Monday, April 27, 2026

ဓား


 

❝ ဓား ❞
( မနှင်းဖွေး )

သိပ်မကြာသေးသော ကာလက ဓား ဝတ္ထု သုံးပုဒ် ဖတ်ဖြစ်သည် ။ မင်းဆွေ၏ ဓား ၊ နိုင်ဇော်၏ ဓား နှင့် ကြူးနှစ်၏ ဓား တို့ဖြစ်သည် ။

••••• ••••• •••••

မင်းဆွေ၏ ဓား ကိုတော့ စာအုပ်စင် ရှင်းရင်း မေ့မေ့ပျောက်ပျောက် ဖြစ်နေသော စာအုပ်လေးကို ပြန်တွေ့သဖြင့် ဖတ်ဖြစ်ခြင်း ဖြစ်သည် ။ သိပြီးဖြစ်ကြသည့်အတိုင်း

မင်းဆွေက သူ့ ဓား ကို ၁၉၄၂ ခုနှစ် ၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါစ အင်္ဂလိပ်အပြေး ၊ ဂျပန်အဝင် ခေတ်ကာလကို နောက်ခံပြု၍ မျိုးမြင့်ရန်နောင် ၊ မြဒင် နှင့် မြင်မြင် ( မြင့်မြင့် မဟုတ်ပါ ) တို့ကို အဓိက ဇာတ်ဆောင်ပြု၍ ရေးသားထားသော ဝတ္ထုဖြစ်သည် ။ မျိုးမြင့်ရန်နောင်ကို အင်းဝခေတ် မင်းကြီးရန်နောင်၏ အနွှယ်တော် ၊ ဇာတိသွေး ဇာတိမာန်တို့ဖြင့် မျိုးချစ်စိတ် ဟုန်းဟုန်းထ , နေသော လူငယ်တစ်ဦး အဖြစ် လည်းကောင်း ၊ မြဒင်ကို အင်္ဂလိပ်အလိုတော်ရိ ၊ ကိုယ်ကျိုးအတွက် ဆိုလျှင် မည်သူကို မဆို သစ္စာဖောက်ဖို့ ဝန်မလေးသော တစ်ကိုယ်ကောင်းသမားအဖြစ် လည်းကောင်း ၊ မြင်မြင် ကို ခေတ်မီမီ ချောမောလှပကာ ကျန်းမာသန်စွမ်းသော မြန်မာအမျိုးသမီးလေး တစ်ဦး အဖြစ် လည်းကောင်း ပုံဖော် ရေးဖွဲ့ထားသည် ။ ထိုဇာတ်ကောင် သုံးဦးဖြင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း တစ်ပုဒ် ဖန်တီးကာ ထိုခေတ် ၊ ထိုကာလ၏ နိုင်ငံရေး အခြေအနေ ၊ လူမှုဆက်ဆံရေး ပုံသဏ္ဌာန် ၊ စိတ်အနေအထားနှင့် ဘဝနေဟန် စသည်တို့ကို ပေါ်လွင်စေရန် ဇာတ်ကွက် ၊ ဇာတ်လမ်း ခပ်စိပ်စိပ်ဖြင့် ထင်ဟပ်ခြယ်မှုန်းထားသည် ။ ဝတ္ထု၏ ဦးတည်ချက်မှာ တစ်ပါးကျွန် မဖြစ်ရေး ၊ မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးပင်ဖြစ်ပြီး ယင်းစိတ်ဓာတ် ကို “ ယိမ်းနွဲ့ပါးဓား ” ဖြင့် နိမိတ်ပုံပြုထားသည် ။

ဝတ္ထု၏ အခင်းအကျင်း ၊ ဇာတ်လမ်းဇာတ်ကွက်ဆင်ပုံ ၊ ဇာတ်ကောင်စရိုက် ဖော်ပုံတို့မှာ နှောင်းခေတ် ရေးနည်းရေးဟန် ဖြစ်သဖြင့် ယနေ့ခေတ် စာပေအမြင်နှင့် ကြည့်လျှင်တော့ ဝတ္ထုသည် အနည်းငယ် လွန်ကဲ ( over ) ဖြစ်နေသည်ဟု ကျွန်မ ဖတ်ရင်း ခံစားမိပါ သည် ။

သို့သော် တစ်ဖက်မှ ပြန်တွေးပြန် လျှင်လည်း ထိုဝတ္ထုသည် ပေါ်ဦးပေါ် ဖျား မြန်မာခေတ်ပေါ် ဝတ္ထုတစ်ပုဒ်ဖြစ် သဖြင့် ချွတ်ယွင်းချက် ၊ အားနည်းချက် အနည်းနှင့် အများ ရှိနေနိုင်မှာ ဖြစ်ပါသည် ။ ယင်းချွတ်ယွင်းချက် ၊ အားနည်းချက်များကို ထောက်ပြ၍ အပြစ် မတင်စကောင်းဟုလည်း ယူဆပါသည် ။ စာရေးဆရာက သူ့ ဇာတ်လိုက်များကို အများနှင့် မတူ ၊ တစ်မူ ထူးခြားအောင် ပုံဖော်ထားသည် မဟုတ်လား ။

သို့သော် ထိုခေတ် ၊ ထိုအခါက လူငယ်များ အသည်းခိုက်အောင် စွဲမက်ကြသည့် ပြကွက်များလည်း ပါဝင်နေ သည်ကို တွေ့ရသည် ။ ဥပမာ - မျိုးမြင့်ရန်နောင်၏ ဘုရားရှေ့ သန္နိဋ္ဌာန် ပြုသော စတိုင် ။

မျိုးမြင့်ရန်နောင်သည် ဘုရားဆောင်ရှေ့တွင် ဒူးနှစ်ဖက်ထောက်ကာ လက်နှစ်ဖက်ကိုပိုက်ပြီး ဦးခေါင်းငိုက်စိုက် ချထား၏ ။ ဘုရား ကြည်ညိုနေသည်ဟု ဆိုရန်မှာလည်း သူ့ အမူအရာသည် ဗုဒ္ဓဘာသာထုံးစံ မဟုတ် ။ ပိုက်ထားသော လက်တစ်ဖက်တွင် ပြောင်သော ဓားကိုပါ ဆုပ်ကိုင်ထား၏ ။ ကျောက်စီဓားအိမ်မှာလည်း သူ၏ ဘေးကြမ်းပြင်ပေါ် လဲလျောင်းနေ၏ ။ မျိုးမြင့်ရန်နောင် သည် ခေတ္တမျှ ငုံ့နေရာမှ ဘုရားမျက်နှာတော်အား တဖြည်းဖြည်း မော့ဖူးပြီး “ ငါ့မှာ တာဝန်များစွာ ရှိသည် ။ ကုန်းပေါ် မှာ သေသေ ၊ ရေထဲမှာ သေသေ ၊ လေထဲမှာ သေသေ အထွတ်အထိပ်မှာ ငါနေ မည် ။ လာမည့်ဘေး ပြေး၍ မရှောင် ၊ တွေ့အောင် ငါသွားမည် ။ အိမ်သည်ကို ဧည့်သည် မစော်ကားရ ။ ရန်သူကို လက်စားချေအံ့ ၊ အာမဘန္တေ ” တဲ့ ။

ယင်း အမူအရာသည် ခေတ်စကားနှင့် ဆိုရလျှင် လူငယ်ကြိုက် “ ခပ်မိုက်မိုက်ဒီဇိုင်း ” ဟု ဆိုချင်ပါသည် ။

ဝတ္ထု နိဂုံးပိုင်းကတော့ ကြေကွဲစရာပင် ။

စစ်ထွက်ယောက်ျား မျိုးမြင့်ရန်နောင် ပြန်လာတော့ သူ့မှာ မျက်လုံးတစ်ဖက်နှင့် ခြေတစ်ဖက် ပါမလာတော့ချေ ။ မြင်မြင် နှင့် မြဒင် အိမ်ထောင်ကျ၍ ခြောက် လသားအရွယ် သားလေး တစ်ယောက်ပင် ထွန်းကားနေပြီ ဖြစ်သည် ။ သို့သော် ကလေး၏ ရုပ်ရည်က မျိုးမြင့်ရန်နောင် နှင့် ချွတ်စွပ် ။

နောက်ဆုံးတော့ မျိုးမြင့်ရန်နောင် ၏ လက်မောင်းသွေးဖြင့် စာရွက်ပေါ် ရေးထားသော “ တိုးမြင့်ရန်နောင် ” ဟူ သော စာလုံးပါ စာရွက်လိပ်နှင့်အတူ မင်းကြီးရန်နောင်၏ မြလက်စွပ်တန်း လန်းဆွဲထားသော ရွှေကြိုးကို ကလေး လည်ပင်းမှာ စွပ်ပေးပြီး မျိုးမြင့်ရန်နောင် က ချိုင်းထောက် တဒေါက်ဒေါက်နှင့် အပြီး ထွက်သွားသည့် ဇာတ်သိမ်းသည်ကား စာဖတ်သူကို လွမ်းမောရင်နင့် ကြေကွဲစေတော့သည် ။

ခြုံ၍ ဆိုရလျှင် မင်းဆွေ၏ ဓား သည် ထိုခေတ်ထိုအခါက မြန်မာစာဖတ် ပရိသတ်၏ အသည်းနှလုံးကို ဆွဲကိုင်လှုပ်ယမ်း စေခဲ့သော အနုပညာ ဖန်တီးချက် တစ်ရပ် ဖြစ်သည် ။ ထို့ကြောင့်လည်း ဂျပန်ခေတ်အတွင်း ဖွဲ့စည်းထားသော မြန်မာစာရေးဆရာ အသင်းကြီးက ယင်းဝတ္ထုကို အကောင်းဆုံးဝတ္ထု အဖြစ် သတ်မှတ်၍ ဗွေဆော်ဦး ဝတ္ထု ရှည်ဆုကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည် ။ မြန်မာဝတ္ထုရှည် သမိုင်းအကြောင်း ဆွေးနွေးလျှင်လည်း မင်းဆွေ၏ ဓား က ချန်လှပ်ထား၍ မရစကောင်းသော ဝတ္ထု တစ်ပုဒ်ဖြစ်နေသည် ။

••••• ••••• •••••

ဒုတိယ ဓား ကတော့ နိုင်ဇော်၏ သီလဝံသဓား ဖြစ်သည် ။

မျိုးချစ်စိတ်ကိုပင် “ ဓား ” အဖြစ် နိမိတ်ပုံ ယူထားသော သီလဝံသဓား သည် ရာဇဝင်နောက်ခံ ဝတ္ထုရှည်ဖြစ်သည် ။ အင်္ဂလိပ် - မြန်မာ ဒုတိယစစ် မတိုင်မီ အကြိုကာလ ၊ စစ်ပွဲကာလ ၊ စစ်ပွဲအပြီးကာလ တို့ကို နောက်ခံပြု ရေးဖွဲ့ထားသည် ။

ရာဇဝင်နောက်ခံ ဝတ္ထုပီပီ သမိုင်းတွင် အထင်အရှား ရှိခဲ့သော ဇာတ်ကောင်များနှင့် စာရေးဆရာ၏ စိတ်ကူးဖြင့် ဖန်တီးထားသော ဇာတ်ကောင်များကို အံဝင်ခွင်ကျ လှလှပပ ရက်ရှယ်၍ ပုံဖော်ထားသည်ကို တွေ့ရသည် ။ သမိုင်းဇာတ်ဆောင်များ ၊ စိတ်ကူးဇာတ်ဆောင်များသည် ဇာတ်လမ်းနှင့်အတူ ဟန်ချက်ညီညီ ဝင်ရောက် လှုပ်ရှားသောအခါ ဝတ္ထုသည် ရုပ်လုံးကြွ အသက်ဝင် လာပြီး အဖြစ်အပျက်များက မျက်စိရှေ့တွင် ရုပ်ရှင်ပြကွက် သဖွယ် ကွင်းကွင်းကွက်ကွက် မြင်လာစေပါတော့သည် ။

ပုဂံမင်း ထီးနန်းစိုးစံစဉ် ကာလဖြစ်သည့်အားလျော်စွာ ပုဂံမင်းနှင့်အတူ မင်းတုန်းမင်းသား ၊ ကနောင်မင်းသား ၊ ဗိုလ်မြတ်ထွန်း ၊ တောင်တွင်းကြီးမြို့ဝန် မင်းရဲမင်းခေါင်ကျော် ( မင်းသားကြီး ဦးကျောက်လုံး ) ၊ ကျီဝန်ဦးပွား ၊ အမရပူရ မြို့ဝန် ဘိုင်ဆတ် ၊ မြို့စာရေး မောင်ပိန် စသူတို့၏ ဘဝသရုပ်နှင့် အကျိုးအကြောင်း ၊ အဆိုးအကောင်း စရိုက်လက္ခဏာများကို စုံစုံစေ့စေ့ဖတ်ရှုရသည် ။

အလားတူ နယ်ချဲ့အင်္ဂလိပ်အရာရှိများ ဖြစ်ကြသော အိန္ဒိယအစိုးရ၏ ဘုရင်ခံချုပ် လော့ဒါလဟိုဇီ ၊ ဝိတိုရိယ ဘုရင်မ ရေတပ်၏ ဗိုလ်မှူးချုပ် ကွန်မိုဒို လင်းဘတ် ၊ ဗိုလ်ချုပ် ဂေါ်ဒွင် ၊ ဗိုလ်ချုပ် အော်စတင် ၊ ဗိုလ်ကြီး လတ်တာ ၊ စစ်ကဲ မောင်ထော်လေးတို့ အကြောင်းကိုလည်း တို့ထိ သိရှိရပြီး နယ်ချဲ့တို့၏ အကြံပက်စက်မှု ၊ ဆိုးညစ်ယုတ်မာမှုတို့ကိုလည်း တအံ့တသြ ဖြစ်ရသည် ။

ဒါလဟိုဇီ နှင့် သူ့ဆရာ တင်ပယ်လ် တို့ စကားပြောခန်း တစ်ခုတွင် သူတို့ နယ်ချဲ့ သိမ်းပိုက်ထားသော နိုင်ငံများ အပေါ် ထားရှိသော သူတို့၏ သဘောထားကို ဤသို့ ဖော်ပြထားသည် ။

“ သူတို့ကို ပညာတော့ သင်ပေးရမယ် ။ သူတို့ အဆင့်နဲ့ ဗြိတိန်အဆင့် သိပ် မကွာအောင်ပေါ့ ။ အဆင့် သိပ်ကွာရင် အုပ်ချုပ်ရ ခက်တယ်လေ ။ ဒါပေမဲ့ သူတို့ကို ကျွန်ပညာပဲ သင်ပေးမှာမို့လို့ ဗြိတိန် ရဲ့ အဆင့်ကိုတော့ သူတို့ ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး ။ ဒီမှာ စက်ရုံ တွေ ဆောက်ပေးထားတာလည်း သူတို့ တိုးတက်စေချင်လို့ မဟုတ်ဘူး ။ ဗြိတိန် မှာရှိတဲ့ အလုပ်သမားတွေ အတွက် ကူရှင် ခံပေးထားတာ ။ ဆင်းရဲပင်ပန်းတဲ့ အလုပ်တွေ မှန်သမျှ ဒီကလူတွေ လုပ်ပါစေ ။ ဈေးပေါပေါနဲ့ ခိုင်းလို့ရတယ် ။ အလုပ်သမား အခွင့်အရေး မတောင်းတတ်တဲ့ ၊ ဉာဏ်တုံးတဲ့ လူတွေချည်းပဲ ။ ခိုင်းစမ်းပါ ။ ဒါမှ ဗြိတိန်က အလုပ်သမားတွေ သက်သာသွားမယ် ။ တနင့်တပိုးရတဲ့ အကျိုးအမြတ်တွေနဲ့ ဗြိတိန်က လူတွေ လူနေမှု အဆင့်အတန်း ပိုမြင့်သွားမယ် ။ နည်းပညာတွေ သူတို့ တတ်သွားမှာ မစိုးရိမ်ပါနဲ့ ။ သူတို့ရလိုက်မယ့် နည်းပညာဆိုတာ ကျွန်တော်တို့ ဟောင်းလို့ စွန့်ပစ်လိုက်တဲ့ ပညာပဲ ဖြစ်မှာပါ ”

ဝတ္ထုထဲမှ ဇာတ်ကောင်များ၏ စကားပြောခန်းဖြစ်သည် ။ ဒါလဟိုဇီက ထိုကဲ့သို့ အမှန်တကယ် ပြောခဲ့သည်လား ၊ စာရေးဆရာ၏ အတွေးစိတ်ကူးပဲလား မသိပေမဲ့ ဖတ်ရင်းနှင့် နယ်ချဲ့တို့ အပေါ် ခံပြင်း ဒေါသစိတ် ဝင်မိသည် ကတော့ အမှန်ပင် ဖြစ်သည် ။

ဤဝတ္ထုကြီးသည် ဇာတ်ဆောင် များသည်နှင့်အမျှ ဇာတ်ကွက်စိပ်စိပ်ဖြင့် အနုစိတ် ခြယ်မှုန်းထားသဖြင့် ရှည်လျားလှသည်ဟု ပြော၍ရသလို တဝကြီး ဖတ်လိုက်ရသည်ဟုလည်း ဆိုနိုင်ပါသည် ။ စာအုပ်အရွယ်က ၈ ချိုး ၊ စာမျက်နှာ ၆၄၄ မျက်နှာရှိသည် ။ ကတ်ထူဖုံးဖြင့် အခန့်ချုပ် ချုပ်ထားသဖြင့် စာအုပ်က ခံ့ညားသားနားလှသည် ။ ဆရာ နိုင်ဇော် လက်မှတ်ထိုးပြီး လက်ဆောင်ပေးစဉ်က စာအုပ်အထူကို ကြည့်ပြီး လန့်ဖျပ်သွားကာ တော်တော်နှင့် မဖတ်ဖြစ်ခဲ့ ။ တစ်လောကမှ အချိန်ယူ ဖတ်ဖြစ်ခဲ့ပြီး ဝတ္တုကြီး ပြီးဆုံးသွားသောအခါ ဟင်းအမည် စုံလှသော ထမင်းစားပွဲကြီးမှာ အားရပါးရ လွေးလိုက်ရသလို မြိန်မြိန်ရှက်ရှက် ကျေကျေနပ်နပ်ကြီး ဖြစ်သွားရပါသည် ။

ဤဝတ္ထုကြီးသည်လည်း ၂၀၁၃ ခုနှစ်အတွက် အမျိုးသားစာပေဆုကို ဆွတ်ခူးလိုက်သော ဝတ္ထုရှည် ဖြစ်ခဲ့ပါသည် ။

••••• ••••• •••••

တတိယ ဓား က ကြူးနှစ်၏ ဓား ဖြစ်သည် ။

ကြူးနှစ်က ၂၀၁၆ ခုနှစ် ၊ ဇွန်လထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် ဓားသမား ဟူသည့် ခေါင်းစဉ်ဖြင့် ဝတ္ထုတိုတစ်ပုဒ် ရေးသားခဲ့သည် ။

အိမ်ထောင်ရေး ဖောက်ပြန်ပြီး မလုံမလဲ ဖြစ်နေသော မိန်းမတစ်ယောက်နှင့် သူ့ရည်ရွယ်ချက်နှင့်သူ ဓားသွေးနေသော ယောက်ျားတစ်ယောက်တို့ အကြောင်းဖြစ်သည် ။

ခင်မာစန်းက စိုစိုပြည်ပြည် ဖွံ့ဖွံ့ထွားထွားနှင့် ကလေးနှစ်ယောက် မအေ ဟု မထင်ရလောက်အောင် ချောမောပြေပြစ်သော လှိုင်သာယာ အထည်ချုပ်စက်ရုံမှ အလုပ်သမ ။

သူ့ယောက်ျား မြင့်နိုင် ကမူ ပိန်ပိန်လှီလှီ ၊ မွဲမွဲခြောက်ခြောက် ၊ နက်နက် ကြုတ်ကြုတ်နှင့် အရွယ်မတိုင်မီ လူအိုနံ့ ထွက်နေသော ပန်းရန် ၊ လက်သမား ကြုံရာအလုပ် လုပ်နေရသည့်သူ ။

ခင်မာစန်းနှင့် စက်ရုံ တစ်ခုတည်း ၊ ဌာနခွဲ တစ်ခုတည်း တာဝန်ကျသူက အသားဖြူဖြူ ၊ ကိုယ်လုံးထွားထွား ၊ မျက်လုံးတောက်တောက်နှင့် မောင်မောင်ညွန့် ။

ခင်မာစန်းနှင့် မောင်မောင်ညွန့်က မကြာခဏ ချိန်းတွေ့သည် ။ ဘယ်လောက်ပဲ လျှို့လျှို့ဝှက်ဝှက် ၊ သိုသိုသိပ်သိပ် ချိန်းတွေ့ကြသည် ဆိုစေ ခင်မာစန်း အိမ်ပြန်လာသည့်အခါ မြင့်နိုင်က အင်္ကျီချွတ်ကြီးနှင့် အဝတ်လျှော်ခုံ အင်္ဂတေမှာ ဓားကြီး တစ်လက်ကို တရွှီးရွှီး ၊ တရွှမ်းရွှမ်း သွေးနေသည်ကို မြင်လျှင် သူ့မှာ ကျောထဲ စိမ့်စိမ့် နေတတ်သည် ။

ခင်မာစန်းက စိတ်မလုံမလဲနှင့် “ ဓားတွေ ဘာကြောင့် ဒါလောက် သွေးနေတာလဲ ၊ ဘာလုပ်ဖို့လဲ ” ဟု မေးတိုင်း မြင့်နိုင်က ဤသို့ ဖြေသည် ။

“ ခုတ်ဖို့ ၊ ထစ်ဖို့ ဓားကောင်းကောင်း လိုလို့ပေါ့ဟ ”

မြင့်နိုင် အဖြေက ခင်မာစန်းကို ပို၍ တုန်လှုပ်ချောက်ချားစေသည် ။

ဓားကလည်း တစ်လက်တည်း မဟုတ် ။ ပန်းပဲဖိုမှ ထုတ်ပြီးစ အကြမ်းထည် ဓားမကြီးလည်းပါသည် ။ ဂေါ်ရခါးဓားလိုလို ၊ ထန်းလှီးဓားလိုလို ဓား ကောက်ကြီးလည်း ပါသည် ။ ဆက်ပြီး ငှက်ကြီးတောင်ဓားကဲ့သို့ ရှည်မျောမျော ဓားရှည်ကြီး ကိုလည်း မြင့်နိုင် သွေးနေ ပြန်သည် ။

ဓားတွေ မြင်တိုင်း ခင်မာစန်း ဇောချွေးပြန်သည် ။

“ ရှင့်မလဲ အလုပ်မရှိ အလုပ်ရှာ ၊ ဒီဓားတွေပဲ သွေးနေတာပဲ ”

ခင်မာစန်းက ဘာမှ မဖြစ်သလို အသံကို ထိန်းပြီး ပြောတော့ ...

“ လိုအပ်ရင်သုံးဖို့ သွေးထားတာလေ ၊ ဘာဖြစ်လို့လဲ ”

မြင့်နိုင်က ဓားသွေးမပျက် ခေါင်းကြီး ငုံ့လျက် ဖြေသည် ။

“ ဒီအိမ်မှာ အဲဒီလို ဓားမျိုး သုံးဖို့မှ မလိုတာ ”

“ လိုတဲ့အခါ လိုလာမှာပေါ့ ။ ဘယ်ပြောနိုင်မလဲ ”

ခင်မာစန်း အသက်ရှူ မှားပြီး ရင်တွေ ထိတ်လာသည် ။ စိတ်ထဲ မအီမသာ ၊ သရိုးသရီ ဖြစ်လာသည် ။ ဓားတွေကြည့်ပြီး သူ ကြောက်နေသည် ။ ဓားသွေးသံ ကြားရတိုင်း သူ တုန်လှုပ်သည် ။

နောက်ဆုံး မအောင့်နိုင် ၊ မအည်းနိုင်တော့သဖြင့် သူ့ကို ခြောက်လှန့်နေသော ဓားတစ္ဆေအကြောင်း မောင်မောင်ညွန့်ကို ရင်ဖွင့်သည် ။

သူက တုန်တုန်ခိုက်ခိုက် ဖြစ်နေသလောက် မောင်မောင်ညွန့် က အလေးမထား ရယ်မောလျက် “ စန်း စိတ္တဇဖြစ်နေတာပါ ” ဟု ခပ်ပေါ့ပေါ့ ပြန်ပြောသည် ။ မြင့်နိုင်က ဓားတွေကို မြည့်နေအောင်သွေး ၊ လက်ကိုင်ရိုးတွေတပ် ၊ အိပ်ခန်းခြေရင်း ထရံမှာ တန်းစီ၍ ထိုးညှပ်ထားသည် ။ ခင်မာစန်း အဖို့ကတော့ အိပ်ခန်းထဲ ဝင်တိုင်း တစ္ဆေသုံးကောင်က သူ့ကို စောင့်ကြည့်နေသလို သွေးပျက်မတတ် ခံစားနေရသည် ။

မောင်မောင်ညွန့်နှင့် တွေ့သည့် အခါ ခင်မာစန်းက ...

“ ကျွန်မ ကြောက်တယ် ကိုညွန့် ရယ် ။ ကျွန်မကို တစ်နေရာရာ ခေါ်သွားရင် ကောင်းမယ်ထင်တယ် ” ဟု မျက်ရည်စနှင့် တောင်းပန်သည် ။

“ အဓိပ္ပာယ်မရှိ မင်း တွေးကြောက် နေတာကိုး ။ ကိုယ်တို့တွေက အပျိုပေါက် ၊ လူပျိုပေါက် မဟုတ်ဘူးဆိုတာ သတိရဦး ”

ထိုနေ့က သူတို့နှစ်ယောက် စကားများ ရန်ဖြစ်ကြသည် ။ ခင်မာစန်း ငိုပြီး ပြန်လာသည် ။

မြင့်နိုင်က မျက်လုံးတွေနီ ၊ မျက်ခွံတွေ မို့ပြီး ပြန်လာသော ခင်မာစန်းကို မကြည့်အား ။ အသွားကော့ကော့နှင့် ဓား မောက်လေးတစ်လက်ကို ထုံးစံအတိုင်း မောကြီးပန်းကြီး သွေးနေပြန်သည် ။

ခင်မာစန်းက သူ့လင် ဓားသွေး နေသည်ကို မကြည့်ဘဲလည်း မနေနိုင် ။ မြင့်နိုင် အနီး သွားရပ်သည် ။

“ ငါ့ဓားတွေ မကြာခင် အသုံးတည့်တော့မယ်ဟ ၊ သိလား ခင်မာစန်း ”

ခင်မာစန်း ခေါင်းကြီးသွားသည် ။

“ ငါ အလုပ်တစ်ခု ရလာတယ် ၊ ဥက္ကံ အရှေ့ဘက်မှာ ။ အဲဒီမှာ သူဌေးတစ်ယောက် ရော်ဘာခြံ လုပ်နေတယ် ။ နှစ်ရှည် စီမံကိန်းတဲ့ ။ အဲဒီမှာ ငါ အလုပ် လုပ်ရမှာ ။ လစာလည်း ကောင်းတယ် ။ နေစရာ အိမ်လည်း ပေးမယ် ။ ရေမီး အစုံအလင်တဲ့ ။ နင်လည်း အလုပ်လုပ်ချင် လုပ်လို့ရမယ်တဲ့ ”

ခင်မာစန်းက ရပ်နေရာမှ တံခါးပေါင်ကို မှီရင်း ခပ်ဖြည်းဖြည်း ထိုင်ချသည် ။

“ အဲဒီ ရော်ဘာခြံက ရိုးမတောင်ခြေနဲ့ နီးတယ်လေ ။ ထင်းခုတ်ဖို့ ၊ ဝါးခုတ်ဖို့ ငါ့ဓားတွေ အသုံးဝင်ကြတော့မှာ ။ ထင်းခုတ်ဝါးခုတ် ရောင်းပြီး အပိုဝင်ငွေ ရှာရင် တို့မိသားစု ချောင်လည်ပြီပေါ့ဟာ ။ အဲဒီ ခြံနားမှာ ရွာကျောင်းလည်း ရှိတယ် ။ ငါ့သားတွေ ကျောင်းတက်ဖို့လည်း မပူရတော့ဘူး ။ ဟန်မကျဘူးလား ခင်မာစန်း ”

မြင့်နိုင် လှိုက်လှိုက်လှဲလှဲကြီး ပြောနေပုံ ၊ ရွှင်ရွှင်မြူးမြူး ဖြစ်နေပုံကို ခင်မာစန်း အကြောင်သား ငေး၍ ကြည့် နေသည် ။

“ ငါ့ဓားတွေက ထင်းခုတ်ဖို့ ၊ ဝါးခုတ်ဖို့ သိပ်ကောင်းတဲ့ ဓားတွေပေါ့ကွာ ”

မြင့်နိုင်က ရယ်ပြော ပြောသော အခါ ခင်မာစန်းက လိုက်ရယ်သည် ။ သို့သော် သူ့ရယ်သံက ငိုသံကြီးပါနေသည် တဲ့ ။

ဝတ္ထု ထိုနေရာတွင် ဆုံးသည် ။

••••• ••••• •••••

ကြူးနှစ်၏ ဓားကို ဖတ်ပြီး ကျွန်မမှာ ငိုရမလို ၊ ရယ်ရမလို ဖြစ်သွားသည် ။ သူ့ဝတ္ထုက လေးနက်သလိုလို နှင့် ဟာသ ဖြစ်နေသည် ။ ဟာသလိုလိုနှင့် လေးနက်နေပြန်သည် ။

••••• ••••• •••••

ဓား ဝတ္ထုများမှ ကျွန်မ ရလိုက် သော ခံစားသိမှာ ..

ဓားသည် အမှန်တရားဖြစ်သည် ။

ဓားသည် သစ္စာတရားဖြစ်သည် ။

ဓားသည် ဖြောင့်မတ်တည်ကြည်ခြင်း၏ သင်္ကေတဖြစ်သည် ။

ဓားသည် အမျိုးချစ်စိတ် ၊ နိုင်ငံချစ်စိတ်၏ နိမိတ်ပုံ ဖြစ်သည် ။

ဓားသည် မကောင်းမှု မှန်သမျှကို အောင်နိုင်ခြင်း ပြယုဂ်ဖြစ်သည် ဟု ။

••••• ••••• •••••

စာပေဝါသနာရှင် သားငယ် သမီး ငယ်လေးများက ရံဖန်ရံခါ ကျွန်မကို Auto သို့မဟုတ် အမှတ်တရ စာစုလေးများ ရေးခိုင်းတတ်သည် ။ ထိုအခါ ကျွန်မ ကြိုက်၍ မှတ်သားခဲ့သော ဆိုစကားလေး တစ်ပိုဒ်ကို မကြာခဏ ရေးပေးဖြစ်သည် ။

“ ကလောင်သွားသည် ဓားသွားထက် ပိုထက်သည် ။ ထက်သည့် ပစ္စည်း ကိုင်တွယ်သည့်အခါ အထူး ဂရုစိုက်ရန် လိုသည် ” ဟူသည့် စာပိုဒ်လေးပင် ဖြစ်ပါသည် ။

⎕ မနှင်းဖွေး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     နိုဝင်ဘာ  ၊ ၂၀၁၇

No comments:

Post a Comment