Sunday, April 12, 2026

ပိတောက်တွေ ရွှေရည်လူးပြန်ပေါ့

 

❝ ပိတောက်တွေ ရွှေရည်လူးပြန်ပေါ့ ❞ 

        ( မင်းကျော် )


( ၁ )


အရှိန် ခပ်ပြင်းပြင်း မောင်းလာသော မော်တော်ကားသည် ခြံဝင်းထဲသို့ ဘရိတ် မအုပ်ဘဲ ကွေ့ချိုး ဝင်လာခဲ့လေသည် ။ ထိုမော်တော်ကား စက်သံကြောင့် ကျွန်တော့် စိတ်အာရုံသည် ဖတ်လက်စ စာအုပ်တွင် စူးစိုက်နေရာမှ ဖျက်ခနဲ ကြေမွလွင့်စဉ် သွားရပေပြီ ။ ကျွန်တော်သည် စာအုပ်ကို ဘုန်းခနဲ ပစ်ချလိုက်ပြီး စာဖတ်မျက်မှန်ကို ချွတ်၍ လက်မှ ကိုင်လျက် အခန်းပြင်သို့ ဒေါသနှင့် ထွက်ခဲ့သည်  ။ မော်တော်ကားသည် ဆင်ဝင် အောက်တွင် ဖျတ်ခနဲ ဘရိတ် အုပ်လိုက်သည် ။ ကားကို မြင်လိုက်ရသည်နှင့် ဒေါသအရှိန်သည် ဟုန်းခနဲ တက်လာသည် ။ မာဇဒါဖယ်မလီယာ အမျိုးအစား ဖြစ်သည် ။ ကားပေါ်တွင်ကား အမျိုးသား အမျိုးသမီးပျို ငါးယောက် ။


ထိုအချိန်က ကားဆီသို့ စူးစိုက် ကြည့်နေသော ကျွန်တော့် မျက်လုံးအစုံသည် ဒေါသ အရောင်ဖြင့် တောက်နေကြလိမ့်မည် ထင်သည် ။ သို့သော် ကားပေါ်က သူငယ် သူငယ်မတို့သည် ကျွန်တော့်ကို လုံးဝ ဂရုစိုက်လိုကြပုံ မပေါ် ။


ကားဟွန်းသံ စူးစူးသည် ခပ်ရှည်ရှည် ထွက်လာသည် ။ ကျွန်တော်က ကိုယ်လုံး တဆတ်ဆတ် တုန်နေလေပြီ ။ သို့သော် အသိစိတ်၏ စေ့ဆော်မှုကြောင့် ကျွန်တော်၏ အမြင် အာရုံသည် မျက်နှာချင်းဆိုင် အခန်းဆီသို့ ရောက်သွားသည် ။


သမီးငယ်သည် အခန်းတွင်းမှ ခပ်မြူးမြူးကလေး ပြေးထွက်လာခဲ့ပြီး ကျွန်တော့်ကို မြင်လိုက်သဖြင့် တုန့်ခနဲ ရပ်သွားသည် ။ မြူးရွှင်နေဟန် ရှိသော သူ့မျက်နှာ သွင်ပြင်သည် လျှပ်တစ်ပြက် အတွင်းမှာပင် တည်တည်တံ့တံ့ကြီး ဖြစ်သွားသည်ဟု ကျွန်တော် ထင်လိုက်သည် ။ ထိုခဏမှာပင် ခပ်စောစောက ဒေါသအရှိန် တဟုန်းဟုန်း ဖြစ်နေသော ကျွန်တော့် စိတ်အာရုံ အလုံးစုံသည် လွင့်ပြယ်သွားကြကုန်သည် ။ မျက်လုံးအစုံ၌ ကြည်လင် ပြုံးရွှင်သော အရိပ်အသွင်ကို ဆောင်ပြီး ဖြစ်နေပေလိမ့်မည် ။


ကျွန်တော်နှင့် မျက်နှာချင်း ဆိုင်လိုက်ရသည့် ခဏတွင် ကျွန်တော့် မျက်နှာရိပ် မျက်နှာကဲကြောင့် သမီးငယ် မျက်နှာ ညိုရမည်ကို ကျွန်တော် မလိုလားပါ ။ ထို့ကြောင့် ကျွန်တော်၏ ခါးသော ချဉ်သော မျက်နှာ မူရာသည် ရုတ်ခြည်းပင် အေးသော ချိုသော အသွင်သို့ ပြောင်းသွားခဲ့ရခြင်း ဖြစ်သည့် သဘောကို ကျွန်တော် နားလည်နိုင်ပါသည် ။ သို့ပေမဲ့ သမီး အသွင်အပြင် အဆင်အယင်တို့ကို သတိမူမိပြန်သောအခါ ကျွန်တော့် အတွင်းစိတ်၌ မခံမချိ ဖြစ်ရပြန်လေသည် ။ သည်ခဏတွင်ကား ထိုသို့သော ကျွန်တော့် အတွင်းစိတ် အခြေအနေကို သမီးငယ် မရိပ်စားမိစေချင် ။ သည်တော့ အားယူ၍ ပြုံးရသည်က အစ ပင်ပန်းလှချေသည် ။


ကားဟွန်းသံ စူးစူးသည် နောက်တစ်ကြိမ် ပေါ်ထွက်လာပြန်ချေပြီ ။ သမီးငယ်သည် ချက်ချင်းပင် ကျွန်တော့်ကို မျက်နှာလွှဲကာ ကားဆီသို့ အဟုန်ဖြင့် တူရူပြုတော့မည်နှယ် ရှိချေသည် ။


“ ခု သမီးဘယ်လဲ ” 


လေယူလေတိမ်း ညှင်းပျောင်းသာယာစေအောင် အားထုတ်ရသည်က အစ ပင်ပန်းလှဘိသည် ။


“ သမီး ရုပ်ရှင်သွားမလို့ ဖေဖေ ” 


သမီးလေသံက ပြတ်တောင်းလှစွာ၏ ။ 


“ ဘယ်ပွဲကြည့်မှာမို့လဲ သမီးရယ် ” 


လက်က နာရီကို လှမ်းကြည့်ပြီး မေးလိုက်သည် ။ နာရီမှာ လေးနာရီနီးပါးမျှသာ ရှိသေးသည် ။


ကားဟွန်းသံ ထပ်၍ ပေါ်လာပြန်သည် ။ ဝုန်းခနဲဖြစ်သော ဒေါသကို မသိစကျွံ ပြုလိုက်ရပြန်၏ ။


“ ပပ မွေးနေ့ပါတီကို သွားရမှာ ဖေဖေ ။ ပါတီကနေ တစ်ဆက်တည်း ခြောက်နာရီခွဲ ကြည့်ကြမလို့ ” 


သမီးသည် ကျွန်တော့်ဆီက နှုတ်တုံ့ စကားကိုပင် မစောင့်တော့ဘဲ နေရာမှ ရုတ်ခနဲ ထွက်သွားသည်မှာ အသိုက်ထပျံသော အပျံတက်စငှက်ငယ်ပမာ ရှိဘိသည် ။


ကျွန်တော့် ရင်ထဲမှာ ရုတ်ခနဲ ပူလောင်သွားသည် ။ မော်တော်ကားတွင်းသို့ ဝင်သွားသော ရုပ်သွင်သည် ကျွန်တော့် အမြင်၌ မီးလျှံငြိသည်သို့ ကျန်ရစ်၏ ။ ကားတံခါး ပိတ်သံသည် နားအုံ တစ်ခုလုံးကို အရှိန်ပြင်းပြင်း ရိုက်ခတ်လိုက်ဘိ သကဲ့သို့ ရှိချေသည် ။ မော်တော် ကားစက်သံသည် ရင်တွင်း၌ ကူးစက်ပျံ့နှံ့ ကျန်ရစ်လေသည် ။


ကျွန်တော့်ရှေ့က မြင်ကွင်းသည် ပျောက်ကွယ်သွားပေပြီ ။ မျက်လုံးအိမ်၌မူ မီးလျှံ ရှိန်ရှိန်တောက်လျက် ကျန်ရစ်သည်နှင့် မခြား ။ အကြားအာရုံ၌လည်း လှိုင်းတံပိုးများ ရိုက်ခတ်နေဟန် ရှိဘိသည် ။ ရင်တွင်း၌မူ စောစောက သမီးကို တင်ဆောင်သွားသော မော်တော်ကား ပန်ကာသည် တရစပ် လည်ပတ်ကျန်ရစ်ခဲ့သည်နှင့် မခြား ။


အသိစိတ် မပါဘဲလျက် ကျွန်တော့် ခန္ဓာကိုယ်သည် အိမ်တံခါးဝသို့ ရောက်လာသည် ။ ခုချိန်အထိ သမီး မျက်နှာကို မြင်ရဦးမည် ထင်ဆဲ ဖြစ်နေဟန်တူသည် ။


အိမ်ရှေ့ မြက်ခင်းပြင်၌ ညနေချမ်း သစ်ပင်ရိပ်ဘို့ ကျဆင်းလဲလျောင်းစပြုပေပြီ ။ အဝေး ခပ်လှမ်းလှမ်း သစ်ပင် အုပ်အုပ်ဆီမှ လွင့်ပျံလာသော ဆွတ်ပျံ့ဖွယ် ဥသြငှက်သံသည် မော်တော်ကား စက်သံကို ထိုးဖောက်နိုင်စွမ်းရှိပုံ မပေါ်ပေ ။ ကြည့်လေ ... ထွန်းမောင် ကျွန်တော့် ဘေးမှ ဖြတ်လျက် အိမ်ထဲသို့ ဝင်လာသည်ကိုပင် ကျွန်တော့် အသိစိတ်က ရုတ်တရက် သတိ မထားလိုက်မိ ။ သူ နောက်ဖေးခန်းဘက်သို့ ဝင်သွား ပျောက်ကွယ်သွားတော့မှပင် ကျွန်တော်သည် ချာခနဲ လှည့်ကာ ...


“ ဟေ့ ထွန်းမောင်လားဟေ့ ”  


ယခုမှပင် ဒေါသအိုးသည် ဝုန်းခနဲ ပေါက်ကွဲလေတော့သည် ။ အသံကား ကျယ်လောင်စူးရှလှစွာ၏ ။


“ ဟုတ်ပါတယ် ဆရာ ”  


နောက်ဖေးခန်းမှ တုံ့ပြန်သံနှင့်အတူ ထွန်းမောင်သည် ကျွန်တော့် ရှေ့သို့ အပြေးကလေး ရောက်လာသည် ။


“ ငါ့ဆေးဘူးနဲ့ အရက်ပုလင်း ဘယ်မလဲ ” 


မေးခွန်းကအစ ကဘောက်တိ ကဘောက်ချာ နိုင်လှသည်ကိုပင် ကျွန်တော့် ဘာသာ သတိမထားမိ ။ သို့သော် ကျွန်တော်အဖို့ အားအထားရဆုံးသော ထွန်းမောင်သည် ဒေါသ အရှိန်ဖြင့် ပြောလိုက်သည့် ကျွန်တော့် ဘာသာစကားကို ရုတ်တရက် နားလည်လိုက်ပြီ ဖြစ်ဟန်တူသည် ။


“ ဟုတ်ကဲ့ ဆရာ ” ဟူသော အသံနှင့်အတူ နေရာမှ ထွက်သွားသည် ။ ကျွန်တော်သည် နေရာမှပင် ရပ်လျက်သား ကျန်ရစ်သည် ။ အမျိုးမျိုးသော မခံမရပ်နိုင်ဖွယ် ဝေဒနာပေါင်းစုံတို့သည် ရင်တွင်း၌ လှိုင်းခတ်နေဟန် ရှိချေသည် ။ စိတ်မချမ်းမြေ့မှု ၊ ဝေခွဲမရနိုင်မှု ၊ ဒေါသ ၊ ဝမ်းနည်းကြေကွဲရခြင်း စသည့် ဝေဒနာမျိုးစုံပင် ။


ကျွန်တော်သည် ထိုဝေဒနာများ လျော့ပါးသွားစေရန် အားထုတ်နေသည်လား ၊ စိတ်ဝေဒနာတို့ကြောင့် ဖြစ်ရသော ပင်ပန်းနွမ်းနယ်ရခြင်းမှ လွတ်မြောက် ထွက်ပြေးနိုင်ရန် ကြိုးစားနေသည်လား ဟူသော အချက်ကိုကား မဝေခွဲနိုင်ပေ ။


မီးလျှံတောက်သော မျက်လုံးအစုံ အမြင်အာရုံတွင်းသို့ မြရည် သွန်ကျလာနေချေပြီ ၊ စိမ်းမြသော မြက်ခင်း ၊ ခြံစည်းရိုးထောင့်ရှိ ပိတောက်ပင်ကြီးမှ မြက်ခင်း ဆီသို့ ညွတ်လျက် ကျနေသော ပိတောက်ကိုင်း ။


ဤနေရာကား ညနေတိုင်းလို ကျွန်တော် နားနေပန်းဖြေနိုင်သော နေရာပေတည်း ။ 


ယခုလည်း ထွန်းမောင်သည် ထိုနေရာ၌ ကျွန်တော် နားနေ အပန်းဖြေနိုင်ရန် အလို့ငှာ အစခပ်သိမ်း ပြင်ဆင်ပြီးလေပြီ ။ ပလတ်စတစ်ကြိုးပြာတပ် အပန်းဖြေကုလားထိုင် စားပွဲဝိုင်း ၊ အအေးလှောင် ဘီယာပုလင်း ၊ ဖန်ခွက် ၊ ဆေးတံ ၊ ဆေးဘူး ။


ဤနေရာကား ကျွန်တော် ထွက်ပြေး လွတ်မြောက်ရန် ဖန်တီးထားသော နေရာတည်း ။


ကျွန်တော်သည် မိမိကိုယ်ကို အလုံပိတ် ထောင်အတွင်း၌ ပိတ်လှောင်ခံနေရသည် ဟူသော အထင်မျိုးဖြင့် ဤနေရာကို တစ်ခုတည်းသော ထွက်ပေါက်သဖွယ် ထင်မှတ်ခဲ့သည်မှာ ကြာချေပြီ ။


“ ငဆွေ ၊ ဒီအချိန် ဒီအခါမျိုးမှာ နင် ဒီနေရာမှာ ဘီယာကလေးနဲ့ စည်းစိမ် ခံနေလိုက် မဟဲ့လို့ စိတ်ကူး ပေါက်နေတာ ငါဖြင့် အံ့ရောဟယ် အံ့ရော ” 


အစဦးပိုင်းက မမသည် ကျွန်တော့်အား ထိုစကားဖြင့် သရော်လှောင်ပြောင်ခဲ့ချေသေးသည် ။ မမ အနေကျတော့လည်း ကျွန်တော့် အပြုအမူ အနေအထားနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နိုင်သည် ဟူသော အချက်ကို ကျွန်တော် နားလည်သဘောပေါက်ထားပြီး ဖြစ်လေသည် ။


မှန်သည် ။ တစ်ကျပ်တန် ဆန်တစ်ပြည် အတွက် နေပူမိုးရွာ မရှောင် ပင်ပန်းကြီးစွာ ရုန်းကန် နေကြရသော လူအများစု ကြားတွင် ကျွန်တော့်လို လူတစ်ယောက် ပိတောက်ပင်ရိပ် မြမြက်ခင်းပြင်၌ သုံးကျပ်ခွဲတန် ဘီယာအေးဖြင့် ယစ်မူးနေနိုင်သည်မှာ စင်စစ် သရော်လှောင်ပြောင်သင့်သည်မှာ မှန်လေသည် ။ သို့ပေမဲ့ ကျွန်တော့်ဘက်က အချေအပစကား ဆိုစရာ အကြောင်းပြချက်တွေလည်း အများသားပင် ။ ဒါကိုလည်း မမသည် သိတန်သလောက် သိပြီး ဖြစ်ပေမည် ။


မည်သို့ဖြစ်စေ ၊ မုန်တိုင်းကို နံ့သာယပ်တောင်ဖြင့် အကာအကွယ် ပြုခြင်းသည် အကြောင်းမထူး ။ သည်တော့ မမ စကားကို ကျွန်တော် ထုချေလွှာ ပြုနေ၍ အကြောင်း ထူးအံ့သည် မထင် ။


ထားတော့ ကျွန်တော်သည် အလုံပိတ် ထောင်၌ အကျဉ်းကျနေသူ အဖြစ် မှတ်ယူထားသူတည်း ။ ထိုသူသည် သံတိုင်တပ် ပြတင်းတံခါးမှ ရံခါ ကျဆင်းလာတတ်သော လရောင်ကို ငေးမော နေမိခြင်းပဲဟု အမှတ်ထားလိုက်ပါတော့ ။


ကြည့်လေ …. ယခုမူ ကျွန်တော် ဒါတွေကို လုံးဝ မစဉ်းစား ၊ သတိလည်း မရ ။ အလုံးစုံသော စိတ်အာရုံတို့၌ သမီးနှင့် ပတ်သက်သမျှတို့သည်သာ ဖြန့်ကြက်နေဘိသည် ။ အမြင်အာရုံက ပိတောက်ခက်လက် ဆီသို့ တည်နေသည် ဖြစ်လျက် အမြင်သိစိတ်မှာကား သမီးငယ်၏ ရုပ်သွင်သည်သာ ထင်ယောင် နေဘိသည် ။ စောစောက ရင်တွင် ရိုက်ခတ်သော ဝေဒနာစုံ လှိုင်းတံပိုးတို့တွင် မချိတင်ကဲ ပူလောင်ရသော ဝေဒနာလှိုင်းသည်သာလျှင် လွှမ်းအုပ် သွားဟန် တူချေသည် ။


စင်စစ် သမီး၏ မျက်နှာသည် လတ်ဆတ်သော ၊ ကြည်စင်သော ၊ ချမ်းမြေ့ဖွယ်သော မြတ်နိုးဖွယ်သော အဆင်တန်ဆာတို့ဖြင့်သာ ခြယ်လှယ်ကောင်းသည် ဖြစ်ပါလျက် ၊ ခြယ်လှယ်ထားသည်လည်း ဖြစ်ပါလျက် ၊ ယခုမူ စိုးရိမ်ပူပန်ဖွယ် ၊ ထိတ်လန့်တုန်လှုပ်ဖွယ် ပင်ပန်းနွမ်းနယ်ဖွယ်သော အဆင်တန်ဆာတို့ဖြင့် အဘယ်ကြောင့် ဖုံးလွှမ်းနေရချေသနည်း ။ 


ကျွန်တော်သည် ဘီယာခွက်ကို မော့သောက်လိုက်သည် ။ မူးယစ်ရီဝေလာသော အခါ သမီး၏ ရုပ်သွင်ကို ကျွန်တော် မြင်စေချင်သလို မြင်နိုင်မည် အထင်နှင့် ဆေးတံကို မီးညှိရှိုက်ဖွာပြန်သည် ။ ပြီး ဘီယာခွက်ကို ဘီယာ ကုန်သည်အထိ မော့သောက်ပြန်သည် ။ ဘီယာခွက်တွင် ဘီယာဖြည့်ပြီး ဆေးတံကို ဖွာရှိုက်သည် ။


အဝေးက ဥဩသံ ဆွတ်ပျံ့ဖွယ်ကို ကြားရပေပြီ ။ အမြင်အာရုံ၌ ပိတောက်ကိုင်းသည် ယိမ်းကလာဘိသည် ။ ကြည့်စမ်း .. ပိတောက်ခက်တွင် ပိတောက်ဖူးတို့ မြသီးမြခိုင် တွဲရရွဲကို ဆင်ယင်နေကြပေပြီ ။ ညချမ်းလေပြည်၏ အေးမြသော အတွေ့အထိကြောင့် စိတ်အာရုံသည် လန်းလန်းဆတ်ဆတ် ဖြစ်လာယောင်ထင်ရသည် ။ 


မကြာမီပင် မိုးသေးမိုးပါး တစ်ပြိုက်နှစ်ပြိုက် ကျတော့မည် ထင်ရဲ့ ။ ထိုအခါ ယိမ်းသမ၏ မြပဝါတွင် ရွှေပွင့်ရွှေပြောက်တို့ အမွမ်းဆင်လာကြပေတော့မည် ။ 


“ ဪ …. ပိတောက်တွေ ပွင့်ပြန်ဦးတော့မှာပါကလား မြကေသွယ် ” 


••••• ••••• •••••  


( ၂ )


ပိတောက်တွေ ရွှေရည်လူးကြပေါ့လေ ၊ ချစ်သူကို ရည်စူး ခူးတဲ့လို့ခြွေ ကိုယ်တိုင် လှရာရာရွေး ဆင်မပေးရ ဆံမြညှာကေ ၊ စစ်မြေမှာ ကြာညောင်းရက်ရှည် ၊ ရောက်မယ် အထင်နဲ့ မျှော်ရသူ ပူဗျာပွေ ... တရေးရေး ဆွေးရှာရော့မယ်လေ ... 


စိုးဝင်း၏ အသံဝါကြီးသည် တိတ်ဆိတ်ငြိမ်သက်နေသော ရွှေရည်ဆမ်းညကို လွှမ်းဖြန့်နေဟန် ရှိချေသည် ။


ယနေ့ နံနက်ခင်းကပင် သူသည် ရက်စက်ကြမ်းတမ်းလှစွာသော လူတစ်ယောက် အသွင်ဖြင့် ရန်သူကို လှံစွပ်နှင့် ထိုးသ,တ်ခဲ့သေးသည် ။ ထိုအချိန်ကတော့လည်း စိုးဝင်းသည် ရန်သူ့ရင်ကို လှံစွပ်ဖြင့် ချိန်ရွယ် ထိုးစိုက်ရသည်ကိုပင် အားရကျေနပ်ဖွယ် အဖြစ် မှတ်ယူကြွေးကြော်ခဲ့လေသည် ။


ကျွန်တော်တို့သည် ထိုအချိန်ကတော့လည်း ရင်ဆိုင်တိုက်ခိုက်ရမည့် ရန်သူကို ချေမှုန်းဖို့မှ အပ ဘာဆို ဘာကိုမျှ စိတ်မဝင်စားခဲ့ကြပေ ။ ထိုအချိန်က ‘ ကျား ’ ခနဲ ‘ ကျား ’ ခနဲ အော်ဟစ် လိုက်သော စိုးဝင်း၏ အသံဝါကြီးသည် ယခုမူ ဆွတ်ပျံ့ဖွယ်သော ညအလှကို တန်ဆာဆင်ဘိသည်သို့ ရှိပြန်ချေသည် ။


ကျွန်တော်တို့သည် ရန်သူကို ချေမှုန်းပြီးသည့် မွန်းတည့်ပိုင်းလောက်မှ စ၍ မရပ်မနား ချီတက်ခဲ့ကြသည် ။ ဂျပန်တို့ ရှိမည့် နေရာကို ကျွန်တော်တို့ ရှေးရှု ချီတက်ခဲ့ခြင်း ဖြစ်လေသည် ။ သို့ဖြင့် နေဝင်ဖြိုးဖျတွင် ကျွန်တော်တို့ ဤရွာကလေးသို့ ရောက်လာခဲ့ခြင်း ဖြစ်သည် ။ လွန်ခဲ့သည့် နှစ်ရက်အတွင်း ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲခဲ့ရပြီ ဖြစ်သဖြင့် ကျွန်တော်တို့ ပင်ပန်း နေကြပေပြီ ။ အချိန်ပြည့် မအိပ်ရသော ညများပင် များခဲ့ပြီ ။ ထို့ကြောင့် ကျွန်တော်တို့သည် ဤရွာကလေး၌ပင် အနားယူ စခန်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည် ။ စိုးဝင်းသည် ကင်းတာဝန်ကျ ဖြစ်သည် ။ ကင်းတာဝန်ကျဖြစ်၍ စိုးဝင်း မအိပ်နိုင်သေးသည်မှာ သဘာဝကျပါသည် ။ သို့သော် ကျွန်တော် ကိုယ်တိုင် အိပ်၍ မရနိုင်သေးသည်ကိုကား ကျွန်တော့်ကိုယ် ကျွန်တော် နားမလည်နိုင်သေးပေ ။


ညသည် ချမ်းမြေ့သော အသွင်ဖြင့် ဆိတ်ငြိမ်နေ၏ ။ လရောင်သည် ရွှန်းမြလှဘိသည် ။ ရွာသည် အိပ်မောကျစ ပြုပေပြီ ။ ကျွန်တော်တို့ လူစုတွင် အချို့သည် အိမ်များ၌ လည်းကောင်း ၊ အချို့သည် နွားတင်းကုပ်များ၌ လည်းကောင်း ဝင်ရောက် အနားယူနေကြ၏ ။ ကျွန်တော်နှင့်အတူ ရဲဘော် နှစ်ယောက်သည်မူ ရွာလယ် မန်ကျည်းပင်ကြီး အောက် ကွပ်ပျစ်တွင် နေရာယူထားကြသည် ။ ကျွန်တော်နှင့်အတူ နေရာယူထားသော ရဲဘော် နှစ်ယောက်သည်ပင် ရက်ဆက် ပင်ပန်းလာခဲ့သောကြောင့် ထင်၏ ။ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေကြလေပြီ ။ ကျွန်တော်ကား အိပ်၍ မရနိုင်သေးပေ ။


ပထမတွင် ကျွန်တော့် အတွေးအာရုံသည် မနက်ခင်းက တိုက်ပွဲဆီသို့ ပျံ့လွင့်နေခဲ့ဟန် ရှိလေသည် ။ မနေ့ ညကလည်း ကျွန်တော်တို့သည် အလွန် ပြင်းထန်သော တိုက်ပွဲ တစ်ခုကို ဆင်နွှဲခဲ့ကြရသေး၏ ။


ကျွန်တော့် စိတ်အာရုံ၌ ထိုတိုက်ပွဲသည် အမျှင်တန်းခဲ့ပြန်ချေပြီ ။ ထိုတိုက်ပွဲကား ကျွန်တော်တို့ ရဲဘော် အားလုံး အမှတ်တရ ဖြစ်နေမည့် တိုက်ပွဲဟု ဆိုရပေမည် ။ ထို့ထက်သော်ကား ကျွန်တော် စိတ်အာရုံတွင် ပို၍ စွဲငြိစေမည့် အဖြစ်အပျက်တစ်ခု ဖြစ်နေလေမည်လား မဆိုနိုင်ပေ ။


••••• ••••• •••••


အမှန်ပင် ကျွန်တော်သည် ‘ ခင်လေး ’ ကို မေ့ဖျောက်နိုင်ရန် ကြိုးစားခဲ့ပြီး ဖြစ်သည် ။ မေ့ပျောက်ထားနိုင်ခဲ့ပြီး ဖြစ်သည်ဟုလည်း ဆိုချင်ပါသည် ။ ခင်လေးသည် ကျွန်တော့် ချစ်ဦးသူ ၊ ချစ်ဦးသူ တစ်ယောက်ကို မေ့ဖျောက်ဖို့ ကြိုးစားရသည်မှာ စင်စစ် အပန်းကြီးလှပါဘိသည် ။ သို့သော် ကျွန်တော့် အဖို့မှာမူ ခင်လေးကို တတမ်းတတ ဖြစ်နေရမည့် ပင်ပန်းခြင်းမျိုးထက် ခင်လေးကို မေ့ဖျောက်နိုင်ရန် အားထုတ်ရသည့် အတွက် ပင်ပန်းခြင်းမျိုးကို ခံစားရသည်က တော်သေး၏ဟု ယူဆခဲ့ပြီး ဖြစ်လေသည် ။


မှန်သည် ၊ ခင်လေးကို ကျွန်တော် မည်မျှ ချစ်သည်ကို ခင်လေး ကိုယ်တိုင်ပင်လျှင် အဆုံးအစွန် သိကောင်းမှ သိမည် ။ သို့သော် ‘ မြကေသွယ် ’ ကမူ ခင်လေးနှင့် ပတ်သက်သော ကျွန်တော့် သဘောထားကို အကုန်အစင် သိထားဟန် ရှိချေသည် ။ တစ်ခါတစ်ခါတော့ မြကေသွယ်သည် ခင်လေးနှင့် ပတ်သက်၍ ကျွန်တော့်ကို နာကြည်း ပြစ်တင်စကားပင်လျှင် ပြောတတ်ချေသည် ။


“ ကဲကို ကဲတယ် အစ်ကို ၊ ဘာမှ မဟုတ်ပါဘူး ။ အစ်ကိုက ဝန်ထောက်သမီး ဆိုပြီး အဖြစ်သည်း နေတာ ၊ ဟိုက အစ်ကို့လို လူမျိုးကို ကြိုက်တယ် ဆိုတာ မိသွယ် တို့ဖြင့် မယုံပေါင် ”  


သည်တုန်းက မြကေသွယ့် အသက် တစ်ဆယ့်နှစ်နှစ် လောက်ပဲ ရှိသေးသည် ။ မြကေသွယ် နှင့် ကျွန်တော်ကား တစ်မိတစ်ဖတည်းက မွေးဖွားကြသူများ မဟုတ်စေကာမူ မောင်နှမရင်းချာတွေနှင့် မခြား ချစ်ခင်ခဲ့ကြသည် ။ ထို့ကြောင့် ကျွန်တော် ခင်လေး အပေါ် အကြင်နာပို အယုယတတ်သည်များကို မြကေသွယ် မရှုနိုင်မဆိတ်နိုင် ဖြစ်သည်ကို ကျွန်တော် ဗွေမယူချင် ၊ သူ့မှာ ကျတော့လည်း ယခုလို ပြောစရာ အကြောင်းခံကလေးတွေက ရှိသည် ။ 


ကြည့်လေ ... ကျောင်းသွား ကျောင်းပြန် အတူတကွ သွားလာနေကျ သည်ယနေ့ ညနေ ခင်လေးနှင့် တွေ့ရမည် ဆိုလျှင် ကျွန်တော် မြကေသွယ် ကို မေ့လျော့တတ်သည် ။ သည်အခါမျိုးမှာ မြကေသွယ် က ... “ ဒါပေါ့ အစ်ကိုရယ် ၊ အစ်ကို့မှာ မိသွယ် ထက် အရေးစိုက် ရမယ့် လူ ရှိနေမင့်မှကိုး ။ မိသွယ်ကို ဘယ်မှာ လာပြီး အရင်ကလို ဂရုစိုက်ပါတော့မလဲ ” ဟူသော စကားကို မျက်ရည်စို့စို့နှင့် ဆိုတတ်သေး၏ ။


သည်အခါတိုင်း ကျွန်တော် မြကေသွယ်ကို တောင်းပန်ရသည် ။ မြကေသွယ် ဤသို့ အနာစကား ဆိုသည်မျိုးကို ကျွန်တော် မခံချေ ။ သို့ပေမဲ့ ဒင်းကလေး ငယ်သေး၍ နားမလည်သည်ဘဲဟု စိတ်ထဲက ကျိတ်ခဲ၍ သူ့ကို အပြစ်တင်ခဲ့သေးသည် ။ ခင်လေးနှင့် ပတ်သက်လျှင် ကျွန်တော်သည် မြကေသွယ် ကိုတောင် ခွင့်မလွှတ်ချင် ။


“ ဒီလိုလည်း မဟုတ်သေးဘူး ညီမသွယ် ။ ခင်လေး အစ်ကို့ကို ဘယ်လောက်ချစ်တယ် မြတ်နိုးတယ် ဆိုတာမျိုးကျ ညီမသွယ် သိနိုင်ပါ့မလားလို့ ”  


တစ်ခါတစ်ခါ ဤသို့သော ချေပစကားမျိုးကို ကျွန်တော် ပြောတတ်သည် ။


သည်အခါ သူ့မျက်နှာ ဒေါချိုချိုနှင့် –


“ တော်ပါ အစ်ကို ၊ မိသွယ် ထက်များ မခင်လေးက အစ်ကို့ကို ပိုချစ်တယ် ဆိုတာ မိသွယ်ဖြင့် မယုံဘူး ” 


“ အိုကွယ် ၊ အစ်ကိုက ညီမသွယ် အစ်ကို့ကို မခင်ဘူး ပြောတာမှ မဟုတ်တာဘဲ ၊ ဒါပေမဲ့ ခင်လေးနဲ့ အစ်ကိုတို့ ချစ်တာက တစ်မျိုးပဲဟာ ” 


“ သိပါတယ် သိပါတယ် ။ အစ်ကိုက မခင်လေးကို ယူချင်နေတာ မဟုတ်လား ”  


ကျွန်တော် သူ့ဟန်ပန်ကို ပြုံးခဲ့ရသေး၏ ။


“ ကြည့်သေးတာပေါ့ အစ်ကို ၊ မခင်လေးလို မိန်းမမျိုးက အစ်ကို့လို လူမျိုးကို ယူ မယူ ဆိုတာ ” 


ထိုစကားကို မြကေသွယ် ဘာရည်ရွယ်ချက်နှင့် ပြောသနည်း ။ မည်သို့သော တွက်နည်းဖြင့် အဖြေရှာ ထားသနည်း ကျွန်တော် မတွေးခဲ့မိ ။


အမှန်ပင် ၊ သည်တုန်းကတော့လည်း ခင်လေးနှင့် ကျွန်တော်တို့သည် အဆုံးစွန်သော ကွေကွင်းရခြင်းမျိုးဖြင့် ကွေကွင်းကြရလိမ့်မည်ဟု ကျွန်တော် မထင်ခဲ့ပေ ။ ဤသို့လျှင် ကွေကွင်းရအံ့သော အကြောင်းမျိုး ရှိနေသည်ကိုပင် ကျွန်တော် သတိမမူမိ ။ စင်စစ်အားဖြင့်တော့လည်း မဆန်းလှပေ ။ ခင်လေးသည် ဝန်ထောက်သမီး ၊ ကျွန်တော်သည် အမျိုးသားကျောင်းအုပ်ဆရာကြီး၏ သား ။ ခင်လေးတို့ အဖေသည် ဗြိတိသျှအုပ်ချုပ်ရေးယန္တရားကြီး လည်ပတ်မှု ၊ ဗြိတိသျှ အုပ်ချုပ်ရေး တည်မြဲမှုကို လိုလားသူ ။ ကျွန်တော့် အဖေကား ဗြိတိသျှအုပ်ချုပ်ရေးကို ဆန့်ကျင်တိုက်ခိုက်သူ ။ တစ်သီးတခြား ခွဲ၍ တွက်ကြစတမ်း ဆိုလျှင်မူ ခင်လေးသည် ဗြိတိသျှ အုပ်ချုပ်ရေး မြဲမှုအတွက် ကြိုးပမ်းနေသူများနှင့် ဗြိတိသျှအုပ်ချုပ်ရေးကို ဆန့်ကျင်တိုက်ခိုက်နေသူများ၏ ပဋိပက္ခကို စိတ်ဝင်စားခြင်း မရှိ ဟူသော အချက်ပင် ။


“ ကိုဆွေ ဘာလုပ်လုပ် ခင်လေး ဘာမှ မပြောချင်ဘူး ။ ဖေဖေတို့က အင်္ဂလိပ်လူ ဟုတ်တယ် မဟုတ်ဘူး ဆိုတာလည်း ခင်လေး ဘာမှ မသိဘူး ။ ကိုဆွေ ပြောသလို ဖေဖေက အင်္ဂလိပ်လူ ၊ ကိုဆွေက အင်္ဂလိပ် မကြိုက်တဲ့လူ ဖြစ်လို့ ကိုဆွေနဲ့ ခင်လေး ကွဲကြရလိမ့်မယ် လို့လည်း ခင်လေး မထင်ဘူး ။ ဒါကတော့ ကိုဆွေရယ် ၊ ဖေဖေတို့ ဆိုတာ အစိုးရအမှုထမ်းပဲဟာ ၊ အင်္ဂလိပ်အစိုးရ လုပ်နေရင် အင်္ဂလိပ်အစိုးရ အမှုထမ်းပေါ့ ။ ဗမာတွေ အစိုးရ ဖြစ်တော့လည်း ဗမာအစိုးရ အမှုထမ်းပဲ ဖြစ်ရမှာပေါ့ ” 


ခင်လေး အသိကား ဤသို့သော အသိ ။


ထို့ကြောင့်လည်း ကျွန်တော်တို့ တစ်မိသားစုလုံး ဗြိတိသျှဆန့်ကျင်ရေးစိတ် ကိန်းဝပ်နေခြင်းသည် ကျွန်တော်နှင့် ခင်လေး အရေး၌ ပြဿနာ တစ်ခု သဖွယ် ရှိနေလိမ့်မည်ဟု ကျွန်တော် မတွေးမိခဲ့ရိုး အမှန်ပင် ။


သို့ဖြင့် အဖေ၏ တာဝန်ပေးချက် အရ ဘီအိုင်အေတပ်နှင့် အဆက်အသွယ် ပြုပြီး တပ်ထဲ ဝင်ရန် မြို့မှ ထွက်လာခဲ့သည့် အချိန်အထိ ကျွန်တော်နှင့် ခင်လေးတို့ အဆုံးစွန် ကွေကွင်းကြရပြီဟု ကျွန်တော် မထင်ခဲ့ ။


တစ်ခုတော့ စိတ်မကောင်း ဖြစ်မိသည် ။ ကျွန်တော် မြို့မှ လျှို့ဝှက် ထွက်ခဲ့ရသဖြင့် ခင်လေးကို နှုတ်မဆက်မိခဲ့ခြင်း ။


မည်သို့ဖြစ်စေ ၊ ကျွန်တော် မြို့ပြန်ရမည် ဆိုသောအခါ အကြီးအကျယ်ဆုံးသော မျှော်လင့်ချက် ၊ ရည်မှန်းချက်ကြီး ပါလာခဲ့သည်ကား အမှန်ပင် ။ ခင်လေးနှင့် လက်ထပ်ရေး ၊ သို့သော် မြို့၌ ခင်လေး မရှိတော့ပေ ။ ထားတော့ ခင်လေး အဖေသည် စစ်ပြေး အဖြစ် ရှောင်တိမ်းရသည် ဖြစ်၍ ခင်လေးလည်း မြို့မှ ထွက်ခွာရသည်မှာ ဖြေသာသော အကြောင်းပင် ။ သို့ပါလျက် ။


“ ဘာလဲ အစ်ကို ။ ကနေ့ပဲ မြို့ကို ရောက် ၊ နက်ဖြန် ပြန်တော့မယ် ဆိုတော့ ဟုတ်မှ ဟုတ်ရဲ့လား အစ်ကိုရယ် ” 


မြကေသွယ် စကားကြောင့် ကျွန်တော် မလုံမလဲ ဖြစ်ရသေးသည် ။


“ ဘာဖြစ်လို့လဲ ညီမသွယ် ” 


“ သိပါတယ် ။ အစ်ကို မခင်လေး ရှိရာ လိုက်မလို့ မဟုတ်လား ” 


“ ဟေ ၊ ဒီလိုတော့လည်း မိသွယ်က ဗေဒင် အတတ်ကြီးပဲ ”  


ကျွန်တော်ကသာ ပြုံးရယ်စနှင့် စကားဆိုသည် ။ သူ့မျက်နှာကား မကြည်သာ ။ 


“ အစ်ကို မခင်လေးကို ခုအထိ စွဲလမ်းတုန်းပဲနော် ”  


သူ့စကားအလာကို ကျွန်တော် နားမလည် ။ သို့သော် ကျွန်တော် သူ့မျက်နှာ ဟန်ပန်ကိုကား သတိမူလိုက်မိချေသည် ။ ယခုမူ သူ့အသက်သည် ဆယ့်ငါးနှစ် အရွယ်တွင်း ဝင်ခဲ့ချေပြီ ။ ထို့ကြောင့် ဟိုစဉ်ကနှင့် စာလျှင် ကလေးစိတ်ကလေးဟန်ကလေးများ ပျောက်သင့် ကောင်းပေပြီဟူသော အချက်ကို ကျွန်တော် လက်ခံနိုင်ပါ၏ ။ သို့ပါလျက် သူ့မျက်နှာ ဟန်ပန်၌ ရင့်ကျက် တည်ငြိမ်သော အသွင်မျိုး ဆောင်ထားသည်ကိုမူ ကျွန်တော် သဘော မပေါက် ။ ပို၍ အံ့ဩစရာ ကောင်းသည်မှာမူ ကျွန်တော့်စိတ်က သူ့ကို ကလေးငယ် အလား အမှတ်ထားဆဲ ။ ကြည့်လေ ... ပြန်လည် ရင်ဆိုင်မိစကပင် သူသည် ကလေးငယ် တစ်ယောက် အသွင် မြူးရွှင်သော ဟန်ပန်ကို ဆင်ယင်ထားနိုင်ခဲ့ပါလျက် ယခု တစ်ခဏအတွင်း မျက်နှာသွင်ပြင် ညှိုးငယ်နွမ်းနယ်ရသည်ကို ကျွန်တော် မည်သို့ သဘောပေါက် လွယ်ပါမည်နည်း ။


“ ဘာဖြစ်လို့လဲ ညီမသွယ် ” 


ကျွန်တော့် အသံသည်ပင်လျှင် နှေးကွေးဟန် ရှိချေ၏ ။ သည်တော့လည်း မြကေသွယ် နှုတ်တုံ့ မပြန် ။ ကျွန်တော်ကသာ စနိုးစနောင့် စိတ်ဖြင့် ထပ်၍ မေးမိသည် ။ အတန်ကြာမှပင် ...


“ ဒီမယ် အစ်ကို ၊ လူတွေဟာ ဘာဖြစ်လို့ ပိတောက်ပန်းကို အမြတ်တနိုး ရှိကြတာလဲ အစ်ကို ”  


ကျွန်တော် အံ့သြရလေပြီ ။ တွေလည်း တွေဝေရလေသည် ။ ဘာမျှ အဆက်အစပ် မရှိသော သူ့စကားကို ကျွန်တော် နားမလည်နိုင်ရိုး အမှန်ပင် ။ ထို့ကြောင့် ကျွန်တော် သူ့မျက်နှာကို စေ့စေ့ အကဲခတ်ရသည် ။ ထိုအခါ ကျွန်တော့် အမြင်အာရုံသည်လည်း သူ့ မျက်လုံးစုံ တူရူပြရာသို့ ရှေးရှုရလေတော့သည် ။


မြကေသွယ်တို့ ခြံစည်းရိုးက ပိတောက်ပင်ကြီးသည် မားမားကြီး ရပ်နေ၏ ။ အကိုင်းအလက် အချို့သည်မူ ဖရိုဖရဲ ဖြစ်နေကြလေသည် ။


ဟုတ်ပါရဲ့ ၊ ဒီနေ့ကား ပိတောက်ပွင့်သော နေ့ပါတကား ။


ထို့ကြောင့်ပင် ပိတောက်ကိုင်း ချိုးလာကြသူများ၏ ဒဏ်ချက်ဖြင့် ပိတောက်ကိုင်းများ ကျိုးပဲ့ကာ ဖရိုဖရဲ ဖြစ်နေခြင်းပင် ။ မနက်က ဆိုလျှင် ဤပိတောက်ပင်ကြီး ထိန်ထိန်ဝေ နေပေလိမ့်မည် ။ သည်အချိန်ကမူ ပိတောက်ကြိုက်မကလေး မြကေသွယ် မည်မျှ ပျော်နေ ခြိမ့်မည်နည်း ။ ကျွန်တော် မှန်းဆနိုင်လေပြီ ။ သို့ပေမဲ့ မြကေသွယ့်စကားကိုကား ကျွန်တော် နားမလည်နိုင်သေး ၊ မမှန်းဆနိုင်သေး ။


“ ကြည့်ပါဦး အစ်ကိုရယ် ။ ချိုးဖဲ့သွားလိုက်ကြတာ အရမ်းပဲ ။ ဖေဖေ သဘော ကောင်းလွန်းလို့သာ ၊ မိသွယ် ကတော့ မကြိုက်ဘူး ။ ဖေဖေတို့ ကျတော့လည်း မဟုတ်ဘူး အစ်ကို ၊ အလကား ကြွေကျမယ့် အတူတူ ပန်ချင်တဲ့ လူ ပန် ၊ ကုသိုလ်ပြုချင်တဲ့ လူ ပြုရအောင် ခူးပါစေ ဆိုပြီး ပန်းလာခူးတဲ့ လူတွေကို အားပေးအားမြောက်တောင် လုပ်လိုက်သေးတယ် ”  


မြကေသွယ်ကို ကျွန်တော် ငေးရနေပြီ ။


“ တကယ်တော့လည်း ဘာမှ မဟုတ်ပါဘူး အစ်ကိုရယ် ၊ ကြည့်ပါလား ။ ဟိုဘက်က ငုပင်ကြီးက ငုပန်းတွေကျ ဘယ်သူမှ မခူးဘူး ၊ ပိတောက်ပန်း ကျခါမှ … ”  


“ အဲဒါ ဘာဖြစ်လဲ ညီမသွယ် ” 


“ မိသွယ် အဲ့ဒါကို စဉ်းစားနေတာပါ အစ်ကို ” 


“ အမယ်လေး ညီမသွယ်ရယ် ၊ မင်းကများ စဉ်းစားရတယ်လို့ အေးပေါ့ ၊ အစ်ကို ညီမက ကြီးလာရင် စာရေးဆရာမကြီးများ လုပ်မလို့လား မသိဘူး ။ ဘယ်ဆိုးလို့လဲ ” 


သည်အခိုက်မှာတော့ ကျွန်တော် ခင်လေး ကိစ္စကို မေ့လျော့နေသည် အမှန် ။ 


“ မဟုတ်ဘူး အစ်ကို ၊ မိသွယ် စဉ်းစားတာက မခင်လေးနဲ့ အစ်ကိုတို့ အကြောင်းပါ ”  


“ ဘာဆိုင်လို့လဲကွယ့် ” 


“ ဆိုင်တာပေါ့ အစ်ကို ၊ ပိတောက်ပန်းသာ ခုလို တစ်နှစ်မှာ တစ်လ ၊ တစ်လမှာ တစ်ရက် ဆိုသလို မပွင့်ဘဲ ငုပင်ကြီးလို တစ်ရာသီလုံး ပွင့်မယ်ဆိုရင် လူတွေက ခုလို အငမ်းမရ ခူးကြပါ့မလားလို့  ” 


“ ဒါပေါ့ကွယ် ။ ရှားရှားပါးပါး ပွင့်လာတာမျိုး ဆိုတော့ လူတွေက ပိုပြီး အမြတ်တနိုး ဖြစ်ဘာပေါ့ ” 


“ ဒီလိုဆိုရင်တော့ ကောင်းတာပေါ့ အစ်ကို ၊ နို့ပေမဲ့ မိသွယ် စိတ်ထဲက တစ်မျိုးကြီးပဲ ” 


“ ဘာဖြစ်လို့ ” 


“ စဉ်းစားကြည့်ပေါ့ အစ်ကို ။ ဘာပြောပြော ဒီပန်းကို မနက်က ခူးသွားကြတယ် ပန်ကြတယ် ၊ ဘုရားတင်ကြတယ် ။ ခုလောက်ဆို နွမ်းကုန်ကြရော့မယ် ။ နွမ်းကာနဲ့ တစ်ပြိုင်နက် လွှင့်ပစ်လိုက်ကြရော မဟုတ်လား ။ ဒီတော့ အစ်ကို ၊ တကယ်သာ မြတ်နိုးရိုး အမှန် ဆိုရင် တစ်နေ့ကလေး ပန်ရဖို့ အတွက်နဲ့ဖြင့် ဒီအပင်က ပန်းတွေကို ချိုးဖို့ မကောင်းပါဘူး အစ်ကိုရယ် ” 


“ နေဦး ညီမသွယ် ၊ ညီမ စကားတွေက တစ်မျိုး ဖြစ်နေပြီ ”  


“ ဘာဖြစ်လို့လဲ အစ်ကို ” 


“ သိပ်လည်း မတွေးနဲ့ညီမ ။ ညီမအသက် ငယ်ငယ်ကလေးရယ် ။ တော်ကြာနေ အစ်ကို့ညီမ ရူးသွားပါဦးမယ် ” 


“ မဟုတ်ပါဘူး အစ်ကို ၊ ခုဟာ မခင်လေး ကိစ္စနဲ့ ပတ်သက်ပြီး မိသွယ် စဉ်းစားမိလို့ပါ ”  


“ အင်း - အင်း ၊ ဆိုစမ်းပါဦး ။ ခင်လေးက ဘာဖြစ်လို့လဲ ” 


“ ခုနက လူတွေ ပိတောက်ပန်းကို မြတ်နိုးကြတယ် ဆိုတာကို မိသွယ် နားမလည် သလိုပဲပေါ့ အစ်ကို ။ မိသွယ်လေ မခင်လေး အစ်ကို့ကို ချစ်တယ် ဆိုတာကိုလည်း နားမလည်ဘူး ” 


“ ဟောဗျ ၊ ဘာတွေများ နားမလည်စရာ ဖြစ်နေရပြန်တာလဲ ညီမသွယ်ရယ် ”  


“ အို တကယ်တော့ နားမလည်ဘာ မဟုတ်ပါဘူး ။ ခုနက လူတွေ ပိတောက်ပန်း မြတ်နိုးစိတ်ဟာ တစ်ခဏ ၊ တစ်နေ့ကလေး ဆိုတာမို့ အဲဒါကို မိသွယ် မယုံဘူး ”  


“ ဒါကြောင့် ခင်လေး အချစ်ကိုလည်း ညီမ မယုံဘူး ပြောချင်တာပေါ့လေ ”  


မြကေသွယ် နှုတ်ဆိတ် နေပြန်ချေသည် ။ မျက်လုံးအိမ် ရွှန်းလဲ့လဲ့သည် အဘယ်ကြောင့်များ ရီဝေလာပါသနည်း ။


အမှန်ပင် မြကေသွယ်သည် သိရခက်သူ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာနေသည်ကို ကျွန်တော် သတိ မထားမိ ၊ တကယ်တမ်းကျတော့လည်း ကျွန်တော်သည် မြကေသွယ်ကို သိနားလည်နိုင်ဖို့ မကြိုးစားခဲ့မိ ။ ကြည့်လေ ထိုခဏမှာ ဒင်းမျက်ရည် သွယ်ကျသေးသည့် အဖြစ်ကိုပင် ကျွန်တော် အဖြေရှာဖို့ မကြိုးစားခဲ့မိ ။


ခင်လေးနှင့် ပတ်သက်သော စကားစ၌ ဒင်းအဘယ်ကြောင့် မျက်ရည်သွယ်ရလေသနည်း ။ 


ကြည့်စမ်း ၊ မမ ဆီမှ သတင်းစကားအရ ခင်လေး လက်ထပ်သွားကြောင်း သိရပြီ ဆိုသောအခါ ကျွန်တော် ရပ်တည်ရာ မမြင်တော့ပေ ။ မူလက ခင်လေး ရှိရာသို့ လိုက်မည် ဟူသော အကြံအစည်သာလျှင် ပျက်ပြယ်သည် ။ ခင်လေးနှင့် အတူ ကြည်နူးပျော်ရွှင်ခဲ့ရသော ဤမြို့တွင် ကျွန်တော် တစ်ခဏလေးမျှပင် မပျော်ပိုက်တော့ပေ ။ သည်တော့ မြကေသွယ် ခင်လေး အကြောင်း စကားစပ်စဉ်က မျက်ရည်ကျရသည်ကို ကျွန်တော် တွေးမိဖို့ အကောင်းသား ။ သို့ပေမဲ့ သည်အချိန်မှာတော့ ကျွန်တော် ဘာဆို ဘာကိုမျှ မတွေးတတ်တော့ ၊ မြကေသွယ် ကိုပင် ကျွန်တော် နှုတ်ဆက်ဖို့ သတိမရခဲ့ ။


ပထမတော့ ခင်လေး လက်ထပ်သွားသည့် ကိစ္စကို ကျွန်တော် နားလည်နိုင်ရန် ကြိုးစားကြည့်သေးသည် ။ တစ်ခုတော့ ဖြေစရာရသည် ဆိုနိုင်၏ ။ ဗြိတိသျှအစိုးရ၏ အရာရှိ တစ်ယောက် အနေနှင့် ဂျပန်၏ အန္တရာယ်ကို အကာအကွယ် ပြုနိုင်ရန်မှာ သမီးကို ဂျပန်စစ်ဗိုလ် တစ်ယောက်လက်သို့ ဝကွက် အပ်လိုက်ခြင်း သာလျှင် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု ခင်လေးတို့ ဖေဖေသည် ယူဆထားကောင်း ယူဆထားမည် ဟူသော အချက် ။ အခဲမကျေတွေး တွေးကြစို့ ဆိုလျှင် အင်္ဂလိပ်အစိုးရ၏ သစ္စာခံ ကျွန်ယုံတော် အဖြစ် မိမိ တစ်ကိုယ်လုံး ပုံအပ်ထားခဲ့သူ တစ်ယောက်က ဂျပန်များ အာဏာရလာသော အချိန်၌ သမီး တစ်ကိုယ်လုံး ပုံအပ်လိုက်သည် ဟူသော အဖြစ် ။


ကျွန်တော် သည့်ထက် ပို၍ မတွေးချင်တော့ပေ ။ ကျွန်တော် မင်္ဂလာဒုံ စစ်တက္ကသိုလ်တွင် သင်တန်းတက်စဉ် ခင်လေးတို့ လင်မယားကို ကမာရွတ်ဘက်၌ လျှပ်တစ်ပြက်မျှ မြင်ခဲ့ရသေး၏ ။ သည်တော့ နာကြည်းစိတ်မှာ စက်ဆုပ်မှု ရောစွက်ကာ မေ့ဖို့ ကြိုးစားနေပြီပဲ ။ မေ့ပြီပဲပင် ထင်နိုင်သည့် အခြေမို့ ။


••••• ••••• ••••• 


ကြည့်စမ်း ၊ ညက မြို့စွန်စခန်းကို ကျွန်တော်တို့ ဝင်၍ တိုက်ကြသည် ။ ခင်လေးနှင့် ပတ်သက်၍ တစ်စွန်းတစ်စမျှ အတွေးမနှောက် ။ ကျဆုံးသော ရန်သူတွေ ကြားမှာ ခင်လေးတို့ သားအဖအလောင်းကို တွေ့ရတော့ ရင်ထဲက နာကျင်သလို ခံစားလိုက်ရသေးသည် ။ သို့သော် ထိုဝေဒနာသည် ခဏလေးသာ ။ ခုအနေတော့ ကျွန်တော်တို့သည် ရန်သူကို ရန်သူလိုပင် မြင်ရချေမည် မဟုတ်လား ။


သည်အတွေးမှ အမျှင် မပြတ်သေး ၊ စိုးဝင်း၏ နတ်သျှင်နောင် သီချင်း တစ်ပိုင်းတစ်စသည် ကျွန်တော့် အတွေးစများကို ဆွဲငင်သွားပြန်ချေသည် ။ တစ်နေ့တစ်ည ဒေါသတကြီး မာန်တကြီး ပစ်ခဲ့ ၊ ခတ်ခဲ့ ၊ တိုက်ခဲ့ ၊ သ,တ်ခဲ့သော စစ်သားကြီးသည် ဘယ်ချစ်သူကိုများ ရည်စူး၍ ပန်းများကို ခူးခြွေနေပါသနည်း ။ သူ့ကို မည်သူကများ တရေးရေး မြင်ယောင် တမ်းတကာ ဆွေးနေရှာလိမ့်မည်နည်း ။ ကျွန်တော့် အတွေးစများသည် လမ်းစ ရှာမရသလို ဖြစ်နေ ပြန်ချေသည် ။


မိမိ ကိုယ်တိုင်ပင် စိုးဝင်း သီချင်းသံနှင့် လရောင်ညတွင် ဆွတ်ပျံ့ တမ်းတနေသည့် အဖြစ်ကိုကား ကျွန်တော် သတိ မမူမိသေး ။ 


နတ်သျှင်နောင်သည် ပိတောက်ပွင့်သော တော၌ ချစ်သူကို ရည်စူးခဲ့ပေမည် ထင်ရဲ့ ။


“ အမှန်ပဲ ညီမသွယ် ။ သည်သီချင်းကို ကြားတော့ အစ်ကို မင်းကို သတိရသည်ပဲ ” 


••••• ••••• •••••  


( ၃ )


ယခုလည်း တမ်းတစိတ်မှ အမျှင် မပြတ်သေး ။ မမသည် ရောက်လာပြန်ချေ၏ ။ ပြီး ရောက်မဆိုက်ပင် -


“ သမီးကော မောင်ဆွေ ” 


သည်တော့မှပင် ကျွန်တော်သည် ငိုက်မျဉ်းရာမှ လန့်ဖျပ်နိုးထလာခဲ့ဟန်တူသည် ။ ဤအနေအထားကို မမ ကျေနပ်ပုံ မပေါ်ချေ ။ နှာခေါင်း ရှုံ့လိုက်သည် ။ ကျွန်တော့် စိတ်အာရုံ ဘယ်ဆီသို့ လွင့်ပါးနေသည်ကိုမူ မမ မသိနိုင်ပေ ။ 


“ အပြင်ကိုတဲ့ ”  


မည်သို့ဖြစ်စေ ၊ မမ အမေးကိုမူ ကျွန်တော် ခပ်ပေါ့ပေါ့ အဖြေပေးလိုက်ပါသည် ။


ထွန်းမောင်သည် မမ ကားသံကို ကြားလိုက်ကတည်းကပင် ဤအိမ်တွင်းသို့ မည်သူ ရောက်လာသည်ကို သတိပြုလိုက်ပြီး ဖြစ်ဟန်တူပေသည် ။ သည့်အတွက် သူ ဆက်လက် ဆောင်ရွက်ရမည့်တာဝန်ကိုလည်း သတိမူမိဟန် ရှိ၏ ။ မမသည် ထွန်းမောင် ချလာပေးသော ကုလားထိုင်တွင် ထိုင်ချလိုက်ရင်း ... 


“ ဟင်း - မင်းမလဲ မင့်သမီးကို မင်း မနိုင်တော့ဘူးလား မောင်ဆွေ ”  


ကျွန်တော် အဖြေရှာ၍ မရတော့ပေ ။


“ နေပါဦး ၊ ခုအပြင်ကို သွားတာ ဘယ်သူတွေနဲ့လဲ ၊ ဘာလုပ်ဖို့ကိုလဲ ”  


“ ဪ …. သူ့သူငယ်ချင်းတွေနဲ့ပါ ။ သူ့သူငယ်ချင်း တစ်ယောက် မွေးနေ့ပွဲ ရှိလို့တဲ့ ”  


ကျွန်တော်သည် မမှန်တစ်ဝက် မှန်တစ်ဝက် စကားကို ဆိုလိုက်မိချေသည် ။ ဒါကိုလည်း မမ ကျေနပ်ပုံ မပေါ် ။


အမှန်တော့လည်း မမသည် သမီးနှင့် ပတ်သက်လျှင် ဤသို့ပင် အမြဲတစေ မကျေမနပ် ဖြစ်တတ်သည့်သဘော ရှိနေလေသလားဟုပင် ကျွန်တော့် စိတ်က မှတ်ထင်နေပြန်၏ ။


တစ်ခုတော့ ရှိသည် ။ ဤသမီးကို ဆယ့်နှစ်နှစ်ရွယ် ရောက်သည်အထိ သူ အစဉ်တစိုက် ပြုစုလာခဲ့ခြင်းဖြစ်သည် ။ ထို့ကြောင့်ပင် သမီးနှင့် ပတ်သက်လျှင် သူ့မှာ တာဝန်ရှိသည်ဟု မှတ်ယူထားခြင်း ဖြစ်သည် ။ သို့ဖြင့် မည်သည့် အကြောင်းထူးကိစ္စကြီးငယ် ရှိသည် မရှိသည်မှာ အကြောင်း မဟုတ် ။ မမသည် နေ့စဉ်လိုပင် ကျွန်တော့်ထံသို့ ရောက်လာမြဲ ဖြစ်သည် ။ သည်အခါတိုင်းလည်း သမီး အခြေအနေကို စုံစမ်းမြဲဖြစ်၏ ။ ပြီးလျှင် သမီးကို သူ ဆုံးမစကား ဆိုမြဲ ဖြစ်လေသည် ။


“ ဒီပါတီတွေ ပါတက်တွေ မတက်ရဘူးလို့ ငါ ပြောထားတယ်မဟုတ်လား မောင်ဆွေ ” 


“ ဟုတ်ပါတယ် မမ ။ ခုဟာက သူနဲ့ အလွန်ရင်းတဲ့ သူငယ်ချင်းမို့လို့ပါတဲ့ ။ နောက်ပြီး ဒီပါတီက ယောက်ျားကလေးတွေ ဘာတွေကိုလည်း ဖိတ်တာ မဟုတ်ဘူးတဲ့ ”  


သည်တစ်ခါတော့ ကျွန်တော် လုံးဝ မုသားစကား ဆိုလိုက်ပါသည် ။ 


“ ဒါကို မင်း ယုံတာပဲလား မောင်ဆွေ ” 


“ သမီးဟာ ကျွန်တော့်ကို ဘယ်တော့မှ မလိမ်ပါဘူး မမရယ် ” 


“ ခက်သေးတယ် မောင်ဆွေ … ခက်သေးတယ် ။ မင်းသမီးအကြောင်းကို မင်း ဘာမှ မသိဘူး ။ အထူးသဖြင့် ဒီခေတ် မိန်းကလေးတွေ ယောက်ျားကလေးတွေ အကြောင်းကို မင်းစာရေးဆရာသာ လုပ်နေတာ ၊ ဘယ်လောက်များ မင်း သိလို့လဲ ”  


မမ စကားကြောင့် ကျွန်တော် တုန်လှုပ်ရသည်မှာ အမှန်ပင် ။ သမီးနှင့် ပတ်သက်လျှင် ကျွန်တော် မည်မျှ တုန်လှုပ်ရတတ်သည်ကို မမလည်း သိပြီးပင် ။


မည်သို့ဖြစ်စေ သမီးကို ကျွန်တော်နှင့် ထားရသည့်အတွက် မမသည် ဘယ်အခါမျှ စိတ်မချပေ ။ စကတည်းက သမီးကို ကျွန်တော် ပြန်ခေါ်မည် ဆိုသောအခါ မမ သဘော မတူ ။ သူ့ဘက်က စဉ်းစားလျှင်တော့လည်း မှန်သည် ။ အပျိုဖော်ဝင်စ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ရွယ် မိန်းကလေး တစ်ယောက်ကို ကျွန်တော် တစ်ကိုယ်တည်းသမားက အုပ်ထိန်းကြီး ပြင်းစေမည် ဆိုခြင်းမှာ လွယ်ကူသောကိစ္စမျိုး မဟုတ်ဟု မမ အထင်ရောက်ခဲ့သည် ။ ထိုစဉ်ကပင် မမသည် ယခုကဲ့သို့သော ‘ ဒီခေတ် ’ ဟူသော နာမဝိသေသနကို သုံး၍ ... 


“ မမ သဘောကတော့ သမီးကို မမတို့ ဆီမှာပဲ ထားစေချင်တယ် ။ ဒီမှာက မမ သမီးတွေ သားတွေလည်း ရှိတော့ သူ အဖော်ရနိုင်တာပေါ့ ။ နောက်ပြီး မောင်ဆွေ .. သမီးအရွယ်မျိုးဟာ အလွန်မတန် ဂရုစိုက်ရမယ့် အရွယ်မျိုး ရောက်လာနေပြီ ဆိုတာကိုလည်း မင်းသတိပြုပါ ။ အထူးသဖြင့် ဒီခေတ် မိန်းကလေးတွေ ဝတ်ပုံဆင်ပုံ ပြုမူဆက်ဆံကြပုံတွေကိုက အစ မမ မကျေနပ်ဘူး ” 


“ ဒါကတော့ ခေတ်အလျောက်ပဲ မမရယ် ။ ခေတ်ရေစီးကို ကျွန်တော်တို့က ဘာဖြစ်လို့ လက်နဲ့ တားဖို့ ကြိုးစားချင်ရတာလဲ ” 


“ မဟုတ်ဘူး မောင်ဆွေ ။ မင်း ဒီသမီး ကိစ္စကို ပေါ့ပေါ့ မတွေးနဲ့ ။ မမ ပြောတာက ခေတ်ရေစီးကို လက်နဲ့ တားဖို့ ပြောတာ မဟုတ်ဘူး ။ ဒီအရွယ် ဆိုတာမျိုးဟာ ပိုပြီး ဂရုစိုက်ဖို့ လိုတယ်လို့ ပြောနေတာ ” 


သည်တုန်းကတော့လည်း မမ စကားနှင့် ပတ်သက်၍ ကျွန်တော်သည် အလေးအနက် မတွေးခဲ့ပေ ။ ကျွန်တော့် အနေကျတော့လည်း ဆယ်နှစ်ကျော်ကျော် ထင်သလို နေလာခဲ့ပြီ ဖြစ်၍ ပင်ပန်းလှပေပြီ ။


ကြည့်လေ ။ သမီးရင်း ကိုယ်တိုင်ကပင် အဖေရင်းကို အဖေလို အမှတ်မထားဘဲ ဆက်ဆံသည်မျိုးကအစ ကျွန်တော် လေလွင့်ချင်တိုင်း လွင့်နေခဲ့သော အဖြစ်သည် တရားခံ သဖွယ် ဖြစ်ရပေပြီ ဆိုသောအခါ သည်မှာ ကျွန်တော် တွယ်တာစရာ ရှိသေးသည် ဟူသော အဖြစ်ကို ကျွန်တော် သတိပြုမိရလေသည် ။


သည်သမီး တစ်နှစ်ကျော်ကျော်မှာ ကျွန်တော်သည် သမီးနှင့် ခွဲခွာခဲ့လေသည် ။ သည်သမီး မည်သို့မည်ပုံ ကြီးပြင်းလာခဲ့သည်ကိုပင် ကျွန်တော် သတိ မမူခဲ့ ။ ဤဆယ်နှစ်ကျော် ကာလတွင် ကျွန်တော်သည် မမ ထံသို့ ကြိုးကြားကြိုးကြား ရောက်ခဲ့သည့်တိုင်အောင် သမီးနှင့် ပတ်သက်၍ အလေးအနက် မစဉ်းစားခဲ့ပေ ။ သမီးကို ခဏတဖြုတ် တွေ့ရသော်လည်း သမီးမျက်နှာကိုမှ စေ့စေ့ကြည့်ခဲ့မိသည် မထင် ။


“ သည့်အတွက် မင်း ကိုယ့်ကို အပြစ်တင်ပေဦးမည်လား မြကေသွယ် ” 


••••• ••••• •••••  


( ၄ )


အဝေးမှ မြို့ကို လှမ်းမြင်ရကတည်းကပင် ရင်ထဲမှာ တလှိုက်လှိုက် ဖို့သည် ။ သည်ကတည်းကပင် ညီမသွယ်တို့ ခြံဆီကို အမြင်အာရုံမှာ မှန်းကြည့်သည် ။ 


မှန်သည် ။ ညီမသွယ် သာ မရှိလျှင်လည်း ကျွန်တော်သည် မိမိဇာတိမြေကို ယခုကဲ့သို့ ပြန်လာဖြစ်လိမ့်မည် မထင် ။ သည်တုန်းကတော့လည်း အမှန်ပင် ကျွန်တော်သည် မိမိ အဖြစ်ကို မိမိ ဝေခွဲမရနိုင်လောက်အောင် စိတ်အားငယ်ရသည်လို စိတ်ပျက်လက်ပျက် ဖြစ်ရသည်လို အခြေအနေမျိုးတွင် ဖြစ်သည် ။


တော်လှန်ရေးမှာ အတူ လက်တွဲတိုက်ခဲ့ကြသော ရဲဘော်ရဲဘက်တွေ အချင်းချင်း တစ်နေ့နေ့တွင် ယခုကဲ့သို့ စိတ်သဘောထား ကွဲလွဲမည့် အရိပ်အသွင်များ ပေါ်ပေါက်လာလိမ့်မည်ဟု မထင်ခဲ့သည်မှာလည်း အမှန်ပင် ။ ပြီး လွတ်လပ်ရေးတိုက်ပွဲ မဆုံးသေးဟူသော အသိကလည်း ရှိနေသည် ။ ထို့ကြောင့် ရန်ကုန် မှာပင် စိုးဝင်းတို့ လူသိုက်နှင့် သောင်တင်နေသည် ။ သည်ရဲဘော်တွေသည် တော်လှန်ရေးမှာ မသေ၍ ကျန်နေရခဲ့ကြသူများ မဟုတ်လား ။ ဆက်လက် ဆင်နွှဲရဦးမည့် တိုက်ပွဲမှာ သူတို့တတွေ ပါဝင်ရပေဦးမည် ။ သို့ပါလျက် သည်အခြေအနေမျိုး ကြားမှာပင် အချင်းချင်းတွေ ကြား၌ အယူအဆတွေ ကွဲလွဲလာကြသည်ကို ကျွန်တော် အလေးအနက် မစဉ်းစားတတ်သေး ။


သည်တုန်းမှာပင် မမနှင့် ပြန်လည် တွေ့ဆုံခဲ့ခြင်းဖြစ်သည် ။


မမ အိမ်ထောင်ကျသည့် သတင်းကို လည်းကောင်း ၊ အဖေ ကွယ်လွန်သည့် သတင်းကို လည်းကောင်း ၊ ကျွန်တော်သည် စစ်မြေပြင်မှာပင် ကြားခဲ့ရပြီဖြစ်သည် ။ သို့သော် သည်တုန်းကတော့လည်း မမ မင်္ဂလာပွဲသည် ကျွန်တော့်အဖို့ အရေးမကြီး ။ အဖေ၏ ဈာပနသို့လည်း ကျွန်တော် ရောက်သွားဖို့ မကြိုးစားခဲ့ ။ သည့်အတွက် မမသည် ကျွန်တော့်ကို နားလည်ခွင့်လွှတ်ထားပြီး ဖြစ်ဟန် တူသည် ။


“ ခု မင်း ဘယ်လို စိတ်ကူးနေလဲ မောင်ဆွေ ”


ထိုစကားကို ကျွန်တော် ရုတ်တရက် နားမလည်ခဲ့ပေ ။


“ မင်း နိုင်ငံရေး ဆက်လုပ်တာ မလုပ်တာကို မမ ဘာမှ မပြောလိုဘူး မောင်ဆွေ ၊ မင်း ကျောင်းကလေး ဘာလေးတော့ ဆက်နေဖို့ကောင်းဦး မလားလို့ ” 


ကျွန်တော့်မှာ ကျွန်တော် ရှေ့ရေးနှင့် ပတ်သက်၍ တစ်စုံတစ်ခု အပြတ်အသား စဉ်းစားပြီး ဖြစ်နေဟန် မတူပေ ။


“ ကိုကို ကလည်း မင်းကို တွေ့ချင်နေတယ် ။ ဒီတော့ မင်း မမနဲ့ လိုက်ခဲ့ဦးပေါ့ ၊ အိမ်ရောက်တော့ ကိုကို နဲ့လည်း ဆွေးဆွေးနွေးနွေး ပြောကြသေးတာပေါ့ ကွာ ” ဆို၍သာ မမ အိမ်သို့ လိုက်ခဲ့သည် ။ သည်အချိန်အထိ ကျွန်တော့် နေရေးထိုင်ရေးကအစ ဘာဆို ဘာကိုမျှ ကျွန်တော် အပြတ်အသား စဉ်းစားပြီးသေးခြင်း မရှိပေ ။


ကိုအေးသောင် ကို ကျွန်တော် ကောင်းကောင်း သိပါသည် ။ သူသည် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရပြီး ဖြစ်သည် ။ သူ့ မှာလည်း အမျိုးသားရေးလှုပ်ရှားမှု အစဉ်အလာ ထိုက်သင့် သလောက် ရှိပြီးဖြစ်သည် ။ သို့သော် ယခုအခါ သူသည် သေနတ်ကို လက်လွတ်ပြီး စာသင်ခန်းသို့ ပြန်လည် ဝင်ရောက်နေပေပြီ ။ တစ်ဖက်တွင် တက္ကသိုလ်၌ နည်းပြဆရာ လုပ်ရင်း မဟာဝိဇ္ဇာဘွဲ့ ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းနေ၏ ။


ပထမတော့လည်း ကိုအေးသောင်သည် ကျွန်တော့်အား နိုင်ငံရေးအခြေအနေများ ကို ရှင်းလင်းပြောပြလိမ့်မည် ထင်ခဲ့သည် ။ တွေ့ကြသောအခါ၌ သူသည် နိုင်ငံရေးကိစ္စများကို လုံးဝ မပြော ၊ ကျွန်တော့်အားသာ ကျောင်းပြန်တက်ဖို့ ပြောသည် ။


သည်တော့လည်း ကျွန်တော်သည် ကိုအေးသောင် အကြံပေးတိုက်တွန်းသော စကားကို အလွယ်နှင့်ပင် လက်ခံခဲ့လေသည် ။ ထိုအခါ မမတို့ ကိုအေးသောင်တို့နှင့် အတူနေရန် အလိုလို ဆုံးဖြတ်ပြီး ဖြစ်ရလေတော့သည် ။


သို့ဖြစ်ရာ ကျွန်တော့် ဇာတိမြေသို့ ပြန်ရန် မလိုတော့ပေ ။ သို့ပါလျက် သည်တစ်နွေ ကျောင်းအပိတ်တွင် မမ ကိုယ်တိုင်က …


“ မင်း မြို့ကို ပြန်ချင် ပြန်ချေပါဦးလား ၊ ဟိုမှာ မြကေသွယ်တို့တတွေတော့ ရှိကြသေးတာပဲ ” ဆိုလာသောအခါ ကျွန်တော့် ရင်ထဲမှာ အေးမြသည်ကို ခံစားရသည် ။ ကျွန်တော် မြကေသွယ်ကို မမေ့သေး ။ ကြည့်လေ …. စစ်မြေပြင်မှာတုန်းက တစ်ည စိုးဝင်း၏ နတ်သျှင်နောင်သီချင်းကိုပင် ကျွန်တော် ကြားယောင်လာပြန်ချေသည် ။


ခုနေဆို မြကေသွယ်တို့ ခြံမှာ ပိတောက်တွေ ထိန်ထိန်ဝေနေပေရော့မည် ။ ညက မိုးရေဆမ်းထားပြီ ဖြစ်သဖြင့် မြို့သည်ပင် မြခြုံထည်ကို ခြုံရုံထားဘိသည်သို့ ရှိသည် ။ မြို့၏ နံနက်ခင်းသည် နုပျိုလတ်ဆတ်သော အသွင်ကို ဆောင်နေ၏ ။


ယခု ရင်၌ လှပ်လှပ်တုန်ရသည်မှာ မြူးကြွသော ပီတိ အရင်းခံပဲ ဟူသော အသိဖြင့် ကျွန်တော့် စိတ်အာရုံသည် လန်းဆန်းလာချေပြီ ။ ကြည့်စမ်း ကိုယ့်ဇာတိမြေမှာ ပန်းတို့ မွှေးမြဲ ၊ ကြိုင်မြဲ ၊ ထုံလှိုင်မြဲပါတကား ဟူသော ကဗျာစ သည် နှုတ်ဖျားသို့ ရောက်လာပြန်ချေပြီ ။ 


သင်္ဘောကြီး ဥဩသံသည် နံနက်ခင်းလေညှင်းတွင် လွင့်ပျံ့သွားလေသည် ။ ဆိပ်ကမ်းသမ္ဗန်ထက်က လူအများကပင် မြင်ရချေပြီ ။ သည်တော့ သူတို့သည် ကျွန်တော့်ကို ပျူငှာလှိုက်လှဲသော ဟန်ပန်ဖြင့် ကြိုဆိုနေကြသည်ဟုပင် စိတ်က အောက်မေ့သည် ။ အားတက်သည် ။ သည်လူစုမှာ မြကေသွယ် ပင် ပါလေမည်ဟုလည်း ထင်ပြန်ချေသည် ။ ကိုယ့်ဇာတိကို ပြန်လာ၍ အားတက်ရွှင်လန်းရသော အဖြစ်မျိုးသည် နှိုင်းဖွယ်မဲ့ ပီတိမျိုးပါ တကား ။


ဆိပ်ကမ်းက လူတွေ ကြားမှာ မျက်နှာဟောင်းတို့ကို ရှာသည် ၊ မတွေ့ ။ သို့ပေမဲ့ အားမငယ်မိ ။ အမှတ်ထား မျက်နှာဟောင်းတွေ မဟုတ်စေကာမူ မြင်ဖူးပြီး တွေ့ဖူးပြီး မျက်နှာဟောင်းတွေလို့ပဲ ကျွန်တော့် စိတ်က အမှတ်ထားပြီး ဖြစ်၏ ။ ကြည့်လေ ။ မျက်လုံးချင်း ဆုံမိသူတိုင်းမှာ အပြုံးစနှင့်ချည်းပဲဟုလည်း ထင်သည် ။ မြူးကြွသော စိတ်က လွှမ်းကဲသည် ဆိုတော့လည်း မြင်မြင်သမျှ အလှချည်းပင် ။ ခြေနှင့် နင်းလာရသော မြေအပြင်ကိုပင် မြင်ရသည် မထင် ။ မိုးကောင်းကင်ကိုလည်း မမြင်ရ ။ ရှေ့တူရှုက မြကေသွယ်တို့ အိမ်သာလျှင် အမြင်အာရုံမှာ စွဲထင်နေမိ၏ ။


မြို့ကလေးသည် ခါတိုင်းလိုပင် ဆိတ်ဆိတ်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိလှဘိသည် ။ ဆိပ်ကမ်းမှ တက်ခဲ့သော လမ်းဆုံ တစ်နေရာသည် ဈေး ၊ ထိုလမ်းချိုးအတိုင်း တူရူသည် အစိုးရအဆောက်အအုံများရှိသော မြို့စွန် ။ ထိုနေရာ၌ မြို့ပတ်လမ်းချိုး ရှိသည် ။ မြို့ပတ်လမ်းအရှေ့ တူရူ၌ မြကေသွယ်တို့ ခြံဝင်းတည်း ။


ပိတောက်နံ့သင်းသင်းသည်ပင် လေညှင်းနှင့် အတူ ရောက်လာ ဆီးကြိုချေပြီ မြကေသွယ့် ကိုယ်စား ထင်ရဲ့ ။


အမှန်ပင် ပိတောက်ထိန်ထိန်ဝေတို့ကို မြင်ရလေပြီ ။ ခဏချင်းပင် မိမိ ခန္ဓာကိုယ်သည် လေအဟုန်၌ ပျံတက်သွားသလို ခံစားလိုက်ရသည် ။ ခြေလှမ်း ပိုသွက်လာသည့် သဘောပင် ။


မြကေသွယ်တို့ခြံသည် ခါတိုင်းလိုပင် ဆိတ်ငြိမ်နေသည် ။ ခါတိုင်းလိုပင် အုပ်ဆိုင်း နေသည် ။ ခါတိုင်း နွေရောက်လျှင် ကျူးရင့်လာတတ်မြဲ ဥဩသံကိုလည်း ယခု ကြားရသည် ။ ဘာမျှ မပြောင်းလဲပါကလား ။


ခြံစည်းရိုးသည် ကြခတ်ပင်တန်း စည်းရိုးခတ်ဖြစ်သည် ။ တံခါးမကြီးကို ဟိုစဉ်က လိုပင် ပိတ်ထားသည် ။ ခြံ၏ တောင်ဘက်စည်းရိုးတန်းက မာလကာပင်တန်း ၊ ခြံထောင့် အစွန် တစ်နေရာက ခရေပင်အုပ်အုပ် ၊ မြောက်ဘက်စည်းရိုးစပ်မှာကား ပိန္နဲပင် ၊ မရန်းပင်နှင့် သစ်တိုပင်ကြီးများ ။ မျက်နှာစာဘက် ပိတောက်ပင်အောက်က နေ၍ ကျွန်တော်သည် ခြံတွင်းသို့ ငေးစိုက်ကြည့်နေမိလေသည် ။ မည်မျှကြာအောင် ငေးစိုက်ကြည့်နေမိသည်ကို ကျွန်တော် မမှတ်မိနိုင် ။ ခြံလယ်က အိမ်ကြီးဆီ၌ မြကေသွယ်ကို မြင်နိုင်လိမ့်မည် ထင်သည် ။ မမြင်ရတော့ အကြောင်းမဲ့ စိုးရိမ်စိတ် ဝင်ပြန်သည် ။ ညီမသွယ် ကျန်းကျန်းမာမာ ရှိပါလေစ ဟူသော အတွေးမျိုးဖြင့် ...


ထိုခဏပင် အမြင်အာရုံ အသိစိတ်တွင်းသို့ မလှမ်းမကမ်းမှ လှုပ်ရှားမှု တစ်ခုခုသည် လျှပ်ပြက်သည်သို့ ပြက်လာသည် ထင်လိုက်၏ ။ မျက်လုံးအစုံသည် ထိုလှုပ်ရှားမှုရှိရာသို့ ဖျတ်ခနဲ ရောက်သွားပေပြီ ။


စံပယ်ပင်တန်း ကြားတွင် စံပယ်ပင်ခြေတို့ အကြားမှ ပေါင်းပင်များကို နုတ်သင် ရှင်းလင်းနေသော လူတစ်ယောက် ၊ အသက်အရွယ် ခပ်ကြီးကြီး လူတစ်ယောက် ရုတ်တရက်တွင် သူ မည်သူ ဖြစ်မည်ကို မှန်းဆ၍ မရ ။ မှန်းဆမိဖို့ မေ့လျော့နေသလားတော့လည်း မပြောတတ် ။ သူသည် တံခါးဝတွင် ကျွန်တော် ရပ်ကာ ငေးမောနေသည်ကို လုံးဝ သတိထားမိဟန် မတူပေ ။


မြကေသွယ်တို့မှ ရှိကြပါသေးရဲ့လား ဟူသော ပူပန်စိတ်အတွေး ဝင်လာလိုက်သေးသည် ။ သည်တော့မှပင် စံပယ်ပင် ကြားတွင် ပေါင်းသင်နေသူ မည်သူမည်ဝါ ဖြစ်နိုင်သည်ဟူသော အတွေးသည် ဖျတ်ခနဲ ဝင်လာသည် ကျွန်တော် ဝမ်းသာအားတက်ရသည်မှာ ဆိုဖွယ်ရာ မရှိ ။


“ ဦးလေး .. ဦးလေး .. ဦးလေးအောင် ”


သူသည် နောက်ဘက်သို့ လည်ပြန် လှည့်ကြည့်ရင်း ထိုင်ရာမှ ထသည် ။ လက်၌ တူးရွင်းငယ်ကို ကိုင်ထား၏ ။ သို့သော် သူသည် ကျွန်တော့် ဆီသို့ မလာသေးဘဲ ကျွန်တော် တူရှုသို့သာ စူးစိုက်ကြည့်နေ၏ ။ သူကား မြကေသွယ် အဖေ .. ။


“ ကျွန်တော်ပါ ဦးလေးအောင်ရဲ့ ”


ဦးလေးအောင်သည် ကျွန်တော့် အသံကို ဇဝေဇဝါ ဖြစ်နေသည်လား ၊ ကျွန်တော့် ရုပ်သွင်ကို မမှတ်မိသလို ဖြစ်နေသည်လား မပြောတတ်ပေ ။ ကျွန်တော့်အားသာ စူးစိုက်ကြည့်နေ၏ ။ အတန်ကြာမှပင် သူသည် ကျွန်တော့် တူရှုသို့ လာခဲ့လေသည် ။ 


သူ့ရုပ်သွင်သည် ဇရာပိုင်း အခြေအနေကို ဖော်ပြနေ၏ ။ ဦးခေါင်းပေါ်က ဆံပင်စ ထိုးထိုးထောင်ထောင်များတွင် ဆံဖြူစတို့ အားကြီးစ ပြုနေပေပြီ ။ နဂိုသေးလှီသော ဦးလေးအောင်၏ ခန္ဓာကိုယ်သည် ရှေ့ဘက်သို့ အတန်ငယ် ကိုင်းညွတ်နေဟန်ရှိသည် ။ မျက်လုံးအစုံသည်လည်း မှုန်ဝေနေပြီ ဖြစ်ဟန် တူသည် ။ ကျွန်တော်နှင့် မလှမ်းမကမ်း ရောက်လာသည် အထိ သူ့ အမြင်၌ ကျွန်တော့် ရုပ်သွင်သည် မသဲမကွဲ ဖြစ်နေဟန် ရှိချေသည် ။ 


“ ကျွန်တော်ပါ ဦးလေးအောင် ၊ ဝင်းဆွေပါ ”


ဦးလေးအောင်သည် အံ့ဩသွားဟန် တူ၏ ။ တံခါးမင်းတုပ်ဆီသို့ ချက်ချင်း ရောက်လာသည် ။


“ မင်း မြို့ကို ပြန်လာတယ်ဟုတ်လား မောင်ဝင်းဆွေ ၊ လာဟေ့ ၊ လာ .. လာ ။ ဝမ်းသာ လိုက်တာကွယ် ။ မိသွယ်များ တွေ့ရရင် ဘယ်လောက် ဝမ်းသာလိုက်မလဲပဲ ” 


ဦးလေးအောင်သည် စကားသွက်သွက် ပြောရင်း တံခါးအတွင်းဘက် မင်းတုပ်ကို ဖြုတ်ပေးသည် ။ ပြီးလျှင် ကျွန်တော့်ကို အိမ်ဆီသို့ ဦးဆောင် ခေါ်သွားသည် ။


“ မသေကောင်း မပျောက်ကောင်းကွယ် ။ မင်းမမတို့တော့ ရန်ကုန် ပြောင်းသွားကြတယ် ၊ တွေ့ပြီးပလား မောင်ဝင်းဆွေ ။ အင်း သုံးလေးနှစ်အတွင်း ကြီးလာလိုက်တာ လူကြီး ကျနေတာပဲဟေ့ ”


ဦးလေးအောင်သည် ကျွန်တော့် စကားပြန်ကို မစောင့်ဘဲ တစဉ်တိုက်ကြီး ပြောလာခဲ့ရာမှ အိမ်ရှေ့ ရောက်သည်နှင့် “ မိသွယ်ရေ ၊ ဟေ့ - သမီး ၊ မယ်မြ တစ်ယောက်ကောဟေ့ ။ လာကြစမ်းပါဦးဟ ။ ဟောဒီမှာ ဘယ်သူလဲ ဆိုတာ လာကြည့်လှည့်စမ်း ... ” ဟု အော်ဟစ် ပြောဆိုရင်း “ ထိုင်ဟေ့ မောင်ဝင်းဆွေ ။ ခရီးပန်းလာတော့ ခဏတဖြုတ် အနားယူကွာ ။ နေဦး ၊ ဦးလေး မယ်မြဆီ လိုက်သွားပြီး မောင်ဝင်းဆွေ အတွက် တစ်ခုခု လုပ်ခိုင်း ဦးမှ ။ မိသွယ်ကတော့ ခုထိ အိမ်ပေါ် မဆင်းလာသေးဘူး ။ လာပါ လိမ့်မယ် ။ ဒင်း မင်းကိုများ တွေ့ရရင် ဘယ်လောက် အံ့ဩလိုက်မလဲပဲ ” 


ဦးလေးအောင်သည် ဖျတ်လတ် သွက်လက်နေလေသည် ။ ချက်ချင်းပင် နောက်ဖေးဘက်သို့ ထွက်သွားသည် ။


ကျွန်တော်သည် အိမ်အောက်ထပ် ခုံတန်းလျားတွင် ထိုင်လျက် ကျန်ရစ်သည် ။ အလုံးစုံသော အာရုံတို့ကမူ အိမ်ပေါ်သို့ စူးစိုက်နေ၏ ။ ဤအသံသည် ညီမသွယ်၏ ခြေသံ ၊ ညီမသွယ်သည် သူ့အခန်းမှထွက်လာချေပြီ ။ လှေကား အနီးသို့ပင် ရောက်လာပေပြီ ။ လှေကားမှ ဆင်းလာသော ခြေသံ ။ နူးညံ့သိမ်မွေ့လှစွာသော သူ့ခြေလှမ်းကိုပင် မြင်ရချေပြီ ။ ရင်ထဲမှာ တလှပ်လှပ်နှင့် ..


မျက်နှာချင်း ဆုံမိပေပြီ ။ ရင်ထဲမှာ စိမ့်ခနဲ အေးမြသွားသည် ။ ထိုအချိန်က ကျွန်တော် သည် အားအရဆုံး ပြုံးနေမိလိမ့်မည် ထင်၏ ။ သို့သော် ထိုအပြုံးသည် ဘာမျှ မကြာ ခဏကလေးသာ ။


ဟိုတုန်းက ညီမသွယ်ကို ကျွန်တော် ပြန်တွေ့ရသည်ကား အမှန်ပင် ။ သို့ပေမဲ့ သည်တစ်ကြိမ် ပြန်လည်တွေ့လိုက်ရသောအခါ ရင်မှာ လှိုက်ဖိုရသည့် အဖြစ်ကား ထူးခြား လှစွာ၏ ။ ခြားနားလာပြီ ဖြစ်သော ရုပ်သွင်သဏ္ဌာန်ကြောင့်လားဟု တစ်ခဏချင်း တွေးထင် ကြည့်လိုက်မိသေးသည် ။


အမှန်ပင် ဟိုတုန်းကတော့လည်း ညီမသွယ်သည် ကလေးငယ်တစ်ယောက်နှင့် ဘာမျှ မခြား ။ ကျွန်တော် လာသည်ကို တွေ့ရလျှင် ဟန်ပန်က သွက်လက်သည် ။ အသံက မြူးကြွသည် ။ သူ့အမူအရာမှာ အဆင်တန်ဆာ တစိုးတစ်ကလေးမျှ မပါ ။ ယခုမူ တကယ့် အပျိုကြီးဖားဖား ဖြစ်၍ နေပေပြီ ။ ဆံသွယ်မြတို့ တစ်ပတ်လျှိုထုံးဖွဲ့ထားသည် ။ မျက်နှာပြင်၌ပင် နံ့သာအမွမ်းအခြယ် မရှိ ။ ပကတိ ကြည်စင်နေသည် ။ မျက်လုံးအစုံက ရွန်းလဲ့သည် ။ သွယ်ထင်သော နှာတံသည် အလှဆုံး ပန်းပုရုပ်ထက်က နှာတံမျိုး ၊ နှုတ်ခမ်းလွှာ နီပြေပြေ တင်းစေ့စေ့ ဖြစ်နေသည်မှာမူ စိတ်ကို စိုးနှောင့်စေသည် ။


လှေကားလက်ရန်းကို မမှီတမှီ ပြုလျက် ကျွန်တော့် တူရှုသို့ ငေးစိုက်ရင်း ရပ်နေသည်က အစ လှုပ်ရှားအသက်ဝင်နေသည် ။ ရပ်နေသည်ဟုပင် မထင်ရ ။ ကျွန်တော့် တူရှုသို့ လာနေသည်ဟု မှတ်ထင်ရသည် ။ သို့ပါလျက် သူနှင့် ဝေးနေဆဲ အဖြစ်ကို သိရတော့ ရင်ထဲ မောသည် ။ သူ့မျက်နှာပြင်သည်မူ ပကတိ အေးစက်သောအသွင်ကို ဆောင်ထား၏ ။ ထို့ကြောင့်ပင် ကျွန်တော် အပြုံးစ ချက်ချင်းပျောက်လွင့်ရသည်ပဲ ဖြစ်မည် ။ ပြောစရာတော့ ရှိသည်ပေါ့ ။ သုံးလေးငါးနှစ် ခွာခဲ့ကြပြီ ၊ ပြန်တွေ့ကြရသော အချိန်၌ ကျွန်တော့် အသက်က နှစ်ဆယ်ကျော် သူ့အသက်က ဆယ့်ကိုးနှစ်နား ချဉ်း၍လာပေပြီ ။ 


သူ တစ်ခဏကလေး ရပ်ငေးနေသည်ကိုပင် ကျွန်တော့်စိတ်က တစ်ကမ္ဘာလောက် နီးနီး ထင်သည် ။ မည်သို့ဖြစ်စေ သူ ကျွန်တော့် အပါး ရောက်လျှင် သူကပင် အဦးအစ စကား ဆိုလာမည် ထင်ဆဲ ။ သို့ပေမဲ့ သူ့ ဟန်ပန်သွင်ပြင် မလှုပ်မချောက်ကို မြင်ရတော့ အားငယ်လာသည် ။


 ”ညီမသွယ် နေကောင်းတယ်နော် ”


ထိုစကားကို ကျွန်တော် အားယူ၍ ပြောရပါသည် ။ အသံအနေအသံထားကအစ အလိုလိုပဲ ပျော့ညံ့နေသည်ကို သတိထားလိုက်မိသည် ။ အိမ်ရှင်က မဖော်ရွေတော့လည်း ဧည့်သည် အနေကျုံ့သည့် သဘောပင် ။ ကြည့်လေ ။ ယခု ဧည့်သည်က စကားစသည် ဖြစ် ပါလျက် သူ နှုတ်တုံ့မပြန် ။ ခေါင်းကိုသာ အညင်အသာ ညိတ်သည် ။ ဒင်း ရှက်တတ်နေပြီလားမှ မဆိုနိုင် ။


“ ထိုင်ဦးလေ ညီမ ”


သည်တော့လည်း ကျွန်တော့် မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ဝင်ထိုင်သည် ။ မျက်လွှာကိုကား ချထားသည် ။


“ ညီမသွယ် နေမကောင်းဘူးလားဟင် ”


မေးပြီးသား မေးခွန်းမှန်းတော့လည်း အသိသားပင် ။ သို့ပေမဲ့ သည်တစ်ခဏမှာမှ စကားစက ရှာမရ ။ လာခဲ့စဉ် လမ်းတစ်လျှောက်မှာတုန်းကတော့လည်း ပြောလိုက်မည် စိတ်ကူးနှင့် ရည်စူးခဲ့သည့်စကားတွေ ပြောကုန်လိမ့်မည်လို့ပင် မထင် ။ 


“ ကောင်းပါတယ် ”


လေသံကို နားစိုက်ရသည်မှာ သူ့စကား အဆုံးမသတ် ၊ ဟုတ်ပါရဲ့ ။ လွန်ခဲ့သော လေးငါးနှစ်က ရင်းနှီးမှု နာမ်စားကိုပင် ယခုမူ သူ သုံးဖို့ ဝန်လေးသည်ထင်ရ၏ ။ 


“ ကောင်းတယ်သာ ပြောတယ် ။ ညီမသွယ် ကြည့်ရတာ တစ်မျိုးကြီးပဲ ”


ထိုခဏမှာပင် ဦးလေးအောင်တို့ လင်မယား ရောက်လာသည် ။ 


“ အို .. သမီးကလည်း မင်းအစ်ကို ပစ္စည်းတွေ အပေါ်ထပ် တင်ပေးဦးမှပေါ့ကွယ့် ၊ အမလေး ဒင်းကများ အခွင့်သား ထိုင်နေလိုက်တာ ”


ဦးလေးအောင်က ညီမသွယ်ကို လှမ်း ပြောသည် ။ သည်တော့လည်း ညီမသွယ်သည် ထိုင်ရာမှ ထသည် ။ အမိန့်အတိုင်း သူ ဆောင်ရွက်မည့် ဟန်ပန်မျိုးနှင့်


“ နေပါစေ ညီမသွယ် ” 


ကျွန်တော့်စကား မဆုံးသေးပါ ။


“ အိုကွာ ၊ ဘယ်နှယ့် နေရမှာလဲ မောင်ဝင်းဆွေ  ၊ ဒီမှာပဲ တည်းရမယ့် ဥစ္စာ ၊ သွားသွား - ယူသွား ”


သည်စကားကို ကြားရတော့ အမှန်ပင် တည်းခိုရေးကိစ္စတွေးစရာ ဝင်လာပြန်ချေသည် ။ 


ယခုခဏ ညီမသွယ်နှင့် ဆုံရသည့်အတွက် စိတ်အားငယ်မိသည်အဖြစ်ကား အရင်းခံ ။ ညီမသွယ် အရွယ်ရင့်လာပြီ ဖြစ်၍ ရိုးတိုးရှန်းတန်း ဖြစ်လာနိုင်သည်ကို ကျွန်တော် နားလည်ပါသည် ။ သို့ပါလျက် ညီမသွယ် စိမ်းကားတတ်နေပြီလား ဟူသော အတွေးက ကဲနေသည် ။ ထိုအချိန်အထိ ဒေါ်ဒေါ်မြကို ကျွန်တော် အာရုံ မစူးစိုက်မိသေး ။


“ သွားလေ သမီး ၊ အဲဒီသေတ္တာကို ယူသွား ။ မေမေ အိပ်ရာလိပ် ယူခဲ့မယ် ” ဆိုကာမှပင် ကျွန်တော်သည် ဒေါ်ဒေါ်မြကို ဂရုပြုမိသည် ။ သူ့ ကြည့်ရသည်မှာကတော့လည်း နဂို အတိုင်းပင် ။ ဒေါ်ဒေါ်မြသည် နဂိုကတည်းကပင် ရိုးရိုးကုပ်ကုပ် အေးအေးဆေးဆေး နေလာသူ ဖြစ်သည် ။ သူ့အဖို့ မီးဖိုနှင့် ရေတွင်း သည်သာ အဓိက အလုပ်စခန်းဟု မှတ်ယူ ထားခဲ့ဟန် ရှိချေသည် ။


မြကေသွယ်တို့ အပေါ် တက်သွားချိန်ကလေးမှာပင် ဦးလေးအောင်နှင့်ကား စကားဆက် မပြတ် ။ သို့သော် ကျွန်တော်သည် ဦးလေးအောင် စကား၌ စိတ်မဝင်စား ၊ ကျွန်တော့် အာရုံ အလုံးစုံသည် မြကေသွယ် ဆီမှာသာ ။ ခဏအကြာတွင် သူတို့ သားအမိ ပြန်ဆင်းလာ သည် ။


“ ကဲ … သမီးတို့ ၊ ကိုအောင်တို့နဲ့ စကားပြော နေကြဦး မောင်ဆွေ ။ ဒေါ်ဒေါ် တစ်ခုခု သွားလုပ်ချေဦးမယ် ” ဆိုကာ နေရာမှ ထွက်သွားသည် ။ ဦးလေးအောင်ကား စကားရွှန်းရွှန်း ဝေဆဲ ။ ဒေါ်ဒေါ်မြ ကမူ နံနက်ခင်းစားဖွယ်တို့ကို ယူလာ တည်ခင်းပြီးသည်နှင့် -


“ အေးအေးမှပဲ စကားပြောတော့မယ် မောင်ဆွေ ။ ဒေါ်ဒေါ် ဈေးဘက် ပြေးလိုက်ဦးမှ ” 


ထိုအခိုက် ခြံဝမှ လူသံသူသံများ ပျံ့လွင့်လာသဖြင့် ဦးလေးအောင်သည် နေရာမှ ထကာ 


“ ဟော - လာကုန်ကြပြီ ။ ကဲ - မောင်ဝင်းဆွေ ၊ မင်း - မင်းအဒေါ် ကျွေးတာတွေ စားရင်း သမီးနဲ့ စကားပြောကြဦးဟေ့ ။ ဦးလေးအောင် ပိတောက်ပင်ကို သွားဦးမှကွ ၊ ဟိုမှာ ပိတောက်ပန်း ခူးမယ့်လူတွေ လာနေပြီ ” 


ဆိုရာမှ မြကေသွယ် ဘက် တစ်ချက်လှည့်ပြီး  


“ မင်း ညီမကတော့ အရင်အတိုင်းပဲ မောင်ဝင်းဆွေ ။ ပိတောက်ပွင့်တဲ့နေ့ဆို ဦးလေးကို သူ အမြဲပဲ စိတ်ကောက်တယ် ” 


ပြောပြောဆိုဆို ခြံဝဆီသို့ ထွက်သွားလေသည် ။


ဒါကြောင့်ပဲ ညီမသွယ် ယနေ့ မျက်နှာ မသာမယာ ဖြစ်နေတာ ထင်ရဲ့ဟုလည်း တွေးမိပြန်သည် ။


“ ပိတောက်ပန်းတွေ ခူးလို့ ညီမသွယ် စိတ်ကောက်နေတယ် ထင်တယ် ” 


ရယ်ရွှန်း ပတ်ရွှန်း စကား ဆိုလိုက်မိသေးသည် ။


“ မိသွယ် ပြောဖူးသားပဲ အစ်ကို ” 


သို့သော် သူ့စကားသံမှာ မဝံ့မရဲနိုင်တုန်းပင် ။ ကျွန်တော် ဘာစကား ဆက်ရမည် မသိသေး ။ သူ့မျက်နှာကို စေ့စေ့လှမ်း ကြည့် လိုက်မိပြန်သည် ။ သူ့ မျက်လုံးအစုံသည် ပိတောက်ပင် ဆီသို့ တွေးငေးလျက်ကပင် ... 


“ ဒါပေမဲ့ တစ်မျိုးပဲ ” 


ခပ်လေးလေး ပြောလိုက်သော စကားသံကြောင့် ကျွန်တော် အံ့အားသင့်ရပြန်သည် ။


“ ဘာကို ပြောတာလဲ ညီမသွယ် ”


 ”မိသွယ် အရင်တစ်ခါ ပြောခဲ့တဲ့ စကားပါ ” 


“ ဘာပါလိမ့် ”


“ လူတွေဟာ ပိတောက်ပန်းကို တကယ်မြတ်နိုးကြတာမှ ဟုတ်ရဲ့လားဆိုတာ ”  


“ အစ်ကို့ညီမကတော့ဟေ့ တကယ့်ကို စာရေးဆရာ လုပ်တော့မယ် ထင်တယ် ” 


“ အစ်ကို့လို ရေးတတ်ရင်တော့လည်း အလုပ်ချင်သား ”


“ ဘာပြောတယ်ကွယ့် ” 


ကျွန်တော် ပို၍ အံ့သြရပြန်ချေပြီ ။ သည်တော့မှလည်း မိမိကိုယ်ကိုယ်နှင့် ပတ်သက်၍ အကြောင်းမဲ့ မေ့လျော့နေသည့် အဖြစ်များသည် ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာချေသည် ။


ကျွန်တော် ဝတ္ထုတိုကလေးများ စတင် အားထုတ်ရေးသားနေသည့်အဖြစ် ။ သို့သော် ဤအခြေအနေကို ညီမသွယ် အဘယ်သို့လျှင် သိနိုင်အံ့နည်း ။ 


“ ထားပါတော့ အစ်ကို ”


“ ဘာကို ထားရမှာလဲ ညီမသွယ် ”


“ အစ်ကို မသိချင်တာတွေကို မိသွယ် ဘာမှ မသိဘူးဘဲ ထားပါ ။ ဒါပေမဲ့ မိသွယ်လေ အစ်ကို ခုလို ပြန်လာလိမ့်မယ်လို့ကို မထင်ဘူး ”


“ ဘာကြောင့် ”


“ ဘာကြောင့် ဆိုတာတော့ မိသွယ် ဘယ်သိပါ့မလဲ ။ ဒါလည်း တစ်မျိုးပါလေ ။ ရောက်လာမယ်ပဲလို့ပဲ ထင်ချင် ထင်တယ် ။ ဒါပေမဲ့ ရောက်မလာဘူး လို့လည်း ပိုပြီး ထင်ချင်တယ် ” 


“ မင်းစကားတွေကလည်း စကားထာ ဖွက်သလိုပါပဲလား ညီမသွယ် ” 


“ ဒါကတော့ ဘာဆန်းသလဲ အစ်ကို ။ လူတွေဟာ ဖုံးကြ ဖိကြတယ် ၊ ကွယ်ကြဝှက်ကြတယ် ။ ဖုံးလို့ဖိလို့ မရတော့ဘူး ဆိုရင်တော့လည်း လှည့်ကြ ပတ်ကြပြန်တာပဲ မဟုတ်လား ” 


“ မင်းစကားတွေကို ရှင်းမပြတော့ဘူးလား ညီမသွယ် ”


“ မတူဘူး အစ်ကို ။ ပိတောက်ပင်က သူ့အချိန်ကျလာရင် သူ့ကို ချိုးကြမှာ ဖဲ့ကြမှာကို မတွေးဘူး ။ ပွင့်လိုက်တာပဲ ။ လူတွေကျ ဒီလိုမှ မဟုတ်တာ ”


“ ဘယ့်နှယ်ကွယ် ညီမ ဥစ္စာက ၊ လူတွေကိုပဲ အပြစ် ဖို့ဖို့နေတော့ ... ” 


“ ဒါပေါ့ အစ်ကို ၊ လူတွေက ပြစ်မှုကျူးလွန်နေတဲ့ ဥစ္စာ ၊ လူတွေကို အပြစ် မဖို့လို ဖြစ်မလား ”


“ ပင်ပန်းလိုက်တာ ညီမရယ် …. ။ မင်း ဘယ်လိုများ ဖြစ်သွားပါလိမ့် ” 


သူ နှုတ်တုံ့ မပြန် ။


“ အမှန်ပဲ ညီမသွယ် ။ အစ်ကိုလေ ဒီကို ပြန်လာတော့ အရင်က လိုပဲ ညီမသွယ်နဲ့ ရယ်ရယ်မောမော စကားတွေ ပြောနေရမှာပဲလို့ ထင်ခဲ့တယ် ။ ခုကျတော့ တစ်မျိုးပဲ ညီမ ”


“ ဒါကလည်း အစ်ကို စာရေးဆရာတောင် လုပ်နေမင့်ဟာ မိသွယ်ထက် ပိုနားလည်မှာပါ ” 


“ ဘာကိုလဲ ”


“ ဘာရမလဲ အစ်ကို ။ အချိန်တွေ ပြောင်းလာတယ် ဆိုတာ တခြား ဘာမှ မပြောင်းလဲဘဲ ပြောင်းလာတာမျိုးမှ မဟုတ်တာ ။ ခုနကပဲ မိသွယ် ပြောပါရောလား ။ ဟိုတစ်ခါ အစ်ကို ပြန်လာတုန်းက မိသွယ် ပြောခဲ့တယ် မဟုတ်လား အစ်ကို ။ မခင်လေး မေတ္တာဟာ ပိတောက်ပန်းကို တစ်ခဏ တစ်နေ့တာ မြတ်နိုးတဲ့ မေတ္တာမျိုးလို့ ”


ကျွန်တော် ညီမသွယ်ကို စိုက်ကြည့်နေမိသည် ။ သို့သော် သူကမူ အဝေးဆီ သို့သာ မျက်နှာပြုထား၏ ။


“ ခုကျတော့ ဟိုတုန်းကနဲ့ မတူပြန်ဘူး ”


“ ဘာကိုလဲ ညီမသွယ် ”


“ လူများနော် အိပ်ချင်ယောင် ဆောင်တာ အနှိုးရ အခက်ဆုံးပဲ ဆိုတာ တကယ်ပဲ ” 


ခက်ကပြီ ။ ကျွန်တော် နားမလည်တော့ပေ ။ ပို၍ ပို၍ပင် နားမလည်နိုင်တော့ပေ ။ 


“ ညီမသွယ် မင်း အရင်ကနဲ့ မတူတော့ပါ လားကွယ် ” 


“ မိသွယ် ပြောပြီပဲ အစ်ကို ”


“ ကဲပါကွယ် ၊ ဒါတွေ ထားပါ ။ အစ်ကိုလည်း ဘာမှ နားမလည်တော့ဘူး ။ တခြား အကြောင်းတွေ ပြောရအောင်ပါ ”


“ ဒါဖြင့်လဲ အစ်ကို ပြောချင်တာ ပြောပါ ။ မိသွယ် နားထောင်ဖို့ အသင့်ပဲ ” 


“ အစ်ကို ဝတ္ထုရေးတယ် ဆိုတာ ညီမသွယ် ဘယ်လိုလုပ် သိလဲ ” 


သည်တစ်ခါတော့ သူ မဲ့ပြုံး ပြုံးသည် ။


“ ပြောလေ ”


“ အစ်ကို မသိစေချင်တာကို မိသွယ် ဘာမှ မသိဘူး မှတ်ထားတာက မကောင်းဘူးလား အစ်ကို ”


“ မသိစေချင်ဘူးလို့ ဘယ်သူ ပြောသလဲ ညီမရယ် ။ အစ်ကို ခုမှ တစ်ပုဒ်နှစ်ပုဒ် မဂ္ဂဇင်းထဲ ပါတာ ရှိသေးတဲ့ ဥစ္စာ ၊ နောက်တော့ သိရမှာပေါ့ ။ ခုတော့ ညီမလည်း အကျတွေ ဘာတွေ ကောက်တတ်နေပြီနော် ”


“ ထားပါတော့ အစ်ကိုရယ် ။ တခြား အကြောင်း ပြောရအောင်ပါ ”


သည်အချိန်အထိ ကျွန်တော်သည် ကျွန်တော် ရေးခဲ့သော ဝတ္ထုနှစ်ပုဒ်နှင့် ပတ်သက်၍ မစဉ်းစားမိသေးသည်မှာ အမှန်ပင် ။ ကျွန်တော့်ဘဝတွင် မြကေသွယ် နှင့်ပတ်သက်သော အဖြစ်အပျက်များမှာလည်း ထိုဝတ္ထု နှစ်ပုဒ်ကပင် စဘင် အကြောင်း ခံလိမ့်မည်ဟု ကျွန်တော် မတွေးမိရိုး အမှန်ပင် ။


ကြည့်လေ ။ နောက်တစ်နေ့ စကားစပ်မိသောအခါ “ အစ်ကို မခင်လေးကို အတော် စိတ်နာသွားတာပဲနော် ” ဟူသော သူ့စကားအလာကို ကျွန်တော် စဉ်းစား မရခဲ့ ။ အမှန်ပင် ကျွန်တော်သည် သည်အကြောင်းကို စကား မစပ်စေလိုပေ ။ သည်တော့ ညီမသွယ် က ...


“ ဒါဖြင့် အစ်ကို ‘ ရွက်ဝါကြွေ နွေမူးမူး ’  ကို ဘာရည်ရွယ်ချက်နဲ့ ရေးတာလဲ အစ်ကို ” ဆိုလာပြန်ချေသည် ။ ထိုအခါကျမှပင် ကျွန်တော်သည် ပထမအကြိမ် ပုံနှိပ်ဖော်ပြခြင်း ခံရသော ကျွန်တော့်ဝတ္ထုတိုအကြောင်းကို သတိရ ရလေတော့သည် ။


ထိုဇာတ်လမ်းကို အစပျိုးသော ဖြစ်ရပ်ကား တိုက်ပွဲပြင်းထန်သောည ။ နောက် တစ်နေ့နံနက် ရန်သူအလောင်းကြားတွင် မခင်လေးတို့ သားအဖ အလောင်း တွေ့ရသော အဖြစ် ။ ဤအဖြစ်သည် ဝတ္ထု ဇာတ်လမ်းကို ဖြစ်ပေါ်စေသော နောက်ခံ ၊ ရေးဖြစ်သော ဇာတ်လမ်းမှာမူ ချစ်သူနှစ်ဦးတွင် အမျိုးသားက တော်လှန်ရေးထဲ ပါသွား ၊ မိန်းကလေးလုပ် သူကား ဂျပန်ကတော်ဖြစ် ။ ထိုအခါ တော်လှန်ရေးတပ်သားကလေးက သူ့ချစ်သူကို နောက်ဆုံး တွေ့ခွင့်တောင်း ၊ တွေ့သောအခါ ထိုတပ်သားကလေးက သူ့ချစ်သူကို သ,တ်ပစ် လိုက်သည့် အဖြစ် ။ စာရေးသူ အနေနှင့် ရည်ရွယ်ချက်ထားသည်ကတော့လည်း သစ္စာဖောက် ဟူသမျှကို တော်လှန်ရေးတွင် ရှင်းပယ်ပစ်ရန် ။


ထို့ကြောင့်ပင် ကျွန်တော်သည် ညီမသွယ်၏ အမေးကို အရိုးခံအတိုင်း ဖြေလိုက်ပါသည် ။ 


“ ဒါ ဖြင့် မခင်လေးကို အစ်ကို သ,တ်လိုက်တယ် ဆိုပါတော့လေ ” 


ရုတ်တရက် မမျှော်လင့်ဘဲ ကြားလိုက်ရသော စကားကြောင့် ကျွန်တော် ထိတ်လန့်တုန်လှုပ်ရသည်မှာ အမှန်ပင် ။ သို့သော် ကျွန်တော်သည် ထိတ်လန့်တုန်လှုပ်ရသည်ကို ထိန်းချုပ်၍ ...


“ ဝတ္ထုက ဝတ္ထုပဲ ညီမသွယ် ။ ဝတ္ထုထဲ ရေးတာနဲ့ တကယ်ဖြစ်ရော့လား ” 


မိသွယ် တွေနေပြန်ချေသည် ။ အတန်ကြာမှပင် ...


“ ထားပါတော့လေ ။ ဒါပေမဲ့ မိသွယ် စိတ်ထဲက အဲဒီဝတ္ထုကို ဖတ်ပြီး တစ်မျိုးပဲ အစ်ကို ၊ ပိတောက်ခက်ကို ပြန်ပြီး ချေပစ်တာမျိုးများ ဖြစ်နေသလားလို့ပါ  ”


သည်တော့လည်း စကားစပ်မိပြီ ဖြစ်သဖြင့် ကျွန်တော်သည် မခင်လေးတို့ အဖြစ်ကို ပြောပြဖြစ်လေတော့သည် ။ ထိုအခါ မိသွယ်သည် ကျွန်တော့်အား မခင်လေးကို သ,တ်ဖြတ်သူ အဖြစ် ပြောလာပြန်ချေသည် ။


“ ဒါကတော့လည်း အခက်သား ညီမသွယ် ၊ တိုက်ပွဲ ဆိုတာမျိုးမှာ ငဖြူ ငမည်းကို သ,တ်တာပဲလို့ အတိအကျ ပြောလို့ ဘယ်ဖြစ်ပါ့မလဲ ။ နောက်တစ်ခုကလည်း အစ်ကိုတို့ဟာ ရန်သူကို တိုက်ကြတာပဲဟာ ”


“ ဒါပေမဲ့ မခင်လေးဟာ တစ်ချိန်က အစ်ကို့ ချစ်သူပါ ”


ကျွန်တော် ဤစကားကိုလည်း မဆက်ချင်တော့ပါ  ။ မည်သို့ဖြစ်စေ ၊ မြကေသွယ် နှင့် ပြန်လည်ဆုံစည်းရသည်မှာ ပင်ပန်းလှပါဘိတော့သည် ။ သို့ပေမဲ့ ကျွန်တော် သူ့အပါးက အလွယ်တကူ မခွာနိုင် ။ သူ့အပါးမှ ခွာရမည်ကိုသာ ဝန်လေးသည် ။ ကြည့်စမ်း သူနှင့် အတူ စကားဆုံနိုင်သည့် သီတင်းတစ်ပတ်ကျော်ကျော် အတွင်းမှာပင် သူနှင့် စကားဆုံရမည်ကို ပင်ပန်းလာသည် ။ အစကတော့ ထင်သည် ။ ယခု ပြန်လည်ဆုံတွေ့ ရသော မြကေသွယ် သည် သိရခက်သော မြကေသွယ် ဖြစ်နေပြီဟု ..


စင်စစ် မိမိ ကိုယ်တိုင်၏ အခြေအနေကိုကား မိမိ မစူးစမ်းမိ ။ ကြည့်လေ ... သူနှင့် စကားဆုံရတိုင်း ပင်ပန်းသည် ။ သူနှင့် ခွဲရပြန်ဦးမည် ဆိုသောအခါကျတော့လည်း ပြောစရာ စကား မကုန်စင်သေးဟု ထင်သည် ။


“ အစ်ကို ပြန်မယ် ညီမသွယ် ” ဟူသော စကားကို မပြန်မီ တစ်ရက်မှာ ပြောသည် ။ 


“ ဟို ပြန်ရောက်ရင် မိသွယ် အကြောင်း ဝတ္ထု ရေးဦးပေါ့နော် ”


သူ ထိုစကားကို ဘာရည်ရွယ်ချက်နှင့် ပြောသည် မသိ ၊ ကျွန်တော် အရှက်ရသည်တော့ အမှန်ပင် ။


“ ဒါကတော့ ညီမ အစ်ကို့ကို သက်သက် အထင်သေးတာပဲ ” 


“ အစ်ကို့ကို မိသွယ် အထင်မသေးရပါကလား အစ်ကို ”


“ ကဲပါ ညီမရယ် ။ စကား အကော်အကတ်တွေ ပြောရတာ ပင်ပန်းလှပါတယ် ၊ ဒီတော့ အစ်ကို တစ်ခုပြောချင်တယ် ။ ဒါကို ညီမအလေးအနက် နားထောင်စေချင်တယ် ” 


ကျွန်တော့်အသံ ဟန်ပန်အမူအရာ အလုံးစုံသည် ပကတိ တည်ငြိမ်လှဘိသည် ။ သည်တော့လည်း သူ မလှုပ်မချောက် ။


မှန်သည် ။ ကျွန်တော် ဤစကားကိုကား ပြောရချေမည် ။ ကျွန်တော့် ရင်တွင် နှစ်ကာလ ရှည်ကြာစွာ သိုဝှက်သိုလှောင်ထားခဲ့ရသော စကား ။ ထိုစကားကို ကျွန်တော်က စစ်မြေပြင်မှ တစ်ည အဖြစ်အပျက်နှင့် စသည် ။


“ သည်သီချင်းသံကို ကြားရတော့ ဆိုတဲ့ ရဲဘော် စိတ်ထဲမှာ ဘယ်လိုနေတယ်တော့ မသိဘူး ညီမသွယ် ။ အစ်ကို့ ရင်ထဲမှာတော့ တမြည့်မြည့် ဖြစ်ရတယ် ။ အစ်ကို တစ်ယောက်ယောက်ကို တမ်းတနေရသလိုပဲ ”


ကျွန်တော်သည် စိုးဝင်း၏ နတ်သျှင်နောင်သီချင်းက စသော အဖြစ်ကို ရှင်းပြနေသည် ။ စကားစကို ဖြတ်ပြီး သူ့မျက်နှာကို တစ်ချက်ငဲ့ကြည့်လိုက်မိသေးသည် ။ သူ့မျက်လုံး အစုံသည် အဝေးသို့ တွေငေး နေတတ်မြဲ ။


“ ဒါတွေဟာ ဘာဖြစ်နေတယ်လို့ ထင်သလဲ မြကေသွယ် ၊ စစ်မြေပြင်မှာ ခဏကလေး စစ်နားခိုက် လွမ်းဆွတ်တမ်းတရတာကို အပြစ် ဆိုချင်သလား ။ အစ်ကို ဘယ်သူ့ကို တမ်းတမယ်လို့ကော ထင်သလဲ ”


“ ဒါတွေကို မိသွယ် ကြားပြီးသားပဲ အစ်ကို ” 


ကျွန်တော် အံ့သြရပြန်လေပြီ ။


သို့ပေမဲ့ သူ့ ဟန်ပန်သွင်ပြင်ကမူ ဘာမျှ ထူးခြားတုန်လှုပ်ခြင်း မရှိသလို ၊ သို့မဟုတ်လည်း အကောင်းဆုံး ဟန်ဆောင်မူရာနှင့် .. 


“ တကယ် ပြောတာ အစ်ကို ။ အစ်ကို့ကို မတွေ့ရခင် ကတည်းက အစ်ကို ပြောတာတွေကို မိသွယ်ကြားခဲ့ရတယ် ။ ဒါကြောင့်လည်း မိသွယ်လေ အမှန် ပြောပါ့မယ် အစ်ကို မိသွယ် အစ်ကို့ကို တွေ့လည်း တွေ့ချင်တယ် ၊ မတွေ့လည်း မတွေ့ချင်ဘူး ” 


သူ့စကားများသည် အမြဲတမ်း အနက်ဝှက် သဘောကို ဆောင်ဟန်တူ၏ ။ 


“ ရှင်းစမ်းပါဦး ညီမသွယ် ”


“ မိသွယ် အစ်ကို ရေးတဲ့ ဝတ္ထု နှစ်ပုဒ်စလုံးကို ဖတ်ထားရတာပဲ အစ်ကို ” 


သည်တစ်ခါမှာလည်း ကျွန်တော် တုန်လှုပ်ရပြန်ပါသည် ။ မှန်သည် ။ ကျွန်တော်၏ ဒုတိယဝတ္ထုတိုမှာ စိုးဝင်း၏ နတ်သျှင်နောင် သီချင်းကို အခြေခံထား၍ ရေးသော ဝတ္ထု ဖြစ်သည် ။ သို့သော် ကျွန်တော်ရေးခဲ့စဉ်ကမူ ကျွန်တော့် စိတ်လှုပ်ရှားမှုကို အဓိကထားလိုခဲ့သည် မဟုတ်ပေ ။ ရန်သူကို ချေမှုန်း၍ ချစ်သူကို တမ်းတတတ်သော လူ၏ သဘောကို ဖော်ပြနိုင်ရန် အားထုတ်ခဲ့ခြင်း ဖြစ်လေသည် ။ သို့ပေမဲ့ ကိုယ့်ဝေဒနာ အရင်းခံသည် ဆိုတော့လည်း အကြောင်းသိဖြစ်၍ မြကေသွယ် မှန်းဆနိုင်ခဲ့သည် ထင်၏ ။ 


“ ဒီလိုဆိုရင်လည်း ညီမသွယ် အစ်ကို့ သဘောကို သိပြီးသားပေါ့ ”


သူ နှုတ်ဆိတ်နေချေသည် ။


“ ဒါဖြင့် အစ်ကို ညီမ သဘောကို သိချင်တယ် ညီမသွယ် ”


ရင်ထဲမှာ ပေါ့သွားသည်တော့ အမှန်ပင် ။


“ မိသွယ် သဘောကို မိသွယ် ပြောခဲ့ပြီးပဲ အစ်ကို ။ မိသွယ်လေ အစ်ကို့ကို ဟိုစဉ်က သူငယ်ချင်း တစ်ယောက် အနေမျိုးနဲ့ တွေ့ချင်တာတော့အမှန်ပဲ ။ နို့ပေမဲ့ အစ်ကို ၊ အစ်ကို ဝတ္ထုထဲက စကားတွေကို ကြားနာဖို့နဲ့ အဲဒီ စကားတွေ တုံ့ပြန်ဖို့ အနေမျိုးနဲ့တော့ အစ်ကို့ကို မတွေ့ချင်တာ အမှန်ပဲ ”


သူ့မှာ ကျွန်တော်နှင့် ပတ်သက်၍ အပြတ်အသား ဆုံးဖြတ်ပြီး ဖြစ်နေခြင်းကိုလည်း ကျွန်တော် နားမလည် ။


“ သည်လို နားမလည်နိုင်တဲ့ အဖြစ်မျိုးတွေနဲ့ အစ်ကိုတို့ ပြန်လည်ဆုံစည်းခဲ့ကြရတယ် မဟုတ်လား မြကေသွယ် ”


••••• ••••• •••••  


( ၅ )


ဤသို့ဖြင့် ကျွန်တော် မြကေသွယ်ကို နားလည်နိုင်ရန် ကြိုးစားရပေဦးမည် ။ ကျောင်းမှာ ကျွမ်းဝင်ရသော ကဗျာဆရာငယ် တစ်ယောက်က “ မိန်းမ ဆိုတာမျိုးတွေဟာ နားလည်လို့ ရနိုင်တာမျိုးမှ မဟုတ်ဘဲဗျာ ။ ချစ်တယ် ဆိုရင် ချစ်လိုက်ရုံပဲပေါ့ ” ဟူသော သူ့အယူအဆကို ပြောဖူးသည် ။ ကျွန်တော် သဘော မပေါက် ၊ လက်မခံနိုင်ခဲ့ ။


အမှန်တော့လည်း ကျွန်တော်သည် မြကေသွယ် နှင့် ပတ်သက်လျှင် အလုံးစုံ နားလည်ပြီး ဖြစ်မည်ဟုလည်း ထင်ခဲ့သည် ။ ကျွန်တော့် အတွက် မြတ်နိုးဖွယ် မျှော်လင့်ချက်သည် မြကေသွယ် သာ ဖြစ်ရမည် ဟုလည်း မှတ်ယူခဲ့သည် ။ သို့ပါလျက် မြကေသွယ် နှင့် ပြန်လည် ဆုံစည်းရခြင်း အဖြစ်ကို ကျွန်တော် ဘယ်လိုမျှ နားမလည် ။ ထို့ကြောင့်ပင် ကျွန်တော် ရန်ကုန် ပြန်ရောက်လျှင် ရောက်ချင်းပင် မြကေသွယ် ထံသို့ စာတစ်စောင် ရေးလိုက်သေး၏ ။ သို့သော် မြကေသွယ်သည် ကျွန်တော့်ထံသို့ စာမပြန် ။ သည့်အတွက် ကျွန်တော် သူ့ကို မနာ ၊ သူ့ထံသို့ စာရေး မပျက်ခဲ့ ။


နောက်တစ်နှစ်မှာ မြကေသွယ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်သည် ။ သည်တော့ မြကေသွယ် တက္ကသိုလ်သို့ ရောက်လာမည်ဟု အတပ်စွဲသည် ။ သို့ပေမဲ့ သူ ရောက်မလာ ၊ သည်တုန်းကလည်း ကျွန်တော် သူ့ဆီသို့ စာတစ်စောင် ရေးသေး၏ ။ သူ စာမပြန် ၊ ထိုနှစ် မိုးအဝင်မှာ မြကေသွယ်တို့ အမေ ဆုံးသည် ဟူသော သတင်းကို မမ မှ တစ်ဆင့် ကြားရသည် ။ သည်တော့လည်း မြကေသွယ် အတွက် စိတ်မကောင်း ။ သည်အခြေအနေ ကြားမှာပင် မြို့သို့ သောင်းကျန်းသူများ ဝင်ရောက် တိုက်ခိုက်သည် ဟူသော သတင်းကို ကြားရသည် ။


“ ဘာပဲဖြစ်ဖြစ် မင်း သွားနိုင်ရင်တော့ လိုက်သွားဖို့ ကောင်းတယ် မောင်ဆွေ ။ တိုင်းပြည် အခြေအနေကလည်း ဗရုတ်ဗရက်နဲ့ ဦးလေးအောင် ကလည်း ကောင်းကောင်း မမာဘူးတဲ့ ။ ဟိုမှာ မိသွယ် တစ်ယောက်တည်း ဆွေမရှိ မျိုးမရှိနဲ့ ဒုက္ခရောက်နေမှာ စိုးရတယ် ။ နောက်ပြီး ဟိုစဉ် ကတည်းက တို့ကိုသာ ဆွေလိုမျိုးလို အမှတ်ထားပြီး ခင်မင်ခဲ့ကြတာ မဟုတ်လား ” 


မှန်သည် ။ မိသွယ် ကျွန်တော့် ဆီသို့ စာမရေးပေမဲ့ မိသွယ်တို့ သတင်းကိုကား ကျွန်တော်သည် မမ မှ တစ်ဆင့် ကြားစမြဲ ဖြစ်သည် ။ ဒါကလည်း မဆန်းလှပေ ။ ဦးလေးအောင် ကိုယ်၌က ဆွေမျိုးရင်းချာ အမှတ်ထားသူ ဖြစ်၍ အဆက်အသွယ် မပြတ်ပြုခဲ့သည် ဖြစ်ရာ မမ စကားသည် စဉ်းစားသင့်သော စကား ဖြစ်လေသည် ။ တကယ်တော့လည်း ကျွန်တော် ကိုယ်တိုင်ပင်လျှင် သည်အခြေအနေမျိုး၌ ညီမသွယ် အတွက် စိတ်မအေးနိုင်ပေ ။ သည်တော့ မြကေသွယ် ရှိရာသို့ ကျွန်တော် သွားချင်သည် ။


ထို့ကြောင့်ပင် မြကေသွယ်နှင့် အပြိုင် ထားရမည့် မာနမျိုးကို ကျွန်တော် လျှော့ချသည် ။ ပြီး မြကေသွယ်တို့ ရှိရာသို့ ကျွန်တော် လာသည် ။ မြကေသွယ်တို့ သားအဖကို ရန်ကုန်သို့ ခေါ်ခဲ့သည် ။


“ ရန်ကုန် ရောက်ရင် မိသွယ်တို့ သားအဖ အတွက် အိမ်တစ်လုံး ရှာပေးပါ အစ်ကို ”  


မြို့က အထွက်မှာပင် ညီမသွယ် ထိုစကားကို ဆိုခဲ့သည် ။


“ ဦးလေးအောင် ကိုယ်တိုင်က အစ်ကိုတို့နဲ့ အတူ နေဖို့ ဆုံးဖြတ်ပြီးသားပဲ ညီမသွယ် ”  


“ ဒါပေမဲ့ မိသွယ် အစ်ကိုတို့နဲ့ အတူ မနေချင်ဘူး ”  


“ ဒါ ဘာစကားလဲ ညီမသွယ် ”  


သည်တစ်ခါတော့ ကျွန်တော့် အသံမှာပင် ဒေါသငွေ့ သန်းရချေပြီ ။


သည့်အတွက်လည်း သူ တုန်လှုပ်မိပုံ မပေါ် ။ ကြည့်လေ ၊ တကယ်ပဲ သူ့ ဟန်ပန်က ကျောက်ဆစ်ရုပ်နှယ် မခြား ။


“ မိသွယ် အစ်ကိုနဲ့ အတူ မနေချင်ဘူး ” 


“ မင်း ဘာဖြစ်နေတာလဲ ညီမသွယ် ။ အစ်ကို မေးတာ ပြောစမ်း ၊ မင်း ဘာဖြစ်နေသလဲ ဆိုတာ ” 


သူ မလှုပ်မချောက် ။


“ ဒီမယ် ညီမသွယ် ၊ အစ်ကို့ကို ဘာဖြစ်လို့များ ဒေါသဖြစ်အောင် စချင်ရတာလဲကွယ် ။ ခုဆီအခါမှာ ညီမတို့ ဘယ်လောက် အားငယ်နေရှာမယ် ဆိုတာ တွေးမိလို့ အစ်ကို ရောက်လာတယ် ဆိုတာ ညီမ သိဖို့ ကောင်းတယ် ။ ဒီအခြေအနေမျိုးမှာ အစ်ကို့ ရင်ထဲက ဝေဒနာမတွေ ထုတ်ပြပြန်ရင် အစ်ကို အခွင့်အရေး ယူတယ် ထင်မှာ စိုးလို့ အစ်ကို မျိုသိပ်ထားရတယ် ဆိုတာကိုလည်း မင်း သိထားဖို့ ကောင်းတယ် ” 


“ သိသားပဲ အစ်ကို ၊ ဒါပေမဲ့ မိသွယ် အားငယ်နေတယ် ဆိုတာကို မိသွယ် အနေနဲ့တော့ မယုံဘူး ။ ပြီးတော့လည်း အစ်ကို မျိုသိပ်ထားရတယ် ဆိုတာတွေကို အစ်ကို အရှည်ကြီးတွေ ရေးပြီး ပြောပြခဲ့ပြီပဲဟာ ၊ ခုမှ မျိုသိပ် မထားဘူး ဆိုလို့ကော ဘာအကြောင်း ထူးမှာမို့လဲ အစ်ကို ” 


“ ထားပေါ့လေ ၊ မင်း အားမငယ်ဘူးလို့ မင်းဘာသာ မှတ်ထားတာကို ၊ အစ်ကို မပြောချင်ဘူး ။ ဒါပေမဲ့ မင်းက ပြောလာမှတော့ အစ်ကို ပြောရလိမ့်မယ် ”  


“ မိသွယ် အစ်ကို့ကို ဘယ်တုန်းကများ အဆီးအတား လုပ်ခဲ့ဖူးလို့လဲ ”  


“ ဒါဖြင့် ညီမသွယ် အစ်ကို့ အချစ်နဲ့ ပတ်သက်လို့ ဘာမှ မစဉ်းစားဘူးပေါ့ ”  


“ ဘာများကော စဉ်းစားစရာ လိုလို့လဲ အစ်ကို ” 


“ မင်း ဟန်ဆောင် နေတာတော့ မဟုတ်ပါဘူးနော် ”  


“ ဟန်ဆောင်တယ် ဆိုတာ ဘာလဲ အစ်ကို ” 


ကျွန်တော် ရုတ်တရက် မပြောတတ် ။


“ တကယ်က ဟန်ဆောင်တာက အစ်ကိုတို့ပါ အစ်ကို ။ တကယ်တမ်း ချစ်ခင်မြတ်နိုးတဲ့ အသည်းနှလုံး မရှိဘဲနဲ့ ဟန်ဆောင်ကြတယ် ၊ မုန်းကြပြီ ဆိုတော့လည်း အစ်ကိုတို့ အသည်းနှလုံးက မုန်းလွယ်တတ်ပြန်တယ် ။ ဒါဟာ ဟန်ဆောင်တာလား ၊ တမင် လေ့ကျင့် ယူရတာမျိုးလား အစ်ကို ” 


“ ဘာလဲ ညီမသွယ် ၊ အစ်ကို မင်းကို ချစ်တယ် ဆိုတာကို မင်း မယုံဘူးလို့ ပြောချင်တာလား ” 


“ ဒီအထိတောင် မိသွယ် မစဉ်းစားပါဘူး ။ ခက်တယ် အစ်ကို ။ မိသွယ် အစ်ကို့ကို မတွေ့ချင်ဘူး ။ အစ်ကိုနဲ့ ကင်းရှင်းချင်တယ် ။ အို - ဖြစ်နိုင်ရင် မိသွယ် အားလုံးနဲ့ ကင်းရှင်းချင်တယ် ” 


“ မင်းမှာ ခံစားတတ်တဲ့ အသည်းနှလုံးတောင် မရှိတော့ဘူးလား ညီမသွယ် ”  


“ အသည်းနှလုံး ရှိနေဦးတော့ မခံစားတတ်အောင်လို့တော့ ကျင့်နေတာပဲ အစ်ကို ”  


“ ဘာဖြစ်လို့ ” 


“ ဒါကတော့ ရှင်းသားပဲ ။ အစ်ကိုတို့က ခံစားတတ်လွယ်တာကို မြတ်နိုးကြတယ် ၊ ကြည့်ပါလား အစ်ကို ။ မခင်လေးကို ချစ်ကြစို့ ဆိုတော့လည်း အစ်ကိုပဲ ။ မခင်လေးကို မုန်းလိုက်ပြီ ဆိုတော့ အစ်ကို့ စိတ်က ရန်သူ အမှတ်ထားနိုင်တဲ့ အထိ မုန်းတာပဲ မဟုတ်လား ”  


“ ချစ်တုန်းကတော့လည်း ခင်လေးဟာ အစ်ကို့ ဘက်ကပဲ မဟုတ်လား ။ ဒီတုန်းကတော့ အစ်ကို ခင်လေးကို မျှော်လင့်ချက် ထားခဲ့တယ် ။ တကယ်က ခင်လေးနဲ့ ပတ်သက်လို့ မင်း အသိဆုံးပါ ညီမသွယ် ” 


“ ဟုတ်တယ်လေ ၊ မိသွယ် သိလို့ မိသွယ် ကိုယ်တိုင် အစ်ကိုနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်ခဲ့သေးတယ် မဟုတ်လား ။ နို့ပေမဲ့ ချစ်သူ တစ်ယောက်ကို ရန်သူ တစ်ယောက်လို ထားနိုင်တဲ့ သတ္တိမျိုးတော့ မိသွယ် အမှန်ပဲ ကြောက်တယ် ။ ဘာထူးသလဲ အစ်ကို ။ ပိတောက်ပန်းကို မြတ်နိုးလှပါတယ် ဆိုပြီး အကိုင်းတွေ ချိုးကြ ၊ အခက်အလက်တွေကို ခုတ်ကြထစ်ကြတဲ့ အဖြစ်မျိုးနဲ့ ဘာများ ခြားနားလို့လဲ အစ်ကို ” 


“ အို … ခက်လိုက်တာ ညီမသွယ် ။ မင်းဟာ အတွေး နက်မလိုလိုနဲ့ အတွေး တိမ်လှချေလားကွယ် ။ ဒီမှာ ညီမသွယ် အစ်ကို ပြောပြမယ် ။ တကယ့်တကယ်ကျတော့ အစ်ကိုနဲ့ ခင်လေးဟာ တကယ့် ချစ်သူတွေ ဖြစ်လာနိုင်မယ်လို့ မင်း ထင်သလား ” 


“ ဒီစကားကို မိသွယ် အရင်ဆုံး ပြောခဲ့တာပါ ” 


“ မှန်တယ် ညီမသွယ် ... မှန်တယ် ။ ဒါပေမဲ့ ခင်လေး ဘာဖြစ်လို့ ခုလို ဖြစ်ရတာလဲ ။ အစ်ကိုရော ညီမသွယ် စဉ်းစားမိရဲ့လား ” 


“ မခင်လေးတို့ လူတန်းစားရဲ့ မူမမှန်မှုလို့ အစ်ကို့ ဝတ္ထုထဲက ကောက်ချက်ချသလို ကောက်ချက်ချမှာပဲ မဟုတ်လား ” 


“ ဟုတ်တယ်လေ ။ ဒါပဲ မဟုတ်လား ၊ ဒီလူတန်းစား ပြဿနာ ဆိုတာကလည်း ရှင်းရှင်း ပြောတော့ လူမှုစနစ်မှာ အခြေခံတာပဲ မဟုတ်လား ” 


“ မိသွယ် ဒါတွေကို နားမလည်ဘူး အစ်ကို ” 


“ နားလည်အောင်တော့ ကြိုးစားရလိမ့်မယ် ။ တကယ့် တကယ်ကျတော့ ညီမသွယ် စနစ်ကို အခြေခံပြီး ခေတ် ဖြစ်ထွန်းတယ် ။ ဒီခေတ်ထဲက ပြဿနာရပ် အားလုံးဟာ ဒီစနစ်ပေါ်မှာ အခြေတည်ထားပဲ မဟုတ်လား ။ ကြည့်လေ ခင်လေး အဖေ ခင်လေး အသိုက် အဝန်းဟာ ဘယ်စနစ်ကို မူတည်တာလဲ ။ အဲဒီလို လူမျိုးတွေရဲ့ အသိုက်အဝန်းမှာ ပေါက်ဖွားလာတဲ့ ခင်လေးဟာ တစ်မျိုးသားလုံးရဲ့ ရန်သူ ဖြစ်နေတဲ့ လူနဲ့ လက်ထပ်ရဲတယ် ဆိုတာမျိုး ၊ တကယ် ချစ်ခဲ့ကြတဲ့ လူတွေအပေါ် သစ္စာဖောက်တယ် ဆိုတာမျိုးကိုက အခြေခံ အကြောင်းရင်း ဘာလဲ ညီမသွယ် ” 


“ ဒါတွေ မိသွယ် မသိဘူး ။ သိလည်း မသိချင်ဘူး ။ ဟိုအချိန်က မိသွယ် အမှန်ပြောရရင် မခင်လေးကို သဘောမကျဘူး ။ အစ်ကိုနဲ့ ရင်းနှီးနေတာကိုပဲ မကြိုက်ဘူး ။ ဒါပေမဲ့ အစ်ကို မခင်လေးဟာ လူတစ်ယောက်ပါ ။ မိန်းမတစ်ယောက်ပါ ။ ဒါတွေကို မခင်လေး အပေါ် တကယ်တမ်း ချစ်တယ်ဆိုတဲ့ အစ်ကို့လို လူတစ်ယောက်က မစဉ်းစားသင့်ဘူးလား ”  


“ သြ … လက်စသတ်တော့ ညီမက ခင်လေးနဲ့ ပတ်သက်ပြီး အစ်ကို့ကို မကျေနပ်နေတာကို ” 


“ ဒါက တစ်ကြောင်းပါ အစ်ကို ”  


“ ဒါဖြင့် ” 


“ အို မိသွယ် မပြောတတ်ဘူး အစ်ကို ။ ဒါပေမဲ့ တစ်နေ့ ပြောတတ်အောင်တော့ ကြိုးစားမယ် ။ ခုနေ ပြောတတ်သလောက် ပြောရရင် အစ်ကို့ ပြဿနာက ဥပမာတစ်ခု သက်သက်ပါ ။ မိသွယ် သဘောပေါက်ထားတာကတော့ တကယ်တမ်းကျ လူတွေမှာ မေတ္တာတရားတို့ အကြင်နာတရားတို့ ဆိုတာ မရှိပါဘူး အစ်ကို ။ မိသွယ်လည်း လူပဲ မဟုတ်လား ” 


သည်အယူအဆကို မြကေသွယ် မည်သို့ စွဲပိုက်လာခဲ့ရပါသနည်း ။


••••• ••••• •••••  


( ၆ )


ဤသို့လျှင် မြကေသွယ် နှင့် ပတ်သက်သမျှတို့ကို ကျွန်တော် မမ အား ရှင်းပြရန် အကြံ ဖြစ်ခဲ့သည်မှာ အကြိမ်ကြိမ်ပင် ။ ဟိုစဉ်ကတည်းကပင် ကျွန်တော် ရှင်းပြချင်ခဲ့သည် ။ သို့ပေမဲ့ ကျွန်တော် ရှင်းမပြဖြစ်ခဲ့ပေ ။


ယခုမူ သမီးနှင့် ပတ်သက်သော အကြောင်းကိုသာ မမသည် ထပ်တလဲလဲ ပြောနေချေသည် ။ အပျိုဖော် ဝင်လာပြီ ဖြစ်သော သမီးကို ကျွန်တော်နှင့် ထားရသည့် အတွက် စိတ်မချနိုင်သည့် အကြောင်း ထို့ကြောင့် သူ့ထံသို့ ပြန်ထားစေလိုကြောင်း ။ မမ မည်မျှ စည်းစနစ် ရှိသည်ကို ကျွန်တော် နားလည်ပါသည် ။ ထို့ကြောင့် မမ အကြောင်းပြချက်သည် တစိတ်တဒေသ အားဖြင့် မှန်ကန်သည်ဟု ကျွန်တော် လက်ခံရန် ဝန်မလေးပေ ။


“ ခက်တော့ ခက်တယ် မမ ၊ ကျွန်တော့်သမီးကို မမတို့နဲ့ စိတ်မချလို့ မဟုတ်ပါဘူး ၊ ကျွန်တော့် တစ်ယောက်လုံးကိုတောင် မမတို့ ပြုစုလာခဲ့ကြသေးတာပဲ ။ ဒါပေမဲ့ ကျွန်တော်ဟာ ကျွန်တော့်သမီး အတွက် တစ်ခုခုကို ဖန်တီးပေးရလိမ့်မယ် မမ ”  


“ မင်း ဘာကို ဖန်တီးချင်တာလဲ ” 


“ သူ့ဘဝအတွက် မှန်ကန်တဲ့ အယူအဆ တစ်ခု သူ ရစေချင်တယ် ” 


“ အမယ်လေး ကြီးကျယ်လိုက်တာ မောင်ဆွေ ။ မမဆီ ထားတော့ကော ”  


“ ခက်တော့ အခက်သားပဲ မမ ။ ဒါကလည်း ကျွန်တော့် အထင်ပါ ။ ဒီကိစ္စဟာ အလွန် သိမ်မွေ့တဲ့ ကိစ္စလို့လည်း သဘောရတယ် ။ ဒီလိုမမ ၊ ကနေ့ခေတ် လူငယ်တွေရဲ့ ယေဘုယျ ပြဿနာ အနေနဲ့ ကျွန်တော်တို့ စဉ်းစားကြည့်ရအောင် ” 


“ အင်း - ဆိုစမ်းပါဦး ” 


ကျွန်တော်သည် စကား မဆက်နိုင်သေးပေ ။ ကျွန်တော် ပြောရမည့် အကြောင်းအရာ အတွက် စကားလုံးများကို ကျွန်တော် ရှာဖွေရပေဦးမည် ။ ပင်တော့လည်း အပင်ပန်းသားပင် ။ ကြည့်စမ်း ၊ ရွှန်းမြသော လရောင်ကိုပင် ထိတွေ့ ဖမ်းဆီး မရနိုင် ။


ကျွန်တော်သည် ဘီယာခွက်ကို မော့သောက်လိုက်ပြန်သည် ။ ပြီးမှ ... 


“ အမှန်တော့ မမရယ် ၊ ကျွန်တော်တို့ မမတို့ ဖြတ်သန်းလာခဲ့ရတဲ့ ခေတ်ကို ပြန်ကြည့်စမ်းပါ မမ ၊ ဒီလိုပဲ ကျွန်တော့်သမီး ကြီးပြင်းလာခဲ့ရတဲ့ ခေတ်ကိုလည်း ကြည့်ရအောင် ။ တကယ်တမ်းကျတော့ ဒီခေတ်ကြီး တစ်လျှောက်လုံးဟာ တော်လှန်တိုက်ခိုက်လာခဲ့ရတဲ့ ခေတ်ကြီး မဟုတ်လား ” 


“ အလိုလေး ၊ မင်း ဒီစကားတွေကို မမေ့သေးဘဲကိုး ” 


“ မမ ဟာလေ ..ကျွန်တော့်ကို အမြဲ အထင်သေးချင်တယ် ၊ နှိမ့်ချချင်တယ် ”  


“ ဒါဟာ အထင်သေးတာ မဟုတ်ဘူး ၊ နှိမ်တာလည်း မဟုတ်ဘူး မောင်ဆွေ ၊ ငါ့မောင် ကို ငါ အားမရ ဖြစ်နေတာကို မင်း စဉ်းစားဘူးလား ” 


“ ဒါလည်း ဖြစ်နိုင်ပါတယ် ၊ ကျွန်တော့် အနေနဲ့ တကယ်တမ်းကျ အားမရစရာတွေ အပြစ်တင်စရာတွေ လုပ်နေသေးတယ် ဆိုတာ ဟုတ်တန်သလောက်လည်း ဟုတ်မှာပဲ ၊ ဥပမာ ခုလို ကျွန်တော် ဘီယာခွက်ကလေးနဲ့ ဇိမ်ခံနေတာမျိုး ” 


“ ထားပါလေ ၊ အရေးကြီးတာက သမီး ကိစ္စပဲ မောင်ဆွေ ” 


“ မှန်ပါတယ်မမ ၊ ကျွန်တော်ဟာ သမီး ကိစ္စကို အမြဲ စဉ်းစားတယ် ။ ဒါကြောင့် တစ်ခါတစ်ခါ ကျွန်တော်ဟာ ပုဂ္ဂလိက အကျဉ်းထောင် တစ်ခုမှာများ ကျနေသလားလို့တောင် ထင်မိတယ် ။ ဒါပေမဲ့ ဒါဟာ ဖြစ်သင့် ဖြစ်အပ်တယ်လို့ ကျွန်တော် ယူဆတယ် ။ ကျွန်တော် ပြောပါပကော ။ တော်လှန်တယ် ဆိုတာ တိုက်ပွဲပဲ မမ ။ ဒီတစ်ခါ လူအချင်းချင်းပေမဲ့ ရန်သူ ၊ မိတ်ဆွေ ဆိုတာ ခွဲလာရတာပဲ မဟုတ်လား ” 


“ မင်း ဝတ္ထု ရေးနေတာတော့ မဟုတ်ပါဘူးနော် ” 


“ ရေးတော့ ရေးရမှာပဲ မမ ။ အထူးသဖြင့် မြကေသွယ်နဲ့ ပတ်သက်လို့  ” 


••••• ••••• •••••  


( ၇ )


မှန်သည် ။ မြကေသွယ်တို့ သားအဖ မမတို့အိမ် ရောက်သည့် နေ့မှာပင် ကျွန်တော် အဆောင်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ခဲ့သည့် အခြေအနေမျိုးက အစ မမ မသိ ။ 


မြကေသွယ်က ကျွန်တော်နှင့် တစ်အိမ်တည်း မနေလိုဟု အပြတ်အသား ပြောခဲ့ပြီး ဖြစ်သည် ။ သို့သော် သူ့အလိုကျ သူတို့ သားအဖကို အိမ်တစ်လုံး သီးသန့် နေစေဖို့ ဆိုသည်မှာမူ မဖြစ်နိုင် ။ ဦးလေးအောင်၏ ကျန်းမာရေး အခြေအနေမှာ မကောင်းလှ ။ သည်အနေတွင် မြကေသွယ် အဖို့ အားထားရာမဲ့ ၊ မဖြစ်စေသင့် ။


ထို့ကြောင့်ပင် မြကေသွယ် စိတ်တိုင်းကျ ဖြစ်စေရေးအတွက် ကျွန်တော် အဆောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည် ။ မည်သို့ဖြစ်စေ ၊ တစ်နေ့တွင်မူ မြကေသွယ်သည် ကျွန်တော့်ကို နားလည်လာရချေမည်သာ ။ ထိုအတွင်းမှာပင် ပြဿနာသစ် တစ်ခု ပေါ်လာသည် ။ မမ အဆိုအားဖြင့်မူ ...


“ ကောင်မလေးလည်း ဘာဖြစ်နေတယ် မပြောတတ်ဘူး မောင်ဆွေ ။ ကျောင်း ဆက်နေဖို့ ပြောတာ ပြောလို့ကို မရဘူး ” 


“ ဘာဖြစ်လို့တဲ့လဲ ” 


“ သူကတော့ သူ့အဖေ လူမမာကို အကြောင်းပြတာပဲ ” 


“ ကျွန်တော့် အထင်တော့ သူတို့ အခြေပျက် အနေပျက် ဖြစ်လာခဲ့ကြတယ် ထင်တယ် ” 


“ ဒါကိုလည်း မမ သိပြီးသားပါ ။ ဦးလေးအောင် ကိုယ်တိုင်က မမကို အကုန် ဖွင့်ပြောထားတာပဲဟာ ။ ဒါကြောင့် သူ ကျောင်းနေဖို့ဟာကို မမတို့ကပဲ ထောက်ပံ့ မလို့ပါ ၊ ဒါပေမဲ့ ဇွတ်ဘူးခါ နေတာတော့ စဉ်းစားလို့ကို မရဘူး ” ဟူသော စကားနှင့်အတူ ကျွန်တော့် ကို မျှော်လင့်တကြီး စစ်ကူတောင်းလေတော့သည် ။ သည်တော့ ဤပြဿနာတွင် ကျွန်တော် ဝင်ရလေသည် ။


“ ဘာလဲ အစ်ကို ၊ အစ်ကိုက မိသွယ်ကို တက္ကသိုလ်မှာ ချစ်တတ် မုန်းတတ်တဲ့ အတတ်ပညာတွေ သင်စေချင်လို့လား ”  


စကားပြတ်ပြတ် ဆိုလာချေသေးသည် ။ 


“ မဟုတ်ဘူး ညီမသွယ် ၊ မင်း ဒီတစ်ခါတော့ အစ်ကို့ စကားကို နားထောင်ပါ ။ နောက်တစ်ခုကလည်း ညီမနဲ့ အစ်ကို ပြဿနာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ မမတို့ သိပြန်ရင်လည်း မကောင်းဘူး မဟုတ်လား ” 


သည်တော့ သူ စဉ်းစားသည် ။ ပြီးတော့ ….


“ ကောင်းပြီလေ ။ မိသွယ် ကျောင်းတက်မယ် ။ ဒါပေမဲ့ မမ ကိုတော့ အစ်ကို တစ်ခု ပြောပေးပါ ။ မိသွယ် အတွက် မမတို့က ဘာမှ ထောက်ပံ့စရာ မလိုဘူး ဆိုတာပဲ ”  


“ ဖြစ်ပါ့မလား ညီမသွယ် ” 


“ ဖြစ်ပါတယ် ။ မိသွယ် မှာလည်း အတွင်းပစ္စည်း အနည်းအကျဉ်းလောက်တော့ ရှိပါသေးတယ် ။ ကျောင်းစရိတ် ဆိုပါတော့ ” 


သည်တော့ ဤပြဿနာ ရှင်းပြီဟု ကျွန်တော် အထင် ရောက်ခဲ့သည် ။ စင်စစ်မူ ပြဿနာသည် ယခု အသစ်တဖန် အစပြုခြင်း ။


ကြည့်လေ ။ မြကေသွယ် ကျောင်းဝင်သောနှစ် မိုးရာသီ အလယ်လောက်မှာ ဦးလေးအောင် ဆုံးလေသည် ။ ဦးလေးအောင် အလောင်း မြေချပြီး ဘာမကြာ မြကေသွယ် အဆောင်မှ နေ၍ ကျောင်းတက်လိုပြီ ဆိုသော မမ ထံမှ တစ်ဆင့် သိရသည့် သတင်းစကား ။ သည်ကိစ္စမှာကျတော့ မမက ဘာမျှ မပြောမီ ကျွန်တော် ကြားဝင်ခဲ့သည်  ။


“ ဒီလောက် မိသွယ်တို့ကို ကူညီတာကိုပဲ မိသွယ် ကျေးဇူးတင်လှပါပြီ အစ်ကို ။ မိသွယ် ရောက်လာလို့ အစ်ကို အဆောင် ရောက်နေတာကိုက မိသွယ် အနေနဲ့ မကောင်းဘူးပေါ့ ။ နောက်ပြီး အစ်ကို ၊ မိသွယ် အစ်ကိုတို့ မမတို့ကိုလည်း ထပ်ပြီး ဒုက္ခမပေးချင်ဘူး ”  


“ ဘာဆိုင်သလဲ ညီမသွယ် ။ အစ်ကိုက ယောက်ျားကလေး ၊ ဘယ်မှာ နေနေ ဘာအရေးလဲ ။ ညီမကျတော့ မမတို့နဲ့ နေရတာ ပိုအဆင်ပြေတယ် မဟုတ်လား ”  


မြကေသွယ် ခေါင်းငုံ့ထားသည် ။


“ မင်း အဆောင်မှာ မနေရဘူး ညီမ ”  


အမိန့်သံနှင့် ပြောချလိုက်သည် ။ သည်တော့ ခေါင်းကို ဆတ်ခနဲ မော့သည် ။ သူ့ မျက်လုံးရွှန်းလဲ့လဲ့သည် ချက်ချင်းပင် မီးတောက်သွားသည် ။


“ မိသွယ်ကို ဘယ်သူမှ အမိန့်မပေးနိုင်ဘူး အစ်ကို ” 


“ ဒီကိစ္စမှာတော့ ပြောစကား နားမထောင်ရင် အတင်းအကျပ် ပြောရမှာပဲ ” 


သည်တစ်ခါ သူ မဲ့ပြုံးပြုံးသည် ။ မချိပြုံး ။ 


“ ဒီမယ် အစ်ကို ၊ အစ်ကို ဘာတွေ လုပ်နေတယ် ဆိုတာ မိသွယ် မသိရင် ခက်မယ် ”  


“ ဘာကိုလဲ ” 


“ အစ်ကိုဘာသာ သိမှာပေါ့ ” 


“ ဆိုစမ်းပါဦး ” 


“ ရှင်းပါတယ်အစ်ကို ။ မိသွယ် ကောလိပ် ဆက်တက်နေတာကိုက မိသွယ့် ဘဝ မိသွယ် ရပ်နိုင်ဖို့ ကြိုးစားတာပဲ ။ ဒါကို အစ်ကိုက မိသွယ် အစ်ကို့ စကား နားထောင်တယ်များ ထင်နေသလား ” 


ကျွန်တော်သည် သူ့ကို စူးစူးစိုက်စိုက် ကြည့်နေမိသည် ။ ဘာမျှ ဝင်ပြောဖြစ်ဖို့ မကြိုးစား ။


“ ခုလည်း မိသွယ်ကို အိမ်ပေါ် တင်ပြီး အစ်ကို ဘာသာ မပြောသာတော့ မမကို အပြောခိုင်းရော မဟုတ်လား ” 


ကျွန်တော့် ခန္ဓာကိုယ်သည် ဆတ်ခနဲ လှုပ်ခါသွားဟန် ရှိနေသည် ။ ကျွန်တော် မသိသော အကြောင်း တစ်ကြောင်းက ပြဿနာ တစ်ခု ။


သည်ပြဿနာ မပြေလည်သေး ။ ထိုပြဿနာကို ဆက်နွှယ်လျက် ပြဿနာသစ်ကို ဆောင်ယူလာသူကား ... တင်ထွန်းအောင် ။


••••• ••••• •••••  


( ၈ )


မည်သို့ဖြစ်စေ ကျွန်တော်သည် မမအား မြကေသွယ် နှင့် ပတ်သက်၍ ပြောစရာရှိသည်တို့ကို ပြောဖြစ်သည် ဖြစ်စေဦး ၊ တင်ထွန်းအောင်နှင့်ပ တ်သက်၍မူ ကျွန်တော် မပြောချင်ပါ ။ ပြောလည်း မပြောလို ။


“ တကယ်က သူနဲ့ ပတ်သက်လို့ ကျွန်တော် နားလည်နိုင်အောင် ကြိုးစားခဲ့တာတော့ အမှန်ပဲ ။ နားလည်သယောင်လည်း ထင်ခဲ့တယ် ။ ဒါပေမဲ့ အဲဒီအချိန်အထိ ကျွန်တော် တကယ်တမ်း တိတိကျကျ နားမလည်ခဲ့ဘူး ဆိုရမယ် မမ ။ ကျွန်တော်တို့ဟာ တစ်ဦး တစ်ယောက် ပြဿနာကို သီးခြား စဉ်းစားမိခဲ့တာကို ၊ အမှန်တော့ မြကေသွယ် ဟာ ကျွန်တော့်ကို မြတ်နိုးတယ် ၊ တွယ်တာတယ် ၊ ဒါပေမဲ့ သူ့ကို အခြေအနေတွေက ပြောင်းပစ်လိုက်တယ် ။ ခင်လေးကို ကျွန်တော် သ,တ်တယ်ဆိုတဲ့ အစွဲဟာ သူ့မှာ အကြီးဆုံး စိတ်ကွက်စရာ အစွဲ ဖြစ်နေတယ် ။ ဒါကတော့ သူ့မှာ ရှိတဲ့ အသိက တိမ်နေတာကိုး .. ။


“ စနစ်တစ်ခုကို ဆန့်ကျင်တိုက်ခိုက်တဲ့အခါ တစ်ခါတလေ စနစ်ကို ကိုယ်စားပြုတဲ့ လူတွေ ၊ စနစ်မှာ အကျုံးဝင်နေတဲ့ လူတွေဟာလည်း အတိုက်အခိုက် ခံကြရတာပဲ ဆိုတဲ့ သဘောကို သူ နားမလည်ဘူး ။ စင်စစ်မတော့ သူ တစ်ချိန်က ခင်လေးကို မုန်းတယ် ဆိုတာကလည်း သူ့မှာ ရှိတဲ့ မနာလိုစိတ် သက်သက် ။ တစ်ခါ ခင်လေး အတွက် ကျွန်တော့်ကို မကျေနပ်ဘူး ဆိုတာကျတော့ သူ အပေါ်ယံကြောမှာ ဖြစ်တဲ့ တစ်ဖက်သားကို သနားစိတ် ၊ သူ့ဘာသာ စိုးရိမ်တဲ့စိတ် ၊ ဒါတွေ အားလုံးကို ပိုပြီး ကြီးမားလာအောင် ဖန်တီးလိုက်တာက သူ့ပတ်ဝန်းကျင်မှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေပဲ ဆိုပါစို့ မမရယ် ။ ခေတ်လို့ပဲ ”


“ ဒီတော့ သူ ဘာဖြစ်သလဲ ၊ သူ့စိတ်ထဲမှာ အရာရာကို စိုးရိမ်လာတယ် ။ စိတ်မချ ဖြစ်လာတယ် ။ ဘယ်သူ့ကို မဆို သံသယနဲ့ ကြည့်လာတယ် ။ နောက်ဆုံး မမက သူ့ကို ကျောင်းထားပေးတာတောင်မှ ကျွန်တော်နဲ့ သဘောတူလို့ ထားပေးတာလို့ ထင်လာတယ် ။ အဆုံးကျတော့ လူတွေမှာ မေတ္တာ မရှိဘူး ။ အကြင်နာတရား မရှိဘူး ။ စေတနာ မရှိဘူး ဆိုတဲ့ အယူအဆမျိုး ကိန်းအောင်းလာတယ် ” 


“ ဒါက မင်းဘာသာ တွေးနေတာကိုးကွယ့် ။ ဒါနဲ့ မင်းသမီး ကိစ္စနဲ့က ဘာဆိုင်လို့လဲ ”  


“ ဘယ်နဲ့ မဆိုင်ရမလဲ မမ ။ ကျွန်တော် သူ့ဆီကို ကြိုးကြားကြိုးကြား ရောက်တဲ့ အချိန် သူ့မျက်နှာထားတွေကို ကျွန်တော် ခဏခဏ မြင်ယောင်မိတယ် ” 


“ ဘယ်လိုများမို့လဲ ” 


“ တကယ်တော့ ကျွန်တော်ဟာ သူ့အဖေပဲ ဆိုတာ သိတော့ အသိသား ၊ ဒါပေမဲ့ သူ့စိတ်မှာ သံသယ ရှိနေသလိုပဲ ” 


“ အဲဒါနဲ့ ဘာဆိုင်လို့လဲ ” 


“ ကျွန်တော် ပြောပါမယ် မမ ။ ကျွန်တော်တို့ဟာ ကနေ့ လူငယ်တွေ ကိစ္စကို စဉ်းစားတဲ့ နေရာမှာ လူငယ်တွေ ပြဿနာကို သီးခြားစဉ်းစားလို့တော့ မဖြစ်ဘူး ။ သူတို့ အပေါင်းအသင်း ပတ်ဝန်းကျင်ချည်းပဲ ပုံချလို့လည်း မဖြစ်ဘူး ။ အရေးကြီးတာက သူတို့ ဘဝကို သူတို့ ယုံကြည်လာဖို့ အရေးကြီးတယ် ။ တစ်ချိန်တည်းမှာပဲ သူတို့ဘဝနဲ့ သူတို့လောက ဆက်စပ်နေပုံကိုလည်း သတိမူမိဖို့ လိုမယ် ။ ဒီလို သူတို့ ဘဝကို သူတို့ ယုံကြည်ဖို့ ဆိုတဲ့ နေရာမှာ ဘဝရပ်တည်မှု ခိုင်မာလုံခြုံရေး အပိုင်းက အရေးကြီးဆုံးပဲ ”


“ မင်းစကားတွေက ခက်လှပါတယ်ကွာ"


“ မခက်ဘူး မမ ။ ဒီလို ဘဝ ခိုင်မာလုံခြုံရေး ဆိုတဲ့ အပိုင်းကျတော့ သူတို့မှာ သံသယ ကင်းနေဖို့ လိုတယ် ။ သူတို့ အဖို့ စိတ်ပျက်အားငယ်စရာတွေအစား စိတ်တက်ကြွစရာ အားရစရာတွေကို ဖန်တီးပေးဖို့ လိုတယ် ။ ဒါတွေ အားလုံးရဲ့အဓိက သော့ချက်က မေတ္တာတရားပဲ ” 


“ ဘာလဲ ၊ မင်းက မင့်သမီးကို ငါ မေတ္တာ မထားဘူး ဆိုချင်တာလား ” 


“ ဒီလို မဟုတ်ဘူးလေ ၊ မေတ္တာတရား ဆိုတာကလည်း အမျိုးမျိုးပဲဟာ ၊ လူ့ဘဝမှာ တကယ် မြတ်နိုးအပ်တဲ့ မေတ္တာတရား ဆိုတာ ဘယ်လိုဟာမျိုးလဲ ဆိုတာတို့ သဘော ပေါက်ရလိမ့်မယ် မမ ”


ကျွန်တော် ရင်ထဲ ရှိသမျှကို ရှင်းပြပါသေးသည် ။ သို့သော် မမသည် ခါတိုင်းလိုပင် စိတ်မတည်နိုင် ဖြစ်ကာ ပြန်သွားခဲ့လေသည် ။


မမ ပြန်သွားပြီးနောက် ကျွန်တော်လည်း အိမ်ထဲသို့ ဝင်ခဲ့လေသည် ။ ညခုနစ်နာရီ ပင်လျှင် ကျော်ပေပြီ ။ နောက်တစ်နာရီခွဲ နှစ်နာရီခန့် ဆိုလျှင် သမီး ပြန်လာပေလိမ့်မည်ဟု မျှော်လင့်ရပေသည် ။


ကြည့်စမ်း ၊ သမီးနှင့် ပတ်သက်သော အတွေးစများလည်း ကျွန်တော့် စိတ်အာရုံ၌ ချားရဟတ်ပမာ လည်ပတ်နေချေပြီ ။


အမှန်တော့လည်း ကျွန်တော်သည် သမီးနှင့် ပတ်သက်၍ ပူပန်သောက မပွားချင်လှပါ ။ သို့သော် သမီး မျက်နှာ ညှိုးငယ်ရမည်ကိုကား ကျွန်တော် မရှုဆိတ်ပေ ။


ကျွန်တော်သည် ထမင်းဝိုင်းသို့ ဝင်၍ ထမင်းစားနေသည့် တိုင်အောင် ထမင်းလုတ်ကို ဆုပ်ကိုင်နေသည် ဟူ၍ လည်းကောင်း ၊ စားသောက်နေရသည် ဟူ၍ လည်းကောင်း မထင် ။ စိတ်အာရုံ၌ သမီးနှင့် ပတ်သက်သော အကြောင်းများသာ လွှမ်းကဲ နေဘိသည် ။ အစကနဦးကတော့လည်း ကျွန်တော်၏ ရပ်တည် မနေ လွင့်မျောနေသည့် အဖြစ်ကို ကျွန်တော် မကျေနပ်နိုင်သည်လည်း ဖြစ်မည် ။ ဤသည်မှာလည်း အသက်အရွယ် ထောက်လာပြီ ဖြစ်၍ လမ်းမပေါ်က နွမ်းနွမ်းကြေကြေ စက္ကူစကလေး တစ်ခုပမာ လေလွင့်နေခဲ့ ရသည့်အတွက် ပင်ပန်းနွမ်းနယ်လာသည့် သဘောမျိုးဟုလည်း ဆိုနိုင်ပါသည် ။


ထိုစဉ် သမီးငယ်ကို စွန့်ပစ်ထွက်ခွာသွားခဲ့စဉ်ကမူ သမီးငယ်သည် ကျွန်တော့် အပေါ် ၌ မည်သို့သော စိတ်မှတ်မျိုးမျှ ထားခဲ့ဟန် မတူပေ ။ မည်သို့ဖြစ်စေ ၊ သမီးငယ် တီတီတာတာ ပြောတတ်စအရွယ် ကျွန်တော် မမတို့ ထံသို့ ပြန်ရောက်ခဲ့စဉ်ကမူ သမီးငယ်သည် မမ၏ သင်ပြပေးချက်အရ ကျွန်ဘော့်အား ‘ ဖေဖေ ’ ဟူသော အခေါ်အဝေါ်မျိုးဖြင့် မဝံ့မရဲ ခေါ်ခဲ့ ဖူးသေး၏ ။ ထိုစဉ်က ကျွန်တော့်ရင်မှာ ဖျက်ခနဲ လှုပ်ခါခဲ့ရသေးသည်မှာ အမှန်ပင် ။ သို့သော် ထိုဝေဒနာ၏ သဘောကို ကျွန်တော် မဆင်ခြင်မိခဲ့ပေ ။


သမီး ကျောင်းလိုက်သော အရွယ်တွင် ကျွန်တော်သည် သမီး ရှိရာသို့ တစ်ခေါက် ရောက်ခဲ့ပါသေးသည် ။ သမီးသည် ကျွန်တော့်ကို မြင်ရသောအခါ ငေးစိုက်၍ ကြည့်ခဲ့သည် ။ ကျွန်တော့်အား ရင်းနှီးသောဟန်ပန် မပြ ။


“ သမီး သူ့ကို သိလားဟင် ”  


မမက မေးမှပင် ခေါင်းကို ခပ်လေးလေး ညိတ်သည် ။ 


“ အဲဒါပဲ မောင်ဆွေ တကယ်က သမီးဟာ မင်းကို မတွေ့ရပေမဲ့ မင်းအကြောင်းကို ကြားရတယ် ။ မင်း ဓာတ်ပုံကို တွေ့ရတယ် ။ ဒါကြောင့်သာ သူ့မှာ အဖေ ရှိနေပါသေးကလားလို့ သိနေတာ ”


ကျွန်တော်သည် ဤစကား ဤမှာပင် ရပ်စေချင်သည် ။ ထို့ကြောင့် ... 


“ လာစမ်းပါဦး သမီးရဲ့ ၊ ဘာလဲ သမီး ဖေဖေ့ကို မမှတ်မိတာလား ”  


သမီးထံသို့ လက်ကမ်း၍ လှမ်းခေါ်သည့် တိုင်အောင် သမီးသည် ကျွန်တော် လှမ်းသော လက်တွင်းသို့ ရောက်မလာသေးပေ ။ နေရာမှာသာ မတ်မတ် ရပ်နေ၏ ။ 


“ သွားလေ သမီး ၊ သမီး ဖေဖေ့ဆီ သွားဦးမှပေါ့ ” 


မမက ဘေးက ဝင်ပြောရသည် ။ သည်တစ်ကြိမ်ကလည်း ကျွန်တော် သမီးနှင့်အတူ တစ်လကျော်ကျော်လောက် နေဖြစ်ခဲ့သည် ။ သည်တုန်းက ဤတစ်ယောက်သည်သာလျှင် တွယ်တာရာ ဖြစ်သည်ဟူသော အမှတ်ဖြင့် သမီးကို ခွဲခွာ မသွားတော့ ဟူသော ဆုံးဖြတ်ချက်မျိုး ချဖြစ်ခဲ့ဖူးသေးသည် ။ သို့သော် ထိုဆုံးဖြတ်ချက်သည် အရာ မရောက်ခဲ့ပေ ။


မည်သို့ပင် ဖြစ်စေ သည့်နောက်တွင်ကား ကျွန်တော်သည် သမီး ရှိရာသို့ မကြာမကြာ ရောက်ဖြစ်ခဲ့လေသည် ။ ယခင်ဆိုလျှင် တစ်နှစ် နေ၍ပင် သမီး ထံသို့ တစ်ခေါက် မရောက်စေကာမူ ယခုနောက်ပိုင်းတွင် အလွန်ဆုံး ကြာလှ သုံးလမျှသာ ရှိပေမည် ။ သို့ဖြင့် ဆယ့်နှစ်နှစ်သမီး အရွယ်တွင် ထိုသမီးငယ်သည် “ ဖေဖေ ဘာဖြစ်လို့ သမီးနဲ့ အတူ မနေတာလဲဟင် ” ဟူသော စကားကို စ၍ ပြောခဲ့သည် ။ ထိုစကားကို ကြားရသော အခါ ရင်ထဲမှာ မချိ ။


သို့သော် ကျွန်တော် နားလည်နိုင်ပါသည် ။ အမှန် ဆိုရလျှင် သမီးသည် မမနှင့် နေ ရသည်ကို ပျော်ပိုက်ပုံ မပေါ် ။ မမသည် စည်းကမ်းသမား ဖြစ်သည် ။ အဝတ်အစား က အစ အနေအထိုင် အားလုံးသော ကိစ္စများတွင် သူ့သားသမီးများ အပေါ်မှာပင် စည်းကမ်းကြီးသူ ဖြစ်သည် ။ သို့သော် သမီး စိတ်ဝယ် မမ၏ စည်းစနစ်နှင့် ပတ်သက်၍ နားလည်သဘောပေါက်ခြင်း ရှိပုံ မပေါ် ။ မိဘဆိုးဘဝတွင် ဖခင်နှင့် ကွေကွင်းခဲ့ရသည် ဖြစ်သောကြောင့် မိမိအား ဂရုပြုမည့်သူ မရှိ ။ သူ့အဒေါ်ကြီးသည် သူ့အပေါ်တွင် တမင် စည်းကမ်းသတ်လွန်းနေသည်ဟု သမီး အထင် ရောက်နေသလား မဆိုနိုင်ပေ ။ မမနှင့် နေရသည်ကို မပျော်ပိုက်ကြောင်း ထုတ်ဟ၍ပင် စကား ဆိုလာခဲ့လေသည် ။


စင်စစ် ဤအကြောင်း တစ်ခုတည်းဖြင့် ကျွန်တော်သည် ကျွန်တော့် သမီးကို ပြန်လည် ခေါ်ယူ၍ မျက်စိအောက်မှ အပျောက်မခံ ပြုစုလာခဲ့ရသည်ကား မဟုတ်ပေ ။ ကျွန်တော်လည်း ပင်ပန်းလှပြီ ။ ဘဝတွင် တည်တံ့ခိုင်မြဲသော အနေအထားကိုလည်း ကျွန်တော် လိုချင်ပြီ ။ ပြီး သမီးနှင့် ပတ်သက်၍ စဉ်းစားစရာတွေကိုလည်း ကျွန်တော် စဉ်းစားနေမိပေပြီ ။


ထို့ကြောင့် သည်ကတည်းက “ ကျွန်တော်လည်း ခုအတိုင်း တစ်သက်လုံး နေ့မသွားသင့်ဘူး မဟုတ်လား ။ မမ ဘာပြောပြော သမီး မှာကလည်း မိဘရဲ့မေတ္တာ ဆိုတာ ခုအခါမှာ ပိုပြီး ခံယူချင်လာတယ် ။ ဒါကြောင့် ကျွန်တော် ခုနစ်မိုင် ဘက်မှာ တိုက်တစ်လုံး ဝယ်လိုက်တယ် ။ ကျွန်တော်နဲ့ သမီးနဲ့ နေကြမလို့ ” ဟူသော စကား ပြောခဲ့သည်ကို မမ မကျေနပ် ၊ မမ သဘောက ကျွန်တော်ရော သမီးကိုပါ သူတို့ ထံမှာပင် နေစေချင်သည် ။ ထို့ကြောင့် ကျွန်တော် တစ်အိုးတစ်အိမ် ထူထောင်လိုက်ခြင်းကို လည်းကောင်း ၊ ထို့ထက် သမီးကို ကျွန်တော် ထံတွင် ခေါ်ထားခြင်းကို လည်းကောင်း မမ မကျေနပ် ။


သည်တုန်းကလည်း ကျွန်တော်သည် မြကေသွယ် နှင့် ပတ်သက်၍ ကျွန်တော် နားလည်သမျှကို ပြောပြရှင်းလင်းဖို့ စိတ်ကူး ပေါက်ခဲ့ပါသေးသည် ။ မြကေသွယ် နှင့် ပတ်သက်လျှင် တင်ထွန်းအောင် အကြောင်း ပါလာရပေလိမ့်မည် ။ အမှန်ဆိုရလျှင် မြကေသွယ် နှင့် ပတ်သက်၍ တင်ထွန်းအောင် ပြဿနာကို ကျွန်တော် မဖော်ပြလိုပေ ။ သို့သော်လည်း တင်ထွန်းအောင် အကြောင်းမှ မပါလျှင်လည်း မြကေသွယ် အကြောင်းသည် ပြီးပြည့်စုံမည် မဟုတ်ပေ ။


အမှန်ပင် ထိုစဉ်ကတော့လည်း ကျွန်တော်သည် ကျွန်တော့် ကိုယ်ကိုယ် ဧရာမ လူစွမ်းကောင်းကြီး မှတ်ထင်နေခဲ့သည်လား မဆိုနိုင် ၊ ကြည့်လေ ... ။


••••• ••••• •••••  


( ၉ )


မြကေသွယ် အဆောင်မှ နေ၍ ကျောင်းတက်လိုသည် ဆိုသော ကိစ္စကို ကျွန်တော် ပင်လျှင် သူ့ဘက်က ရှေ့နေလိုက်၍ လျှောက်လဲခဲ့သည် ။ ထို့ကြောင့်လည်း မမသည် ခွင့်မပြုချင်ဘဲ ခွင့်ပြုခဲ့ရခြင်း ဖြစ်သည် ။


အမှန်ဆိုရလျှင် သည်ကတည်းကပင် တင်ထွန်းအောင် နှင့် ပတ်သက်သော သတင်း အစအနများကို ကျွန်တော် ကြားသိပြီး ဖြစ်သည် ။ သို့သော် မယုံကြည်ခဲ့ပေ ။ ပြီး စိတ်နှလုံး တုန်လှုပ်ဖွယ်သော အခြေအနေများသည် ဤမျှ မြန်ဆန်လှစွာ ပြောင်းလဲ ဖြစ်ပေါ်လာလိမ့် မည်ဟု မထင်ခဲ့ ။


ထိုနှစ်က ကျွန်တော်သည် ဝိဇ္ဇာတန်း နောက်ဆုံးနှစ် ဖြစ်သည် ။ မြကေသွယ်မှာ ဥပစာတန်း ဒုတိယနှစ် ဖြစ်သည် ။


သီတင်းကျွတ်ကျောင်းပိတ်လျှင် မြကေသွယ် ရော ကျွန်တော် ရော မမတို့ အိမ်သို့ ပြန်ရပေမည် ။ ထိုနှစ်က အခြေအနေများတွင် ကိုအေးသောင် နိုင်ငံခြားသို့ ပညာသင် သွားခွင့်ရသော အခြေအနေ ကိုလည်း ဆက်စပ်ဖော်ပြရပေလိမ့်မည် ။


အကြောင်းကား မြကေသွယ် ကိုယ်တိုင်က သူသည် တင်ထွန်းအောင်နှင့် လိုက်သွားပြီ ဖြစ်၍ ယခု သီတင်းကျွတ်တွင် သူအိမ်သို့ ပြန်လာနိုင်မည် မဟုတ်ကြောင်း ကျွန်တော်မှ တစ်ဆင့် မမထံ အသိပေးရန် စာရေးလာခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ကျွန်တော် ထိမ်ချန် လျှို့ဝှက်ထားခဲ့သည့် ကိစ္စပင် ။


မြကေသွယ် စာကို ဖတ်ရတော့ ကျွန်တော် ဒေါသ ဟုန်းခနဲ ဖြစ်ရသည် ။ တကယ်တော့လည်း ဤကိစ္စသည် သူ လင့်နောက် လိုက်သွားသော ကိစ္စပင် ။ သို့ပါလျက် ဤကိစ္စကို သူက ကျောင်း ရက်ပျက်သည့် အတွက် ဆရာ့ထံ ခွင့်တိုင်ပေးရန် တစ်ဆင့် မှာကြားသည့် ကိစ္စလို သဘောထားခြင်း ။ ဒေါသကြောင့် တခြား ဘာကိစ္စကိုမျှ မစဉ်းစားနိုင် ။ သူ့ကိုသာ တွေ့အောင် ရှာသည် ။ ဒေါသသည် တာရှည်မခံ ။ ဝမ်းနည်းတုန်လှုပ်ခြင်းခြင်းကသာ လွှမ်းကဲသည် ။ အထူးသဖြင့် မြကေသွယ် အတွက် ။


သည်တော့ ဤကိစ္စကို ယခုလောလောဆယ်တွင် မမ မသိသင့်သေးဟု သဘောရသည် ။ ထို့ကြောင့် တစ်ဖက်က မြကေသွယ်ကို တွေ့ဖို့ ရှာဖွေရသလို အခြား တစ်ဖက်က မမ မသိအောင် ဖုံးဖိဖို့ စီစဉ်ရသည် ။


“ ဒီအောက်တိုဘာမှာ ညိုမီတို့နဲ့ မော်လမြိုင် လိုက်ချင်လို့တဲ့ မမ ။ အဲဒါ ကျွန်တော်ပါ လိုက်သွားမလားလို့ ”  


မမ အား မုသားစကား ဆိုသည် ။ မမက မသွားမီ လာတွေ့ဖို့ မှာသည်ကို ပင် အင်းမလှုပ် အဲမလှုပ်ဘဲ လုပ်ခဲ့သည် ။ ဘာပြောပြော တစ်လလောက် ဖုံးကွယ် ထားနိုင်လျှင် တော်ပြီ ဟူသော သဘောနှင့် …. ။


သို့သော် တစ်လလုံးပင် ကျွန်တော် မြကေသွယ် ကို ရှာမတွေ့ခဲ့ ။ ထို့ကြောင့် ကျွန်တော် ကျောင်းသို့ ပြန်ဖို့ပင် စိတ်မကူးရဲတော့ပေ ။ မမနှင့် ရင်ဆိုင်ဖို့ကား ဝေးစွ ။ သို့ဖြင့် ကျွန်တော် သတင်းကို မမ စုံစမ်းရာတွင် မည်သို့ နားလည်သဘောပေါက် ထားမည်ကို ကျွန်တော် မမှန်းဆတတ်ခဲ့ပေ ။ ထားတော့ ၊ ထိုစဉ်ကတော့လည်း ကျွန်တော်သည် မမနှင့် ပတ်သက်သော ကိစ္စကို မစဉ်းစားနိုင်အားပေ ။ စဉ်းလည်း မစဉ်းစားခဲ့ပေ ၊ မြကေသွယ် မှအပ ကျွန်တော် ဘာကိုမျှ မစဉ်းစား ။ မြကေသွယ် ဆိုရာတွင် တင်ထွန်းအောင် လည်းပါ၏ ။


ထို့ကြောင့် တင်ထွန်းအောင်၏ ဇာတိဖြစ်သော ပြည် သို့ ကျွန်တော် လိုက်သည် ။ တင်ထွန်းအောင် အိမ်သို့ ရောက်သည် ။ ဒေါသ တကြီး ဖြစ်နေသော တင်ထွန်းအောင် အဖေနှင့် ရင်ဆိုင်ရလေသည် ။


မှန်သည် ။ ပညာသင် လွှတ်လိုက်သော သား ဖြစ်သူသည် ပညာ ဆုံးခန်းမတိုင်မီ မိန်းမ ခိုးသွားသည် ဆိုသောအခါ အဘယ် မိဘသည် အလွယ်တကူ ကြည်ဖြူနားလည်နိုင်ပါမည်နည်း ။ သည်တော့ ကျွန်တော် ကပင် မြကေသွယ် နှင့် ပတ်သက်၍ တာဝန်ရှိသူ သဘောထားကာ တင်ထွန်းအောင် ဖခင်အား ရှင်းပြသေးသည် ။


“ ဒီမယ် မောင်ရင် ၊ မောင်ရင့်ကို အားနာပါတယ် ။ မောင်ရင်က မောင်ရင့် နှမကို ခွင့်လွှတ်နိုင်ပေမဲ့ ကျုပ်က ကျုပ်သားကို ခွင့်မလွှတ်နိုင်ဘူး ။ ဒီကိစ္စမျိုးဟာ မိဘက သားသမီး ကို ခွင့်မလွှတ်နိုင်သလို မောင်ဖား ဖြစ်သူကလည်း နှမကို ခွင့်မလွှတ်သင့်ဘူးကွယ် ” ဟူသော အချီစကားဖြင့် ဆုံးမစကားပြောသည် ။ သို့သော် သားကို အမွေပြတ် သဘောထားလိုက်ပြီ ဟူသော သူ့ ဆုံးဖြတ်ချက်ကိုကား ပြန်လည်၍ပင် စဉ်းစားပုံ မပေါ် ။


မည်သို့ဖြစ်စေ တင်ထွန်းအောင်သည် သူ့ အဖြစ်အပျက်ကို သူ့မိဘထံသို့ အကြောင်းကြားခဲ့သည်ဖြစ်ရာ သည်မှာ ကျွန်တော် သဲလွန်စ ရခဲ့လေသည် ။ ထို့ကြောင့်လည်း ကျွန်တော်သည် ရန်ကုန် ပြန်ရောက်သည်နှင့် တင်ထွန်းအောင်တို့ နေထိုင်သည် ဆိုသော သံတံတားလမ်းက ကျောင်းသားတစ်ယောက် အိမ်သို့ ရောက်ခဲ့သည် ။ သို့သော် မြကေသွယ်သည် ကျွန်တော် လာသည် ဆိုရုံမျှနှင့်ပင် အခန်းမှ မထွက် ။ သို့ဖြင့် ကျွန်တော် ရင်မှာ ပို၍ ချောက်ချားခဲ့ရသည် ။


“ ဒီမယ် မောင်တင်ထွန်းအောင် ၊ ကိုယ် သူနဲ့ မတွေ့ရတောင် သူ့ကို တစ်ခု ပြောပေးပါ ။ ခု ကိုယ် လာတာဟာ မင်းတို့ ချစ်ခြင်းကို ခွဲဖို့ လာတာ မဟုတ်ဘူး ဆိုတာရယ် ၊ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မမကို တာဝန်ရှိတဲ့ လူတစ်ယောက် အဖြစ် ကိုယ် ဘယ်လို ပြောရမယ် ဆိုတာရယ် ၊ အဲ - အဲဒီ အတွက်သာ ကိုယ် လာတာပဲဆိုတာ မင်း ပြောပေးပါ ။ တကယ်တော့ မင်းလည်း ငယ်သေးတာကို ၊ တို့မှာ ဘယ်လို ဖြစ်နေကြတယ် ဆိုတာ မင်း ဘယ်သိနိုင်မလဲ ။ အေးကွာ ၊ ကိုယ်ကတော့ ဖြစ်ပြီးတာတွေကို ဘာမှမ ပြောချင်ဘူး ။ သူ့ ဘဝကို မင်း နားလည် စေချင်တယ် ။ မင်းတို့ ရှေ့ရေးအတွက် ကိုယ် ဘယ်လို ကူညီနိုင်မလဲ ဆိုတာကိုလည်း မင်းတို့ချင်း တိုင်ပင် ကြည့်စေချင်တယ် ” 


ဤစကားမျှသာ မှာထားပြီး အိမ်ပေါ်မှ ဆင်းခဲ့ရလေသည် ။ စိတ်မှာကား ဘယ်လို ဖြေ၍မျှ မပြေ ။ တစ်ခုတော့ ကျွန်တော် ပြေလိုပြေငြား အတွေးပေါက်ခဲ့သည်မှာ တင်ထွန်းအောင် နှင့်ပတ်သက်၍ ...


ထိုအတွေး မှန်သည်ဟု ဆိုနိုင်သည်မှာ နောက် သုံးလေးရက် အကြာတွင် တင်ထွန်းအောင်နှင့် ကျွန်တော်တို့ မမျှော်လင့်ဘဲ ဆုံမိခြင်း ။


“ ကျွန်တော် အစ်ကို့ကို တွေ့ချင်လို့ ရှာနေတာ အစ်ကို ၊ ဒါပေမဲ့ သွယ်က ကျွန်တော့်ကို အစ်ကိုနဲ့ မတွေ့ ရဘူးတဲ့ ” 


သည်စကားကို ကြားရခါမျှနှင့် ရင်ထဲ တလှပ်လှပ် ဖြစ်ရသည်မှာ မျှော်လင့်ချက် ပီတိ ဖြစ်ပေမည် ။ သို့ပေမဲ့ ဘာမျှော်လင့်ချက်မျိုးရယ်လို့တော့ အကွဲအပြား မသိ ။


“ ကျွန်တော့်ကို ခွင့်လွှတ်ပါ အစ်ကို ၊ ကျွန်တော် ယောက်ျားပါ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော် သူရဲဘောကြောင်တယ် လို့တော့ မထင်စေချင်တာ အမှန်ပဲ ။ ဒါပေမဲ့ အစ်ကို သွယ့် စိတ်ကို ကျွန်တော် နားမလည်ဘူး ။ တစ်ခုပဲ ကျွန်တော် ပြောရဲပါတယ် ။ ဒီကမ္ဘာပေါ် မှာ သွယ် အချစ်ဆုံး ယောက်ျား တစ်ယောက် ရှိရိုးသာ မှန်ရင် အဲဒီ လူဟာလေ ဘယ်သူ ဖြစ်မယ် ထင်သလဲ ” 


ကျွန်တော့် စိတ်က စောနေသည် ။ မြကေသွယ် နှင့်ပတ်သက်လျှင် ကျွန်တော် ဘာမဆို သိချင်သည် ။ ထို့ကြောင့် တင်ထွန်းအောင်ကို စကားလုံးတွေ တစ်လုံးချင်း အဘယ်ကြောင့် ပြောနေရသနည်းဟု စိတ်က အပြစ် တင်နေမိသေးသည် ။ ပြီး ခုနေအချိန်မှာ ကျွန်တော်က ပြောဖို့ထက် ကျွန်တော်က နားသာ ထောင်ချင်သည် ။


“ ပြောလေ အစ်ကို ၊ ပြောစမ်းပါ ။ သွယ် တကယ် ချစ်တဲ့လူဟာ ဘယ်သူလဲ ဆိုတာ အစ်ကို အသိဆုံးပါ ” 


ကျွန်တော် မသိပါ ။


တင်ထွန်းအောင်က … “ တကယ်တော့ သွယ် အချစ်ဆုံးယောက်ျားသားဟာ အစ်ကိုက လွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး အစ်ကို ”  


တုန်တုန်ယင်ယင် ပြောလာသော စကားကို ကျွန်တော် နားမလည်ပါ ။ နားကြားလွဲသည် ဟုလည်း ထင်သည် ။ သို့မဟုတ် တင်ထွန်းအောင် တမင် ပြောနေခြင်းပဲဟု မှတ်ယူသည် ။


ကျွန်တော်က ခေါင်းကို ခပ်လေးလေး ခါယမ်းလိုက်မိသည် ။


“ ထားပါလေ ၊ ခုနေ အဖြစ်အပျက်တွေ အရက အခု ကျွန်တော် ပြောတာဟာ ယုံစရာမှ မရှိဘဲကို ။ ထားပါတော့လေ ၊ ဒါပေမဲ့ ကျွန်တော် အနေကျတော့ ပြောစရာတွေ ၊ အစ်ကို နားလည်အောင် ရှင်းပြစရာတွေ အားကြီးပဲ ” 


သူ မြကေသွယ်ကို မည်မျှ ချစ်မြတ်နိုးကြောင်း ၊ မြကေသွယ် က သူ့ကို ချစ်ပုံ မရကြောင်း ၊ သို့သော် မြကေသွယ် ကမူ သူ့အား အမြန်ဆုံး ခိုးယူရန် ပြောလာသောအခါ သူ ဝမ်းသာအားရ ဖြစ်ကာ ခိုးမိကြောင်း ၊ ထိုစဉ်က သူသည် မြကေသွယ်၏ မေတ္တာကို အမှန်ပင် ရလိမ့်မည်ဟု မျှော်လင့်ခဲ့မိကြောင်း ၊ သို့သော် မြကေသွယ်သည် စင်စစ်အားဖြင့် ... 


“ သူ ပြောတာပဲ အစ်ကို ။ တကယ်က သူ့ ချစ်တဲ့ လူဟာ တစ်ယောက်တည်းပဲ ရှိရမယ်တဲ့ ။ ဒါပေမဲ့ သူ အဲဒီလူကို ချစ်တယ်လို့ မပြောချင်သလို ချစ်တယ်လို့ အဲဒီ လူက ပြောလာမှာ ကိုလည်း မကြားချင်ဘူးတဲ့ ။ တကယ်တော့ ချစ်တယ်ဆိုတဲ့ စကားလုံးဟာ လွယ်ပါသတဲ့ ၊ အို … သူ ပြောတာတော့ အားကြီးပဲ အစ်ကို ။ ကျွန်တော် နားမလည်ဘူး ” 


ပြီး .. “ တကယ်တော့ ခုအတိုင်းက မလွယ်ပါဘူး အစ်ကို ”  


အစချီကာ သူ့မိဘကိစ္စ သူ ဖြေရှင်းရဦးမည် ဖြစ်ကြောင်း ၊ ထို့ကြောင့် ယခု သုံးလေးရက်အတွင်း ပြည် သို့ သွားမည် ဖြစ်ကြောင်း ၊ မြကေသွယ် နှင့်ပတ်သက်၍ တတ်နိုင်သမျှ အဆင်ပြေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ။


မည်သို့ဖြစ်စေ တင်ထွန်းအောင် သဘောထားကို ကျွန်တော် ထိုစဉ်ကပင် နားလည်နိုင်ခဲ့သည်ဟု ဆိုရပါမည် ။ ထို့ကြောင့် နောက်ရက်များမကြာမီပင် တင်ထွန်းအောင် ဆီမှ စာကို ကျွန်တော် ဖတ်ရသောအခါ တင်ထွန်းအောင် ကို ပြစ်တင်လိုစိတ် မဖြစ်ခဲ့ရပေ ။ သို့သော် ထို စာပါ မြကေသွယ်ကို သူ စွန့်လွှတ်ရသည့် အကြောင်းများတွင် ကျွန်တော်နှင့် ပတ်သက်နေသော အကြောင်း တစ်ကြောင်း ပါနေသည့် အတွက်ကား သူတို့ နှစ်ယောက်စလုံး အတွက် ကျွန်တော် စိတ်မကောင်းမိပေ ။ ထို့ထက်သော်ကား မြကေသွယ် အတွက် ကျွန်တော် ပို၍ တုန်လှုပ်ရပေပြီ ။


ထို့ကြောင့် တင်ထွန်းအောင် ဆီက စာ ရလျှင်ရချင်း မြကေသွယ် ရှိရာသို့ ကျွန်တော် လာခဲ့ပါသေးသည် ။ သို့သော် ထိုနေရာ၌ မြကေသွယ် မရှိတော့ပေ ။ တင်ထွန်းအောင် သူငယ်ချင်း၏ ပြောစကားအရ မြကေသွယ် သည်လည်း တင်ထွန်းအောင် ထံမှ စာတစ်စောင် ရကြောင်း ၊ ထိုနေ့မှာပင် မြကေသွယ်သည် ဤအိမ်မှ ဆင်းသွားကြောင်း ၊ မြကေသွယ် အဆိုအရ တင်ထွန်းအောင်က လိုက်ခဲ့ရန် ခေါ်သဖြင့် လိုက်သွားကြောင်း ။ 


မြကေသွယ် အဆုံး ရှောင်ခြင်းပင် ။


မည်သို့ဖြစ်စေ ကျွန်တော် မြကေသွယ်ကို မတွေ့ တွေ့အောင် ရှာပေဦးမည် ။ ထိုအတွင်းမှာပင် အံ့ဩစရာ ကောင်းသော ငိုအားထက် ရယ်အားသန်စေသော သတင်းစာ ကြော်ငြာ တစ်ခုကို တွေ့လိုက်ရသေး၏ ။ မမ၏ ကြေညာချက် ။ ကျွန်တော်တို့ နှစ်ယောက် စလုံး ပြန်လာခဲ့ရန် ။


မြကေသွယ် မပါဘဲနှင့်ကား ကျွန်တော် ဘယ်မှာမျှ ရပ်တည်ရာ တွေ့နိုင်မည် မဟုတ် ။ 


သည့်နောက် မကြာမီမှာပင် မမျှော်လင့်သော စာတစ်စောင်သည် ကျွန်တော့် ထံသို့ ကျွန်တော် ဝတ္ထု ရေးနေသော မဂ္ဂဇင်းတိုက်မှ တစ်ဆင့် ရောက်လာခဲ့လေသည် ။ စာအိတ်ပေါ်က လက်ရေးကို မြင်ရုံမျှနှင့် စာအိတ်ကို ကိုင်ထားသော လက်ချောင်းတွေက အစ တဆတ်ဆတ် တုန်ယင်ရလေသည် ။ မြကေသွယ် ဆီက စာ ။


စာသည် ဘာမျှ မ ရှည်လျား ။ လာတွေ့ပါ ဆိုသော အကြောင်း ။ ပြီး သူ့လိပ်စာ ၊ သည်တော့ ချက်ချင်းပင် ကျွန်တော် အင်းစိန်သို့ လာခဲ့ရလေသည် ။


သူ့ကို မြင်ရရုံနှင့် မျက်လုံးအိမ်မှ မျက်ရည်စတွေ သွန်ကျလာလေသလား ထင်ရသည် ။ သည်မျှ မျက်ရည် မလွယ်တတ်မှန်းတော့လည်း အသိသား ။ ဘယ်လိုမျှ တွေးတော မှန်းဆ၍ပင် မကြည့်ခဲ့မိသော သူ့အခြေ ။ အရိုးပေါ် အရေတင်နေပြီ ဖြစ်သော သူ့ခန္ဓာကိုယ် အိပ်ရာမှပင် ထူထောင်နိုင်ခြင်း မရှိတော့သော သူ့ ကျန်းမာရေး ။


သူ့သူငယ်ချင်း ဆိုသူက သူ့အဖြစ်ကို ပြောပြသေးသည် ။


“ ဒါတွေကို ဘာလို့ ပြောမလဲ သူငယ်ချင်းရယ် ”  


မြကေသွယ်က သူ့သူငယ်ချင်း စကားကို ဝင်တားသည် ။ တစ်ဝါကျမျှသော သူ့စကားကိုပင် သူ အတော်ကြီး အားယူ၍ ပြောရဟန်တူသည် ။


သူ့သူငယ်ချင်းသည် အလိုက်သိစွာပင် နေရာမှ ထသွားသည် ။


ကျွန်တော်အဖို့ သူ့ကို မြင်နေရသည်မှာပင် ပင်ပန်းလှဘိသည် ။ သူ့ ဝေဒနာ အလုံးစုံကို ကျွန်တော် ယူ၍ ခံစားလိုက်ချင်သည် ။


“ အစ်ကို .. ”  


သူ့အသံသည် တုန်ယင်ချည့်နဲ့ နေသည် ။ သို့သော် အားတင်းထားဟန် တူသည် ။ 


“ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲလှချည်လား ညီမသွယ် ” 


ကျွန်တော် ခပ်ညည်းညည်း ပြောလိုက်မိသေးသည် ။ သို့သော် ထိုစကားကို အကယ်ပင် သူ မကြားလေသလား ၊ မကြားယောင် ပြလေသလား မဆိုနိုင်ပေ ။ 


“ ရှေ့လဆို ပိတောက်တွေ ပွင့်ပြန်တော့ဦးမယ်နော် ” 


ကျွန်တော့် ရင်မှာ ပို၍ပင် လှုပ်ခတ်လာရလေပြီ ။ ပိတောက်ကို အစွဲအလမ်း ကြီးလှစွာသော မြကေသွယ် ထံမှ ပိတောက်အခြေခံ အယူအဆကြီးကို ကျွန်တော် မကြားလို‌တော့ပေ ။


“ ဒါတွေကို ဘာဖြစ်လို့ ပြောချင်ရတာလဲ ညီမရယ် ” 


“ ဪ … မိသွယ် တွေးတာတွေ မှန်လွန်းလို့ပါ ” 


“ ထားပါတော့ကွယ် ၊ ခု ညီမ အိမ်ကို လိုက်ရမယ်နော် ” 


သည်တော့ သူ အားယူ၍ ပြုံးပြန်သည် ။ လျော့ရဲလှစွာသော ထိုအပြုံး ။


“ ပြောစမ်းပါ အစ်ကို ၊ မိသွယ် တွေးတာတွေ မှန်သလား မှားသလား ဆိုတာ ”  


ကျွန်တော်က ခေါင်းကို ခါလိုက်သည် ။


“ အစ်ကိုဟာနော် မိသွယ် ပြောတာတွေကို ခုထိ မယုံသေးဘူး ”  


“ ဘာကိုလဲ ညီမသွယ် ” 


“ ကြည့်လေ .. မိသွယ်ဟာ ပိတောက်ပွင့် ဇာတ်သိမ်းနည်းမျိုး သိမ်းရတော့မယ်လေ ”  


“ မဟုတ်တာဘဲကွယ် ” 


“ ဘယ်နှယ့် မဟုတ်ရမလဲ အစ်ကို ။ သူ မိသွယ်ကို တစ်နေ့ ပန်ပြီး ပစ်သွားတာပဲ မဟုတ်လား ” 


“ ခက်တယ် ညီမသွယ် ... ခက်တယ် ။ မင်းက ပိတောက်ပွင့်ကို ကြည့်ပြီး လောကကို ဆင်ခြင်တာကိုး ညီမရဲ့ ။ ဒီမယ် မိသွယ် ၊ လောက အမြင်တရား ဆိုတာ လောကကို ကြည့်ပြီး ဆင်ခြင်ရတယ် ။ လူ့ဘဝအတွက် အမြင်တရားဟာ လူ့လောကမှာမှ ရှိတာပါ မိသွယ်ရယ် ”  


ထိုစကားကို သူ မကြားတော့ပေ ။ မှန်သည် ။ မပြောရက်သဖြင့် ရင်မှာ ပြည့်နှက်နေသော စကားကို သူ မကြားရတော့ပေ ။


သူ့စိတ်က ဘဝကို ပိတောက်နှင့် ထပ်တူ မြင်သည် ။ လူ့လောကမှာ ပိတောက် သာလျှင် အဓိက ဆင်ခြင်စရာ မှတ်လေသလား ၊ မဆိုနိုင်ပေ ။


••••• ••••• •••••  


( ၁၀ )


အိမ်ရှေ့သို့ ထိုးရပ်လိုက်သော မော်တော်ကားသံကြောင့် ယခုတစ်ကြိမ်တွင်လည်း ကျွန်တော့် အတွေးစ ပြတ်ရပြန်လေပြီ ။ 


သမီးငယ်သည် ပေါ့ပါးသော အလျင်ဖြင့် ကားပေါ်မှ ဆင်းလာသည် ။ လရောင်ကျ နေသော ဝရန်တာက ကျွန်တော့်ကို ဒင်း မြင်လျက် မမြင်ဟန် ပြုလေသည်လား မဆိုနိုင် ။ 


အမှန်တော့လည်း ကျွန်တော်သည် ရင်မှာ အပြည့်ရှိသော စကားတွေကို မြကေသွယ် အား ပြောပြချင်ခဲ့သည် ။ ပြောမည်ဟုလည်း ကြံခဲ့သည် ။ သို့ပေမဲ့ သူ့ စိတ်က ပိတောက်ပန်း သာလျှင် သူ့ဘဝ ၊ သူ့လောက အမှတ်ထားခဲ့ဟန် တူ၏ ။ 


ကြည့်စမ်း .. သူ အဆုတ်ရောဂါဖြင့် သေလူအံ့သော အနေတွင် ကျွန်တော် သူ့ကို ပြန်လည် တွေ့ ခဲ့ရခြင်း ဖြစ်သည် ။ ကျွန်တော်နှင့် ပြန်၍ တွေ့ရပြီ ဆိုသောအခါ သူ့မျက်နှာသည် ပြန်လည် လန်းဆတ်လာခဲ့သည် ။ သူ့ အင်အားလည်း ပြန်လည် ပြည့်ဖြိုးလာဟန် ရှိချေသည် ။ မည်သို့ပင် ဖြစ်စေ ၊ ကျွန်တော် သူ့ကို မမ အိမ်သို့ ပြန်၍ ခေါ်ခဲ့သည် ။ သည်တစ်ခါတော့ သူ မငြင်းတော့ပေ ။


“ မိသွယ် သေတော့မှာပဲ အစ်ကိုရယ် ။ အစ်ကို ဘာဖြစ်လို့များ ခုထိ မျှော်လင့်နေရသေးတာလဲ ။ မိသွယ် သိပါတယ် အစ်ကို ။ အစ်ကိုဟာ မိသွယ်ကို ဒီအချိန်အထိ ပိုင်ရဦးမယ်လို့ မျှော်လင့်နေသေးတာ မဟုတ်လား ” 


ကျွန်တော် နှုတ်တုံ့ မပြန်ခဲ့ပေ ။


နောက်ဆုံး မမ သိထား ထင်ထားသည်တို့ကား မည်သို့နည်း ဟူသော အချက်ကိုပင် ကျွန်တော် မစဉ်းစား ။ မမသည် သိလျက် မသိဟန် ပြုသည်လား ။ အမှန်ပဲ သူ့ အသိမှားနေသည်လား ကျွန်တော် မသိနိုင်ပေ ။


ထိုနှစ် မိုးအဝင်မှာ မမသည် ကျွန်တော်နှင့် မိသွယ်အား လူသိရှင်ကြား လက်ထပ် ပေးခဲ့လေသည် ။


“ မိသွယ် ဆုံးဖြတ်ပြီးသားပါ အစ်ကို ။ မိသွယ် ဘဝက ပိတောက်ပန်းလို ဘဝပဲဟာ ။ ခူးကြမယ် ၊ ပန်ကြမယ် ၊ ပြီးတော့ လွှင့်ချေပစ်လိုက်ကြမယ် ။ ပြီးတော့လည်း လူတွေဟာ နောက်တစ်ကြိမ် ပိတောက် မပွင့်မီအထိ ပိတောက်ပန်းကို မေ့ပစ်လိုက်ကြလိမ့်မယ်ဆိုတာ မိသွယ် သိသားပဲ ။ ဒါပေမဲ့ အစ်ကို ဒီအသိကြောင့် ပိတောက်ပန်းဟာ မပွင့်ဘဲ မနေပါဘူး အစ်ကို ၊ ပွင့်လာတာပဲ မဟုတ်လား ။ နောက်တစ်ခုကလည်း မိသွယ် အစ်ကိုတို့ မမတို့ကို ဒီအထိ စိတ်ဆင်းရဲအောင် လုပ်ပြီးတော့မှ မမတို့ အစ်ကိုတို့ ကျေနပ်အောင် အဖိုးအခ ပေးသင့်တယ် မဟုတ်လား ” 


ရင်နင့်စေသော စကားမျိုးကို ဆိုခဲ့သေး၏ ။ သို့ပေမဲ့ ကျွန်တော် နှုတ်တုံ့ မပြန် ၊ ကြည့်စမ်း ... ဒီလိုနဲ့ နောက်တစ်နွေ ပိတောက်တွေ ထိန်ထိန်ဝေပြီ ဆိုသောအခါ မြကေသွယ် သည် သမီးငယ်ကို ဖွားမြင်ကာ ပိတောက်ပွင့်များကို မျက်ကွယ်ပြုခဲ့လေသည် မဟုတ်လား ။ 


“ အစ်ကိုရေ ... ခုနေဆို ပိတောက်ပန်းတွေကို ခြွေနေကြရော့မယ်နော် ” ဟူသော စကားကို ဒင်း နောက်ဆုံး အားယူ၍ ပြောခဲ့သေးသည် ။


ဒီတော့ “ တော်စမ်းပါ မိသွယ် ၊ ပိတောက်ပင်ဟာ အေးမြတဲ့ မြစိမ်းတောင်ကြားမှာ ဝါထိန်အောင် ပွင့်တတ်တဲ့ ပန်းမျိုးပါ ။ ပူလောင်တဲ့ နွေရာသီမှာ ပွင့်တဲ့ ပန်းမျိုး ။ ဒါပေမဲ့ မင်း သေသေချာချာ ကြည့်စမ်း မိသွယ် ။ အဝါရောင် ဆိုတာ အပူရောင်ကွယ့် မိသွယ် ရဲ့ ၊ ပူလောင်တဲ့ နွေရာသီမှာ ပွင့်တဲ့ အပူရောင်ပန်းကို မင်း ဘာကြောင့်များ ဒီလောက် စုံမက်ချင်ရတာလဲ မိသွယ် ။ ဒါကိုမှ မင်း ဘာပြုလို့ စံထားစရာပန်း အဖြစ် မှတ်ယူချင်ရတာလဲ ။ ပိတောက် ဆိုတာ တဒင်္ဂပန်းပါ မိသွယ် ။ ဟုတ်တယ် မိသွယ် ၊ ဒင်း သက်တမ်း တဒင်္ဂမို့ လူတွေ စိတ်က အပူရောင်ပန်းကို ငမ်းငမ်းတက် ဖြစ်နေကြတာ ။ ဒီမယ် မိသွယ် လူ့လောက အတွက် အမြင်တရားကို မင်း ဘာဖြစ်လို့ တဒင်္ဂ ပွင့်တဲ့ ပန်းခက် ကြားမှာ ရှာချင်ရတာလဲ ။ မင်း ဖြတ်သန်းခဲ့ရတဲ့ လောက ၊ လူ့လောက ထဲမှာ ရှာစမ်းပါ ” 


ကျွန်တော့် စကားကို မြကေသွယ် မကြားလိုက်ရပေ ။ သို့ပေမဲ့ ကျွန်တော် ပြောချင်ခဲ့သည် ။ သည်တော့ သမီးကို ထားရစ်ခဲ့ကာ မြကေသွယ်ကို တွေ့နိုးနှင့် ရှာခဲ့သည် ။ မြကေသွယ်ကား မရှိတော့ပြီ ။


သည်တော့ ကျွန်တော် သည်စကားကို မည်သူအား ပြောရချေမည်နည်း ။


••••• ••••• •••••


ထိုညက မိုးလေးတစ်ပြိုက် ရွာသေးသည် ။


နံနက်ခင်း၌ လောကသည် ပိတောက်ဆင်းဖြင့် လင်းချင်းခဲ့လေပြီ ။ ပိတောက်သင်းဖြင့် ထုံမွှမ်းနေချေသည် ။


“ ပိတောက်တွေ ပွင့်ပြီဟေ့ ”  


သမီး၏ စူးစူးဝါးဝါး အသံကို ကျွန်တော် ကြားရလေပြီ ။ 


“ ပိတောက်တွေ ပွင့်တော့ သမီး သိပ်ပျော်တာပဲလား ” 


သမီးက ခေါင်းကို ညိတ်သည် ။


“ သေသေချာချာ ကြည့်စမ်း သမီး ” 


“ ဘာဖြစ်လို့လဲ ဖေဖေ ” 


ကျွန်တော်သည် မြကေသွယ်အား ပြောပြရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော စကားကို သမီးငယ်အား ပြောပြမိလေပြီ ။ ထိုအခါ သမီးရင်မှာ မည်သို့ ရှိမည်နည်း ။


 ▢  မင်းကျော်

📖 မြဝတီ မဂ္ဂဇင်း 

      ဧပြီ ၊ ၁၉၆၉

No comments:

Post a Comment