Wednesday, April 29, 2026

စကားပွင့်ဝေခဲ့တဲ့ မြေ


❝ စကားပွင့်ဝေခဲ့တဲ့ မြေ ❞
           ( ဆူးငှက် )

တန်ခူးလဝယ် ...
စိတြကြယ် ... ရောင်နီကယ်လျက်
မိုးလည်း စံပျော် ... ထွန်းလာပေါ်က
ကံ့ကော်ရင်ခတ် ... ပင်လုံးညွတ်၍
ပွင့်ဝတ်ဖူးငုံ ... လွမ်းပွဲပုံရှင့် ၊
ကဆုန်ပြိဿ ...
ဆန်းပြန်ကလည်း ... ရွှေလနှင့်သာ
ဝိသာခါလျှင် ... မကွာထံပါး
ယှဉ်ပြိုင်သွား၍ ... စကားငုံစီ
ဖူးခဲ့ပြီရှင့် ။
            ( ရဝေရှင်ထွေး )

သင်္ကြန်ပျော်ပွဲ ဆင်နွှဲပြီးတော့ ကောဇာသက္ကရာဇ် နှစ်ဆန်းဆီ ခြေတစ်လှမ်း ဝင်ပြန်၏ ။ တကယ်တော့ “ မနှစ်က ” ဆိုတာ လျှပ်တစ်ပြက် ၊ မျက်စိတစ်မှိတ်မျှသာ ကြာသည် ဟူလို ။ ဤသို့ဖြင့် ရာသီအလီလီ ကူးခဲ့ချေပြီ ။ ဤသို့ဖြင့် ပန်းပေါင်း တစ်ရာငုံ ၊ ပန်းပေါင်း တစ်ရာဖူး ၊ ပန်းပေါင်း တစ်ရာပွင့် ၊ ပန်းပေါင်း တစ်ရာ ကြွေခဲ့ပြန်သည် ။ ဒါပေမယ့် ရာသီစက်ဝန်းက တစ်နေရာတည်း တစ်ကန့်တည်း ရပ်နေတာ မဟုတ် ။ ကြွေသော ပန်းနေရာမှာ ပန်းပေါင်းတစ်ရာ ငုံ ပြန်ချေ၏ ။ ဤသို့ဖြင့် “ ဖူး ၊ ပွင့် ” သံသရာ လည်ပြန်ဦးမည် ။ သည် ပန်းပေါင်း တစ်ရာကပဲ လောကကို တစ်လှည့်စီ အလှဆင်နေမည် ဖြစ်၏ ။

ပိတောက်က ဝါခနဲထိန် ၊ သရဖီက သင့်ခနဲမွှေး ၊ ကံ့ကော်ရင်ခတ် ဖျပ်ဖျပ်လူးပွင့် ၊ ဟော ... ဟိုတောင်ပေါ်ရိုးမှာတော့ စကားပွင့်တွေ ဝေနေပြန်ပါပေကော ။

သူတော်စင်သည် အရိုးပြိုင်းပြိုင်း စကားပင်တန်း အောက်က မြေလ မ်းတစ်လျှောက် ထိ ၊ သိ ၊ သတိ ဖြင့် လောကကို ဆင်ခြင်ခဲ့ဖူးချေ၏ ။ စကားရွက်စိမ်းဖြိုင်ဖြိုင်မှ စကားပွင့်ဖြူဖြူဝါတွေ ခဲနေအောင်ပွင့် ၊ မြေလမ်းပေါ် တဖွေ့ဖွေ့ ကြွေ ... သည် စကားပွင့်လမ်းမှာပင် သူတော်စင်သည် ဘာဝနာ ကမ္မဌာန်း စီးဖြန်းခဲ့သေး၏ ။ စကားပင်တန်း စောင်းတန်းလေးတစ်လျှောက် သဘာဝ ကျောက်ဆစ်လှေကားထစ်တွေ တစ်ထစ်ပြီး တစ်ထစ် နင်းကာ စကားပွင့်ကြွေ ရနံ့သင်း စေတီရင်ပြင်အတွင်း ချဉ်းနင်း ဝင်ရောက်ပြီး ကျည်ဆံခွံညောင်ရေအိုးကြီး၌ စကားပွင့်တွေ ဝေနေအောင် ထိုးကာ ကန္ဓကုဋီတိုက်တွင်း ဆင်းတုတော်ခြေရင်းတွင် ဝပ်စင်းကာ တောင်းဆု ပြုခဲ့ဖူးချေ၏ ။

ထိုစဉ်က တစ်တောလုံး တစ်တောင်လုံး စကားပွင့်တွေ ဝေ ။ စကားပွင့်တွေ ကြွေ ... ။

အခုတော့ တောင်ပေါ် မြေနီလမ်းကလေးသည် ပြန့်ပြူးညီညာ နိုင်လွန်ကတ္တရာလမ်း ဖြစ်သွားချေပြီ ။ စကားပင်တန်းက အလျှော့ပေး ပျောက်ကွယ်သွားပြီး အရွက်ချွန် အသောက တယ်ပင်တန်းက လမ်းတစ်ဖက်တစ်ချက် မတ်မတ်ရပ်လျက်ရှိ၏ ။ ဟိုတောင်ပေါ် စေတီရင်ပြင်သည် ရောင်စုံမှန်ကူကွက် အီတာလျံ ကျောက်ပြားများဖြင့် ဖိတ်ဖိတ်လက် ။ ရင်ပြင်ပတ်လည်မှာ အင်ဒိုနီးရှား စကားနီတစ်တန်း ၊ ဘုံခုနစ်ဆင့် ပြာသာဒ်ပင်က တစ်တန်း ၊ စနစ်တကျ စိုက်ထား၏ ။

စေတီလေး၏ ဂန္ဓကုဋီတိုက် ထဲမှ ဆင်းတုတော်သည် ရောင်စုံလျှပ်စစ် ပန်းကုံးများဖြင့် သပ္ပာယ်နေသည် ။ ဆင်းတုရှေ့ ထိုင်ဝမ်ကြွေပန်းအိုးကြီးထဲ၌ ပလတ်စတစ် သစ်ခွရောင်စုံတို့ မညှိုးတမ်း ပွင့်နေ၏ ။ ကြွေပန်းအိုးကြီး ဘေးတစ်ဖက် တစ်ချက်၌ ဟောင်ကောင်လုပ် ကြာပန်းမီးဆိုင်းကြီး နှစ်ဆိုင်းက မီးလုံးထွန်းညှိ ရဲမှည့်နေ၏ ။ အခြား ကြွေပန်းအိုး အသီးသီးမှာ တံဆိပ်စုံ အမွှေးတိုင်တို့က အမွှေးနံ့ တလူလူဖြင့် ပူဇော်ပသ နေပြန်သည် ။ ခေတ်စားကျော်ကြားနေသော ရွှေရောင်မှုတ်ဆေးတို့ဖြင့် ပြောင်ဝင်းလက်နေသည့် စေတီတော်ပတ်လည်တွင်လည်း ဖန်မှန်မီးဆိုင်းများဖြင့် တင့်တယ်နေသည် ။

အခုတော့လည်း တစ်တောလုံး တစ်တောင်လုံး ကြွေရိပ် ၊ မှန်ရိပ် ၊ ရွှေရောင်ရိပ်တွေဝေ ... ။

▢  ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် 

No comments:

Post a Comment