Monday, April 6, 2026

ကောင်ကလေး နှင့် ကောင်မလေး

 

❝ ကောင်ကလေး နှင့် ကောင်မလေး ❞
           ( ပီမိုးနင်း )

ဘအောင်သည် ငွေမြ ခေါ်သော သမီး အချောကလေး ရှိသော အိမ်ကို မိမိ၏ သူငယ်ချင်း မောင်ထိုက်၏ အိမ်ခွေးကတက်ကို ထိုင်ကာ ကြည့်လျက်သာ နေလေ၏ ။

“ ရှင့်သား ကြီးပါပြီ ။ အလုပ်လုပ်ဖို့ အရွယ်ပါ ။ ပညာသင်ဖို့ အရွယ် မဟုတ်ပါဘူး ၊ ကျွန်မသားမှာ ပညာသင်တဲ့ အရွယ် ဖြစ်တဲ့အတွက် ကျွန်မသား သန်းဖေ သာ ကျောင်းထားဖို့ တော်ပါတယ် ။ ရှင့်သား ဘအောင်မှာ ပညာသမား အင်္ဂလိပ်ရုပ်ကို ကျုပ်တော့ မမြင်ဘူး ။ နှစ်ယောက်စလုံး ထားရရင်လည်း တစ်လ လေးငါးခြောက်ဆယ် ကုန်မှာ ” ဟု ပြောသော မိဒွေး၏ စကားကို ပြန်လှန် စဉ်းစား၍ နေလေ၏ ။

ဘအောင်မှာ အသက် ဆယ့်ခြောက်နှစ်အရွယ် ရှိရာ ဘုန်းကြီးကျောင်း မှာသာ ပညာသင်ခဲ့ရ၏ ။

ဖခင်ဖြစ်သူ လယ်သူကြီး ကိုသာဦး ကလည်း အလွန်ကောင်း ပထွေး ဟူသော နာမည်ကောင်းကို ရလို သဖြင့် သားရင်းဖြစ်သူ ဘအောင် ထက် မယားပါသား သန်းဖေကို  ပိုမို၍ ဂရုစိုက်လေ၏ ။ ထိုသို့ ဂရုစိုက်ရာ သန်းဖေ၏ မိခင် ဘအောင်၏ မိထွေးကလည်း တတွတ်တွတ် ပြောသဖြင့် သန်းဖေကို ရန်ကုန်မြို့ အစိုးရကျောင်းသို့ ပို့လိုက်ရလေ၏ ။ ဘအောင် မှာကား မိထွေး၏ ထင်မြင်ချက် အတိုင်း သစ်နင်းသစ်ကျိုး ၊ ဝါးနင်းဝါးကျိုး ၊ အလုပ်ကြမ်း အလုပ်မျိုးနှင့်သာ တော်သည် ။ ပညာနှင့် မသက်ဆိုင် ဟူသော အနေနှင့် နွားများကို ထိန်းကျောင်းခြင်း ရေသယ်ခြင်း ထင်းပေါက်ခြင်း အလုပ်များကို လုပ်ရန် အိမ်မှာ နေရလေ၏ ။

ဘအောင်မှာ ပညာ မသင်ရသော်လည်း အကြံဉာဏ် ကင်းသူမဟုတ် မိထွေး ခိုင်းစေရာကို လုပ်မည့် အစား ဘာကို လုပ်ရမလဲ ဟူ၍သာ ရှာကြံ၍ နေရလေ၏ ။ ဒင်းသားတော့ ပညာတတ်မှာပဲ ။ ပညာတတ်ပေမဲ့ ကိုယ့်ထမင်း ကိုယ် ဝဝ ရှာမစားနိုင်တဲ့ ပညာ ဖြစ်ရင် ဘာအကျိုးလဲ ။ လောကမှာ ကိုယ်တိုင် လုပ်ကိုင်ရှာကြံ အသက်မွေးနိုင်မှ လူစွမ်းကောင်း ဖြစ်တာပဲ ။ ပညာသင်ပြီး မိဘက မွမ်းမံ နေရရင် ဘာလုပ်မလဲ ။ သူကြီး ကိုအောင်လှသား ဖိုးတုပ် ဘီအေ အောင်လို့ သဗြုသီး မြို့အုပ်ဆိုလား ဖြစ်သတဲ့ ၊ ပြီးတော့ သူအဖေ တစ်လှည့် ၊ သူ့ယောက္ခမ တစ်လှည့် အမြဲ ငွေကြေး ထောက်နေရသတဲ့ ။ တစ်ခါတစ်ခါ သူတို့ လင်မယား အိမ်ကို လာတဲ့ အခါလည်း မင်းနဲ့ မင်းကတော်မို့ ထင်ပါရဲ့ ။ မိဘများက အရေးယူ လိုက်ရတာ မိဘကတောင် အရိုအသေ ပေးရဦး မလိုလို ဖြစ်နေတာပဲ ။

သန်းဖေ လည်း ဘယ်လို လာမလဲ မသိဘူး ၊ ငါ့ ဖေဖေ စိတ်အေးရင် ပြီးတာပဲလေ ။ သူတို့ ဘယ်လို စီမံစီမံ ခရုအဆံ လူမှာအကြံတဲ့ သင်းတို့လို အင်္ဂလိပ်ကျောင်း နေရမှ လူဖြစ်မှာလား ။ ဖေဖေ့မှာ လယ်သူကြီးပေမဲ့ ကြွေးတွေ ဝိုင်းလို့ နှစ်ယောက်စလုံးကိုလည်း ကျောင်းမှာ မထား နိုင်ရှာပေဘူး ။ တစ်နှစ်နဲ့ တစ်နှစ် အလျင်မီရုံကလေး ရှိတာပဲ ၊ ဒီလယ်အလုပ်ကို လုပ်နေရင်လည်း စာရင်းငှား လောက်မှ ငါ ရမှာ မဟုတ် ။ သားမို့ ခိုင်းရုံ ခိုင်းပြီး ထမင်း ကျွေးရုံ ကျွေးမှာပဲ ။ ဒင်း ဆယ်တန်းအောင် မအောင် ငါ လူချမ်းသာဖြစ်အောင် ဘာကို လုပ်ရမလဲ စသည်ဖြင့် တွေးတော၍ နေလေ၏ ။

ဖခင်ဖြစ်သူအား ပြောလျှင် အကျိုးရှိမည် မဟုတ် ၊ ငွေရင်းကြေးရင်း နှင့် လုပ်ကိုင်ကြံစည်ဖို့အရေးမှာ ဖြစ်နိုင်ဖို့ နည်းလမ်း မရှိ ။ ဖခင်မှာ ထုတ်၍ ပေးစရာ မရှိ ၊ မိထွေး မှာလည်း နားကပ်တစ်ရန် ကျားခေါင်းလက်ကောက်ကြီး တစ်ရန် ကြိမ်ခြင်းစတီးလက်ကောက် ငါးရံရှိသည် ကားမှန်၏ ။

ငါအမေရင်းသာ ဖြစ်ရင် အမေ ကျွန်တော် ဘာလုပ်ချင်တယ် ။ ငွေလိုလို့ ပေးပါ ဆိုပြီး ပွတ်သီးပွတ်သပ် တစ်ခါနှစ်ခါ လုပ်ရင်း လက်ကောက် တစ်ရန်နှစ်ရန်တော့ အမှန် ပြုတ်ထွက်မှာပဲ ၊ မိထွေး ဆိုတော့ ပွတ်သီး ပွတ်သပ် လုပ်လို့လည်း မဖြစ် ရမှာလည်း မဟုတ်ပါကလား စသည်ဖြင့် ဆင်ခြင်လျက် ဝမ်းနည်း၍ နေလေ၏ ။

နေ့ရှိသမျှ မိမိ၏ သူငယ်ချင်းအိမ် ခွေးကတက်မှ နေ၍ ငွေမြတို့ အိမ်ကိုသာ ကြည့်လျက် နေလေ၏ ။

ငွေမြမှာ သူကြီးဟောင်း စပါးကုန်သည် ဦးရွှေခိုင် ၊ ဒေါ်မှူးတို့၏ တစ်ဦးတည်းသော သမီးကလေး ဖြစ်ရာ ရုပ်ချောဥစ္စာပေါ ဆိုလျှင် မှားမည် မဟုတ် ၊ ပထမတန်း ဖြစ်လေ၏ ။

ဘအောင်မှာ တစ်နှစ်နှင့် တစ်နှစ် အလျှင်မီသော လယ်သူကြီး၏ သားပညာ ၊ ဥစ္စာ ၊ နတ္တိ ၊ ရုပ် ဆိုရာမှာ ကျောက်ပေါက် အပြည့်မို ကုသ၏ ညီတော် ဟု ခေါ်လောက်လေ၏ ။ အသားမှာ ညိုညစ်ညမ်း ကိုယ်ပေါက် ကိုယ်ရောက်မှာ ကြီးခိုင်တုတ်၍ ရုပ်မလှသူ ဖြစ်လေရာ ၊ တွေ့ ရာရှစ်သောင်းကို ကြားသူတိုင်း တအုံးအုံး နေအောင် ပြောတတ်ခြင်းမှ တစ်ပါး အခြား ဂုဏ်ဟူ၍ တစ်စုံ တစ်ရာမျှ မရှိ ။ ၎င်းအိမ်၌ ကာလသား အဖော်များနှင့် တဟားဟား နေခြင်းဖြင့် အချိန်ကို ကုန်လွန်စေ၏ ။

သို့ဖြစ်သောကြောင့် ငွေမြကို ပိုးသလို နေရာမှ မခွာနိုင်ဘဲ ရှိနေသည်မှာ အများပြောစရာ ဖြစ်၍ နေလေ၏ ။ ထိုနေ့၌ကား ငွေမြတို့၏ ကျယ်သော ခြံကြီးနှင့် မောင်းတက် တပ်၍ ထားသော ရေတွင်း၏ ရိပ်ငြိမ်သာယာပုံကို ကြည့်ကာ ဘာတွေကို တွေးသည်ဟု မည်သူမှ မသိရ ။ ခွေးကတက်တိုင်ကို မီကာ ၊ ထိုင်လျက်သာ နေလေ၏ ။

“ ဟေ့ ဘအောင် မင်း ဘာအညှော်ခံပြီး သွားရည်ကျနေသလဲ ” ဟု သူငယ်ချင်း တစ်ယောက်က ပြော၍ သွားသည်ကို သတိမထား အကြောင်သား ကြည့်၍ နေလေ၏ ။

သို့နေခိုက်တွင် မိထွေးနှင့် အဖေ ရောက်လာလေ၏ ။

အဖေ ။  ။ “ နင် ဒီမှာ ဘာလုပ်နေသလဲ ၊ အိမ်မှာ ကူဖော်လောင်ဖက်ဖြင့် မရဘူး ၊ နင့်လို ရုပ်မျိုးနဲ့ ငွေမြကို ပိုးနေလို့ ရမယ် ထင်လို့လား ” ဟုပြောလေ၏ ။

မိထွေး ။  ။ “ တိုးတိုး ပြောပါတော် ၊ မတော်လို့ ဟိုက ကြားမှဖြင့် ခက်တော့မှာပဲ ၊ တကတဲ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ ဆိုတာ ကျနေတာပဲ ”

ဘအောင်သည်ကား စကားပြန်၍ မပြော ၊ ထိုင်ရာမှ ထပြီး ဦးခေါင်း ငိုက်စိုက်ချလျက် လိုက်ပါ၍ သွားလေ၏ ။

ငွေမြသည် အိမ်ပေါ်မှ ရပ်ကာ ဇာထိုးရင်း ကြည့်၍ နေလေ၏ ။ ဘအောင် ကလည်း ငွေမြတို့ အိမ်ဘက်သို့ လှည့်ကာ အသက်ရှိုက်ရှူပြီး လျှောက်၍ သွားလေ၏ ။ သန်းဖေ ဆယ်တန်း မအောင်မီ ပညာမသင်ဘဲ ချမ်းသာဖို့ နည်းလမ်းမှာ အခြား မရှိ ၊ ငွေမြတို့ အိမ်နှင့် ငွေမြတို့ ခြံကြီးမျိုးမှာ တက်စီးထိုင်ရမှသာ ချမ်းသာဖို့ ရှိလေ၏ ။

ဘအောင် အတွက် ဤသိုက်တူးနည်းမျိုးသည်ဖြစ်နိုင်ပါမည်လော ။

အိမ်သို့ ရောက်သောအခါ ရေကလေး သုံးလေးထမ်း စိတ်မပါ့တပါ ထမ်းပေးပြီး ထင်းကလေးများကို ခွဲလေ၏ ။ ထိုနောက် တက်တိုး ၊ ကျား မောင် ၊ အယ်ရိုပလိန်း ၊ စံရှား ခေါ်သည့် နွားလေးကောင်နှင့် နွားမ တစ်ကောင် နွားကလေး တစ်ကောင်ကို အိမ်သို့ မ,ရန် လယ်ပြင်သို့ ထွက်၍ သွားလေ၏ ။

ထိုညနေ ထမင်းစား ပြီးသောအခါ ငွေမြ၏ အိမ်ကို မျှော်ဖို့ရန် သူငယ်ချင်း မောင်ထိုက်၏ အိမ်ကို ပြန်၍ လာပြန်လေ၏ ။

အဖော်များနှင့် တေးဆိုသူက ဆို တီးသူက တီး ၊ ရယ်စရာမောစရာ ပြောသူက ပြော မနည်းကြီး ညဉ့်နက်၍ အဖော်များ ပြန်ကြသောအခါ ဘအောင်မှာ အိမ်ကို မပြန်ဘဲ ခွေးကတက်တိုင်မှာ မှီရင်း ရှုပ်ပွလျက် မပြုမပြင် ဖြစ်ချင်သလို ဖြစ်၍ နေသော ငွေမြတို့၏ ခြံကြီးကိုသာ စိုက်ကာ ကြည့်၍ နေလေ၏ ။

သို့နေရင်း အိပ်ပျော်၍ သွားရာ သူကြီးခေါင်းချ အချိန်လောက်ကျမှ နိုးလေရာ အိမ်ခေါက်တံခါးများ ပိတ်လျက် အပြင်၌ မိမိ တစ်ယောက်တည်းသာ ရှိနေသည်ကို တွေ့ ရလေ၏ ။

ငွေမြတို့ အိမ်ကို တစ်ဖန် ဆက်လက်၍ မျှော်ပြန်လေ၏ ။ သေးငယ်သော အိမ်ရှေ့ပြတင်းပေါက်တစ်ပေါက်မှာ ပွင့်လျက်နေရာ အတွင်း၌ မီးရောင်ကို မြင်ရသဖြင့် မအိပ်သေးဘူး ထင်ပါရဲ့ဟု တွေးကာ ခြံကြီးဘက်ကို ကြည့်ပြီး သက်မကြီး ချလိုက်လေ၏ ။

ဤခြံကြီးနဲ့ ဤအိမ်ကြီးနဲ့ ဤရေတွင်းနဲ့ ပန်းပင်တွေ ဝေနေအောင် စိုက်ပြီး ... အော် ငွေမြ ငွေမြ ဘယ်လောက်များ လှမယ် ဆိုတာ ငါသာ ပိုင်ရင် မြိုင်မြိုင် ပြလိုက်ချင်ပါရဲ့ဟု တွေးလေ၏ ။

ထိုနောက် ခြံဝင်းကို ပတ်လည်၍ ဟိုထောင့်က ချောင်း သည်ထောင့် မျှော် အပေါ်ကိုလည်း လှမ်း၍ကြည့် ခြံတွင်း နေရာ ရှိသမျှကိုလည်း သတိနှင့် မှာလေ၏ ။

ထိုကဲ့သို့ အသည်းနှလုံးမှာ စွဲလမ်းကြီးသလောက် ခြံထဲသို့ အပေါက် တစ်ပေါက်မှ ဝင်ခါ တောင်ကို လျှောက် မြောက်ကို လျှောက် စိတ်ရူးပေါက်တိုင်း သွားလာ နေလေ၏ ။

ရေတွင်းကို ကပ်ကာ ငုံ့၍ ကြည့်ရာ ဖိုးလမင်းကြီး ရေတွင်းထဲ ကျ၍ နေသလို မြင်ရလေ၏ ။ ရေမှာလက် လှမ်းလျှင် ထိလုနီးနီး ပြည့်၍ နေလေ၏ ။ ရေတွင်းမှ ထွက်ပေါ်လေ့ ရှိသော အေးသော ရေနှင့် ရေညှိအနံ့ အသက်များသည် ကြည်နူးသာယာဖွယ်သော အငွေ့သက်ကို ဆောင်ကာ နှာခေါင်းမျက်နှာ တက်၍ ဟပ်လေ၏ ။

ညမှာ ဆိတ်ငြိမ်လျက် အေးချမ်းလေသည် အလေ့ကျပေါက်သော ဘိစပ်ပင် ၊ ပန်းထိမ်ငို စသည့်ခြံနှင့် မကြည့်မရှု စွန့်ပစ်၍ထားသော နှင်းစံပယ်ရုံများ၏ အကြား၌ လေသည် ညီးညူ၍ နေလေ၏ ။

ငွေမြ၏ ဖခင်မှာ အတော် ခက်ထန်သူ ဖြစ်လေ၏ ။ သို့သော်လည်း ဘအောင်မှာ ရုပ်မလှသော လူရိုး ဖြစ်သဖြင့် ယုံကြည်လျက် နောက်ပိုးတတ်မယ့် သူငယ် မဟုတ်ဟု သဘောရသဖြင့် သမီးပျိုကလေး၏ အဖေ ဖြစ်သော်လည်း ဘအောင်ကို အရောတဝင် စကားပြောလေ့ ရှိ၏ ။ အခြားသားနား သားယောက်ျားပျိုကလေးများ ကိုကား များစွာ အရောဝင်လေ့ မရှိချေ ။

သို့ပင် ငွေမြ၏ ဖခင်က အရောတဝင် လုပ်သော်လည်း ဘအောင်မှာ ဂုဏ်ရေချင်း မတူသည်က တစ်ကြောင်း ၊ လူကြီးနှင့် လူငယ် ဖြစ်ခြင်းကြောင့် တစ်ကြောင်း ၊ နဂိုက ကြောက်တတ်သောကြောင့် တစ်ကြောင်း ၊ ခွေးကလေး အရောဝင် ပါးလျက်နားလျက် ဆိုသည့် စကားလို မဖြစ်ရအောင် အရောဝင်တိုင်း ပြန်၍ အရောမဝင် သိတတ်သူ တစ်ယောက်၏ အမူအရာမျိုးနှင့် နေလေ၏ ။ သို့ဖြစ်သောကြောင့်လည်း ရုပ်ရည် မသားမနားဘဲလျက် အများ ချစ်ခင်ခြင်းကို ခံရလေ၏ ။

သို့အတန်ကြာ လှည့်လည်၍ နေပြီးနောက် ပြန်၍ ထွက်ပြီး သူငယ်ချင်းအိမ် ခွေးကတက်သို့ မပြန်ဘဲ အိမ်ကို ပြန်၍ သွားလေ၏ ။

နံနက်ခင်း လုပ်ကိုင်စရာ ရှိသည်ကို လုပ်ပြီး နံနက်စာ စားလေ၏ ။ ထို့နောက် သူငယ်ချင်း၏ အိမ်သို့ ရောက်၍ လာလေရာ မည်သူကိုမျှ မတွေ့ ရ ။ သူငယ်ချင်း၏ အရီး ဖြစ်သူ ဒေါ်မယ် ကိုသာ တွေ့ ရလေ၏ ။

ဒေါ်မယ် ။  ။ “ မင်းသူငယ်ချင်း မသာအိမ်ကို သွားတယ် ” ဟု ပြောသဖြင့် ခွေးကတက်မှာ ထိုင်ပြီး ငွေမြတို့ အိမ်ကို ခဏမျှ ကြည့်၍ နေလေ၏ ။

အိမ်မှာ ဆိတ်ငြိမ်သည့် အသွင် ရှိလေ၏ ။

အောင် ။  ။ “ အိမ်ရှေ့အိမ်လည်း အင်မတန် တိတ်ဆိတ်ပုံ ရပါကလား အရီးရဲ့ ”

“ တိတ်ဆိတ်မှာပေါ့ ငွေမြ တစ်ယောက်တည်း ရှိတာပဲ ။ သူ့အဖေနဲ့ တခြား အိမ်သားများလည်း မသာကို သွားကြတာကိုး ”

“ အော် - ငွေမြ တစ်ယောက်တည်း ရှိသလား ” 

“ အေး ခုတင်က အိမ်ရှေ့ ထွက်ပြီး စပါးလှမ်းနေတာ အရီး မြင်လိုက်ရတယ် ” ဟု အဒေါ်ကြီးက ပြောလေ၏ ။

ဘအောင်သည် အတန်ကြာ စဉ်းစား၍ နေလေ၏ ။ ငွေမြ တစ်ယောက်တည်း ရှိသတဲ့ ။ သူ့အဖေ မရှိသည်လို လွတ်လွတ်လပ်လပ် တွေ့ကြုံဖို့ အခက်သားပဲ ၊ သည်လို နေရင် သည်လို နေမည် ။ သည်လို မနေမှ သည်လို မနေမည် ( ကြောက်လွဲ ရဲမင်းဖြစ်သတဲ့ စွန့်မှ စားရသတဲ့ ) ယနေ့လို အခန့်သင့်ပုံမျိုးဟာ နင်တော်တော်နဲ့ ကြုံကြိုက်ချင်မှ ကြုံကြိုက်မှာ သူဘာသာ တစ်ယောက်တည်း ၊ ဘယ်ကိုမှ ထွက်တာ မဟုတ်ဘူး ။ တော်လှပြီ ငွေမြကို ယနေ့ အချက်ကျ တွေ့ရမှ တော်မည် ။ မတွေ့ ရရင် ငါ အခုလို တရစ်ဝဲဝဲနဲ့ ဘယ်လောက်ကြာကြာ နေရမလဲ မသိဘူး ။ သူ့အဖေကို ငါ တိုက်ရိုက် မပြောဝံ့ သူကမှ တစ်ဆင့် ပြောလျှင် ပြောဖြစ်နိုင်မှာပဲ စသည်ဖြင့် တွေးတောရင်း အရဲစွန့်၍ သွားလေ၏ ။

အိမ်ခေါင်းရင်း အဖီကလေးအောက် ကွပ်ပျစ်ပေါ်တွင် ငွေမြ ဇာထိုး၍ နေသည်ကို တွေ့ရလေ၏ ။ ဘအောင် ကို ငွေမြ လှည့်၍ မကြည့်သဖြင့် မမြင်ရပေ ။ ဘအောင် သည် မရဲတရဲ ကပ်၍ သွားပြီး အဖီ၏ ပကာတိုင်ကို ဖက်ကာ ဘယ်လိုများ စ၍ နှုတ်ခွန်းဆက်ရပါမည်နည်းဟု တွေးတောရင်း ရှက်ကြောက်လျက် တွန့်လိမ်၍ နေလေ၏ ။

အတန်ငယ် ကြာသောအခါ အဟဲ့ ဟု ချောင်းဟန့်လိုက်ရာ ငွေမြ က ရုတ်တရက် လှည့်ကြည့်ပြီး “ အမယ်လေးတော့ အလန့်တကြား ” ဟု ပြောပြီး ဘအောင်၏ မျက်နှာကို ကြည့်၍နေရာ ဘအောင် ခမျာ အရှက် အကြောက်ကြီးသူဖြစ်ရာ ရယ်တော့ မလို ၊ ငိုတော့ မလို တိုင်ကို ဖက်ကာ ငါးမွေလိမ် ငါးရှဉ့်လိမ် တွန့်လိမ်လျက် ပြူးသလို ပြဲသလို မဲ့သလိုလို ရွံ့သလိုလို ဖြစ်၍ နေလေ၏ ။

“ ရှင် ကျွန်မကို လာပြီး ပြောင်ပြနေတာလား ၊ ဘာလုပ်မလို့လဲ ” ဟု ဒေါသကို ရယ်ချင်စိတ်က လွှမ်းမိုးသဖြင့် နှုတ်ခမ်းကို ကိုက်ကာ ရယ်လေ၏ ။ အမြဲလိုလို ဘအောင်၏ အကြောင်းအဖြစ်များကို ကြားရခဲ့လေရာ လူပြောင် တစ်ယောက် ဖြစ်ကြောင်းကိုလည်း ငွေမြ သိလေ၏ ။

“ ရှင်တမင် လုပ်နေတာလား ပြောင်တာလား ” 

“ လှောင်ဖို့လာတာ မဟုတ်ပါဘူး ၊ ငွေရယ် အတည်ပြောဖို့ စွန့်ပြီးလာတာပါ ”

“ ရှင်က ဘာများ အတည်ပြောဖို့ လာတာတုံး ဖေဖေ ပြန်လာလို့ တွေ့ရင် ရှင့်ကို ဟောဟို တံမြက်စည်းနဲ့ ရိုက်လိမ့်မယ် ”

“ ဒါတော့ မငွေသာ ပဓာနပါ မငွေ ပြောရင် ပြီးပါတယ် ” ဟု ပြောကာ တွန့်ကာနေလေ၏ ။

“ ဘာပြောရမှာလဲ အလို ခက်ခက်ချည်သေးတယ် ၊ အလိုအလို ဘယ့်နှယ် ဖြစ်တာလဲ အကြောဆွဲ နေသလား ၊ ရှင် ကျွန်မကို တစ္ဆေခြောက်ပြနေတာလား ဘာလိုချင်သလဲ ”

ထိုကဲ့သို့ နေရာမှ ကြောက်စိတ်ကို ဖျောက်ကာ အံကြိတ်လျက် တင်းပြီး

“ ဒီခြံကြီးဟာ မငွေတို့ ဟိုဒင်း .... ဘာမှလဲ မလုပ်ဘူးလား ”

“ ဘာဖြစ်လို့လဲ ”

“ ဒီလိုပဲ ရှုပ်နေတာ မြင်ရတာ သုံးနှစ်လောက် ရှိပြီ ” 

မငွေသည် ၎င်း၏ မျက်နှာကို စိုက်ကာ စဉ်းစားသလို ကြည့်ပြီး

“ ရှင် ပြောစရာရှိတာ ပြောပြီး သွားရှင့် ၊ ဖေဖေ မိနေမယ် ”

“ အဲဒါ အတွက်ပေါ့ ၊ မငွေရဲ့ဖေဖေကို တိုက်ရိုက် မပြောဝံ့လို့ပါ ”

“ ဘာကို မပြောဝံ့တာလဲ ”

“ အဲဒီ ခြံပေါ့ ၊ အလကားထားမယ့် အတူ ကျုပ် ပန်း စိုက်ပါရစေ ၊ အိမ်လည်းလှ မငွေတို့လည်း သုံးချင်သလို သုံး ပန်းတွေကို ကျုပ်ကတော့ အတော်အတန် နေ့စဉ် ဈေးဖိုးရရင် တော်ပါပြီ ”

“ အောင်မယ်လေး ကိုဘအောင်ရယ် ဒါနဲ့များ အရေးကြီး နေလိုက်တာ ရှင်သဘောရှိ လုပ်နိုင်ပါတယ် ။ ရေတွင်းကလည်း ရေအပြည့်နဲ့ ”

“ ဒါကြောင့်ပေါ့ ကျုပ်တို့ အိမ်နေရာက ကျဉ်းတယ် ။ ရေလည်း မရှိဘူး ။ သည်အတွက် ဒီခြံကို မျက်စောင်းထိုး နေတာ ကြာလှပြီ ”

“ ရှင် ဘာပန်း စိုက်မှာလဲ ”

“ စံပယ် ၊ နှင်းဆီ ၊ နှင်းပန်းပေါ့ ။ရောင်းလို့ တွင်မယ့် ပန်းပေါ့ ၊ လယ်လုပ်ရတာ ပင်ပန်းတယ် မငွေ ၊ သူတို့က ခိုင်းပြီး စာရင်းငှားလောက်မှ မပေးဘူး ။ သူ့မယား အတွက် ရွှေသာ ဝယ်တာပဲ ”

“ ဒီလိုဖြင့် ကောင်းပါပြီရှင် ၊ ကျွန်မ ဖေဖေကို ပြောပါမယ် ။ ရှင့်သဘောရှိ ဘယ်အခါ မဆို လုပ်နိုင်ပါတယ် ။ ကျွန်မတို့က သာသာယာယာ နေရရင် တော်ပါပြီ ” 

ဘအောင်သည် အားရဝမ်းသာ ထွက်၍ လာလေ၏ ။ နောက်တနင်္ဂနွေ တစ်ပတ် အတွင်း ကူလီကု,လားနှစ်ယောက်နှင့် ခြံတစ်ခုလုံးကို ရှင်းလင်း တူးဆွ လုပ်ကိုင်ပြုလေ၏ ။ နှစ်လသုံးလ အတွင်း ငွေမြတို့ ခြံမှာ ရွာထဲတွင် အလှဆုံး ဖြစ်လေ၏ ။

အခြား မြေရာလွတ် ရှိသော အိမ်များသည် ထိုခြံကို မြင်ကြသောအခါ “ မောင်ဘအောင် ကျုပ်တို့ ခြံကိုလည်း စီမံပေးပါ ။ မင်းသဘောရှိ မင်းမြေပိုင်လို လုပ်ပါ ။ ငါတို့က ရေတောင် ကူလောင်းပေးပါဦးမယ် ။ တို့က အစောင့်ပေါ့ကွဲ့ ” စသည်ဖြင့် တောင်းပန်ကြလေ၏ ။

ဘအောင်မှာ မြေပိုင် တစ်ဖျာရာမှ မရှိဘဲလျက် ပန်းခြံများတို့၏ ပိုင်ရှင် ဖြစ်၍ နေလေ၏ ။ နံနက်မှ ညနေ အထိ နောက်ပါ မာလီကု,လား ခြောက်ယောက်၏ ရှေ့၌ မယ်ဇလီခေါင်း ကဲ့သို့ ကြိမ်လုံးကို ကိုင်ကာ စီမံခိုင်း စေရုံသာ ခိုင်းစေရတော့၏ ။ အစ၌သာ ကိုယ်တိုင် အနည်းငယ် ပင်ပန်းလေ၏ ။ ယခုမှာကား နေ့စဉ်ပန်းများကို ဈေးသို့ ပို့ရာ မာလီကု,လားများအား နေ့စဉ် အခကို ပေးရ၏ ။ သို့ပေးရပြီးနောက် မိမိအတွက် တစ်ဆယ်ကိုးကျပ် မနည်း လက်ကျန်ငွေ ရှိလေရာ ၊ ထိုရွာမှာလည်း ရွာ အပေါင်းတို့တွင် အထူးသာယာလျက် ပန်းတွေနှင့် ဝေ၍ နေသည်ကို အနီးအပါး ရွာများက မြင်ကြရသောအခါ ဘအောင်ကို လာ၍ ခေါ်ကြ မိမိတို့၏ အိမ်ပတ်ဝန်းကျင် ရှေ့နောက် နေရာများကို ခြံလုပ်ဖို့ရန် အပ်နှံလေ၏ ။

ဘအောင်မှာ အလုပ် တိုးသလောက် ဝင်ငွေ တိုးလျက် ၊ ရွာထဲတွင် လူချမ်းသာတစ်ယောက် ဖြစ်၍နေလေ၏ ။ ညီဖြစ်သည် ဆယ်တန်း အောင်၍ ရွာသို့ ပြန်သော အခါ ဘအောင်၏ ထံ ပန်းစား လုပ်၍ နေရလေ၏ ။

▢  ပီမိုးနင်း
📖 ဆယ်သန်းမဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၁၉၃၅

No comments:

Post a Comment