❝ သင်္ကြန်ဖူးစာ ❞
( ပီမိုးနင်း )
အေးမောင်သည် မြို့ ကယ်လီကျောင်းသား ဖြစ်၍ ဆယ်တန်းတွင် ပညာသင်ကြားနေသော နေပြည်တော်သားကလေး ဖြစ်၏ ။ ရုပ်ရူပကာရမှာ ဆိုဖွယ်ရာ မရှိ ၊ လှပ၍ ယောက်ျားပီသ၏ လှပသောမျက်နှာ ကလေးတွင် ကနုကမာမျက်မှန်ကို အစဉ် တပ်ဆင်ရသူ ဖြစ်ရာ ပိုမို၍ လှပသည် ထင်ရ၏ ။ အေးမောင်မှာ ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်၍ အလည်အပတ် များသလောက် စာမေးပွဲများတွင် မည်သည့်အခါကမျှ ကျရှုံး ခြင်း မရှိခဲ့ပေ ။ အေးမောင်မှာ စာပေပညာ တော်သလောက် အပိုးအပန်း သန်၏ ။
အဘယ်ကြောင့် ဆိုသော် ကယ်လီကျောင်း၏ နှမတော် အေတီအမ် မိန်းကလေးကျောင်းသည် အေးမောင် ၏ အနှစ်ကြိုက်ဆုံး အပျော်မွေ့ဆုံး မျက်စိအစူးဆုံးနေရာ ဖြစ်သောကြောင့်တည်း ။ အဆိုပါ ကျောင်းသူကလေးများအနက် ရှစ်တန်းတွင် ပညာသင်ကြားနေသော နေပြည်တော်သူ လှမြင့်ကလေးသည် အေးမောင်အား အချစ်စနက်တွင် သွက်ချာပါဒ လိုက်အောင် လှည့်စားနိုင်သူကလေး ဖြစ်ပေ၏ ။
လှမြင့်မှာ ရွှေအဆင်းပမာ ဝါဝင်းသော အသား ၊ ကားယားရှိသော ရင် ၊ ထင်ပေါ်သွယ်တန်း၍ ကျနေသော နှာတံ ဟန်များသူကလေး ( ဝါ ) ဖက်ရှင်ကျသူကလေး ဖြစ်သဖြင့် ၎င်းအား ကျောင်းသားကလေးများက စတား အစရှိသည်ဖြင့် အကဲဖြတ်ကြ၏ ။ အကဲဖြတ်သင့်အောင်ပင် လှပသူကလေး ဖြစ်ပေသည် ။
စာမေးပွဲကြီးများကား နီးကပ်၍ လာ၏ ။ အေးမောင်မှာ လှမြင့်အား ပိုးပန်းခြင်း အလုပ်ဖြင့် အချိန်ကုန်ခဲ့သည်သာ များလေသည် ။ တစ်နေ့သော် ကျောင်းတံခါး နားသို့ ဆိုင်ကယ်စီး၍ သွားကာ လှမြင့်၏ မျက်နှာကလေး ကို ကြည့်ရှု၏ ။ ခေါတောကျ၏ ။ တစ်နေ့သော်လည်း လှမြင့်သည် ကျောင်းဆင်း၍ မြင်းရထားဖြင့် အိမ်သို့ အပြန်တွင် မနီးမဝေး လိုက်ကာ လှမြင့်၏ လှပသော ပုံသဏ္ဌာန်ကို ဘိုင်ဟတ် ရသည်ထက် နောကျေရန် ချောပေသည်ဟု စွဲလမ်းစေ၏ ။ လှမြင့်၏ ကနွဲ့ကလျ လှပသော ကိုယ်ဟန်ကလေးသည် အေးမောင်၏ မျက်စိတွင်းမှ မပျောက် စိတ်ဟဒယတွင်းတွင် သူပုန်ထ၍ ကြုံသမျှ အခက်အခဲတို့ကို စဉ်းစားခြင်း လက်နက်တို့ဖြင့် အမြဲ ခုခံဖြိုဖျက်၏ ။ သို့နှင့်လည်း မရချေ ။ တစ်နေ့ထက် တစ်နေ့ အကြံအိုက်သည်ထက် အိုက်လာ၏ ။ အကြံ အိုက်လေ ချွေးဒီးဒီးကျလေဖြင့် အစိုးရစစ် ဆယ်တန်း စာမေးကြီးပွဲကား တစ်လသာ လိုတော့၏ ။
ထိုနေ့၌ကား ဆယ်တန်းကို ဖြေဆိုရမည့် ကျောင်းသားများအား စာကျက်ချိန်ရရန် ဟောလီဒေး ပေးလိုက် လေပြီ ။ အေးမောင်တွင် ပျော်ရွှင်ခြင်း အရိပ်အယောင်သည် မျက်နှာတွင် ဝင်းခနဲ ပေါ်ပေါက်လာ၏ ။ အချိန်ကား ၄ နာရီရှိပြီ ။ ကျောင်းသားများ အလစ်တွင် စာကလေး တစ်စောင်ကို ကပျာကယာ ရေးသားလေ၏ ။ လက်ကလေးများကား တုန်တုန်ရီရီ ဖြစ်ကာ သခင်၏ အာဏာတော်ကို ဖီဆန်ချင်သလို ဖြစ်နေ၏ ။ ကြောက်ခြင်းကား အကျိုး မရှိ သတ္တိရှိခြင်းသည်သာ ပေါ်လွင် ထင်ရှားစေ၏ ။ ၎င်းရေးသားခဲ့ဖူးသော ( ကြောက်မွေးပါ ဇာကနာနဲ့နုတ် ) ဟူသော ဆောင်းပါးကလေးကို တစ်မုဟုတ်ချင်း တွေးတောမိ၏ ။ တစ်ချက်မျှ ငေးမောသလို ဖြစ်သွားပြီးနောက် ကလောင်သွားကလေးမှာ တဂျစ်ဂျစ် မြည်ပြီးလျှင် ဖြူဖွေးသော စာရွက်ကလေးကို အနက်ကွက်ကလေးများဖြင့် ပြည့်နှက်စေ၏ ။
များမကြာမီ အေးမောင်သည် ကျောင်းပေါ်မှ သုတ်သီးသုတ်ပျာ ဆင်းလာ၏ ။ လှေကား အနီးတွင် ထောင်ထားသော မိမိ စက်ဘီးကို အရေးတကြီး ခုန်တက်ပြီးလျှင် အပြင်း နင်းသွား၏ ။ ကံအားလျော်စွာ လှမြင့်၏ ရထားကို မီလေပြီ ။ မီသည်နှင့် တစ်ပြိုက်နက် အေးမောင်၏ စိတ်တွင် ရွံ့တွန့်တွန့် ဖြစ်သွား၏ ။ ( လှမ်းပြီးသော ခြေလှမ်းကို ပြန်မဆုတ်နှင့် ) ဟူ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး ရေးသားသည့် စကားကလေးကို အမှတ်ရလေ၏ ။
ဘာလုပ်ရမည်မသိ စိတ်ထဲတွင် ခွဲဝေမရအောင် ရှိနေ၏ ။ ( ရှင်ရွှေထီး သေမြေကြီး ) ဟု ဟီးခနဲသက်ပြင်း ချ၍ ဆိုလိုက်ပြီးနောက် တစ်ချက် အပြင်း နင်းလိုက်ရာ စက်ဘီးသည် လှမြင့်၏ ရထားဘေးသို့ ကပ်လျက်သား ရောက်သွား၏ ။ ရောက်သွားသည်နှင့် တစ်ပြိုင်နက် စာခေါက်ကလေးကို ရထားတွင်း လှမြင့် ပေါင်ပေါ်သို့ ပစ်တင်လိုက်ပြီးနောက် ဆိုင်ကယ်ကို အတင်း နင်းသွား လေသတည်း ။ လူပျိုကလေးများ၏ ပထမ စာပေးခြင်းများမှာ ကြောက်အား ပိုစေသည်သာ များ၏ ။ ( တရား အလာ ဤကား ဓမ္မတာ ။ )
အေးမောင် ပစ်လိုက်သော စာခေါက်ကလေးကို ဖြည်၍ ကြည့်လိုက်မိသော လှမြင့် မှာ ( မြင့်မြင့် ... မြင့်ကို မမြင်ရရင် သေရတော့ မလောက် ဖြစ်နေပြီ ဖေးကူပါ အချစ်ဦးရယ် ၊ အေးမောင်ကို သနားပါ့နော် ၊ စာမေးပွဲ ကြီး နီးနေတာတောင် စာကို ဂရုမစိုက်နိုင်ပါ ။ မြင့်၏ ချစ်စရာကောင်းတဲ့ မျက်နှာကလေးသာလျှင် အမြဲ မြင်မိနေပါပြီ ၊ နက်ဖြန်ခါ ကျောင်းက အပြန် စာတစ်စောင် ပြန်ကြားပါနော် ၊ အေးမောင် ) ဟူသော စာကို ဖတ်ရသဖြင့် ဒေါသကလေး ထလာကာ စာကလေးကို ဆုတ်ပစ်လိုက်၏ ။ အမြွှာအမြွှာ ဗလဘွာ ဖြစ်သွားသော စာရွက်ကလေးမှာ အစိပ်စိပ်အမြွှာမြွှာ ရထားထဲတွင် ရှိနေသော်လည်း လေးနက်သော အေးမောင်၏ အဓိပ္ပာယ်မှာမူကား လှမြင့်တွင် အရကျက်ပြီးသား ဖြစ်သွားသဖြင့် စာအကြောင်းကို တပြောင်းပြန်ပြန် စဉ်းစား ဉာဏ်တွေးမိလေသတည်း ။
နောက်တစ်နေ့ ညတွင် အေးမောင်သည် လှမြင့် ၏ ရထားနောက်သို့ လိုက်လေ၏ ။ ရထားတွင်းမှ စာရွက်ကလေး တစ်ရွက် ကျသွားသဖြင့် ဆိုင်ကယ်ကို ဘရိတ် နှိပ်လိုက်ပြီးလျှင် အားရရွှင်လန်းစွာ စာရွက်ကလေးကို ကောက်လိုက်လေသတည်း ။ ( မြင့် ငယ်ပါသေးတယ် ။ ဝိဇ္ဇာလောင်းများမှ အရယူလိုတဲ့ စိတ်ကြောင့် ဘယ်သူကိုမှလည်း ခု မြင့် မျက်မှန်း မတည့်သေးဘူး ) ဟူသော စာကလေးသည် အေးမောင်အား တစ်မုဟုတ်ခြင်း ငြိုငြင် သွားစေလေသတည်း ။
သို့နှင့်လည်း စိတ်မလျှော့ ။ တစ်နေ့သော ညနေ တွင် လှမြင့်၏ တံထွေး ထွေးခြင်းကိုပင် ခံခဲ့ရ၏ ။ အခါများစွာ ထွီ ... ဟူ၍ အသံထွက်အောင် မျက်နှာပြောင် တိုက်ကာ တံထွေး ထွက်စေ၏ ။ လှမြင့်၏ အပျိုပေါက်စ စိတ်ရူးကမူ ဘီအေ ကိုမှ အရယူလိုပေသလော ၊ ဂေါရီနုနယ် ငယ်ပင်ငယ်ငြား စိတ်ထား မတည် တပြောင်းပြန်ပြန် ဗလောင်ဆန်အောင် ကြံကြီးစည်ရာ ချစ်တာ၏ အရင်းအစစ်ကို တထစ်ချ သိလိုကြသူများဖြစ်ကြ၏ ။ ယခုပင် ဟိုကောင်ကလေး လှတယ်ဟု စွဲမှတ်မိသော်လည်း ယခုပင် အခြား ကောင်ကလေးလည်း လှတယ် ဟု ပြောတတ်၏ ။ ယခုပင် လူပျို တစ်ယောက်၏ မေတ္တာစာကို ဖတ်၍ သဘောကျမိသော်လည်း အရေးကောင်းသော အခြား လူပျို တစ်ယောက်၏ စာကို ဖတ်မိက စိတ် ပြောင်းလွဲတတ်မြဲပင် ဖြစ်လေ၏ ။
အပျိုအအို မရှောင် မျက်နှာပြောင်တိုက်၍ အငိုက်တွင် ကစားလေ့ ရှိသော အကသဘင် သင်္ကြန်သို့ ရောက်လာ၏ ။ ထိုနေ့တွင်ပင် အင်္ဂလိပ်သတင်းစာ တစ်စောင်တွင် ဆယ်တန်း အောင်စာရင်း ပါလာ၏ ။ လှမြင့်၏ သဘောမှာမူကား ( ငါ့ကို ဒါလောက် မြဲမြဲစွဲစွဲ ပိုးနေတဲ့ ငနဲ အောင်ပါ့မလား ) ဟု တွေးမိပြီးလျှင် အောင်စာရင်းကို ကြည့်မိ၏ ။ အေးမောင်မှာ စာမေးပွဲနီးမှ ဉာဏ်ကောင်းသူ ဖြစ်သည့် အားလျော်စွာ စာကုတ်၍ ကျက်မိသဖြင့် အောင်မြင်သူ တစ်ယောက် ဖြစ်ရုံမက ကောလိပ်ကျောင်းတွင် သွားနိုင်သော စာရင်းတွင်ပင် ပါလာ၏ ။ ( တော်သားပဲ အာဂလူပဲ ) ဟု လှမြင့် ချီးမွမ်းမိ၏ ။
ထိုနေ့ပင် အေးမောင်နှင့် ကာလသား တစ်စုတို့သည် ရေပက်လည်ကြ၏ ။ လှမြင့်၏ အစ်ကို ကယ်လီကျောင်းတွင် ၉ တန်း၌ပင် နေသူ အေးမောင်၏ သူငယ်ချင်း ဘဌေးသည် အေးမောင်အား စ၍ ရေပက်လိုက်၏ ။ အေးမောင်သည်လည်း ဘဌေးအား ပြန်လည်၍ ရေပက်မည် လုပ်ရာ ဘဌေးသည် အိမ်ထဲသို့ ဝင်ပြေးသဖြင့် အေးမောင်က နောက်မှ လိုက်၏ ။ ဘဌေးကား ဘယ်ရောက်သွားသည် မသိ ချောင် တစ်ချောင်တွင် လှမြင့်နှင့် အေးမောင်တို့ တိုက်မိလေ၏ ။ ( အမယ်လေး ) ဟု လှမြင့်သည် အလန့်တကြား အော်လိုက်၏ ။ အော်ပြီးနောက် ရှက်စနိုး အခန်းတွင်းသို့ ဝင်ပြေးလေ၏ ။ ဝင်အပြေးတွင် အေးမောင်သည် လှမြင့် အား ရေလောင်းလိုက်လေ သဖြင့် လှမြင့်မှာ တစ်ကိုယ်လုံး စိုရွှဲသွားလေသတည်း ။
ထို့နေ့ည အဖို့၌ အေးမောင်နှင့် လှမြင့်တို့မှာ အိပ်စက်၍ မရ တွေ့ကရာ ရှစ်သောင်း အကြောင်းစုံကို အဖုံဖုံ အလည်လည် စဉ်းစားမိကြ၏ ။ ရေပက်စဉ်က ဘဌေးကို အလိုက် အေးမောင် နှင့် လှမြင့် တိုက်မိခြင်းသည်ကား အေးမောင်နှင့် လှမြင့်တို့၏ ဖိုနှင့် မဓာတ်ကို ဂဟေစပ်၍ ပေးခြင်းနှင့် တူ၏ ။ လက်ကလေးကို ထိရုံ ထိရခြင်း မဟုတ် ။ ဖောဋ္ဌပ္ပ အထိအတွေ့ အဆင့်အတန်းတွင် အရေးပါသော ထိတွေ့ခြင်း တကယ့် ထိတွေ့ခြင်း ဖြစ်၏ ။ အေးမောင် အဖို့ ဖိန်းခနဲ ရှိန်းခနဲ ဖြစ်သွားသော်လည်း လှမြင့် အဖို့မှာ နှစ်ဦးသား တိုက်မိကတည်းက ရင်ကလေး တခုန်ခုန်ဖြင့် မချိတချိ ဖြစ်ကာနေ၏ ။ ထိုနေ့မှစ၍ ၎င်းတို့ ၂ ယောက်မှာ မတွေ့ဆုံကြတော့ချေ ။
ကျောင်းများ ပြန်၍ ဖွင့်လေပြီ ။ အေးမောင်မှာ အင်တာမီဒီထိတ် ဥပစာကောလိပ်ကျောင်းသို့ ဆက်လက် သွားရ၏ ။ လှမြင့် မှာလည်း ၉ တန်းတွင် ဆက်လက် သင်ကြားနေ၏ ။ အေးမောင်၏ ချစ်ကြိုက်ကြောင်း စာပေါင်း ၉ စောင်မျှ လှမြင့် ဖတ်ရ၏ ။ စာမပြန်ဘဲ မနေနိုင် ။ သင်္ကြန်တွင်း ထိတွေ့ မိခြင်းသည်ပင်လျှင် လှမြင့် ချစ်ဓာတ်ကို စတင် နိုးကြားထကြွစေ ဟန် လက္ခဏာ ရှိ၏ ။ အေးမောင်အား သနားသလိုလို ဖြစ်လာ၏ ။ သနားခြင်းသည် ပင်လျှင် ချစ်ခြင်းအစ အသနားရာမှ စတဲ့ ချစ်ရတာတွေ မဟုတ်ပါလား ။ လှမြင့် ကော လွန်ဆန်နိုင် မလား ။ အေးမောင် မှာ မိကောင်းဖခင် ကျောင်းဆရာကြီး၏ သား ၊ ပညာကား ကြွယ်၏ ။ ရုပ်ရည်ကလည်း ဆိုစရာ မရှိ ။ ပိပိရိရိ လိမ္မာသည်ဟု အပြောများ၏ ။ လှမြင့်ကား မငြင်းနိုင် ၊ အေးမောင်၏ စာလက်ကို တွန်းလှန်ဖြိုဖျက်ခြင်းငှာ ခဲယဉ်းလှပေစွ ။
အေးမောင်နှင့် လှမြင့်တို့၏ ရည်းစားဘဝ ပေးကြသော စာများကား မရေမတွက်နိုင် ၊ ညနေတိုင်း ရထား နှင့် အိမ်သို့ အပြန်မှာ ( မမုန်းပါဘူး - စိတ်ချပါ - လူရိုးပါ ) စသည်ဖြင့် သမီးရည်းစားဘဝ ပြောကြတာတွေက အမျိုးမျိုး အနှီသို့သော စကားတွေ ရိုးတဲ့ တစ်နေ့ကျတော့ မျက်နှာချင်း ဆိုင်ပြီး စကားပြောချင်တဲ့ အကြောင်းစ လှမြင့်က ပင်လျှင် ( နှမလို မောင်လို အရင် ကပ်ပေါင်း ) ဟု ပြော၏ ။
မကြာမီ အေးမောင်နှင့် ဘဌေးသည် အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သွားပြီးနောက် အေးမောင်သည် ဘဌေး နှင့် အလယ်ကြူးသော ညများမှာ ဘဌေး၏ အိမ်မှာပင် အိပ်၏ ။ ဘဌေးမှာ ဉာဏ်လေးသလောက် ပေတေသူ ဖြစ်ကြောင်း သိရသဖြင့် တစ်ညသောအခါ ဘဌေးအား အရက်မူးအောင် အေးမောင်က ပိုက်ဆံ အကုန်ခံ၍ တိုက်၏ ။ အေးမောင် ပင်လျှင် ဘဌေးအိမ်သို့ ပို့ပြီးလျှင် လူကြီးများ မသိအောင် ဘဌေးအား အခန်းထဲ၌ သိပ်ထား၏ ။
ထိုနေ့ညကား ထူးခြားသောည ကြက်ဦးတွန်အချိန်တွင် အရှိန်ရရ ဘဌေးမှာ အိပ်မောကျလျက် နေလေပြီ ။ အကြံသမား အေးမောင်ကား အလစ်ချောင်းသူ ဖြစ်သဖြင့် အရဲစွန့်ကာ ထရံမှ ကျော်တက်ပြီးနောက် လှမြင့်၏ အခန်းထဲသို့ ရောက်သွား၏ ။ လှမြင့် အခန်းထဲတွင် စားပွဲတင် မှန်အိမ်ကြီးမှာ မှိန်မှိန်ကလေး ရေးရေးမျှသာ ရှိရာ လှမြင့် အိပ်နေသော ခုတင်ပေါ်တွင် အေးမောင်မှာ ထိုင်ပြီးသား ဖြစ်နေ၏ ။ အိပ်ချင်ယောင် ဆောင်နေသော လှမြင့် မှာ အေးမောင် ထိုင်လျက် နေသည်နှင့် တစ်ပြိုင်နက် ရင်ကလေး ဖိုလှိုက် ဖိုလှိုက်ဖြင့် ချစ်ကြိုက်ခြင်းတရားကို စဉ်းစားနေဟန် ရှိ၏ ။ အေးမောင်က လှမြင့်၏ နားနား သို့ ကပ်၍ “ မအိပ်သေးဘဲနဲ့ မြင့်ရယ် ထပါတော့ ” ပြောလိုက်သော်လည်း လှမြင့် ပြုံးသည်ကို အေးမောင် မမြင် အေးမောင်မှာ ကွေးကွေးကလေး အိပ်နေသော လှမြင့် အား လက်မောင်းသားကလေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီးလျှင် မိမိဘက်သို့ လှန်လိုက်၏ ။ လှမြင့်၏ လက်မောင်းကလေးများကား ရုတ်တရက် ၎င်း၏ မျက်နှာပေါ်တွင် အုပ်ပြီးလျက်သား ဖြစ်သွား၏ ။ အဘယ်ကြောင့်နည်း အေးမောင်မှာ မီးအိမ်ဘက်သို့ တစ်ချက် လှည့်၍ ကြည့်ကာ ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် အနည်းငယ် ဟနေသော ပြတင်းပေါက်ကလေးမှ ဗြူးခနဲ တိုက်လိုက်သော လေရူး၏ အဟုန်ကြောင့် ရုတ်တရက် ပွင့်သွားပြီးလျှင် အပြင်မှ ဒလပြင်း ဝင်လာသော လေ အဟုန်သည် မှေးမှိန်နေသော မီးအားကလေးကို ငြိမ်းစေ၏ ။
“ မြင့် ရှင် ... ရှင် ... ရှင် ချစ် ” ဟူသော စကားများကိုကား ဘဌေး၏ အခန်းဘက်မှ နားစိုက်၍ ထောင်လျှင် မသဲမကွဲ ကြားရ၏ ။ “ ဒါပဲနော် ကျောင်းပိတ်တဲ့ အတောအတွင်းမှာ ပြီးစီးအောင် စီမံပေတော့ ” ဟူသော လှမြင့်၏ စကားကလေးများကို လိုက်နာသော အေးမောင် မှာ ကျောင်းပိတ်ရက် အတွင်း ချစ်လှသော လှမြင့် နှင့် မင်္ဂလာ ဆောင်ပြီး၍ သဉ္ဇာညောင်မှာ မမြင်သာအောင် ပျော်မြူးနေကြလေသတည်း ။
▢ ပီမိုးနင်း
📖 ဗန္ဓုလဂျာနယ်
ဧပြီ ၁၈ ၊ ၁၉၃၄
No comments:
Post a Comment