Sunday, April 12, 2026

အငြိုးကြီးနဲ့

 ❝ အငြိုးကြီးနဲ့ ❞ 

     ( ပီမိုးနင်း )


မောင်လှသည် မယ်ခနှင့် ကျောင်းနေဖက် ဖြစ်လေ၏ ။ အတူတူ ကျောင်းမှ ထွက်၍ နွေဥတုကျောင်းပိတ်သောအခါ၌ပင် အတူတူ ရန်ကုန်မှ မီးရထား တစ်တွဲတည်း အတူ အိမ်သို့ ပြန်ကြလေ၏ ။ ထိုမျှမက လက်ပံတန်း မြို့တွင် အိမ်နီးချင်း ဖြစ်ကြလေ၏ ။


သို့ဖြစ်လေရာ တစ်ယောက်နှင့် တစ်ယောက် တစ်နေ့ မတွေ့ရလျှင် အနှစ်တစ်ရာ တစ်ကမ္ဘာလောက် ကွဲ၍ နေသကဲ့သို့ မှတ်ထင်လောက်အောင် အချစ်သန် ကြလေ၏ ။


အချစ်၏ လမ်းသည် အခါခပ်သိမ်း ချောသည် မဟုတ်ကြောင်းကို နှစ်ယောက်စလုံး သိကြသဖြင့် အစစ အရာရာ၌ လွန်စွာမှ သတိထားကြလေ၏ ။ သတိထားလျက်နှင့်ပင် အချစ်ကြီး အမျက်ကြီး ဟူသော စကားမျှ မက အချစ်ကြီး အငြိုးကြီး ဟူသော အနေသို့ ရောက်ခဲ့ကြသည်မှာ အဘယ်အတွက်ပေနည်း ။ 


နှစ်ယောက်စလုံး အသိအလိမ္မာ ရှိကြသော ကောလိပ်ကျောင်းထွက်များ ဖြစ်ကြရာ ၎င်းတို့အား မည်သူမျှ တရားပြဖို့ရန် လမ်းအခွင့် မရှိပေ ။ မိမိတို့ လမ်းကို မိမိတို့ သိကြလေ၏ ။


ကြိုးချင်းထား ကြိုးချင်းငြိ ၊ အိုးချင်းထား အိုးချင်းထိ ဟူသော စကား ရှိ၏ ။ ၎င်းတို့မှာ အိမ်ချင်းယှဉ်လျက် မယ်ခ၏ ပြတင်းပေါက်နှင့် မောင်လှ၏ ပြတင်းပေါက် စပ်ကြား ခြံစည်းရိုး တစ်ခုသာ ခြားသဖြင့် လွန်စွာ နီးကပ်ကြလေရာ ကြိုးချင်း ငြိရာ၌ တစ်ခါတစ်ရံ အထုံးအရစ် ဖြစ်တတ်၍ အိုးချင်း ထိရာ၌ အက်တတ်သည်ကို လည်းကောင်း သတိ မထားမိကြပေ ။ သို့ဖြစ်လေရာ ပူအိုက်သော နွေဥတု၏ သာယာသော မျက်နှာပြင်မှာ မြူထလာမဆို့ခင် အခြေကျ စီမံရန် ပြင်ဆင်ဆဲ၌ပင် ကြိုးချင်း ထိရာမှ ထုံးထစ်လျက် ။ အိုးချင်း ထိရာမှ အက်သလို ဖြစ်ကြရသည်ကား မယ်ခ ကိုယ်တိုင်က မောင်လှကို လုံးလုံးကြီး အတွေ့ မခံဝံ့သော အခြေအနေသို့ ရောက်၍ လာလေ၏ ။


မောင်လှသည်ကား မျက်နှာကို ပြောင်ပြောင်ကြည့်ကာ လိုချင်သောစိတ် ပေါ်၍ နေသည်မှာ ကောလိပ်၌ နေစဉ် လက်ဝှေ့ဘက်ကို အတော် လိုက်စားခဲ့ခြင်းကြောင့် ဖြစ်လေ၏ ။ သို့ဖြစ်လေရာ ပါရင်းစွဲ ဝါသနာသည် အရေးကြုံလျှင် ပေါ်တတ်သဖြင့် ထိုးဖို့သာ ပထမဆုံး စိတ်ကူးရတတ်သော အလေ့အတိုင်း မယ်ခနှင့် ယခုလို ထုံးထစ်ခြင်း ၊ အက်ခြင်း ဖြစ်သော အခါမှာလည်း အထိုး ကိုသာ သတိရလေ၏ ။ ကျောင်းမှာ နေစဉ်ပင် ကစားကြရာ၌ စိတ် အခန့် မသင့်သည့်အခါ ကောင်မကလေး ငါ ထိုးလိုက်ရလို့ဟု ပြောလေ့ ရှိလေ၏ ။


မယ်ခသည် ထိုကဲ့သို့ ပြောသည့်အခါ ကြောက်ရွံ့၏ ။ ယခုမှာ သာလွန် ကြောက်ရွံ့လျက် ။ အတွေ့မှ မခံတော့ပေ ။


သို့သော်လည်း နှစ်ယောက်စလုံး အဖြစ်အပျက်ကို သေချာစွာ စဉ်းစားကြသောအခါ တစ်ယောက် အပေါ်၌ တစ်ယောက် အပြစ် ရှာ၍ မရ ။ နှစ်ယောက်စလုံး မာန ရှိကြသဖြင့် တစ်ယောက်ကို တစ်ယောက် နိုင်ချင်သော စိတ် မကင်းခြင်းသာ ရှိကြောင်း အပြစ်ရှာ၍ ရလေ၏ ။ နှစ်ယောက် စလုံးမှာ ထိုစိတ်ကို နှစ်ယောက် စလုံးပင် အသိ ဖြစ်လေ၏ ။ သို့ဖြစ်ကြရာ မျက်နှာချင်းဆိုင်ရင်း ဆူခနဲ ပွက်ခနဲ ဖြစ်ဖို့ အခြေအနေသို့ ရောက်၍ နေကြလေ၏ ။


အဘယ်မျှပင် အချစ်သန်သော်လည်း တစ်ယောက်ကို တစ်ယောက် နိုင်လိုသော မာနကား ဖျောက်ဖျက်၍ မရပေ ။


မယ်ခသည် အိမ်တွင်းမှ အိမ်ပြင်သို့ မထွက်ဘဲ နေလေ၏ ။ မောင်လှသည်ကား မကျေမချမ်း ဖြစ်၍ နေလေ၏ ။ မိမိ အပေါ်၌ မခံနိုင်အောင် ပြုပြီးမှ အတွေ့မခံဘဲ နေခြင်းသည် အပါးအနပ် အလိမ္မာပိုခြင်းဟု သဘောရလေ၏ ။


တစ်ရက် နှစ်ရက် အတွင်း ကလဲ့စားချေဖို့ရန် အခဲမကျေဘဲ နေလေ၏ ။


မောင်လှသည် မယ်ခ၏ အိမ်သို့ သွားသော်လည်း ခေါ်ပြောနှုတ်ဆက် အချစ်နှင့် ဝင်းလက်သော မျက်နှာကို မမြင်ရတော့ပေ ။


မယ်ခမှာကား မောင်လှ၏ အသံကို ကြားသော်လည်း အပြင်သို့ မထွက် ။ မိမိ၏ အခန်းထဲ၌သာ ငြိမ်သက်စွာ နေလေတော့သတည်း ။


ထိုသို့ နေသော်လည်း မတွေ့လျှင် မနေနိုင်သော စိတ်က အတွင်း၌ ကုန်းကာထသဖြင့် အနိုင်အထက် ဖိနှိမ်၍ ထားရလေ၏ ။ သို့ဖိနှိပ်ကာ သည်လောက် ကဲလှတယ် ၊ မှတ်အောင် ထားလိုက်ဦးမယ် ။ အတွေ့ကို မခံဘူးဟု အံကြိတ်ကာ တီးတိုးပြောလေ၏ ။


သို့ပင် နေသော်လည်း မရပေ ။ အစိုးရသော အချစ်သည် နှိုးဆွလျက် နေပေ၏ ။ သို့ဖြစ်လေ၏ ။ သို့ဖြစ်လေရာ ညတစ်ည၌ မိမိ အခန်းပြတင်းပေါက်ကို ဖွင့်ကာ မောင်လှ၏ အခန်းပြတင်းပေါက်ကို စိုက်ကာ ကြည့်၍ နေလေ၏ ။ မောင်လှ၏ အခန်းပြတင်းပေါက်မှာ အနည်းငယ်မျှ ဟ၍ နေလေ၏ ။ အတွင်း၌ မည်းမှောင်၍ နေသည်ကို မယ်ခ မြင်ရလေ၏ ။


အိမ်ထဲမှာ မရှိဘူး ထင်ပါရဲ့ ။ ဘယ်ကိုများ အပျော်အပါး သွားနေပါလိမ့်မလဲဟု တွေးလေ၏ ။ မောင်လှ၏ မိဘနှမများမှာ အိမ်ရှေ့ပန်းခြံ၌ ထိုင်ကာ ရယ်မောစကား ပြောဆိုလျက် နေကြလေ၏ ။


ကိုလှ ငါ့ကို မတွေ့ရလို့ စိတ်များ ပျက်နေရှာပလား ။ အခုအနေ ပြတင်းပေါက်ကို ဖွင့်ကြည့်ရင် သူ့မျက်နှာကို မြင်ရမှာပဲ စသည်ဖြင့် တွေး၍နေလေ၏ ။ 


သို့တွေးရာမှ နောက်သို့ လှည့်ကာ လသာမှန်အိမ် အောက်၌ ရပ်လျက် ကိုယ်လုံးပေါ် မှန်ကြီး၌ မိမိကိုယ်ကို မိမိ ကြည့်လေ၏ ။ သို့ကြည့်ရာ ဝိုင်သားအင်္ကျီအောက် ဇာဘော်လီနှင့် ရွှေရောင်အသား ပြည့်ပြည့်ဖြိုးဖြိုးတို့မှာ တုန်လှုပ်စွာ ရောစပ်လျက် မိမိ၏ ကိုယ် တစ်ကိုယ်လုံးမှာ အရည်လည်သော ကျောက်မျက်ရတနာလို ဖြစ်၍ နေသည်ကို မြင်ရလေ၏ ။ ပိုးတွန့်လုံချည်အနီသွေးမို့ ဥဿဖယားရောင် ဝိုင်သားအင်္ကျီနှင့် ဟပ်လိုက်သောအခါ လွန်စွာကြည့်၍ ကောင်းသဖြင့် အခုအနေများ သူ တွေ့ရရင် ငါ့ကို ဘယ့်နှယ့်လုပ်မလဲ ။ ကြိမ်းဝါးတာတွေကို မေ့ပြီး ဧကန် သူ ပွေ့ယူ ပြေးမှာပဲ ။ သူ့ရင်ဘတ်က ကြီးကြီးကျယ်ကျယ် ၊ သူ့လက်မောင်းများက ကျောက်သားလို ချောပြီး သံမဏိလိုမာ ၊ အကြောအသားတွေ ကြွယ်ဝပြီး လှိုင်းထ၍ နေတာမို့ ။ သူ တအား ဖျစ်လိုက်ရင် သူ့လက်မှာ ငါ့ကိုယ်ဟာ ကြွေမွသွားမှာပဲ ထင်ပါရဲ့ စသည်ဖြင့် တွေး၍ နေလေ၏ ။


ထိုအခိုက် ရှူးခနဲ မြည်ပြီး အရောင်တောက်သော မြွေကဲ့သို့ ရှည်သော အရာတစ်ခုသည် အေးအေးစက်စက် ထက်ထက်မြက်မြက် ရင်ဘတ်ကို တံခါးကြားမှ ခုန်လာ၍ တိုးပြီး တံခါးတစ်ရွက်လုံး ပွင့်၍ လာလေ၏ ။ ပထမ ဝင်၍ လာသောအရာ မြွေဖြစ်လျှင် ဝင်လိုက်၍ လာသော မောင်လှသည် မြွေအလမ္ပယ်ဆရာ ဖြစ်ဖွယ်ရာ ရှိလေ၏ ။ မီးရောင်တွင် တောက်ပသော ကြေးဝါပြွတ်ကြီးကို ကိုင်၍ လာသောကြောင့်သာ မြွေအလမ္ပယ်ဆရာ မဟုတ် ၊ သင်္ကြန် ရေလောင်းလာသူ ဖြစ်ကြောင်း သိရလေတော့ သတည်း ။


“ ကိုင်း .. မယ်ခ ၊ မင်း ရှောင်လို့ လွတ်သေးရဲ့လား ။ တစ်နေ့က အိပ်နေတုန်း လာလောင်းသွားပြီး အပါးနှပ် တာပေါ့လေ ။ အပြင်တောင် မထွက်ဘူး ။ ကိုင်း .. ဘယ်နှယ့် ရှိစ ”  


ဟု ပြောရင်း မယ်ခကို စိုက်ကာ ကြည့်လျက် ထပ်၍ ထိုးမည် ပြင်လေ၏ ။ ဇာဘော်လီနှင့် ရွှေအဆင်း တူသော အသား ဝိုင်သား အင်္ကျီပေါင်းစပ်ကာ ရေစိုသဖြင့် မကန်းကွက် ထသော ရင်ဘတ်ကို မယ်ခသည် လှပသော လက်မောင်းများနှင့် အုပ်ကာ လက်ပိုက်၍ နေပြီး အေးလှသဖြင့် ဆောင့်ကြောင့်ထိုင်ကာ စေ့သော ဒူးနှစ်ဖက်ပေါ်၌ မေးကို တင်လျက် တော်ပါ ကိုလှရဲ့ ၊ ချမ်းတယ်ရှင့် ။ တကတဲ အငြိုးကြီးနဲ့ ထိုးလိုက်တာ ရှင့်ဟာကြီးက သန်က သန်နဲ့ သူများ ပြွတ်လိုမျိုးလည်း မဟုတ်ဘူး ။


 ▢  ပီမိုးနင်း 

📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်

      မေ ၁၁ ၊ ၁၉၃၄

No comments:

Post a Comment