Tuesday, April 7, 2026

ထွက်ပေါက်


 ❝ ထွက်ပေါက် ❞ 

( ‌ရွှေရတောင်ကုတ် )


( က )


မောင်မောင်သည် အလစ်သမား ၊ သူခိုး ။ 


ရဲအချုပ်မှာ အကြိမ်ကြိမ်ခံဖူးသူ ။ တရားရုံး အခေါက် ခေါက်ရောက်ဖူးသူ ၊ ထောင်အချုပ်ထဲ တလဲလဲ ဝင်ဖူးသူ ။ 


ထောင်မူကား မောင်မောင် နှစ်ခါသာ ကျဖူးသည် ။ ၆ လတစ်ခါ ။ ၂ နှစ်တစ်ခါ ။ ခိုးမှုနှင့်တုန်းက ၆ လ ၊ အိမ်ကျော်နင်းမှုနှင့် ၂ နှစ် ။


၆ လ ကျစဉ်က သူ မမှုခဲ့ ။ မှုစရာလည်း မဟုတ် ။ ချုပ်ရက် ၂ လကျော်ကျော်နှင့် ထောင်ဆုမှတ်ရက်များ နုတ်လိုက်သောအခါ သူဘာမျှ မခံခဲ့ရ ။ ထောင် ဆိုသည် ဘာပါလိမ့် ဟူ၍ပင် စပ်စပ်ကလေး မမြည်းစမ်းခဲ့ရမီ သူ လွတ်ခဲ့သည် ။


ယခု ၂ နှစ် ကြာသောအခါမှာကား ၊ အကျနာဘိခြင်း နာဆို အလုပ်လည်းဖြစ်ခဲ့သည် မဟုတ် ။ ရလည်း မရခဲ့ပါလျက် သူ အမိခံခဲ့ရသည် ။ ထောင်ထဲ တစ်နှစ်ကျော်ကျော် နေခဲ့စဉ်အတွင်း ဘယ်ဘော်ဒါ ( လုပ်ဖော် ကိုင်ဖက် ) တစ်ကောင်တမြီးမှ သူ့ဆီ ထောင်ဝင်စာ လာမတွေ့ ခဲ့ကြ ။ သူ့မိန်းမ ခင်မေထွေး တောင်မှ မှတ်မှတ်ရရ တစ်ခေါက် လာတွေ့သွားသေးသည် ။ သည့်နောက်ပိုင်း သူလည်း စုံးစုံးမြုပ်သည် ။ အတွင်းသတင်းအရ သူကြား သိရသည်ကား ခင်မေထွေး သစ္စာဖောက် သွားကြောင်း ။ နေပေ့စေ ။ ဒါအဆန်းမဟုတ် ။ မောင်မောင်တို့လို ‘ ဂလေ ’ တစ်ကောင် အတွက် လင် ထောင်ကျသခိုက် မိန်းမ နောက်လင် ယူသွားသည်မှာ မဆန်းသမှ မဆန်း ။ ဘော်ဒါတွေလည်း သစ္စာ မရှိကြ ၊ ရတော့အတူတူ ၊ ရွှင်ရွှင်ပျပျ ။ ခံရတော့ ရှဲကုန်သည် ။ မိန်းမလည်း ထိုနည်းလည်း ကောင်း ၊ ဘယ်သူမှ သစ္စာ မရှိကြ ။ လောကကြီးမှာ ဘယ်သူမှမကောင်း ။


••••• ••••• ••••• 


( ခ ) 


နံနက် ၁ဝ နာရီ မော်လမြိုင်ထောင်ဘူးဝမှ လွှတ်ထုတ်လိုက်သောအခါ မောင်မောင် ကြောင်တက်တက် ။ ဘယ်သွားမလဲ ၊ ဘာလုပ်မလဲ ၊ ထောင်ဝင်းအပြင်တွင် ရပ်လျက်မှ မောင်မောင် သူ့ကိုယ်သူ ပြန်ကြည့်သည် ။ မဆိုးပါတကား ။ လေယာဉ်မောင် တိုက်ပုံအဖြူ ဒိုဘီကျ နှင့် ၊ ဖော့ရှပ်အနက်နှင့် ၊ အင်းလေးကွက်လုံချည်နှင့် ၊ အိုရီရင့်နာရီနှင့် ၊ အိတ်ထဲ စမ်းလိုက်သောအခါ ဘူးဝမှ သူ ထုတ်ယူခဲ့သော ထောင်အပ်နှံလက်ကျန်ငွေလေးဆယ် ။ နောက် ပြည် အထိ အမြန်ရထားစီး ဝရမ်းစာ ။


မောင်မောင် စဉ်းစား မနေတော့ ။ အမှတ် ( ၄ ) တံတားဘက် လျှောက်လာခဲ့သည် ။ လှမ်းရင်းလျှောက် ရင်းနှင့် ဗလီကြီးကျော်၍ ဖက်တန်းဌာနရှေ့ ရောက်ပြီကို ငဲ့မကြည့်ဘဲ သိနှင့်သည် ။ ပခုံးတွန့်ရင်း ဆက်လျှောက် ကာ ‘ သံလွင်ဦး ’ ဘားထဲ ဝင်လိုက်သည် ။ ကျီးကန်းခြောက်ကောင်အား သူ့မျက်လုံးနှင့် ဘေးဘီဝေ့ဝဲကြည့်သည် ။ အသိအကျွမ်း ဘယ်သူမှမရှိ ။ မတွေ့ ။


တင်လဲဖြူ ပထမ နှစ်ပက် ၊ နောက်ထပ် နှစ်ပက် ။ တော်ပြီ ။


အတော်ကလေး ရီဝေပြီ ။ ပြတ်နေတာ ကြာလှပကောလေ ။


ခပ်ထွေထွေနှင့် သံလွင်ဦး မှ ထွက်ခဲ့ကာ အမှတ်မထင်ပင် မောင်မောင် အမှတ် ( ၄ ) တံတား ရထားလက်မှတ်ပေါက်ရှေ့ ဝင်ရပ်သည် ။ လူအတိုးအဝှေ့ သိပ်မရှိ ။ အရောင်းအဝယ် ပါးလျားသည်ထင်ပါ့ ။ ဝရမ်းစာပြ လက်မှတ်ယူသည် ၊ အလွယ်တကူ ရသည် ။ မော်လမြိုင် မှ ရန်ကုန် အမြန် ။


••••• ••••• ••••• 


မုတ္တမမှ ရထား ထွက်ရန် ဘီးလိမ့်ကာမှ မောင်မောင် ရထားပေါ် ခုန်တက်လိုက်သည် ။ သူ့ ခုံအမှတ် ၆၂ ။ သူ ဝင်ထိုင်လိုက်သည် ။ ဒူးယားဘူးသစ်ကို ဖောက်ကာ တစ်လိပ်ယူ မီးညှိရင်း သူ့ဝန်းကျင်ကို သူ့ကျီးကန်း ၆ ကောင်အား မျက်လုံးအစုံနှင့် ဝန်းဝိုက်အကဲခတ်သည် ။ နေရာ ကောင်းလှသည် ။ အိမ်သာကို မျက်နှာပေးထားသော သူ့ခုံ ။ ထွက်ပေါက်နှင့် နီးသည် ။ ပြတင်းဘက် ကပ်လျက် ။ သူ့ ရှေ့မှာ ၅ဝ ကျော်မိန်းမကြီး ။ ဖီးဖီးဝဝ ခံ့ခံ့ညားညား ။ ရွှေဘီးနှင့် ၄ ကျပ်သား ဘတ်ကြိုးနှင့် ၊ မိကျောင်းရေငွေ အိတ်လက်ကမချ ။ မိန်းမကြီး ဘေးမှာ သီလရှင် မိန်းမငယ် ၁၂ ၊ ၁၃ နှစ်အရွယ် ။ သူ့ဘေးမှာကား ။


၆၀ နီးပါး ယောက်ျားကြီး ၊ ဟာဝေယံအင်္ကျီကွက်ကျားနှင့် ၊ တက်ထရက်ဘောင်းဘီနှင့် ၊ ဂိုဒင်စတော့မျက်မှန် တပ်ထားသည် ။ အိတ်ထဲမှ ပတ်ကား ၅၁ ။ အစိတ်တန် ငွေတစ်ထပ် ။ ၅ဝဝ ထက် နည်းရော့လား ။ ပြီးတော့ ပင်အမ်လက်ဆွဲအိတ် ပြည့်ဖောင်းဖောင်းကို တံတောင် နှင့် ဖိထားသည် ။ အဲ့ဒီထဲမှာ မောင်မောင် တံတွေးကို မသိမသာ မျိုချမိပြီ ။ သူ့ဘေး မျက်စောင်းထိုး ခုံမှာမူ တောသားရုပ် ပေါက်နေသည့် အဘိုးကြီးနှင့် ဘုန်းကြီးသုံးပါး နေရာယူထားသည် ။ ဘုန်းကြီး နှစ်ပါးမှာ ကျိန်းတော်မူ၍ပင် နေကြပြီ ။


အနေအထား အကွက်အကွင်း အားလုံးကောင်းသည် ။ အခြေအနေ ပေးသည် ။ အကောင်းတကာ အကောင်းဆုံး အခြေအနေကား ရှင်းလင်းသော ထွက်ပေါက် ။


မောင်မောင်တို့လို အလစ်သမား သူခိုးများ အတွက် ခိုးဖို့ လစ်ဖို့က ဒုတိယ ။ ထွက်ပေါက်က ပထမ ။ မခိုး မလစ်မီ ခိုးတော့လစ်တော့မည် ဆိုသည်နှင့် ထွက်ပေါက်ကို ဦးစွာ ရှာထားရမည် ။ ကြည့်ထားရမည် ။ ထွက်ပေါက် မရှိဘဲ ဘယ်တော့မှ မခိုးလေနှင့် ၊ မလစ်လေနှင့် ။ ဒါက ဆရာ့ဆရာများ၏အဆုံးအမ ၊ သူ့ အတွေ့အကြုံက ပေးထားသည့် ပညတ်တော် ။


ခု ရထား ခါတိုင်းလို မကျပ် ၊ ရထား တက်ဆင်းပေါက် ဆီမှာ တစ်စုံတစ်ယောက်မျှ မရှိ ၊ ထွက်ပေါက် သိပ်ရှင်း ။ 


ဒုတိယအကြိမ် မောင်မောင် ဒူးယားမီးညှိနေချိန် တွင် ရထားမှာ အရှိန်ရနေပေပြီ ။


“ ညောင်းရင်ညာရင် ခြေထောက်ဆင်းထိုင်ပါ ဦးလေး ကျွန်တော့် အားမနာနဲ့ ၊ ကျွန်တော် ရွှေ့ပေးပါ့မယ် ” 


အနည်းငယ် သမ်းဝေစပြုနေပြီဖြစ်သော ယောက်ျားကြီးကို မကြည့်ဘဲ ဖီးဖီးဝဝမိန်းမကြီးကို မသိမသာ ကြည့်ရင်းမှ မောင်မောင် စကားစသည် ။


“ ဟုတ်သားပဲ ကိုပါ ၊ လှဲချင်လှဲလေ ၊ ညကလည်း အိပ်ရေးပျက်ထားတယ်မဟုတ်လား ၊ မင်း ဦးလေးက ခရီး သွားပြီဆို အိပ်ခဲသကွဲ့ ၊ ဟိုကြည့်ဒီငေးနဲ့ တစ်လဆယ်ခေါက်လောက် သွားလာနေတဲ့ လမ်းများ မမြင်ဖူးတဲ့ အတိုင်းပဲ ”


မောင်မောင် ကျေနပ်ပြုံး ပြုံးရပြီ ။ သူတို့ လင်မယား သည်ခရီးကို အိမ်ဦးကြမ်းပြင်ပမာ သွားသွားလာလာ လုပ်နေသူတွေ ။ သည်တော့ ယောက်ျားကြီး တံတောင်နှင့် ထောက်ထားသည့် အိတ်မှာ ဘာတွေပါနိုင်မလဲ ။ အိတ်က ပင်အမ် ။ သိပ်ကြီးသည် မဟုတ် ။ မောင်မောင် တွေးနေဆဲ လူကြီးမူ မာဃဆေးပြင်းလိပ် စိမ်ပြေနပြေ ခဲနေလေပြီ ။ မောင်မောင့်ကို ပြုံးရုံမျှ ပြုံးပြပြီး သူ့စိတ်ကူးနဲ့သူ ရထားပြင်ပ ရှုခင်းကိုသာ ငေးမော နေတော့သည် ။ အသမ်းဝေကို ဆေးပြင်းလိပ်မှိန်းရင်း ဖောက်ဖျက်နေ သယောင် ။


သည်လိုနှင့် သထုံသို့ ရထားဆိုက်သည် ။ ယောက်ျားကြီးတို့ လင်မယားနှင့် သီလရှင်လေးပါ အသင့် ယူခဲ့ကြသော ချိုင့်များကို ဖွင့်လှစ်ကာ ထမင်း စားကြသည် ။


“ မောင်ရင် စားပါဦးလား ” 


ကြက်ပေါင် ခဲနေသော ယောက်ျားကြီးက ဖိတ်မန္တက ပြုသည် ။ 


“ ဒါနဲ့ မောင်ရင် က ဘယ်အထိ သွားမှာတုံး ဟင် ”


“ နေပါစေဦး ၊ ကျွန်တော် စားခဲ့ပါပြီ ။ ကျွန်တော် ရန်ကုန် အထိပါ ။ အမေ သိပ်မမာနေလို့ မော်လမြိုင် ခဏ ပြန်လာတာပါဦး ။ ခွင့်က သိပ်မရတော့ နေလို့မှ မဝသေးဘူး ၊ ပြန်ရပြီ ။ အစိုးရဝန်ထမ်း ဆိုတော့လည်း မလွတ်လပ်ဖူးပေါ့ ဦးရာ ”


မောင်မောင်က ပိပိရိရိလေး လှိမ့်လိုက်သည် ။ ပြီးတော့ ရထားပေါ်မတက်မီကလေးက ဝယ်ယူခဲ့သော အင်္ဂလိပ်သတင်းစာ တစ်စောင်ကို မျက်နှာမြုပ် အနေအထားဖြင့် ကြည့်နေလိုက်သည် ။ တကယ်တော့ အင်္ဂလိပ်သတင်းစာကို မောင်မောင် ဖတ်တတ်ဖို့ ဝေးစွ ၊ သတင်းစာ ဇောက်ထိုးဖြစ်မနေရလေအောင် သတင်း ဓာတ်ပုံ ကြည့်ပြီး မနည်းကြီး စီစဉ်လိုက်ရခြင်းသာ ။ အင်္ဂလိပ်သတင်းစာ မောင်မောင် ကိုင်ရခြင်းကား ဘေးလူ အထင်ကြီးဖို့က သာမည ။ သူ့ဘော်ဒါ ( လုပ်ဖော်ကိုင်ဖက် ) အသိအကျွမ်းများ သူ့ကို တွေ့မသွားစေလိုခြင်းက အဓိက ။


သို့ဖြင့် မောင်မောင် အချိန်စောင့်သည် ၊ စဉ်းစားသည် ။ ချိန်ဆသည် ။ မော်လမြိုင်အမြန်သည် ပဲခူးသို့ ၆ နာရီခွဲလောက် ဝင်မည် ။ ယင်းအချိန်သည် မှောင်ရိပ် သန်းချိန် ။ ပဲခူး မရောက်မီ ယောက်ျားကြီး၏ ပင်အမ် အိတ်ကို အလစ်ယူမည်လော ။ ရန်ကုန်ဘူတာကြီး မရောက်မီ .. ဒါတော့မဖြစ်သေး ။ အမြန်ရထားသည် ပဲခူး နှင့် ရန်ကုန်ကြား အရပ်အနား မရှိ ၊ အရှိန်လျှော့မည့် နေရာ မရှိ ။ ခုန်ဆင်းရန် မဖြစ်နိုင် ။ သို့ဆိုလျှင် ပဲခူး မရောက်မီ လုပ်မှ ။ သည်တော့ အချိန် ရှိသေးသည် ။ ရထား ခုမှ နှင်းပုလဲ ကျော်ရုံ ရှိသေးသည် ။ မောင်မောင် နာရီကို ကြည့်မိသည် ။ ၂ နာရီ ၁၅ မိနစ် ။ နေနှင့်ဦး ။


••••• ••••• ••••• 


( ဂ )


ကျိုက်ထို မှ ရထားထွက်ချိန်တွင် မိန်းမကြီးမှာ အိပ်မောကျနေပြီ ။ သီလရှင်ကလေးမှာလည်း မိန်းမကြီး၏ ပခုံးကို မှီ ငိုက်မျဉ်းလျက် ။ ယောက်ျားကြီးသာ အပြင် ရှုခင်းများကို အကြည့်အငေး မပျက် ကွာစေ့ ဝါးလျက်ရှိသည် ။


မောင်မောင် ကျေနပ်သည် ။ ပဲခူး မရောက်မီ ငနဲကြီး မအိပ်ဘဲနေနိုင်ရိုးလား ။ ညကလည်း အိပ်ရေးပျက်ထား သတဲ့ ။ ခုလည်း တစ်မှေးမှ မမှေးသေး ။ အဆီအဆိမ့်များလည်း တနင့်တပိုး စားထားသူ ၊ ပဲခူး မရောက်မီ သူ အိပ်မှ ပဲခူး မရောက်မီ ပဲခူး မရောက်မီ ။


ပင်အမ်အိတ်ကို မောင်မောင် လှမ်းကြည့်လိုက်သည် ။ စောစောက နေရာ မဟုတ်တော့ ။ ယောက်ျား၏ ဝဲဒူးခေါင်းအောက် ရောက်နေပြီတကား ။ ဒူးခေါင်းနှင့် ဖိထားသော်လည်း အိတ်မှာ မပိ ။ သည်တော့ အတွင်းမှာ အပြည့် ရှိရမည် ။ အပြင်မှ မြင်ရသည့် အိတ်၏ အနေအသွင် အစင်းအမြှောင်းများကို မြင်ရကာမျှနှင့် အတွင်း မှာ အစိတ်တန် ဘယ်နှထုပ် ၊ နှစ်ဆယ်တန် ဘယ်နှထုပ် ဆိုသည်ကို မောင်မောင် ခန့်မှန်းပြီးပြီ ။ အိတ်ထဲမှာ နှစ်သောင်းထက် လျော့ဖွယ် မရှိ ။ မောင်မောင် အတတ် တွက်သည် ။ စောရစက္ခုဖြင့် မောင်မောင် အကဲခတ်ခဲ့ သမျှ မှားခဲသည် ။ လွဲခဲသည် ။ အလုပ်က သင်သည်လေ ။


သည်ငွေနှစ်သောင်း ရလျှင် တော်ပြီ ။ သည်တစ်သက် သည်အလုပ် မလုပ်စားတော့ ။ ခင်မေထွေး ကို ရှာ၍ ကောင်မကို လှလှကြီး ဆုံးမပစ်လိုက်မည် ။ သည်ကောင်မကို ရှာဖို့ ဖာအိမ် ဘယ်နှအိမ် တက်ရမလဲ ။ တစ်အိမ်အိမ်မှာ တွေ့ရမည်မုချ ။ သည်ကောင်မ သည်လောကထဲက ဘယ်ပြေးမလဲ ။ မောင်မောင် လူဆိုးတွေး တွေးသည် ။


ဟုတ်သည် ၊ မောင်မောင် ခင်မေထွေး ကို ထိုလောကမှာပင် တွေ့ခဲ့ခြင်းဖြစ်ပါသည် ။ သူခိုးနှင့် ဖာသည် ၊ ဖာသည်နှင့် အလစ်သမား ။ တစ်လောကတည်းသား ။ ဘဝတူ ၊ ယခု သူ ထောင်ကျတော့ စုံကန်ခဲ့ပြီ ။ ခင်မေထွေး သစ္စာ မရှိ ။


ခင်မေထွေး အကြောင်း စဉ်းစားမိတော့ မောင်မောင် ဒေါသ ထွက်ရသည် ။ တွေ့များ တွေ့ရင်တော့လား နုပ်နုပ်စဉ်းပစ်ချင်သည် ။


“ မောင်မောင့်ကို ထွေးချစ်တယ် ။ အားလည်းကိုးတယ် မောင်မောင်ရယ် ။ ဒီအလုပ် မလုပ်နဲ့တော့နော် ။ အန္တရာယ် ကြီးပါဘိသနဲ့ ၊ မောင်မောင့်ကို ထွေး ရှာကျွေးပါ့မယ် ။ မတော်တဆ မောင်မောင် ထောင်ကျရင် ထွေး နေရမယ့် ဘဝကို မောင်မောင် နည်းနည်းမှ မစဉ်းစားဘူးလား ။ မောင်မောင် ထွေးကို သနားရင် ဒီအလုပ် တော်လိုက်ပါတော့ကွယ် ” 


သူ ထောင်မကျခင်ကလေးက ခင်မေထွေး ပြောခဲ့တဲ့ စကား ။ သူ တားသည့် ကြားက မောင်မောင် အတင့်ရဲသည် ။ သည်တစ်ချီ မြတ်မြတ်ကလေး ရလျှင် တော်ပြီ ဒီအလုပ် ။ ထွေး နှင့် ကောင်းရောင်းကောင်းဝယ် လုပ်စားတော့မည် ဟူသော အတွက်အချက်ဖြင့် ။ သို့သော် မောင်မောင် ခံခဲ့ရသည် ။ အကျ နာခဲ့ရသည် ။ ခု ခင်မေထွေး ပင် သစ္စာဖောက်ခဲ့ပြီတဲ့ ။ အပြင်က သတင်းစကား ။ ဟုတ်မှ ဟုတ်ရဲ့လား ။ ခင်မေထွေး သူ့ ချစ်သည်ကို မောင်မောင် သိသည် ။ သည်လိုဆို ခင်မေထွေး သူ့ကိုသစ္စာဖောက်ခြင်း မဟုတ်တန်ရာ ။ အားကိုးမဲ့ သစ်ရွက်ကြွေပမာ မျောချင်ရာ မျောရရှာပြီထင်သည် ။ အဖျက်တရား အဖိမှာ ညက်ပြားမိလေသည် ထင်ပါရဲ့ ။


••••• ••••• •••••  


ရထားသည် တဂျုံးဂျုံး တဂျက်ဂျက် အရှိန်မပျက် ။ စစ်တောင်းတံတား ပင်လွန်ခဲ့ပြီ ။ နေပင် အတော်စောင်းပြီ ။ ယောက်ျားကြီး ထိုင်ရာမှ ထသည် ။ မောင်မောင် ဂရုမပြုဟန် ပြတင်းပြင်သို့သာ ကြည့်နေဟန် ပြုနေလိုက်သည် ။


“ မကျော့ အိပ်လှချည့်လားကွ ၊ ထဦးလေ ”


ယောက်ျားကြီးက မိန်းမကြီး ပေါင်ကို လှုပ်နှိုးသည် ။ မိန်းမကြီး၏ လှုပ်ရှားမှုကြောင့် သီလရှင်လေးပါ နိုးလာသည် ။


“ ခင်ဗျား လွန်ပြီထင်တယ် ။ ဝေါ တောင် နီးနေပြီ ။ ဒီဘက် လာထိုင်နှင့်ဦး ။ ငါ အပေါ့အပါး သွားမလို့ ”


မောင်မောင် မှာ ပြတင်းပြင်သို့သာ အာရုံပြုမြဲ ပြုနေဟန် ရှိသော်လည်း ပင်အမ်အိတ်ကို မိန်းမကြီးအား စောင့်ခိုင်းကြောင်း သိသည်ပင် ။ မကြာမီ အိမ်သာထဲမှ ယောက်ျားကြီး ထွက်လာသည် ။ မောင်မောင့် ရှေ့မှ ပင်အမ်အိတ်ကြီးကို လှမ်းယူသည် ။ မိန်းမကြီးကား မောင်မောင့်ဘက် ရောက်နှင့်ပြီ ။


••••• ••••• •••••


ရထားက တရိပ်ရိပ် ခုတ်မြဲ ခုတ်လျက် ၊ ရထားထဲမှ လျှပ်စစ်မီးပွင့်လာသည် ။ အပြင်မှာ အမှောင် ကြီးစိုးစ ပြုလေပြီ ။ ရထားဘေး ဝဲယာလှမ်းလှမ်းမှ မီးရောင်လက်လက်များ ဖျတ်ခနဲ ဖျတ်ခနဲ ကျန်ရစ်သည် ။ အပြင်မှာ မှောင်နှင့်မည်းမည်း ။ ၆ နာရီ ၂ဝ ။


မောင်မောင် ထိုင်ရာမှ ထသည် ။ ခါးကို ဘယ်တိမ်း ညာညွှတ် တဂျွတ်ဂျွတ် ချိုးပစ်လိုက်သည် ။ လေကို အားပါးတရ ရှူပစ်လိုက်သည် ။ လေယာဉ်မောင်တိုက်ပုံဖြူကို အကျအန ခေါက်လိုက်သည် ။ အလုပ် လုပ်လျှင် အဝတ်အစားကိုလည်း သတိချပ်ရမည် မဟုတ်လား ။ ညတွင် သူခိုးအတွက် ဖြူစင်ခြင်းသည် အန္တရာယ် ။ အဖြူသည် ပစ်မှတ် ။


မောင်မောင်က သူ့ကျီးကန်း ၆ ကောင်အား မျက်လုံးကို အသုံးချလိုက်ပြန်သည် ။ ရွေ့ နိပ်ပဟဲ့ ။ ယောက်ျားကြီးမှာ ပင်အမ်အိတ်ကို မှေးတင်ကာငိုက်မျဉ်းနေပကော ။ သီလရှင်ကလေးသာ ကာတွန်းစာအုပ်တွင် အာရုံ စူးစိုက်လျက် ။ မိန်းမကြီးမူ ပါးစပ်မှ တတွတ်တွတ်နှင့် ဘာတွေ သရဇ္ဈာယ်နေသည် မသိ ။


မောင်မောင် နေရာတွင် ပြန်ထိုင်သည် ။ ပြတင်း အပြင်သို့ ခေါင်းပြူကြည့်လိုက်သည် ။ ဘယ်ရောက်နေပြီနည်း ။ ဝေါ ကို ကျော်တော့မည်ထင့် ။ လေတိုးဝှေ့အားကား ပြင်းလှသည် ။ ရထားအရှိန် နည်းနည်းမှ မလျှော့ ။ သည်အရှိန်အတိုင်း ဆိုလျှင် မလွယ် ။ ငမိုးရိပ်ချောင်း အရောက်တွင် အိတ်လုဆွဲပြီး ချောင်းထဲ ခုန်ချရမည့် အခြေ ။ သို့ တွေးထင်စဉ်းစားဆဲ ။ အလို ... သူခိုး နတ်ဆိုး မပြီထင့် ။ ရထားအရှိန် လျော့သွားသည် ထင်သည် ။


မောင်မောင်က ပြတင်းဝတွင် ပြူရင်းမှ မိမိ ရှေ့တည့်တည့် ပစ်ခနဲ တံတွေး ထွေးကြည့်လိုက်သည် ။ တံတွေးစက်များ ပက်ခနဲ ချက်ချင်း မျက်နှာ လာထိသည် ။ ဟုတ်ပြီ ၊ ထိပွတ်အား မများ ။ ရထား အသွားနှုန်း မိုင် ၃ဝ ထက် မပိုနိုင် ။


ရွှေရောင်အခွင့်အရေးကို မောင်မောင် အရယူလိုက်သည် ။ 


ဆက်ခနဲ အထ ၊ ပင်အမ်အိတ် အဆွဲ ၊ လူကြီး ထံမှ စူးစူးဟစ်ဟစ်အော်သံကြီး ထွက်လာသည် ။ အိတ်ကိုမူ မလွှတ် ။


“ အိတ်လုတယ်ဗျို့ ။ လုပ်ကြပါဦးဗျို့ ”


အချိန်သည် လူကို စောင့်မနေ ။ ပင်အမ်အိတ်ကို ညာဘက်မှ ဆွဲလုရသော အားအရှိန်ကို ယူကာ မောင်မောင်က ဘယ်ဖြောင့်လက်သီး တစ်လုံး လူကြီးမျက်ခွက်တည့် တည့်သို့ လွှတ်ပေးလိုက်သည် ။ ‘ အား ’ ဟူသော အသံနက်ကြီးနှင့်အတူ လူကြီး ခွေ အသွား ။ မောင်မောင် အိတ်ဆွဲကာ ရထားတံခါးပေါက် ရောက်နှင့်ပြီ ။ ရထားတွဲထဲ လူသံ ဆူညံပွက်လောရိုက်ကျန်ရစ်ဆဲ မောင်မောင် ရထား တံခါးမှ ခုန်ချလိုက်သတည်း ။


••••• ••••• •••••


( ဃ )


ကံကောင်းသည် ။ မောင်မောင် ခုန်ချလိုက်သော နေရာသည် မြေပျော့ ။ သို့သော် သက်သာလှသည်ကား မဟုတ် ။ ညာလက်ကောက်ဝတ် မကျိုးရုံတမယ်သာ ရှိသည် ။ အဆစ် လွဲသွားသည် ၊ သူ့ အိုရီရင့်နာရီသည် ပြုတ်ကျလွင့်စဉ်ကျန်ရစ်ပြီ ။


ပြေးသည် ။ မောင်မောင် ပြေးသည် ။ ကိုင်းပင်ချုံပင်များကို နင်းလွှားဖယ်တိမ်းကာ မောင်မောင် ပြေးသည် ။ ဘယ်ကို ပြေးနေသည် ဟူ၍မူ မောင်မောင် မသိ ။ ဦးတည်ရာ မရှိ ။ ပြေးသည် ဝေးရာသို့ ၊ ရထားသံလမ်းနှင့် ဝေးရာသို့ ၊ မောလိုက်သည့် ဖြစ်ခြင်း ။ ဆေးလိပ်ဆေးခြောက် ၊ အရက် ၊ မိန်းမ ၊ မပြတ်သောက်သုံး ထုံလေ့သူ မောင်မောင် အမောမစေ့ ။ သက်လုံ ဆင်းရဲဘိ ။ တစ်ကိုယ်လုံး ချွေးများဖြင့် နစ်ရွှဲနေသည် ။ နှလုံးခုန် မြန်စွ ။ မောလွန်းတော့ ကိုင်းတော တစ်ခုထဲ ထိုင်ချလိုက်ရသည် ။


“ လိုက်ဟေ့ ၊ လိုက်ဟ ၊ ခွေးမသား ၊ တွေ့ရင်သ,တ်ပစ်ကြဟေ့ ”


လူသံများ ခပ်လှမ်းလှမ်းမှ ကြားရသည် ။ မီးတုတ်တွေ တလက်လက် လှမ်းမြင်ရသည် ။ လိုက်လာကြပြီ ။ မောင်မောင် ထပြေးပြန်သည် ။ သည်လိုချည်း ပြေးနေ၍ မဖြစ်သေး ။ သည်မှာ မောင်မောင် နယ်မကျွမ်း ။ လမ်း မသိ ။ ခွေးဟောင်သံများ နီးသထက် နီးလာသည် ။ လူသံများ ညံသထက် ညံလာသည် ။ ပြေးရင်းလွှားရင်း မောင်မောင် ခလုတ်တိုက်လဲသည် ။ တံတောင်ဆစ်များ ပွန်းပဲ့ကာ သွေးယိုစီးသည် ။ ဆူးစူးဒဏ် ၊ ဆူးခြစ်ဒဏ်များကား ဗလပွ ။ မောင်မောင် လူးလဲထသည် ။ ရှေ့ကွင်း မှောင်ရေးရေးထဲမှာ သစ်ပင်တစ်ပင် ။


မောင်မောင် ပြေးပြန်သည် ။ မထူးတော့ ။ သစ်ပင်ပေါ်တက်ပုန်းမှ ၊ ကြောက်အားလန့်အားနှင့် မောင်မောင် သစ်ပင်ပေါ် တက်သည် ။ လက်ကောက်ဝတ်မှာ နာလွန်း လှသည် ။ တက်ရသည်မှာ မလွယ် ။ ပင်အမ်အိတ်ကိုလည်း လက်လွတ်၍ မဖြစ် ။ ကြောက်အားက နာကျင်ခြင်းကို နိုင်သွားသည် ။ မောင်မောင် သစ်ပင်ပေါ် ရောက်ပြီ ။


“ ချုံတွေထဲမှာ အနှံ့ ရှာကြကွ ၊ တွေ့ရင် သ,တ်သာ သ,တ် ၊ စစ်ကြောမနေနဲ့တော့ ”  


သေနတ်မောင်းတင်သံများ ၊ ဓားလှံသံ တချွင်ချွင် ၊ ခွေးများ၏ တရှူးရှူးတရှဲရှဲ အသံ ။ မောင်မောင် အရွက်ထူသော သစ်ခွတစ်ခုကြား ထိုင်မိပြီ ။ အသက်ပြင်းပြင်း မရှူရဲ ။


ခါချဉ် ၊ ခါချဉ် ။ မောင်မောင့် တစ်ကိုယ်လုံး ခါချဉ်တွေ တက်သည် ။ ကိုက်သည် ။ နားရွက်ကို ကိုက်သည် ။ နှာခေါင်းကို ကိုက်သည် ။ လည်ပင်းကို ကိုက်သည် ။ မောင်မောင် မလှုပ်ရဲ ၊ မပုတ်ရဲ ၊ ကိုက်လိုက်သည့် ခါချဉ် ၊ နေရာ မလပ် ၊ ဟိုကြားသည်ကြား မကျန် ။ ကိုက် ကိုက် ၊ ကိုက်သာ ကိုက် ။


ပင်အမ်အိတ်ကိုပင် လွှတ်ချပစ်လိုက်ချင်ပြီ ။ မောင်မောင် ဘာမှ မလိုချင်တော့ ။ ငွေ ၊ လွတ်မြောက်ရေး ။ ဘာမှ မလိုချင်တော့ ။ 


လောလောဆယ် သူ လိုလားသည်ကား ရဲ ။ အပြစ်ရှိသူအား တရားဥပဒေမဲ့ ခုတ်ထစ်သ,တ်ဖြတ်မည့် ဘေးမှ ကယ်တင်နိုင်မည့်သူကား ရဲများသာ ။ ထိုအခိုက် သစ်ပင်ပေါ်သို့ ဓာတ်မီးရောင်တစ်ချက် ပြက်သွားသည် ။ မောင် မောင် ပုသထက် ပုနေလိုက်သည် ။ ဖော့ခရစ်ရှပ်နက်ကို ငုံမိနိုင်သမျှ ဆွဲခြုံထားလိုက်သည် ။ ဘုရား ဘုရား ။


လတ်တလော သူ လိုလားသည်မှာ ငွေ မဟုတ် ။ ရဲ ဌာန ပြေးပြီး အဖမ်းခံပစ်လိုက်ချင်စိတ်က သူ့ကို လွှမ်းနေတော့သည် ။


“ ခွေးသူခိုး ၊ အတော် ခြေသွက်တဲ့အကောင် ၊ ရှေ့ဘက် ဆက်လိုက်ကြစို့ဟေ့ ”


“ ဟင် ” 


မီးတုတ်ကြီးများ တထိန်ထိန်နှင့် လူတွေ ထွက်သွားကြတော့မှ မောင်မောင် သက်မချမိသည် ။ ခါချဉ်ကို ဖယ်ထုတ်ပုတ်ချနိုင်တော့သည် ။


ခုလို ထွက်ပေါက် ခပ်ဟဟ ပွင့်နေပြီ ဆိုသည်နှင့် ရဲကို သူ မလိုလားပြန် ။ ရဲဌာနသွား အဖမ်းခံလိုစိတ်လည်း ကြက်ပျောက် ငှက်ပျောက် ။ ဘေးလွတ်မယ် ကြံကာရှိသေး ၊ သူ့အာရုံကား ငွေ ငွေ ။


မောင်မောင် သစ်ပင်ပေါ်မှ ကုတ်ကပ် ဆင်းခဲ့သည် ။ ခြုံတစ်ခုထဲ ဖြဲဝင်သည် ။ ပင်အမ်အိတ်ကို ထွန်းသစ်စ လရောင် ရေးရေးအောက်မှာ ဖွင့်သည် ။ သူ့အပြုံး လနှယ် ဝင်းသတည်း ။ အစိတ်တန် ငွေစက္ကူထုပ်များ ၊ နာရီမျိုးစုံ ၊ ဆေးဝါးမျိုးစုံ ။


••••• ••••• •••••


( င )


ငွေများကို ကိုင်တွယ်ရင်း ဖြစ်လာသော ပီတိစိတ်က မောင်မောင့် ထံ သိပ်ကြာရှည်မနေ ။ ငွေများကို ကြည့်ရင်းမှ မောင်မောင် လန့်၍လန့်၍ လာခဲ့ရသည် ။ တွေးရင်း တောရင်း မျက်လုံး ပြူးသထက် ပြူးလာခဲ့ရသည် ။ ခေါင်းနပမ်း ကြီးသထက် ကြီးလာခဲ့ရသည် ။


ယခုလောက်ဆို သူ့အမှု ရဲဌာနမှာ တိုင်ချက်ဖွင့် လောက်ပြီ ။ ဝေါရဲဌာန ၊ ဒါမှမဟုတ် ပဲခူးမြို့မရဲ ၊ တစ်ခုခုပေပဲ ။ သူတို့ကား အတွေ့အကြုံများကြသည် ။


အမှုဖြစ်ပွားရာကား မော်လမြိုင် ရန်ကုန် အထူး ၊ အမြန်ရထား ။ ရထားပေါ်မှာ ကျက်စားတတ်သူ အားလုံးကို ရဲက သိသည်ပင် ။ သူတို့ကို ခေါ်စစ်လျှင် ကိစ္စ မရှိသေး ။ မောင်မောင် နှင့် သူတို့ ကင်းကွာနေသည်မှာ ကြာပြီ ။ မောင်မောင် ထောင်ထဲနေ ၂ နှစ် နီးပါး ။


သို့သော် သို့သော် ၊ သည်အချိန် မော်လမြိုင်ရဲကလည်း အငြိမ် နေမည်မထင် ။ ယနေ့ မော်လမြိုင်ထောင်မှ လွတ်လူစာရင်းကို လှမ်းမေးလျှင် မောင်မောင့် အပြင် အဘယ်သူ ရှိနိုင်ပါမည်နည်း ။ မောင်မောင် ဘယ်မှာလဲ ၊ မောင်မောင် ဘယ်သွားသလဲ ။ ကားဆိပ် ၊ ရထားဆိပ် ၊ ရေဆိပ် ၊ လေဆိပ် ။ ထောင်ထဲမှ လွှတ်ဝရမ်းအမှတ် ( ၄ ) မီးရထားတံတားမှ လက်မှတ်ရောင်း မှတ်ပုံတင်စာအုပ် ။ အလုခံရသူ၏ ထွက်ဆိုချက်ပါ မောင်မောင့် ရုပ်သွင် ၊ အဝတ်အစား ၊ ထောင်ဘူးဝမှ မောင်မောင် ထွက်ခဲ့စဉ် အဝတ်အစား ။ ဤသည်တို့ကား ရှောင်မရ ဖျက်မရသော သဲလွန်စများ ၊ သည်စွပ်ကြောင်းမှ လိုက်လျှင် သားကောင် ဘယ်ပြေးမည်နည်း ။ ဘယ်မှာလဲ မောင်မောင့် အတွက် ထွက်ပေါက် ။


••••• ••••• •••••


ငွေထုပ်များ ၊ နာရီများ ၊ ဆေးမျိုးစုံ ။


မောင်မောင် မျက်စိထဲ ယင်းအရာများ ဝါး၍ ဝါး၍ လာခဲ့ကြပြီ ။ လက်ထိပ် ၊ ရဲ ၊ တရားရုံးနှင့် ထောင်တို့သည်သာ ပီပီပြင်ပြင် ထင်ထင်လာသည် ။


မခိုး မလစ်မီ ထွက်ပေါက်ကို ဦးစွာ ရှာထားရမည် ။ ကြည့်ထားရမည် ။ ထွက်ပေါက် မရှိဘဲ ဘယ်အခါမှ မခိုးလေနှင့် ။ မလစ်လေနှင့် ၊ ဒါက မောင်မောင့် ဆရာများ၏ အဆုံးအမ ။


ယခု မောင်မောင် ဘယ်ပြေးမည်လဲ ။ သူခိုးအလစ်သမားတို့၏ ဒေသနာကို လိုက်နာခြင်းဖြင့် မောင်မောင်သည် ထွက်ပေါက်ကိုတော့ ရှာခဲ့ပါ၏ ။


သို့သော် ရာဇဝတ်မှုဟူသည် ထွက်ပေါက် မရှိတတ်ချေတကား ။


အချည်းနှီးသော ထွက်ပေါက်ကို မောင်မောင် ဆက်ရှာနေဦးမည်လား ။


အမှောင်ကျနေသော ဘဝမည်းမှ ရုန်းကန်ရင်ဆိုင် လှုပ်ရှားတွန်းလှန်ရင်း ဘဝထွက်ပေါက်ကို မောင်မောင် တစ်ယောက် မြင်တတ် ၊ ရှာတတ် ၊ တွေ့တတ် ၊ ထွက်တတ်ပါစေသတည်း ။


 ▢  ရွှေရတောင်ကုတ်

📖 မိုးဝေ မဂ္ဂဇင်း 

      စက်တင်ဘာ ၊ ၁၉၇၆

No comments:

Post a Comment