❝ တရားရုံးသမား ❞
( ပီမိုးနင်း )
ဦးသာလှသည် တရားတဘောင် တွေ့ခြင်း အလုပ်၌ လွန်စွာ ပျော်ပိုက်သူ ဖြစ်၏ ။ မိမိကိုယ်တိုင် တစ်စုံတစ်ယောက်နှင့် တရားတွေ့ဖို့ အမှု မရှိက အခြားသူများ၏ တရားကို ဝယ်၍ တွေ့၏ ။ တရားတွေ့ ရသည့်အခါ အမဲလိုက်ခွေး မုဆိုးနှင့် လိုက်ရသလောက် ပျော်ရွှင်၏ ။ တရား ဖြစ်၍ ရုံးတက်ရသည့် ရက်များ၌ ရုံးပိုင်စာရေးကြီး ရုံးတက် သွားသလို ခေါင်းပေါင်းစ ထောင်၍ ရုံးတက်လေ့ရှိ၏ ။ မျက်နှာမှာ အမဲစား ၊ ချက်သီးစားပင်ကို မုဆိုး တွေ့ရသည့် မျက်နှာမျိုး ရှိလေ၏ ။
ရုံးသို့ ရောက်သည့်အခါ တရားရုံးကို မိမိ တစ်ဦးတည်း ပိုင်သော နေရာဌာန ကဲ့သို့ လည်းကောင်း ၊ တရားပိုင်မင်းများနှင့် စာရေးစာချီ စသည်တို့ကို မိမိ၏ အလုပ်တိုက်၌ လခစား အလုပ်ကို လုပ်ကြသူများ ကဲ့သို့ သဘောထားသည့် အသွင် ရှိ၏ ။
သို့ဖြစ်သောကြောင့် ၎င်း၏ အိမ်အနီးအပါး၌ နေသူများသည် အမြဲလိုလို လူသစ်တွေ ဖြစ်၍ နေကြ၏ ။ အကြောင်းမူကား လူဟောင်းများသည် အိမ်ခြေ ယာခြေကို လျှော့ဈေးနှုန်းနှင့် ရောင်းကာ ဦးသာလှနှင့် လွတ်ကင်းမည့် နေရာများသို့ ရွှေ့ပြောင်း နေထိုင်ကြရရှာလေ၏ ။
ဦးသာလှသည် ဥပဒေသံ ၊ ပုဒ်မသံ မပါဘဲ စကား မပြောနိုင် ။ ရှေ့နေ ပေါက်စသည် ဦးသာလှ လောက် ဥပဒေသံ ပါစွာ မပြောနိုင်ပေ ။ သို့ဖြစ်လေရာ ဦးသာလှကို မကြောက်သူ လွန်စွာ နည်းပါးလေ၏ ။ ပြုစားတတ်သော အောက်လမ်းဆရာ ထက် ဦးသာလှကို ပို၍ ကြောက်ကြရလေ၏ ။ ဦးသာလှကို မကြောက်သူကား ဘိုးခ တစ်ယောက်သာ ရှိလေ၏ ။ ဘိုးခသည် မကြောက်ရုံမက ဦးသာလှ၏ သမီး မယ်မြကို ဘယ်နေ့ အတင်းဆွဲ ပြေးရမလဲဟု အမြဲ ကြံ၍ နေလေ၏ ။
ထိုအကြံကို မိတ်ဆွေများအား ပြောပြ တိုင်ပင်ရာ ကူညီဝံ့သူ ဟူ၍ တစ်စုံတစ်ယောက်မျှ မရှိ ။ ဦးသာလှသမီးတော့ ကူပြီး ကြံမပေးပါရစေနဲ့ ဆရာ ။ ကျားမြီးဆွဲဆို ဆွဲပါ့မယ် ဟူသော စကားမျိုးကို ပြောကြလေ၏ ။ ဘိုးခ ကား စိတ်မပျက် ကြံမြဲ ကြံ၍နေ၏ ။ အကြောင်းမူကား မယ်မြသည် အတော် ချောသော မိန်းမကလေး တစ်ယောက် ဖြစ်လေ၏ ။
မောင်ခသည် မယ်မြကို အတင်း ဓားပြတိုက်၍ ယူမည်ဟူသော စကားကို သုံးလလောက် ပြောပြီး နောက်ဆုံး သူငယ်ချင်း ဘိုးလှအား “ ဟေ့ - ဘိုးလှ ... ငါတော့ မနေနိုင်ဘူး ။ ဒီကောင်မကို သုံးလအတွင်း ငါ ရအောင် ယူရမယ် ။ မရရင် မဖြစ်ဘူး ”
“ မလုပ်ပါနဲ့ သူငယ်ချင်း ။ သူ့အဖေကြီးက မင်းကို ထောင်ချမှာ ။ အင်မတန် အဆိပ်ထန်တဲ့ဟာကြီး ... မင်း အသိသား ”
“ သိလို့ ငါ ကြံတာပေါ့ကွယ် ။ ကြည့်နေပါ ။ ငါ့ကို ထောင်မချတဲ့ အပြင် ဒင်း အသနားခံ တောင်းပန်ပြီး ငါတို့ နှစ်ယောက်ကို အိမ်ပြန် ခေါ်ရအောင် လုပ်ပြလိုက်မယ် ။ ဒါတင်မကသေးဘူး ”
“ မကသေးရင် ဘာလဲ ”
“ ငါ့ယောက္ခမလောင်းကြီး ကို ချွတ်မယ် ”
“ ဘာကို ချွတ်မလဲ ”
“ အမှုဝါသနာပါတာကို ချွတ်မယ် ။ လူမုန်းများတဲ့ လူကြီးတစ်ယောက်ကို ငါ ယောက္ခမ မတော်ချင်ဘူး ”
“ အောင်မယ် မင်းကလား ။ တော်ရအောင်ပဲ လုပ်ပါဦး ”
“ အေး ... လုပ်ပြမယ် ။ ငါ ခရီးကလေး သွားစရာ ရှိသေးတယ် ။ ဒီအတောအတွင်းမှာ မယ်မြကို မင်း စောင့်ကြည့် ။ တစ်ယောက်ယောက်နဲ့ တစ်ခုခု ဖြစ်ရင် ငါ့ကိုပြော ”
“ အေးလေ မင့်ဟာသာ ဖြစ်အောင် လုပ်ပါ ။ ဒီသတ္တဝါကြီး သမီးကို ဘယ်သူမှ မျက်စောင်းထိုးမှာ မဟုတ်ဘူး ။ နတ်သမီးလောက် ချောဦး ။ မင်းသာ ကြိုက်တာ .. ဘယ်သူမှ မကြိုက်ဘူး ။ တိုတို ပြောမယ် ။ ငါတောင် မကြိုက်ပါဘူးကွယ် ”
နောက်တစ်နေ့ ဘိုးခ ပျောက်၍ သွားလေ၏ ။ နှစ်လကျော်ကျော် လောက်ကြာသောအခါ ဘိုးခသည် ရွာသို့ ပြန်၍ ရောက်လာသောအခါ လွန်ခဲ့သော သုံးလလောက်က ဘိုးခ မဟုတ်တော့ပေ ။ နောက်လိုက် နှစ်ယောက်နှင့် ခေါင်းပေါင်းစထောင် ၊ ပြောင်ပြောင်လက်လက် ဖြစ်၍ နေသော ဘိုးခ ဖြစ်လေ၏ ။
၎င်း၏ ခါးပိုက်ဆောင် သားရေအိတ်ကို ဖွင့်သည့် အခါ မြင်သူတိုင်း လျှာရည်ကျလေ၏ ။ အကြောင်းမူကား ဆယ်တန် ရာတန် ငွေစက္ကူများ၏ စိုပြည်သော ဖြူပြာစိမ်းရောင်မှာ ငှက်ခါးတောင် ထန်းရည်ထက် မက်စရာ ကောင်းလေ၏ ။ တစ်နေ့လုံး လည်ပတ်သုံးစွဲ ၊ ကြက်သားနှင့် ပျော်ပွဲခင်းကာ နောက်လိုက်နောက်ပါ တစ်ဒါဇင်နှင့် တစ်နေ့လုံး ပျော်ပါးစားသောက်သော်လည်း ခြောက်မူး သာသာမျှ ကုန်ကျနိုင်သော ရွာ၌ ထိုမျှလောက် များသော ငွေစက္ကူများ၏ ပိုင်ရှင်မှာ မီလျံနာ ဆန်၍ နေလေ၏ ။
ဦးသာလှ၏ အိမ်နှင့် မျက်စောင်းထိုးအိမ် တစ်အိမ်၏ ခြေရင်း သရက်ပင်အုပ်၌ ဘိုးခသည် အဖော်များနှင့် နေ့စဉ်လိုလို ပျော်ပွဲ ခင်းကျင်း၍ နေလေရာ ဦးသာလှ၏ စိတ်၌ ကိုယ်က သူတပါး စားသုံးပျော်ရွှင်သည်ကို မလိုလား ၊ မကြည်ဖြူနိုင်သူ ဖြစ်ရာ ဤပျော်ပွဲ၌ ခေါင်းဆောင်သူ ဘိုးခအား ဘယ်ပုဒ်မနှင့် ဆင်ပြီး ဂတ်တဲရောက်အောင် ကြံရမည်ကို ဉာဏ်ထုတ်ရသဖြင့် မအိပ်နိုင် ၊ မစားနိုင်ဖြစ်၍ နေလေတော့၏ ။
ဦးသာလှ၏ သမီး မယ်မြသည်ကား ကိုဘိုးခ သုံးလလောက် ပျောက်သွားပြီး ဘယ်နည်းဘယ်ပုံ ပွလာသည်ကို စဉ်းစားကာ တိုးတိုးတိတ်တိတ် နှစ်ကိုယ်ကြိတ် အကြောင်းကို သိလိုသော စိတ်ဖြင့် အိပ်မပျော် စားမဝင် ဖြစ်ရာမှ ဘိုးခကို စိတ်၌ နေ့ရောညဉ့်ရော ထင်မြင်၍ သာနေရသော အဖြစ်သို့ ရောက်စပြုလေ၏ ။
ထိုအခါ ညနေတိုင်း ထဘီရင်ရှားနှင့် ရေခပ် ထွက်စပြု၏ ။ သို့သုံးရက် ဆက်၍ ထွက်မိသောအခါ တစ်ညနေ၌ ရွာထဲတွင် အုတ်အော်သောင်းတင်း ဖြစ်၍ သွားလေ၏ ။ အကြောင်းမူကား မယ်မြသည် ဘိုးခနှင့် တပည့် နှစ်ယောက်၏ လက်တွင်းသို့ လှည်းကြမ်းနှင့် လိုက်ပါသွားသည် ဟူသော သတင်း ဖြစ်လေ၏ ။
ဦးသာလှလည်း ဂတ်တဲနှင့် အိမ်ကို တရကြမ်း လမ်းဖောက်ကာ ယောက်ယက်ခတ်၍ နေလေတော့ သတည်း ။
မယ်မြသည်ကား ဘိုးခ၏ ငွေစက္ကူများကို မြင်ရသောအခါ ကြည်ဖြူ သည်ထက် ကြည်ဖြူ၍ လာလေ၏ ။ ဘိုးခလည်း ထိုအကြောင်းကို သိသဖြင့်
“ ငါ နင့်အဖေကို မုန်းလို့ နင့်ကို အရှက်ကွဲအောင် လုပ်တာ ။ နင့်အဖေကို မမုန်းတဲ့လူ ဘယ်သူ ရှိသလဲ ”
မြ ။ ။ “ ဟုတ်ပါတယ် ။ ဒါတော့လည်း မှန်တာပဲ ။ နို့ပေမယ့် အဖေကို မုန်းတာနဲ့ သမီးကို အရှက်တကွဲ အကျိုးနည်း လုပ်တာတော့ မတော်ပါဘူး ကိုဘိုးခရယ် ”
“ ငါ အရင်ကတော့ အရှက်ကွဲရုံ ကြံတာပဲ ။ ငါ နင့်ကို တကယ် စွဲနေပြီ ။ နို့ပေမဲ့ လူမုန်းများတဲ့ လူကြီးကို ငါယောက္ခမ မတော်ချင်ဘူး ။ သည့်အတွက် ငါတော့ နင့်ကို စွန့်ရမှာပဲ ”
“ စွန့်ရင် ဖေဖေက ရှင့်ကို ဒုက္ခဖြစ်အောင် လုပ်မှာပေါ့ ။ ဘယ်သူ မုန်းမုန်းခံမှာ မဟုတ်ဘူး ”
“ ငွေများ တရားအောင်တာ နင့်အဖေမှာ ငွေ သည်လောက် များရဲ့လား ၊ ကြည့် ” ဟု ပြောကာ သေတ္တာ တစ်ခုထဲမှ ငွေစက္ကူအထပ်ကြီးတွေကို ထုတ်၍ ပြလေ၏ ။
မြ ။ ။ “ ဒီလိုဆိုရင်လည်း ကျွန်မတော့ မိန်းမသားမို့ ခံရမှာပဲ ”
ခ ။ ။ “ ငါ နင့်ကို ယူရင် ... ”
မြ ။ ။ “ တကယ်ကြံရင် ကောင်းတာပေါ့ ကိုခရယ် ”
ခ ။ ။ “ ဒီလိုနဲ့တော့ ငါ နင့်ကို မပေါင်းနိုင်ဘူး ။ နင့်အဖေကိုသာ သွားခေါ် ။ ငါက တွေ့ချင်တယ်ပြော ။ သည်တော့မှ နင့်ကို ငါ ပေါင်းမယ် ”
မြ ။ ။ “ ဘာလုပ်မလို့ ခေါ်ရမှာလဲ ”
ခ ။ ။ “ ခေါ်သာခေါ်ပါ ။ ခေါ်လို့ ငါ့ခြေတော်ရင်းကို နင့် ဖခမည်းတော် ရောက်ရင် သိစေ့မယ် ။ နင့်မှာကော ဉာဏ်မရှိဘူးလား ”
မယ်မြက “ ကောင်းပါပြီတော် ” ဟု ပြောကာ ဖခင်ထံ သွားပြီး ဘိုးခမှာ ငွေစက္ကူတွေ အများကြီး ရှိကြောင်း ၊ ဘိုးခက တွေ့လိုကြောင်းနှင့် ပြောလေ၏ ။
လှ ။ ။ “ ဟင် .. ဟုတ်လားဟဲ့ ။ ဒီကောင် ဘယ်က ရလာသလဲ ။ ဒင်းကော ဘာလို့ တစ်ပါတည်း လိုက် မလာသလဲ ”
မြ ။ ။ “ ဖေဖေကို ပြောစရာ ရှိသေးလို့တဲ့ ။ ဖေဖေ တရားစွဲမှာ ကြောက်လို့တဲ့ ဖေဖေရဲ့ ”
လှ ။ ။ “ ဟယ် ... ငါ ဒီလောက်တောင် မိုက်ပါ့မတဲ့လား ။ သူ ငါ့ကို အရှက်ကွဲအောင် တမင် စော်ကားတယ် ထင်လို့ ”
မြ ။ ။ “ မဟုတ်ပါဘူး ဖေဖေရဲ့ ။ နို့ပေတဲ့ ဖေဖေ နဲ့ တိုင်ပင်စရာကလေး ရှိသေးလို့ပါ ”
အဘိုးကြီး ပါ၍ သွားလေရာ ခြံကြီး တစ်ခုထဲ၌ အိမ်ကလေး တစ်ခုမှာ ဘိုးခ ငွေစက္ကူတွေ ရေတွက်၍ နေသည်ကို တွေ့ ရလေ၏ ။ ဦးသာလှသည် ဖွေးဖွေးလှုပ်သော ငွေစက္ကူများကို ကြည့်ကာ ကြက်သေသေ၍ နေလေ၏ ။
ခ ။ ။ “ ကြွပါ ... ထိုင်ပါ ။ ကျွန်တော်က တုံးတိသမား ။ ဦးဟာ အင်မတန် တရားစွဲ ဝါသနာပါတယ် ။ သည်အတွက် ဦးကို ချစ်တဲ့လူ တစ်ယောက်မှ မရှိဘူး ။ ကျွန်တော်လည်း မုန်းတာနဲ့ တမင် အရှက်ကွဲအောင် ကြံတာပဲ ။ အခုတော့ မမြ နဲ့ ကျွန်တော် မခွဲနိုင်တော့ဘူး ”
လှ ။ ။ “ မခွဲနိုင်လည်း ဦးက ခွဲရမယ် မဆိုပါဘူး ။ မင်း လူကောင်းဆိုတာ ဦး သိပြီးပါပြီ ”
ခ ။ ။ “ ဒီလိုနဲ့လည်း မပြီးသေးဘူ ဦးရဲ့ ။ လူမုန်းများတဲ့သူ တစ်ယောက်ကို ကျွန်တော် ယောက္ခမ မတော်ချင်ဘူး ။ သည့်အတွက် မမြကို ချစ်လျက်နဲ့ ဦး အတွက် ကွဲရမလို ဖြစ်နေပါတယ် ”
လှ ။ ။ “ နို့ ဦးက ဘယ်လို လုပ်ရမလဲ ”
ခ ။ ။ “ ဦး ယနေ့က စပြီး တရားရုံးများ ၊ ဂါတ်များနဲ့ ဘယ်အခါမှ မပတ်သက်တော့ပါ ။ မည်သူ့ကိုမျှလည်း တရား မစွဲတော့ပါ ဆိုတဲ့ အကြောင်း သစ္စာရေ သောက်ရင် ကျွန်တော်ရော ၊ ဟောဒီ ငွေခြောက်သောင်း ရော ၊ သားသမက် အဖြစ်နဲ့ အပိုင် အပ်ပါ့မယ် ”
လှ ။ ။ “ ဒါအတွက်လားကွယ် ။ ဘာများ ခက်ခဲလို့လဲ ။ ကိုင်း .. ညောင်ရေအိုးချ ။ ညောင်ရေအိုးနဲ့မှ သောက်မယ် ။ သာပြီး စိတ်ချရရော မဟုတ်လား ”
အဘိုးကြီး သစ္စာရေ သောက်လေ၏ ။ သို့သော်လည်း ဘိုးခကား မကျေနပ်သေးချေ ။
ခ ။ ။ “ ဒါနဲ့ မပြီးသေးဘူး ဦးရဲ့ ”
လှ ။ ။ “ မပြီးသေးရင် ဘာလုပ်မလဲ ”
ခ ။ ။ “ ကျွန်တော်နဲ့ မမြ သည်ခြံထဲမှာ ၇ ရက် နေဦးမယ် ။ သည်အတွင်းမှာ ဦး အိမ်ကို ပုလိပ်တွေ ဘာတွေ လာတယ်ဆိုတာ ကျွန်တော် မကြားချင်ဘူး ။ ညကျရင်လည်း ရှစ်နာရီက ကိုးနာရီအထိ ကြေးစည် ထုပြီး သြကာသ သြကာသ ဘုရားတပည့်တော် ယနေ့ ကစ ပုပုရွရွ ရှိလေသမျှ မည်သူ တစ်ဦး တစ်ယောက်ကိုမှ ရာဇသတ်တရားမကြောင်း မကောင်းဆိုးရွား ပုဒ်မများ နှင့် စွပ်စွဲတိုင်တန်း ၊ ဖမ်းစားခြင်း မပြုတော့ပါဘုရားလို့ ဝန္ဒနာပြီး အဝေရာဟောန္တု ဆိုတဲ့ မေတ္တာကို ပို့စေချင်တယ် ။ ကြေးစည်ကိုလည်း များများ တီးစေချင်တယ် ။ ဒီလိုမှ မလုပ်ရင် ကျွန်တော် ဦး နဲ့ သမက် မတော်နိုင်ဘူး ”
လှ ။ ။ “ ကောင်းပါပြီကွယ် ... ကောင်းပါပြီ ။ ဦးကို မင်းက ချွတ်တာပေါ့လေ ။ သာဓု ... သာဓု ၊ ကိုင်း ဦးသွားမယ် ။ ကြေးစည်သံကိုသာ နားထောင်ပေတော့ ” ဟု ပြောပြီး ဦးသာလှ ထွက်၍ သွားကာ ဘိုးခသည် အင်္ကျီအိတ်ထဲမှ တစ်ဆယ်တန်စက္ကူ ငါးချပ်ကို ထုတ်၍ ပေးလိုက်လေ၏ ။
ထိုနေ့ညမှ စ၍ ဦးသာလှ သည် ၇ ရက် တိုင်တိုင် ကြေးစည်ကို ရိုက်ကာ ညဉ့်အခါများ၌ အဝေရာဟောန္တု စသည့် မေတ္တာကို သဝေချပြွန်စုအောင် ရွတ်ဆိုသဖြင့် တစ်ကြောင်း ။ ဘိုးခ ၊ မယ်မြတို့ အကြောင်းကို ဂရုမစိုက် ၊ ပုလိပ်များနှင့်လည်း အဆက်မသွယ် မလုပ်ဘဲ အေးဆေးစွာ နေသဖြင့် တစ်ကြောင်း ၊ ဦးသာလှ အား တစ်ရွာလုံး အံ့သြနေကြလေ၏ ။
နောက် ၇ ရက်ကျော်၍ ဘိုးခနှင့် မယ်မြ အိမ်ကို ပြန်၍ ရောက်ကြပြီးနောက် တစ်နေ့ညဉ့် သူခိုး ... သူခိုး ဟူသော ဘိုးခ မယ်မြတို့၏ အသံများကို ညတစ်ည၌ ကြားရလေ၏ ။ သူခိုးကို မမိလိုက်ကြချေ ။ ငွေစက္ကူ ခြောက်သောင်းကျော်ဖိုး ထည့်၍ ထားသော သေတ္တာမှာ သူခိုးလက်သို့ ပါ၍ သွားလေရာ ဘိုးခမှာ ရန်ကုန်မြင်းပွဲ ကပ်ပွဲမှ ရခဲ့သည် ဆိုသော ငွေများ အကုန် ဆုံးပါးသဖြင့် မိမိပိုင် ရှိရင်းစွဲ စုဆောင်း၍ ထားသော ငွေကလေး တစ်ရာကျော်မျှသာ ကျန်ရှိသဖြင့် ယူကျုံးမရ ဖြစ်၍ နေရှာလေတော့သတည်း ။
နောက်တစ်နေ့ ဘိုးခသည် မိမိ၏ တပည့် တစ်ယောက်နှင့် တွေ့လေ၏ ။
“ ဟိုစက္ကူတွေ သွားမသုံးနဲ့နော် ။ ငွေစက္ကူလုပ်တဲ့ အတတ်သင်ခါစ အကောင်တွေ လုပ်တာ ... တံဆိပ်တွေ ။ ရေစာတွေ အကုန်တူတယ် ။ စက္ကူက မတူဘူး ။ စမ်းကြည့်တာတွေ ။ သုံးရင် ‘ ကွိ ’ ခနဲ နေမယ် ” ဟု ဘိုးခက ပြောရာ “ ဒီကနေ့ မနက် လင်းအားကြီးမှာ မီးလှုံပစ်လိုက်ပါပြီ ဆရာ ... စိတ်ချပါ ” ဟု တပည့်က ပြန်၍ ပြောလေ၏ ။
▢ ပီမိုးနင်း
📖 ဘားမားဂျာနယ်
ဇန်နဝါရီ ၊ ၁၉၃၇
No comments:
Post a Comment