❝ ကြည့်ဆပ် ❞
( ပီမိုးနင်း )
မီးရထားမှာ ရန်ကုန်မှ ပြည်မြို့သို့ သွားသော သန်းခေါင် အနှေးရထား ဖြစ်လေရာ ဒုတိယတွဲမှာ ဘဆိုင် အပြင် မိန်းမပျို အသက်နှစ်ဆယ်အရွယ်ခန့်ကလေးနှင့် အသက် လေးဆယ်ကျော် ငါးဆယ်ခန့်ရှိ မိန်းမကြီး တစ်ယောက်သာ ပါရှိလေ၏ ။
ဘဆိုင်မှာ ရန်ကုန်ဘူတာမှ စ၍ စီး၏ ။ အခြား နှစ်ယောက်မှာ အင်းစိန်မှ တက်ကြလေ၏ ။ မိန်းမကလေးမှာ ဘဆိုင်၏ စိတ်၌ မိမိ တစ်သက်တွင် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူး ၊ မကြုံဖူးသော ရုပ်မျိုး ဖြစ်လေ၏ ။ အသားမှာ ညိုညို ၊ အလုံးအရပ်မှာ မနိမ့်မမြင့် မထူမပါး ၊ မပြားမလုံး မျက်နှာမှာ အလှဆုံးဟု မဆိုနိုင်သော်လည်း ၎င်းကို မြင်လျှင်မြင်ခြင်း မြေလတ် မြစ်ဆိပ်ကမ်းနားမြို့ တစ်မြို့၌ ပွင့်၍ နေသည်ကို မြင်ခဲ့ဖူးသော ခွာညိုပန်းကလေးကို သတိရလေ၏ ။ သို့ဖြစ်လေရာ မြင်လျှင် မြင်ခြင်း ဝင်းဝါတောက်ထိန်သော အလှများသာ ချစ်ရာ မဟုတ် ။ သည် ညိုညိုညက်ညက် ၊ လခြမ်းနဖူးနှင့် ဝိုင်းဝိုင်း စက်စက် မျက်လုံးကလေးများမှ တကယ် ချစ်ဖို့ ကောင်းပါ ကလား ။ ‘ အသားဖြူ မြင်းတပြေး ’ ဒါကလေးမျိုးကျတော့ တွေးကြည့်လေ ကောင်းလေပါကလားဟု အောက်မေ့ စိတ်စော မက်မောခြင်း ဖြစ်၍ နေရှာလေတော့သတည်း ။
၎င်းတို့ သားအမိ နှစ်ယောက် ရထားတွဲ ထဲသို့ တက်လာသောအခါ ဘဆိုင် အပါးက ပွတ်သွားကြသဖြင့် နှာဝကို စွပ်သွားသော ကာနင်ဂါရေမွှေး အရိုးခံကလေးမှာ ကမ္ဘာပေါ်၌ အတုလံအောင် ထူးမြတ်လေစွ တကားဟု အောက်မေ့မိလေ၏ ။
သို့ဖြစ်သောကြောင့် သားအမိနှစ်ယောက် ပြောကြသည့်အခါ ကြားရသော သူငယ်မကလေးရဲ့ အသံမှာကား အေးချမ်းကြည်လင် လွန်စွာသန့်ရှင်း စင်ကြယ်သော ရင်ဝမှ ထွက်၍ လာသော သနားဖွယ် ၊ ချစ်ဖွယ်ရာ အသံကလေး ဖြစ်သဖြင့် ဘဆိုင်မှာ ရေငတ်သဖြင့် လင်မနစ် ဝယ်၍ သောက်မည်ဟု ကြံ၍ နေသော အကြံကိုပင် မေ့လျောခဲ့လေ၏ ။ အကြောင်းမူကား ချမ်းမြေ့သော ထိုအသံကလေးကြောင့် တကယ့်ကို ရေငတ်ပြေ၍ သွားလေ၏ ။ အဲသည် စကားဟာ ဝတ္ထုမို့ ကား၍ ရေးခြင်း မဟုတ် ။ ဘဆိုင် ကိုယ်တိုင်က မိမိမှာ ဤအတိုင်း တကယ် ဖြစ်ခဲ့ရကြောင်း သူ့သူငယ်ချင်း တစ်ယောက်အား ပြောပြသဖြင့် သိရလေ၏ ။
အမူအရာ ဝတ်ပုံဆင်ပုံ မျက်ထားပုံ ပြောပုံဆိုပုံမှ စ၍ ပါ၍လာသော ခြင်းကလေး သားရေအိတ်ကလေး ကိုင်ထားသော လက်ကိုင်ပဝါ ပတ်ထားသော လက်ပတ် နာရီ ။ ထုံးသော ဆံထုံး စသည်တို့၏ ပေါင်းစုခြင်းသည်လည်း အမေကြီး၏ ရုပ်ရည်နှင့် စပ်ဟပ်ယှဉ်တွဲလိုက်သောအခါ အထက်တန်းစားပဲဟု သိရလေ၏ ။
ဘဆိုင်၏ စိတ်၌ ငါ ၎င်းကို မြင်လျှင်မြင်ခြင်း ဒီလောက်တောင် ဖြစ်ရခြင်းဟာ အဘယ်ပွိုင့် ၊ အဘယ် အချက်ကြောင့်လဲဟု သေချာစွာ အမှတ်တမဲ့ မသိမသာ အနုစိတ်လျက် စစ်ဆေးလေ၏ ။ သို့စစ်ဆေးရခြင်းဖြစ်ရာ များစွာ မလွယ်ကူလှပေ ။ အကြောင်းမူကား ကြည့်မှန်း မသိအောင် ကြည့်ရလေရာ ၎င်း ညိုချောမကလေး၏ လှပကျယ်ဝန်းသော မျက်လုံးနှစ်လုံးတို့မှာ စံတလီ နှစ်ယောက် ကဲ့သို့ ရှိနေကြလေ၏ ။ ဘဆိုင်၏ မျက်လုံးများကလည်း ထို စံတလီ နှစ်ယောက် လစ်သည့် အခါတိုင်း နယ်နိမိတ်ကို ဖြတ်ကူးလေ၏ ။
သို့လျင်မြန်စွာ ဖြတ်ကူးရာ၌ပင် တစ်ခါတစ်ခါ ရင်ဆိုင်တိုးမိကြလေရာ စက္ကန့်ခြောက်ဆယ် တစ်မိနစ်ခန့် နီးနီး ယှဉ်ပြိုင်တိုက်ခတ်လျက် ကစားကြရလေ၏ ။ ထိုကဲ့သို့ ကစားရာမှ သူငယ်မလေး စံတလီ မျက်လုံးများ၏ အရှိန်ကို ကျော်ကာ ဘဆိုင် မျက်လုံး အရှိန်သည် ဒိုင်ဗင်ထိုး၍ တစ်ခါတစ်ခါ ဝင်ရလေ၏ ။ သို့ ဝင်သည့် အခါ တစ်ခါတစ်ရံ မှန်ရောင်တောက်သော ဝိုင်သား အင်္ကျီရင်စေ့ပေါ်တွင် ဖုတ်ခနဲ ကျ၏ ။ သို့သော်လည်း ကတ္တီပါမှီအုံး ခံ၍ ထားသလိုနေသောကြောင့် မနာရုံမက အရသာထူး ရှိသည်ဟု မှတ်ထင်ရ၏ ။
သို့စုံစမ်းရာ ၎င်းကတ္တီပါ ဖုံခံသော ရင်ပေါင်ကြောင့် စွဲခြင်းလား ၊ ထိမှန်ပြီး တလိမ့်ခေါက်ကွေး ကျစေသော ဖောင်းလှသော တင်ပါးကလေးများကြောင့် တပ်ခြင်းလား ၊ ပြည့်ဝပြေချော့ ဖြောင့်စင်းသွယ်ဖြူးသော ပေါင်များကြောင့် မက်ခြင်းလား ၊ ညွတ်ပျောင်းသော လက်မောင်းများကြောင့် စွဲခြင်းလား ။ လှသော ဦးခေါင်းကြောင့် ငြိခြင်းလား ၊ ဖြူစင်တောက်ပ ညီလှသော သွားများ ကြောင့် မိခြင်းလား ၊ မျက်ခုံး ၊ နှာတံ ပြုံးရန် ဟန်ပြင်၍ နေသည်နှင့် တူသော ပြည့်သော နှုတ်ခမ်းကလေးများကြောင့် ထိခြင်းလား စသည်ဖြင့် ဉာဏသမ္ပယုတ်နှင့် ယှဉ်ကာ ဝေဖန်စိတ်ဖြာ၍ နေလေရာ အချက်တိုင်း ပြောစရာ မရှိ ။ ဘာကြောင့်ရယ်လို့ မသိရ ။ မချည့်လှအောင် ထိရှိသော နှလုံးမှာ အချစ်ငြောင့်စူးသည်ကိုသာ သိရရှာ လေတော့သတည်း ။
ရင်းဘရန့် ဗျန်ဒိုက် ၊ ဦးဘာန် စသည့် ပန်းချီကျော်တို့၏ ကားများ၌ ကောင်းသော အချက်အလက်ကလေးတွေကို သိမြင်နိုင်သော အလှပညာရှိများအား ဤ ရူပါရုံမျိုးကို ပြရလျှင် အပြောရ ခက်လျက် သွက်ချာတော လည် ကြတော့မှာပဲဟု ဘဆိုင်၏ စိတ်၌ တွေးမိလေ၏ ။
ဣန္ဒြေကလည်း လွန်စွာရှိ ရိသဲ့သဲ့ ပြော၍ ဖြစ်သော အစားထဲကလည်း မဟုတ် ။ အသောက်ထဲကလည်း ဟုတ်မည် မထင် ။ အဘယ်ပုံ စရမည်ကို ဝတ်လုံဉာဏ် ရှိသမျှနှင့် အတွင် တွေးပြီး လင်တေး လေးတင်လျက် နေလေသတည်း ။
မီးရထား သွားသည်ကိုလည်း မသိ ၊ ရပ်သည်ကိုလည်း မသိ ၊ ဘာကိုမှ သတိ မထားနိုင်အောင် ဖြစ်လျက် မျက်လုံးများမှာလည်း ပြည်မြို့ ရောက်လျှင် ရောက်ခြင်း အရေးကြီးသော အမှုအတွက် ရုံးမှာ ကိစ္စများဖို့ ရှိသဖြင့် အိပ်မပျက်ရအောင် အိပ်မဟဲ့ဟု အောက်မေ့ခဲ့ရာ ကြောင်အိုကြီးနှင့် ခြောက်၍ သိပ်တောင် အိပ်တော့မည့် လက္ခဏာ မရှိ ။ မိန်းမကြီးမှာ တစောင်းခွေလျက် နေရာ မိန်းမကလေးမှာ မိခင်၏ တင်ပါးကို မှီရင်း မဂ္ဂဇင်းတစ်အုပ်ကို ဖတ်ရာမှ တစ်ခါတစ်ခါ စိုက်စူး၍ နေသော ဝတ်လုံတော်ရ၏ မျက်နှာကို ဝင်းခနဲ ဝင်းခနဲ လှန်၍ ကြည့်ပြီး လျင်မြန်စွာ စာကိုသာ ပြန်၍ စိုက်လေ၏ ။
ခက်ပါဘိတော့တယ် ။ ငါ ဘယ်ပုံ စရပါ့မလဲ ။ ဘာစာဖတ်သလဲဟု မေးလျှင် တော်မလား ၊ ဘယ်ကို သွားမလဲ မေးလျှင် နေရာကျပါ့မလား ၊ ဘယ်ကလဲလို့ မေးရ ကောင်းမလား စသည်ဖြင့် တွေးဆလျက်နေလေ၏ ။ ဘဆိုင်မှာ သက်သေများကို ပြန်လှန် စစ်မေးရာ၌ အရှိုက်ကို ထိုး ၊ အငိုက်ကို ချိုးတတ်သော်လည်း အချစ်နှင့် ပတ်သက်ရာမှာ ဤလို အခြင်း ၊ နခြင်းကြောင့် လူပျိုကြီး အဖြစ်နှင့် အစင်းသား နေခဲ့ရသည်မှာ သုံးဆယ် ကျော်ခဲ့လေ၏ ။
သည်တစ်ခါမှာကား လူ့ဘဝ၌ တစ်ခါမျှ မကြုံဖူးသော အဖြစ်မျိုး ဖြစ်လျက် နှလုံးမှာ သွက်သွက်ခါပြီး နှုတ်လျှာ၏ ညံ့ဖျင်းပုံကို နှလုံးက မခံချင် ဒေါပွလျက် ။ ရင်ဝမှာ ရုန်းရင်းဆန်ခတ် ဖြစ်၍ နေလေ၏ ။
ခက်နေပါပြီ ။ ဒီလိုနဲ့များ ဘူတာ တစ်ခုခုမှာ ဆင်းသွားရင် အဆက်ပြတ်ပြီ ၊ အမှန် ခက်တော့မှာပဲ ။ ရေငတ်တုန်း ရေပုံးကြိုး ပြတ်ကျပဲ ။ ရေတွင်းက ခရီးသည်လို ဖြစ်တော့မှာပဲ စသည်ဖြင့် တွေးခိုက်မှာ ဘူတာ တစ်ခုမှ အင်္ဂလိပ် ကပြားနှစ်ယောက် တက်၍ လာပြီး နီရဲသော မျက်လုံးများနှင့် သုံးယောက်သားကို မတ်တတ်ရပ်ကာ ခါးထောက်၍ ကြည့်နေကြလေ၏ ။ မိမိ၏ အိမ်ထဲသို့ မဆိုင်သူ ဝင်ရောက်နေသည်ကို တွေ့ရသော အမူအရာမျိုးနှင့် ကြည့်ခြင်း ဖြစ်လေရာ ဘဆိုင်မှာ ဒေါသနှင့် နှစ်ယောက်စလုံးကို ကျားလို အုပ်ချင်စိတ် ပေါ်သည်ကို ချုပ်၍ ထားရလေ၏ ။
၎င်းနောက် ညိုချောမကလေးကို မြင်ကြမှ ပြုံးသလို မျက်နှာထားပြီး သားအမိနှစ်ယောက် ရှိသော ဘက်မှာ ထိုင်ကြလေ၏ ။ ဘရန်ဒီပုလင်းကို ဒဘလျူစီနံရံမှာ ကပ်၍ ထောင်ထားကြ၏ ။ အရက်နံ့မှာ မွှန်၍ သွားလေ၏ ။
ဘဆိုင်မှာ အိပ်ဟန် ဆောင်လျက် မော့ကာ နောက်ကို မှီ၍ နေရင်း ၎င်းတို့ ပြောသော စကားများကို နားထောင်၍ နေလေ၏ ။
ဗမာမျက်နှာထဲက ဒါမျိုး ရှားတယ် ။ ဗမာနဲ့ မတော်ဘူး ။ သခင်များ အဖို့ရာ ဖန်တီးတာပဲ ။ ဒါမျိုးရှိလို့ သခင်များသည် တိုင်းပြည်မှာ နေရတာ သက်သာရာရတာပဲ ။
ချောတယ် ။
မြန်မာမျက်နှာ မဟုတ်ဘူး ။ မြန်မာနဲ့ မတူဘူး ။ မြန်မာ မဟုတ်ရင် ခင်ဗျားတို့က ဘာလို့ ပြောချင်သလဲဟု ဘဆိုင်က ငေါက်ခနဲ ခေါင်းထောင်၍ မေးလေ၏ ။
သူငယ်မကလေးကလည်း ကျွန်မ မြန်မာအစစ်ပါ ။ ကပြား မဟုတ်ပါဘူးဟု ဘဆိုင်ကို ကြည့်ကာ ပြုံးလျက် အင်္ဂလိပ်လို ပြောရာ ဘဆိုင်က ခေါင်းညိတ်လေ၏ ။ အင်္ဂလို ကပြားနှစ်ယောက်က မင်းကို ငါတို့ စကား မပြောဘူး ။ မင်းမှာ ဒုတိယတန်းလက်မှတ် ရှိသလားဟု ပြောလေ၏ ။
“ မင်းတို့ကော ရှိသလား ”
“ ဒါ မင်းနဲ့ မဆိုင်ဘူး ”
“ ခင်ဗျားတို့က လက်မှတ်စစ်လား ”
“ လက်မှတ်စစ် မဟုတ်ဘူး ။ ငါတို့ အစိုးရအရာရှိများ ဖြစ်တယ် ” ဟု တစ်ယောက်က ပြန်ပြောလေ၏ ။
ဆိုင် ။ ။ မင်း အစိုးရ အမှုထမ်းသားပေမဲ့ ငါ မင်းကို အရေးမစိုက်နိုင်ဘူး ။
မင်းက အရေးမစိုက်ပေမဲ့ ငါ့လက်သီးက ဟောဒီလို မင်းကို အရေးစိုက်တယ် ဟု တစ်ယောက်က ပြောရင်း ဘဆိုင်ကို လက်သီးနှင့် ထိုးလေ၏ ။
ဘဆိုင်သည် အချစ်စကား နှေးသော်လည်း လက်ဝှေ့ကောင်း ကျောင်းသား ဖြစ်ခဲ့ဖူးသည့်ပြင် နပန်းလည်း အတော် ကျင်လည်သဖြင့် နှစ်ချက်ဆင့်ကာ ပြန်၍ ထိုးပြီး အဘယ်ပုံ လုပ်သည် မသိရ ။ အင်္ဂလိပ်မှာ မှောက်ခုန် လဲကျလေ၏ ။
ထိုအခါ ဘဆိုင်သည် ဘရန်ဒီပုလင်းကို ဆွဲပြီး ကပ်လာသော အခြားတစ်ယောက် မျက်နှာကို တီးလိုက်လေ၏ ။ မျက်နှာ အတီးခံရသူမှာ အင်္ဂလိပ်လိုပဲ ဆိုရင်း မျက်နှာကို ပိတ်လျက် ပက်လက်လဲကျလေ၏ ။ တစ်ယောက်က ဝီစီကို မှုတ်၍ ရထားရပ်အောင် ကြိုးကို ဆွဲလေ၏ ။ ထို့နောက် ရုန်းရင်းဆန်ခတ် ဆက်၍ ဖြစ်ရာ ပုလိပ် များရော ၊ ပထမတန်းက အင်္ဂလိပ်များရော ၊ ကပြား ဂတ်ဗိုလ် လက်မှတ်စစ် ၊ ဖလိုင်းစတွယ်တွေပါ ရောက်လာကြပြီး ဖျင်ကြလေ၏ ။ အင်္ဂလိပ် တစ်ယောက်၏ မျက်နှာမှာ စုတ်ပြတ်လျက် တစ်ယောက်မှာ လဲ၍ နေသည်ကို တွေ့ကြရလေရာ လဲသူကို စီး၍ ထိုးနေသော ဘဆိုင်ကို တွဲထဲမှ ဆွဲချ၍ သွားကြလေ၏ ။ ဘဆိုင်မှာ စိတ်အတော် ခက်ထန်သူ ဖြစ်ရာ ဖဲယားဖိုက် ကို နားမလည် ၊ ကျားလို ဖြစ်၍ နေလေ၏ ။ မီးရထားအောက်သို့ ရောက်သောအခါ ဝိုင်း၍ ထိုးကြ ၊ ရိုက်ကြလေရာ ။ ဘဆိုင်မှာ အဘယ်ပုံ ဖြစ်၍ သွားသည် မသိ ။ နောက်တစ်နေ့ နံနက်မိုးလင်းမှ သတိရသောအခါ ဆေးရုံသို့ ရောက်၍ နေသည်ကို သိရလေတော့သတည်း ။
မိမိ၏ ဦးခေါင်းကို စမ်း၍ ကြည့်သောအခါ ပတ်တီးတွေ စီး၍ ထားသည်ကို သိရလေ၏ ။ ထိုအခါ ပြန်၍ စဉ်းစားလိုက်လေလျှင် ညဉ့်က ဖြစ်ပျက်ခဲ့သမျှကို ပြန်၍ သတိရပြီး ညိုညိုကလေး၏ မျက်နှာကို ကွက်ခနဲ မြင်လေ၏ ။
ထိုအခါ ချောက်ကမ်းပါးကြီးထဲ ကျ၍ သွားသကဲ့သို့ စိတ်အပျက်ကြီး ပျက်သွားလေ၏ ။ အကြောင်းမူကား တွေ့ရတော့မှာ မဟုတ်ဘူးဟု တွေးမိလေ၏ ။
ဟော ... နိုးလာပြီ ၊ မေမေ နိုးလာပြီ ဟု ပြောသော အသံကလေးကို ကြားရ၍ အားယူကာ ထလိုက်ရာ ခေါင်းရင်းဘက်မှ ကွေ့၍ လာပြီး ကျောကိုဖက်ကာ ခုတင်ပေါ်၌ တစောင်းထိုင်သော မိန်းမပျိုကလေး၏ ပြုံးရွှင်သော မျက်နှာသည် မိမိ၏ မျက်နှာကို စီး၍ ကြည့်နေသည်ကို တွေ့ရလေသတည်း ။
ဝတ်လုံတော်ရမင်း တော်တော် နေကောင်းရဲ့လား ဟု ပြုံးချိုစွာ မေးလေ၏ ။
ဘာမှ မဖြစ်ပါကလား ။ ဒါ ဘာဆေးရုံလဲ ။
လက်ပံတန်း ဆေးရုံပါ ။ ကျွန်မတို့လည်း စိတ်မချလို့ ပြည်ကို ဆက်မသွားဘဲ ဆင်းနေကြရတယ် ။ အခု ဝတ်လုံတော်ရမင်း ဖြစ်ကြောင်းကို စုံစမ်းလို့ သိကြပါပြီ ။ ဝတ်လုံတော်ရမင်းကို မတရားသဖြင့် ဝိုင်းရိုက်တဲ့ လက်မှတ်စစ်တွေ ဂါတ်ဗိုလ်တွေကို အခု အာမခံနဲ့ လွှတ်ထားတယ် ။ ကံကောင်းလို့ ဗမာရာဇဝတ်ဝန်ထောက်ကလေး တစ်ယောက် ညက ပါလို့ပေါ့ ။ သူတို့က လက်သည် မရှိ ၊ ဒဏ်ရာ မရှိ ၊ အစတုန်း လုပ်မလို့ ကြံတာ ။
ဟိုအကောင် နှစ်ယောက်ကော ။
အလကား မီးရထားခိုးစီးတဲ့ ကြမ်းပိုးတွေ ၊ ဒီအကောင် နှစ်ကောင်ကို ချုပ်ထားတယ် ။ တစ်ယောက်က ယစ်မျိုးဘက်က အလုပ်ပြုတ်တဲ့ အကောင်တဲ့ ။ ဟိုညက ဝတ်လုံတော်ရ မရှိရင် ဒီအကောင် နှစ်ကောင်ဟာ မူးယစ်ပြီး ကျွန်မတို့ကို ဘယ်လိုများ ရန်ရှာမလဲ မသိဘူး ။ လူဆိုးတွေလို့ ကြားတာပဲ ။
အခုလို ဂရုစိုက်တဲ့အတွက် ဒီတစ်သက်မှာ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်ပါဘူးဟု ပြောရင်း မိန်းမပျို၏ လက်ကို ဆုပ်ကိုင်လေရာ မိန်းမပျိုက ငြိမ်လျက် နေလေ၏ ။
ကျွန်မတို့ကလည်း အများကြီး ကျေးဇူးတင်ဖို့ ရှိပါတယ် ။
ကျုပ်အသက် ချမ်းသာတဲ့ အတွက် ဘယ်သူ့ကို ကျေးဇူးတင်ရမလဲ ။
မောင်ရင့်ကို ဘောင်းဘီဝတ်တွေ မှောင်ထဲမှာ ဝိုင်းလုပ်နေကြတော့ မောင်ရင့်နှမက မီးရထားတွဲတွေ ရှိသမျှမှာ ဗမာတွေကို လိုက်နှိုးခေါ်တာပဲ ။ ကံအားလျော်စွာ စုံထောက်ဘက်က ဝန်ထောက်ကလေး တစ်ယောက်ကို မောင့်နှမက နိုးမိရက်သား ဖြစ်နေတာကလား ။ တခြား ဗမာတွေကတော့ ဘာကပ်ဝံ့မလဲ ။ ဆင်းရဲသား ခရီးသည်တွေပေကိုး ။ အကြောင်းလည်း မသိကြ ၊ ဘောင်းဘီဝတ် မီးရထားအရာရှိတွေ ဆိုတော့ ကြောက်ရွံ့ကြတာပေါ့ ။
ဒီလိုဖြင့် ဒီကျေးဇူးကို ဒီတစ်သက်မှာ ဆပ်လို့ ဘယ်ကုန်နိုင်တော့မှာတုန်း ခင်ဗျား ဟု ပြောလေရာ မိန်းမကြီးက မောင်ရင် ကြည့်သာ ဆပ်ပါတော့လေ ။ အဒေါ်သမီးတော့ ဟု ပြုံးလျက် ပြောပြီး ထွက်၍ သွားလေ၏ ။ ထိုနေ့နံနက် ပြည်မြို့ရှိ အမှုကို သံကြိုးနှင့် ရက်ချိန်း တောင်းပြီး ရန်ကုန်သို့ ပြန်ကြရာ အင်္ဂလိပ် ကျောင်းဆရာမကလေး မလှစိန်သည် မိခင်နှင့် အတူ ဘဆိုင်ကို ရန်ကုန် သို့ ပြန်၍ ပို့ကြရာမှ ပြည်မြို့သို့ ပြန်ခွင့်မရဘဲ နေကြလေတော့သတည်း ။
▢ ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၃ )
No comments:
Post a Comment