Saturday, April 4, 2026

ခေါ်တောမောင်

 ❝ ခေါ်တောမောင် ❞ 

       ( ပီမိုးနင်း )


မစုသည် အိမ်ပြတင်းပေါက်မှ တစ်ခန်းခြား တိုက်တန်းလျား ခေါ်တောတွေ နေသော အခန်းပြတင်းပေါက်ကို နေ့စဉ်လိုလို မြင်ရလေ၏ ။


သို့မြင်ရလေရာ ခေါ်တောပေါင်း တစ်ကျိပ်ခန့် စု၍ နေသော ထိုအခန်း၌ ဖြောင့်စင်းတောင့်တင်း ချောမောလှပသော ခေါ်တောကလေး တစ်ယောက်ကို ထူးထူးခြားခြား မြင်ရလေ၏ ။


၎င်းခေါ်တောကလေး၏ မျက်နှာမှာလည်း အခြားသော ခေါ်တောများနှင့်မတူ ၊ ကြည်လင်လျက် အသိအမြင် ထူးခြားပုံရသည်ဟု မစု၏ စိတ်၌ အောက်မေ့လေ၏ ။


မစုမှာ မိဘကွယ်လွန်အနိစ္စရောက်သဖြင့် အရီး ဖြစ်သူ၏ အိမ်တွင် အခိုင်းအစေခံ၍ နေရသူကလေး ဖြစ်လေ၏ ။


မစုသည် ထိုအိမ်၌ နေထွက်မှ နေဝင်သို့တိုင်အောင် ကျွန်ပမာလို မနေမနား အလုပ်လုပ်ရသည့်ပြင် အစား မှာလည်း အကြွင်းအကျန် ၊ အဝတ်မှာလည်း အစုတ်အပြဲ အဟောင်းအနွမ်းကို ဝတ်ရလေရာ ဘယ်လိုပဲဖြစ်ဖြစ် ခေါ်တောနဲ့ပဲ ပြေးပါတော့မည်ဟု စိတ်အကြံပြုမိခြင်း ဖြစ်လေ၏ ။


မိမိ မျက်မှန်းတန်းမိသော ခေါ်တောကလေးမှာ အခြား ခေါ်တောများနှင့်အတူ အိမ်များ ၊ သင်္ဘောများကို ဆေးသုတ်သူ ဖြစ်လေရာ တစ်လလျှင် အောက်ထစ် ဝင်ငွေ သုံးလေးဆယ်အောက် မနည်းကြောင်း သိရလေ၏ ။


ခေါ်တောလူမျိုးများကို ယူလျှင် ပစ်သွားတတ်သည် ။ မုဆိုးမ တစ်ခုလပ်မ ဖြစ်ကျန်ရစ်တတ်သည် ဟူသော စကားများကို ကြားရသဖြင့် ကြောက်လေ၏ ။ 


သို့သော်လည်း မိမိနှင့် မျက်မှန်းတန်းမိသော ခေါ်တောကလေးမှာ ထိုကဲ့သို့ ခေါ်တောမျိုးနှင့် တူဟန် မရှိ ။ ရက်စက်ဆိုးရွားပုံ မရ ။ အချို့မြန်မာမတွေလည်း ကုလားနဲ့ညားပြီး ချမ်းသာနေကြလို့ ဇေဒဘာဒီ အမျိုးသား တွေ မြန်မာပြည်မှာ တိုးပွားနေကြတာပဲ စသည်ဖြင့် တွေးလေ၏ ။


မစုမှာ အသက် ( ၁၈ ) နှစ်အရွယ်မျှ ရှိလေရာ ရုပ်ရည်လှပ လုံးကြီးပေါက်လှဖြစ်သဖြင့် ခေါ်တောကြိုက် ရုပ်ချောတစ်မျိုး ဖြစ်လေ၏ ။


ထို့အပြင် အစေခံမကလေးလို သဘောထားကာ အိမ်၌ အမြဲခိုင်းစေခြင်းကို ခံရသောကြောင့် ကုလားများ နေသော အခန်းနှင့်လည်း နီးလေရာ ကု,လားပင် ဖြစ်စေကာမူ ငယ်ရွယ်သော မစု၏ ရင်ခွင်၌ လှုပ်ရှားခြင်းကို ကြီးကျယ်စွာ ဖြစ်နိုင်လေ၏ ။


ဆင်းရဲဒုက္ခနှင့် ငြိုငြင်စွာနေရခြင်းကြောင့် တစ်ကြောင်း ၊ အရွယ်ကလည်း သောင်းကျန်းထကြွသော အရွယ် ဖြစ်သောကြောင့် တစ်ကြောင်း ခေါ်တော မဆိုထားဘိ ။ အားကိုးရမည် ဖြစ်ချေက ဂေါ်ရင်ဂျီကိုပင် မိမိကိုယ်ကို အပ်နှံဖို့ရန် စိတ်စေတနာ သဒ္ဓါတရား ထက်သန်၍ နေသူ ဖြစ်လေ၏ ။


၎င်းခေါ်တောကလေးနှင့် ကိုယ်တိုင် တစ်ကြိမ် တစ်ခါမျှ တွေ့ကြုံစကားပြောဆိုရခြင်း မရှိ ။ မျက်နှာကိုသာ အမြင်နှင့် စိတ်ချင်းငြိ၍ နေကြခြင်း ဖြစ်လေ၏ ။ 


ညတစ်ည၌ အခန်းထဲမှာ တံမြက်စည်းလှည်း၍ နေခိုက် ခေါ်တောတိုက်တန်းကြီး၏ အစွန်ဆုံးဖြစ်သော ၎င်းအခန်းမှ ပြတင်းပေါက်သည် ရုတ်တရက် ပွင့်၍ လာလေ၏ ။


မစု မြင်နေကျဖြစ်သော ခေါ်တောကလေး၏ မျက်နှာသည် လသာသာမှာ ပေါ်၍ လာလေ၏ ။


မစုလည်း မတ်တတ်ရပ်ကာ ငေးစိုက်လျက် နေလေ၏ ။ ခေါ်တောကလေးက လက်ပြခြေပြ စကားပြောလေ၏ ။ မစုကလည်း လက်ဟန်ခြေဟန်နှင့် စကားပြန်၍ နေလေ၏ ။


ထိုအခိုက်မှာ အဒေါ်ဖြစ်သူ ဝင်၍လာရာ နှစ်ယောက်စလုံး၏ အမူအရာကို မြင်မိသဖြင့် အဒေါ်ဖြစ်သူမှာ ဒေါသဖြစ်လျက် ဆဲဆိုကြိမ်းမောင်းကာ ဆံပင်ကို ဆွဲပြီး ကျောကို တအုံးအုံးမြည်အောင် ထုလေ၏ ။


နင် ဟိုဟာဖြစ်မယ့်ကောင်မ ၊ ကောင်းကောင်း ထားလို့ ကောင်းကောင်း မနေချင်ဘူးလား ။ နင် လင်နောက်လိုက်မယ် ကြံနေသလား ခွေး မ ၊ တိရစ္ဆာန်မ စသည်ဖြင့် ရေရွတ်ပြောဆိုလေ၏ ။


ထိုအသံကို ဦးလေးဖြစ်သူ ကြားရသောအခါ အိမ်အောက်ထပ်မှ ပြေးတက်၍ လာပြီး အကြောင်းကို မေးလေ၏ ။ အဒေါ်ဖြစ်သူက ပြန်၍ ပြောသောအခါ ဝင်၍ ဖျဉ်မည့်အစား ဦးလေး ဖြစ်သူက ကူညီကန်ကျောက် ရိုက်နှက်ပြန်လေ၏ ။


နင် ငါတို့ အသရေကို ဖျက်မလို့ ကြံသလား ။ ငါက ဝံသာနုခေါင်းဆောင် ။ ငါ့အိမ်က နေပြီး ခေါ်တော နောက် လိုက်ဖို့ ကြံသလား ။ နင့်ကို ငါ ခေါ်တောနှင့် မပေးစားဘူး ။ နင့်ကို ခေါ်တောစာတော့ မကျွေးဘူး ။ နင် ဒီလောက်တောင် ကဲလှရင် ... စသည်ဖြင့် မကြားဝံ့ မနာသာတွေကို ပြောလေ၏ ။


နောက်တစ်နေ့တွင် အိမ်ခန်းထဲတွင် သော့ခတ်၍ ထားကြပြီးနောက် လင်မယားနှစ်ယောက် ရုပ်ရှင်ကြည့်ရန် ထွက်၍ သွားကြလေ၏ ။


ထိုအခိုက် မစုသည် ပြတင်းပေါက်ကို ဖွင့်၍ ကု,လား တိုက်ခန်းကို ကြည့်လေရာ အခန်းတံခါးပွင့်လျက် ကု,လားကလေး ပြူ၍ နေသည်ကို မြင်ရလေ၏ ။ 


ကု,လားကလေးသည် မစု၏ အဖြစ်အပျက်ကို သိသည့်အလား ဝမ်းနည်းစွာနှင့် ပြောလေ၏ ။


မစုက ရင်ဘတ်ကို ပုတ်ကာ မိမိ အပြင်ကို လာဖို့ မဖြစ်နိုင်ကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြလေ၏ ။ ကု,လားကလေးသည် ချက်ချင်း နားလည်သော အမူအရာနှင့် အခြား ကု,လားနှစ်ယောက်အား တစ်စုံတစ်ရာကို ပြော၍ ပြလေ၏ ။ ထို့နောက် ကု,လားကလေး၏ အဖော်များက မစုအား မေးငေါ့၍ အမူအရာဖြင့် လက်ကို ပြကြလေ၏ ။


မကြာမီ ပြတင်းပေါက် အောက်၌ အသံများကို ကြားရလေ၏ ။ ကြည့်လိုက်သောအခါ ကု,လားသုံးယောက် နံရံမှာ လှေကားတစ်စင်း ကပ်၍ ထောင်နေသည်ကို တွေ့ရလေ၏ ။


ထိုအခါ လမ်း၌ မီးများထွန်း၍ ပြီးစအချိန် ဖြစ်လေ၏ ။


မစုသည် မရဲတရဲ လှေကားနှင့် ဆင်းလေ၏ ။ အောက်သို့ ရောက်လျှင်ရောက်ခြင်း သန်မာသော လက်နှစ်ဖက်သည် ပခုံးနှစ်ဖက်ကို ကိုင်ကာ လှေကားပေါ်မှ မြှောက်ယူ၍ မြေပေါ်သို့ ချရင်း -


“ ကိုင်း လွတ်ပြီ မဟုတ်လား ၊ ဘာကြောက်စရာ ရှိသလဲ ” ဟု ပြောလေ၏ ။


မစုသည် ပီသသော မြန်မာအသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ မိမိနှင့် ကြိုက်၍နေသော ခေါ်တောကလေးပင် ဖြစ်သည်ကို သိရ၍ ‘ ရှင် ဘာလဲ ’ ဟု မေးလေ၏ ။


ကျုပ် အညာကပါ ။ မိဘဆွေမျိုး အသိ မရှိလို့ ခေါ်တောကု,လား တစ်ယောက်နဲ့ အကျွမ်းဝင်ရာက ခေါ်တောထဲ ရောက်ပြီး ခေါ်တော လုပ်နေတာပါ ။ ခေါ်တောစစ် မဟုတ်ပါဘူး ဟု စံအောင်က ပြော၍ ပြလေ၏ ။


စံအောင်မှာ ရန်ကုန်မြို့သို့ လွန်စွာ ရောက်ချင်သော အညာသားကလေး တစ်ယောက် ဖြစ်လေ၏ ။ 


ထိုအတွင်း မိဘများ ကွယ်လွန်အနိစ္စ ရောက်သော အခါ တောင်ယာပဲခင်းများကို ဆွေမျိုးများအား ခေတ္တ လွှဲအပ်ပြီး အောက်ရပ်သို့ စွန့်စားလာသူ ဖြစ်လေ၏ ။ ရန်ကုန်မြို့သို့ ရောက်သောအခါ ခေါ်တောကု,လား တစ်ယောက်နှင့် အသိဖြစ်လျက် ခင်မင်၍ နေရာမှ ဆေးသုတ် အလုပ်ထဲသို့ ရောက်၍နေရာ တစ်လ လေးဆယ်ခန့် ဝင်ငွေရှိသဖြင့် စုဆောင်း၍ထားသော လက်ရှိငွေမှာ သုံးရာခန့် ရှိ၍ မစုကို တစ်ခါတည်း အပြီးတိုင် ဆောင်ကြဉ်းကာ အညာသို့ ပြန်၍ သွားလေ၏ ။


အညာသို့ ရောက်သောအခါ ဆွေမျိုးများက ၎င်း၏ ဝေစုဖြစ်သော တောင်ယာပဲခင်းများကို ကောင်းမွန်စွာ ပြန်၍ ပေးကြသဖြင့် လင်မယား နှစ်ယောက် ချမ်းသာစွာ နေကြရလေသတည်း ။


 ▢  ပီမိုးနင်း

📖 လမ်းညွှန်ဂျာနယ် 

      အတွဲ ၂ ၊ အမှတ် ၇၂ 

      ဖေဖော်ဝါရီ ၁၅ ၊ ၁၉၃၅

No comments:

Post a Comment