Thursday, April 16, 2026

မသိဘူးနော်


 

❝ မသိဘူးနော် ❞
▢ ခိုင်နွယ်သန့် ( မန္တလေး )

ဘဝဆိုတာ ..
မိုးကောင်းကင်ကြီးလောက် ကျယ်ပြော နက်ရှိုင်းပါတယ် ဆိုရင် ...
အချစ် ဆိုတာ ...
ပျံသန်းသွားတဲ့ ငှက်ကလေး တစ်ကောင်ပါပဲ .. ။

••••• ••••• •••••

လင်းရေ ...

ဒီတစ်သက် နင့်ကို ဘယ်တော့မှ ပြောပြဖြစ်တော့မှာ မဟုတ်တဲ့ စကားတွေကို အခုလို စာအုပ်လေးပေါ်မှာ ရေးချလိုက်ပါတယ် ။

အချစ် ဆိုတာကို နင်ကတော့ နားလည်း မလည်ဘူး ။ တန်ဖိုးလည်း မထားဘူး ။

ငါ့အတွက် အချစ် ဆိုတာကို ရုတ်တရက်ကြီး ရင်ဆိုင်လိုက်ရတာ မဟုတ်ဘဲ ဘယ်အချိန် ဘယ်ကာလကများ အသွေးထဲ အသားထဲ တစိမ့်စိမ့် တိုးဝင်နေခဲ့သလဲ မသိပါဘူးကွယ် ။ သိလိုက်မိတဲ့ အချိန်မှာ အထိတ်တလန့် ဖြစ်ရလောက်အောင်ပဲ မြတ်နိုးရတာတွေကို အုံဖွဲ့လို့ ထုထည်ကြီး မားလွန်းနေခဲ့ပြီ ။

နင်နဲ့ ငါဟာ မွေးဖွားမလာခင် မိဘတွေ လက်ထက် ကတည်းက မန္တ လေးမြို့ရဲ့ ဆိတ်ငြိမ်တဲ့ အောင်တော်မူ ရပ်ကွက်မှာ တစ်လမ်းတည်း နေ လာကြတဲ့ သူတွေလေ ။ နင်က ငါ့ထက် တစ်နှစ်ကျော် ကြီးပေမယ့် ရှစ်တန်းမှာ စာမေးပွဲ ကျတော့ အတန်း တူသွားခဲ့တာ ။ အမှတ် ( ၁၆ ) မှာ နင်နဲ့ ငါ အတူတူ တက်ခဲ့ကြတယ် ။

လင်း ... နင် မှတ်မိပါရဲ့ လား ။

ရှစ်တန်း ဒုတိယနှစ် ( နင် ပြောတတ်သလို ) မှာ နင် ရည်းစားထားခဲ့တယ် ။ ကောင်မလေးက ငါတို့ အတန်းထဲကပဲ ။ ချောချောကလေး ။ ဒါပေမဲ့ မာနကြီးတယ် ။ သူ့အဖေက အရာရှိဆိုလား ... ဘာလား ။

အဲဒီနေ့က ငါ ကာတွန်း ဖတ်နေတုန်း နင် ရောက်လာပြီး ပြန်စာကို ပြတော့ ကလေးပဲ ရှိသေးတဲ့ ငါဟာ နင့်ကို နှမြောသွားမိတယ် ။ ဘာမှတော့ ပြန်မပြောဖြစ်ဘူး ။ တစ်စထက် တစ်စ ငါ့ ရင်ထဲက နက်ရှိုင်းလာခဲ့ရတဲ့ ခံစားမှုဟာ ဘာလဲ ။

သိပ်နူးညံ့သိမ်မွေ့တဲ့ ခံစားမှုမို့သာ ငါဟာ ရုတ်တရက် သိခွင့် မရလိုက်တာပေါ့ ။

ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလာတဲ့ နင့်ကို မရိုးနိုင်အောင် ငါ မေးမိတာ က “ လင်း ... နင် သူ့ကို ချစ်လား ” လို့ပေါ့ ။ နင်က မချစ်ခဲ့ပါဘူး ဆိုရင် ငါ ဘာကြောင့် ပျော်မိရတာပါလဲ ။ တကယ်ဆို မိန်းကလေးတွေ ကိုယ်စား နင့်ကို ဒေါသထွက်ရမှာ မဟုတ်ဘူးလား ။

ငါဟာ နင်နဲ့ ပတ်သက်လာရင် တစ်ခုခုတော့ မှားယွင်းနေပြီလို့ သတိထားမိလာတယ် ။

ငါ ဆယ်တန်းစာမေးပွဲ အောင်တာကို ၊ ပျော်လို့ မရအောင် နင် ကျတာကို ဝမ်းနည်းနေမိတယ် ။ နင်တို့ အိမ်မှာ အဆူခံရလို့ ငါ့ဆီ နင် ရောက်လာတော့ ..

“ လင်း ...... နင့်အဖေက ရိုက်သေးလားဟင် ”

ငါ တိုးတိုးလေး မေးလိုက်မိတယ် ။

မျက်ရည်တွေ လည်လာတဲ့ ငါ့ကို ‘ အရူးမ ’ လို့ ဆံပင်တွေ ဖွပစ်ရင်း ပြောတဲ့ နင့်ပုံစံက အေးအေးဆေးဆေးပါပဲလား ။

“ လင်း ... ငါလေ ... နင်နဲ့ အတူတူ ကျောင်းတက်ချင်တာ ။ နင်က စာမေးပွဲကျတာတောင် အပြုံး မပျက်ဘူးနော် ”

“ မလေးကလည်း ဟာ ငါက ဖြေပြီး ကတည်းက သိပြီးသားပါ ။ အသာလေး ငြိမ်နေတာ ။ နင် ကလည်း စာမေးပွဲ ကျလည်း တက္ကသိုလ်ဝင်းထဲ ဝင်လို့ ရပါတယ် ။ စိတ်ချ ၊ ငါ ... နင့်ကို ကျောင်းပို့ ၊ ကျောင်းကြို လုပ်ပေးမယ် ။ ဒါမှ ကောင်မလေးတွေနဲ့ တွေ့ရမှာ ”

လင်းရယ် ... ။

••••• ••••• •••••

နင်က နင့်စကား အတိုင်းပါပဲ ။ ဝမ်းလည်း မနည်းဘူး ။ ရှက်လည်း မရှက်ဘူး ။ ဆယ်တန်း သုံးကြိမ်မြောက် ကျပြီးပေမယ့်လည်း ငါ့ကို ကျောင်းပို့ ၊ ကျောင်းကြို လုပ်ရင်း ကျောင်းထဲမှာ ခြေရှုပ်နေတာပါပဲ ။ ကောင်မလေးတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းလို့ပေါ့ ။

ငါကလည်း နင့်ကောင်မလေးတွေ အကြောင်း ပြောပြရင်း မရိုးနိုင်အောင် သဝန်တိုနေမိတုန်း ၊ ‘ ချစ်လား ’ လို့ မေးမိတုန်း ၊ နင်ကလည်း ‘ မချစ်ပါဘူးဟာ ၊ ဒီလိုပါပဲ ’ လို့ ဖြေတုန်းပါပဲ ။

“ တကယ် မချစ်ဘဲနဲ့ များ လင်းရယ် ”

ငါ နင့်ကို မကျေမနပ် ပြောမိရင် နင်က ရယ်တယ် ။

“ နင် မသိပါဘူး မလေးရာ ။ အစစအရာရာ ကိုယ့်စိတ်နဲ့ချည်း နှိုင်းလို့ မရဘူး မလေးရဲ့ ။ တချို့ မိန်းကလေးတွေက သိပ်အလေးအနက် စဉ်းစားကြတာ မဟုတ်ဘူး ”

“ နင့်မှာလည်း အစ်မ ရှိမှာပဲ လင်းရာ ။ အစ်မချင်း ကိုယ်ချင်းစာပေါ့ ။ မိန်းကလေးတွေ နစ်နာတာပေါ့ ”

“ ငါ သူတို့ကို ဘာမှ နစ်နာအောင် မကျူးလွန်ဘူး ၊ စိတ်ချ ။ ဒါပေမဲ့ နင် ယုံချင်မှ ယုံမယ် ။ ငါ ကြွားပြောတာ မဟုတ်ဘူးနော် ။ ငါ့ကို ရည်းစား စကား စပြောတဲ့ ကောင်မလေးတွေတောင် ရှိတယ် ။ ငါလေ ခုချိန်ထိ ဘယ်မိန်းကလေးကိုမှ အသေအလဲ မကြိုးစားခဲ့ရဘူး ”

နင့်စကားဆုံးတော့ ငါ နင့်မျက်နှာကို ငေးကြည့်လိုက်မိတယ် ။

နင့်မျက်နှာမှာလေ အထူးခြားဆုံးက နင့်မျက်လုံးလေးတွေပဲ ။ မျက်လုံးလေးတွေက မျက်အိမ် ကျဉ်းပေမယ့် ရွှန်းရီပြီး အသက်ပါ တောက်ပ လွန်းတော့ နင့်အကြည့် တစ်ချက်မှာ ကြွေကျလာကြတဲ့ ပန်းကလေးတွေ အတွက် ငါ မအံ့သြတော့ပါဘူး ။

နင့်မှာလေ ကောင်းခြင်းတွေ အားလုံး စုံနေသလိုပါပဲ ။ ဆံပင် ၊ အရပ် ၊ ကိုယ်ဟန် ၊ အသားအရေ ... နင်ဟာ ဘဝပေးကုသိုလ်ကောင်းတဲ့ သူပါ ။ ဆယ်တန်း မရောက်ခင် ကတည်းက စီးကရက်တွေ စွဲစွဲမြဲမြဲ သောက်လွန်းလို့ နှုတ်ခမ်းပါးပါးဟာ ညိုနေတာကပဲ ငါ့အတွက် ယောက်ျားပီသတယ်လို့ နှစ်သက်စရာ မြင်မိနေတာ ခက်တယ် ။

ငါဟာ နင့်ရဲ့ နွံထဲမှာ မကျွံမိစေဖို့ အမြဲ ကြိုးစားနေရတာ မောပန်းလှတယ်ကွယ် ။

နင်မသိပါဘူး လင်းရယ် ။ အဲဒါပဲ ကောင်းပါတယ် ။ ငါဟာ အချစ်ကို မကိုးကွယ်လိုပေမယ့် တန်ဖိုးထားတတ်တဲ့ သူမို့ ငါ့ကို နင့်ကောင်မလေး တွေထဲ ရောနှော မပါသွားစေလိုပါဘူး ။ မေမေ့ရဲ့ ဆုံးမတရားတွေ အောက်မှာ ငါ့သိက္ခာ ကိုလည်း လုံး၀ အထိပါး မခံနိုင်ပါဘူး ။

နင် မသိဖို့ ငါ အမြဲ သတိထားပါတယ် ။

နင်ကလည်း ခပ်ပေါ့ပေါ့နဲ့ အမှတ်တမဲ့ နေတတ်တာလား ၊ ငါကပဲ လုံခြုံအောင် သိုဝှက်ထား နိုင်တာလား မသိပါဘူး ။ ငါဟာ နင် ယုံကြည်ရတဲ့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက်ပေါ့ ။

လင်း .. နင် ဆယ်တန်းတုန်းက ဝယ်ပေးခဲ့တဲ့ ကချင်လွယ်အိတ် အနီလေးကိုပဲ ဘွဲ့ရတဲ့ အထိ ငါ လွယ်ခဲ့ပြီး ခုထိ သိမ်းထားသေးတယ် ။ နင် မသိဘူးနော် ။

••••• ••••• ••••• 

မေမေက ပြောတယ် ။ နင့်မေမေ ( အန်တီမာ ) က မေမေ့ကို နင့်အကြောင်း ညည်းပြတယ်တဲ့  ။ နင်ဟာ ဆယ်တန်း သုံးခါကျပြီး ဆက်မဖြေတော့ဘဲ အလုပ်လည်း ဝင်ခိုင်းလို့ မရဘူးတဲ့ ။ ရည်းစားတွေလည်း များတော့ မတော်တဲ့ မိန်းကလေး တစ်ယောက်နဲ့များ ရှောင်တိမ်းမရဘဲ လက်ထပ်လိုက်ရမှာ စိတ်ပူတယ်တဲ့ ။

“ လင်းဟာ လူကောင်းလေးပါ ။ ဖော်ဖော်ရွေရွေနဲ့ ကူညီတတ်တယ် ။ မေမေက ကိုယ့်မျက်စိ အောက်တင် လူဖြစ်လာတော့ ချစ်ပါတယ် ။ ဒါပေမဲ့ လင်းလို ကလေးကို သမက်တော်ဖို့တော့ ဘယ် မိန်းကလေးရှင်မှ စဉ်းစားမှာ မဟုတ်ပါဘူး ။ မမမာ က ခင်ခင့်ရဲ့ သမီးအကြီးလေးနဲ့ ဆို ဘယ်လိုလဲလို့ မေမေ့ကို တိုင်ပင်တာ ”

ငါ့ရင်တွေ ဒိတ်ခနဲ ခုန်သွားမိတယ် ။

လင်း ... နင် အိမ်ထောင်ပြုတော့မှာလားဟင် ။ ငါ့ရဲ့ စိုးရိမ်စိတ်တွေဟာ ရင်ထဲမှာ ပူလောင်လိုက်တာ လင်းရယ် ။ နင်သာ လက်ထပ်လိုက်ရင် နင့်အမျိုးသမီးကို ငါ ဘယ်လို အင်အားနဲ့ ရင်ဆိုင်ရမလဲဟင် ။ ဒါဟာ ငါ့ရဲ့ အတ္တပဲလား မသိဘူး လင်းရယ် ။

ဒါပေမဲ့ ...

“ ရော့ မလေး ...... နင့်အတွက် တုတ်ထိုး ”

“ ဟာ ... ဂွတ်ပဲ ၊ နင်က သိပ်လိမ္မာတာပဲ ”

ထမင်းစားခန်းထဲမှာ နင့်ကို သံပရာရည် ဖျော်ပေးပြီး ငါတုတ်ထိုး စားနေတုန်း ...

“ မေမေက လေရှည်တယ် ၊ သိလား ၊ ငါ့ကိုများ မိန်းမပေးစားဖို့ ကြံစ ည်နေသေးတယ် ။ နင် သိလား ... မလေး ”

“ သိတယ် ”

ငါစိတ်တွေ လှုပ်ရှားလိုက်ရတာ လင်းရာ ။ နင့်စကားတွေကို မျှော်လင့်ရင်းပေါ့ ။ တော်ပါသေး ရဲ့ ။ နင်က ...

“ ငါ ခုထိ ဘယ်မိန်းကလေးကိုမှ မချစ်သေးဘူး ။ ရည်းစားသာ ထားချင်တာ ။ မချစ်ဘဲနဲ့တော့ ငါ လက်မထပ်ဘူး ။ ငါ မေမေ့ကို သေချာပြောပြ ရတာ ။ မေမေ လုံးဝ မစီစဉ်ပါနဲ့လို့ ။ ကျွန်တော်ကတော့ အားနာပြီး လက်ခံမှာ မဟုတ်ဘူးလို့ ။ မေမေပဲ မျက်နှာပျက်ရမှာ နော်လို့ ခြိမ်းခြောက် ထားလိုက်တယ် ။ အိမ်ထောင်ရေး ဆိုတာ ဘဝတစ်ခုလုံးနဲ့ ဆိုင်တာနော် ”

“ ဟုတ်တယ် ”

ငါ လှိုက်လှိုက်လှဲလှဲ ထောက်ခံလိုက်ပါတယ် ။ ငါ့ ရင်ထဲမှာ အေးမြသွားလိုက်တာ ။ ပြီးတော့ ပျော်လိုက်တာ လင်းရယ် ။

ငါ ဆယ်တန်း အောင်ကတည်းက ကျောင်းသွားရင် သိပ်ရှိုးမပေးဖို့ ၊ ရည်းစားမထားဖို့ မှာတတ်တဲ့ လင်း ဟာ အခုလည်း တောင်းရမ်းလာတဲ့ ကောင်လေးတွေကို လက်မခံဖို့ တိုက်တွန်းပြန်တယ် ။

လင်း ... နင် ငါ့ကို ဘာလို့ တားရတာလဲဟင် ။ ဟင့်အင်း ... ဒါပေမဲ့ ငါ မသိချင်ပါဘူး ။

••••• ••••• ••••• 

“ အိမ်မှာ နေရတာ ညစ်တယ်ဟာ ”

ကျောင်းကို လင်း ရောက်လာတော့ စာသင်ချိန် တစ်ချိန် ကျန်သေးပေမယ့် မတက်တော့ဘဲ စည်းစိမ်လက်ဖက်ရည်ဆိုင် ထိုင်မိကြတယ် ။ သူငယ်ချင်းတွေကတောင် “ နောက်ဆုံးနှစ်နော် မိန်းမ ။ ပေါ့ဆမနေနဲ့ ” တဲ့ ။ ထားလိုက်ပါ ။

လင်း က လက်ဖက်ရည်ကျကျကို မွှေရင်း ညည်းတွားနေတယ် ။

“ ဘာဖြစ်လို့လဲ ၊ မိန်းမ ပေးစားပြန်ပြီလား ”

“ အဲဒီ ပြဿနာတစ်ခု အေးသွားတော့ အလုပ် မလုပ်လို့တဲ့ ။ ကျောင်းလည်း မတက်ဘဲ လတ်လျားလတ်လျားနဲ့တဲ့ ။ ငါက ဖေဖေ့ အလုပ်လည်း စိတ်မဝင်စားဘူး ၊ မလုပ်ချင်ဘူးကွာ ။ ငါ နိုင်ငံခြားများ ထွက်ရမလားလို့  ”

ငါ အထိတ်တလန့်နဲ့ နင့်မျက်နှာကို မော့ကြည့်မိတယ် ။

ငါ ... နင့်ကို မခွဲနိုင်ပါဘူး ... လင်းရယ် ။ ရင်ထဲမှာပဲ ပြောနေမိတယ် ။

“ နင်ကလည်း နင့်မိဘတွေ တတ်နိုင်တာပဲဟာ ၊ အရင်းအနှီး ထုတ်ခိုင်းပြီး ဒီမှာပဲ တခြား အလုပ်လုပ်ပေါ့ ။ သူများ နိုင်ငံကြီးမှာ မိဝေးဖဝေးနဲ့ မျက်နှာအောက်ချပြီး မနေချင်စမ်းပါနဲ့ ” 

“ ဟုတ်ပါတယ် ၊ သေတော့ မသေချာပါဘူး ။ စိတ်ညစ်ပြီး လျှောက်တွေးမိတာ ”

တော်ပါသေးရဲ့ ။

••••• ••••• •••••

ရည်းစားတွေ သက်စေ့ကျော်အောင် ထားလာတဲ့ လင်း ဟာ မိန်းကလေး တစ်ယောက်ရဲ့ ခံယူချက်ကိုတော့ နားလည်နိုင်ပါ့မလားကွယ် ။

ရည်းစားများတဲ့ ယောက်ျားလေးတွေဟာ သူတို့တွေ ဘယ်လောက် ပွေပွေ ၊ သူတို့ လက်ထပ်မယ့် မိန်းကလေးကိုတော့ ခြောက်ပြစ်ကင်း သဲလဲစင် တစ်ယောက် ဖြစ်စေချင်ကြတယ် ။ အဲဒီလိုပါပဲ ...

အချစ်ကို တန်ဖိုးထားမိတဲ့ မိန်းကလေး တစ်ယောက်ဟာလည်း ကိုယ် လက်ထပ်မယ့်သူ အတွက် ကိုယ်ဟာ ပထမဆုံးချစ်သူ ဖြစ်စေချင်တဲ့ ဆန္ဒတွေ ရှိပါတယ် ။

ဒီတစ်ခါ တောင်းရမ်းလာတဲ့ လူကိုတော့ မေမေက အတင်းအကျပ်ကြီး မဟုတ်ပေမယ့် အရင် လူတွေထက် တိုက်တွန်းလာပါတယ် ။ အဲဒီအချိန်မှာ ငါ ပထမဆုံး မြင်မိတာ နင့်မျက်နှာပါပဲ လင်း ရယ် ။

ဘွဲ့ရပြီးနေတဲ့ မိန်းမ တစ်ယောက်ရဲ့ ရင်ထဲမှာ မေတ္တာတရားတွေ ဘ ယ်လောက်ပဲ ကြီးမားနေပါစေ ၊ စိတ်ကူးယဉ်မှုတွေတော့ အရွယ်နဲ့ အမျှ လျော့ပါးလာနေပြီလေ ။ ငါဟာ ကိုယ်ချစ်မိတဲ့သူ ဆီက စကားလေး တစ်ခွန်းကို အရိုးကြေ အရေခန်းတဲ့ အထိ စောင့်စားနေရလောက်အောင်လည်း မမိုက်မဲပါဘူး ။

ငါ စဉ်းစားမယ်လို့ မေမေ့ကို ဖြေလိုက်တယ် ။

ကိုကောင်းသန့် တဲ့ ။ ရန်ကုန်က ကြီးကြီးထိုက် မိတ်ဆွေရဲ့ သားပေါ့ ။ မန္တလေးမှာ သူတို့ တင်သွင်းတဲ့ အိမ်ဆောက်ပစ္စည်းဆိုင်ခွဲကို ခဏ လာ ကြီးကြပ်တာတဲ့ ။ အိမ်ကို ဝင်ထွက်ရင်းကမှ ကြီးကြီးထိုက် လာလည်တုန်း ငါ့ကို တောင်းရမ်းခဲ့တာ ။

ကိုကောင်းသန့် ဟာ အသားညိုညို ၊ အရပ်မြင့်မြင့်နဲ့ ယောက်ျားပီသတဲ့ ပုံသဏ္ဌာန် ရှိပါတယ် ။ ငါ့ရဲ့ စံနှုန်းတွေနဲ့ အားလုံး ကိုက်ညီတယ်ပေါ့ဟာ ။ ငါ့အတွက် ယောက်ျားတစ်ယောက်ဟာ ဖြူဖြူချောချော ဖြစ်နေစရာ မလိုပါဘူး ။ ငါ့ထက်လည်း ခြောက်နှစ်လောက် ကြီးတယ် ။

အဓိက အချက်က ကိုကောင်းသန့်ဟာ ရည်းစား တစ်ယောက်ပဲ ထားဖူးတာ ။ ကောင်မလေးက နိုင်ငံခြားကို အပြီး ထွက်သွားလို့ ပြတ်သွားကြတာတဲ့ ။ ဘာပဲဖြစ်ဖြစ် ကိုကောင်းသန့် ဟာ ရိုးသားတယ် ။ တည်ကြည်တယ် ။ အချစ်ကို တန်ဖိုးထားတယ် ။ ငါနဲ့ မကြာခဏ ငါ့အိမ်မှာပဲ စကားလက်ဆုံ ကျဖူးတယ် ။ နင်နဲ့တောင် နှစ်ခါလား ဆုံဖူးတယ်လေ လင်းရယ် ။

အိပ်ပျက်ညတွေ ရင်ဆိုင်ရတယ် လင်း ။

အိပ်ရာထက်မှာ လူးလွန့်ရင်း မှတ်မိသေးလား လင်း ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းကပေါ့ ။

••••• ••••• •••••

သင်္ကြန်နီး လာပြီ ဆိုတာနဲ့ ငါတို့ သူငယ်ချင်းအဖွဲ့ တက်ကြွပျော်ရွှင် နေပြီလေ ။ ရေပက်ခံ ထွက်ဖို့ ဝါသနာ မပါကြတဲ့ ငါတို့ အုပ်စုက နှစ်တိုင်း ရှစ်ဆယ့်လေးလမ်းမပေါ်က ဝင်းတို့ အိမ်ရှေ့မှာ ရေပက် နေကျလေ ။ နင်ကတော့ သူငယ်ချင်း ကောင်လေးအုပ်စုနဲ့ ရေပက်ခံ ထွက်နေကျ ။

သင်္ကြန်ကျဖို့ နှစ်ရက် အလိုမှာ ငါ့အိမ်ကို နင် ရောက်လာတယ် ။

“ မလေး ... နင့်ကို အန်တီလဲ့ ပေးတဲ့ ခရုပုတီးတွေ ရှိသေးလား ” 

လင်းစကားကြောင့် ငါသေချာ ပြန်တွေးကြည့်ရတယ် ။ မေမေ့သူငယ်ချင်း အန်တီလဲ့တို့ မိသားစု ငပလီသွားကြတုန်းက အမှတ်တရ ပေးထားတဲ့ ခရုပုတီးတွေ ဘာရယ် မဟုတ် သိမ်းထားမိတာ ရှိတယ် ။ အန်တီလဲ့တို့ လာပေးတုန်းက လင်း လည်း ရှိခဲ့တာကိုး ။

အန်တီလဲ့ မှာ ငါနဲ့ ရွယ်တူ ဖိုးထူး ဆိုတဲ့ ခပ်ဆိုးဆိုး သားတစ်ယောက် ရှိလို့ တောင် နင်က ငါ့ကို စသေးတာပဲ ။

အဲဒါ အန်တီလဲ့က ဖိုးထူး အတွက် နင့်ကို တင်တောင်းတာတဲ့ ။ ကြံဖန် နောက်တဲ့ နင့်ကို ငါ ကုတ်ဖဲ့ပစ်လိုက်မိတာ ။

“ ရှိသေးတယ် ၊ နင် ဘာလုပ်မလို့လဲ ”

“ ငါ့ကိုပေး ”

ငါ နင့်ကို မျက်စောင်း ထိုးလိုက်တယ် ။ ခရုပုတီးတွေ ယူပေးရင်း “ ဘာလဲ သင်္ကြန်ကျရင် ကောင်မလေးတွေ ပေးမလို့ မဟုတ်လား ” ဆိုတော့ လင်းက ဘာမှ မဖြေဘဲ ယူသွားတယ် ။

သင်္ကြန်ကျပြီ ။

နင်တို့ ကား ရောက်လာတော့ အပြန်အလှန် စကြ ၊ နောက်ကြ ။ နင်က ကားကို စင်ဘေးကပ် ရပ်ထားလိုက်ပြီး မောင်းတဲ့လူ နေရာကနေ ဆင်းလာတယ် ။ စင်ပေါ် တက်လာတဲ့ နင့်ကို ငါက ခြေဖျားထောက်လို့ ခေါင်းကနေ ရေတွေ လောင်းချလိုက်တယ် ။

ရေစက်တွေ သီးလို့ ဆံပင်တွေ အချောင်းချောင်း ဖြစ်နေလည်း နင်ကတော့ သိပ်ကြည့်ကောင်း နေတာပါပဲ လင်းရယ် ။ နင်ဘာလို့ ဒီလောက် ချောနေရတာလဲ ။

နင်က ဝတ်ထားတဲ့ မိုးကာသား ဂျာကင်ပြာထဲက ခရုပုတီးတွေ ထုတ်ပြီး ငါ့ကို ပေးတယ် ။ ငါ အံ့ဩလိုက်တာ ။ ပြီးတော့ ငါလေ ကြောင်တောင်တောင်နဲ့ ဘာတွေ ပြောမိမှန်း မသိဘဲ “ အများကြီးပဲ ။ တခြားလူတွေပါ ပေးလိုက်မယ်နော် ” ဆိုတော့ ...

လင်းက “ ဟင့်အင်း ... နင်ပဲ ဆွဲထား ” တဲ့  ။

ငါဟာ အရူးတစ်ယောက်လိုပဲ ခုချိန်ထိ အဲဒီ ခရုပုတီးတွေ အများကြီး ကို စာကြည့်စားပွဲထဲမှာ သိမ်းထားဆဲပဲ ဆိုရင် နင် ယုံမလားဟင် ။ တိုင်တည်ခွင့်လည်း မရှိတော့ပါဘူး လင်းရယ် ။

••••• ••••• •••••

နေရောင်တွေ လျော့ပါးစပြုလာနေတဲ့ ကောင်းကင်ရဲ့ အောက်မှာ ငါ ထိုင်နေတုန်း နင် ရောက်လာခဲ့တယ် ။ ရန်ကုန်ကို သွားလည်ပြီး ပြန်လာတဲ့ နင့်ရဲ့ လက်ထဲမှာ မုန့်တွေနဲ့ အတူ ငါကြိုက်တဲ့ သဇင်ပန်းခက်လေးတွေ ဦးဦးဖျားဖျား လင်းရယ် ။

ဒါပေမဲ့ နင့်ကို အရင်လို မကြိုဆိုနိုင်လောက်အောင် ငါ့ ရင်ထဲမှာ နုံးချည့်နေတယ် ။

“ ရန်ကုန်မှာ တုတ်ထိုး စားတော့ နင့်ကို သတိရတယ်ဟာ ။ ဟေ့ကောင် သဇင်ပန်းက နင် တစ်ယောက်တည်း အတွက် မဟုတ်ဘူးနော် ” 

“ အေးပါ ”

“ ရော့ ... နင် ကြိုက်တဲ့ ဝက်သားကောက်ညှင်းထုပ် ”

“ ငါ နင့်ကို ပြောစရာ ရှိတယ် ”

နင့်မျက်နှာကို မကြည့်ရဲလို့ တူရူမှာ ရှိတဲ့ ခေါင်ရန်းပန်းပင်က ပန်း လေးတွေကို ငေးနေမိတယ် ။ နင့်ကို မကြည့်ရဲဘူး လင်းရယ် ။ အထူးသဖြင့် နင့် မျက်လုံးတွေရဲ့ ရီဝေမှုတွေကို ငါ ရင်မဆိုင်ရဲပါဘူး ။ ငါ ဟာ ပျော့ညံ့တွေဝေတတ်တဲ့ မိန်းမ တစ်ယောက် မဟုတ်ပါဘူး ။

အားတင်းရင်း ...

“ ငါ ကိုကောင်းသန့်ကို လက်ထပ်ဖို့ ခေါင်းညိတ် လိုက်ပြီ ”

“ ဘာ ”

နင်တော်တော် အံ့ဩသွားပုံ ရပါတယ် ။ ပြီးတော့ ဘာမှ မပြောဘဲ တိတ်ဆိတ်လို့ ။ နင် ဘာလို့ မငြင်းလိုက်တာလဲဟင် ။ နင်ဘာလို့ ငါ့ကို ( နင့် ကို ငါ မေးနေကျ မေးခွန်းကို ) ဘာလို့ မမေးရတာလဲ ။

ကျေးဇူးတင်ပါတယ် ... လင်းရယ် ။ ငါလည်း မဖြေချင်ပါဘူး ။ ညာလည်း မညာချင်ပါဘူး ။

ခပ်ပျော်ပျော် နေတတ်တဲ့ နင်က ဘာလို့ စနောက် မပစ်တာလဲ ။ ငါ့ရဲ့ ဆံပင်တွေကို ဖွပစ်ပြီးတော့ပဲ ဖြစ်ဖြစ် တစ်ခုခု စလိုက်ဖို့ ကောင်းပါတယ် ။ ပေါ့ပါးသွားလို သွားငြားပေါ့ ။

ငါတို့ နှစ်ယောက် ကြားမှာ အကြာကြီး တိတ်ဆိတ်နေတယ် ။

ငါ လင်းကို မော့မကြည့်ရဲဘူး ။ ငါ့ မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲနေ တယ်လေ ။ နင့်ကို မြင်စေဖို့ ငါ့မာနက ခွင့်မပြုဘူးကွယ် ။

“ ငါ သွားတော့မယ် ”

ငါ ခေါင်းညိတ် ပြလိုက်မိသလား ။

နင် ငါ့ကို တစ်ခုခု ပြောတော့မလို မတ်တတ်ရပ်ရင်း ပြင်ဆင် နေသေးတယ် ။ ဟင့်အင်း .. လင်းရယ် ။ ဘာမှ မပြောလိုက်ပါနဲ့ နော် ။ လင်း မျက်လုံးလေးတွေကို ဖျတ်ခနဲ ကြည့်မိတော့ အရိပ်တွေ ၊ စကားလုံးလေးတွေ ၊ ငါ့မျက်လုံးတွေ မှိတ်ထားလိုက်မိတယ် ။ ခဏကြာမှ မျက်လုံးတွေ ဖွင့်လိုက်တော့ လင်းက ခပ်လှမ်းလှမ်းကို ရောက်နေပြီ ။

ငါ ဘာလို့ မျက်ရည်တွေ ကျလာရတာလဲ ။ မငိုဘူး လင်းရယ် ။ ငါ မငိုဘူး ။ ဒါဟာ ငါ ရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ဖြစ်မယ့် လမ်းတစ်ခုလေ ။

နင့်ရဲ့ နှောင်ကြိုးတွေ ဖြေလျှော့ပေးပါနော် ။

မကြာခင်မှာ လက်ထပ်တော့မယ် မိန်းမ တစ်ယောက်ဟာ နိုင်ငံခြားကို သွားဖို့ ဆုံးဖြတ်လိုက်တဲ့ နင့်ကိုလည်း တားပိုင်ခွင့် မရှိပါဘူး ။

ဒါပေမဲ့ ...

လက်မထပ်ရသေးတဲ့ မိန်းကလေး တစ်ယောက် အနေနဲ့ ဘယ်သူ့ကိုမှ ပေးဖတ်မှာ မဟုတ်တဲ့ စာအုပ်လေးထဲမှာတော့ ရင်ထဲက စကားလေးတွေ ချရေးခွင့် ရှိမယ် ထင်ပါတယ် ။ နောက်ဆုံး အနေနဲ့ပေါ့ လင်းရယ် ။ အဝေးဆုံးကို သွားခဲ့တဲ့ နင်လည်း ဘယ်တော့မှ သိခွင့်ရမှာ မဟုတ်ပါဘူး ။

“ လင်းကို ငါ သိပ်ချစ်တယ် ။ ဟိုးငယ်ငယ်လေး ကတည်းကပါကွယ် ” 

နင့်ကို ဝန်ခံပါရစေ ။

ငါ့ရဲ့ ခင်ပွန်းလောင်း ကိုကောင်းသန့် ဟာ ငါ့ကို မြင်မြင်ချင်း ချစ်တယ်လို့ ပြောပြီး ငါ့ကို ချစ်လားလို့ မေးလာခဲ့ရင် ...

ငါဟာ တည်ဆောက်ရတော့မယ့် ဘဝတစ်ခု သာယာဖို့ ၊ ကိုယ် ရွေးချယ်ခဲ့တဲ့ အပြစ်မဲ့သူရဲ့ စိတ်ကို ပျော်ရွှင်ကြည်နူးစေဖို့ ...

ခေါင်းညိတ် အဖြေပေးမှာ သေချာပါတယ် ။ ခွင့်လွှတ်ပါကွယ် ။ ဘာလို့လဲ ဆိုတော့ ငါဟာ .... ။

▢  ခိုင်နွယ်သန့် ( မန္တလေး )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇွန်လ ၊ ၂၀၀၁ ခုနှစ်

No comments:

Post a Comment