❝ စာဘူးတောင်း ပုံပြင် ❞
( မြို့သာမရာထို )
ကျွန်မ ငယ်ငယ်တုန်းက အားအားရှိ အဘွားကို ပုံပြောခိုင်းတာ ၊ ပုံပြင်တွေ ၊ နောက်ပိုင်း ဇာတ်ထုပ်တွေကဆို ပြောရလွန်းလို့ အပ်ကြောင်းကို ထပ်လို့ ၊ အဲဒီအခါမျိုးမှာ အဘွားက တိရစ္ဆာန်လေးတွေအကြောင်းကို စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောပြတတ်ပါတယ် ။
ကျွန်မလည်း ခုနစ်ဆယ်ကျော်ပြီ ဆိုတော့ အဘွားအရွယ် ရောက်နေပါပြီ ။ ကျွန်မမှာ မြေးသုံးယောက် ရှိတယ် ။ ဒုတိယသမီးက မွေးတာ ယောက်ျားလေး တစ်ယောက် ၊ မိန်းကလေး တစ်ယောက်ပါ ။ ယောက်ျားလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ စာစုံ တော်တော်ဖတ်တယ် ။ ပဉ္စမတန်းတုန်း ကတည်းက ပါဝါမျက်မှန်နဲ့ ခုဆို သတ္တမတန်း ရောက်နေပါပြီ ။ စာဖတ်တဲ့ ကလေး ဆိုတော့ လူတိုင်းနဲ့ ပြောတတ် ဆိုတတ် ရှိတယ် ။ စကားပြောတဲ့ အခါမှာလည်း စကားလုံးကို သေးရင် မွေးထားသေးတာ ။ ကြီးမှ လွှတ်တာ ။ အငယ်မကတော့ ‘ ရယ်ဒီမိတ် ’ ခေါက်ဆွဲတွေ စားလွန်းလို့လား မသိဘူး ။ ကွေးနေအောင် ကောက်တာ ။ တစ္ဆေ သရဲလည်း အလွန်ကြောက် ၊ TV ထဲမှာ ပါရင်လည်း မကြည့်ဝံ့ဘူး ။ လူလူချင်းကျတော့ သတ္တိကောင်းပြန်ရော ။ တတိယ သမီးက မွေးတာ သမီးလေး တစ်ယောက်တည်း ။ တစ်ဦးတည်းသောသမီး ဆိုပေမဲ့ ဆတ်ဆတ်လန် ဆန်ဆန်ကြဲ ၊ စကားပြောတော့လည်း ‘ ဆင်ခြေဆင်လက် ’ တွေနဲ့ ယုတ္တိပါအောင် ပြောတာ ။ စာကတော့ မြေးသုံးယောက် စလုံး တော်ကြပါတယ် ။ သူတို့လေးတွေကို အတုယူနိုင်စရာ အကြောင်းအရာလေးတွေ ပြောပြနိုင်ဖို့ စိတ်ကူး နေမိတယ် ။ ဒါပေမဲ့ ဒီမြေးတွေက ကျွန်မအနား တစ်ယောက်မှ မကပ်ကြဘူး ။ ခေတ်ချင်းက မတူလေတော့ TV နဲ့ ၊ Facebook နဲ့ အချိန်ကုန်နေကြတာ ။ TV ထဲက လာတဲ့ ဗမာကား ၊ အင်္ဂလိပ်ကား ၊ ကုလားကား ၊ တရုတ်ကား ၊ ကိုရီးယားကား ၊ သူတို့ မကြိုက်တဲ့ကား မရှိဘူး ။ အကုန်ကြည့် ။ Facebook သုံးရင်လည်း ထမင်းမေ့ ၊ ဟင်းမေ့ ၊ ကျွမ်းသလားလည်း မမေးနဲ့ ။ သင်ပေးထားလို့ မဟုတ်ဘူး ။ လက်တွေ့ စမ်းရင်း တတ်နေကြတာ ။
Covid - 19 ဖြစ်နေတဲ့ အချိန် ကျောင်းတွေ ၊ ကျူရှင်တွေက ပိတ်ထားတော့ ကျွန်မက အဘွား ပြောဖူးတဲ့ အထဲက ‘ စာဘူးတောင်း ’ လေး အကြောင်းကို ပြောပြချင်စိတ် ပေါ်နေမိတယ်။ ‘ စာဘူးတောင်း ’ လုပ်တဲ့ စာသူငယ်လေးတွေရဲ့ နာမည်ကို ကျွန်မ အမှတ် မမှားဘူး ဆိုရင် ‘ စာဝတီး ’ လေး လို့ ခေါ်ကြတယ် မှတ်တယ်။ ရိုးရိုးစာ ‘ ခေါင်းကျား ’ တွေထက် ယောင်ယောင် ငယ်သလိုပဲ။ ခေါင်းဝါလေးတွေနဲ့ ဒီစာဝတီးလေးတွေက အချိန်တန် အရွယ်ရောက်လို့ မိတ်လိုက်ပြီး ‘ ဥ ’ တော့မယ် ဆိုရင် ‘ စာဘူးတောင်း ’ အသိုက်လေးတွေ လုပ်ကြတယ်။ အထီးရော ၊ အမရော နှစ်ကောင်စလုံး ဝိုင်းလုပ်ကြတာပါ။
သူတို့ ကျက်စားတဲ့ တောထဲမှာပဲ သစ်ပင် အဖျားလေးတွေ မှာတို့ ၊ ထန်းပင် အဖျားလေးတွေ မှာတို့ တွဲလောင်းလေးတွေ တွေ့ရတယ် ။ လုပ်တဲ့ အခါမှာလည်း တကယ့် ‘ ဗိသုကာ ’ စာသူငယ်လေးတွေလို့ ဆိုရလောက်အောင် သေသေသပ်သပ်နဲ့ လက်ရာ မြောက်ကြပါတယ် ။ မြက်ပင်လေးတွေကို တစ်ပင်ချင်း ချီယူလာပြီး သူတို့ နှုတ်သီးလေးနဲ့ ထိုးထည့် လိုက် ၊ ဆွဲယူလိုက် ၊ သပ်ရပ်သွားအောင် ကိုယ်လုံးလေးနဲ့ ပွတ်ပြီး အချောသတ်လိုက်နဲ့ သေသေချာချာ ရက်လုပ်ကြတယ် ။ ‘ စာဘူးတောင်း ’ က ဖင်အိုင့်လေးနဲ့ ထိပ်ပိုင်းက ရှူးရှူးလေး ၊ ဘူးသီးလေးနဲ့ တူလို့ ‘ ဘူးတောင်း ’ လို့ ခေါ်ကြဟန် တူပါတယ် ။
ဖင်အိုင့်လေးထဲမှာ ဥဥ ကြတယ် ။ ဥတဲ့ နေရာရဲ့ ထက်နား နည်းနည်း အမြင့် နေရာမှာ ‘ စာ ’ အမေကြီး အဝင်အထွက် လုပ်ဖို့ အပေါက်ကလေးလည်း ရှိတယ် ။ သစ်ပင်အဖျားမှာ ချိတ်ထားတာ ခိုင်မြဲသလို ရက်ထားတဲ့ မြက်ပင်ကလေးတွေ ကလည်း ထူထူထဲထဲ ရှိတာကြောင့် အတော်အသင့် လေဒဏ်မိုးဒဏ်ကတော့ ခံနိုင်တယ် ။ သစ်ပင် ကိုင်းဖျားကိုင်းနားမှာ ဆိုတော့ မြွေပါးကင်းပါး ရန် ကလည်း မကြောက်ရတော့ဘူးပေါ့ ။
‘ စာဘူးတောင်း ’ ကို တစ်ခုတည်း လုပ်ကြတာ မဟုတ်ဘူး ။ နှစ်ခု လုပ်ကြတာ ။ အမ ‘ ဥ ’ ဖို့က တစ်ခု ၊ အထီး နေဖို့က တစ်ခု ၊ စာအထီး ( အဖေကြီး ) နေတဲ့ ဘူးတောင်းသိုက်က ညအခါ အဖေကြီး အိပ်ဖို့အတွက် အိပ်တန်းလေးကို မြက်ပင်လေးတွေ လိမ်ပြီး ကြိုးတန်းလေး လုပ်ထားတာ ရှိတယ် ။ အဲဒီ ဘူးတောင်းသိုက် နှစ်ခုက မသွေမကွာ သိပ်မဝေးကြဘူး ။
စာကလေးတွေက ‘ ဘူးတောင်းသိုက် ’ ဖြစ်မြောက်ဖို့ မြက်ပင်လေးတွေ တစ်ပင်ချင်း ချီပြီး အခေါက်ခေါက် အခါခါ ကူသယ်ခေါက်သယ် သယ်ပြီး လုပ်ကြရှာတာ ။ အချိန် ဘယ်လောက်များ ကြာတယ် မသိနိုင်ဘူး ။ စာလေးတွေ အတွက်တော့ သူတို့ ဘူးတောင်းသိုက်ကလေးတွေက သေသေသပ်သပ်နဲ့ ခိုင်ခိုင်ခံ့ခံ့ ရှိလှပါတယ် ။
‘ စာဘူးတောင်း ’ လေး ပြီးလို့ စာမလေး ‘ ဥ ’ တဲ့ အချိန် ‘ ရွှံ့စေး ’ တွေကို လက်တစ်ဆစ်စာလောက်ထိ ရအောင် အခေါက်ခေါက် ချီယူလာကြပြီး စာမလေး ‘ ဥ ’ တဲ့ ဘူးတောင်း ထိပ်ပိုင်းနားလေးကို ကပ်ထားပေးပါတယ် ။ အဲဒီ ရွှံ့စေးနဲ့ ညမှာ ပျံနေတဲ့ ‘ ပိုးစုန်းကြူး ’ တစ်ကောင်ကို ဖမ်းချီလာပြီး ကပ်ထားပေးတာပါ ။ ဝပ်ကျင်းထဲက စာမလေး ကို အလင်းရောင်ရစေဖို့ မီး ထွန်းပေးထားတဲ့ သဘောပေါ့ ။ စာကလေးတွေရဲ့ လုပ် ဆောင်ချက်က ပြုံးချင်စရာလေးမို့ ပြုံးမိပါသေးတယ် ။
အကောင် လေးတွေ ပေါက်တော့လည်း ‘ ပိညှပ် ပိညှပ် ’ နဲ့ ပါးစပ်လေးတွေ ဟ အော်နေတဲ့ စာသူငယ်လေးတွေကို စာအထီးရော ၊ အမပါ နေ့အခါမှာ အစာသွားရှာကာ ပါးစပ်ချင်း တေ့ပြီး စာပေါက်စလေးတွေကို ခွံ့ကျွေးကြတယ် ။
ညရောက်ရင်တော့ စာအဖေကြီးက သူ့ ဘူးတောင်း အသိုက်လေး ထဲမှာ အိပ်တန်းဝင် ၊ စာအမေကြီးကတော့ စာကလေးတွေကို အနွေးဓာတ် ရအောင် ဝပ်ထားပေးပြီး အိပ်ရပါတယ် ။ တစ်ရေးနိုးလို့ စာကလေးတွေ ‘ ပိညှပ် ပိ ညှပ် ’ အော်နေပြီ ဆိုရင် အမေကြီးက သူ့နှုတ်သီးလေးနဲ့ တွန်းတွန်းပြီး ရင်ဘတ်အောက် ပို့သွင်းပေးတယ် ။ အဖေကြီးကတော့ တစ်ဖက်ဘူးတောင်း အသိုက်လေးထဲက ခုန်ဆွခုန်ဆွနဲ့ ‘ ကျလိကျလိ ’ အသံ ပေးနေတော့ စာအမေကြီးလည်း အားရှိတာပေါ့ ။
အမွေးအတောင် စုံလို့ အပျံသင်ပြန်တော့လည်း စာကလေးတွေ နားက ထိန်းကျောင်းပေးရင်း နောက်က တကောက်ကောက် လိုက်ပြီး အစာ တွေ့တော့ စာကလေး ပါးစပ်ဟ ပေးတာနဲ့ ကောက်ခွံ့ကျွေး ၊ သူတို့ အရွယ်ရောက်လို့ လွတ်လွတ်လပ်လပ် ပျံနိုင်ပြီ ဆိုတာနဲ့ သူတို့ ‘ ဥ ’ ခဲ့တဲ့ ဘူးတောင်းလေးနဲ့ ဝန်းကျင်ကို စွန့်ပြီး နေရာသစ် ရှာရင်း တောပြောင်း သွားတတ်ကြတယ် ။
အဲဒီအခါမှာ သူတို့ ဘူးတောင်းထဲကို အသိုက် ကောင်းကောင်း မလုပ်တတ်တဲ့ စာငပျင်း စာကျားတွေက အချောင် ဝင်ဥကြတယ် ။ လက်သီးတစ်ဆုပ်စာ အတွင်းလောက်ရှိတဲ့ စာသူငယ်လေးတွေ တောင်မှ ‘ စာဘူးတောင်း ’ လေး ဖြစ်အောင် ဇွဲ ၊ လုံ့လ ၊ ဝီရိယနဲ့ ကြိုးစား လုပ်ကြပြီး တာဝန် သိတာကို အတုယူစေချင်တယ် ။ ဘူးတောင်းလေးထဲမှာ စေတနာတွေ ၊ မေတ္တာတွေ အပြည့် ထည့်လုပ်ထားတာ ကိုလည်း သိစေချင်တယ် ။
ဘူးတောင်း လုပ်တဲ့ စာခေါင်းဝါ ‘ စာဝတီး ’ လေးတွေနဲ့ အချောင်သမား စာကျားတွေ ကိုလည်း နှိုင်းယှဉ် ပြောပြရဦးမယ် ။
▢ မြို့သာမရာထို
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၂၁

No comments:
Post a Comment