရင် ဘကြီး ကျေးဇူးကို တစ်သက်လုံး မမေ့ရပါဘူး ” ဟု ပြောကြလေ၏ ။

“ ငွေရတာ ဘာခက်သလဲကွဲ့  ၊ ငွေတင်မက လိုရာရ နည်းလမ်းတွေလည်း ရှိပါကွယ် ”

“ ရှိရင် ကျွန်တော်တို့ကို ပေးသနားပါ ဘကြီးရယ် ” ဟု ဘထွန်းက ပြောလေ၏ ။

“ မောင် ဘကြီးကို ရေတစ်ခွက် ပေးတဲ့ အတွက် ကျေးဇူး ဆပ်ရတာပေါ့ ” ဟု ပြောပြီး တစ်စုံတစ်ရာ ကုန်း၍ ကောက်လေ၏ ။ သို့ ကုန်း၍ ကောက်ပြီး လက်ဖြန့်ဟု ပြောလေ၏ ။ ဘထွန်းက လက်ကို ဖြန့်လေ၏ ။ ထို လက်ထဲသို့ အဘိုးကြီးသည် ဆီးစေ့လေး တစ်စေ့ကို ထည့်ပြီး “ အဲဒီအစေ့ အပင်ပေါက်ရင် ထွက်တဲ့ အရွက်ဖြစ်စေ ၊ အညှောက်ဖြစ်စေ ပါးစပ်ထဲ ငုံပြီး မြင်းအနီထောင် စသည့် ကစားနည်းမျိုးမှာ ပါဝင် ကစားရင် အမြဲ နိုင်လိမ့် မည် ” ဟု ပြောပြီး “ ကိုင်း ... ဘကြီးလည်း အမောပြေ သွားပြီ ၊ ကိစ္စရှိသေးတယ် ” ဟု ပြော၍ ထွက်သွားလေ၏ ။

ဘထွန်းသည် မိမိ၏ သူငယ်ချင်းနှင့်အတူ ဆီးစေ့ကို ကြည့်ကာ မယုံ တစ်ဝက် ယုံတစ်ဝက်နှင့် တိုင်ပင်လျက် နေရစ်ကြလေ၏ ။

“ ဒီဆီးစေ့ဟာ အင်မတန် မာတာပဲ ၊ တော်တော် အပင် ဖြစ်မှာ မဟုတ်ဘူး ” ဟု ဘိုးစောက ပြောလေ၏ ။

“ ဒီလို လက်ထဲ ကိုင်ထားလို့ ကတော့ ဘယ်မှာ အပင် ဖြစ်မလဲ ၊ အပင် ဖြစ်အောင် မြေကြီးထဲမှာ စိုက်မှာပေါ့ ” ဟု ဘထွန်းက ပြောလေ၏ ။

၎င်းနောက် တစ်ယောက် နေရာကို တစ်ယောက် ပြောကြလျက် အိမ်သို့ ပြန်ကြလေ၏ ။ ဘထွန်းသည် ကား ဆီးစေ့ကို နာရီအိတ်၌ ထည့်၍ ပြန်လေ၏ ။ အိမ်သို့ ရောက်သောအခါ ဆီးစေ့ကို ပန်းအိုးထဲ၌ ထည့်၍ ရေ လောင်းပေးလေ၏ ။ နံနက် မိုးလင်းသောအခါ ဆီးစေ့ သည် အစို့အညှောက်ကလေးများနှင့် ဝေနေလေ၏ ။ ထိုအခါ ဘထွန်းသည် လွန်စွာ အံ့သြလျက် အဘိုးကြီး ပြောသော စကား မှန်သောကြောင့်သာ ဤကဲ့သို့ လျင်မြန်စွာ ပေါက်သည်ဟု တွေးမိလေ၏ ။ ထိုအခါ အဘိုးကြီး ပြောသော စကား မှန်ကြောင်းကို သိရန် ဖဲတစ်ထုပ်ကို ပြေး၍ ဝယ်လေ၏ ။ အရွက် တစ်ခုကို ခံတွင်းမှာ ငုံလျက် အိမ်နီးပါးချင်းများကို ခေါ်လျက် ကိုးမီး ကစားလေ၏ ။ ပထမ တစ်လက် ကစားရာ၌ ဘထွန်းနှင့် ရင်ဆိုင်ထိုင်၍ နေသောသူသည် ကု,လားသုံးစီး ရလေ၏ ။ ဘထွန်း၏ ဖဲကို လှန်လိုက်သောအခါ တစ်သုံးလုံး ဖြစ်၍ နေလေ၏ ။ နောက်တစ်ကြိမ် ပြန်၍ ကစားသောအခါ အခြား အကောင်းဆုံး ဖဲရသူ တစ်ယောက်ထက် တစ်ပွင့် သာရုံ ကလေးမျှနှင့် ဘထွန်းက နိုင်လေသည် ။ ထိုကဲ့သို့ ဆယ့်နှစ်လက်လောက် ကစားရာ ဆယ့်နှစ်ပွဲစလုံး ဘထွန်း သာ နိုင်လေ၏ ။ ဧကန်ဒိဋ္ဌ ထိုအဘိုးကြီးသည် ဝိဇ္ဇာသော် လည်းကောင်း ၊ နတ်သော် လည်းကောင်း ဖြစ်ရမည်ဟု ယုံကြည်လေ၏ ။

ထိုအတွင်း ဘိုးစော ရောက်၍ လာလေ၏ ။

“ အိုင်ဆေး ဘိုးစော ၊ မွန်တေကာလို ကို သွားပြီး ဘရိတ်ထန်း လုပ်ဖို့သာ ပြင်ပေတော့ ။ ငါတို့တော့ ဇော်ဂျီ နဲ့ တွေ့တာပဲ ။ ကမ္ဘာကို လေယာဉ်ပျံနဲ့ လှည့်ပြီး စည်းစိမ်နဲ့ ကစားဖို့သာ ပြင်ပေတော့ ။ ငါတို့တော့ သိကြား မတာပဲ ”

အနီးရှိ လူများက အံ့အားသင့်လျက် နေကြလေ၏ ။

“ မင်း ဘယ်နှစ်လက် နိုင်သလဲ ” ဟု ဘိုးစောက မေးလေ၏ ။

အနီးရှိ လူများက “ ပွဲတိုင်း နိုင်နေတာပါပဲ မိတ်ဆွေ ”

“ ဘယ့်နှယ် မင်းဟာက မြန်လှချည့်ကလား ” ဟု ဘိုးစောက မေးလေ၏ ။

ထိုည၌ နှစ်ယောက်သား အနီထောင်ဝိုင်းသို့ သွားကြလေ၏ ။ နာရီဝက်အတွင်း ဒိုင်ကို ဖြုတ်ခဲ့ပြီး ဟိုတယ်များသို့ သွားကြပြီး ထင်သလို သုံးကြလေ၏ ။ ထို့နောက် တက္ကစီတစ်စင်းကို ငှားပြီး မြို့ထဲသို့ လှည့်လည်ကာ အသိ မိတ်ဆွေ ရှိသမျှကို စုရုံးခေါ်ငင်ပြီးလျှင် ဟိုတယ်များကို လှည့်ရောက်၍ အကောင်းဆုံးသော ရှန်ပိန် ဝိုင်အရက်များသည် ၎င်းတို့၏ စားပွဲမှ ချောင်းစီး၍ ဆင်းကြလေ၏ ။ ဘထွန်း လုပ်ပုံကိုင်ပုံကို အသိမိတ်ဆွေ နှစ်ယောက် သုံးယောက်သည် သေချာစွာ မှတ်သားကြလေ၏ ။ ပန်းအိုးထဲက အပင်ကလေးက အရွက်ကို ဘထွန်း ဆောင်ပြီး ငုံ၍ ကစားသည်ကို မောင်လှ ဆိုသူက အမှတ်ထားမိလေ၏ ။ သို့အမှတ်ထားမိသမျှ ထိုအရွက်ကို ဘထွန်း နည်းတူ တိတ်တဆိတ် ခူးကာ ဘထွန်း နည်းတူ လောင်းကစား သဖြင့် ပိုက်ဆံကို ထင်သလို ရ၍ နေလေ၏ ။ ၎င်းကား အနီထောင်ဝိုင်းမှ ပဒေသာပင် ကဲ့သို့ ငွေကို သယ်၍သာ နေလေ၏ ။ ဘထွန်း သိအောင်ကား မကစားပေ ။ ဘထွန်း သည်ကား သိသိသာသာ အနီထောင်ဝိုင်းမှ အနိုင် မယူပေ ။ မောင်လှ သည်ကား နိုင်သလောက် အထပ်ထပ် သွား၍ ကစားလေရာ တရုတ်များသည် ၎င်းအား မသင်္ကာ ဖြစ်ကြလေ၏ ။

တစ်နေ့၌ကား မောင်လှသည် အနီထောင်ဝိုင်းကို တက်၍ သွားပြီး ပြန်၍ ဆင်းသည်ဟု မကြားရတော့ပေ ။

ထိုအခါ ဘထွန်းသည် မောင်လှ အကြောင်းကို ရိပ်မိလေ၏ ။ မောင်လှ အဘယ်သို့ ဖြစ်သည်ကို သိလေ၏ ။ ကြာကြာ စားမည့်သွား အရိုး ကြည့်ရှောင် ဟူသော စကားကို သတိရလျက် အထူးဂရုစိုက်လေ၏ ။

တစ်နေ့သ၌ ဘိုးစောက ဘထွန်းအား

“ ဘယ့်နှယ်လဲ ဆရာ ၊ မော်လမြိုင်ကို မသွားတော့ဘူးလား ၊ ရတ်မာရာ သင်္ဘော နက်ဖြန်ကာ ထွက်လိမ့်မယ် ” ဟု ပြောလေ၏ ။

ဘထွန်းက “ အဘိုးကြီးက ဘာမဆို လိုရာရနိုင်တဲ့ နည်းလမ်းလို့လည်း ပြောသွားတယ် ။ ငါတို့က လောဘ တစ်ခုတည်း ဘက်ကိုသာ လိုက်နေတယ် ။ သူ ပြောသလို ဖြစ်မလား စမ်းကြည့်ရအောင် ” ဟု ပြောလေ၏ ။

“ သူပြောတဲ့ အတိုင်းဆိုရင် သင်္ဘောနဲ့တောင် သွားဖို့ မလိုဘူး ”

“ ဘာနဲ့သွားမလဲ ”

“ လေယာဉ်ပျံနဲ့ သွားတာပေါ့ ”

“ လေယာဉ်ပျံ ဘယ်က ရမလဲ ”

“ ကိုယ့်လေယာဉ်ပျံ ကိုယ် လုပ်တာပေါ့ ”

ထိုအခါ နံနက် ၈ နာရီခန့် ရှိလေ၏ ။ ဆီးပင်ကလေးကို သေးငယ်သော သံခွက်ကလေး၌ ပြောင်း၍ စိုက်ပြီး ဘထွန်းသည် ထိုသံဘူးကို လွယ်အိတ် တစ်ခု၌ ထည့်လေ၏ ။ အရွက်များကို နှစ်ယောက်သား ငုံကြလေ၏ ။ နှစ်ယောက်သား ပက်လက်ကုလားထိုင်၌ ထိုင်ကြပြီးလျှင် မော်လမြိုင်ကို အာရုံပြုကြလေ၏ ။ ကုလားထိုင်သည် လေယာဉ်ပျံကဲ့သို့ မြောက်၍ တက်ပြီး တစ်ဟုန်တည်း သွားကြလေ၏ ။ ဘိုးစောက ကြောက်ရွံ့သဖြင့် ခပ်နိမ့်နိမ့် ပျံကြရအောင်ဟု ဘထွန်းအား အော်၍ ပြောသဖြင့် လူတစ်ရပ် သာသာမျှ မြင့်တက်၍ သွားဖို့ရန် အာဏာကို ပေးရာ ထိုကဲ့သို့ နိမ့်နိမ့်မျှ ပျံသန်း၍ သွားကြလေ၏ ။ ထိုအချင်းအရာကို လူများ မြင်ကြသဖြင့် ဥက္ကောဒေယျ ဖြစ်ကြလျက် စုဝေး ကြည့်ကြပြီး “ မင်း လောင်းဟေ့ မင်းလောင်း ” ဟု အော်ကြလေ၏ ။ တစ်နယ်လုံးရှိ ပုလိပ်တပ်များ ထွက်လာပြီး အရာရှိများသည် မင်းလောင်း ဟူသော စကားကို ကြောက်ရွံ့ကြ၏ ။ သို့သော်လည်း ပုလိပ်များသည် ပါးစပ်နှင့်သာ တားမြစ်လျက် အရာရှိများကလည်း “ ဟေး ... လူနှစ်ယောက် ဒီလို မလုပ်နဲ့ ။ မင်းတို့ သေချင်သလား ။ မင်းတို့ကို သ,တ်ပစ်ရလိမ့်မယ် ” ဟု အော်ကြလေ၏ ။

ဘထွန်းက “ မင်းတို့က ငါတို့ကို သ,တ်မလား ၊ ငါတို့က မင်းတို့ကို သ.တ်မှာလား ” ဟု လက်ရုံးတန်းကာ ပြန်၍ ပြောလေ၏ ။ ထိုအခါ စစ်ပုလိပ်တပ် တစ်စုသည် စက်သေနတ်များ ၊ အမြောက်တပ်များ ယူ၍ လာကြပြီး ၎င်းတို့ကို ပစ်ရန် နေရာ ချထားကြလေ၏ ။ ဘိုးစော သည်ကား ကြောက်ရွံ့ လှလေပြီ ။ ဘထွန်းကား မိမိတို့မှာ ထိုမျှလောက် အစွမ်းကောင်းသူများ ဖြစ်ကြလေရာ ပုလိပ်၏ လက်ချက်ဖြင့် သေနိုင်သူများ မဟုတ်ဟု အောက်မေ့လျက် ရှေ့သို့ မြန်မြန်ကြီး သွားဖို့ အမိန့်မပေးဘဲ နောက်သို့ ပြန်၍ လှည့်ကာ တဝဲလည်လည် နေလေ၏ ။

သို့နေခိုက်တွင် စစ်ပုလိပ် နှစ်ယောက်သည် တစ်ယောက်က ဘထွန်း ၊ တစ်ယောက်က ဘိုးစောကို ချိန်၍ ပစ်မည့်ဟန်နှင့် ခြောက်လှန့်လေရာ ဘထွန်းက ဘိုးစောကို မကြောက်ရအောင် အားပေးလျက် စစ်ပုလိပ်များထံသို့ ကုလားထိုင်များကို စေခိုင်းလေရာ ကုလားထိုင်များသည် တစ်ဟုန်တည်း ဆောင့်မည့် တိုက်မည့် အလား တစ်ဟုန်တည်း သွားကြလေ၏ ။

လူအများတို့သည်ကား စကြာမင်း ဖြစ်သည် ။ ဗုဒ္ဓရာဇာ ဖြစ်သည် ။ ငါတို့ကို ကျွန်တွင်းမှ လွှတ်မည့် မင်းလောင်းနှစ်ပါး ဟူ၍ ကြွေးကြော်ကြလေ၏ ။ သမီးရတနာ ဆက်ချင်သူများကလည်း သမီးချောများကို ဘန်းတင်ကာ ပြကြလေ၏ ။ ဘထွန်းနှင့် ဘိုးစောသည်ကား မိမိတို့ အစွမ်းပြရန်မှ တစ်ပါး မည်သည့် အရာကိုမျှ မတွေးတောကြပေ ။ စစ်သားများကို ကုလားထိုင်နှင့် တိုက်ဖို့ရန်သာ လိုက်၍ နေကြလေ၏ ။ သို့လိုက်၍ နေခိုက်တွင် စစ်ပုလိပ် နှစ်ယောက်၏ သေနတ်မှ မီးဝင်းခနဲ တောက်ပြီး တစ်ပြိုင်နက် အသံ ထွက်ကြလေ၏ ။ မင်းလောင်း နှစ်ပါးသည်လည်း ရှေ့ကျွမ်း နောက်ကျွမ်း အုန်းပင်စိုက် ဖြစ်ကာ ထိုးစိုက်၍ ကျကြလေ၏ ။

အိပ်ပျော်သော ဘထွန်းမှာ ခုံတန်းလျား ပေါ်မှ ပက်လက်လန်၍ ကျလေ၏ ။ အကြောင်းမူကား ခုံတန်းလျားသည် နောက်နား မြောင်း နှုတ်ခမ်း မခိုင်သော မြေပေါ်၌ ရှိနေလေရာ အိပ်၍ ပျော်နေသော ဘထွန်း၏ အလေးကြောင့် မခိုင်သော မြေပဲ့၍ ကျလေရာ ခုံတန်းလျားသည် နောက်ကျွမ်းပြန်၍ သွားလေ၏ ။ ဘထွန်းသည် သေနတ် မမှန်ရအောင် အမိန့် မပေးမိပေ ။

ဪ ... အချို့ ဗမာများဟာ ဒီလို မင်းလောင်းနဲ့ တွေ့ဖို့ကို စောင့်မျှော်နေကြမှာပဲ ဟု ပါးစပ်မှ မြည်တမ်းလေ၏ ။

▢  ပီမိုးနင်း
📖 မြန်မာ့အလင်း
      ဇူလိုင် ၊ ၁၉၃၉

No comments:

Post a Comment