❝ အမျက်ဆူး ❞
( ရဲသျှမ်း )
[ ၁ ]
ကျွန်တော့် ဒုရုံပိုင်ချုပ် ရုံးခန်းလေးထဲကို ဝင်လာတဲ့ သူ့ကို ကျွန်တော် ချက်ချင်းပဲ မှတ်မိလိုက်ပါတယ် ။ ကျွန်တော် ရုံပိုင်လေးဘဝက တွဲလုပ်ခဲ့ဖူးတဲ့ ရုံပိုင်ကြီးပဲလေ ။ ကျွန်တော် ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ပါ ။
“ ကျွန်တော် အငြိမ်းစား ရုံပိုင်ကြီးပါ ။ ပြည်ကို ဒီနေ့ထွက်မယ့် ရထားလက်မှတ် လေးစောင်လောက် ကူညီပါ ။ ကျွန်တော် ကတော့ ဝယ်မစီးတော့ဘူး ။ ဒီအတိုင်း ပြောစီးပါ့မယ် ”
သူ ကျွန်တော့်ကို မမှတ်မိဘူးလား ။ သူ မမှတ်မိတာကိုပဲ ချော်လဲရောထိုင်လိုက်ရမလား ။ ဒါမှမဟုတ် အတိတ်ကို နှိုးဆွ နှုတ်ဆက်လိုက်ရမလား ။
“ ရုံပိုင်ကြီး ထိုင်ပါဦး ။ ကျွန်တော် အဆင်ပြေအောင် စီစဉ်ပေးပါ့မယ် ”
သူ တန်းလျားလေးပေါ် ထိုင်နေချိန်မှာ သူ့ သွင်ပြင်ကို ကျွန်တော် အသေးစိတ် လေ့လာနေမိပါ တယ် ။ သူ တော်တော့်ကို နွမ်းလျ အိုစာနေပါပြီ ။ ကျွန်တော့်ကိုတော့ သူ မှတ်မိဖို့ ကောင်းပါတယ် ။ တစ်ဘူတာတည်းမှာ လနဲ့ချီ အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်ကို မေ့လျော့သွားတာ ကျွန်တော် နားလည်ရ ခက်နေပါတယ် ။ တကယ်ပဲ မမှတ်မိတော့တာလား ၊ မမှတ်မိချင်ယောင် ဆောင်နေတာလား သူမှပဲ သိမှာပါ ။ အခုတော့ သူ ကျွန်တော့်ကို မမှတ်မိဘူးလို့ပဲ ကောက်ချက်ချရတော့မှာပါပဲ ။ သူ မမှတ်မိတော့ပေမယ့် သူနဲ့ ကျွန်တော့် ဆက်နွယ်မှု အားလုံးကိုတော့ ကျွန်တော်က အသေးစိတ် မှတ်မိနေပါတော့တယ် ။
••••• ••••• •••••
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ခန့်က တိတိကျကျ ပြောရရင် ၁၉၉၃ ခု ၊ ဇွန်လမှာ တောင်ပေါ်ဒေသ ရထားလမ်းရဲ့အစ မြေပြန့်ဘူတာလေးမှာ ကျွန်တော် ဒုရုံပိုင် အဖြစ် ခေတ္တ တာဝန်ထမ်းဆောင် နေရပါတယ် ။ အမြဲတမ်း တာဝန်ကျ ဒုရုံပိုင်က ရထား မတော်တဆမှုနဲ့ ရာထူးက ရပ်စဲထားရတဲ့ အတွက် ကျွန်တော်က ဘူတာကြီး ကနေ လာဆင်းပေးရတာပါ ။ ရုံပိုင်ကြီးက အခု ကျွန်တော့်ရှေ့ တန်းလျားလေးပေါ် ထိုင်နေတဲ့ သူပါပဲ ။
အဲဒီအချိန်က အောင်ပန်း - ပင်လောင်းလမ်း ဖောက်နေချိန်မို့ ကျွန်တော် တာဝန်ကျ ဘူတာလေးမှာ သံလမ်းတွေ အပြောင်းအရွှေ့လုပ်ရပါတယ် ။ သင်္ဘောကြီးတွေနဲ့ ရောက်ရှိလာတဲ့ သံလမ်းတွေကို ရန်ကုန် ကနေ မြေပြန့်တွဲတွေနဲ့ ကျွန်တော်တို့ ဘူတာလေးကို ရောက်လာပါတယ် ။ အဲဒီ သံလမ်းတွေကို တောင်ပေါ် တွဲလို့ ခေါ်တဲ့ ဘရိတ်ကိရိယာ အပြည့်အစုံ တပ်ဆင် ထားတဲ့ တွဲပေါ် ပြောင်းတင်ရပါတယ် ။ တောင်ပေါ်တွဲ အဆင်သင့် မဖြစ်ပေးတဲ့အခါ မြေပေါ် ပုံရပါတယ် ။ ဘူတာရှေ့မှာ ‘ သစ်ကွင်း ’ လည်း လုပ်ထားတာမို့ ကုမ္ပဏီအသီးသီးက သစ်လုံး မျိုးစုံလည်း စုပုံထားပါတယ် ။ မြေပြန့်တွဲ ပေါ်က သံလမ်းတွေ ချပြီးတဲ့ အခါ သစ်လုံးတွေ ပြန်တင်ပြီး တစ်ခေါင်းချိတ် ( စက်ခေါင်း အပိုင်ထား/ သစ်တင်တွဲ အားလုံး ချိတ်ဆွဲ ) နဲ့ ထွက်ခွာရတာ ဖြစ်ပါတယ် ။
ဒီတော့ ဘူတာလေးက အရမ်း အလုပ်များပါတယ် ။ အလုပ်များသလို အဘက်ဘက်ကလည်း အဆင်ပြေလှပါတယ် ။ သံလမ်းတွေ တင်ထားတဲ့ မြေပြန့်တွဲတွေ ဘူတာကို ရောက်လာတာနဲ့ သစ်လုံးတင်တဲ့ ကလပ်လို့ ခေါ်တဲ့ ဂဏန်းလက်မ စက်ယန္တရားကြီးတွေနဲ့ သံလမ်းတွေ တွဲပြောင်း ( သို့မဟုတ် ) မြေပုံရပါတယ် ။ ဒီအခါမှာ သံလမ်းတင် တွဲပေါ်က ဇင်တုံး အဖြစ် အသုံးပြုတဲ့ ဇလီဖားတုံးအဟောင်းတွေ တစ်တွဲကို ၁၂ တုံးခန့် ပါလာတတ်ပါတယ် ။ ရုံပိုင်ကြီးနဲ့ စောစောက ရာထူးရပ်စဲ ခံထားရတဲ့ ရုံပိုင်လေးတို့ ကိုယ်တိုင် အပြင် မိသားစုတစ်စုလုံး ဖားတုံးတွေကို အလုအယက် ထမ်းပိုးပြီး အိမ်ကို သယ်ကြပါတယ် ။ သံလမ်းအလုပ်သမားတွေ ၊ ဝန်ထမ်းငယ် ဖြစ်တဲ့ လမ်းခွဲကိုင်တွေက ငေးကြည့်နေရလောက်အောင်ကို အလုအယက် အော်ဟစ် သယ်ယူကြတာပါ ။ ကျွန်တော်ကတော့ ဘူတာလေး ထဲမှာ တစ်ဖက်တစ်ချက်က ရောက်လာမယ့် ရထားတွေ အတွက် လမ်းရှင်း အပေးအယူ လုပ်ရင်း အလုပ်တွေနဲ့ ရှုပ်ထွေး နေတတ်ပါတယ် ။ သူတို့ ဖားတုံးလုပွဲကြီး ပြီးပြီ ဆိုရင်တော့ ကျွန်တော်က ရောက်ရှိလာတဲ့ သံလမ်း အရေအတွက် တွဲနံပါတ် တစ်တွဲချင်း တိုက်ဆိုင် စစ်ဆေး လယ်ဂျာသွင်း ၊ တောင်ပေါ် ပြန်တင်တဲ့ တွဲနံပါတ်နဲ့ သံလမ်း အရေအတွက် စာရင်း လုပ်တော့လည်း အားလုံးကို ကျွန်တော် လုပ်ရတာပါပဲ ။ အဲဒီအချိန်မှာ ရုံပိုင်ကြီးက ဖားတုံး ထမ်းရလို့ အမောဖြေနေတာပါ ။ အညာဒေသမို့ ဇွန်လရဲ့အပူချိန် ပြင်းထန်လွန်းတော့ သူ့ခမျာ မောရှာမှာပါပဲ ။ မြေပြန့်တွဲတွေကနေ သံလမ်းတွေ ချပြီးတဲ့အခါ သစ်လုံးတွေကို ကလပ်ကြီးတွေနဲ့ ပြန်တင်ပြီး ရန်ကုန်ကို ( အဲဒီကနေ သင်္ဘောကြီးတွေဆီ တင်မှာပါ ) တစ်ခေါင်းချိတ် သစ်လုံးရထားကြီး ထွက်ခွာဖို့ စီစဉ်ရပါတယ် ။ တွဲတွေကို လမ်းခွဲကိုင် နှစ်ယောက်နဲ့ ဖွဲ့ဆင် ၊ ပုံမှန်ရထားတွေ အန္တရာယ်ကင်း ၊ ကြန့်ကြာမှု မရှိအောင် ဆောင်ရွက်နဲ့ ကျွန်တော် မနားတမ်း လှုပ်ရှားနေချိန်မှာ ရုံပိုင်ကြီးက သစ်ကုမ္ပဏီဝန်ထမ်းတွေကို အိမ်ပေါ် ခေါ်ထားပြီး တန်ဆာဆွဲပါတယ် ။ သစ်လုံး တန်ဆာဆွဲတာကို သူက အိမ်ပေါ်မှာ လုပ်ပါတယ် ။ ဘူတာထဲမှာ မလုပ်ပါ ။
“ ရုံပိုင်လေးရာ တစ်တွဲကို တန်ဆာတစ်စောင် ဆွဲရတာ ၁၆ တွဲ ဆိုတော့ လက်ကို အံသေရော ။ အလကားပါဗျာ ။ ဘောလ်ပင်မင်ကုန် ၊ ကာဗွန်ကုန်တာပဲ အဖတ်တင်တယ် ”
ကျွန်တော် ရယ်နေလိုက်ပါတယ် ။ ကုမ္ပဏီက လူတွေနဲ့ ကျွန်တော် သစ်လုံး တင်နေတဲ့ အချိန်မှာ စကားပြောဖူးပါတယ် ။ သူတို့က ဘူတာဝန်ထမ်းတွေကို Service အနေနဲ့ တစ်တွဲတစ်ထောင် ပေးထားတယ်လို့ ဆိုပါတယ် ။
ရာထူး ရပ်စဲခံရတဲ့ ရုံပိုင်လေးကလည်း ညနေ ငွေစာရင်းပိတ်ချိန်မှာ ဘူတာကို တက်လာပြီး နေ့စဉ် ဝင်ငွေစာရင်းကို လှန်လှောကြည့်ရှုပါတယ် ။ အဲဒီအခါမှာ ရုံပိုင်ကြီးက ပျာပျာသလဲ ဖြစ်နေတတ်ပြီး နောက်တော့လည်း သူတို့ချင်း ရယ်လို့မောလို့ ချစ်ကြည်ရေးရ ပြေလည်သွားပါတော့တယ် ။
ကျွန်တော်က ဘူတာကြီး ကနေ ဘူတာလေးကို ခေတ္တ လာဆင်းရတာမို့ စားအိုးစားခွက် မပါ ၊ ပါဦးတော့လည်း ချက်ပြုတ်စားဖို့ အဆင် မပြေပါဘူး ။ ဒါ ကြောင့် ရန်ကုန် - ရွှေညောင် ရထားနဲ့ ကျွန်တော့် ဇနီးသည်က ထမင်းချိုင့် ထည့်ပေးတတ်ပါတယ် ။ အဲဒီ ရထားက ဘူတာလေးမှာ မရပ်ပါဘူး ။ ဂါတ်ဗိုလ်ကြီးက ထမင်းချိုင့်ကို တွဲလောင်းချ ရမ်းပြတာကို ကျွန်တော်က ဆီးဖမ်းရတာပါ ။ တစ်ရက်ကျတော့ ရန်ကုန် ရထားက တော်တော် နောက်ကျပါတယ် ။ နေ့လယ် ၂ နာရီလောက် အထိ ဘူတာကြီး ကိုတောင် မရောက်သေးပါဘူး ။ ကျွန်တော် နေ့လယ်စာ တော်တော် လွန်နေပါပြီ ။ တောဘူတာလေး ဖြစ်တာမို့ ဝယ်စားစရာ ဆိုင်လည်း မရှိပါ ။ ကားလမ်းဘက်မှာ လက်ဖက်ရည်ဆိုင်လေး ရှိပြီး မနက်ခင်း တစ်ချိန်လေးသာ ဖွင့်တာမို့ ကျွန် တော့်မှာ ဗိုက်ဆာဆာနဲ့ ငြိမ်ကုပ် နေရပါတယ် ။ ဒီအချိန်မှာ ရုံပိုင်ကြီး ခေါင်းအုံးတစ်လုံး ပိုက်ပြီး ဘူတာထဲ ဝင်လာပါတယ် ။
“ ရုံပိုင်လေး ထမင်းချိုင့် ရောက်ပြီလား ”
“ ရထား မလာသေးဘူး ။ ကျွန်တော်တော့ အူလိမ် နေပြီဗျာ ”
“ အင်း အင်း ၊ အိမ်ထဲက အရမ်းပူတယ်ဗျာ ။ ဒါကြောင့် ဘူတာထဲ အိပ်မလို့ ဝင်လာတာ ”
ကျွန်တော် တန်းလျားလေးပေါ် လှဲနေရာက အလိုက်တသိ ထပေးလိုက်ရပါတယ် ။ ကျွန်တော် တစ်ညလုံး တာဝန်ထမ်းဆောင်ထားတာမို့ သက်သောင့်သက်သာ အနားယူဖို့ လိုအပ် နေပေမယ့် တစ်ခုတည်းသော တန်းလျားလေး ပေါ်ကနေ စိတ်လက်ပေါ့ပါးစွာပဲ ဖယ်ရှားပေးနိုင်လိုက်ပါတယ် ။ အဲဒီနေ့က ရထား ညနေ ၆ နာရီလောက်မှ ရောက်လာတာမို့ နေ့လယ် စာနဲ့ ညစာ ပေါင်းစားလိုက်ရပါတယ် ။ ကျွန်တော် အံ့သြတာက သူ ကျွန်တော့်ကို ထမင်းတစ်နပ် ကျွေးဖို့ စိတ်မကူးနိုင်တာကိုပါပဲ ။ ဟန်ဆောင်ပြီးတော့တောင် ပဋိသန္တာရစကား မဆိုပါ ။ သူ ထမင်းကျွေးလည်း ကျွန်တော်က စားမှာလည်း မဟုတ်ပါ ။ သူတို့ က အမဲသားကို စုံစုံမက်မက် စားနေတာကို ကျွန်တော်က သိနေပါတယ် ။ ဘူတာကို လာရောင်းတဲ့ အမဲသားသည် ဆီက သူတို့ နေ့စဉ် ဝယ်တာ မြင်နေရတာကြောင့် လည်း ဖြစ်ပါတယ် ။
ဒီလိုနဲ့ပဲ ဘူတာလေးမှာ နေ့နေ့ညည နှစ်လကျော် အလုပ်ဆင်းပြီး လမ်းဖောက်ရေး စီမံကိန်း ပြီးတဲ့ အခါ ဘူတာကြီး ဆီကို ကျွန်တော် ပြန်ရပါတယ် ။ ဘူတာလေးဆီကို နောက်ထပ် ဒုရုံပိုင်အသစ် ထပ်ရောက်လာလို့ပဲ ဖြစ်ပါတယ် ။ ကျွန်တော် မှတ်မိနေတာက သံလမ်းတွဲပေါင်း ၁၅ဝ ကျော်မို့ သစ်လုံးတွဲလည်း ၁၅ဝ ကျော် တင်ပို့ပေးနိုင်လိုက်တာပါပဲ ။
နောက်တစ်လလောက် ကြာပြီးတဲ့အခါ ဘူတာလေးရဲ့ အမင်္ဂလာ သတင်းတွေကို မကြားလိုဘဲ ကြားနေရပါတယ် ။ ရုံပိုင်ကြီးရဲ့ ခယ်မလေးက ဘူတာရှေ့ သစ်ကွင်းမှာ ရုံပိုင်ကြီးရဲ့ သမီးငယ်လေးကို ထိန်း ရင်း သစ်လုံး ပြိုကျပိပြီး ပွဲချင်းပြီး သေသွားတာပါ ။ ရုံပိုင်ကြီးရဲ့ သမီးလေး ကတော့ ကံကောင်းထောက်မစွာ လွတ်သွားပါတယ် ။
နောက်ရောက်လာတဲ့ ဒုရုံပိုင်က ရာထူးရပ်စဲ ခံရတဲ့ ရုံပိုင်လေးကို ဘူတာလုပ်ငန်းတွေ ဝင်ရောက် မစွက်ဖက်ဖို့ တားဆီးတာမို့ ရုံပိုင်ကြီးမှာ လက်ရှိ ရုံပိုင်လေးနဲ့ သူ မလွန်ဆန်နိုင်တဲ့ ရာထူးရပ်စဲ ခံထားရတဲ့ ရုံပိုင်လေး ကြားမှာ ဗျာများနေတော့တာပါပဲ ။ ရာထူး ရပ်စဲခံရတဲ့ ရုံပိုင်လေးကလည်း ဘယ်လို အညှာ ကိုင်ထားလဲ မသိပါ ။ သူ့ခမျာ မရုန်းသာ မဖယ်သာနဲ့ သောက ခြေရာတွေ ထပ်နေတယ်လို့ ကဗျာဆန်ဆန် ဆိုရမှာပါပဲ ။
နောက်ထပ် ကြားရတာက သူ့တတိယဇနီး ( ပထမ ၊ ဒုတိယတွေက ဘယ်ဆီ ရောက်နေလဲတော့ မသိပါ ။ ) ဆေးရုံတက်ရတာပဲ ဖြစ်ပါတယ် ။ ပုသိမ်မှာ ဆေးရုံတင်တာမို့ သူ အမြန်သွားရောက်ဖို့ တိုင်းအရာရှိတွေဆီမှာ မရမက ခွင့်တောင်းပါတယ် ။ ဒီအချိန်မှာ လက်ရှိ ရုံပိုင်လေးကလည်း ရာထူးတိုးမြှင့် ဖြေဖို့ မန္တလေးကို ရောက်နေပါတယ် ။ မဖြစ်မနေ ခွင့်ပေးရမယ့် ကိစ္စ ဖြစ်နေတာကြောင့် တိုင်းရုံးက သူ့ကို ခွင့်ပေး ပြီး ကျွန်တော့်ကို ခေတ္တ သွားရောက်ဆင်းဖို့ လွှတ်ပါတယ် ။ ကျွန်တော့်မှာ ဘူတာကြီးကနေ ညဂျူတီ အပြီး မနားရဘဲ ဘူတာလေးဆီ ထွက်လာရတော့တာပေါ့ ။ ကျွန်တော် ဘူတာ ရောက်တော့ သူ အထုပ်အပိုး ပြင်ဆင်ပြီး ရထားကြုံတောင် မစောင့်ဘဲ ကားကြုံနဲ့ ဘူတာကြီးဆီ လိုက်သွားပါတယ် ။ မနက် ရထားနဲ့ ရန်ကုန် ဆင်း ၊ ရန်ကုန်ကမှ ပုသိမ်ကို ခရီးဆက်ရမှာလို့ ဆိုပါတယ် ။
ကျွန်တော် ဘူတာလေး ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘူတာကြီးဆီ ကနေ သစ်လုံးတင်ဖို့ တွဲလွတ် ရထားလာဖို့ လမ်းရှင်းတောင်းပါတယ် ။ တွဲလွတ် ရထားက အနည်းဆုံး ၁၅ တွဲလောက်ပါမယ် ။ သစ်လုံးတွေ တင်ပြီးရင်တော့ ... ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ထိတ်ခနဲ ဝမ်းသာသွားတာပါ ။ ကျွန်တော့် အလှည့်မှာတော့ ဘူတာဝန်ထမ်း အားလုံး မျှတစေရမယ်လို့ စိတ်ကူးဖဲ ရိုက်နေမိပါတယ် ။ သစ်လုံးတင်ဖို့ တွဲလွတ် ရထားကြီး ဘူတာလေးဆီ ဝင်လာချိန်မှာ ကျွန် တော် တက်ကြွစွာပဲ တွဲစာရင်းတွေ မှတ်နေလိုက်ပါ တယ် ။
ဟောဗျာ ၊ နောက်ဆုံးတွဲမှာ သူ ၊ ရထားရပ်တော့ အိတ်ကြီး ဆွဲလျက် ဘူတာထဲ ဝင်လာပါတယ် ။ ဘာများ ကျန်ရစ်ခဲ့လို့ ပြန်ယူတာလဲ ။ ဒါမှမဟုတ် ခွင့်မသွားဖြစ်တာလား ။ ကျွန်တော့်မှာ ပဟေဠိတွေနဲ့ ပြည့်သိပ်ကျပ်ခဲနေပါပြီ ။
“ ရုံပိုင်ကြီး ဘာဖြစ်လို့လဲ ”
“ မနက်ဖြန်မှ ခွင့်သွားတော့မယ် ။ ရုံပိုင်လေး ပြန်ပါ ။ မနက်ဖြန် စောစောလေး ပြန်လာပေးပါ ”
ကျွန်တော် ဘာမှ ပြန်မပြောနိုင်အောင်ကိုပဲ ဆွံ့အသွားပါတယ် ။ တိုင်းရုံးက ခွင့်ပေးဖို့ ခက်ခဲနေချိန်မှာ ဇနီးသည် အသည်းအသန် ဖြစ်နေလို့ ဆိုပြီး သည်းသည်းလှုပ်လှုပ် ခွင့်တင်သူတစ်ယောက်က ခုတော့ဖြင့် သစ်လုံးတင် ရထားကြီးလည်း ရောက်လာရော ခွင့်တစ်ရက် နောက်ဆုတ်လို့ သွားပါတယ် ။ ကျွန်တော် သူ့စိတ်ကို ဖတ်မိလိုက်ချိန်မှာ လောဘ ဆိုတာကြီးက ထုထည်အပြည့် စီးစီးပိုးပိုး နေရာယူနေတော့တာပါ ။
••••• ••••• •••••
[ ၂ ]
ကျွန်တော် လက်မှတ်ရုံကို ဖုန်းဆက်ပြီး သူ့အတွက် လက်မှတ်စီစဉ်ပေးပါတယ် ။ အထက်တန်း လက်မှတ် စီစဉ်ပေးတာကို လက်မခံပါ ။ ရထားခ မတတ်နိုင်ဘူး ၊ ရိုးရိုးတန်းပဲ စီစဉ်ပေးပါ ၊ သူ့အတွက်တော့ ပြောစီးမယ်လို့ ဆိုပါတယ် ။
“ ရုံပိုင်ကြီး အတွက် ကျွန်တော် လက်မှတ် ဝယ်ပေးလိုက်ပါ့မယ် ။ ဒီအတိုင်း မစီးပါနဲ့ ။ ပြောစီးလို့လည်း မရပါဘူးဗျာ ”
သူ့မျက်နှာ ကွက်ခနဲ ပျက်သွားပါတယ် ။
“ ရပါတယ် ဝယ်စီးရုံပေါ့ဗျာ ”
သူ သိပ်တော့ ကျေနပ်ပုံ မရပါ ။
ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် ကြည့်ပြီး
“ ရုံပိုင်ကြီးနဲ့ ကျွန်တော် အောင်ပန်း - ပင်လောင်းလမ်းသစ် သံလမ်းစီမံကိန်းမှာ တစ်ဘူတာတည်း နှစ်လလောက် အတူ ဆင်းဖူးတယ်လေ ။ မမှတ် မိတော့ဘူးလား ”
သူ ကျွန်တော့်ကို မကြည့်ဘဲ ခေါင်းယမ်းပါတယ် ။
“ ကျွန်တော့်ကို မမှတ်မိဘူး ဆိုရင် ကိုချစ်သောင်း ကိုတော့ မှတ်မိသေးလား ”
“ ဟာ .. သိပ်မှတ်မိတာပေါ့ ။ အတူတူ လက်တွဲခဲ့တာပဲလေ ”
အို ... ကျွန်တော့် အံ့အားသင့်မှုက ဟိုးထိပ်ဖျားဆီ ရောက်သွားတော့တာပါပဲ ။
တာဝန်ပေါ့လျော့ ရာထူး ရပ်စဲခံထားရပြီး သူ့ ကဲ့သို့ပဲ ကျင့်ကြံနေထိုင်တဲ့ ၊ သူ မရှောင်လွှဲနိုင်တဲ့ ရုံပိုင်လေး ကိုချစ်သောင်း ကိုတော့ သူ့ရင်ထဲ ၊ နှလုံးသားထဲ စွဲနေတဲ့ပုံပါပဲ ။ သူ့ကို လုံးဝပြဿနာ မရှာ ၊ အခွင့်အရေး ဆိုတာကို မသိကျိုးကျွံ နေခဲ့ပြီး လုပ်ငန်းတာဝန် တစ်ခုတည်းပဲ အာရုံ ထားခဲ့တဲ့ ကျွန်တော့်ကို သူ အမျက်ရှိပုံ မရပါ ။ ဒါကြောင့်လည်း ကျွန်တော်ဟာ သူ့ ရင်ထဲမှာ မရှိတာကြောင့် မမှတ်မိတာလို့ ထင်းခနဲ နားလည်လိုက်ချိန်မှာ ... ။
ကျွန်တော်ကတော့ သူနဲ့ ပတ်သက်လို့ အသေးစိတ် မှတ်မိနေပြန်ပါရော ။ သေချာပါပြီ ။ ကျွန်တော့် ရင်ထဲမှာ အမျက်ဆူးကလေး စူးစူးနစ်နစ် အခု ထက်ထိတိုင် ရှိနေခဲ့တာ နေမှာပါလေ ။
▢ ရဲသျှမ်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အောက်တိုဘာလ ၊ ၂၀၁၀

No comments:
Post a Comment