Monday, April 27, 2026

ပါးရိုက်မှု

 ❝ ပါးရိုက်မှု ❞

   ( ပီမိုးနင်း )


ကိုမြစ်သည် အိမ်ခေါင်းရင်း၌ ထိုင်ကာ စာရင်းများကို တွက်၍ နေလေ၏ ။


ထိုစာရင်းမှာ အထည်စာရင်းများ ဖြစ်လေ၏ ။ ၄င်း၏ အလုပ်မှာ ရွာဖြစ် ချည်ထည်များကို အရပ်ရပ်သို့ လှည့်လည်၍ နောက်ပါ တပည့် ဖိုးတေ နှင့် ရောင်းချသော အလုပ် ဖြစ်လေ၏ ။ 


လက်တစ်ဘက်က ဝံသာနုဆေးပေါ့လိပ် ၊ လက်တစ်ဘက်က ခဲတံနှင့် စာရင်းကိုတွက်၍ နေသောကြောင့် ပါး၌ ယားကျိကျိ ဖြစ်သည်ကိုမှ ပွတ်သပ်ရန် မအားပေ ။ လက်ယာဘက်၌ ထိုင်ကာ စာရင်းများကို ကြည့်၍ နေသော တပည့်ဖိုးတေ အား ငါ့ ဘယ်ဘက်ပါးက ယားလိုက်တာ တပည့်ရယ် ။ ဘာများ ဖြစ်ချင်ပါလိမ့် ။ မိပန်း ကလည်း အင်မတန် နှုတ်သီးကောင်းတဲ့ကောင်မ ။ အထည်ခြောက်ထည် အတွက်လည်း စာရင်း မရဘူး ။ စကားတော့ များလိမ့်မယ် ထင်တာပဲ ။ ဆရာကလည်း စိတ်မြန်မြန်နဲ့တော့ ဒီကနေ့ ခက်လိမ့်မယ် ထင်တယ် ။


အင်း ဘယ်ဘက်ပါး ယားရင်တော့ ပါးရိုက် ခံရတတ်တယ်လို့ ကြားဖူးတာပဲ ဆရာ ။


ခွေးမသား ။ နင် ပြောရင် မရေမရာချည်းဘဲ ၊ ဘာလို့ ပါးရိုက်ခံရမှာတုံး ။


မပန်း ကလည်း စိတ်တို ။ အထည် ခြောက်ထည် ကလည်း ပျောက်နေ ။ ဆရာ့ ဘယ်ဘက်ပါး ကလည်း ယား ။ ဒါမှ စကားများပြီး ပါးရိုက် မခံရရင် လောကမှာ ပါးရိုက်မှု ဘယ်တော့မျှ ဖြစ်တော့မှာ မဟုတ်ဘူး ။


ပါးရိုက်ရင် ပါးဖိုး ငါးကျပ် ။ ငါလို အရပ်လည်ပြီး ချည်ထည်ရောင်းတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်း ဆိုရင်တော့ တစ်ဆယ်အောက် နည်းမှာ မဟုတ်ဘူး ။ ပျောက်တဲ့ အထည် အတွက် ကျေချင်လို့ပေါ့ ။


ဒါတော့ ဒါပေါ့ ဆရာ ။ ဒါကြောင့် ကျွန်တော်က ဆရာကောင်းဖို့ နိမိတ်ဖတ်တာပါ ။ ပါးဖိုး ပေမယ့် ပါးကြည့်ပြီး လျော်ရတာ ။ ဆရာ့ပါးမျိုး ဆိုတော့ တစ်ဆယ် ကျိန်းသေပေါ့ ဆရာ ။ လူမျိုး လေးပါး ၊ ပါးမျိုး လေးပါး ရှိတာပဲ ။


ဟုတ်စေနော် ၊ ငါ ပါးရိုက်ခံရစေ ၊ ပါးဖိုး တစ်ဆယ် ရစေ ၊ မရရင် ခွေး မသား နင် အသေမှတ် ။ အခုတစ်ခေါက် တွံတေး အထိ လိုက်တဲ့ အသွားအပြန် ၊ နင့်အတွက် တစ်ဆယ်လောက်ပဲ ကျမယ် ။ ငါ ပါးရိုက် မခံရလို့ ငွေတစ်ဆယ် မရရင် နင့် ငွေတစ်ဆယ် အဆုံးမှတ် ။


နို့ ဆရာ ပါးရိုက်ခံရလို့ ပါးဖိုး တစ်ဆယ်ရရင် ကျွန်တော့် အတွက် ဘယ်လိုလဲ ။


နင့် ငွေတစ်ဆယ် နင် ရပေါ့ ။


တယ်ဟုတ်တဲ့ ဆရာ ။ တယ်သမာသမတ်ဖြစ်တဲ့ ဆရာ ။ ဆရာ့ မှာတော့ ရလည်းရ ။ ကျွန်တော်တော့ မနိုင်ရင် ဆုံး ။ နိုင်ရင် မရလား ဆရာရယ် ။


အေး နိမိတ်ဖတ် ကောင်းတာကိုး ။ ဆုံးပေါ့ ။ ဘာလုပ်တတ်ရမလဲ ။


ဖိုးတေ မှာ များစွာ စိတ်လေး၍ သွားလေ၏ ။ ခက်ပြီ ။ ငါတော့ ဂွပဲ ။ မဦးမချွတ် ပြောမိတာ ။ ငွေတစ်ဆယ်တော့ အမြတ်ရဖို့ လမ်းမရှိ ။ တစ်ဘက်သတ် ကိန်းကြီး မိတော့တာပါကလား စသည်ဖြင့် တွေး၍ နေလေ၏ ။


ဆရာမြစ်သည် ရူးပေါပေါ တပည့်အား ကစား၍ ပြောခြင်း ဖြစ်လေရာ ဇမ္ဗူဒိပ် နိမိတ်တဲ့ ။ ဒီအကောင် ရူးရူးပေါပေါနဲ့ လွှတ်ခနဲ ပြောလိုက်တာ မှန်များ နေလေမလား ။ မိပန်း ကတော့ ညှာမှာ မဟုတ် ပြောတော့မှာပဲ ။ ငါကလည်း စာရင်း မပြနိုင် ၊ အပြောကိုလည်း ငါက ခံမှာ မဟုတ် ။ မခံလို့ နင်ပဲငဆ ဖြစ်ကြရင် သူက လင်ဂုဏ် ၊ သားဂုဏ် ၊ ရက်ကန်းစင်အစိတ်ဂုဏ်နဲ့ ငါ့ကို ဧကန် ပါးရိုက်တော့မှာပဲ စသည်ဖြင့် တွေးလေရာ ဂဏန်းများမှာ သာ၍ပင် ရှုပ်လျက် တွက်၍ မရနိုင်အောင် တွေး၍ နေလေ တော့သတည်း ။


ထိုအတွင်း မိန်းမတစ်ယောက် ရှေ့သို့ ရောက်လာ၍ တင်ပျဉ်ခွေ ထိုင်လျက် ဂဏန်းများကို ကြည့်လေ၏ ။


ဆရာမြစ် မှာလည်း ၄င်း၏ ခက်တရော်သော မျက်နှာကို ကြည့်ကာ မျက်နှာပျက်၍ နေလေ၏ ။ ပါးမှာလည်း တိုး၍ တစစ်စစ် ယားလေရာ သာ၍ပင် စိတ်ပူလေ၏ ။ ယနေ့တော့ ဧကန် တွေ့တော့မှာပဲဟု တွေးလေ၏ ။


ထိုင်နေသော မိန်းမက ဂဏန်းများကို ကြည့်ပြီးနောက် မျက်နှာကို သေသေချာချာ ကြည့်ပြီး တွက်လို့ မပြီးသေးဘူးလားဟု တိုတိုတုတ်တုတ် မေးလေ၏ ။


ဆရာမြစ် သည် စကား မပြော ။ ဂဏန်းများ ကိုသာ ဂရုစိုက်၍ နေလေ၏ ။


ထိုင်လာသောမိန်းမသည် မျက်နှာကို စိန်းစိန်းကြည့်ပြီး လက်ယာဘက်နှင့် ဆရာမြစ်၏ ပါးကို ဖြန်းခနဲ ချလိုက်လေ၏ ။ ထို့နောက် ၄င်းမိန်းမသည် မိမိ၏ လက်ဝါးကို ဖြန့်ကာ သွေးနီနီကို ကြည့်ပြီး မှတ်ကရော့ ၊ ငါ့ဖေဖေ့ ပါးကို ကိုက်တဲ့ ခြင် ။ လာ ဖေဖေ ၊ ပြီးမှ တွက် ၊ ထမင်းစားမယ် ဟု ပြောပြီး ထ၍ သွားလေ၏ ။


 ▢  ပီမိုးနင်း

📖 လမ်းညွှန်ဂျာနယ် 

      အတွဲ ၂ ၊ အမှတ် ၅၇ 

     ၂ ၊ နိုဝင်ဘာ ၊ ၁၉၃၄

No comments:

Post a Comment