❝ အတွဲသမား ❞
( ပီမိုးနင်း )
“ ဘယ့်နှယ်လဲ ကိုလင်းရဲ့ ။ ခင်ဗျားလူ စာရေးကြီး ဆိုတဲ့ သူကတော့ မဟုတ်တာတွေကို လုပ်တော့မှာပဲ ။ ဘယ့်နှယ် လုပ်ကြမလဲ ။ ကြားရဲ့လား ပြောနေတာ ။ ခေါ်တောတွေဗျာ့ ၊ ခေါ်တောတွေ ”
“ ကြားပါရဲ့ဗျာ ၊ ကျုပ်တော့ မပြောချင်ဘူး ။ ပြောမှတဲ့လားဗျာ ။ ဒီလောက်များတော့ တော်တယ် မတော်ဘူး ဆိုတာ ချင့်ချိန်ကြည့်ရင် သိလောက်ပါတယ် ။ ခင်ဗျား လူထဲမှာ ကြီးတာမှန်ရင် ”
“ ဟုတ်တယ်ဗျာ ခင်ဗျားတော့ တော်သေးရဲ့ ။ လင်မယားနှစ်ယောက်နဲ့ လူမမည်ကလေးတွေမို့ ။ ခင်ဗျားမိန်းမ မငွေ ကလည်း အထူးစိတ်ချရပါတယ် ။ ကျုပ်မှာ ခက်တယ်ဗျာ ။ ကျုပ် သူ့အခန်းနဲ့ ကပ်နေတဲ့ အပြင် ခယ်မတွေ ၊ နှမတွေနဲ့ ခင်ဗျား ။ အခုမှ အခက် တွေ့တာပဲ ”
“ မပြောဘဲ နေလို့ ဘယ်ဖြစ်မလဲ ကိုယ့်လူ ၊ မသိတတ်တဲ့ လူဆိုတော့ ပြောမှ ဖြစ်မှာပဲ ။ ဟုတ်တယ် ၊ ခင်ဗျား အတွက်သာ ခက်တာပဲ ။ အပျိုအရွယ်ကလေးတွေ ခေါ်တော ဆိုတဲ့ အကောင်တွေကလည်း ကျားထက် ကြောက်စရာကောင်း ၊ ကိလေသာ ဆိုတာလည်း မျက်မမြင်အကန်း ၊ ခေါ်တောကလနက်ရယ်လို့ ရှောင်မှာ မဟုတ်ဘူး ။ နီးစပ်ရင် ခက်တတ်တာမျိုးပဲ ။ ခင်ဗျားလူကို ခင်ဗျား ပြော ။ မပြောချင်ရင် ပြေးဖို့ ရှိတာပဲ ”
“ ဒီနေရာကို စွန့်ရမှာလည်း အခက်ပဲဗျာ့ ။ လခကိုလည်း ကြည့်ပါဦး ၊ နေရာရပ်ကွက်က အရှေ့ပိုင်း ၊ အင်မတန်မှ ဣန္ဒြေရတဲ့ နေရာ ၊ အိမ်ကလည်း ခိုင်ခိုင်လုံလုံ ၊ သားသားနာနား အင်မတန် ကံကောင်းကြလို့ ။ ခင်ဗျားတို့ ကျုပ်တို့ တွေ့ကြရတာပါ စာရေးကြီးနှယ်ဗျာ ။ ကြံကြံစည်စည် သူ့အဖေတွေကို ဘယ်ကများ တွေ့လာပါလိမ့်မလဲ ။ ဒီအိမ်ရှင်မျိုးလည်း ထမင်းထုပ်နဲ့ လိုက်ရှာ တွေ့မှာ မဟုတ်ဘူး ။ ကုသိုလ်ဖြစ်လိုလို စွန့်စားတဲ့အိမ် ခင်ဗျာ့ ၊ ဒီခေါ်တောတွေနဲ့ တန်တဲ့ နေရာလား ခင်ဗျာ ”
“ ဒီခေါ်တောတွေ မပြောပါနဲ့ ။ ဒီစာရေးနဲ့တောင် မတန်ဘူး ၊ ခင်ဗျားတင်တဲ့ စစ်ကဲပဲ ”
“ ကျုပ်ကလည်းဗျို့ ၊ သူ့ဦးနဲ့ ပတ်သက်ပြီး ခင်မင်တာနဲ့ သနားပြီး မစတာပါပဲ ။ သူ တစ်လလောက်ကတော့ ပြောဖူးတယ် အိမ်ရှေ့ခန်းကို ငှားမယ်လို့ ၊ ကျုပ်က တကယ် မဟုတ်တန်ရာလို့ အောက်မေ့မိတယ် ”
“ အေးဗျာ လခ တစ်ရာ့ငါးဆယ်လည်း ရသေးရဲ့ ၊ ပဲပြုတ်လည်း စားသေးရဲ့ ၊ တခြား အလုပ်တွေလည်း လုပ်သေးရဲ့ ။ ရှာတာဖွေတာတော့ ချီးမွမ်းပါတယ် ။ ဒီလောက်တောင် လောဘဇောတိုက်မယ်လို့ မထင်မိဘူး ။ လင်မယားနှစ်ယောက်တည်း ဒီငွေတွေကို သူတို့ ဘာလုပ်မှာလဲ ”
“ ဟုတ်ကဲ့ ဒီငွေတွေကို ဘယ်မှာများ တူးမြှုပ်ထားသလဲ မသိပါဘူး ”
“ မိဘများကို ထောက်ပံ့ရတယ် ပြောတာပဲ ”
“ ဒါတော့ တော်ပါပေတယ် ။ သာဓု ခေါ်ပေတယ် ။ သို့သော်လည်း အခုလို ခေါ်တောကို အိမ်ပေါ် တင်ထား တာတော့ မခံနိုင်ဘူး ။ ပြောမှပဲ ၊ ပြောဆို အခုပြောမှ တော်မယ် ။ ဘယ့်နှယ် စာရေးကြီးကိုသော် ဘယ်က ကု,လားတွေလဲဗျာ့ ဘာလုပ်မှာလဲ ”
“ ဒရစီကု,လားတွေပါ ။ အင်မတန်ကောင်းတဲ့ ကု,လားတွေပါ ။ အလုပ်လည်း တော်တော်ကြီးတယ် ။ သက္ကလပ်ထည်တွေကို ချုပ်တာ များတယ် ”
“ သက္ကလပ်ထည် ချုပ်တာတော့ ချုပ်စေတော့ခင်ဗျား ။ အခု စာရေးကြီးနဲ့ ဘယ်လို ပတ်သက်တာလဲ ။ ဘောင်းဘီများ ချုပ်မလို့လား ”
“ ဟာ .. ဟာ ကျုပ်က ဝံသာနုဗျာ့ ။ ဘိုဆန်တဲ့ လူမျိုး မဟုတ်ဘူး ”
“ နို့ ဘာကိစ္စ ဒီအကောင်တွေ လာသလဲ ”
“ ကျုပ် ဒီအိမ်ရှေ့ခန်းကို အစိတ်နဲ့ သူတို့ကို ငှားတယ် ။ ဟောဒီမှာ ခင်ဗျာ့ စပေါ် ၊ လောကတွင် စီးပွားရှာတဲ့ နေရာမှာ ကျုပ်တို့ မြန်မာလူမျိုးက ဉာဏ်ကို လွှာပြီး မသုံးတတ်ကြဘူး ။ ကျုပ်က လူမျိုးကွဲများ လုပ်ပုံကိုင်ပုံနည်းလမ်းတွေကို အမြဲမှတ်နေတာ ”
“ တော်ပါပေတယ်ခင်ဗျာ ။ ဂေါ်ရင်ဂျီ ကု,လားလူမျိုးကွဲများ ဉာဏ်လွှာ သုံးတာလို ၊ အဝက်ခန်း တစ်ခန်းမှာ လူပေါင်း တစ်ရာလောက် စုခံပြီး နေတဲ့ နည်းမျိုးပေါ့ ”
“ ဟုတ်တယ် ၊ ကျုပ်တို့ မြန်မာများဟာ ဒီနေရာမှာ ကွာတာပဲ ။ ဒါ့ကြောင့် အောက်ကျနောက်ကျ ဖြစ်နေကြတယ် ”
“ ကျုပ်တို့တော့ဗျာ ဆင်းရဲချင် ဆင်းရဲပါစေတော့ ၊ ခေါ်တောတွေနဲ့တော့ ရောရောယှက်ယှက် မနေချင်ဘူးဗျာ ၊ အခု စာရေးကြီး လုပ်ပုံဟာလည်း မတော်ဘူးလို့ ထင်တယ် ”
“ ဘာဖြစ်လို့လဲ ခင်ဗျား ၊ ကျုပ် အခန်းကို ကျုပ် မငှားရဘူးလား ခင်ဗျာ ”
“ ကိုယ့်အခန်းတော့ ကိုယ် ငှားနိုင်တာပေါ့ ခင်ဗျာ ၊ သို့သော်လည်း အိမ်နီးပါးချင်းကိုလည်း ထောက်ထားဖို့ ရှိပါသေးတယ် ။ စာရေးကြီး ကတော့ လင်မယားနှစ်ယောက်တည်းရယ်ဗျာ့ ။ ဒီက ... ဆရာမှာတော့ အပျိုအ ရွယ်ကလေးတွေနဲ့ဗျာ ၊ မတော်ပါဘူး ”
“ အောင်မယ်မင်း ဖြစ်မှ ဖြစ်ရလေဗျာ ။ အိမ်နီးချင်းမှာ အပျို ရှိတာနဲ့ ၊ ကျုပ်တစ်လ အစိတ်သုံးဆယ်လောက်ကြီးကို စွန့်ရမယ် ဆိုတဲ့ စကားရောက်နေတာပေါ့ ။ အပျိုအရွယ်များမှာ ကိုယ့်ကိုယ်ကိုယ် လုံအောင် ထိန်းရတာပေါ့ ခင်ဗျာ ။ ကု,လားတွေက အတင်းဓမ္မလည်း မကြံရဲပါဘူး ။ ဘီလူးစည်း လူ့စည်း ဆိုတာလို စည်းနဲ့ကမ်းနဲ့ နေရင် ပြီးတာပေါ့ခင်ဗျာ ”
“ ဒါတော့ စာရေးကြီးမှာ သမီးပျို မရှိသေးလို့ ပြောတာပါ ။ ရှိရင် ပြောမှာ မဟုတ်ပါဘူး ”
“ ကျုပ်ဒီကု,လားတွေကို ဒီအိမ်ရောက်အောင် ဆွယ်ရတာ တစ်လကျော်ပါပြီ ခင်ဗျာ ။ ဆွယ်လို့ နေရာကျပြီးမှ စွန့်ပစ်ရမယ် ဆိုတာလည်း အခက်သားပဲ ။ ငွေ ခင်ဗျာ့ ငွေ ၊ လောကမှာ ငွေရှိမှ လူရိုသေ ၊ ငွေမရှိရင် ပွဲစားများလည်း ကျုပ်ကို အဖက်လုပ်မှာ မဟုတ်ဘူး ။ သူတစ်ပါးပစ္စည်းကို လိမ်ကောက် ခိုးဝှက်ယူတာ မဟုတ်ဘူး ။ ကျုပ်ဉာဏ်ကို လွှာသုံးပြီး ရှာတဲ့ သူပါ ။ ကျုပ် ပိုင်နက်မှာ ကျုပ် ဘာမဆို ရပေါက်ရလမ်း ထွင်တာ ၊ ဘယ်သူ့ သမီးပျို အတွက်မှ ပူနေစရာ မရှိပါဘူး ၊ သမီးပျိုပိုင်ရှင်များ ၊ သတိနဲ့ နေကြ ၊ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးတဲ့ ၊ ဒါပဲ ။ ကျုပ်တော့ ငှားပြီးပြီ ၊ ကျုပ် စကားတစ်လုံး ဖျက်တတ်တဲ့လူမျိုး မဟုတ်ဘူး ။ လူမျိုးကွဲများ ကြီးပွားတာ ၊ အခု ကျုပ်ပြောသလို တည်လို့ ၊ မြန်မာလူမျိုးများ လို ၊ ခုတစ်မျိုး ခုတစ်မျိုး မလုပ်ကြဘူး ”
“ ကောင်းပါ့ဗျာ ၊ တားမရလည်း သဘောပေါ့ ။ ကျုပ်တို့တော့ ပြေးဖို့ ရှိတာပဲ ”
“ ပြေးဖို့လည်း မလိုပါဘူးဗျာ ၊ ကု,လားဆိုတာ ကိုယ့်အောက်က လူတွေပါ ။ ကျုပ်က အတွဲသမား စီးပွား ဆိုတာ ၊ သည်လို တွဲပြီး ရှာရတာမျိုး ” ဟု စာရေးမောင်သော် က ပြန်၍ ပြောပြီး စာရေးကြီးကတော်အား ညစာပြင်ရန် ပြောလျက် ၊ “ ရော့ဟေ့ ၊ ကု,လားတွေ ပေးသွားတဲ့ စရန်ငွေ ” ဟု ပြော၍ ငွေကို မယားအား ပေးလေ၏ ။
ထို့နောက် လင်မယားနှစ်ယောက် ကျေနပ်စွာ ညစာစားရင်း စကားပြောကြရာ၌ မောင်သော်က “ ကြီးကျယ်လိုက်တာ ။ သူတို့မှာ အပျိုရှိတာနဲ့ ၊ ငါတို့ အခန်း မငှားရဘူးတဲ့ ။ ဗမာလူမျိုးများ ဒါတွေကြောင့် ခက်တာ ” ဟု ပြောလေ၏ ။
မောင်သော်သည် မယားဇနီးကို အားကြီး ချစ်လေရာ ၊ တစ်လ ၅ဝ ငွေသည် အိမ်လခ ၁ဝ နှင့် စားသုံးရန်ထက် မပို ၊ လွန်စွာချွေတာ သုံးစွဲလျက် ၊ အခြား စာရေး စာချီများလို အပျော် ဟူ၍ လုံးလုံး မဖက်သဖြင့် လင် မယားနှစ်ယောက်စလုံးမှာ ပြောင်ပြောင်လက်လက်ကလေး နေနိုင်ကြလေ၏ ။
အခြား စာရေးကြီးများမှာ တစ်ရာကျော် ရကြသဖြင့် စာရေးကြီးတို့ ဘာဝ ဘောလုံးပွဲ သွားခြင်း ၊ မြင်းပွဲ သွားခြင်း ၊ သင်္ဘောစင်းလုံးငှား၍ အကစားထွက်ခြင်း ၊ တစ်ခါတစ်ရံ ၊ တရုတ်ဆိုင်၌ ၊ ဗျစ်ပုလင်းထောင်ခြင်းများကို ပြုကြသော်လည်း မောင်သော် သည် မပြု ၊ စာရေးကတော် ဖြစ်သူ မိမိ၏ မယားအား ရွှေလက်ကောက်ကလေး တစ်ဖက် ငါးရန် ၊ ဥဿဖရား နားကပ်ကလေး တစ်ရန် ၊ နီလာလက်စွပ်ကလေး တစ်ကွင်း ဆင်မပေးရသမျှ ၊ စာရေးဂုဏ်နှင့် မညီ ၊ ခေါ်မည့်သူ မရှိဟု သဘောရလျက် တစ်လ ၅ဝ ငွေကို အကြွားနှင့် ကိုက်ညီအောင် အပို ဖြည့်စွက်ရန် အနည်းနည်း ကြံရလေ၏ ။ တစ်လ ၅ဝ ရသဖြင့် မိမိ၏ အခြေအနေနှင့် ညီလျော်စွာ သင့်သလို နေချေက အခက်အခဲ ကြုံတွေ့ဖို့ မရှိပေ ။ မောင်သော်မှာ ဘုန်း ကြီးကျောင်း၌ သီဟိုဠ်ပြန် ဆရာဘုန်းကြီး သင်၍ ပေးသော အင်္ဂလိပ်စာကလေး၏ အစွမ်းဖြင့် ၊ တစ်နေ့သ၌ စာရေး မဖြစ်လျှင် ငါမသေဟု သုံးနှစ်ကျော် ဝီလ်ပါဝါ စိတ်၏ တန်ခိုးဖြင့် ကြံခဲ့သောကြောင့် အသက်အာမခံ ကု,လားတိုက် တစ်တိုက်မှာ လခအစိတ်နှင့် စာရေး ဖြစ်ပြီး ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဟူသော စကားအရ ကြိုးစား၍ အနွံအတာ ခံခဲ့ရာ ။ အာမခံသူ သုံးယောက် တုပ်ကွေးနှင့် သုံးရက်ဆက်ပြီး အသေမှာ မသာစရိတ် မပေးနိုင်သဖြင့် အသက်အာမခံ တိုက်ပျက်ခဲ့လေ၏ ။ ထိုတိုက်အပျက်မှာ အသက်အာမခံ ကုမ္ပဏီသူဌေးက အကြောင်းပြုသဖြင့် အခြား အတော်ကလေး ခိုင်လုံသော တိုက်မှာ တစ်လ ၅ဝ နှင့် ဝင်၍ လုပ်ရလျှင် လုပ်ရခြင်း လခ ၁၅ဝ စား အနေဖြင့် ရန်ကုန်မြို့အစွန်နားမှာ စာရေးကြီးကတော်ကလေး မဌေးကို ရလေ၏ ။ ရပြီးနောက် သုံးလ မကြာမီ စာရေးကြီးကတော် မဌေးမှာ အလိမ်မိမှန်း သိသော်လည်း အများ မသိလျှင် တော်ပြီ ၊ အပြောနှင့် အဟော ညီအောင် ၊ မောင်အစွမ်း ရှိသလို ကြံပေရော့ ။ သူတစ်ပါး စာရေးကြီးကတော်များ နည်းတူ ဝတ်ရစားရ ရုပ်ရှင်ကြည့်ရလျှင် တော်ပြီ ၊ ၊ လခ ၅ဝ ကို အရင်းပြုပြီး ရန်ကုန်မြို့မှာ ကြံနိုင်ရင် လည်သလောက် ဖြစ်ထွန်းနိုင်ကြောင်းနှင့် အားပေးလေ၏ ။ ထိုအားပေးသဖြင့် မိုးလင်းလျှင် ရေမိုးချိုးပြီး မြို့ထဲ၌ ခြေကျင်လျှောက်ကာ တစ်လ ၅ဝ ကို တစ်လ ၁ဝဝ ဖြစ်အောင် အမျိုးမျိုး ရှာကြံလေ၏ ။ ၎င်း၏ နည်းလမ်းမှာ ပစ္စည်းအဟောင်းအမြင်း ၊ အိမ်အသုံးအဆောင်များကို အချောင်ရှာ၍ ဝယ်ပြီး ပြုပြင် တတ်သူများထံ အဖိုးချိုနိုင်သမျှ ချိုစွာနှင့် အပ်နှံပြုပြင်ပြီး တစ်ဆင့် ရောင်းစားခြင်း ၊ ဆေးပြင်းလိပ် အညံ့များကို ဝယ်၍ ကိုယ်တိုင် ထုပ်ပြီး ကိုယ်ပိုင် လေဘယ်တံဆိပ်နှင့် အသိမိတ်ဆွေတို့အား ဟောပြော ရောင်းချခြင်း ဖြစ်လေ၏ ။ အချုပ်မှာ လက်ဆင့်ကမ်း တိုလီမိုလီ ရောင်းချခြင်း အလုပ်များ ဖြစ်လေ၏ ။ ထို့နောက် အလုပ်ချိန်မှာ အလုပ်ကို မီအောင်သွား၍ ညနေ အလုပ်မှ ဆင်းသောအခါ အိမ်သို့ တိုက်ရိုက် မပြန်သေးဘဲ မိမိ၏ အရောင်းအဝယ် အလုပ်နှင့် ပတ်သက်၍ တစ်ပတ်လှည့်ပြီးမှ အိမ်ကို ပြန်လေ့ရှိ၏ ။
စားရာ၌ စားတာကို လူ မမြင်ရ ။ ဝတ်တာကိုသာ မြင်ရသည် ဟူသော ပညာရှိ စကား အရ လွန်စွာ ချွေတာလေ၏ ။ အဆာခံခြင်းသည် ဟင်းကောင်းဖြစ်၏ ဟူသော နည်းကောင်း တစ်ခုကိုလည်း နေရာတကျ အသုံးပြုခြင်းဖြင့် လင်မယားနှစ်ယောက်မှာ နံနက် နို့ဆီဘူးလေးလုံး ည နို့ဆီဘူးလေးလုံး ချက်ရလေရာ ၊ စားတော်ပဲ တစ်လှည့် ၊ ပဲကြီး တစ်လှည့် ၊ ကန်စွန်းရွက် တစ်လှည့် ၊ ပုစွန်ဆိတ် တစ်လှည့်နှင့် ဆန်လေးလုံးချက် တက်တက်ပြောင် လေ့ရှိ၏ ။ ကာဖီ ၊ လက်ဖက်ရည် ၊ နို့ဆီကို သောက်ခြင်းသည် မျိုးချစ်စိတ်နှင့် ဖီလာ ဖြစ်သည်ဟု သဘောရသဖြင့် မောင်သော်သည် မိမိ ကိုယ်တိုင် မသုံးရုံ မက ၊ အလွန် ချစ်ခင်ရင်းနှီးသော သံမန်ပျာတာ ကိုစော်ကဲတို့၏ အိမ်၌ ညအခါ အကြမ်းဝိုင်း ထိုင်ရင်း ၊ ကာဖီ ၊ လက်ဖက်ရည် ၊ နို့ဆီသုံးသူတို့၏ ရူးမိုက်ခြင်းအကြောင်းကို အမြဲ ဟောပြောလေ့ရှိ၏ ။
ထိုကဲ့သို့ အစား၌ နို့ဆီထောပတ်ကို ရှောင်ခြင်းသည် မောင်သော်၌ ထိနမိဒ္ဓ ကင်းစေလျက် မိမိ၏ သွားလာရှာကြံရသော အလုပ်အတွက် များစွာ အကျိုးရှိလေ၏ ။ အကြောင်းမူကား ကိုယ်လက် ပိန်ပါးသဖြင့် အသွား အလာမှာ ပေါ့ပါးလျင်မြန်ခြင်း ဖြစ်လေ၏ ။ စာရေးကြီးကတော် မှာမူ ဥဿဖရားနားကပ်နှင့် ရွှေလက်ကောက် လို၍ နေသဖြင့် အဘယ်ကိုမျှ မသွားမလာရသောကြောင့်ပေလား ။ ပဲပြုတ်ကြောင့်ပေလား မသိရ ၊ အလွန် နူးညံ့သိမ်မွေ့ အားငယ်လျက် ဖက်ကလေးကို ထောင်၍ ထားသလို နေလေ၏ ။ သို့သော်လည်း သွားလာရှာကြံ အငတ်ခံသလောက် အဖတ်မကျန်လှသဖြင့် ထပ်မံ၍ အဘယ်ပုံ ထွင်ရမည် ။ ဉာဏ်ဖြင့် ဆင်ခြင်လေရာ မိမိတို့ လင်မယားနှစ်ယောက် နေသော အခန်းမှာ မီးဖိုနှင့် အိပ်ရာခန်းအပြင် အိမ်ရှေ့ခန်းတစ်ခု လစ်လပ်၍ နေသည်ကို အသုံးချရန် သေချာစွာ စဉ်းစားလေ၏ ။ ထိုအခန်းမှာ သုံးခန်းရှိသော အိမ်ကြီး၏ အခန်းတစ်ခု ဖြစ်ရာ ထိုသုံးခန်းမှာလည်း စင်စစ်အားဖြင့် သုံးခန်းဟု ခေါ်ရလောက်အောင် အိမ်ရှေ့ခန်းများမှာ အကာနံရံဖြင့် ခြားနား၍ ထားသည် မဟုတ် ၊ တိုင်များ၏ အမှတ်အသားဖြင့် သတ်မှတ်ရသော အကန့်များသာ ဖြစ်သောကြောင့် အိမ်ရှေ့ခန်း သုံးခန်းမှာ နေသူ သုံးဦးတို့ အတွက် ဘုံအခန်းကျယ်ကြီး သဖွယ် ဖြစ်၍ နေလေ၏ ။
တစ်နေ့သ၌ မောင်သော်လ ည်း ခေါ်တောကု,လား နှစ်ယောက်နှင့်အတူ ညနေအချိန် အိမ်သို့ ရောက်၍ လာပြီး အိမ်ရှေ့ခန်းကြီးကို ပြကာ အလုပ်လုပ်ရန်အတွက် များစွာ အကွက်ကျကြောင်း ပြောဟော၍ နေလေ၏ ။ ထိုအခါ နံဘေးအခန်း နှစ်ခန်းရှိ အခြားသူများမှာ များစွာ ထိတ်လန့်ခြင်း ဖြစ်ကြလေ၏ ။ အကြောင်းမူကား မောင်သော်သည် မိမိ၏ အိမ်ရှေ့ခန်းကို အင်္ကျီချုပ်သမား ထိုခေါ်တောများအား ငှားဖို့ရန် အကြံပြုကြောင်း သိကြရလေ၏ ။ သို့ဖြစ်ခြင်းကြောင့် ပွဲစားကိုလင်း နှင့် ကျောင်းဆရာ ကိုရွှေလှ တို့မှာ ခေါင်းချင်းရိုက်ကာ ပြောဆိုတိုင်ပင်ကြရခြင်းဖြစ်ပေသတည်း ။
နောက်တစ်နေ့ ခေါ်တောများ ရောက်၍ လာကြလေ၏ ။ နံဘေးအခန်းရှိ လူများလည်း ထိတ်လန့်၍ အခြားသို့ ပြောင်းရွှေ့၍ သွားကြရရှာလေသတည်း ။
နောက်ခြောက်လလောက် ကြာသောအခါ မသာအိမ်၌ စာရေးကြီး မောင်သော်နှင့် အတူ နေခဲ့ဖူးသူ ကျောင်းဆရာ ၊ ပွဲစားတို့ တွေ့ကြရာ ကျောင်းဆရာနှင့် ပွဲစားသည် တစ်ယောက်ကို တစ်ယောက် လက်ကုတ်ကာ မောင်သော်ကို လှမ်း၍ ကြည့်ကြလေ၏ ။ မောင်သော် မှာ ပိန်ချုံးလျက် မျက်နှာမှာ လူမမာလို ဖြစ်၍ နေသည်ကို တွေ့ကြရလေ၏ ။
ထိုအခိုက် ၎င်းတို့၏ အနားရှိသူ တစ်ယောက်က “ ခင်ဗျားတို့ စာရေးကြီးကိုသော် ကို သိသလား ၊ သနားစရာ သိပ်ကောင်းတာပဲ ခင်ဗျား ၊ အလုပ်အကိုင် အင်မတန် ကောင်းတဲ့လူ ”
ပွဲစား ။ ။ အခု ဘာဖြစ်လို့လဲ ။
“ မိန်းမအတွက်ပေါ့ဗျာ ၊ မိန်းမများဟာ ယောက်ျား ကောင်းရင် အင်မတန် ဆိုးတာပဲ ၊ အဲဒီ စာရေးကြီး ခမျာမှာ အလုပ်တိုက်မှာလည်း လုပ်ရ တခြားမှာလည်း ရှာရ ၊ စားရာ သောက်ရာမှာလည်း မယား ချက်ပြုတ်ကျွေးသလို စားရှာတာပါပဲ ။ မယားကိုလည်း အင်မတန် ကြင်နာတတ်တဲ့ သူတော်ကောင်းကြီးပါပဲ ခင်ဗျာ ။ ဒါတောင် မိန်းမများ ရက်စက်တာ ကျုပ်တော့ အံ့သြလို့ မဆုံးပါဘူး ”
ဆရာ ။ ။ သူ့မိန်းမ ဘာဖြစ်လို့လဲ ထွက်ပြေးလို့လား ။
“ ထွက်ပြေးတာထက် ဆိုးတာပေါ့ ခင်ဗျာ ။ စုဆောင်းထားတဲ့ ရှိစုမဲ့စု အကုန် ယူပြီး သူတို့ အိမ်မှာ ကပ်နေတဲ့ ဒရစီကု,လားနဲ့ လိုက်ပြေးသတဲ့ ၊ မိန်းမများ ဟင်း မပြောချင်ပါဘူး ခင်ဗျား ”
▢ ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်
အတွဲ ၁ ၊ အမှတ် ၅၀
စက်တင်ဘာ ၁၄ ၊ ၁၉၃၄
No comments:
Post a Comment