❝ လောကဓံ ❞
( ပီမိုးနင်း )
ဟေ့ ... မစိန် ၊ မင်းနှယ်ကွယ် အလကား ပိုက်ဆံ အကုန်ခံလို့ ဟိုအကောင်ကို မင်းက ဘာလုပ်ထားတာလဲ ။ လက်သပ် မွေးထားတာလား ၊ ခိုင်းပါလား ။ ဘာလုပ် ထားသလဲ
ဟု ပြောလေရာ မစိန်သည် ခဝါပေးရန် စုပုံ၍ ထားသော အဝတ်ဟောင်းပုံကို ကြည့်ပြီး စဉ်းစား၍ နေလေ၏ ။
မစိန်သည် ငါးရွဲ အလုပ်ဖြင့် အတော် စီးပွားဖြစ်လျက် လင်ယောက်ျားကြီး တစ်ယောက်လုံးကို သောက်သောက်စားစား တေလေ ကတ်သမား အငြိမ်းစား အဖြစ်၌ ထားနိုင်၍ သားတစ်ယောက် ကိုလည်း ကျောင်းမှာ ထားနိုင်သော်လည်း လင်ဖြစ်သူကို ကြောက်ရလေ၏ ။
သားဖြစ်သူ ဘသစ်မှာ အမျိုးသားကျောင်း၌ ခြောက်တန်းအထိ ရောက်သော်လည်း တူအရင်းဖြစ်သူ ဖိုးကြွယ် မှာကား ဆယ်နှစ်အရွယ်မျှ ရှိသော်လည်း ကျောင်း မနေရ ။ ထမင်းချက် ၊ ရေခပ် အလုပ်ကို လုပ်၍ နေရ၏ ။ တူကလေးကို မစိန် ချစ်၏ ။ သို့သော်လည်း လင်ကို ကြောက်ရသောကြောင့် ရဲရဲ မချစ်ဝံ့ပေ ။ သရေစာဖိုး ကလေးများကိုပင် လင် မသိအောင် ကျိတ်ကာ ပေးရလေ၏ ။
ကံကောင်းသောလင် ဖိုးအောင် မှာကား သောက်သောက်စားစား လူမတရား လုပ်လျက် သက်သာခို၍ နေရုံမက မူးယစ်လာသည့်အခါ မယ်စိန် ဘယ်လင်နဲ့ တွေ့လို့ ခုမှ ဈေးက ပြန်ရသလဲ ဟူသော လေပေါက်မျိုးနှင့် မစိန်၏ တင်ပါးကို ရံဖန်ရံခါ ခြေနှင့်ကန်ခြင်း ၊ နားရင်းကို အုပ်ခြင်းဖြင့် မယားချစ်အောင် လုပ်လေ့ရှိ၏ ။
သို့ဖြစ်သောကြောင့် လင်ဖြစ်သူကို ရွံကြောက် မဟုတ် ။ ချစ်ကြောက် ကြောက်ကာ သစ္စာရှိရှိ လုပ်ကျွေးခြင်းကို ပြု၍နေသူ ဖြစ်လေ၏ ။
ဖိုးကြွယ်မှာ အလကား မနေရ ။ အားလျှင် ဖိုးအောင် ကို နင်း၍ ပေးရ၏ ။ နံနက်စောစော လက်ဖက်ရည် ဝယ်ခြင်း ၊ ထမင်းချက်ခြင်း ၊ ရေခပ်ခြင်း အလုပ်များကို လုပ်ရ၏ ။
ဖိုးကြွယ်မှာ ဘသစ်ကို အားကျ၍ ပညာ သင်ချင်လှသဖြင့် ဘသစ်၏ စာအုပ် အဟောင်းကလေးများကို ဖတ်ကာ ဘသစ်ထံ တပည့်ခံရ၏ ။
ဖိုးအောင်ကမူကား မိမိ၏သား ဘသစ်အား ဒီအကောင်ကို သင်မပေးနဲ့ ။ ရာရာတန်တန် ဖြစ်မယ့် ခွေးလား ။ ရုပ်ကို ကြည့်ပါဦးဟု ပြောကာ ပိတ်ပင်လေ့ ရှိ၏ ။ ဖိုးကြွယ်မှာ မစိန်၏ မောင်က မွေးသော တူအရင်း ဖြစ်၏ ။ ယောက်မ ဖြစ်သူရော ၊ မောင်ရော ကွယ်လွန်သဖြင့် တူကလေးကို မသေရုံ ကျွေးမွေး၍ ထားခြင်း ဖြစ်လေ၏ ။
ထိုနေ့၌ မွန်းတည့် နေရှိန်ရှိန်ကြီး၏ အောက်၌ ဖိုးကြွယ်သည် ကျောပြောင်ပြောင်ကလေးနှင့် သရော်ပုံပေါ်မှာ ထိုင်လျက် အဝတ်များကို လျှော်ဖွပ်၍ နေရာ အဝတ်များကို လျှော်ပြီးသည်နှင့် တစ်ပြိုင်တည်း သရော်ပုံ ပေါ်မှာပင် လှန်း၏ ။
ချောင်းထဲ၌ လူသူ မရှိ ။ ဥဗျိုင်း တစ်ကောင်သာ သရော်ပုံတုံး တစ်ခုပေါ်၌ နား၍ နေလေ၏ ။ နောက်ဆုံး အဝတ်တစ်ထည်ကို လှန်းပြီးနောက် ကျောထက်မှာ ပူလှသဖြင့် ရေထဲသို့ ခုန်ချလိုက်ရာ ထိုနေရာ၌ ဝဲဝှေ့ကာ ရေစားသဖြင့် သဲများ ချိုင့်၍ နေသောကြောင့် မြုပ်၍ သွားလေ၏ ။ ဖိုးကြွယ်မှာ ရေကူးတတ်သူ မဟုတ်ပေ ။
ထိုအခါသည် တန်ခူးလရာသီ ဖြစ်ရာ ချောင်းရေမှာ ခမ်းခြောက်လျက် ထိုတစ်နေရာ မှာသာ ရေ ရှိသဖြင့် ရေနက်မှန်း မသိဘဲ ခုန်၍ ချခြင်း ဖြစ်လေ၏ ။
အနီးအပါးမှာ လူသူ မရှိ ။ ခေါ်၍ အော်၍လည်း မရပေ ။ သို့မြုပ်၍သွားရာ ကိုယ်စောင့်နတ်က သတိပေး လေသလား မသိရ ။ ခုန်လိုက် ခုန်လိုက်ဟု ပြောသလို နား၌ ကြားရလေ၏ ။
သို့ကြားသဖြင့် ခုန်လိုက်ရာ နှာခေါင်းသည် ရေမျက်နှာပြင်ကို ရောက်သဖြင့် အသက်တစ်ကြိမ် ရှူလိုက် လေရ၏ ။ ထို့နောက် တစ်ဖန် ပြန်၍ မြုပ်၏ ။ ထို့နောက် တစ်ဖန် ပြန်၍ ခုန်၏ ။ အသက်တစ်ကြိမ် ရှူရပြန်၏ ။ တစ်ဖန် မြုပ်ပြန်၏ ။ တစ်ဖန် ခုန်ပြန်၏ ။ ထိုကဲ့သို့ မြုပ်ကာ ခုန်ကာ အသက်ကို ကြံ၍ ရှူလျက် နေရာ အဘယ်မျှ ကြာသည်ဟု မသိရပေ ။
နောက်ဆုံးတစ်ကြိမ် ခုန်၍ ပြန်ကျသောအခါ၌ ကား နှာခေါင်း မမြုပ်တော့ပေ ။ ရေပြင်သည် မေးစေ့ အောက်နားထက် ပို၍ မရောက်တော့ပေ ။ တဖြည်းဖြည်း ခုန်ရင်း တိမ်သော နေရာသို့ ရောက်၍ သွားခြင်း ဖြစ်လေ၏ ။
ထို့နောက် ခြေကို စမ်း၍ နင်းရာ ကုန်းသို့ ရောက် လေ၏ ။ သရော်ပုံပေါ်သို့ ကုန်းဘက်က နေ၍ ကူးတက် ပြန်၏ ။ အဝတ်များကို ရုပ်၏ ။ အိမ်ကို ပြန်၏ ။ အိမ်၌ မည်သူမျှ မရှိပေ ။ အဝတ်များကို ထားခဲ့၏ ။ ငါ မနေတော့ဘူး ။ ငါ့ကို အသေခိုင်းတဲ့အိမ်ဟု ပြောကာ မိမိ၏ အဝတ်ကလေးများကို စုဆောင်း၍ ယူပြီး ခြေဦးတည်မိရာသို့ အရောက် သွားလေ၏ ။
မီးရထားရုံသို့ ရောက်သောအခါ ရန်ကုန်ကို သွားသော ရထားတစ်စင်းနှင့် ကြုံကြိုက်သဖြင့် တက်၍ လိုက်သွားလေရာ အဘယ်အခါမျှ မရောက်ဖူးသော ဓာတ်မီးတွေ ဝင်းထိန်သည့် မြို့ကြီးကို ရောက်လေ၏ ။
ဖိုးကြွယ်သည် ကံအားလျော်စွာ လက်မှတ်စစ်များနှင့် မတွေ့ရဘဲ အဘယ်နည်း အဘယ်ပုံ အဘယ်လမ်း အဘယ်အပေါက်ဖြင့် ကွမ်းခြံဘူတာရုံကြီး၏ အပြင်ဘက်သို့ ရောက်သည် မသိ ။ ကားတွေ ၊ ရထားတွေ ၊ လူတွေ ရှုပ်ယှက်ခတ်သော ရန်ကုန်မြို့ကြီး၌ တလည်လည် နေလေ၏ ။
တရုတ်တန်းဘက်သို့ ရောက်၏ ။ ထမင်းဆာလှ၏ ။ ဝယ်ခြမ်းစားစရာ ပိုက်ဆံ မရှိပေ ။ ပန်းကန်ဆေး၍ နေသော သူငယ်ကလေး တစ်ယောက်နှင့် တွေ့၏ ။
မင်း ဘယ်ကလဲ ။
ငါ ခုမှ ရန်ကုန်ကို ရောက်တယ် ။ ငဖြူလေးရွာက ။
ငဖြူလေးရွာ ဆိုတာ ဘယ်မှာလဲ ။
ဟိုမှာပေါ့ ဟု ပြောကာ မျက်ရည်ကို အင်္ကျီလက်နှင့် သုတ်၏ ။
မင်း ဘာဖြစ်လို့ ငိုသလဲ ။
ထမင်းဆာလို့ ။
မင်း ထမင်း မစားရသေးဘူးလား ။ လာလာ ငါနဲ့ အတူ ပန်းကန်ဆေး ဟု ပြောပြီး လက်ဆွဲ ခေါ်လေ၏ ။ ခေါ်သော သူငယ်ကလေးက နေဦး နေဦး ၊ လာ ... ဒီမှာ ၊ စားဟု ပြောပြီး မိမိ အသင့်ထုပ်၍ ထားသော စက္ကူထုပ် နွေးနွေးကို ကိုင်လျက် သစ်ပင်တစ်ပင် အောက်သို့ ခေါ်သွားလေ၏ ။
ဖိုးကြွယ်မှာ အဘယ်အခါကမျှ မစားဖူးသော ဝက်အူချောင်း ပါသော ထမင်းကြော်နှင့် ဝမ်းဘဲခြေထောက် နှစ်ချောင်း ၊ ဝမ်းဘဲခေါင်း တစ်ခြမ်းကို စားရသည်မှာ လူ့ပြည်က အစာ မဟုတ် ၊ နတ်ပြည်က အစာဟု ထင်မှတ်လေ၏ ။
စားပြီးသောအခါ အတူ ပန်းကန်များကို ဆေးကြပြီး အတော် ညဉ့်နက်၍ ဆိုင်များ သိမ်းသောအခါတွင် နှစ်ယောက်သား တွဲ၍ သွားကြလေ၏ ။
နောက်နှစ်ပေါင်း နှစ်ဆယ်ကျော်ခန့် ကြာ၍ သွားလေ၏ ။ လောက၌ အကျိုးတရား အကြောင်းတရားတို့၏ ဆက်သွယ်ခြင်းသည် ဆန်းကြယ်၏ ။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်၌ သစ်ဝါးများသည် ချောင်းမှ မြစ်သို့ စီးရသော ရေကြော၌ ပါလာရာတွင် ကျွန်းသစ်ကြီးများသည် ဝါးလုံးကြီးများနှင့် ပူးမိတတ်၏ ။ ကိုင်းရိုးသည် ငှက်ပျောတုံးနှင့် ကပ်မိ၏ ။
ထိုနည်းတူစွာ ကံကြမ္မာတည်း ဟူသော ရေကြော၌ မျောကြသော သတ္တဝါတို့မှာ တစ်ယောက်နှင့် တစ်ယောက် မသိသော်လည်း ပူးကပ်မိ၏ ။ မမျှော်လင့်သော စခန်းလမ်း ကိုလည်း ဆိုက်မိကပ်မိတတ်လေသည် ။ ထိုနည်းဖြင့် ဖိုးကြွယ်သည် ရန်ကုန်နှင့် ပြည်လမ်းတွင် စပါးအဝယ်တော် အဖြစ်နှင့် ကူးသန်းသွားလာရသော အလုပ်ကို လုပ်၍ နေရလေ၏ ။
အခြေအနေမှာ တောင်ပြောက်သားနား မကြာမီ သူဌေးကြီးများနှင့် တိုက်ရိုက် ဆက်သွယ်ကာ ပွဲစားကြီးများ၏ အလုပ်မျိုးကို လုပ်ရတော့မည့် အခြေအနေသို့ ရောက်၍ နေလေ၏ ။
ဂုဏ်သရေရှိ စပါးကုန်သည် တစ်ယောက်၏ အိမ်၌ တည်းခိုနေစဉ် တစ်နေ့သ၌ လူကြီးတစ်ယောက် အကြောအခြင်တွေ ဆွဲလျက် ပိုက်ဆံကလေး တစ်ပြား တစ်ချပ် သနားပါ မောင်ရင် ဟု တောင်ဝှေး ထောက်လျက် ပြောလေ၏ ။
ဖိုးကြွယ်သည် လူငယ် ဖြစ်ရာ အကြောဆွဲသဖြင့် ရုပ်ပျက်၍ နေသော လူကြီးကို မှတ်မိလေ၏ ။ သေချာစွာ ကြည့်ပြီး ဘကြီး ဦးဖိုးအောင် မဟုတ်လားဟု မေးရာ သူတောင်းစားသည် ဦးခေါင်းကို တစ်ယောက်ယောက် လက်နှင့် ပုတ်လိုက်သလို ဖြစ်၍သွားပြီး ဖိုးကြွယ်ကို သေချာစွာ ကြည့်လေ၏ ။
ဪ ... ဘကြီးတူပါလားကွယ် ၊ မောင်ကြွယ် မဟုတ်လား ဟု ပြောရင်း အပါးသို့ ကပ်လာလေ၏ ။
ဟုတ်တယ် ဘကြီး ၊ အခု ဘယ်လို ဖြစ်သလဲ ။ အဒေါ်ကော ။ ကျွန်တော် ရှာတယ် ။ စုံစမ်းသော်လည်း မတွေ့ရဘူး ။
အောင် ။ ။ မင့်အဒေါ်လေး ဆုံးရှာတယ် ။
နို့ ဘသစ် တစ်ယောက်ကော ။
မပြောပါနဲ့တော့ကွယ် ။ ပျက်စီးနေပါပြီ ။ ကျောင်းပြေး ပုလိပ်လုပ် ။ ခုတော့ ပုလိပ်အလုပ်လည်း လာဘ်စားလို့ ပြုတ် ။ တော်ပလော ကွမ်းခြံကုန်း ဘက်မှာ သမ္ဗန် ခတ်နေတယ်လို့ ကြားတာပဲ ။
ဖိုးကြွယ်မှာ မျက်ရည်များ လည်၍ လာ၏ ။ အဘိုးကြီးအား ငွေ ၁၅ိ ကို ပေး၏ ။ မိမိနေသော ရန်ကုန်မြို့ နေရပ်လိပ်စာကိုလည်း ပေးပြီး ရန်ကုန်ကို လိုက်ခဲ့ဖို့ရန် မှာ၏ ။
အဘိုးကြီးက ဘကြီးတော့ သေဖို့ ရှိတော့တာပဲ ။ အခု ဘုန်းကြီး ဦးဇိနကျောင်းမှာ နေတယ် ။ ဘကြီးတူ လာခေါ်မှပဲ လိုက်နိုင်တော့မှာပဲ ဟု ပြောပြီး ထွက်၍ သွားလေ၏ ။
▢ ပီမိုးနင်း
📖 ဘားမားဂျာနယ်
အတွဲ ၁ ၊ အမှတ် ၄ဝ
မတ် ၆ ၊ ၁၉၃၇
No comments:
Post a Comment