༻ ‘ ထွန်း ’ သူ ༺
ဆွေမျိုးမိဘတွေ ထဲမှာ မရှိတဲ့ အသက်မွေး ဝမ်းကျောင်းမှု လုပ်ငန်းမျိုး လုပ်တဲ့သူ ၊ ထူးထူးခြားခြား ပြောင်မြောက်တဲ့ အလုပ် တစ်ခုကို လုပ်ကိုင်တဲ့ သူကို ‘ ထွန်း ’ တယ်လို့ ပြောကြတယ် ။
ဆရာလေး ကိုစိုးညွန့်အောင်က ရန်ကုန်သား ။ သဘင့်မြို့တော်လို့ တင်စား ခေါ် ကြတဲ့ မန္တလေးမှာ အကနည်းပြဆရာ လာလုပ်နေတယ် ။ မန္တလေးမြို့က နာမည်ကြီး လူငယ် မင်းသား ၊ မင်းသမီးတွေ ကိုစိုးညွန့်အောင် ဆီမှာ တပည့်ခံတယ် ။ သဘင်လောကမှာ ဆရာလေးက အမည် တစ်လုံးနဲ့ ထင်ရှားပါတယ် ။
“ မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းက အိတ်ချုပ်လုပ်ငန်း ၊ သားရေအိတ်တွေချုပ်တာ ။ သဘင်နဲ့ ပတ်သက်ပြီး မွေးချင်းထဲ မှာလည်း မရှိဘူး ။ ဆွေမျိုးသားချင်းထဲ မှာလည်း မရှိဘူး ”
ကိုစိုးညွန့်အောင်က သူ့ဘဝ အကြောင်း ပြောပြတယ် ။
“ ဘယ်လို ဝါသနာ ပါသွားတာလဲ ”
“ ဝါသနာသန္ဓေ တည်တာကတော့ ကလေးဘဝတုန်းက အပြင်မှာ ကတဲ့ မင်းသားကြီးတွေ လိုက်ကြည့်ရင်းနဲ့ ဝါသနာ ပါသွားတာ ”
“ ငယ်ငယ်က ဇာတ်ပွဲတွေ လိုက်ကြည့်သလား ”
“ ငယ်ငယ်က ဇာတ်တွေ လိုက်ကြည့်တယ် ။ အိမ်ရောက်ရင် ကတယ် ။ အစ်ကိုက ရိုက်တယ် ၊ ထိုးတယ် ။ ဒါပေမဲ့ ဘယ်ပွဲမဆို သွားကြည့်တယ် ။ အရွယ်က ၁၀ နှစ် ကျော်ကျော် ”
“ ဘယ်မင်းသားတွေ ကြည့်ခဲ့သလဲ ”
“ ဦးချမ်းသာတို့ ၊ ဦးမိုးဝင်းတို့ ၊ မန္တလေးသိန်းဇော်တို့ပေါ့ ”
ထို ဇာတ်မင်းသားတွေကို လေးလေးစားစား ရှိမှုက သူ့လေသံမှာ ပေါ်လွင်နေတယ် ။
“ ညဆိုရင် ၂း၃ဝ ထ ၊ နှစ်ပါးသွား ကြည့် ၊ အိမ်ရောက်ရင် ရိုက်ခံထိ ”
ကျွန်တော်တို့ ပြိုင်တူ ရယ်မောမိတယ် ။
“ အစ်ကိုက ဆူ ၊ ဆဲ ၊ ထိုး ။ အဖေကတော့ မပြောဘူး ။ အဖေက ဝါသနာ နည်းနည်းပါတယ် ။ အစ်ကို လစ်ပြီဆိုရင် ပုဆိုးတွေ ၊ စောင်တွေကို ကန့်လန့်ကာကာ ၊ ညီမလေးနဲ့ နှစ်ပါးသွားက ၊ အဲဒါလောက် ရူးခဲ့တာ ”
ကျွန်တော်က သူ ငယ်စဉ်က သဘင်ကို အရူးအမူး နှစ်သက်ခဲ့တာကို စိတ်ဝင် စားလို့ မေးတယ် ။
“ ကျွန်တော်တို့ ငယ်ငယ်က ရန်ကုန်မှာ လူမည်းကြီး ဆိုတာ ခေတ်စားလိုက်သေးတယ် ။ အဲဒီအချိန်မှာ ကျွန်တော်တို့ အနီးအနားမှာ ရွှေမန်းသဘင် ဦးချမ်းသာက ကနေတာ ။ ဒေါပုံ အားကစားကွင်းမှာ ။ လူမည်းကြီးက လူတွေ ဖမ်းသ,တ်တယ် ပြောနေတာ ဟုတ် ၊ မဟုတ်တော့ မသိဘူး ။ လူတွေကတော့ ကြောက်ရွံ့ ထိတ်လန့်နေတာပေါ့ ။ အိမ်ကလည်း အခြေအနေ မကောင်းဘူး ။ အပြင် မထွက်နဲ့ တားထားတာ ။ ဒါကို ကျွန်တော်က ညမှာ ပွဲခိုးကြည့်တယ် ။ အပြန်ကျ အချခံရတာပေါ့ ”
ကိုစိုးညွန့်အောင်က ဟက်ဟက်ပက်ပက် ရယ်တယ် ။
“ အိမ်က အနုပညာကို အားမပေးဘူး ။ အိတ်ချုပ်လုပ်ငန်းပဲ လုပ်စေချင်တာ ။ အောက်က ဘီးလုံးလေးတွေနဲ့ ကျားခေါင်းတံဆိပ်အိတ်တွေ ကျွန်တော့်မိဘက ချုပ်တာ ။ အဝတ်အစား ထည့်တဲ့ အိတ် ။ ကလေးဘဝ ကတည်းက ကျွန်တော်လည်း လုပ်ရတယ် ။ အစဖြတ် ကတ်ကြေးညှပ် ၊ စက်လည်း ချုပ်တတ်တယ် ။ ဝါသနာမပါဘဲ လုပ်နေရတော့ အဆင် မပြေဘူးပေါ့ ”
ဆရာလေးက ပြောရင်း ခပ်တွေတွေလေး ငေးသွားတယ် ။ သူ မလုပ်ချင်ဘဲ လုပ်ခဲ့ရတဲ့ လုပ်ငန်းခွင်ကို စိတ်အာရုံက ရောက်သွားပုံရတယ် ။
ကျွန်တော်က သူ အတန်းကျောင်းပညာ သင်ယူခဲ့တဲ့ အကြောင်းကို မေးခွန်း ထုတ်တယ် ။
“ ကျွန်တော်တို့ မိသားစုက စီးပွားရေးသမား ဆိုတော့ အလယ်တန်းလောက် ရောက်ရင် ထုတ်လိုက်တာ ။ မောင်နှမသားချင်း ခြောက်ယောက် ရှိတာ ။ အားလုံး အိတ်ချုပ်လုပ်ငန်းထဲ ဝင်လုပ်ရတယ် ။ ရေးတတ် ၊ ဖတ်တတ်ရင် ကျောင်းထွက် ၊ ကျွန်တော် ကတော့ ရှစ်တန်း အထိ ဆက်တက်တယ် ”
“ အနုပညာလောကထဲ ဘယ်လို ရောက်လာသလဲ ”
“ အိမ်က မသိအောင် အလုပ် လျှောက်လိုက်တာ ။ မန္တလေး အနုပညာ ကဇာတ်ထဲက လူလိုတယ်လို့ သတင်းစာကြော်ငြာ တွေ့ လို့ လျှောက်တာ ။ သူက ပန်တျာကျောင်းဆင်းကို ဦးစားပေးတာ ”
“ ဆရာလေးက ကတတ်ပြီလား ”
“ မကတတ်သေးဘူး ။ ကျောင်းကပွဲတို့ ၊ ရပ်ကွက်ဘုရားပွဲတို့ အိမ်က မသိအောင် ခိုးကဖူးတယ် ”
“ အိမ်က မိသွားဖူးလား ”
သူ ရယ်တယ် ။
“ မိဖူးတာပေါ့ ။ ကတာ မိရင် ရိုက်တာပဲ ။ အိမ်က ရှင်ပြုအလှူ လှူတော့ ဒါလောက် ကချင်တဲ့ကောင် ကစမ်းတဲ့ ။ အိမ်က ခွင့်ပြုချက်နဲ့ အဲဒီတစ်ကြိမ် အားရပါးရ ကဖူးတယ် ”
“ မကတတ်သေးဘဲ ကဇာတ်မှာ အလုပ် လျှောက်တာ ရသလား ”
“ ပန်တျာ ကျောင်းဆင်းတွေနဲ့ ယှဉ်ပြီး အရွေးခံရတာ ။ အင်တာဗျူး ဖြေတော့ သီချင်း ဆိုတတ်သလား ၊ ကတတ်သလား ၊ မန္တလေး လွှတ်ရင် သွားနိုင်ရဲ့လား မေးပြီး ရွေးလိုက်တာ ”
“ မန္တလေးမှာ နေရတာလား ”
“ ၁၉၉၂ ခုနှစ် ၊ ရှစ်လပိုင်းမှာ မန္တလေး လာခဲ့ရတာ ။ အဲဒီတုန်းက အသက်က ၁၉ နှစ် ၊ အပြင်မှာ သူများ ကတာ ကြည့် ကခဲ့ပေမဲ့ တကယ်ကတော့ အခက်အခဲတွေ တွေ့ပြီ ။ အခြေခံကဗျာလွတ် ဆိုတာ စသင်ရတယ် ။ ကျွန်တော့် ခံယူချက်က မဖြစ်ဖြစ်အောင် လုပ်မယ်ပေါ့ ။ သူများ နှစ်ခါ လေ့ကျင့်ရင် ကျွန်တော် လေးခါ ကတယ် ”
“ အဆင်ပြေရဲ့လား ”
ဆရာလေးက မဖြေဘဲ နည်းနည်း ဆိုင်းသွားတယ် ။
“ မျက်ရည်တောင် ကျဖူးတယ် ။ ကျောင်းဆင်း မဟုတ်တော့ နည်းနည်း အနှိမ်ခံရတယ် ။ အကသင် ၊ အကကျင့်တာ လက်တွေ့ မဟုတ်ဘဲ ဘေးကပဲ ထိုင်ကြည့်ရတာ ။ ကိုယ်က မိဘ သဘောမတူဘဲ လာခဲ့တာ ။ ဒီမှာ ရောက်တော့ အနှိမ်ခံနေရတယ် ။ ခန့်မယ့်သာ ခန့်ထားတယ် ။ ကိုယ်က လူပိုကြီးလိုပဲ ဖြစ်နေတာ ”
သူက သူ့အကြောင်းကို ထက်သန်စွာ မနားတမ်း ဆက်ပြောတယ် ။
“ နန်းတွင်းက နိုင်ငံခြားဧည့်သည် ဧည့်ခံပွဲတို့ ၊ တိုင်းမှူးပွဲတို့ ဆိုရင် ကိုယ်က ကချင်လိုက်တာ ။ ဒါပေမဲ့ မသုံးဘူး ။ ချန်ပစ်ခဲ့တာ ။ ဘယ်အချိန်မျိုးမှ သုံးသလဲ ဆိုတော့ ရွေးထားတဲ့ လူတွေ နေထိုင်မကောင်း ဖြစ်မှ သုံးတာ ”
“ စသုံးတော့ ဘယ်နေရာက ပါရတာလဲ ”
“ ယောက်ျားလေး ယိမ်းအကထဲကပါ ။ ကိုယ်တိုင်ကလည်း စည်းစနစ်က သိပ်မကျဘူး ။ ကြိုးစား ကရတယ် ။ ပြင်ရတယ် ။ နန်းတွင်း ဧည့်ခံပွဲတွေမှာ ယိမ်းထဲ သုံးရင်း သုံးရင်းနဲ့ နောက်ပိုင်းကျ တစ်ကိုယ်တော် အကတွေမှာ ပွဲထုတ်ခံလာရတယ် ။ နှစ်ပါးပြိုင်တို့ ၊ မင်းသားပြိုင်တို့ တစ်ယောက်တည်း ကရတာလေးတွေ ဦးစားပေး ထုတ်တာ ”
“ လူကြီးက အသိအမှတ် ပြုလာပြီပေါ့ ”
“ တဖြည်းဖြည်းတော့ လက်ခံလာတယ် ။ ကိုယ်ကလည်း ကျောင်းဆင်းတွေနဲ့ စိန်ခေါ်ပြီး ကတာ ။ အကမှာ စင်ရော်တောင်အက က တကယ် ပင်ပန်းတာ ။ လှအောင် ကဖို့ မလွယ်ဘူး ။ အဲဒါ စိန်ခေါ်ပြီး ကတယ် ”
“ နောက်ပိုင်းကျတော့ ”
“ နောက်ပိုင်းကျတော့ ပန်တျာကျောင်းက ကျောင်းသားတွေကိုပါ ကိုယ်က သင်ပေးရတယ် ။ မခံချင်စိတ်နဲ့ တစ်နေ့ ဆရာ ဖြစ်ရမယ်လို့ အားခဲထားတာ ”
“ လစာနဲ့ နေရတာ အဆင်ပြေသလား ”
“ လခက ခုနစ်ရာ့ငါးဆယ် ( ကျပ် ၇၅၀ ) ပဲ ရတာ ။ နေစရာ အဆောင်တော့ ပေးထားတယ် ။ အခက်အခဲကတော့ ပေါင်းစုံပါပဲ ”
“ နန်းတွင်းဧည့်ခံပွဲ အပြင် အခြားမှာ ကပြရတာတွေလည်း ပြောပါဦး ”
“ အထက်မြန်မာပြည်တော့ မြို့ရွာပေါင်းစုံ နှံ့နေအောင် သွားရတယ် ။ နိုင်ငံခြား ပွဲကတော့ ၁၉၉၇ ခုမှာ စင်ကာပူက စတယ် ”
“ အရွေးချယ် ခံရဖို့ အခက်အခဲ ရှိသလား ”
“ ကျွန်တော်တို့ ပြင်ပက ဝင်တဲ့သူတွေကို ငါးနှစ် မရွေးဘူး ။ ပန်တျာကျောင်းဆင်း ဆိုရင် နှစ်နှစ်နဲ့ ရွေးတယ် ။ နိုင်ငံခြားသွားဖို့ အတွက် ကျောင်းဆင်း ဦးစားပေးပဲ ။ ကျွန်တော်တို့ ကဇာတ်ထဲမှာ မင်းသားလေးတွေ ၃ဝ လောက် ရှိတယ် ။ ငယ်ငယ် ချောချောတွေ ချည်းပဲ ။ ကျွန်တော်က နောက်ဆုံးက ”
သူက ပြောပြီး ဟက်ခနဲ တစ်ချက် ရယ်တယ် ။ ကျွန်တော်က သူ့နိုင်ငံခြား အတွေ့ အကြုံကို မေးတယ် ။
“ နိုင်ငံခြားကို ကျွန်တော်တို့ ရူးခဲ့ကြတယ် ။ ရောက်ဖူးချင်တယ် ။ သွားရမယ် ဆိုတော့ ရင်ခုန်ပါတယ် ။ ခုတော့ စင်ကာပူ နှစ်ခေါက် ၊ အိန္ဒိယ နှစ်ခေါက် ၊ ပြင်သစ် ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ တရုတ်နိုင်ငံတွေ သွားခဲ့ပြီးပြီ ”
ပြည်တွင်းမှာ ကပြခဲ့ကြရတဲ့ ပွဲတွေထဲမှာ အဝေးဆုံး သွားခဲ့ရတဲ့ ပွဲအကြောင်း မေးတော့ ချင်းပြည်နယ် ၊ ဟားခါးမြို့လို့ ဆိုတယ် ။
“ ဟားခါးမှာ ကတုန်းက ၁ဝ ရက် ကြာတယ် ။ အေးလွန်းအားကြီးလွန်းလို့ ရေ နှစ်ခါပဲ ချိုးခဲ့ရတယ် ”
ဆရာလေးက ရယ်ပါတယ် ။
ကျွန်တော်က သူ ပါဝင် ကပြခဲ့တဲ့ အခန်းကို မေးတယ် ။
“ ကျွန်တော် ပါရတာက တစ်ကိုယ်တော် အနေနဲ့ မင်းသားတစ်ယောက်တည်း စိတ်ကြိုက် ကတယ် ။ ဇော်ဆိုရင် တောဇော် နဲ့ နန်းဇော် ရှိတယ် ။ ရှေ့က တစ်ယောက်က တောဇော် ဆိုရင် ကျွန်တော်က နန်းဇော် ကတယ် ။ ရာမ သမင်လိုက်ခန်း ဆိုရင် တောက်လျှောက် သမင် နေရာက ကတယ် ”
ရာမ သမင်လိုက်ခန်း ကရာမှာ သမင် အဖြစ်က သူက ဦးခေါင်းမှာ သမင်ခေါင်း ကို စွပ် ၊ သမင်လေး တိမ်းရှောင် ပြေးပုံ ဇာတ်ခုံပေါ်မှာ ဒူးထောက် ထိုင်ရင်း ခုန်ကာ ရွှေ့ကာ သရုပ်ဆောင် ကပြရတာကို မြင်ယောင်ပါတယ် ။ ကျွန်တော်က သမင်အကရဲ့ ခက်ခဲပုံကို မေးတယ် ။
“ သမင်က ခုန်ဆွ ခုန်ဆွ ပြေးတယ် ။ ဒူးထောက်လျက် ခုန်ရတာ ။ ခန္ဓာကိုယ်ကြီးက ဝပ်ပြီး သွားရတာ ။ မကတတ်တဲ့ အချိန်မှာ ဒူးနာတယ် ၊ ခါးနာတယ် ။ သမင်က ဝပ် နေမှ လှတာ ။ ဒူးထောက်လျက် ခုန်လိုက် ပြုလိုက်နဲ့ အပေးအယူ မျှအောင် ကရတာ ”
“ ဆရာလေးတို့ လေး ငါး ဆယ်ည ဆက်တိုက် ကရတာ ။ ခါးနာနေရင် ဘယ့်နှယ်လုပ်လဲ ”
“ ဆရာတွေကတော့ ဒီည လျှော့ကပေါ့ကွာတဲ့ ။ အလုပ်ထဲ ရောက်လို့ သမင် တီးလုံးသံ ကြားတာနဲ့ ခါးနာ ၊ ဒူးနာတွေ အားလုံး မရှိတော့ဘူး ။ ပျောက်ထွက်သွားတယ် ။ ဈာန်က စီးမျောသွားတာ ။ ပြီးမှသာ ဆေးပြန်လိမ်းရတာ ”
သူက ရယ်မောတယ် ။
ဆရာလေး ကိုစိုးညွန့်အောင်က ယခုအခါ အက ပြန်သင်ပေးနေတယ် ။ သူ ဘယ်လို အကသင်ဆရာ ဖြစ်လာသလဲ ။
“ ကျွန်တော်က သွက်လည်း သွက်တော့ အက သင်ချင်သူတွေ ရောက်လာတယ် ။ အစကတော့ သင်္ကြန်ယိမ်း အဖွဲ့ တွေ ၊ နောက်တော့ ဆိုကရေးတီး ပြိုင်ပွဲဝင်မယ့် သူတွေ ။ စသင်ရတာ ကတော့ ပိုင်ပိုင် ဆိုတဲ့ ကလေး ”
ပိုင်ပိုင်က ဆိုကရေးတီး ပြိုင်ပွဲမှာ ရွှေတံဆိပ်ပေါင်း များစွာရတဲ့ ထူးချွန်တဲ့ သူပါ ။ ကျွန်တော်က ပိုင်ပိုင် ကို သိတဲ့ အကြောင်း သူ့ကို ပြောပြတယ် ။
ဆရာလေးက ပိုင်ပိုင်ကို စသင်ခဲ့ပုံကို ပြန်ပြောပြတယ် ။
“ သူ့အမေက သင်ခိုင်းလို့သာ ပိုင်ပိုင်က သင်တာ ၊ ဝါသနာမပါဘူး ။ ကျွန်တော် ကလည်း တစ်ခါမှ မသင်ပေးဖူးဘူး ။ ကျွန်တော်က ကလေးရဲ့ အင်အားကို မသိဘူး ။ ငါတောင် ဒါလောက် ကနိုင်သေးတာ ။ မင်းလည်း က ဆိုတဲ့ စိတ်က ဖြစ်နေတာ ။ ကလေးတွေကို သင်ရင်း သင်ရင်းနဲ့မှ ကလေးဆီက ပညာ ပြန်ရတာ ”
ကိုစိုးညွန့်အောင်က ကလေးတွေကို သင်ပြပေးရင်း ကကွက်သစ်လေးတွေ ရလာပုံကို ဆက်ပြောတယ် ။
“ အကပြောင်းပြန်လေးတွေ ၊ စုံကလေးတွေ ရှိတယ် ။ တကယ်တမ်း ကရင် ကလို့ မရဘူး ။ ကလေးတွေကို သင်ရင်း သူတို့က ခြေလက်တွေ မှားပြီး ပြောင်းပြန်တွေ ဖြစ်ကုန်ရော ။ စုံပြိုင် ကကွက်တွေ ရလာတယ် ”
“ ဆရာလေး ကလေးတွေ သင်ရတာ ခက်သလား ”
“ ကျွန်တော်က ကလေးတွေရဲ့စိတ်ကို အရင် ကြည့်တယ် ။ သူ့အမေက အက သင်ပေးဖို့ လာအပ်ရင် ကျွန်တော်က ဆော့ခိုင်းတာ ။ ဆော့ဆော့ ၊ ဆော့တာ ကြည့်တယ် ။ ဒီကလေးက အေးအေးဆေးဆေး ဆော့တတ်တာလား ။ မျောက်ရှုံးအောင် ဆော့သလား ။ အကသင်ရင် အပူ ၊ အအေး ပြန်ကြည့်ပြီး ပေးတာ ”
သူ့ပုံစံကို မြင်ရတာ ရိုးရိုးအေးအေး ။ သဘင်သမား ပုံစံပေါ်တယ် ။ ကျွန်တော်နဲ့ တွေ့တဲ့ နေ့က အင်္ကျီအဝါရောင်နုနုလေး ဝတ်ထားတယ် ။ အင်္ကျီအိတ်ထောင်ထဲမှာ ကွမ်းထုပ်နဲ့ ။
ကျွန်တော်က ငွေကြေးနဲ့ ပတ်သက်တဲ့ သူ့လောဘကို မေးခွန်းထုတ်တယ် ။
“ ကျွန်တော်က တစ်ယောက်တည်း နေတာ ၊ စီးပွားရေး မလိုပါဘူး ။ ဝန်ထမ်း ဆိုတာ ရာထူး လိုချင်ကြတယ် ။ ကျွန်တော့် စိတ်ပေါ့ ။ သူများနဲ့လည်း မဆိုင်ပါဘူး ။ ကိုယ် လုပ်တဲ့ အနေအထားမှာ ခု လက်ထောက်ကထိက ၊ တော်ပြီ ။ လုပ်ငန်းလေး ကောင်းကောင်းမွန်မွန် လုပ်ရတယ် ။ တော်ပြီ ”
သူ့ဘဝမှာ အခက်အခဲ အကျပ်အတည်း မကြုံဖူးဘူးလား ။
“ ကြုံဖူးတာပေါ့ ။ ပြင်သစ် သွားမယ် ဆိုတုန်းက မသွားခင်မှာ လေးငါးခါ လောက် ဆန်ခါတင် ရွေးနေတာ ။ နေပြည်တော်မှာ ခြောက်လ နေရတယ် ။ ပြင်သစ် သွားတော့ နိုင်ငံတော်က ပေးပါတယ် ။ အအေးနိုင်ငံမို့ ၇၈၄ ကျပ် ( US $ 784 ) ပေးတယ် ။ နေပြည်တော်မှာ ခြောက်လ နေရတော့ ကျွန်တော့် အကသင်တန်းတွေလည်း ဖျက်ခဲ့ရတယ် ။ မနက် ရှစ်နာရီခွဲ ရုံးကားပေါ် တက် ၊ လေ့ကျင့် ၊ ည ၈းဝဝ နာရီကျော်မှ ပြန် ၊ နေပြည်တော်မှာ ခြောက်လတွင်း ဝယ်စားရတာ ကြွေးတွေ တင်ပြီး နှစ်နှစ်လောက် နာလန်မထူဘူး ”
ကျွန်တော်တို့ ပြိုင်တူ ရယ်မောမိတယ် ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁ဝဝ

No comments:
Post a Comment