Friday, April 17, 2026

ပွဲရုံအလုပ်သမား က ပွဲရုံပိုင်ရှင် ဖြစ်လာသူ


 

❝ ပွဲရုံအလုပ်သမား က ပွဲရုံပိုင်ရှင် ဖြစ်လာသူ ❞

အောင်သမာဓိရွှေဆိုင်မှာ ရွှေလာဝယ်တဲ့ ကိုဆုဝင်းကို အောင်သမာဓိ မိသားစုဝင် ကိုမော်က သတိထားမိတယ် ။ တစ်ချိန်က ကိုမော်ဟာ လက်ပံလှရွာမှာ နေထိုင်ပြီး မိုးကုတ် ၊ မန္တလေးနဲ့ မျှစ်အရောင်းအဝယ် လုပ်ဖူးတယ် ။ အဲသည်အချိန်က မန္တလေး ပွဲရုံတစ်ရုံက ဘာဘူ ဆိုတဲ့ အလုပ်သမားက လည်လည်ဝယ်ဝယ် ချက်ချက်ချာချာ ရှိလို့ သတိထားမိခဲ့တယ် ။

အောင်သမာဓိရွှေဆိုင်မှာ ရွှေလာဝယ်တဲ့ အဲသည် ကိုဆုဝင်းဟာ တစ်ချိန်က ပွဲရုံအလုပ်သမား ဘာဘူ နဲ့ တော်တော်တူလို့ မိတ်ဆက်ကြည့်တော့ ပွဲရုံပိုင်ရှင် ကိုဆုဝင်းဟာ တစ်ချိန်က အလုပ်သမား ဘာဘူ ပဲလို့ သိလိုက်ရတယ် ။

ကိုဆုဝင်း က အသားညိုတယ် ။ ဒါကြောင့် ဘာဘူ လို့ လူတွေက ကင်ပွန်း တပ်ခဲ့တာပါ ။ ကိုမော်က မိတ်ဆက်ပေးလို့ ကိုဆုဝင်းနဲ့ စကားစမြည် ပြောဖြစ်ကြပါတယ် ။ သူက တောရွာမှာ နေထိုင်ကြီးပြင်းရပြီး မန္တလေးကို အလုပ် လာလုပ်ရာက ကြီးပွားချမ်းသာလာတာ ဖြစ်တယ် ။ ရွာက ဘဝအကြောင်း အရင် ပြောဖြစ်ကြတယ် ။

“ တောရွာမှာ ကိုယ့် တောင်သူအလုပ် ကိုယ်လုပ်ရတယ် ။ အရွယ်လေး ရလာတော့ ထန်းတက်ရတယ် ။ မိသားစုထဲမှာ ကျွန်တော်က အငယ်ဆုံး ၊ ဒါပေမဲ့ အစ်ကိုကြီးက သာသနာ့ဘောင် ဝင်သွားတော့ အစ်မတွေပဲ ကျန်တာ ။ ကျွန်တော်က ၁၃ နှစ်သားကတည်းက တောင်သူလုပ် ၊ ထန်းတက်ခဲ့ရတာ ”

“ ၁၃ နှစ် ဆိုတော့ တော်တော် ငယ်သေးတာပဲ ၊ ထန်းပင် တက်နိုင်ပြီလား ”

“ တောသူတောင်သား ကတော့ ကလေး ကတည်းက ထန်းပင်တက် ၊ ထန်းသီးချိုင် လုပ်လာခဲ့တာပဲ ။ သစ်ပင်တက်တာ မဆန်းဘူး ”

“ ပညာရေးကကော ”

“ လေးတန်း အဆင့်ပါပဲ ။ တောသူတောင်သား ဘဝမှာ ပညာတတ်တာ ၊ မတတ်တာ သိပ်အလေးမထားဘူး ။ နွားတွေနဲ့ တောထဲတောင်ထဲ သွားနေရရင် ကိုယ့်ကိုယ်ကိုယ် အဟုတ် မှတ်နေတာ ။ မြို့ရောက်မှ ပညာ မတတ်တာ တော်တော် အောက်တန်းကျပါလားလို့ သိလာတာ ”

“ မြို့တက်ဖြစ်သွားတာက .. ”

“ ကျွန်တော်တို့ရွာက မြို့တက် အလုပ်လုပ်တဲ့ သက်တူရွယ်တူတွေက ရွာဘုရားပွဲ ပြန်လာချိန်မှာ မင်းသားလေးတွေ ကျနေတာပဲ ။ အဝတ်သစ် အစားသစ် တွေနဲ့ ဆင်ကြယ်ဖိနပ်အသစ်နဲ့ ၊ ပုဆိုးလေးတွေ ဒယဉ့်တိုက်နဲ့ ။ ကျွန်တော်တို့ တောသူ တောင်သားမှာတော့ ဖျင်ကြမ်းပုဆိုး ၊ ဖျင်ကြမ်းအင်္ကျီနဲ့ ၊ သူတို့က မိဘကို ပေးနိုင် ကျွေးနိုင်တယ် ။ မြို့မှာတော့ သူတို့လည်း ကျွဲလို နွားလို အလုပ်လုပ်ရမှာပေါ့ ။ ကျွန်တော်တို့လည်း တောမှာ ကျွဲလိုနွားလို အလုပ် လုပ်ကြရတာပဲ ။ ကျွဲလိုနွားလို ရုန်းရတာချင်း အတူတူ တစ်နေကုန် လုပ်မှ ၂၀၀၀ -၂၅၀၀ ရတာ ။ မြို့မှာက ၁ဝ,ဝဝဝ လည်း ဟုတ် ၊ ၂ဝ,ဝဝဝ လည်း ဟုတ်တယ် ။ ဒါကြောင့် ကျွန်တော် မြို့တက်လာတာ ”

“ အဆက်အစပ်ကကော ”

“ မန္တလေးမှာ ကိုင်းတန်းဈေး ဆိုတာ ရှိတယ် ။ ကုန်စိမ်းဈေးပေါ့ ၊ ကိုစိန်အောင် ၊ မစန်းရီ ဆိုတဲ့ ပွဲရုံရှိတယ် ။ အဲဒီမှာ အလုပ်လုပ်နေတာ ။ ကျွန်တော် ကလည်း သူတို့အားကိုးနဲ့ တက်လာတာ ။ ဒါပေမဲ့ လာလာချင်း အဲဒီပွဲရုံမှာ မရသေးဘူး ”

“ ဘယ်မှာ ဝင်လုပ်ရလဲ ”

“ အလုပ်က ရှာမရဘူး ။ ကျောက်မဲ ခရမ်းချဉ်သီးပွဲရုံမှာ လုပ်မလားလို့ ခေါ်တာနဲ့ ကျောက်မဲလမ်းခွဲက ကိုအိုက်စု ၊ ဒေါ်အေးဆာရဲ့ ပွဲရုံကို ပါသွားတယ် ”

“ ရာသီပေါ် အလုပ်ပဲလား ”

“ သူတို့ဆီမှာ တပို့တွဲလဆန်းက စပြီး ခရမ်းချဉ် ထွက်တယ် ။ ကဆုန် ဆို ရာသီကုန်ပြီ ”

“ ကျောက်မဲက ရာသီဥတု အေးမှာပေါ့ ”

ကိုဆုဝင်းက ကျောကို တွန့်ပြီး ပြောတယ် ။

“ ဟိုမှာ အရမ်း အေးတာပေါ့  ။ အလုပ် မလုပ်ခင်မှာတော့ စင်ပေါ် စောင်လေးခြုံ ကွေးနေရတာ ။ အလုပ်လုပ်ပြီ ဆိုရင်တော့ ကျွန်တော်တို့ဘဝက ဘယ်မှာ ချမ်းတော့မှာလဲ ”

“ ပင်ပန်းတာကကော ”

“ ပင်ပန်းတာပေါ့ ၊ မနက် ၇းဝဝ နာရီလောက်စလို့ ရှမ်းတွေက လှည်းတွေနဲ့ ရောက်လာတာ ။ ပလိုင်းတွေနဲ့ လာရောင်းတာကို ခရမ်းချဉ်သေတ္တာထဲ သွန်ထည့် ထမ်းပြီး ဝါးပိုးဝါးနဲ့ ဆောက်ထားတဲ့ စင်ပေါ် ထမ်းတင်ရတာပေါ့ ။ ပုံပြီးရင် အသီးအမျိုးအစား ခွဲရတယ် ။ အမှည့်ထုတ် ၊ အကွဲအပြဲပယ် ၊ စကားဝါခွဲ ၊ စိမ်းတာကို စိမ်းတာဘက်ပုံ လုပ်ရတယ် ။ ချပုံ ရွေးကားပေါ်တင် တစ်သေတ္တာ သုံးကျပ် ရတယ် ”

“ တခြား ရွာတွေကိုကော သွားရသေးလား ”

“ အနီးအနားက စခန်းသာတို့ကို ပွဲစားရဲ့ ဒေါ့ဂျစ်လေးနဲ့ သွားပြီး သေတ္တာခွံ လိုချင်ရင် သွားရတယ် ။ တစ်ရက်တော့ စခန်းသာကို သူပုန်ဝင်သွားတာ တွေ့ရတယ် ။ အိမ်တွေ လောင်ချာနဲ့ ပစ်ထားတာ ၊ ခေါင်မိုးသွပ်တွေ ပွင့်ထွက် ကုန်တာ ကြောက်စရာပဲ ”

“ ကြောက်ပြီး ပြန်မပြေးချင်ဘူးလား ”

“ သိပ်တော့ မကြောက်ပါဘူး ။ ကျွန်တော်တို့ ပွဲစားက ဆက်ကြေးပေးထားတယ်လေ ”

“ ရာသီကုန်တော့ ပြန်ဆင်းတာပေါ့ ”

“ လုပ်ခရတာလေး ထုတ်ပြီး ရွာပြန် ၊ မိဘပြန် ကန်တော့တယ် ။ ပြီးတော့ မန္တလေး ပြန်တက်တယ် ။ ပထမ စဝင်တာက ကိုဝင်းရှိန် ၊ မပျို ပွဲရုံမှာ ဝင်လုပ်ရတယ် ။ သူတို့ ပွဲရုံက လက်လီအဆင့် ၊ လက်ကားပြန်ရောင်း ဆိုတော့ လူသိပ်မလိုဘူး ။ ဒါနဲ့ ကိုစိန်အောင် ၊ မစန်းရီတို့ ပွဲရုံမှာ ပြောင်းလုပ်တယ် ”

“ လုပ်ခ ဘယ်လိုပေးလဲ ”

“ ကုန်ချိန် ၁ဝဝ မှ သုံးကျပ် ရတယ် ။ နောက်ပိုင်း အလုပ်သမား အစည်းအရုံးက နည်းတယ်ဆိုမှ လေးကျပ် ပေးတယ် ။ ခရမ်းသီး တစ်ရာသီ ၊ တစ်ရိုးကုန်ရင် ၊ သရက်သီးဆိုလည်း တစ်ရိုးကုန်မှ စာရင်းချုပ်ပြီး တစ်ခါ ရှင်းတယ် ”

“ တစ်ရိုးကုန်တယ် ဆိုတာက ... ”

သူတို့ အသုံးအနှုန်းကို ကျွန်တော် နားမလည်လို့ ပြန်မေးတယ် ။

“ သရက်သီး တစ်ရိုး ဆိုတာ သရက်သီးရာသီ အစကနေ သရက်သီး တုံးတဲ့အထိ ကုန်မှ စာရင်းချုပ်ပြီး စာရင်းရှင်း ခွဲပေးတာ ”

“ ကုန်က ရာသီအလိုက်ပဲလား ”

“ ခရမ်းချဉ် ၊ သရက်သီး ၊ ခဝဲသီး ၊ ခရမ်းသီး ၊ မျှစ် ၊ သူ့ရာသီနဲ့သူ လာနေတာပဲ ။ ကျွန်တော် ရောက်လို့ သုံးလလောက် နေတော့ သီးနှံတွေအကြောင်း ကျွန်တော် သိလာပြီ ၊ ကုန်ဘယ်ဈေးပေါက်မယ် ၊ ဘယ်လောက် ဖြတ်ရမယ် နားလည်လာပြီ ”

“ စိတ်ဝင်စားပြီး လေ့လာတာ ဒီနေ့ ဒီအချိန်မှာ အကျိုးဖြစ်တာပေါ့ ”

“ ကျွန်တော်က စပ်စုတယ် ၊ ဒီနေ့ ဘယ်ပွဲရုံကို ဘာဝင်သလဲ ၊ ကိုယ်နဲ့ အမျိုးတူတာ သူ့ဆီမှာ ကုန်ဘယ်လောက် ရှိတယ် ၊ သူ ဘယ်ဈေး ဖြတ်နိုင်တယ် ၊ ကိုယ် ဘယ်ဈေး ဖြတ်နိုင်တယ် ဆိုတာ ကျွန်တော် သိပြီး ပွဲစားပွဲကတော်ကို Control ( ထိန်းချုပ်မှု ) ပေးနိုင်တယ် ၊ ဒါကြောင့်လည်း ကျွန်တော် ဒီအဆင့် ရောက်လာတာ ”

“ အလုပ်သမားဘဝမှာ နေရေးထိုင်ရေး ၊ စားရေးသောက်ရေးကကော ”

“ စားတော့ လမ်းဘေး ထမင်းဆိုင် ၊ အိပ်တော့ ပွဲရုံကုန်ပုံကြား ချောင်တဲ့နေရာ တောင်းကြိုတောင်းကြား ဝင်အိပ်ရတာ ”

“ အိပ်ချိန်တွေ မမှန်ဘဲ ရှိမယ် ”

“ အားတဲ့အချိန် ကိုယ့်အိပ်ချိန်ပဲ ၊ ခုချိန်ထိ အဲဒီလိုပဲ ”

သူက ပြောရင်း ရယ်တယ် ။

“ သန်းခေါင်ကျော် အိပ်ရာက ထရတယ် ။ မနက် ၂းဝဝ နာရီလောက်ဆို ဈေးဝယ်လာပြီ ။ မနက် ၁ဝးဝဝ နာရီလောက်မှာ ကုန်ပြတ်တယ် ။ တောင်းခွံတွေတွဲ ၊ ကားဂိတ်ပို့ ၊ ခဏနေတော့ ကုန်တွေ ရောက်လာ ပြန်တယ် ။ ၁၂းဝဝ နာရီ တစ်ချက် ( ၁းဝဝ နာရီ ) ကျ ထမင်းစား ခဏနား ၊ ၅းဝဝ နာရီ ၊ ၆းဝဝ နာရီဆို ကားတွေ ဝင်လာပြန်တယ် ။ ၉းဝဝ နာရီလောက် ခဏနားတယ် ။ အိပ်တာ သူ့အလှည့် ၊ ကိုယ့်အလှည့် အလှည့်ကျ အိပ်တယ် ။ ရက်ရှည်ဆိုတော့ ဘယ်ခံနိုင်မှာလဲ ”

“ ရွာပြန်ပြေးချင်တဲ့အခါ မရှိဘူးလား ”

“ မရှိဘူး ၊ ရွာမှာ ငွေရဖို့ မလွယ်ဘူး ။ မြို့ဆိုတာကတော့ ကိုယ် မပျင်းလို့ လုပ်ရင် ငွေရပေါက်ချည်းပဲ ။ ဘယ်ပြန်ချင်ပါ့မလဲ ”

“ ကိုယ့်အပေါ် ခေါင်းပုံဖြတ်တယ် ဆိုတာမျိုး ရှိသလား ”

“ ကျွန်တော်တို့မှာ အလုပ်သမားခေါင်း ရှိတယ် ။ သူက ကျွန်တော်တို့လို ပင်ပင်ပန်းပန်း ဘာမျှမလုပ်ဘဲ သူ့စီးပွားရေး သူ လုပ်နေပေမယ့် ကျွန်တော်တို့က သူ့ကို အချိုးကျ ခွဲပေးရတယ် ။ ကျွန်တော်တို့ အလုပ်သမားထဲက သူ့အိမ် ခေါ်ခိုင်းထားတဲ့ လူကိုလည်း အချိုးကျ ခွဲပေးရသေးတယ် ၊ ကျွန်တော့် ဝဋ်ကုန်ချင်တော့ .. ”

ကိုဆုဝင်းက ဆက်မပြောသေးဘဲ ရပ်ထားတယ် ။ ကျွန်တော်က သူ့ဘဝ အလှည့်အပြောင်းကို စိတ်ဝင်စားလို့ နားစွင့် နေပါတယ် ။

“ ည ၉းဝဝ နာရီ ၊ ၁ဝးဝဝ နာရီလောက်မှ သရက်သီး လှည်းနှစ်စီးက လာတယ် ။ ပွဲရုံက ပိတ်ပြီ ။ ပွဲစားက အိမ်ပြန်သွားပြီ ။ ကျွန်တော်က လက်ထောက် မန်နေဂျာ လုပ်နေရတာ ။ သရက်သီးဖိုး ပိုက်ဆံကို အိမ်လိုက်ယူရအောင်လည်း အဆင်မပြေတော့ အနီးက ပွဲရုံတစ်ရုံနဲ့ ရောင်းပေးလိုက်တယ် ။ ပွဲခယူပြီး ကိုယ့်ပွဲရုံ စာရင်းသွင်းတယ် ။ ညမိုးချုပ်မှ လုပ်ကြရတဲ့ အလုပ်သမားခကို တကယ်လုပ်ရတဲ့ အလုပ်သမားတွေပဲ ခွဲပေးလိုက်တယ် ။ သူ့အိမ် ခေါ်ခိုင်းထားတဲ့ လူအတွက်တော့ မပေးတော့ဘူး ”

သူ့လုပ်ရပ်ကို မှားတယ် မဆိုနိုင်ဘူးလို့ ကျွန်တော်က ကောက်ချက်ချတယ် ။

“ ဒါကို အလုပ်သမားခေါင်းက ပွဲကတော်ကို သွားပြောတယ် ။ မနက် ၄းဝဝ နာရီလောက် ကိုင်းတန်းဈေး ပွဲရုံဖွင့်တော့ ပွဲကတော်က လုပ်အားခ ဖြတ် တောက်တာ မင်း မှားတယ်လို့ ဈေးဝယ်တွေ ၊ ကုန်သည်တွေရှေ့မှာ ပြောတယ် ။ ကျွန်တော် ရှက်သွားတယ် ။ ကျွန်တော် တစ်သက်လုံး အလုပ် လုပ်ခဲ့သမျှ မှားတယ်လို့ တစ်ခါမျှ အပြောမခံရဖူးဘူး ၊ မာနနဲ့ နေတာ ။ မှားတယ် ထင်ရင် ဒီနေ့ကစ ဒီမှာ မလုပ်တော့ဘူးလို့ ပြောထွက်ခဲ့တယ် ”

“ သူ့ပွဲရုံက ထွက်တော့ နေရေးထိုင်ရေး အခက်အခဲ မရှိဘူးလား ”

“ အဲဒီလို မဖြစ်ခင်လေးမှာပဲ ကိုင်းတန်းဈေးနား ထုံးဘူးတန်း ထဲမှာ အိမ်ခန်းလေး တစ်ခန်း ငှားနေတယ် ။ ကျွန်တော်တို့လို အလုပ်သမားတွေ ၊ ချယ်ဂါရီ တွန်းလှည်းသမားတွေ ဒီလိုပဲ စုပေါင်း ငှားရမ်းနေတာ ရှိတယ် ”

“ ကိုယ် မရှိတဲ့နောက် သူတို့မှာ ဘာပြောင်းလဲသွားလဲ ၊ ကိုယ့်ဘဝကော ဘယ်လို ပြောင်းလဲလာလဲ ”

“ ပွဲရုံမှာ ကျွန်တော် ရှိတုန်းက ရေခပ် ၊ အမှိုက်သိမ်း ၊ တောင်းခွံကောက် ၊ ငွေခံ ကအစ အစခပ်သိမ်း ကျွန်တော် လုပ်ခဲ့တာ ၊ အဆင်ချောတာပေါ့ ၊ ကျွန်တော် မရှိတော့ တောင်းခွံ ၊ အိတ်ခွံ ၊ ကုန်တင်ကုန်ချက အစ အဆင်မပြေတော့ဘူး ၊ ကုန်သည်တွေက ချွတ်ယွင်းမှုတွေကြောင့် တခြားပွဲရုံ ရွှေ့ရတော့မှာလား မေးတယ် ၊ အဲဒီ ပွဲရုံမှာပဲ ဆက်ချကြပါ ၊ လုံးဝ အဆင်မပြေတဲ့အဆုံး ကျွန်တော် ရှိတယ်လို့ ပြောလိုက်တယ် ၊ သူတို့က ကျွန်တော့်ကို တစ်ခုခုတော့ လုပ်ပါဦး ပြောကြတယ် ”

“ ဘဝ အလှည့်အပြောင်းပေါ့ ”

“ ကိုထွန်းမင်း ဆိုတဲ့ ပွဲစားက သူ့ပွဲရုံဘေးမှာ နေရာရှိတယ်လို့ ခေါ် တယ် ၊ တစ်လလောက် ထွက်တယ် ၊ ပွဲစားနဲ့ အဆင်ပြေပေမယ့် အလုပ်သမားတွေက အမြင်စောင်းတာနဲ့ ကိုင်းတန်းဈေးထဲမှာပဲ နေရာလေး ငှားလိုက်တယ် ၊ ခြောက်လ သုံးသောင်းနှုန်း ”

“ ကိုယ်ပိုင်ပွဲရုံ အစပေါ့ ”

“ ငှားပြီး ထွက်တာ နှစ်လလောက်လည်း နေရော ကိုင်းတန်းဈေးကြီး ဖျက်ချလိုက်လို့ ကိုယ် တင်ထားတဲ့ ငွေလည်း ဆုံးရော ”

သူ့ဘဝအစကို ကိုဆုဝင်းက ရယ်မောပါတယ် ။

“ ဒါနဲ့ ကိုင်းတန်းဈေးနား ၂၉ လမ်းနဲ့ ၈၆ လမ်းထောင့် ကင်းတဲလေး ရှေ့မှာ ကင်းသမားတွေနဲ့ နားလည်မှု ယူပြီး ကတ္တားတစ်လုံး ချပြီး ပွဲရုံ စဖွင့်တယ် ၊ တစ်လ ၁၅ဝဝ ပေးရတယ် ”

“ အဆက်အသွယ်တွေ ရှိလား ”

“ ကိုစိန်အောင် ၊ မစန်းရီ ပွဲရုံမှာ ချနေကတည်းက ကုန်တွေက ကျွန်တော်တို့ လက်ပေါ် လုပ်ခဲ့ရတာ ၊ ကုန်သည်တွေ ၊ ဈေးဝယ်တွေက ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား ၊ ကျွန်တော်တို့ကို သနားတယ် ၊ ကျွန်တော် လုပ်မယ်ဆိုတာနဲ့ ကုန်ခွဲချပေး တယ် ၊ မတ္တရာနယ် ၊ ပုသိမ်ကြီးနယ်က ခဝဲသီး ၊ ခရမ်းသီးတွေ စဝင်တယ် ”

“ ဘယ်နှခုနှစ်လောက်လဲ ”

“ ခုနှစ်တော့ မမှတ်မိတော့ဘူး ၊ ၁၇ နှစ်သားမှာ မန္တလေး တက်လာတယ် ၊ ၁၃ နှစ်လောက် လုပ်ပြီးနောက် ကိုယ်ပိုင် စတာပဲ ”

“ ကုန်သည်ရဲ့ ပစ္စည်းကို ရောင်းပေးဖို့ ဝယ်သူနဲ့ ချိတ်ပေးရတာလား ”

“ ကုန်သည်က ကုန်ချပေးခဲ့တယ် ၊ ကုန်ချတာနဲ့ ဝယ်ချင်တဲ့ ဈေးပေါ်က ဖောက်သည်တွေ ၊ လက်လီဝယ်မယ့် သူတွေက လာဝယ်တာ ၊ မနက် နှစ်ချက်ထိုး ( ၂းဝဝ နာရီ ) ဆို ဝယ်မယ့်သူတွေ လာပြီ ၊ ပေါက်ဈေးနဲ့ ရောင်းပေးပြီး ကျွန်တော်တို့က ငွေတစ်ကျပ် ၁ဝ ပြားစား ပွဲခ နုတ်ယူလိုက်ရတာပဲ ”

“ ကင်းတဲဘေးကနေ အမိုးအကာအောက် ဘယ်လို ပြောင်းသလဲ ”

“ ကင်းတဲဘေးမှာ မိုးရွာ အစို ၊ နေပူ အခြောက် ရောင်းနေတာ တစ်နှစ်လောက် ကြာတော့ အဲဒီနားက ၂၉ လမ်း - ၈၆ လမ်းထောင့် ဒေါ်ငွေတင့် ဆန်ပွဲရုံ တိုက်စောင်းလေးမှာ တစ်လ ၁၀,၀၀၀ ပေးငှားနေတာ ၊ သုံးနှစ်လောက် ကြာတယ် ”

“ နောက်ကျ ဘယ်ထပ်ပြောင်းလဲ ”

“ ၂၉ လမ်း ၊ ၈၆ - ၈၇ လမ်းကြားမှာ ဒေါ်မြမြခိုင် အိမ်ရှေ့ကို ပြောင်းဖွင့်တယ် ၊ အောင်ဇမ္ဗူကျော်ပွဲရုံလို့ နာမည်ပေးတယ် ”

“ ဒေါ်မြမြခိုင် အိမ်ရှေ့မှာ ဘယ်လောက် ကြာလဲ ”

“ ရှစ်နှစ် ၊ ကိုးနှစ် ကြာတယ် ၊ တစ်လ သုံးသောင်းကနေ တစ်လ လေးသိန်း အထိ နေခဲ့တာ ၊ ဈေးသည်တွေ အကုန်မောင်းထုတ်မှ ကျွန်တော် အဆင်သင့် ဝယ်ထားပြီးသား ဖြစ်တဲ့ သီရိမာလာဈေးကို ပြောင်းခဲ့တော့တာ ”

“ အခုလို အခြေအနေမျိုးကို ရောက်လာတာရဲ့ အဓိကက ဘာကြောင့်လဲ ”

“ သူများပွဲရုံက အလုပ်သမားဘဝမှာ အလုပ်ကို မခိုမကတ်ဘဲ အလုပ်ကို စေတနာ ၊ မေတ္တာထားပြီး လုပ်ခဲ့လို့ ကုန်သည်ရော ဈေးဝယ်ရောက ခင်မင်ရင်းနှီးကြတယ် ၊ ကျွန်တော့်မှာ ငွေအရင်းအနှီး မရှိပေမယ့် အပေါင်းအသင်း ခင်မင်ရင်းနှီးမှုနဲ့ ဘဝကို စခဲ့ရတာပဲ ”

“ တိုးတက်လာဖို့ ဆိုရင် ... ”

“ မခံချင်စိတ် ထားပြီး ကြိုးစားဖို့ လိုတယ် ”

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

No comments:

Post a Comment