Friday, April 24, 2026

နွေအပူမှာ လေပူကဆင့်


 

❝ နွေအပူမှာ လေပူကဆင့် ❞
       ( နတ်ရဲ - ရူပဗေဒ )

“ ဖေကြီး ခဝဲလေး မရှိတော့ဘူး ၊ သား ညက သေချာ ထည့်ထားခဲ့တာ ၊ အခု မရှိတော့ဘူး ဖေကြီးရဲ့ ”

မျက်နှာသစ်ဖို့ အတွက် ရေခွက်ကို လှမ်းယူလိုက်တဲ့ ကျုပ် လက်တွေ ရပ်တန့် သွားရတယ် ။ သားငယ်လေးရဲ့ မျက်နှာက ပြိုတော့မယ့် မိုးလို အုံ့မှိုင်းလို့ ။ ကျုပ်လည်း ဆတ်ခနဲ တုန်သွားတာပဲ ။ ခဝဲ ဆိုတာ ကျုပ်တို့သားအဖ ချစ်စနိုး ခေါ်တာလေ ။

ခဝဲလေးက တိုက်ကြက်ကောင်း ။ နှစ်ပွဲတောင် နိုင်ပြီးသွားပြီ ။ ကြက်တိုက်သမားတွေလည်း ဝယ်ဖို့ အမြဲ လာလာ မေးနေကြတာ ။ ခဝဲလေးကို သုံးသောင်း အထိ ပေးထားကြတာ ။ ဒါတောင် ကျုပ်တို့ မရောင်းဘူး ။

ကျုပ် သူငယ်ချင်းက ပြော တယ် ။ ငါးပွဲ နိုင်လို့ ရှိရင် ကြက်တိုက်သမားတွေက သိန်းချီပေးပြီး ဝယ်ကြတာတဲ့ ။ အခု ခဝဲလေးကို မတွေ့တော့ဘူး ဆိုတော့ ကျုပ် တုန်လှုပ်သွားရတယ် ။

“ သေချာရဲ့လား သားရဲ့ ၊ ညက သေချာ ထည့်ထားတာ ဖေကြီးလည်း တွေ့တာပဲ ၊ ရှိရမှာပေါ့ ”

“ သေချာကြည့်ပြီးပြီ ၊ မရှိဘူး ဖေကြီးရဲ့ ၊ ခဝဲလေး အခိုးခံရပြီ ထင်တယ် ၊ ဟိုဘက် ရပ်ကွက်ထဲက ကြက် တွေတောင် မကြာမကြာ အခိုးခံရတယ်တဲ့ ဖေကြီးရဲ့ ”

သားငယ်လေးက ပြောပြီး မျက်ရည်ကျလာတော့တယ် ။ သားငယ်ကို ကြည့်ပြီး ကျုပ်ရင်ထဲ နင့်နေအောင် ခံစားရတယ် ။ ခဝဲလေးကို သားငယ်လေး ဘယ်လောက် အထိ သံယောဇဉ် တွယ်နေလဲ ဆိုတာ ကျုပ် အသိဆုံး ။

“ မဖြစ်နိုင်ပါဘူး သားရယ် ၊ လာ ... ဖေကြီးတို့ သွားရှာရအောင်နော် ၊ ဖေကြီး တွေ့အောင် ရှာပေးမယ် ၊ ကြား လား ”

သားငယ်လေးက မျက်ရည်ကြားကနေ ခေါင်းညိတ် ပြတယ် ။ ကျုပ် ခြေလှမ်းကျဲ ကျဲနဲ့ ကြက်ခြံဆီကို လျှောက်လာခဲ့တယ် ။ ကြက်ခြံထဲ ဝင်ပြီး ကြက်တွေကို သေချာ ရှာကြည့်တယ် ။ မတွေ့ဘူး ။ ခဝဲ လေးကို ရှာလို့တောင် မတွေ့ ဘူး ။ သားငယ်လေး ပြောတာ မှန်ပြီ ။ ခဝဲလေး အခိုး ခံလိုက်ရပြီ ။

“ တောက် ၊ တော်တော် အတင့်ရဲတဲ့ သူခိုး ၊ ခြံထဲ ဝင်ပြီးတော့တောင် ခိုးရတယ်လို့ ၊ မိရင်တော့လားကွာ .. ”

ကျုပ် ဒေါသတကြီး အော်ဟစ်လိုက်မိတယ် ။ ကျုပ်တို့ တန်ဖိုးထားတဲ့ ကြက်ကို ဒီလို အလွယ် ခိုးသွားတာ ဘယ်လောက် ခံပြင်းဖို့ကောင်းလဲ ။ ကျုပ် သားငယ်လေး ကတော့ မြေကြီးပေါ် ထိုင်ပြီး တရှုပ်ရှုပ် ငိုကြွေးလို့ ။ သားငယ်လေး အနားမှာ ကျုပ် လည်း ထိုင်ချလိုက်တယ် ။ သားငယ်လေးရဲ့ ဆံပင်ကို ဖွဖွလေး ပွတ်သပ်လိုက်ပြီး ...

“ မငိုနဲ့ သားငယ်ရ ၊ အဲဒီ သူခိုးကို တွေ့ရင် မှတ်လောက် သားလောက်အောင်ကို ထိုးပစ်လိုက်မယ်ကွ ”

ကျုပ် ပြောလိုက်မှ သားငယ်လေးက မျက်ရည်တွေ ကြားကနေ ကျေနပ်သလို ကြည့်လာတယ် ။ မခြောက်သေးတဲ့ မျက်ရည်စတွေကို ကျုပ် လှမ်းသုတ်ပေးလိုက်တယ် ။ ဒါတောင် သားငယ်လေးက တရှုပ်ရှုပ်နဲ့ ငိုရှိုက်နေတုန်း ။ ကျုပ်တို့က ကိုယ် မွေးထားတဲ့ တိရစ္ဆာန်တွေကို အရမ်း သံယောဇဉ်ကြီးတာ ။ အရင်ကတော့ ကြက်မွေးတာကို ဝါသနာ ပါလှတာ မဟုတ် ဘူး ။ ကိုယ့်ဘာသာ ဆိုင်ကယ်တက္ကစီလေး ဆွဲပြီး ဘဝကို ဖြတ်သန်းလာတာ ။ ကျုပ်ဆီ ဒီပိုး ရောက်လာတာ သားငယ်လေးကြောင့် ။

သားငယ်လေးက တိရစ္ဆာန်တွေကို အရမ်းချစ်တာ ။ သူများ ရိုက်လွှတ်လိုက်တဲ့ ခွေးကလေးတွေ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ပြီဆို အရက်ပြန်လေး ထည့်ပေးပြီး ခေါ်ထားလိုက်ရော ။ အနာတွေ ပုပ်ပွပြီး နံစော်နေတဲ့ ခွေးကလေးတွေ ကိုတောင် ဒီကောင် မရွံရှာဘူး ။ အနာထဲကို အရက်ပြန်တွေ လောင်း ထည့်လိုထည့် ၊ မီးဖိုထဲက ပြာတွေ ယူပြီး ထည့်လို ထည့်နဲ့ သူ့ဦးနှောက် တစ်ထွာတစ်မိုက်လေးက ထွက်တဲ့အတိုင်း ဒေါက်တာရမ်းကု လုပ်တတ်တာ ။ ဟိုတစ်ခါကလည်း ခွေးလေးတစ်ကောင် ခြေထောက် နာနေတာကို သူ့ အမေရဲ့ ပရုတ်ဆီတွေ ယူလိမ်းပေးတာ တစ်ဘူးလုံး ကုန်ရောလေ ။ သူ့အမေ လက်ချက်နဲ့ အရိုက် ခံရတာတောင် ဒီကောင် အပြုံးမပျက်ဘူး ။

သားငယ်လေးကတော့ ပေပေတေတေလေး ဆိုပေမဲ့ စိတ်ထား နူးညံ့တယ် ။ တစ်ခုခုဆို ကူညီချင်လိုက် တာလည်း လွန်ရော ။ တစ်ခါက ခြံဝမှာ လာတောင်းတဲ့ မိန်းမတစ်ယောက်ကို သူ့ အမေရဲ့ ထဘီ အသစ်စက်စက်ကြီးကို ယူပြီး ပေးလိုက်တာများ ရက်ရက်ရောရောပဲ ။  အဲဒီ ထဘီက သူ့အမေ လပေးနဲ့ ယူထားတာလေ ။ အကြွေးတောင် မကျေသေးတော့ ဒီကောင် အဆော် ခံရရောပေါ့ ။ သူ့အမေ ရိုက်လို့ တံမြက်စည်း တစ်ချောင်း ကုန်တာတောင် အသံ တစ်ချက်မှ မထွက်ဘူး ။ မနေနိုင်လို့ ကျုပ် ဝင်ဆွဲတော့ ဘာပြောတယ် မှတ်လဲ ။

“ ထဘီလေးတစ်ထည် ပေးလိုက်တာများ အကုန် ပေးလိုက်တာကျနေတာပဲ ။ ခုတော့ တံမြက်စည်း တစ်ချောင်း ဆုံးသွားပြီ မဟုတ်လား ၊ ဘုန်းကြီးကျောင်းမှာ သွားလှူရင် ကုသိုလ်တောင် ရဦးမယ် ”

တဲ့လေ ။ သူ့အမေဆို ဒေါသထွက်လွန်းလို့ တဆတ်ဆတ် တုန်နေရော ။

အရိုက်ခံရလို့ အသံတချက် မထွက်တဲ့ ကောင်က သူ ကုပေးထားတဲ့ ခွေးကလေး တစ်ကောင် သေသွားတော့ ငိုလိုက်တာများဗျာ ။ ပြီးတော့ တစ်နေ့လုံး ထမင်းလုံးဝ မစားဘဲ ငိုင်တိငိုင်တိုင်သော နေတော့တာ ။ အဲဒီလောက် အထိကို တိရစ္ဆာန်တွေ ချစ်တတ်တာ ။

ရပ်ကွက်ထဲမှာလည်း သားငယ်လေးနဲ့ မသိတဲ့သူ မရှိဘူး ။ ဒီကောင်က ကူညီတတ်တော့ အားလုံးချစ်ကြတယ် ။ အဲဒီလို လူချစ်လူခင် ပေါလို့လည်း ကြက်ကလေး နှစ်ကောင် ပါလာခဲ့တာပေါ့ ။ ဘယ်သူ ပေးလိုက်လဲတော့ မသိဘူး ။ ကြက်က အထီးနဲ့ အမ တစ်စုံ ။ မမွေးပါနဲ့လို့ ပြောတော့ သူ့ကြက်က ရိုးရိုး ကြက် မဟုတ်ဘူး ၊ တိုက် ကြက်တဲ့လေ ။ သူ့အမေကတော့ ခါးခါးသီးသီးပဲ ။ ဒီ တော့ ဒီကောင် ထမင်းမစား ဘဲ ဆန္ဒပြတော့တယ် ။ ကျုပ် ကတော့ သားအမိ နှစ်ယောက်ရဲ့ လွန်ဆွဲပွဲကို ဒီအတိုင်းပဲ ကြည့်နေလိုက်တော့တယ် ။ ဒီကောင် နေနိုင်ပေမဲ့ သူ့အမေက မနေနိုင်ဘူး ။ နောက်ဆုံးတော့ ခွင့်ပြုလိုက်ရောပေါ့ ။

အစကတော့ ဒီဝါသနာ က သားငယ်တစ်ယောက် တည်း ပါလာသလားလို့ပေါ့ ။ တဖြည်းဖြည်းနဲ့ ကျုပ်လည်း ဝါသနာ ပါလာတယ် ။ တက္ကစီဆွဲပြီး အပြန်ဆို ဒီကြက်ကလေးတွေဆီပဲ ပြေးကြည့်မိတယ် ။ ကြက်ကလေး နှစ်ကောင်ကလည်း ကြီးလာလိုက်တာ အရောင်သွေးစုံစုံနဲ့ ။ သူ့အမေ ဆိုလည်း ဆန်လေး လက်တစ်ဆုပ်လောက် အမြဲ ကြဲပေးနေတာပဲ ။ ဒီကြက် လေးနှစ်ကောင်ကို ကျုပ်တို့ မိသားစု သံယောဇဉ်တွယ် လာရော ။ ကြက်မက ဥတွေ စ,ဥတော့ သားငယ်လေး အရမ်း ပျော်နေတာ ။ ကြက် ကလေးတွေ ရတော့မယ်ဆို ပြီး ပျော်နေလိုက်တာ ကြည် နူးစရာ အတိ ။

ဒီလိုနဲ့ ကြက်နှစ်ကောင်ကို အစပြုပြီး ပွားလာလိုက်တာ ကျုပ်တို့ အိမ်ဘေး မြေ ကွက်လပ်မှာ ကြက်ခြံသေးသေးလေး ဆောက်ထားရတဲ့ အထိ ။ သားငယ်လေး ပြောတဲ့ အတိုင်း ကြက်တွေက တိုက်ကြက်မျိုးဗျ ။ အမျိုးက ကောင်းသလား မမေးနဲ့ ။ တကယ့် ကြေးနဲ့ တိုက်စားတဲ့ ကြက်တိုက်သမားတွေတောင် မျက်စိ ကျလာကြတာ ။ ဈေးကောင်း ပေးပြီးလည်း လာဝယ်တယ် ။ တိုက်ကြက် ဆိုတော့ တခြား ကြက်တွေနဲ့ စာရင် ဈေးကောင်းရတာပေါ့ ။

တိုက်ကြက် ဈေးကောင်းတော့ အရင်က ခွင့်မပြုခဲ့တဲ့ သူ့အမေက စိတ်ဝင်စားလာတယ် ။ ဒါလည်း မိန်းမတွေရဲ့ သဘာဝလားတော့ မသိဘူး ။ ငွေရမယ့် အကွက်ဆို မျက်ခုံးအသာ ပင့်ပြီး ကြည့်ပြီးသားပဲ ။ အဲ သူ့အမေက ရောင်းချင်ပေမဲ့ ဒီကောင်က မရောင်းဘူး ။ သူ့ကြက်ကလေးတွေကို ရောင်းမယ်လို့ ပြောရင် တစ် နေ့လုံး ထမင်းမစား ၊ စကား မပြောဘဲ ဆန္ဒပြတာလေ ။

ကျုပ်သူငယ်ချင်း တစ် ယောက် အိမ်ကို ရောက်လာ တာကစပြီး ဒီပိုးက သားငယ်လေးနဲ့ ကျုပ်ဆီ ကူးစက် သွားတော့တာပဲ ။ ကျုပ် သူငယ်ချင်းက ပြောတယ် ။ တိုက်ကြက်ကို ဒီအတိုင်း ထားရင် ကြက်တုံးသွားတတ်တယ်တဲ့ ။ ဒီတော့ ခွပ်လက် ပေးရတယ်တဲ့ ။ ကျုပ်ကလည်း အခုမှ တိုက်ကြက် မွေးဖူးတော့ မသိဘူး ။ ခွပ်လက် ပေးပြီး တိုက်ကြည့်လို့ တစ်ပွဲတက် နှစ်ပွဲတက်ဆို တိုက်ကြက်ဈေးက ကိုယ့် ပါးစပ်ထဲမှာ ဆိုပဲ ။ တကယ့် ကြက်တိုက်သမားတွေက ကိုယ် ခေါ်သမျှဈေး ပေးဝယ်သတဲ့ဗျ ။ ဒီတော့ တိုက်ကြက် အပေါ် ထားတဲ့ ကျုပ် သဘောထားတွေ ပြောင်းလာတယ် ။

ကျုပ်သူငယ်ချင်းက သူ့ ကြက်ကို ယူလာပြီး ကျုပ် ကြက်နဲ့ ခွပ်လက်ပေးတယ် ။ နှစ်ချက်လောက်ပဲ ခွပ်ရသေးတယ် သူ့ကြက် ပြေးသွားရောဗျာ ။ ကျုပ်ကြက်ရဲ့ ခွပ်ချက်က ပြင်းလိုက်တာ လွန်ရော ။ ကျုပ်သားငယ်လေးဆို သူ့ကြက် နိုင်လို့ ပျော်နေလိုက်တာ ။ ကြက်ခွပ်လက် ပေးပြီး ဒီအတိုင်း မထားဘူးဗျ ။ ရေထိုး လက်ပူတိုက် လုပ်ပေးတယ် ။ ပြီးတော့ ကြက်ကို ချွဲထုတ်ပေးတယ် ။ ကျုပ် သူငယ်ချင်း လုပ်ပေးနေသမျှ ကျုပ်သားနဲ့ ကျုပ် ထိုင်ကြည့်နေမိတယ် ။ တစ်ခါ မှတ်မိသွားရင် နောက်တစ်ခါဆို သူများကို လုပ်ခိုင်းစရာ မလိုတော့ဘူးလေ ။ ကိုယ်တိုင် လုပ်ရုံပေါ့ ။

ဒီလိုနဲ့ တိုက်ကြက်ပိုးက ကျုပ်တို့ သားအဖဆီ ချင်းနင်း ဝင်ရောက်လာတော့တယ် ။ ကြက်ဖလေးတွေကို ကျတော့ ကောင်းကောင်း ပြုစုရတယ် ။ ညရောက်လို့ အိပ်တန်းတက်ပြီဆို ကြက်ဖတွေကို တစ်ကောင်ချင်းစီ အစာ ထပ်ကျွေးတယ် ။ ကျွေးတာက ကျတော့ စပါးနဲ့ ဆန်ကို ရောကျွေးတယ် ။ ဒီအတိုင်း မြေမှာ ချကျွေးရင် ကြက်နှုတ်သီး နာမှာ စိုးလို့ ဘူးခွံအလွတ် တစ်ခုမှာ အဝတ်ဟောင်းကို ပတ်ပြီး အစာ တင်ကျွေးရတယ် ။ ကြက်အတောင်တွေ ခြေထောက်တွေကို နှိပ်နယ်ပေးရတယ် ။

ကျုပ်မိန်းမကတော့ သိပ်မကြည်ချင်ဘူး ။ ကြက်တွေနဲ့ပဲ အလုပ်ရှုပ်နေတဲ့ ကျုပ်တို့ သားအဖကို မျက်စောင်း တချီချီနဲ့ပေါ့ ။ ကျုပ် သားကြီးကတော့ ကြက်ကို ယောင်လို့တောင် မလှည့်ကြည့်ဘူး ။ ကျုပ်တို့ သားအဖ နှစ်ယောက်သာပဲ ဒီတိုက်ကြက်တွေနဲ့ လုံးချာလိုက် နေလေတော့တယ် ။

••••• ••••• •••••

၂ ။

အခုတလော တက္ကစီ ဆွဲရ သိပ်အဆင်မပြေဘူး ။ မြို့ သေးသေးလေးမှာ တိုးလာ လိုက်တဲ့ ဆိုင်ကယ်တွေက အများကြီး ။ တစ်အိမ်ကို တောင် နှစ်စီး ၊ သုံးစီး ရှိလာ ကြပြီ ။ ကျုပ်မှာတော့ ရှိနေတဲ့ ဆိုင်ကယ်အစုတ်လေးနဲ့ပဲ ရလိုရငြား တက္ကစီ ဆွဲရတယ် ။ တက္ကစီ ဆွဲတဲ့ ဆိုင်ကယ် သမားတွေလည်း အများ သား ။ ကိုယ့်ဖောက်သည်နဲ့ ကိုယ်မို့သာ တစ်နေ့ လေးငါးထောင် ရအောင် မနည်းဟဲနေ ရတာ ။ အများဆုံးရတဲ့နေ့ဆို ခုနစ်ထောင် ရှစ်ထောင် လောက်ပေါ့ ။ နယ်ဝေးကို အော်ဒါ ပါသွားရင် တစ် သောင်းလောက်တော့ ရတယ် ။

ဒါပေမဲ့ ရတဲ့ ငွေက ဆိုင်ကယ်ပြင်လို့ ကုန်တာနဲ့ပဲ သိပ်အဖတ် မတင်မိဘူး ။ ဆိုင်ကယ်က ကြာပြီ ဆိုတော့ အမြဲတမ်း ပြင်နေရတယ် ။ ပျက်အစဉ် ၊ ပြင်ခဏ ဆိုတဲ့ စကား လိုပဲ ။ အမြဲ ပျက်ပျက်နေပြီး ပြင်လိုက်တော့လည်း ခဏလေးပဲ ခံတယ် ။ ဆိုင်ရောက်ပြန်ရော ။ ဆိုင်ကယ်လေးလည်း ထုတ်ချင်ပေမဲ့ လက်ထဲမှာလည်း ငွေပိုငွေလျှံ မရှိတော့ ခက်သား ။

အခုတလော ကျုပ် မိန်းမကတော့ တော်တော်လေး တွက်ခြေ ကိုက်နေတယ် ။ ကျုပ် တက္ကစီဆွဲတာ သိပ်မရပေမဲ့ ကြက်ရောင်းရတဲ့ ငွေနဲ့ ကာမိနေလို့သာပဲ ။ တိုက်ကြက်မျိုးမို့ လာဝယ်ကြတာ ။ ကြက်မတမ်း တစ် ကောင်ကို ငါးထောင် ခြောက်ထောင် ရတယ် ။ ကြက်ဖကျတော့ မရောင်းဘူး ။ ကြက်မ ဆိုတော့ မျိုးပွား လာပြီး အများကြီး ဖြစ်လာရင် အစာဖိုးနဲ့ အကုန်အကျ များမှာ စိုးတယ် ။ ကိုယ်က စီးပွားဖြစ် မွေးတာ မဟုတ်တော့ အများကြီးလည်း မမွေးနိုင်ဘူး ။ ဒါ တောင် စုစုပေါင်း အကောင် သုံးဆယ်လောက် ရှိသေးတယ် ။ ကြက်မက များတယ် ။ ကြက်ဖကျတော့ ဆယ်ကောင် လောက်ပဲပါတယ် ။ ခွေးဆွဲတာတွေလည်း ရှိတော့ သိပ်အဖတ်မတင်ဘူး ။

ကြက်ဖကကျတော့ ဈေးကောင်းရတယ် ။ အလတ်စား တစ်ကောင်ကို တစ်သောင်း ပေးနေပြီ ။ ဒါတောင် ခွပ်လက် တစ်ခါပေးပဲ ရှိသေးတာ ။ ခွပ်လက် သုံးခါ ပေးပြီးလို့ တစ်ပွဲနိုင်ရင် နှစ်သောင်း ။ ဒါတောင် ကျုပ် မရောင်းဘူး ။ ကျုပ်က ကြက်မွေးပြီးရင် သံယောဇဉ်ကြီးတယ်ဗျ ။ ကျုပ်တို့ သားအဖက ကြက်ကို ယုယုယယနဲ့ ပြုစုတာ ။ မျက်စိအောက် အပျောက် မခံနိုင် အောင် ချစ်တာ ။

ဟို သားအမိ ကကျတော့ ဒီလို မဟုတ်ဘူး ။ ကြက်ကို အစာတစ်ခါ ကျွေးရင် ကံကောင်း ။ အိမ်ထဲ ကြက်ဝင်ရင် နီးတာနဲ့ ဆွဲပြီး ပစ်တာ ။ ကြက်လာဝယ်တဲ့ အသံများ ကြားလို့ကတော့ အချိုးကို ပြောင်းသွားရော ။ ကြက်ဖတွေ ဈေးကောင်းရပြီဆို ရောင်းချင်ကြတာပဲ ။ ကျုပ်က ကျုပ်လက်နဲ့ ပြုစုထားတဲ့ ကြက်ကို သူများကို မရောင်းချင်ဘူး ။ ဒါကြောင့် ကြက်မကို ရောင်းခိုင်းပြီး ကြက်ဖကို ချမ်းသာပေးလို့ ပြောထားရတယ် ။ ဒါတောင် သိပ်မကြည်ချင်သေးဘူး ။ ဈေးကောင်းရတော့ ကြက်ဖ ကို မျက်စောင်းထိုးချင်သေး တယ် ။ တကယ် မလွယ်တဲ့ မိန်းမ ။

အဲ ပြောမယ့်သာ ပြောရ တယ် ။ ကျုပ်မိန်းမ ကိုလည်း သနားသားဗျ ။ အရင်က ပြည့်ပြည့်စုံစုံ နေလာခဲ့သမျှ အခု အကျဉ်းထဲ အကျပ်ထဲ ရောက်လာတော့ သူလည်း ငွေရနိုင်မယ့် နည်းလမ်းတွေကို ကြံဖန် တွေးမိတယ်ထင်ပါ့ ။ ခြံထဲက ထွက်တဲ့ အသီးအနှံလေးတွေ ဆိုလည်း ဟင်းရွက် ရောင်းတဲ့ သူတွေကို ဖောက်သည်သွင်း ။ ကြက်လာဝယ်ရင် ကြက်ရောင်း လို့ ။ ရလာတဲ့ ငွေကလည်း လက်ထဲမှာ ကြာရှည်ခံတာ မှတ်လို့ ။ နေ့မြင် ညပျောက် ဆိုသလိုပဲ ။ အိမ်ရဲ့ဝေယျာဝစ္စ မှန်သမျှ ကျုပ်မိန်းမပဲ ဖြေရှင်းနေခဲ့ရတာ ။

အခုတလော မိန်းမလည်း မျက်နှာ မကောင်းလှဘူး ။ ငွေရေးကြေးရေး ကျပ် တည်းမှုက ကျုပ်တို့ဆီ ရွေ့လျားလာတော့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး ။ ဒီ ကြားထဲ တက္ကစီကလည်း သိပ်ဆွဲလို့ မကောင်း ။ ဟိုဘက် လမ်းထိပ်က မရွှေကြည်ကလည်း အိမ်ကို ခပ်စိပ်စိပ်လေး ဝင်ထွက်လာတော့ ကျုပ် သိလိုက်ပြီ ။ ကျုပ်မိန်းမ အကြွေး ယူထားမိပြီ ။ မရွှေကြည်က ငွေမျက်နှာက လွဲပြီး ဘာကိုမှ ကြည့်တတ်တာ မဟုတ်ဘူး ။ ဒီတော့ အကြွေးဘယ်လောက် ရှိလဲလို့ ကျုပ် မိန်းမကို မေးကြည့်မိတယ် ။ ငါးသောင်း တဲ့ ။ အတိုး မပါဘဲ အကြွေးက ငါးသောင်းတောင် တဲ့  ။ တက္ကစီ ဆွဲလို့မှ တစ်နေ့ ငါးထောင်ရရင် ကံကောင်း ။ အခု ဒီငွေငါးသောင်းကို ကျုပ် ဘယ်လို ရှာရမလဲ ။ ကျုပ်တို့မှာ ပိုလျှံလို့ စုမိဆောင်းမိတယ် ဆိုတာလည်း မရှိဘူး ။ အကျဉ်းအကျပ်တွေက ဘေးတိုက်နံတိုက် ရွေ့လျားလာတော့ ကျုပ်တို့ လင်မယား နှစ်ယောက် ခေါင်းခဲရပြီ ။

မရွှေကြည်က တစ်ပတ် ရက်ဆိုင်း ပေးထားသတဲ့ ။ တစ်ပတ် ပြည့်လို့မှ မပေးနိုင်ရင် မရွှေကြည်ကို ကျုပ်တို့ ဘယ်လို ရင်ဆိုင်ရမလဲ ။ စဉ်းစားမိတိုင်း ကျုပ် ခေါင်းမှာ ဆံပင်ဖြူတွေ များလာသလိုပဲ ။ ကျုပ်မိန်းမလည်း ဘယ်လောက်တောင် သောက ဖြစ်နေလိုက်မလဲ ။ ကျုပ်မိန်းမကို သနားစိတ်တွေ တရိပ်ရိပ် တိုးလာရတယ် ။

ကျုပ်က ဆိုင်ကယ် တက္ကစီလေးဆွဲ ။ အပြန်ကျရင် ရလာတဲ့ ငွေကို မိန်းမဆီ အပ်ပြီးရင် ကျုပ်တို့ သားအဖ ကြက်တွေနဲ့ပဲ အချိန် ကုန်သွားကြတာ ။ ကျုပ်မိန်းမကျတော့ လက်ထဲ ရောက်လာတဲ့ ငွေလေးနဲ့ သင့်တင့်မျှတအောင် ဘယ်လို ခြိုးခြံ သုံးနေရလဲ ဆိုတာ ကျုပ် မတွေးမိဘူး ။ ပြီးတော့ ကျုပ်မိန်းမကို လေးစားရတဲ့ အချက် တစ်ချက်က ကြက်တွေကို လာဝယ်တိုင်း မရောင်းတာကိုပဲ ။ ဟိုနေ့က ကြက်မတမ်းလေး တစ်ကောင်ကို လာဝယ်တော့ ကျုပ်မိန်းမ ဝမ်းသာအားရနဲ့ကို ထရောင်းရှာတာ ။ လက်ထဲမှာလည်း ငွေ လိုနေတယ် မဟုတ်လား ။ နောက်မှ လာဝယ်တဲ့သူ ဆီကနေ ကြက်စွပ်ပြုတ်လေး သောက်ချင်လို့ လာဝယ်တာ ဆိုတဲ့ စကားကိုလည်း ကြားရော မရောင်းတော့ဘူးလို့ ငြင်းလိုက်တော့တယ် ။

ကျုပ် ရင်ထဲ ပီတိ ဖြစ်မိတယ် ။ ငွေဘယ်လောက် လိုလို ကိုယ် မွေးထားတဲ့ ကြက် လေး သေတွင်းထဲ ရောက်မယ့် ကိစ္စကို တားလိုက်နိုင်တာ ဘယ်လောက် ကြည်နူးဖို့ ကောင်းလိမ့်သလဲ ။ ကျုပ်တို့က တိရစ္ဆာန်တွေကို မွေးပြီးရင် သံယောဇဉ် တွယ်လွယ် တယ် ။ ကျုပ်သားငယ်လေးလည်း ဒီအတိုင်းပဲ ။ သူ့ကြက်ကလေးတွေကို တုန်နေအောင် ချစ်ရှာတာ ။ ကြက်မတွေ ရောင်းတာတောင် သူ့မျက်နှာ မကြည်ချင်ဘူး ။ ဒါပေမဲ့လည်း ကြက်မတွေက မရောင်းလို့မှ မရ ။ ကြက်တွေ ပွားလာရင် ထားစရာ မရှိ ကျွေးစရာ မရှိ ဖြစ်ကုန်မှာလေ ။

“ ဟူး ...”

ကျုပ် အတွေးတောင် မဆုံးသေးဘူး ၊ မိန်းမဆီက ထွက်ပေါ်လာတဲ့ သက်ပြင်းချသံ သဲ့သဲ့က ကျုပ်ရင်ကို အပူလှိုင်း တစ်ခုလို ဖြတ်စီးသွားတော့တယ် ။

••••• ••••• •••••

၃ ။

“ ဖေကြီးရေ ဖေကြီး ”

ဟိုတွေးဒီတွေးနဲ့ ကျုပ် ဘယ်လို အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပါဘူး ။ သားငယ်လေးရဲ့ ခေါ်သံကြားမှ ကျုပ် လန့်နိုးလာခဲ့တယ် ။ ပထမဆုံး ရင်ဆိုင်လိုက်ရတာက သားငယ်လေးရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းနှစ်စုံ ကိုပါပဲ ။ ကျုပ် ထိတ်ခနဲ ဖြစ်သွားတယ် ။ သားငယ်လေးက ကျုပ်လက်ကို ကိုင်ပြီး တုန်တုန်ယင်ယင် ပြောရှာ တယ် ။

“ ဖေကြီး ငညိုလေး မရှိတော့ဘူးပြန်ဘူး ဖေကြီးရဲ့ ”

“ ဘယ်လို ၊ သေချာလို့ လားသားရဲ့ ၊ ငညိုလေးကို ညက အစာကျွေးပြီး သားနဲ့ အဖေပဲ ကြက်ခြံထဲ ပြန်ထည့်ခဲ့တာလေ ”

“ အခု မရှိတော့ဘူး ဖေကြီးရဲ့ ၊ သားရဲ့ငညိုလေး ပျောက်သွားပြန်ပြီ ၊ အီးဟီး ။ သားကြက်လေး ခိုးသွားပြန်ပြီ ဖေကြီးရဲ့ ”

ကျုပ်ရှေ့မှာ သားငယ်လေးက ချုံးပွဲချ ငိုတော့တယ် ။ ကျုပ်လည်း သားငယ်လေးကို ကြည့်ပြီး ဘာ ပြောရမလဲတောင် မသိတော့ဘူး ။ အခုတလော ဟိုဘက် အိမ်တွေမှာလည်း ကြက်တွေ ပျောက်နေတယ်လို့ ပြောသံကြားတာပဲ ။ အခုက သူခိုးက လျင်ကို လျင်လွန်းတယ် ။ ကြက်ခြံကို သေချာ ကြိုးချည်ထားတာတောင်မှ ရအောင် ခိုးသွားသေးတယ် ။ ခိုးတဲ့ ကြက်တွေကလည်း တကယ့် တိုက်ကြက်တွေချည်း ။ ဈေးကောင်း ပေးထားတာတောင် မရောင်းတဲ့ ကြက်တွေကို ရွေးခိုးသွားတာ ။

“ တိတ် တိတ် မငိုနဲ့ သားငယ်ရ ၊ ယောက်ျားဆိုတာ မငိုရဘူးကွ ”

“ ဟိုနေ့ကလည်း သားရဲ့ ခဝဲလေး အခိုး ခံရပြီးပြီ ၊ အဲဒီ သူခိုးကိုလည်း မိတာ မဟုတ် ဘူး အီးဟီး ”

သားငယ်လေးက ပြော လည်းပြော ငိုလည်း ငိုတယ် ။ ငိုတာမှ ရှိုက်ကြီးတငင် ငိုတာ ။ ကျုပ်လည်း ပြောမယ့်သာ ပြောရတယ် ။ ရင်ထဲမှာ ဝမ်းနည်းလွန်းလှပြီ ။ ဒါပေမဲ့ ကြက်တွေ ပျောက်နေတာက ကျုပ်တို့ တစ်အိမ်တည်း မဟုတ်တာ ။ တခြား အိမ်တွေမှာလည်း ကြက်ပျောက်တဲ့ သတင်း ကြားနေရတာဆိုတော့ ကျုပ်မှာ မလူးသာ မလွန့်သာ ။

“ ဘာဖြစ်နေပြန်ပြီလဲ ဒီ သားအဖ ၊ မနက်လင်းတာနဲ့ အသံ ကြားနေရပြီ ”

ကျုပ်မိန်းမက အိမ်ထဲက ထွက်လာပြီး လှမ်းပြောတယ် ။ မိန်းမကို ကျုပ် အားကိုးတကြီး ကြည့်မိတယ် ။ သားငယ်လေးက ဒီအတိုင်း ချော့လို့ကတော့ အငိုတိတ်မှာ မဟုတ်ဘူး ။ ဒါကြောင့် မိန်းမကို စစ်ကူ တောင်းသလို လှမ်းပြောလိုက်ရတယ် ။

“ ငညိုလေး ပျောက်သွားလို့ မိန်းမရဲ့ ”

“ ဘာ ပျောက်ပြန်ပြီလား ၊ ဒီသူခိုးတွေကလည်း တော် သူများအိမ်က ကြက် ကိုမှ ခိုးရတယ်လို့ ၊ သားငယ်လေးလည်း တိတ်တော့ ၊ အဲဒီ သူခိုးကို မိရင် သားဖေကြီးက ထောင်ထဲ ထည့်လိုက်မယ် ၊ မငိုနဲ့တော့နော် ”

ကျုပ်မိန်းမက ဒေါသတကြီး အော်ပြောပြီး သားငယ်လေးကို ချော့တယ် ။ ဒီတော့မှ သားငယ်လေးက ငိုရှိုက်ရင်း ခေါင်းညိတ်ရှာတယ် ။ ဒါပေမဲ့ ဝမ်းနည်းတကြီး ရှိုက်နေတုန်း ။ ပြီးမှ ရှိုက်သံ သဲ့သဲ့လေးနဲ့ ကျုပ်ကို လှမ်းခေါ်တယ် ။

“ ဖေကြီး ”

“ ပြောလေ သား ၊ ငါ့ သားလေးလည်း ငိုရလွန်းလို့ ပင်ပန်းနေပြီ ၊ ဖေကြီးနားကို လာပါဦး သားရဲ့”

သားငယ်လေးကို ပွေ့ချီ ပြီး ကျုပ် ပေါင်ပေါ်မှာ ထိုင် ခိုင်းလိုက်တယ် ။ ပြီးတော့ ပါးပြင်ပေါ်က မခြောက်သေးတဲ့ မျက်ရည်စလေးတွေကို လှမ်းသုတ်ပေးလိုက်တယ် ။

“ မေကြီး ပြောသလို သူခိုးကို ထောင်ထဲ ထည့်ရင် ဘာဖြစ်လဲဟင် ဖေကြီး ”

“ ထောင်ကျရင် လွတ် လွတ်လပ်လပ် မနေရဘူးပေါ့ သားရဲ့ ၊ ထောင်ဆိုတာ လူဆိုးတွေကို ဖမ်းပြီး ထည့်တာပေါ့ ၊ ဒီကြက်ခြံလေးလို အခန်းကျဉ်းလေးထဲမှာ နေရတာ ”

“ ဒါဆို ခဝဲလေးနဲ့ ငညိုလေးကို ခိုးသွားတဲ့ သူခိုးကို ထောင်ချပစ်နော် ဖေကြီး ၊ ဒါမှ သားကြက်လေးတွေကို နောက်ထပ် မခိုးမှာ ”

“ အင်းပေါ့ သားရဲ့ ၊ နောက်တစ်ခါ မခိုးအောင် ဖေကြီး ထောင်ချ ပစ်မယ်နော် ”

ကျုပ် ပြောလိုက်တော့ မှ သားငယ်လေးက မျက်ရည်တွေ ကြားကနေ ပြုံးလာ တယ် ။ ဒီတော့မှ ကျုပ်လည်း သက်ပြင်းချနိုင်တော့တယ် ။ သားငယ်လေးက သူ့ကြက်ကလေးတွေကို အဲဒီလောက် အထိကို သံယောဇဉ်ကြီးရှာတာ ။ မဖြစ်တော့ဘူး ။ နောက်ဆို ကြက်ခြံကို သေချာစောင့် ကြပ်မှ ဖြစ်တော့မယ် ။ မဟုတ်ရင် လျင်လွန်းတဲ့ သူခိုးတွေကြောင့် ကြက်ခြံလေး လုံးပါး ပါးရချည်ရဲ့ ။

••••• ••••• •••••

၄ ။

ဒီနေ့ နိုးထလာတဲ့ မနက်ခင်းက ပိုခြောက်သွေ့ နေသလိုပဲ ။ မီးဖိုထဲမှာ ချက်ပြုတ်နေတဲ့ ကျုပ်မိန်းမ အသံလည်း မကြားရဘူး ။ စကား များလွန်းတဲ့ သားငယ်လေးရဲ့ အသံလည်း မကြားရဘူး ။ အိပ်ရာထဲကနေ ကျုပ် ထလာခဲ့တယ် ။ မျက်နှာသစ်ဖို့အတွက် ခြံထောင့်နားက ရေတွင်းနားကို လျှောက်ခဲ့တယ် ။ အဲဒီမှာ တရှုပ်ရှုပ်နဲ့ ငိုနေတဲ့ ကျုပ် သားငယ်လေးကို တွေ့ လိုက်ရတာပဲ ။

သားငယ်လေးက ရေတွင်းအနားမှာ ကျုံ့ကျုံ့လေး ထိုင်လို့ ။ နှပ်တွေတောင် ထွက်ပြီး တရှုပ်ရှုပ် ငိုနေရှာတယ် ။ ကျုပ် ရင်ထဲ ထိတ်ခနဲ ဖြစ် သွားရပြန်တယ် ။ သားငယ်လေး ဘာဖြစ်ပြန်တာလဲ ။ သူ့ အမေ ရိုက်လိုက်လို့ များလား ။ သူ့အမေ ရိုက်တိုင်း သားငယ်က ဒီနေရာလေးမှာ လာ ငိုတတ်တာ ။ ဒီမိန်းမတော့ မနက်စောစောကြီး ကလေးကို ရိုက်ရတယ်လို့ ။ ကျုပ် မိန်းမကို ဒေါသ ဖြစ်သွားပြီး သားငယ်လေး ဆီကို လျှောက်လာခဲ့တယ် ။

“ သားငယ် ဘာဖြစ်လို့လဲကွ ၊ မေကြီး ရိုက်လိုက်ပြန်ပြီလား ”

ကျုပ်မေးတော့ သားငယ်လေးက ခေါင်းခါပြတယ် ။ ဒါပေမဲ့ ငိုနေတာကိုတော့ တစ်ချက်မှ မရပ်ဘူး ။ သားငယ်လေးကို ကြည့်ပြီး ကျုပ်တောင် ဝမ်းနည်းလာမိတယ် ။ သားငယ်လေးက ကျုပ်ကို မြင်တော့မှ ပိုလို့ကို ရှိုက်ကြီးတငင်နဲ့ ငိုလာရော ။

“ ဒါဆို ဘာဖြစ်လို့လဲ သားရဲ့ ၊ ဖေကြီးကို ပြောလေ ၊ မငိုပါနဲ့တော့ကွ ”

ကျုပ် သားငယ်လေးရဲ့ မျက်ရည်တွေကို သုတ်ပေး လိုက်တယ် ။ သားငယ်လေး က ကျုပ်ကို ကြည့်ပြီး လှမ်း ပြောတယ် ။

“ ငနီလေး မရှိတော့ဘူး ဖေကြီးရဲ့ ”

သားငယ်လေးရဲ စကားကို ကြားတော့ ကျုပ် ထိုင်ချမိလျက်သား ဖြစ်သွားတယ် ။ ခဝဲလေး နဲ့ ငညိုလေး ပျောက်သွားတာမှ မကြာသေးဘူး ။ ဒီနေ့ ငနီလေး မရှိတော့ပြန်ဘူးတဲ့ ။

“ သေချာရဲ့လား သားရဲ့ ၊ သေသေချာချာ ရှာကြည့်ပြီးပြီလား ”

သားငယ်လေးက မျက်ရည်ကြားက ခေါင်းညိတ်ပြတယ် ။ ကျုပ် ဒေါသတွေ ဆူ ဝေသွားတယ် ။ ကျုပ် ကြက်တွေက တိုက်ကြက်မှန်း သိလို့ တမင်ခိုးသွားတာ ။ ခဝဲလေး ကိုဆို သုံးသောင်း ပေးထားတာ ။ ငနီလေးကျတော့ တစ်ပွဲပဲ နိုင်သေးလို့ နှစ်သောင်း ရနေပြီ ။ ဒါသိလို့ကို တမင် ခိုးသွားတာ ။ ကျုပ်တို့ အိမ်က တိုက်ကြက်တွေကိုမှ ရွေးခိုးတာ အကြောင်းသိ ဓာတ်သိတွေထဲက ဖြစ်ရမယ် ။ ဥစ္စာ တစ်ခါပျောက် ငရဲဆယ်ခါ ရောက်တဲ့ ။ ကျုပ်မှာ ခဝဲလေး ပျောက်ကတည်းက ငရဲကို အကြိမ်ကြိမ် ရောက်နေခဲ့ ရတာ အခုထိ မပြီးနိုင် ။

“ တောက် ဒီသူခိုးတော့ကွာ ၊ တွေ့ရင်တော့ မှတ်လောက်သားလောက်အောင်ကို ဆုံးမပြီး ထောင်ထဲပို့ရမယ် ”

“ ဟင့်အင်း ထောင်ထဲ မပို့ပါနဲ့ ဖေကြီးရဲ့”

ကျုပ် စကားအဆုံး သားငယ်လေး ဆီကနေ အလန့် တကြားနဲ့ အသံထွက်လာတယ် ။ ကျုပ် အံ့ဩသွား တယ် ။ သူ့ကြက်လေး အခိုးခံရလို့ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့တာ ။ အခုကျပြန်တော့ ကြက်ခိုးတဲ့ သူခိုးကို ထောင် မချပါနဲ့တဲ့ ။ သားငယ်လေးကို ကြည့်ပြီး ကျုပ် နားမလည်နိုင်အောင် ဖြစ်သွားတယ် ။

“ ဘာဖြစ်လို့လဲ သားရဲ့ ၊ အဲဒီ သူခိုးကို မတွေ့တွေ့ အောင်ရှာပြီး ထောင်ချပစ်ရမှာ ပေါ့ ၊ ဒါမှ နောက်ထပ် ကြက်တွေ လာမခိုးမှာ ”

“ ဟင့်အင်း ထောင်မချပါနဲ့နော် ဖေကြီး ၊ သားမငိုတော့ပါဘူး ဖေကြီးရဲ့ ”

ကျုပ် ပြောလိုက်တော့ သားငယ်က အလန့်တကြား ခေါင်းခါ ပြတယ် ။ ပြီးတော့ မျက်နှာပေါ် စီးကျလာတဲ့ မျက်ရည်တွေကို ကမန်းကတန်း သုတ်ပစ်ပြန်တယ် ။ သားငယ်လေးကို ကြည့်ပြီး ကျုပ် နားမလည်နိုင်အောင် ဖြစ်သွားမိတယ် ။

“ ထောင်မချရင် သားရဲ့ ကြက်ကလေးတွေကို လာခိုး ဦးမှာပေါ့ သားရဲ့ ၊ အဲဒီ သူခိုးကို ထောင်ချပစ်ရမယ် ”

“ ဒါဆို ဖေကြီး ထောင်ကျသွားမှာပေါ့ ဖေကြီးရဲ့ အီးဟီး ”

တိုးလျလျ စကားတစ်ခွန်းနဲ့ အတူ ရှိုက်ကြီးတငင် ငိုချလိုက်တဲ့ သားငယ်လေးကို ကြည့်ပြီး ကျုပ် သွေးပျက် သွားမိတော့တယ် ။ ကျုပ် ပါးစပ်အဟောင်းသားနဲ့ တိတ်ဆိတ်သွားမိတာ အကြာကြီး ။ ကျုပ်မှာ ပြောစရာ စကားလုံးတွေ ဆွံ့အနေမိပြီး ရင်ထဲမှာ ဆို့နင့်နာကျင်လာတယ် ။

“ ညက ကြက်ခြံထဲမှာ အသံကြားလို့ သား ထကြည့် တော့ ငနီလေးကို ဖေကြီး ဖမ်းသွားတာ မြင်လိုက်တယ် ၊ ဒါဆို ဖေကြီး ထောင်ကျမှာလားဟင် ၊ ဖေကြီး ထောင်ကျရင် သား အရမ်း လွမ်းနေမှာ ၊ ထောင်မကျပါနဲ့နော် ဖေကြီး သား မငိုတော့ပါဘူး ဖေကြီးရဲ့ ”

နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချလိုက်သလို ကျုပ် ခေါင်းထဲ နာကျင်မူးမိုက် သွားရတယ် ။ အကြွေးတွေ ဆပ်ချင်လို့ မိန်းမနဲ့ ကျုပ် တိုင်ပင်ပြီး ကြက်တွေ ယူရောင်းခဲ့ မိတာ ။ သားငယ်လေး သိရင် ဝမ်းနည်းမှာ စိုးလို့ သူခိုးခိုး တယ်လို့ ပြောမိနေပေမဲ့ ကျုပ် ရင်ထဲ ဘယ်လောက် နာကျင် အောင့်မျက်ခဲ့ရသလဲ ။ အခုတော့ သားငယ်လေးက သူ့ ကြက်ပျောက်သွားတာထက် ကျုပ် ထောင်ကျမှာကို တွေး ကြောက်နေရှာသတဲ့လား ။ ကျုပ် ရင်တွေ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်ကုန်ပြီ ထင်ပါရဲ့ ။

“ ဖေကြီး ထောင်ကျရင် သား အရမ်း လွမ်းနေမှာ ထောင်မကျပါနဲ့နော် ၊ သား မငိုတော့ပါဘူး ဖေကြီးရဲ့ ”

သားငယ်လေး စကားတစ်ခွန်းကို ငိုပြီး အထပ်ထပ် အခါခါ ပြောနေခဲ့တယ် ။ သားငယ်လေးရဲ့ အရှေ့မှာ ကျုပ်ဟာ အပြစ်ရှိသူလို ငူငူငိုင်ငိုင်နဲ့ ။ နွေက အခုမှ ပိုပြီး ပူလာသလိုပါပဲလား ။ ထပ်ဆင့် တိုက်ခတ်လိုက်တဲ့ လေတွေကလည်း ခါတိုင်းထက် ပူပြင်းလို့ ။ ကျုပ် ရင်တွေလည်း တစစ်စစ် နာကျင်နေခဲ့ပြီ ။ အခုနေများ မဟာပထဝီ မြေကြီးက ထွက်လာပြီး ကျုပ်ကို စုပ်ယူဝါးမျို သွားစေချင်ပါရဲ့ ။

⎕ နတ်ရဲ ၊ ရူပဗေဒ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၅

No comments:

Post a Comment