Friday, April 24, 2026

ချမ်းသာလို့ ဆင်းရဲသူ

 

❝ ချမ်းသာလို့ ဆင်းရဲသူ ❞
          ( ပီမိုးနင်း )

သာဒင်သည် လွန်စွာ စိတ်ဆင်းရဲသူ တစ်ယောက် ဖြစ်သည်မှာ ပိုက်ဆံ ငွေကြေး ကြွယ်ဝချမ်းသာ အားကြီးသောကြောင့် ဖြစ်လေ၏ ။ ဘယ်ကိုပဲ သွားသွား ၎င်းကို ဂရုစိုက်သူ များ၏ ။ ဧည့်ပွဲသဘင်အခမ်းအနားများ၌ ၎င်းကို ယောက်ျား မိန်းမ ဟူသမျှ ဂရုစိုက်ကြ၏ ။ သို့သော်လည်း ၎င်း ဂရုစိုက်သူတို့ အနက် မိမိကို အဟုတ် ချစ်သူ ရှိမရှိ ကြိုက်ဟန်ချစ်ဟန် ပြုကြသော မိန်းမများ အထဲ၌လည်း လူကို ချစ်သလား ၊ ငွေကို ချစ်သလားဟူ၍ ခွဲခြား သိဖို့ရန် ခက်လေ၏ ။ သို့ပင် ခက်သော်ငြားလည်း လူ ထက် ငွေစုံမက်ကြသော လက္ခဏာသည်ကား သာလွန် ထင်ရှား၍ နေလေသတည်း ။ သို့ဖြစ်၍ စိန်ရွှေ မော်တော်ကား မျက်နှာက လူ့မျက်နှာထက် ကြီး၍ နေသော ရန်ကုန် မြို့ကြီး၌ လွန်စွာ ငြီးငွေ့လျက် ခရီးဆောင်ဓာတ်ပုံကိရိယာ ကလေးတစ်ခုကို ဆောင်ယူကာ ရန်ကုန်မြို့ကြီး အတွင်း၌ ရှိသော နေရာ အဆောက်အဦများထက် အထူးပိုမို သာယာသော နေရာ ရှာရန် ဘိုင်စကယ်ကလေး တစ်စီးနှင့် မြို့ပြင်သို့ ထွက်သွားလေ၏ ။

တစ်ခုသော ခြံကြီး အတွင်းသို့ ရောက်သောအခါ ဘိုင်စကယ်ကို ရပ်ပြီး သာယာသော ခြံကြီး အတွင်းကို ကြည့်၍ နေရာ ဤဆိတ်ငြိမ်သော ခြံကြီးသည် ဆူညံ ဝင်းလျှံတောက်ပသော ရန်ကုန်မြို့တွင်းထက် သာယာ၏ ။ စိတ်နှလုံး အေးချမ်းခြင်းကိုလည်း ပေး၏ ။ ဤသစ်ပင်များသည် ငါ့အား မြှူခြင်း ၊ မြှောက်ခြင်းကို မပြုဘဲ ငါ၏ ငွေအတွက် မဟုတ် ။ ငါ့ကိုယ်တိုင် အတွက် ရိပ်ငြိမ် သာယာသော အရိပ်ကို ပေး၏ ။ လောကဓာတ်သည် ရိုးသား၏ ။ လူတွေ လုပ်သော အရာတွေသာ ဆန်းကြယ်သည် ။ ရိုးသားသော ဤတောအုပ်နှင့်သာ ဤနေ့ အတွက် ငါ အပေါင်းအသင်း ပြုတော့မည်ဟု စိတ်ကူးကာ ဘိုင်စကယ်ကို ဆိုင်ကလေး တစ်ခု၌ အပ်ထားခဲ့ပြီး ခြံထဲသို့ ဝင်၍ သွားလေ၏ ။

“ တပို့တွဲပေါက်လဲရယ်တဲ့ ငုံစီစီဖူးတံကချီ ” ဟူသော သာယာသော တေးသံသည် မွှေးကြိုင်သင်းပျံ့သော လေထဲတွင် ဝဲပျံ၍ လာလေသတည်း ။ ထိုအခါ သာဒင် သည် ရပ်တန့်ကာ နားစွင့်လျက် တေးသံ၏ အဆက်ကို ကြားရဦးမည်လားဟု စောင့်ဆိုင်းကာ ရပ်လျက်နေစဉ် သဒ္ဒါရုံအသံကို ဆက်ကာ မကြားရဘဲ ပန်းပွင့်ကလေးကို ကြိမ်လုံးနှင့် ရိုက်ဖြတ်လိုက်သည့်အလား အသံသည် ပြတ်လွင့်၍ သွားလေ၏ ။

သဒ္ဒါရုံ၏ အစား တစ်ခုသော ရူပါရုံကို မြင်ရလေ၏ ။ ထိုရူပါရုံကား နွေဦးပေါက်စ ရာသီတည်းဟူသော အပျိုဖျန်းကလေး၏ နဖူးထက်တွင် ဆင်မြန်းအပ်သော လှပယဉ်ကျေးမွေးကတည်းက ယိုးဒယားဟန်ကလေး နှင့် ပေါ်၍ လာခဲ့သော ဦးအပ်သော ရွှေလှော်အဆင်း ရှိသည့် ၊ ပေါက်ပွင့်များ ဖြစ်လေရာ စိမ်းစိုမှိုင်းညိုလျက် နံနက်ခင်း လေပြေတွင် လှိုင်းထ၍ နေသော သစ်ကိုင်း သစ်ခက်တို့၏ အအုပ်အဆိုင်းများ၏ ထိပ်တွင် ၎င်း ယဉ်ကျေးလှပသော ငှက်ကလေးတွေနှင့် တူသော ပေါက်ပွင့် တို့သည် နေရောင်နှင့် သစ္စာနှံ၍ နေကြလေသတည်း ။

သာဒင်သည် ထိုအပွင့်များကို ရှုမျှော်ကာ ငေးလျက် ရေငတ်၍ နေစဉ် အေးမြကြည်လင်သော ရေကို တစ်ကျိုက်မျှ သောက်ရပြီး ဖန်ခွက်မှာ လက်မှ လွတ်၍ ကျသဖြင့် မသောက်ရဘဲ မွတ်သိပ်၍ နေသူ့အလား ထိုအသံကို မွတ်သိပ်၍ နေလေသတည်း ။

မွတ်သိပ်၍ နေခြင်းဖြင့် ကျေးဇူး မရှိ ၊ အသံကိုရှာ ခြေရာကို တွေ့ ဆိုသလို အဘယ်အတွက် ဤခြံမှ ဤအသံ ထွက်ရသနည်း ။ မီး ရှိလို့သာ မီးခိုးထွက်၏ ။ အသံသခင် ရှိလို့သာ အသံထွက်ရာ၏ ။ တက်ခြေရာနှင့် ဆင်း ခြေရာကို မြင်သဖြင့် ကျောက်ဖျာပေါ်၌ သမင်လျှောက်သည်ကို သိရသလို အသံပေါ်ခြင်းနှင့် အသံပျောက်ခြင်းကို ထောက်သဖြင့် အသံသခင်သည် ဤခြံ၌ ရှိရာ၏ ။ သို့သော်လည်း အသံ ကောင်းတိုင်းလည်း အဆင်း မရှိ အတွေ့ ကောင်းတိုင်းလည်း အချင်း မရှိ ။ ဣတိတသ္မာ ထိုအသံ၏ သခင်မဟာ ခြံရှင်ယောက်ျား လူကပ်ပါး၏ မယားပိန်တာ ကင်မွန်းရွက်ခူး မြေတူးရာမှာ ချွေးသံတွေနှင့် အော်ရှာသည့် အသံများ ဖြစ်လေရော့သလား ဟူ၍ စဉ်းစားရင်း ခြံအတွင်းသို့ ရောက်၍ သွားလေသတည်း ။

မိမိ လက်ယာဘက် အတော်ရိပ်မှောင် လျှိုမြှောင် လိုလို ချောင်လိုလို နေရာ၌ကား တဲကလေး တစ်ခုကို မြင်ရလေ၏ ။ ထိုအသံသည် ထိုတဲမှ လာလေသလားဟု ဆင်ခြင်ကာ တဲဘက်သို့ ဝင်လျက်သွားရာတွင် တဲထဲ၌ တစုံတရာကိုမျှ မမြင်ရချေ ။ ၎င်းတဲ မှာ တင်းကုတ်နှင့် တူသဖြင့် အပြင်၌ မြေပေါက်ခုတင် ကွတ်ပစ်ကို မြင်ရလေရာ ထိုခုတင်၏ နောက်၌ တစ်ပိုင်းပြုတ်၍ ကျသော ထရံမှ အတွင်းကို ကြည့်လိုက်သောအခါ ပျဉ်းလေးငါးချပ် ခင်း၍ ထားသော အဆင့် တစ်ဆင့်ကို မြင်ရလေ၏ ။ ၎င်း အတွင်းအဆင့်ကို သေချာစွာ ဝင်၍ ကြည့်လိုက်သော အခါ ဟဲခနဲ ဆီး၍ ဟိန်းသော ခွေးနက် တကောင်ကိုသာ မြင်ရသဖြင့် မကြာမီက ကြားရသော တေးသံသည် ဧကန် ဒိဋ္ဌ ၎င်း၏ အသံ မဟုတ်ဟု သာဒင်သည် ဉာဏ်ရှင်သဖြင့် သိလေ၏ ။ အကြောင်းမူကား သာဒင်သည် ကြီးကျယ်နက်နဲသော ပညာ မရှိ ။ ယောက်ျားကောင်းတို့ သိမြဲတတ်မြဲ လိမ္မာမြဲ ဖြစ်သော ကျောင်းဆရာများ သင်ပြရသည့် အနည်းငယ်မျှသော အသိပညာကလေးမျှ ရှိသူ ဖြစ်ငြား သော်လည်း ယခု မြင်ရသော ခွေးနက်မသည် အဆိုပါ အသံ၏ အရှင် မဟုတ်ကြောင်းကို ပိုင်နိုင်စွာ သိရှိလေသတည်း ။
သို့ဖြစ်သောကြောင့် အသံပိုင်ရှင်ကို လိုက်လံ ရှာဖွေရင်း ထွက်၍ သွားလေရာ ဆပ်သဖူးရုံကြီး တစ်ခု ပေါက်၍ နေသော နေရာ မြေနိမ့် တစ်ခုသို့ ရောက်လေ၏ ။ ထိုနေရာ၌ မြက်ပေါက်လျက် သန့်ရှင်းသော နေရာကလေး တစ်ခုကို တွေ့သဖြင့် မိမိ၌ ပါလာသော ဓာတ်ပုံ ကိရိယာကလေးကို နံဘေး၌ ချကာ ထိုင်ပြီး ဘယ်ဘက် ရှာရပါ့မတုန်း ။ ခြံစောင့်၏ မယား ထင်ပါရဲ့လေ ငါမရှာပါဘူးဟု အောက်မေ့ကာ မြေကမူကလေး၌ ဦးခေါင်းကို တင်ကာ အိတ်ထဲ၌ ပါ၍ လာသော အင်္ဂလိပ်မဂ္ဂဇင်း စာအုပ် တစ်ခုကို ဖွင့်၍ ဖတ်နေလေ၏ ။ ထိုမဂ္ဂဇင်း၌ ဖတ်ရသော ဝတ္ထုသည်ကား သူဌေးတစ်ယောက် ဆင်းရဲသားယောင် ဆောင်ပြီး လည်ပတ်လေလွင့်၍ နေသော ဝတ္ထုတစ်ခု ဖြစ်လေသတည်း ။

ထိုကဲ့သို့ စာကို ဖတ်၍ နေခိုက်တွင် ထောက်ခနဲ နဖူးကို တစ်ခုခု လာ၍ မှန်လေ၏ ။ သို့သော်လည်း မှန်သော အရာသည် နာကျင်စေသော အရာ မဟုတ် ခပ်ပေါ့ပေါ့ အေးစက်စက် အရာကလေးတစ်ခု ဖြစ်ပြီး လွင့်စဉ်ကာ မြက်ထဲသို့ ကျ၍ သွားသဖြင့် မိမိ၏ အပေါ်၌ ဖြတ်သန်းပျံဝဲ၍ သွားသော ငှက်တစ်ခု၏ နှုတ်သီးဖျားမှ ကျသော အစာပေပဲဟု မှတ်ထင်ကာ နဖူးကို လက်ကိုင်ပဝါ နှင့် သုတ်ပြီး ပဝါကို ကြည့်လေလျှင် ပေရေစွန်းကွက်ခြင်း တစ်စုံတစ်ရာကိုမျှ မတွေ့ ရသောကြောင့် ပဝါကို နံဘေး၌ ချကာ ၊ စာကို ဆက်၍ ဖတ်လေ၏ ။ အတန်ငယ် ကြာ၍ လာသောအခါ တစ်ဖန်ကျ၍ လာပြန်၏ ။ ထိုအခါ ကောက်၍ ကြည့်လိုက်သောအခါ တရုတ်ဆီးသီးစေ့ကလေး ဖြစ်၍နေလေ၏ ။ ထိုအခိုက်တွင် ဆက်ကာ ဆက်ကာ ထိုအစေ့များ စက်သေနတ်ကျည်ဆန်လို ကျရောက်၍ လာလေရာ တရုတ်ဆီးသီးစေ့များသည် အင်္ကျီအိတ်ထဲသို့ အချို့ ဝင်ရောက် ကိန်းအောင်းပြီး အချို့မှာ နံဘေး မြက်ထဲသို့ ကျလေ၏ ။

ထိုအခါ သာဒင်သည် မဂ္ဂဇင်းစာအုပ်ကို နံဘေး၌ ချပြီး အဘယ်က ရန်သူပေနည်းဟု စုံထောက်ရန် ထပြီး ဆပ်သဖူးရုံ ကမူမြေမြင့်ကလေး၏ နံဘေးကို လှည့်၍ သွားလေရာ နေကို ကွယ်၍ ထားသော ဖဲထီးကလေး၏ အစွန်း၌ ဖြူစင်သော အင်္ကျီလက်ကလေးနှင့် ဖြူစင်ကြော့ရှင်း ပြေပြစ်လှပခြင်းနှင့် ပြည့်စုံသော လက်ကလေး အပေါ် ၌ ခေါက်တင်၍ ထားသော ဝါဝင်းသော မျက်နှာကလေး တစ်ခြမ်းကို မြင်ရလေ၏ ။ သာဒင်သည် ထိုး၍ ချိန်လေ၏ ။ သစ်ရွက်ခြောက်တို့က ဂျိုးဂျိုးဂျွတ်ဂျွတ် မည်ကာ ကတုန်းကတိုက် ပြုကြလေ၏ ။ ဝါဝင်းသော မျက်နှာကလေးသည် ချာခနဲ လှည့်ကြည့်ပြီး ကြော့ရှင်းသော ကိုယ်ကလေးသည် ငေါက်ခနဲ ထူ၍ ထလေ၏ ။ ပန်းပွင့်နှင့် တူသော စိုပြည်သော နှုတ်ခမ်းကလေးများကို စူကာ “ ရှင် ဘာလုပ်မလို့လဲ ဟင့်အင်း မလုပ်ပါနဲ့ ၊ ကျွန်မ မကြိုက်ပါဘူး ” ဟုပြောပြီး ထီးကလေးသည် လေထဲ၌ ဝင့်ခနဲ ဖြစ်ပြီး ရူပါရုံနတ်ကညာကလေး ကွယ်၍ သွားလေ၏ ။ သာဒင်သည် စိတ်မလျှော့ဘဲ တစ်ဖက်သို့ လှည့်ကာ ဓာတ်ပုံနှင့် ချိန်ပြန်လေ၏ ။ ထီးကလေးသည် ဝင့်ခနဲ လာ၍ ကွယ်ပြန်လေ၏ ။ ( သာဒင်သည် မကွယ်သော ဘက်သို့ လှည့်ကာ ခပ်စောင်းစောင်း နေသော ရွှေမျက်နှာကလေးရော ယဉ်ကျေးသော ကိုယ်ကလေးရောကို တစ်ပါတည်း ချိန်ပြန်လေ၏ ။ )

“ ရှင်ဘယ့်နှာလဲ ၊ ကျွန်မ ဒါမျိုးကို မကြိုက်ဘူး သွားပါ မလာပါနဲ့ ။ ရှင် ကျွန်မကို ဘာမှတ်သလဲ ”

“ မင်းကို လှတဲ့ သူငယ်မကလေး တစ်ယောက်လို့ အောက်မေ့လို့ ချိန်တယ် ”

“ ကိုင်း ဟော ပြီးပြီ ၊ တစ်ချက် ဟောနှစ်ချက် ”

မိန်းမပျိုကလေးသည် စိတ်ဆိုးကာ ထီးနှင့် မကွယ်ဘဲ တည့်တည့်ကြီး ကြည့်၍ နေလေ၏ ။

ထိုအခါ သာဒင်က “ အဲဒါမှ ကောင်းတယ် ၊ ဟော တစ်ချက် ” ဟု ပြောရင်း ဓာတ်ပုံ ရိုက်သော ဘုကလေးကို နှိပ်ပြန်လေ၏ ။

ထိုအခါ သူငယ်မသည် စိတ်ဆိုးလျက် ထီးကို ဖယ်၍ မတ်တတ် ထလေ၏ ။ သာဒင်သည် တစ်ချက် ထပ်၍ ရိုက်ပြန်လေ၏ ။

မိန်းမပျိုကလေးသည် ငိုတော့မလို မျက်နှာကလေးနဲ့ ခြေကို ဆောင့်ကာ “ ကြည့်ပါဦး ဘယ့်နှယ် လူကြီးလဲ မသိဘူး ၊ မလုပ်ပါနဲ့ဆိုတာ ” ဟု ပြောလေ၏ ။ ထိုအခိုက်တွင် သာဒင်သည် သုံးချက်ဆင့်ကာ ရိုက်ယူလေ၏ ။

မိန်းမပျိုသည် စွဲမြဲသော သာဒင်၏ သတ္တိကို အံ့အားသင့်ကာ ရပ်လျက် စဉ်းစားသော အမူအရာနှင့် ကြည့်၍ နေလေ၏ ။

သာဒင်သည် အတင်း ဖက်တော့မလို တစ်ဟုန်တည်း ပြေးကပ်၍ လာလေရာ မိန်းမပျိုကလေးသည် လွန်စွာ ထိတ်လန့်ပြီး လက်များနှင့် ကွယ်ကာရင်း နောက်သို့ ဆွေ့ခုန်ပြီး ကြောက်ရွံ့ ကွယ်ကာသော အနေနှင့် ရပ် လေရာ သာဒင်က “ အဲဒါလိုနေ မလှုပ်နဲ့ ” ဟု ပြောပြီး ဆင့်ကာနှစ်ချက် ရိုက်ယူပြီး တောက်ခေါက်လျက် “ ဖလင် ကုန်ပြီ ” ဟု ပြောလေ၏ ။

ထို့နောက် ဓာတ်ပုံကိရိယာကလေးကို နေရာကျ တပ်မည် ပြင်ဆင်လျက်နေရင်း မိန်းမပျိုကလေးကို ငုံ့လျက်ရှိသော မျက်နှာမှ မျက်ဖြူလန်ကာ မြန်စွာ ကြည့်လိုက်ရာတွင် မိမိကို ပြုံးခနဲ့နဲ့ မျက်နှာနှင့် ကြည့်၍ နေသော မိန်းမပျိုကလေးနှင့် မျက်လုံးချင် ဆိုင်၍ နေလေ၏ ။ မိန်းမပျိုကလေးသည် ပြုံးခနဲ့နဲ့နေသော မိမိ၏ မျက်နှာ အမြင် ခံရသည်ကို သိသဖြင့် ဆက်လက်၍ ဣန္ဒြေ မလုပ်နိုင် သောကြောင့် လည်းကောင်း ၊ ၎င်း ရဲတင်းသောလူ ရိုးသားသော အမူအရာ ရှိသူကို မုန်းရာမှ ချစ်သလိုလို ဖြစ်၍လာ သောကြောင့် အနီးရှိ သစ်ပင်တစ်ပင်၏ အရွက်ကို ကိုင်ဆွဲကာ “ ကျွန်မတစ်ပုံ ပေးမလား ကျွန်မမှာ ပိုက်ဆံ မရှိလို့ ဝယ်တော့ မဝယ်နိုင်ဘူး ”

“ လိုချင်သလား ရပါတယ် ။ ပြီးတော့ သူများတွေကို သွားမပေးနဲ့နော် ”

“ ရှင်ကသာ သူများတွေကို ပြမှာ ၊ ကျွန်မက ဘယ်သူမှ ပြစရာ မရှိဘူး ”

“ အေး ဒီလိုဖြင့် ပေးမယ် ၊ ကျုပ်ကလည်း ဘယ်သူ့မှ မပြရပါဘူး ”

“ မပလီပါနဲ့ ရှင်တို့ ယောက်ျားတွေဟာ ၊ မိန်းမကလေး သနားကမား ရုပ်ပုံကို ရရင် ၊ ကိုယ့်ရည်းစားလို့ ဆိုပြီး ကြွားချင်တာနဲ့ လိုက်ပြတာပဲ ”

“ ဟောဒီခြံထဲမှာ ဟော မင်းရပ်နေတဲ့ နေရာမှာ အဖိုးတန်တဲ့ ရတနာ တစ်ခုကို တွေ့တယ်ဆိုရင် ကိုယ် သိရအောင် လုံလုံကြီးထားမှာပေါ့ ။ ဘယ်သူ့ကို လျှောက်ပြောနေရဦးမှာလဲ ”

မိန်းမပျိုကလေးသည် သဘောကျသော ကြည့်ခြင်းမျိုးနှင့် သာဒင်၏ မျက်နှာကို ကြည့်ကာ နေလေ၏ ။

“ မင်းနာမည် ဘယ်သူလဲ ”

“ ကျွန်မနာမည် ၊ မစောမြတဲ့ရှင် ။ ရှင့်နာမည်ကော ”

“ ကျုပ်နာမည် မောင်သာဒင်တဲ့ ၊ မင်းနာမည်လောက်တော့ မလှဘူး ”

“ ကျွန်မနာမည် လှသလား ”

“ နာမည်ထက် လူက သာလှသေးတယ် ”

ထိုအခိုက်တွင် မိန်းမပျိုကလေးသည် ဆီးသီးကလေး တစ်လုံးကို စားပြီး အစေ့ကို လက်နှင့် ယူကာ နောက်ပြန် ပခုံးပေါ်သို့ ကျော်၍ ပစ်လိုက်လေ၏ ။

“ မင်းဒီလိုဘဲ ဆီးသီးတွေကိုစားပြီး အစေ့ကို ပစ်သလား ”

“ မပစ်ရင် မျိုချရလား ”

“ မျိုချရင် ကျုပ်ကို ဘာထိမလဲ ။ အခုတော့ မင်းနှုတ်ခမ်းကလေးနဲ့ ထိတဲ့ အစေ့ကလေးတွေဟာ ဟော အခု အင်္ကျီအိတ်ထဲ ရောက်နေပြီ ။ အိမ်ကို ရောက်ရင် ပန်းထိမ်သွားပြီး ရွှေနဲ့ ကွင်းဝတ်ထားမယ် ”

“ ဘာဖြစ်လို့လဲ ”

“ မင်း နှုတ်ခမ်းကလေးတွေကို မနမ်းရတော့ မင်း နှုတ်ခမ်းနဲ့ ထိတာ ကလေးကိုပဲ နမ်းရမှာပေါ့ ”

“ ရှင် ဘယ့်နှယ်လူလဲ ”

“ ဒင့်နှယ်လူပေါ့ ”

“ ကြည့်ပါဦး ပြောလေ ကဲလေ ”

“ မန်းလေ ပြဲလေ ”

“ မမန်းဝံ့ပါဘူးရှင် ။ ရှင် ဘယ်မှာ နေသလဲ ”

“ ကျုပ်လား ရန်ကုန်မှာပေါ့ ။ မင်းကော ” 

“ ကျွန်မလည်း ရန်ကုန်ကပေါ့ ”

ထိုကဲ့သို့ ဆက်လက်၍ စကားပြောကြရင်း တိုး၍ အကျွမ်းတဝင် ဖြစ်၍ သွားကြရာ အတန်ကြာစွာ စကားပြော၍ နေကြ၏ ။

ထိုအခိုက်တွင် မိန်းမယောက်ျားများ၏ အသံကို ကြားကြရလေ၏ ။ ထိုအခါ မိန်းမပျိုကလေးက “ ကျွန်မ အဖော်တွေ လာပြီ ကိုသာဒင် ရှောင်နေရင် ကောင်းမယ် ။ နောက်တော့မှ တွေ့ကြသေးတာပေါ့ ”

“ ဘယ်မှာတွေ့ ရမလဲ ”

“ ကျွန်မ ညနေညနေ ကျရင် ဘုရားကြီးကို ကျွန်မ အဖော် တစ်ယောက်နဲ့ အမြဲ သွားတယ် ”

“ ဟုတ်လား ဒီလိုဖြင့် ကျုပ် သွားဦးမယ်နော် ”

“ ကျွန်မတို့ ဓာတ်ပုံကလေး မမေ့နဲ့နော် ”

“ မမေ့ပါဘူး စိတ်ချပါ ။  တွေ့ ကြရင်ရရောပ ” ဟု ပြောပြီး ထွက်လာခဲ့လေ၏ ။

နောက်တစ်နေ့မှ စ၍ ဘုရားအနီး၌ နေ့စဉ် တွေ့၍ အကျွမ်းဝင်ကြပြီး တစ်လလောက် ကြာသောအခါ ရွှေတိဂုံဘုရားပေါ်မှ ညနေအချိန် စောမြသည် အဖော် မိန်းမကြီး တစ်ယောက်နှင့် ဆင်း၍ အလာတွင် သာဒင် နှင့် တွေ့ ကြလေရာ အဖော်မိန်းမကြီးသည် ရှောင်၍ ပေးသဖြင့် နှစ်ယောက်စကား ပြောကြလေ၏ ။

“ ရှင် ဘာအလုပ်ကို လုပ်သလဲ ”

“ ကျုပ်လား စတီးစက် ထဲမှာ ”

“ စက်ထဲမှာ ဘယ်ဘက်က အလုပ်လုပ်သလဲ ”

“ စတိုမှာ လုပ်ပါတယ် ။ လခ ဘာများမလဲကွယ် ၊ တစ်ရာ့ငါးဆယ်ပါ ”

“ လခနည်းတာက ကိစ္စ မရှိပါဘူးရှင် ။ ရိုးရိုးသားသား လုပ်ရင် တဖြည်းဖြည်း ကြီးပွားတာပါပဲ ၊ ကျွန်မတော့ ကုန်တိုက် တစ်ခုမှာ စာရေး လုပ်ပါတယ် ”

“ တစ်လ ရှစ်ဆယ် ရပါတယ်ရှင် ။ ရှင်တို့ ယောက်ျား လိုတော့ ဘာရမလဲ ။ မိန်းမသား ဆိုတာ ယောက်ျားကို ဘယ်တော့မှ ပြိုင်လို့ မရပါဘူး ”

“ မိန်းမဆိုတာ အပြင် အလုပ်များကို ယောက်ျားများလို လုပ်ကောင်းတာလည်း မဟုတ်ပါဘူး ။ မိန်းမ အလုပ် ဆိုတာ အိမ်သယ် အလုပ်ပါ ။ အိမ်မှုဝတ္တရား ကျေပြီး လင့်ဝတ်ငါးပါး သိဖို့ လိုတာပါပဲ ”

“ ကျွန်မ လင်ယူမယ်လို့ ရှင့်ကို ဘယ်သူ ပြောသလဲ ” ဟု ပြောင်သလိုလို ပြောလေ၏ ။

“ သည်လို မပြောပါနဲ့ မစောမြရဲ့ ။ မစောမြ သည်လို ပြောလိုက်တော့ ရင်ထဲမှာ ထိတ်သွားတာပဲ ”

“ အဟုတ်ပဲလားရှင့် မပလီပါနဲ့ ။ သည်လောက်တောင်ပဲ ဖြစ်နေပလား ”

“ သည်လောက်တောင်ရော ဟိုလောက်တောင်ရော ။ မနည်းဖြစ်ပဲ ဖြစ်နေပါတယ် မစောမြရယ် ဆင် ကျီစား ဆိတ် မခံနိုင် ဆိုတာလို မလုပ်စမ်းပါနဲ့ ။ မစောမြ ပါးစပ်က သည်လို စကားမျိုး ကျီစားတာကို နားထဲ သံမှိုကြီး ရိုက်သွင်းလိုက်သလို ဖြစ်သွားတာပါပဲ ”

“ ဪ ဒါထက် ကျွန်မ ဘုရားဈေးမှာ နောက်ဆုံး ထွက်တဲ့ မဂ္ဂဇင်းကလေးများ ရှိရင် ဝယ်ချင်လိုက်တာ ”

“ လာလေ သွားကြည့်ရအောင် ” ဟု ပြောပြီး နှစ်ယောက်သား ဘုရားဈေးကို တက်သွားကြလေ၏ ။ ဆိုင်တစ်ဆိုင်၌ မဂ္ဂဇင်းစာအုပ်များကို ဝယ်ရင်း အလွန်လှသော ဒိုင်ယာရီစာအုပ်ကလေး တစ်အုပ်ကို တွေ့လေ၏ ။ ၎င်းဒိုင်ယာရီစာအုပ်ကို စောမြ ယူ၍ ကြည့်ရာ သာဒင်က စောမြ သဘောကျမှန်း သိသဖြင့် အဖိုးကို မေး၍ ထုတ်ပေးလိုက်လေ၏ ။

ထို့နောက် စောမြ၏ လက်မှ ၎င်းစာအုပ်ကလေးကို လုယူပြီး တစ်ခုသော စာရွက်ထောင့်၌ မိမိ၏ လက်မှတ်ကို ထိုးပြီး စောမြအား ပေးလိုက်လေ၏ ။ စောမြသည် ထိုလက်မှတ်ကို မြင်လျှင် မြင်ချင်း ကြည်လင်သော မျက်နှာမှ ဣန္ဒြေလုပ်ကာ တည်၍ သွားပြီး စဉ်းစားသော မျက်လုံးများနှင့် ထိုလက်မှတ်ကို တအောင့်ကလေးမျှ စိမ်းစိမ်းကြည့်၍ နေလေ၏ ။

ထို့နောက် စောမြမှာ များစွာ မျက်နှာပျက်၍ သွားလေ၏ ။ သာဒင် သည် အံ့အားသင့်၍ နေပြီး “ ဘာကြည့်သလဲ မစော ဘာဖြစ်သလဲ ” ဟု မေးလေ၏ ။

“ ဘာမှ မဖြစ်ပါဘူး ။ ကျွန်မ မောသလိုလို ဖြစ်သွားတယ် ” ဟု ပြောလေ၏ ။ ထို့နောက် စောမြသည် အရင်ကလို စကားကို အားတက်သရော မပြောတော့ဘဲ မေးခါမှ ဖြေရင်း ဆင်း၍ လာကြပြီး လမ်းခွဲ၍ သွားကြလေ၏ ။

နောက်တစ်နေ့ သာဒင်သည် စာတစ်စောင်ကို ရလေ၏ ။ ၎င်းစာကို ဖတ်၍ ကြည့်သောအခါ အောက်ပါ အတိုင်း တွေ့ရှိရလေ၏ ။

        ကိုကို ကျွန်မ ဝတ္ထုကလေး တစ်ခုကို ပြောပါမည် ။ ၎င်းဝတ္ထုမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။ ဆင်းရဲသော သူငယ်မကလေး တစ်ယောက်ဟာ လူချောချော တစ်ယောက်နဲ့ အသိ ဖြစ်ပါသည် ။ ရှေးဦးပထမ မိမိ လို ဆင်းရဲသည် မှတ်ထင်သဖြင့် အကျွမ်းတဝင် ဖြစ်မိပါသည် ။ အခုမှာ သူ ပေးသော စာအုပ်ကလေးမှာ မြင်ရတဲ့ လက်မှတ်ကို မြင်ရသဖြင့် လူဆင်းရဲ မဟုတ် ။ ရန်ကုန်မြို့ ရှိသော သူဌေးကြီး တစ်ယောက် ဖြစ်တာကို သိရပါသည် ။ ဆင်းရဲတဲ့ သူငယ်မကလေးမှာ နိုင်ငံခြားကုန်များကို မှာတဲ့ တိုက်မှာ စာရေး လုပ်ရသဖြင့် လယ်ထွန်စက်တွေ စပါးစက်တွေ အားလုံး တစ်သိန်းကျော်ဖိုး မှာသူ ကျွန်မတို့၏ အမြဲဖောက်သည် တစ်ယောက်၏ လက်မှတ်ကို သိသူ တစ်ယောက် ဖြစ်ရာ ဒိုင်ယာရီစာအုပ်ကလေးမှာ ထိုးပေးလိုက်တဲ့ လက်မှတ်ဟာ အဲသည် ဖောက်သည် သူဌေးကြီး လက်မှတ်ပင် ဖြစ်နေပါသည် ။ သို့အတွက် ဆင်းရဲသူ လခစား ၊ စာရေး လုပ်ရတဲ့ မိန်းမကလေးမှာ မတူမတန်သော မိမိထက် အထက်ကျသော သူနှင့် အကျွမ်းတဝင်မိသည့်အတွက် ရှက်လည်းရှက် ကြောက်လည်းကြောက် ဖြစ်ရပါသည် ။ ဤမျှလောက် ဂုဏ်သရေ ရှိသော သူဌေးကြီး တစ်ယောက်ဟာ ဆင်းရဲတဲ့ စာရေးမကလေးကို အဟုတ် ယူမှာလည်း မဟုတ်ပါသည့် အတွက် ယနေ့က စပြီး နောင်ကို တွေ့ဖို့ရန် မကြံစည်ဖို့ရန် အသနားခံလိုက်ပါသည် ။

သာဒင်သည် ထိုစာကို ဖတ်ရသောအခါ အတိုင်းထက်အလွန် အားရလေ၏ ။ ဒီမိန်းမကလေးဟာ ငါ၏ ဥစ္စာစည်းစိမ်ကို တပ်မက်သူ မဟုတ် ငါ့ကို ရိုးရိုးချစ်တဲ့ မိန်းမကလေး အစစ်ပဲဟု စိတ်ချလက်ချ သိလေ၏ ။ သို့ ဖြစ်သောကြောင့် ၎င်းထံ အောက်ပါစာကို ချက်ချင်း ပြန်၍ ရေးလိုက်လေသတည်း ။

        ချစ်နှမမြ ဘယ်အတွက် စိတ်ပျက်ရသလဲ ၊ မင်း ကတော့ ကလောင်တံကလေးနဲ့ ပေါ့ပေါ့ဆဆ ရေးလိုက်တာ မှန်ပါတယ် ။ ဒီစာကလေးဟာ ကျုပ် အသည်းကို ဆင်ဝင်ပြီး ထိုးသလောက် နာကျင်အောင် လုပ်မဲ့ စာကလေးပဲဆိုတာ မင်း နည်းနည်းကလေး တွေးမိရင် ရေးရက်မယ် မထင်ပါဘူး ။ ငွေ ဆိုတာ သင်္ခါရပါ ၊ ကျုပ်ကို အများက သူဌေးလို့ ပြောကြတာ မှန်ပါတယ် ။ သို့သော်လည်း တကယ့် အချစ်လောက် အဘယ် ရတနာမှ မမြတ်ပါဘူး ။ သို့အတွက် ချစ်နှမ စောမြကလေး၏ ရက်စက်ခြင်းကြောင့် မစားနိုင်မအိပ်နိုင် ဖြစ်ရသူကို သနားလျှင် ယနေ့ညနေ တွေ့ရဖို့ရန် အခွင့်ကို သနားဖို့ သင့်ပါကြောင်း ။

စာပြန်၍ မလာ သာဒင်မှ နာကျင်၍ မနည်းတောင် အသည်းမှာ လောင်၍ နေလေ၏ ။

ညနေတိုင်း ဘုရားကို သွားသော်လည်း စောမြကို မတွေ့ရချေ ။ တစ်နေ့တွေ့နိုး တစ်နေ့တွေ့နိုးနှင့် ကြိုးစား အားခဲ၍ သွားလေ၏ ။

ဆိုင်ကို သွားမည်ဟု ကြံမိ၏ ။ ကြံမိသော်လည်း သူ မှ အတွေ့မခံချင်တာကို ငါ သွားရင် ငါ့ကို သာပြီး မုန်းမှာပဲဟု အောက်မေ့ကာ သူ စိတ်ကောင်း၍ အတွေ့ ခံချင်လျှင် ဘုရားကို လာလိမ့်မည် ။ ဘုရားကိုမှ မလာရင် ငါ့ကို မချစ်ဖို့ပဲဟု အယူရှိကာ သည်းညည်းခံ၍ နေလေ၏ ။

ငါက သဘောရိုး ကြံတာကို အလိမ်ဉာဏ် အညာဉာဏ် အကြောဉာဏ် မှတ်ထင်လို့ ငါ့ကို ကြောက်ရွံ့ပြီး ရှောင်လွှဲရှာသူကလေးထံ ငါသွား၍ အသနားခံရလျှင် ကောင်းလေမည်လား ဟူ၍လည်း ကြံမိ၏ ။ သို့သော်လည်း နဂိုက အကြောက်ကြီးသူ ဖြစ်လေရာ ၊ တိုက်ရှင် သူဌေး သိမှာကို စိုးသဖြင့် မသွားဘဲ နေလေ၏ ။

တစ်နေ့သော ညနေအချိန် ဘုရားခြေတော်ရင်း၌ အတန်ကြာ စောင့်နေလေ၏ ။ ခြေရင်း၌ မတွေ့ရသဖြင့် ဘုရားပေါ်သို့ တက်လေ၏ ။ ဘုရားပေါ်၌ မတွေ့ ရသဖြင့် တောင်ဘက် စောင်းတန်းမှ အောက်ကို ဆင်းလေ၏ ။ ထို့နောက် ကန်တော်မင်ပန်းခြံထဲသို့ ရောက်သွားပြီးလျှင် ကန်အနီး၌ ထိုင်၍ နေလေ၏ ။ မျက်စိထဲ၌ကား စောမြ ကိုသာ မြင်၍ နေလေ၏ ။ စောမြ စောမြ ဟူ၍ နှုတ်ဖြင့်လည်း တတွတ်တွတ် ပုတီးစိပ်၍ နေလေ၏ ။ အကယ်၍ ထိုကဲ့သို့ နေစဉ်အတွင်း မတော်တဆ စုတေ၍ သွားချေသော် အပျိုစင် ဖြစ်သော စောမြ၏ ဝမ်း၌ သန္ဓေသွား၍ တွယ်ကောင်း တွယ်ပေလိမ့်မည်ဟု မှတ်ထင်ရလောက်အောင် အစွဲသန်လေ၏ ။ သို့နေခိုက်တွင် နောက်ပါးမှ ချွတ်ခနဲ ကြားရသဖြင့် လှည့်၍ ကြည့်လိုက်သောအခါ စောမြ နှင့် ရင်ဆိုင်တွေ့၍ နေလေသတည်း ။

သာဒင်သည် စကား မပြောချင်ဘဲ နေလေ၏ ။ စောမြသည် မျက်တောင် မခတ်ဘဲ ဘဝတစ်ပါးမှ ကိုယ်ရောင် လာ၍ ပြသလို မတ်တတ်ရပ်ကာ သာဒင်ကို မကြည့်ဘဲ ရေထဲကို စိုက်ကာ ကြည့်၍ နေလေ၏ ။

အတန်ကြာသောအခါ မစော ဟု ပြောပြီး သာဒင်သည် လက်ကို ဆန့်ကာ အပါးသို့က ပ်သွားလေ၏ ။ စောမြသည် စကားပြန်၍ မပြောဘဲ နောက်သို့ ဆုတ်သွားလေ၏ ။ သာဒင်သည် အနီးရှိ သစ်ပင်တစ်ပင်ကို ကျောမှီပြီး စောမြ အစား သစ်ပင်ကို ဖက်ရက်ပွတ်သပ်ကာ နေလေ၏ ။ စောမြသည် တစ်ခုသော သစ်ပင်မှာ ဘေးတိုက် မှီရင်း ခေါင်းငုံ့လျက် လက်တစ်ဖက်က အင်္ကျီကြယ်သီး ကလေးကို ကိုင်၍ ပွတ်ကာ လက်တစ်ဖက်က သစ်ပင်၏ အခေါက်ကို ခွာ၍ နေလေ၏ ။

သာဒင်သည် သစ်ပင်မှ ခွာ၍ စောမြ၏ အပါးသို့ ကပ် ၍လာလေ၏ ။ စောမြသည် မလှုပ်မရှား နေလေ၏ ။ သာဒင်သည် တုန်လှုပ်သော လက်များနှင့် စောမြ၏ ကစားသော လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်ကာ “ စောရယ် မင်း ဟိုနေ့က စာကို အဟုတ် ရေးလိုက်တာလား ” ဟုပြောလေ၏ ။

ထိုအခိုက်တွင် အနောက်ဘက်က လေသည် ၎င်း တို့စပ်ကြားတွင် ဝှေ့တိုက်ကာ လေချွန်၍ လာလေ၏ ။ ညနေစောင်း နေရောင်သည် ကန်ရေပေါ်၌ သွေးကွက်လို နီမြန်း၍ နေ၏ ။ ထိုဥယျာဉ်သည် နှစ်ယောက်သား လက်ချင်း အထိတွင် နတ်ဥယျာဉ် ဖြစ်၍ သွားလေ၏ ။

စောမြက အသံတုန်တုန်နှင့် “ ရှင်ကျွန်မကို တမင်သက်သက် ညာပြီး အပျော်အပါးအတွက် ကြံစည်တာ မဟုတ်ဘူးလား ” ဟု လက်ကို မရုန်းဘဲ သာဒင်၏ မျက်နှာကို မော့ကြည့်ကာ မေးလေ၏ ။

“ မဟုတ်ပါဘူး မြရယ် မင်းကို တကယ်ချစ်လို့ပါ ။ ကမ္ဘာဦး စပြီး လေးကျွန်းကို လှမ်းနေတဲ့ နေမင်းအောက်မှာ မင်းလို ချောတဲ့ မိန်းမကလေးကို မမြင်ဖူးသေးပါဘူး ” ဟု ပြောလေ၏ ။

ထိုအခါ စောမြသည် ထိတ်လန့်သော အမူအရာနှင့် မျက်နှာ ပျက်သွားပြီး ကြောက်ရွံ့စွာ လက်ကို ဆွဲ၍ ရုပ်သိမ်းရင် “ ဟောဖေဖေရယ် ဖေဖေရယ် ” ဟုပြောပြီး သစ်ပင်ကွယ်သို့ လှည့်သွားလေ၏ ။ ရိုးရွိုက်ကားကြီး တစ်စီးသည် အပါးသို့ ရောက်လာပြီး ရပ်လေ၏ ။

သာဒင်သည် ကြည့်လိုက်သောအခါ မိမိ၏ အသိ ဖြစ်သော သူဌေးကြီး ဦးဘမောင် ကားပေါ်မှ ဆင်း၍ လာသည်ကို မြင်ရလေသတည်း ။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အံ့အားသင့်လျက် နေကြလေ၏ ။

ဦးဘမောင် ။  ။ “ ဘယ့်နှယ် မောင်သာဒင် ၊ ဘာလုပ်နေသလဲကွဲ့ ။ ခုတင်က စောမြကို ငါ မြင်လိုက်ပါကလား ”

“ ဟုတ်ကဲ့ ဟိုမှာပါ ”

ဦးဘမောင်သည် မိမိ သမီး ရှိရာသို့ လှည့်သွားရာ သမီးနှင့် တွေ့သဖြင့် “ ဟောသမီး ဘုရားဖူးဖို့ လာတယ်ဆို ”

“ ဟုတ်ကဲ့ဖေဖေ ၊ ဒေါ်ဒေါ်ရင်နဲ့ ကျွန်မနဲ့ ကွဲသွားလို့ ဘုရားက ဆင်းပြီး လိုက်ရှာရင်း ”

“ လိုက်ရှာရင်း ဘာဖြစ်သလဲ ”

“ ကျွန်မ ဘာမှမဖြစ်ပါဘူး ”

“ ဘယ်နှယ့် မောင်သာဒင် ၊ မင်းတို့ ဘယ်လို တွေ့လဲ ”

“ ကျွန်တော် တမင် လိုက်ရှာတာပါ ”

“ မောင်သာဒင် ဒါ ကျုပ်သမီးပါကွယ် ။ ငါ့ လက်ရုံးပါပဲ ။ တိုက်မှာ သူ့ကိုသာ မျက်နှာ လွှဲနိုင်ဖို့ရန် အလုပ်ကို သင်ပေးနေတာ မကြာသေးဘူး ။ မိတဆိုးကလေးမို့ အဘ အုပ်ပြီး ကြီးရတာပါ ။ နည်းနည်း ကံဆိုးပါတယ် ။ မင်း ရိုးရိုးသားသား သဘောထားရင် ဘာမှ ဆိုစရာ မလိုပါဘူး ။ သို့သော်လည်း တွေ့နိုင်ရင် တင့်တင့်တယ်တယ် အိမ်မှာ လာပြီး တွေ့တာဟာ အခုလို တွေ့တာမျိုးထက် ကောင်းပါတယ်ကွာ ကားပေါ်တက်ဟဲ့ ကလေးမ လာ ဖေဖေ စိတ်မဆိုးဘူး ။ မောင်သာဒင် ဟာ လူကောင်း ဖေဖေ သိတယ် ” ဟု ပြောလေ၏ ။

မကြာမီ သားအဖ နှစ်ယောက် ကားပေါ်သို့ တက်သွားကြလေရာ သာဒင်မှာ လွန်စွာ အံ့အားသင့်လျက် ရှက်ကိုးရှက်ကန်း ဖြစ်ပြီး ကျန်ရစ်လေ၏ ။

ထိုနေ့ ည လသာသာ ဦးဘမောင် အိမ်ခေါင်းရင်း ပန်းခြံထဲတွင် သာဒင် နှင့် စောမြ သည် တစ်ယောက် ကို တစ်ယောက် ဖက်ကာ ပန်းပင်တွေ အကြား၌ ကစား၍ နေကြလေ၏ ။

▢  ပီမိုးနင်း
📖 ကဝိမျက်မှန် မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၁၉၂၈

No comments:

Post a Comment