❝ ကြွားလို့ဖြစ်တာ ❞
( ပီမိုးနင်း )
မောင်ထိုက်သည် ရွာပေါ်တွင် ချစ်သူ အနည်းဆုံးသော မောင်ထိုက် ဖြစ်၏ ။ ချစ်ပါ့မလား အကြွားက လွန်စွာသန်တာကိုး ။ ၎င်း၏ အလုပ်မှာ နှုတ်အလုပ် ဖြစ်ရာ ၎င်း၏ ကျယ်သော အသံကို လူစုစု ဟူသမျှမှာ ကြားရ၏ ။ အလှူ ၊ မသာ ၊ သုဘ ၊ အသုဘ ဟူသမျှမှာလည်း မောင်ထိုက်သည် ထိပ်တန်းမှာ ထိုင်၏ ။ အသက်မှာ အစိတ်မျှ ရှိသော်လည်း လူကြီးဝိုင်း ကိုမှ ဝင်လေ့ရှိ၏ ။ စကားအလုပ်မှာလည်း ပွဲစား ၊ ကုန်သည် ၊ ဆန်သမားမျိုး နှင့် မဆိုင်သောစကားအလုပ် ဖြစ်၏ ။ ကြွား၍ နေသော စကားအလုပ်မျှ ဖြစ်လေ၏ ။
ရန်ကုန်မြို့၌ ဝေးသော ဆွေမျိုး တစ်ယောက် ရှိသဖြင့် ၎င်းဆွေမျိုး၏ အိမ်၌ သုံးလေးလလောက် နေခဲ့ဖူး ၏ ။ ထိုဆွေမျိုးမှာလည်း ကပြားများသော ရပ်ကွက်မှာ နေသောကြောင့် များစွာသော ကလေးများမှာ အင်္ဂလိပ်စကား ၊ ကု,လားစကားများကို မွှတ်အောင် ပြောတတ်ကြလေရာ မောင်ထိုက်မှာ ထိုဘာသာစကားများကို ထမင်းစား ရေသောက် အချောင်တတ်ခဲ့လေရာ ဂါတ်ဌာနမျှ မရှိသော ရွာသိမ်ရွာငယ် သုံးထောင့်ကန်ရွာသို့ ပြန်၍ ရောက်သောအခါ ရွာသား ဟူသမျှ သူကြီးနှင့် ဆယ်အိမ်ခေါင်းမှ စ၍ တစ်ယောက်မျှ မိမိ ပေါင်းသင်းလောက်သောသူဟု မထင် ။ ရန်ကုန်မြို့၌ မြင်ခဲ့ရသော မိမိနှင့် တစ်စုံတစ်ရာ မသက်ဆိုင်သော အခြေအနေတို့ကို ထင်မြင်ကာ ထိုအကြောင်းအရာများကို ပြောကာ ကြွားရခြင်းဖြင့် ဇိမ်ယူ၍ နေလေ၏ ။
ရှပ်အင်္ကျီနှစ်ထည် ရန်ကုန်မှ ရခဲ့သော ပလေကပ် လုံချည်နှစ်ထည်နှင့် မိမိကိုယ်ကို ရွာသူရွာသား အလုပ်ကြမ်းသမားများနှင့် မတူအောင် သန့်ရှင်းသပ်ရပ်စွာ နေ၏ ။ ရွာသူရွာသားများမှာ ဖိနပ်ကို စီးလေ့ မရှိသဖြင့် ဖနောင့်ထူ၍ နေကြ၏ ။ မောင်ထိုက်သည်ကား ထိုကဲ့သို့ မနေ ရန်ကုန်မှ ရခဲ့သော လေယာဉ်ပျံဖိနပ်ကို အိမ်ခေါင်းရင်းအထိ စီး၏ ။
မောင်ထိုက်သည် ရှေးကလည်း ကြွား၏ ၊ ယခုကား ရန်ကုန်ပြန် လာသောကြောင့် ပို၍ ကြွား၏ ။ ကြွားအား ကြီးသဖြင့် အများမှာ နားခါးကြသော်လည်း မောင်ထိုက်မှာ ရန်ကုန်ပြန်မို့ ဗဟုသုတလည်းများ ၊ လေမိုး ကလည်း သန်သန်မို့ မောင်ထိုက်ကို အဝေးက မြင်လျှင် မြင်ချင်း နီးရာအိမ်ကို ဝင်ကာ နောက်ဖေးချောင် စပါးပုတ် ၊ အိမ်သာများမှာ ပုန်းအောင်းကြရလေ၏ ။ မပြေးသာက မမြင်ဟန် ဆောင်၍ နေကြရ၏ ။
ရှေးအခါက ကြွားသာ လယ်စားရင်းငှား ၊ အလုပ်ကို လုပ်၍ အခြားစာရင်းငှားများကလည်း ၎င်းအား အကြွားကြောင့် မုန်းကြလေ၏ ။ ယခုမူကား စာရင်းငှားသော်မှ မလုပ်နိုင်အောင် ကြွား၍ နေသဖြင့် မိခင်မုဆိုးမကြီးမှာ အမြဲ ပူပင်၍ နေရလေ၏ ။ မိုးသံလေသံ ကြားလေလေ အမယ်ကြီး စိတ်ပူလေလေ ၊ ထွန်တုံးထွန်သွား ပြင်သူများကို မြင်ရလေလေ အမယ်ကြီး ဒေါင်ချာလယ် လေလေ မောင်ထိုက်မှာကား တစ်အိမ် တက်ဆင်း ကြွားရသဖြင့် မအားမလပ် ဆယ်အိမ်ခေါင်း ကိုရွှေကြိုး ကမူကား ဒီအကောင် ရူးတော့မယ် ဟူ၍သာ ပြော၍နေလေ၏ ။
“ ဟဲ့ ... ဖိုးထိုက် ၊ မိုးများလည်း နီးပြီ ၊ အရင်နှစ်က ခြောက်ဆယ် ရလို့တောင် ရွာက မယ်ငုံ့ အရီးကတောင် မယ်ငုံနဲ့ လာစပ်ရတယ် မဟုတ်လား ၊ အလုပ်ကောင်းတယ် ဆိုတဲ့ သတင်းဟာ ဘယ်လောက်ကြီးသလဲဆိုတာ နင် အသိသား ”
“ အောင်မယ် ... အမေရယ် ၊ မယ်ငုံ လို ဟာမျိုးနှင့် ကျွန်တော့်ကို လာစပ်တာ အခုမှ တွေးပြီး အသည်းနာတယ် ။ တော်ပါ အမေရယ် ၊ ကျွန်တော် ရွှံ့ထဲ အရင်က ဆင်းဖူးလို့ အမေက အမြဲ ဆင်းနေရမယ်လို့ ထင်နေသလား ။ ဟိုတုန်းက ခြောက်ဆယ် ရတာဟာ မိုးရော နွေရော နွားလို လုပ်ရတာပါ ။ ဟိုတုန်းက ခြောက်ဆယ် ငွေကို ကြီးကျယ်တယ် ထင်မိလို့ လုပ်တာပါ ။ ရန်ကုန်က ဦးကြီးအောင်တို့များ စကားသုံးလုံး ပြောရတယ် ။ တစ်ရာ ဆိုလည်း ပက်ခနဲ ၊ နှစ်ရာဆိုလည်း ပက်ခနဲ ။ ကျွန်တော် ပြန်လာတော့ ဆယ်သိန်းဖိုး အလုပ်ကြီးကို လက်ခံထားတယ် ။ စက်တစ်လုံး အရောင်းအဝယ်လုပ်ဖို့ ကု,လားသူဌေးက ကိုးသိန်း တောင် လာပေးတယ် ။ ငွေကလေး တစ်သိန်း ကွာတာ ။ ငွေတစ်သိန်း မဖြစ်လောက်ပေမယ့် ကျွန်တော်က မခံချင်လို့ တမင် အတင်း ခိုင်းထားတာ ၊ ဘာမဆို ကျွန်တော့်ကို တိုင်ပင်လာတာ ”
“ ဟိုက ဦးကြီးအောင် ဟဲ့ ၊ အစွန်အဖျား တော်ကာ စပ်ကာရယ် ၊ နင့်ကို ကျွန်လုပ်ဖို့ ခေါ်သွားတာ ။ ငါက ဆွေမျိုးစပ်လို့ သိတာ ။ ရွှေညှာတို့ ဘက်က တော်တာ ။ အဝေးကြီး ၊ သူ သူဌေးဖြစ်တာနဲ့ အမေတို့ မွဲတာနဲ့ ဘာမှ မဆိုင်ဘူး ”
အပါး၌ နားထောင်၍ နေသူများက ပြုံးရယ်ကြလေ၏ ။
“ အမေကလည်း အမေ့ကို ဘယ်သူ စစ်လို့ ဒါတွေ လျှောက်ပြောနေရတာလဲ ။ ဆွေမျိုးဆိုတာ နီးတာဝေးတာ ဘာမှ မဆိုင်ဘူး ။ ခင်တာမင်တာ ပဓာန ။ ကလေးတွေက ကျွန်တော့် လက်ပေါ်က မဆင်းဘူး ။ အဒေါ်လေး ကလည်း ကျွန်တော် လမ်းထွက်ရင် ကားတိုက်မှာ စိုးရိမ်လွန်းလို့ ပြောရတာ အမော ”
“ အေး ... ဒါ နင့်ကို ကျွန် မလုပ်ရမှာ စိုးလို့ ၊ နို့ ဘာလို့ ပြန်လာသေးသလဲ ”
“ အမေ့ကို လွမ်းလို့ ၊ ကျွန်တော် ရန်ကုန်ပြန်မယ် ၊ မိုးတွင်း အတွက် မပူနဲ့ ၊ အမေ့ဆီကို ငွေတွေ ဖွေးခနဲ ဖွေးခနဲ ရောက်ရင် ပြီးရော မဟုတ်လား ”
နားထောင်သူ တစ်ယောက်က အခြား အဖော်တစ်ယောက်အား
“ လာပါကွယ် ၊ နားကြားပြင်းကပ်တယ် ။ သွားစို့ ”
ဟု ပြောပြီး ထ၍ သွားလေ၏ ။
“ နင့်ကို ဘယ်သူက ပေးလို့ ဖွေးခနဲ ငွေတွေ ရမှာလဲ ။ နင် ရန်ကုန် သွားလို့ ဘာအလုပ် ရမှာလဲ ။ ဘာပညာများ တတ်လို့လဲ ။ ဒီမှာ ဆိုရင် ကိုယ် တတ်တဲ့ စာရင်းငှားပညာကို သုံးနိုင်လို့ လေးငါးဆယ် ရဦးမယ် ။ အခု ငါတို့ သားအမိ နှစ်ယောက်တည်းမို့ တိုးတိုး ပြောမယ် ။ လူတွေက နင် ကြွားလွန်းလို့ ကဲ့ရဲ့လှပြီ ။ အမေတို့ သားအမိ တောင်းစားရတာကို မြင်ချင်လှကြပြီ ။ ဟိုဘက်က မျက်ကန်းမိအိုး ကတောင် တစ်နေ့က သူ့ထန်းပလက်တဲဝမှာ ရပ်ပြီး ဒေါ်သုန် မိုးနီးလာလို့ စိတ်ပူနေသလားတဲ့ ။ မပူပါနဲ့တဲ့... တစ်အိမ် တစ်ဆုပ် ပေးရင် ထမင်းတော့ စားရမှာပဲတဲ့ ။ ကိုင်း ... ဘယ့်နှယ်ရှိစ ”
“ ဒီလိုပဲ လှောင်ကြသလား ”
“ လှောင်တာပေါ့ ၊ နင်က အရမ်း ကြွားတာကိုး ”
“ ကျွန်တော့်ဘာသာ ကျွန်တော် ကြွားတာ ၊ သူတို့ကို ဘာလုပ်လို့လဲ ။ သူတို့မှာ ကြွားစရာ မရှိလို့ မနာလိုတာ ”
“ အောင်မယ် နင့်မှာ မနာလိုစရာ ဘာများ ရှိသလဲပြောစမ်း ”
“ အထင် မသေးအောင် နင် ဘာလုပ်သလဲ အခု ငတ်တော့မယ် ။ နင့်မှာ စကားပြောတာ အပြင် ဘာအစွမ်း ဘာအစများ ပြနိုင်လို့လဲ ။ မင်း အရင်က တစ်မိုးနဲ့ တစ်နွေ ငွေခြောက်ဆယ် ရလို့ မောင်ထိုက်တို့များ ကြွားသာ ကြွားတယ် ၊ တကယ် လုပ်တော့ တကယ်တော်ပါကလား ဆိုတာ ဟိုးဟိုးကျော်လို့ ”
“ ဟုတ်ကဲ့ မယ်ငုံ့ အရီးကတောင် ဟဲဟဲ ... ”
ဟု ပြောပြီး မောင်ထိုက်သည် အိမ်ပေါ်မှ ဆင်း၍ ရွာပြင်သို့ ထွက်ကာ တောင်ပို့ တစ်ခုပေါ်မှာ ထိုင်လျက် အနောက်စူးစူး တိမ်တွေ မြူး၍နေသော ကဆုန်လ ကောင်းကင်ကို ကြည့်၍ နေလေ၏ ။
အမေ ပြောတာလည်း ဟုတ်တာပဲ ။ ရွာသားတွေ ကတော့ အမှန် ကဲ့ရဲ့ကြမှာပဲ ။ ငါကလည်း အကြွား မရပ်နိုင် ။ ခက်တာပဲ ၊ အမေ့နှယ် ကြံကြံစည်စည် ဘယ်လိုများ လုပ်ပြီး ငါ့ကို မွေးလို့ ငါ ကြွားနေပါလိမ့်မလဲကရို ။ ငါ ကြွားလုံးတွေနဲ့ ဆိုရင် စားရင်ငှား လုပ်လို့ ဖြစ်တော့မှ မဟုတ် ။ သာပြီး ကဲ့ရဲ့ကြမှာပဲ ။ မလုပ်ရင်လည်း ငတ်မှာပဲ ။ ရန်ကုန်သွားရင် ကျွန်လုပ်ရမယ် ။ အမေ့ထံ ငွေပြန်လို့ ပေးနိုင်မှာ မဟုတ် ။ ငါ ရန်ကုန်က ပြန်တုန်းက မကြွားဘဲ ခပ်ကုပ်ကုပ်ကလေး နေလိုက်ရရင် အတော်လေသား ။ အခု ကြွားမိလို့ အသက်ရှူ ကျပ်တာပဲ ။ ငါ အကြွားနှင့် ညီအောင် အရှက်ပြေ ဘာကို လုပ်ရပါ့မတုန်း စသည်ဖြင့် တွေ၍ နေခိုက် ဝက်ကြီးခေါ် သူရင်းငှားဘက် တစ်ယောက်မှာ နွားကြိမ်လုံးကလေးကို ကိုင်ကာ အပါးသို့ ရောက်၍လာပြီး
“ ဘာများ စိတ်ကူး ထုတ်နေသလဲ ကိုထိုက်ရဲ့ ”
“ ရန်ကုန်က ဦးကြီးက အမြန်လာဖို့ သံကြိုး ရောက်တယ် ။ အရေးကြီးတဲ့ ကိစ္စတဲ့ ။ ငါ မရှိရင်လည်း ခက်တာပဲ ။ အမေ့ကိုလည်း ထားမပစ်ခဲ့နိုင်ဘူး ။ ဒါကြောင့် .. ” ဟု ပြောကာ စကားမဆုံးမီ ဝက်ကြီးသည် ဟင် .. ဟု ဆိုကာ ခပ်လှမ်းလှမ်း၌ မြင်ရသော နွားကို ခဲနှင့် လိုက်၍ ပစ်ပေါက် လိုက်ကာ ရွာဘက်သို့ မောင်းနှင်၍ သွားလေ၏ ။
မောင်ထိုက်သည်ကား ဆက်ကာ စဉ်းစားပြန်၏ ။ ငါ အကြွားကြောင့် ဒုက္ခများနေမှန်း အသိသားနဲ့ အခု တစ်ခါ ကြွားလိုက်မိပြန်ပြီ ။ အဲဒါမှ သာပြီး ခက်တာပဲ ။ ဒီအကြွား မပျောက်ရင် လောကမှာ ငါ ဘာကိုမှ လုပ်လို့ ဖြစ်တော့ မှာမဟုတ်ဘူး ။ အကြွားကြောင့် အဆွေခင်ပွန်းကောင်းလည်း ရမှာ မဟုတ်ဘူး ။ ရန်ကုန်က ပြန်လာရတာလည်း ကြွားလွန်းလို့ ။ အဒေါ်လေးက မုန်းပြီး နှင်လိုက်တာ ။ ဒီအကြွားဟာ တော်တော် ဆိုးပါကလား ။ ငါကလည်း မကြွား မနေနိုင်အောင် ဘယ်လိုများ လုပ်ရပါ့ မတုန်း ။ ကြွားနေသမျှ ငါ လူဖြစ်မှာ မဟုတ် ။ လူမဖြစ်ရင် ငါ ကြွားလုံးနဲ့ ငါ့အနေ မကိုက်ညီ ၊ အကြွားတွေ မပေါ်ရုံ ရှိမှာပဲ ကြွားရင်လည်း ကြွားသလို ဖြစ်အောင် လုပ်မှ ကိုက်မှာဟု ပြောပြီး တောင်ဘက်ကို ကြည့်လိုက်ရာ ဆီးပင်တွေ ဖုံးလုခမန်း ဖြစ်၍ နေသော ဘုရားငုတ်တို တစ်ခုကို မြင်ရလေသည် ။ ထိုဘုရားငုတ်တိုမှာ ရောင်ခြည်တော် လွှတ်၍ ပြီးသည်မှာ မကြာသေးသဖြင့် ပြုပြင်ရန်အတွက် လူသုံးယောက်သည် ဆီးပင် ၊ ညောင်ပင်များကို ရှင်းလင်း သုတ်သင်နေ၍ နေလေ၏ ။ ထိုဘုရားကို မြင်ရသော အခါ အကြံတစ်ခု ပေါ်လေ၏ ။
ထိုညဉ့် လူခြေတိတ်မှာ မောင်ထိုက်သည် ထို တန်ခိုးကြီးဘုရားသို့ တစ်ယောက်တည်း လာပြီးလျှင် ငါးပါး သီလခံ ယူကာ
“ အရှင်ဘုရား ၊ ဒီတစ်သက်မှာ အကြွား ဟူသမျှကို ပါနုပေတံ လှူဒါန်းပါပြီဘုရား ၊ ဘုရားတပည့်တော် နောက်တစ်ခါ ကြွားလျှင် သေပြီး အဝီစိငရဲကျပါစေ ဘုရား ” ဟု ဆိုလေ၏ ။
ထို့နောက် မိမိ၏ အကြွားနှင့် ညီစွာ တစ်ခုခု ဖြစ်မြောက်အောင် လုပ်မှ တော်မည် ။ ငါ ရန်ကုန်ကို သွားမယ် ။ ရန်ကုန်ကို ရောက်ရင် ဘာမဆို လုပ်ပြီး ရသမျှ ပိုက်ဆံကို စုမယ် ။ အရင်း ရလျှင် ရသောအရင်းနှင့် သင့်တော်သော အလုပ်ကို လုပ်မည်ဟု အကြံပြုလေ၏ ။ မောင်ထိုက်သည် ပျောက်ချင်းမလှ ပျောက်၍ သွားရာ အဖော်များသည် တနင်္ဂနွေ တစ်ပတ်လောက် စောင့်စားရှာ ဖွေသော်လည်း မတွေ့သဖြင့် မောင်ထိုက် တစ်ခုခု ဖြစ်ပလား ၊ သေပလား ၊ ကြွားတာနဲ့ ရန်ကုန်သားတွေက မုန်းပြီး တစ်ခုခု လုပ်လေသလား စသည်ဖြင့် တွေးတော ပူပင်ကြသောကြောင့် မောင်ထိုက် ပျောက်သွားကြောင်း ဂါတ်ကို တိုင်ပြီး ခရီးဆက်ကာ မန္တလေးသို့ သွားကြလေတော့သတည်း ။
မောင်ထိုက် သည်ကား သင်္ဘောကူလီ အလုပ်ကို ရသဖြင့် ကူလီများ အထဲတွင် အပေါင်းအသင်းများ တွေ့ပြီး ပျော်ရွှင်စွာ နေလေတော့သတည်း ။
မောင်ထိုက်မှာ လူကြွား ဖြစ်ရာ အပြောအဆို ရဲတင်းသွက်လက်သူဖြစ်သဖြင့် အကြွားကို ဘုရားအား လှူလိုက်သောအခါ အစွမ်းသတ္တိသာ ကျန်ရစ်တော့သည် ဖြစ်ရာ ကူလီ အလုပ်မှာ နှုတ်စလျှာစ အစွမ်းဖြင့် မြူနီစီပယ် လူကြီးတစ်ယောက်၏ အိမ်၌ အဆောင်တစ်ခုကို တိုးချဲ့၍ လုပ်သော လက်သမားများနှင့် အကြောင်းသင့်အောင် လုပ်ပြီး ၎င်းတို့၏ အလုပ် ကူညီ လုပ်ကိုင်၍ ပေးရာမှ များစွာ အသုံးဝင်သဖြင့် လက်သမားများက ထမင်း ကျွေးလေ၏ ။ သို့လုပ်ရာ၌ မြူနီစီပယ်လူကြီးကတော်၏ သဒ္ဒါလန်အောင် အရုပ်ဆိုးသော သားအထွေးကလေးကို အားလပ်သည့်အခါ ချီလား နမ်းလား လုပ်လေ၏ ။ ကလေးက မောင်ထိုက်ကို ခင်၍ နေလေ၏ ။ မောင်ထိုက် ကလည်း ထူ ၊ ထိုင်း ၊ နုံ ၊ အသော ကလေးကလေး၏ ဂုဏ်ထူးထွေကို မိခင် ရှေ့၌ ချီးမွမ်းလေ၏ ။ ထိုနည်းဖြင့် လူကြီးကတော်သည် မောင်ထိုက် အပေါ် ကြည်ညိုသဒ္ဓါ ခင်မင်စိတ်များ ပေါ်လာလေ၏ ။ ထိုအခါ ကူလီခေါင်း ဖြစ်ဖို့ အရေးသည် အဘယ်မှာ ခက်ခဲပါတော့မည်နည်း ။ ကူလီခေါင်း လုပ်ရင်း ကု,လားများလို နေ ၊ ကု,လား များလို စားသဖြင့် မယ်တော်ကြီးထံ ငွေများကို လစဉ် ပို့နိုင်လေရာ ရွာ၌ စကားထွက်၍ လာသည်ကား
“ ဒီအကောင် ကြွားမယ်ဆို ကြွားထိုက်တာပဲ ။ တကယ် လုပ်တော့လည်း ဖြစ်တာကိုး ၊ တစ်လ ငါးကျပ် တစ်ဆယ် အမယ်ကြီးဆီ ပို့တာ နည်းတဲ့ငွေလား ”
ဟူသော စကားဖြစ်လေ၏ ။
မောင်ထိုက်သည်ကား ထိုအလုပ်နှင့် အားမရ မကျေနပ်ဘဲ အရောင်းအဝယ် ပွဲစားကုန်သည် အလုပ်များကို ဂရုစိုက် ရှာလေရာ ထိုနှစ် အတွင်းမှာ အိမ်ရာခြေ မြေ ၊ စက် ၊ စာပုံနှိပ်တိုက် ၊ မော်တော်ကား ၊ ဘတ်စ်ကား စသည်များကို တစ်လက်မှ တစ်လက်ပြောင်း ရောင်းဝယ်ပေးခြင်း ၊ လူကြီးလူကောင်းများနှင့် ဆက်မိသဖြင့် ရွှေ ၊ ငွေ စသည်များနှင့် ပတ်သက်၍ ပွဲစား လုပ်ခြင်းဖြင့် အသိမိတ်ဆွေ များပြီး ထင်ပေါ်ကျော်ကြားလာလေတော့ သတည်း ။
တစ်နေ့သ၌ ရွာကလေးမှ သားအမိနှစ်ယောက် မော်တော်ကားနှင့် ရန်ကုန်ကို ပြန်ကြသောအခါ တစ်ရွာလုံး လိုက်၍ ပို့ကြသည့်ပြင် အသက်နှစ်ဆယ်ခန့် စိန်ရွှေ အပြည့်နှင့် ရန်ကုန်သူ ချောချော တစ်ယောက်မှာလည်း မောင်ထိုက်နှင့် အတူ ဖက်၍ ထိုင်လိုက်သွားသည်ကို တွေ့မြင်နိုင်လေတော့သတည်း ။
▢ ပီမိုးနင်း
📖 တိုးတက်ရေး
ဇွန်လ ၊ ၁၉၃၉
No comments:
Post a Comment