Sunday, April 19, 2026

ချွင်ခနဲ တစ်ချက် မျိုးဆက်သစ်တို့ရဲ့ အမှန်


 

❝ ချွင်ခနဲ တစ်ချက် မျိုးဆက်သစ်တို့ရဲ့ အမှန် ❞
( ထွန်းတောက်ထွဋ် - သင်္ချာ )

▢ ချွင်ခနဲ တစ်ချက် ...

‘ ချွင် ’

ချွင်ခနဲ ထွက်ပေါ်လာတဲ့ အသံနဲ့ အတူ မက်ဆင်ဂျာ ထဲက စာသားတချို့ကို မြင်လိုက်ရတဲ့ အခါမှာတော့ ဟန်မဆောင်နိုင်တဲ့ အထိ ပျော်ရွှင်သွားခဲ့ရတာ သေချာပါတယ် ။

‘ မ ကျွန်တော်နဲ့ တွေ့ချင် စကားပြောချင်တယ် ဆိုရင် မနက်ဖြန် ဆယ်နာရီလောက် မဟာဗန္ဓုလ ပန်းခြံထဲ လာခဲ့လေ ။ ကျွန်တော် စောင့်နေမယ် ’

အပြင်မှာ တစ်ခါမှ မတွေ့ဖူး ကြပါဘဲ ၊ ဖေ့စ်ဘွတ်ခ် ထဲမှာတောင် ရည်းစား မဖြစ်ကြသေးဘဲနဲ့ အသက် သုံးဆယ်ကျော်စ အမျိုးသား တစ်ယောက်ရဲ့စကားကို သူ့ထက် လေးနှစ်လောက် ကြီးတဲ့ ချောချောလှလှ အပျိုကြီးမမ တစ်ယောက်က ‘ စိတ်ချ လာခဲ့မယ် ’ လို့ ပြန်ဖြေလိုက်မိခြင်းဟာ ‘ ဖေ့စ်ဘွတ်ခ်နတ် ’ ဝင်သွားပြီ ဆိုတဲ့ သဘောများလား ။ ရည်းစားနဲ့ နှစ်ခါလောက် ကွဲထားဖူးတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ပင်ကို စိတ်အခံကြောင့်များလား ။ နှစ်နဲ့ချီပြီး လစ်ဟာနေတဲ့ နှလုံးသား လိုအင်ဆန္ဒ အတွက် ထွက်ပေါက် တစ်ခုများလား ။ သေချာတာ ကတော့ မက်စင်ဂျာ ကနေပြီး ညစဉ် စကားပြောကြရင်း ကျွန်မ ဘက်က မောင့်ကို တစ်ဖက်သတ်ကြီး ချစ်နေမိပြီ ဆိုတာ မှန်သော စကားပါလေ ။

••••• ••••• •••••

၁ ။

ပေါင်ရင်းအထိ ခပ်ကျပ်ကျပ် အောက်ခံဘောင်းဘီ အနက်ကလေးနဲ့ အပေါ်ပိုင်း ဗလာကျင်း ရေကူးကန်ပေါင်ပေါ် လက်နှစ်ဖက် ထောက် ၊ ညာခြေဖျား တစ်ဖက် တင်ပြီး လှမ်းတက်နေတဲ့ ပုံဟန်ဟာ သားကောင်ကို မြင်လို့ ခုန်အုပ်တော့မယ့် ကျားတစ်ကောင်ရဲ့ ဟန်ပန် အတိုင်းမို့ အမြင်ရိုင်းတယ် မဆိုသာပါဘူး ။ ကျစ်လျစ် ၊ သန်မာ ၊ တောင့်တင်းတဲ့ လက်မောင်းနှစ်ဖက်တင်မက အမွေးအမှင် သိပ်မထူတဲ့ ရင်အုပ် ၊ လက်ဖျံ ၊ သလုံးသားတွေ ပေါ်မှာ လှပစွာ ထိုးထားတဲ့ တက်တူးရောင်စုံတွေက အချိုးအစား ကျနလွန်းတဲ့ မောင့်ရဲ့ခန္ဓာကိုယ်နဲ့ အပ်စပ် ကြည့်ကောင်း နေတာလည်း အမှန်ပါပဲ ။ ရုပ်ရှင်မင်းသား ကျော်ရဲအောင် ငယ်ငယ်က လိုလို ရုပ်ခံနဲ့ ရီဝေဝေ အကြည့်တွေက တော်ရုံ မိန်းမသား ပစ်လဲကျလောက်တဲ့ ပရိုဖိုင် ပုံမျိုးပါ ။

ရိုက်ကွင်းက ပုံတချို့ တင်လေ့ ရှိသလို နယ်ခရီး ထွက်တာပဲ ဖြစ်ဖြစ် ၊ နိုင်ငံခြား ခရီးသွားတာပဲ ဖြစ်ဖြစ် ရောက်ရာ အရပ်က သူ့ဓာတ်ပုံကလေးတွေ ဖေ့စ်ဘွတ်ခ်ပေါ် တင်တာက လွဲပြီး သူ့ကို ပိုးကြေးပန်းကြေးနဲ့ ဝင်ပြောလာတဲ့ ကောင်မလေးတွေရဲ့ ကွန့်မန့်အောက်မှာ အနှောင့်အသွား မလွတ်တဲ့ စကားတွေနဲ့ ပြန် မဖြေတတ်ခဲ့တာလည်း ကျွန်မ မောင့်ကို သဘောကျရတဲ့ အချက်တွေထဲက တစ်ချက်လို့ ပြောရင် ရပါတယ် ။ ဘာပဲဖြစ်ဖြစ် ဘန်ကောက်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ မြင်ပြီး မောင့်ကို အထင်ကြီးစိတ်နဲ့ သဘောကျခဲ့တာလား ၊ စမတ်ကျကျ ဝတ်စားတတ်တဲ့ မင်းသားပုံ ပေါက်နေတဲ့ မောင့်ရဲ့ စတိုင်ကို နှစ်သက်ခဲ့တာလား ၊ ပရိုဖိုင် ပုံထဲက ယောက်ျားပီသတဲ့ ခန္ဓာကိုယ် အချိုးအဆစ်ကို မြင်ပြီး စိတ်ဝင်စားခဲ့တာလား မပြောတတ်ပါဘူး ။ ကျွန်မ ပြောတတ်တာ တစ်ခုကတော့ မောင့်ကို တစ်ဖက်သတ် ချစ်မိနေတဲ့ ကျွန်မ မောင်ချိန်းထားတဲ့ မဟာဗန္ဓုလပန်းခြံထဲ ရောက်မှ မိန်းမဈေးကျနေမှန်း သဘောပေါက်ခဲ့ရတာမျိုးပါ ။

“ ကျွန်တော် ဘာကောင်မှ မဟုတ်သေးပါဘူး မ , ရယ် ။ ရုပ်ရှင် ၊ ဗီဒီယို ရိုက်တယ် ဆို တာကလည်း မင်းသား သူ ငယ်ချင်း အခန်းက ပါရတာ တစ်ကားနှစ်ကားလောက်ပါ ။ လူကြမ်းအဖြစ် လာငှားကြတာပဲ များပါတယ် ။ အလုပ် ပေါ်ရင် ပေါ်သလို နေ့စားဖြစ်လိုက် ၊ ကားပြတ် တစ်သိန်း လောက် ရလိုက်နဲ့ ဝေလေလေ အဆင့်ပါ မ , ရာ ”

နေ့ခင်းကြောင်တောင်ကြီး အရက်ကလေး ခပ်ထွေထွေနဲ့ မောင် ပြောပြသမျှ မောင့်ရဲ့ ရုပ်ရည် အချိုးအစား နဲ့ ဘယ်လိုမှ မသင့်တော် မအပ်စပ်တဲ့ လူကြမ်းနေရာ ၊ လူစားထိုးနေရာ တွေမှာသာ အများဆုံး သရုပ်ဆောင်ခွင့် ရတဲ့ အကြောင်း ကျွန်မ သိသိချင်း စိတ်မကောင်းဖြစ်ရတာ အမှန်ပါ ။ တကယ်တော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူ တင်လေ့ရှိတဲ့ စတေးတပ် စာသားထဲက သတ်ပုံ မမှန်တဲ့ ဝါကျတွေကြောင့် မောင် သင်ယူထားတဲ့ အတန်းပညာ သိပ်မရှိနိုင်ဘူးလို့ ကျွန်မဘက်က တွေးထင်ခဲ့ပြီးသားပါ ။ ကျွန်မ အထင် ပိုပြီး သေချာသွားတာကတော့ လေးတန်းနဲ့ ကျောင်းထွက်ပြီး လူပျိုပေါက်အရွယ် ကတည်းက ရန်ကုန် ရောက်လာတဲ့ မောင်က အလုပ်အမျိုးစုံ ၊ ဘဝအမျိုးစုံမှာ ကျင်လည်ခဲ့ရပြီး သူ ဝါသနာကြီးလွန်းတဲ့ ရုပ်ရှင် ၊ ဗီဒီယို ရိုက်ကွင်းတွေ မှာတော့ ဒိုင်ယာလော့ခ် ကို စာရွက်နဲ့ မကျက်တတ်ဘဲ ဒါရိုက်တာကိုယ်တိုင် နှုတ်တိုက် ချပေးမှ ပြောဆိုတတ်သူ အဖြစ် မောင်ကိုယ်တိုင် ဝန်ခံခဲ့တာကြောင့်ပါ ။ မောင် အင်မတန် ဖြစ်ချင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့အရေး တတ်ထားသင့်တဲ့ အတန်းပညာနဲ့ ဖတ်ထား သင့်တဲ့ စာပေဗဟုသုတတွေ အလုံအလောက် မရှိတာ မှန် ပေမဲ့ ပင်ကိုဗီဇ အရ ၊ အမြင် အရ ၊ အတွေ့အကြုံ အရ ကျရာ ဇာတ်ရုပ်မှာ ပီပြင်သူ တစ်ယောက် ဆိုတာကိုတော့ မောင် ပြတဲ့ ဇာတ်ကားနမူနာတွေ ကြည့်ပြီး ကျွန်မဘက်က လက်ခံခဲ့ရတာမျိုးပါ ။

ဘာပဲဖြစ်ဖြစ် စာမဖတ် ၊ အတန်းပညာ သိပ်မတတ်ဘဲ ရုပ်ရည်အချိုးအစား ယောက်ျား ပီသလွန်းတဲ့ လူချောတစ်ယောက်ကို ချစ်မိသွားသူက နယ်က လာပြီး အဆောင်မှာ နေတဲ့ ရုံးဝန်ထမ်း ၊ ပညာတတ် တစ်ယောက် ဖြစ်နေလေတော့ မောင့်ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးရင်း ၊ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်အောင် ကူညီရင်း ဘဝတစ်သက်စာ အတွက် လက်တွဲဖော် အဖြစ် စိတ်ကူးယဉ်ခဲ့မိသူက ကျွန်မ ရယ်ပါလေ ။

••••• ••••• •••••

၂ ။

ချစ်တီးကု,လားတွေရဲ့ အတိုးဒဏ် ၊ အင်္ဂလိပ်အစိုးရရဲ့ လယ်ခွန် ၊ လူခွန်ဒဏ်နဲ့ အရင်းရှင်တွေရဲ့ ခေါင်းပုံဖြတ်မှုဒဏ်ကို ခံစားနေရတဲ့ မြန်မာလယ်သမားတွေဟာ အကြွေးနွံထဲ နစ်ခဲ့ကြတာ သေချာပါတယ် ။ အဲဒီ ပြဿနာတွေနဲ့ မရှေးမနှောင်းမှာပဲ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် စပါးဈေး ထိုးကျသွားတဲ့ အခါမှာတော့ လယ်သမားတွေဟာ လယ်ယာမြေတွေ ပေါင်နှံ ရောင်းချပြီး အကြွေးဆပ်ကြရတာပါပဲ ။ ဒီကြားထဲ အရင်းရှင်တွေက အိန္ဒိယက နေပြီး စျေးပေါတဲ့ လယ်ကူလီတွေကို ခေါ်သွင်းလာပြန်တဲ့အတွက် လယ်မဲ့ယာမဲ့ ၊ အလုပ်လက်မဲ့ ဖြစ်လာကြတဲ့ လယ်သမား တွေရဲ့ အပူမီးဟာ အထွေထွေ မကျေနပ်မှုကို စတင်ဖြစ်ပေါ် စေမှာ မလွဲပါဘူး ။ 

ဒီလိုနဲ့ပဲ အင်းအိုင်လက်ဖွဲ့ ၊ ဂါထာ ၊ မန္တရားတွေ နဲ့ တုတ်ပြီး ၊ ဓားပြီး ၊ သေနတ်ပြီး ကိစ္စတွေ စီရင်ပေးခဲ့တဲ့ ခေါင်းဆောင် တစ်ယောက်နဲ့ သူ့ရဲ့ အပေါင်းအပါ တပ် သားတွေဟာ ရရာလက်နက် စွဲကိုင်ပြီး အင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့ကြမှာ သေချာ သလောက်ပါပဲ ။ အင်္ဂလိပ် အစိုးရရဲ့ ရက်ရက်စက်စက် နှိမ်နင်းမှုကြောင့် ခေါင်း ဆောင်ကြီးနဲ့ တခြားခေါင်း ဆောင်တွေ ကြိုးပေး ၊ ကွပ်မျက်ခံခဲ့ရတယ် ဆိုတဲ့ အဖြစ်က သမိုင်းမှာ အထင်အရှား ရှိခဲ့တဲ့ ဖြစ်ရပ်မှန် တစ်ခုပါလေ ။ ဘာပဲဖြစ်ဖြစ် ကြိုးမိန့် အပေးခံခဲ့ရတဲ့ သူတွေထဲမှာ ပါဝင်ခဲ့ပေမဲ့ အသက်ငယ်ဆုံး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆရာတော်တစ်ပါးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ကြိုးမိန့်က နေပြီး ထောင်ဒဏ်တစ်သက် တစ်ကျွန်း အဖြစ် ပြစ်ဒဏ် လျှော့ပေါ့ ခံစားခဲ့ရသူက မောင့်အဘိုး ဆိုတာ သိလိုက်ရတဲ့ အတွက် ကျွန်မ အံ့ဩ သွားရတာတော့ အမှန်ပါပဲ ။

“ အဘိုးက ကျွန်တော့်ကို အရမ်းချစ်တာ မ , ရ ။ ကျွန်တော် ငယ်ငယ်က ညဘက်တွေဆို အဘိုးကို နင်းနှိပ်ပေးရတယ်လေ ။ အဘိုးက ကျွန်တော် မပျင်းအောင် ဆိုပြီး သူတို့ ငယ်ငယ်က တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းတွေကို ပုံပြင် တစ်ပုဒ်လို ပြောပြခဲ့တာ မ ရဲ့ ”

ဪ ... သူရဲကောင်း တစ်ယောက်ရဲ့ မြေးဟာ မောင်တဲ့လား ။ ခေတ်တွေ အလီလီ ပြောင်းပြီး ထောင် တစ်သက်တစ်ကျွန်းဒဏ်က လွတ် ။ ဂါထာ ၊ မန္တရား ၊ အင်းအိုင် ၊ လက်ဖွဲ့ အတတ်တွေနဲ့ ဆေးကုစားခဲ့ရတာ မောင့် အဘိုးတဲ့လား ။ တိုက်ပွဲဝင် ဓားနဲ့ အင်းပဝါကို အမိန့် တစ်ခုကြောင့် ပြတိုက်ထဲ ပို့ပေးခဲ့ရပြီး မဖြစ်စလောက် ပင်စင်လစာကလေးနဲ့ ခေတ်ကို အန်တုရင်း အသက် ရှစ်ဆယ်ကျော် အထိ နေပြသွားခဲ့ သူဟာ မောင့်အဘိုး ဖြစ်နေတာမျိုးလား ။ တိုက်ပွဲဝင် လက်ကျန် ဓားနှစ်ချောင်းကို ပြတိုက်ထဲ ပို့ခိုင်းမှာ စိုးလို့ အိပ်ရာအောက်ထဲဝှက် ၊ အမှတ်တရထားရင်း သေတဲ့အထိ အဆွေးခံ သွားခဲ့တာ မောင့် အဘိုးတဲ့လား ။ သား ယောက်ျားလေး မမွေးခဲ့ဘဲ သမီးချည်းပဲ သုံးယောက်ရခဲ့ပြီး အငယ်ဆုံး သမီးရဲ့ အငယ်ဆုံးသော သားဟာ အဘိုး အတွက် အားကိုးမျှော်လင့်စရာ လက်ရုံးတစ်ဆူ ဖြစ်စေချင်ခဲ့တာမျိုးလား ။ ဥပဓိရုပ်ခံ ကောင်းသလို အချိုးအဆစ်ပါ ကောင်းလာနိုင်စရာရှိတဲ့ မြေး ဖြစ်သူကို သူ့လို သူရဲကောင်းတစ်ယောက် မဟုတ်တာတောင် ယောက်ျားပီသစေလို စိတ်နဲ့ ငယ်စဉ်ကတည်းက တက်တူးတချို့ ထိုးပေးခဲ့တာဟာ အဘိုးရဲ့ မျှော်လင့်ခြင်း လက်ဆောင် တစ်မျိုးလား ။ အရွယ်ရောက် လူလား မြောက်လာခဲ့စဉ်မှာတော့ ခန္ဓာကိုယ်ပေါ်မှာ တက်တူး အရုပ်တွေနဲ့ ပြည့်နှက်နေတာမျိုးကို သဘောကျလာသူ ဟာ ကျွန်မဘက်က တိတ် တခိုး ချစ်နေမိတဲ့ မောင်တဲ့ လား ။

ဟန်ဆောင်ထိုး ၊ ဟန်ဆောင်ခုတ် ၊ ဟန်ဆောင်ပစ်ခတ် ၊ အော်ဟစ် ၊ ကြိမ်းမောင်း နေရတဲ့ ရုပ်ရှင်ဗီဒီယို ထဲက “ သရုပ်ဆောင် လူကြမ်းတစ်ယောက် ဖြစ်လာနိုင်တယ် ” လို့ မောင့်အဘိုးဘက်က တွေးခဲ့မှာ မဟုတ်သလို မောင် ကိုယ်တိုင်လည်း အဲဒီလို ဖြစ်ချင်မယ်လို့ ကျွန်မ မထင်ပါဘူး ။ မောင် ပြလာတဲ့ မိသားစု ဓာတ်ပုံတချို့နဲ့ မောင့်ရဲ့ ရုပ်ရည်အချိုးအစား ပြင်ပ အသွင်အပြင် အရ ဘမျိုးဘိုးတူ ဆိုတဲ့ စကားဟာ မောင်နဲ့ ကျမှ ကွက်တိမှန်ခဲ့တာမျိုးပါ ။ ဘာပဲဖြစ်ဖြစ် မောင် ကျင်လည်ခဲ့ရတဲ့ ဘ၀နဲ့ ၊ မောင်ကိုယ်တိုင် လက်ရှိ ဖြတ်သန်းနေရတဲ့ ဘဝ အခြေအနေက ခေတ်ကြောင့်ပဲ ပြောပြော ၊ ကံတရားကြောင့်ပဲ ဆိုဆို သူရဲကောင်း တစ်ယောက်ရဲ့ မြေး အနေနဲ့ လားလားမှ မအပ်စပ် နေတာ အမှန်ပါ ။ မောင့်အဘိုး သာ သက်ရှိထင်ရှား ရှိနေဦးမယ် ဆိုရင်တော့ မောင့်ရဲ့ ပကတိ အခြေအနေကို ဘာတွေများ ပြောဦးမလဲ ဆိုပြီး ကျွန်မ သိချင်နေတာတော့ သေချာပါတယ် ။

ဘာပဲပြောပြော အဘိုးက ချစ်တဲ့ ၊ အဘိုးကို ချစ်တဲ့ မြေးတစ်ယောက်ပီပီ သူ့ အဘိုးအကြောင်း ပြောပြနေတဲ့ မောင့်ရဲ့ ရီဝေဝေမျက်ဝန်းတစ်စုံမှာ အရည်ကြည်တွေ တွဲခိုလာတာကြောင့် ကျွန်မလည်း မောင်နဲ့ ထပ်တူ စိတ်မကောင်း ဖြစ်ရင်း နှစ်သိမ့်ပေးရပြန်ပါတယ် ။ စိတ်အလိုဆန္ဒ မပြည့်ဝမှုကြောင့် နှစ်နဲ့ ချီပြီး နစ်မွန်းခဲ့မှာ သေချာတဲ့ အရက်သောက်ခြင်း ကိစ္စကို တော့ အချိန်ယူပြီး တဖြည်း ဖြည်း သိမ်းသွင်းရမယ်လို့ပဲ ကျွန်မ စိတ်ထဲ တေးထားလိုက်ပါတယ် ။ ဒါပေမဲ့ ကျွန်မနဲ့ ဆုံလေ့ရှိတဲ့ နေ့ခင်းကြောင်တောင် အချိန်ကြီးမှာတောင် မူးယစ်ရီဝေနေတဲ့ သူ့အဖြစ်ကြောင့် အရက်နဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ သဘောထား အမှန်ကို မောင် သိအောင် ကြိုတင်ရှင်းပြ ၊ ပြောပြ ၊ နားချ ကြည့်တဲ့ အခါမှာတော့ မောင့် ဘက်က ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ရယ်ကျဲကျဲသာ လုပ်နေခဲ့ပါတယ် ။ နဂို ကတည်းက အထင်ကြီးစိတ် နဲ့ စ , ခဲ့ရတဲ့ အချစ် တစ်ခုဟာ အဖြစ်မှန်တွေ သိပြီး နောက်မှာတော့ သနားစိတ်အဖြစ် ပြောင်းလဲသွားပြန်တယ် ဆိုရင် ကျွန်မ မိုက်မဲသူ တစ်ယောက်လို့ အများက ဆိုကြလေမလား ။ ကျွန်မ လိုချင်တဲ့ အချစ် ၊ မေတ္တာတရားတွေ မောင့်ဆီက ပြန် ရ မရဆိုတာ သိပ်မသေချာပေမဲ့ အသေချာဆုံး ကိစ္စ တစ်ခုကတော့ မောင့် ဘက်က ကျွန်မကို တွယ်တာနေခြင်းဟာ မိခင်တစ်ယောက်လို ၊ အစ်မတစ်ယောက်လို ထက် ပိုမနေခဲ့တာမျိုးပါ ။

ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ ပတ်သက်ပြီး မောင့်ရဲ့ စိတ် ခံစားချက် အမှန်ကို ရိပ်မိလာတဲ့ နောက်ပိုင်းကာလတွေမှာတော့ ကျွန်မ ဆိုတဲ့ မိန်းမတစ်ယောက်ဟာ မောင်နဲ့ ပတ်သက်သမျှ ပေးဆပ်တတ်သူ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါပြီ ။ ဒါပေမဲ့ မောင့်ရဲ့ လက်ရှိ ဘဝ အခြေအနေထက် မဆိုစလောက်ကလေး ပိုသာနေတဲ့ ကျွန်မအတွက် သိပ်ပြီး ခက်ခဲလှတဲ့ ပေးဆပ်မှုမျိုးတွေတော့ မဟုတ်ပါဘူး ။ ဥပမာ မောင့်အတွက် ဖုန်းဘေလ် ငါးထောင်လောက် ထည့်ပေးလိုက်တာမျိုး ၊ မောင် နယ်ခဏ ပြန်ချင်တယ် ဆိုရင် လမ်းစရိတ် သုံးသောင်းလောက် ထုတ်ပေးလိုက်တာမျိုး ၊ မောင့်အတွက် အဆောင် လခငါးသောင်းလောက် စိုက်ပေးလိုက်တာမျိုးက လွဲပြီး မောင့် ဘက်ကလည်း မတန်တဆတွေ အတင်း မပူဆာပါဘူး ။ ကျွန်မ အတပ် ပြောရဲတာ တစ်ခု ကတော့ မောင်ဟာ ယောက်ျားပိုင်းလုံး တစ်ယောက် မဟုတ်သလို သူ့ လိုအပ်ချက်အတွက် မိန်းမ တစ်ယောက်ရဲ့ ကူညီပေးကမ်းမှု မှန်သမျှ ငြင်းဆန်တတ်တဲ့ လူတစ်ယောက်လည်း မဟုတ်ပြန်ပါဘူး ။ အကောင်းစားအဝတ်အထည် ၊ လူ့အသုံးအဆောင် ပစ္စည်းတွေ ဝတ်ဆင် သုံးစွဲတတ်လေ့ရှိတဲ့ မောင် တစ်ယောက် ငွေကြေး အဆင်ပြေခဲ့စဉ်ကာလက ကူညီပေးကမ်းခဲ့ သူတွေ အများကြီး ရှိခဲ့တယ် ဆိုတာတော့ သေချာနေပါတယ်လေ ။

••••• ••••• •••••

▢ ချွင်ခနဲတစ်ချက် မျိုးဆက် သစ်တို့ရဲ့ အမှန်

ပဉ္စမမြောက် မောင်နဲ့ ဆုံဖြစ်ကြတဲ့ အခါမှာတော့ မိုးဦး ကျကာလ ဖြစ်တဲ့ အတွက် မောင့်ရဲ့ လက်ရှိ အလုပ်တွေ အခြေအနေ မကောင်းတဲ့ အကြောင်းနဲ့ သူ့ရွာသူ ခဏ ပြန်နေတော့မယ် ဆိုတဲ့ အကြောင်း ၊ မောင့်မိတ်ဆွေ ၊ အပေါင်းအဖော်တွေ က လည်း အဆောင်လခ အတွက် ပိုက်ဆံချေးပေးဖို့ နေနေသာသာ သူတို့ နေထိုင်ရာမှာ ခဏတာ တည်းခိုစေပြီး ထမင်း တစ်နပ်တောင် ခေါ်မကျွေးချင်ကြတဲ့ အကြောင်း ၊ အဆင် မပြေခြင်း ဓာတ်ပြားဟောင်းတွေနဲ့ပဲ ဆီးကြိုခဲ့တာမျိုးပါ ။

မိန်းမတစ်ယောက် အနေနဲ့ မောင် ချိန်းဆိုတဲ့ မောင် သောက်နေကျ အရက်ဆိုင်ထဲ အထိ ရောက်ခဲ့ပြီ ဆိုတာကတော့ အချစ်က မိန်းမသား တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အနိုင်ပိုင်းသွားပြီ ဆိုတဲ့  သက်သေပါ ။ မောင် သောက်နေကျ ဆိုင်ထဲမှာလည်း မနက် ဆယ်နာရီဝန်းကျင် အချိန်ကြီးမှာတောင် မောင့်လိုပဲ ဟိုမရောက် ၊ ဒီမရောက် အနုပညာသည် အများစု မူးယစ်သောက်စား ပေါက်ကွဲ နေကြတာမျိုးပါ ။

“ မ , ကိုလည်း အပူ မကပ်ချင်ပါဘူး ။ ကျွန်တော် မ , ဆီက ယူခဲ့တာတွေ များပါပြီ ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတဲ့ တစ်နေ့ မ , ကျေးဇူးတွေ ကျွန်တော် ပြန်ဆပ်မှာပါ ။ ဒီ တစ်လနှစ်လအတွင်း ကြိုတင် ယူထားတဲ့ ငွေလည်း မရှိ ၊ ဘာစာချုပ်မှလည်း မရှိတော့ ရွာမှာပဲ ခဏပြန်နေတာ ကောင်းပါတယ် မ , ရယ် ။ လောလောဆယ်တော့ ကျွန်တော် သောက်ထား စားထားတာတွေပဲ မ , ရှင်းပေးပါတော့ ။ ရွာအပြန် လမ်းစရိတ် ကျွန်တော့်မှာ ရှိပါတယ် ”

“ မ , ကို ချစ်တယ် ။ မ , နဲ့ အတူ နေမယ် ။ ဖြစ်လာတဲ့ ဘဝကို နှစ်ယောက် အတူတူ ရင်ဆိုင် ကျော်ဖြတ်ကြတာပေါ့ မ , ရယ် ” ဆိုတဲ့ စကားမျိုး ပြောလာမယ် ဆိုရင်တောင် ကျွန်မ စုဆောင်းထားတာလေးတွေနဲ့ မောင်နဲ့ အတူ ဘဝတစ်ခုကို ထူထောင်ဖို့ စိတ်ကူးမိချင် စိတ်ကူးမိဦးမှာပါ ။ ခုဟာက ကျွန်မ ကြားချင်တဲ့ စကားတွေ တစ်ခွန်းမှ မပြောဘဲ သူ့ လိုအပ်ချက် တချို့ကိုပဲ ပြောလာတာက မောင်နဲ့ ကျွန်မ ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်တော့ဘူး ဆိုတဲ့ သဘော ပြနေတာပါပဲ ။ ဘာပဲဖြစ်ဖြစ် လက်ရှိ အခြေအနေအရ မောင့်မှာ ရည်းစား မရှိဘူး ဆိုတာကို သိနေတဲ့ ကျွန်မက ခေါင်းမာတတ်သူ တစ်ယောက်လေ ။ ကျွန်မ ဖြစ်ချင်တာကို မဖြစ် ဖြစ်အောင် လုပ်လိုက်ရမှ ကျေနပ်သူ တစ်ယောက်လေ ။

“ မောင် မ , ကို ဟောဒီ ရန်ကုန်မြို့ကြီးမှာ ဘယ်လို ထားခဲ့မယ်လို့ စဉ်းစားထားသလဲ ”

ကျွန်မ နှုတ်က ထွက် ပေါ်လာတဲ့ စကားကြောင့် မောင့် ဘက်က ခဏလောက်တော့ တွေခနဲ ဖြစ်သွားခဲ့ပါတယ် ။ ဒါပေမဲ့ ...

“ မ,က မ , အလုပ်နဲ့ မ , နေသားကျနေပြီလေ ။ ရန်ကုန် မှာပဲ အရင်လို ပုံမှန်အတိုင်း ဆက်နေခဲ့ပေါ့ ။ အလုပ်ပိတ်တဲ့ အခါ မ , မိဘတွေ ရှိတဲ့ နယ် ခဏ ပြန်ချင်ပြန်လေ ။ တစ်လ နှစ်လပါပဲ မ ရယ် ၊ မကြာပါဘူး ။ ကျွန်တော် ပြန်လာလို့ အဆင်ပြေတာနဲ့ မ , ကူညီခဲ့တာတွေ ပြန်ဆပ်မှာပါ ”

မောင့် နှုတ်က ထွက်ပေါ်လာတဲ့ ထူးမခြားနား စကားတွေဟာ ကျွန်မရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးသလို ဖြစ်သွားခဲ့ပြီး နောက်မှာတော့ မောင်နဲ့ ကျွန်မ မပတ်သက်တော့ဖို့ ကျွန်မကိုယ် ကျွန်မ သံပတ် တင်း ကြည့်ရပါတယ် ။ တင်းဆို ကျွန်မက မောင့်လိုပဲ ကိုယ့်အတွက် ကိုယ် ကြည့်တတ်သူ တစ်ယောက်ပဲလေ ။ ကိုယ် ဖြစ်ချင်သလို မဖြစ်ရ ဘူးဆိုတာ သေချာနေပြီး နောက်မှာတော့ ဆက်နှစ် နေ လည်း ဘာမှ မထူးတော့တဲ့ ဥစ္စာ ။ ဒါပေမဲ့ ဆန်းကြယ်တဲ့ အချစ်မေတ္တာတရားက ‘ မောင် နဲ့သာ တကယ် ဝေးခဲ့မယ်ဆိုရင် ကျွန်မ ဘက်က ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး ’ ဆိုတဲ့ အသိက စိုးထိတ် ကြေကွဲစိတ်တွေနဲ့အတူ သတိပေး လာခဲ့တာပါပဲ ။ မောင်ဟာ ကျွန်မဘဝ အတွက် ရှာမှ ရှားတဲ့ယောက်ျား တစ်ယောက်ပါ ။ ‘ လွတ်တဲ့ငါး ကြီးတယ် ’ ဆိုတဲ့ စကားဟာ မောင်နဲ့ ကျမှ ကွက်တိမှန် နိုင်တာမျိုးပါ ။ ကျွန်မ ထားခဲ့ဖူးတဲ့ ရည်းစားတွေ ထက် အဆပေါင်းများစွာ သာတဲ့ ရုပ်ရည် ၊ အချိုးအစား ရှိသူဟာ မောင်ဆိုတာ သေချာခဲ့ပြီး နောက်မှာတော့ မိုက်မိုက်မဲမဲ နဲ့ပဲ “ လောလောဆယ် မောင် ပြောတဲ့အတိုင်း နေလိုက်တာ ပဲ ကောင်းပါတယ်လေ ” ဆိုပြီး ဆုံးဖြတ်လိုက်ရပါတယ် ။ မောင်ကတော့ ကျွန်မအတွင်းစိတ်နဲ့ ကျွန်မ တိုက်ပွဲဝင် နေတာကို မသိဘဲ သက်သောင့်သက်သာ ပုံစံမျိုးနဲ့ သန့်စင်ခန်းဘက် ထွက်သွားခဲ့ပါတယ် ။

“ ချွင် ချွင် ချွင် ”

ဘာပဲဖြစ်ဖြစ် ချွင်ခနဲ မြည်သံကြောင့် အတွေးစတွေ ပြတ်တောက်သွားရတဲ့ ကျွန်မ မောင် ချထားတဲ့ ဖုန်းဆီ အာရုံ ရောက်သွားခဲ့ပါတယ် ။ အင်တာနက်လိုင်း ဖွင့်ထားပုံရတဲ့ မောင့် ဖုန်းထဲကနေပြီး တချွင်ချွင် အသံပေးရင်း အဆက်မပြတ် ပို့နေတဲ့ မက်ဆေ့ချ်တွေကြောင့် လူ့ကျင့်ဝတ်ချိုး ဖောက်ပြီး ကောက်ယူဖတ် ကြည့်မိခဲ့တာပါပဲ ။

“ ဟိုညက ညီ လက်ဆောင် ပေးသွားတဲ့ အတွင်းခံ ဘောင်းဘီကို အစ်ကို မဝတ် တတ်ဘူး ဖြစ်နေတယ် ။ ရှေ့ ပိုင်းမှာ လုံပြီး နောက်ပိုင်းမှာ ဟာတာတာ ဖြစ်နေတော့ အဆင်မပြေဘူး ညီရ ။ ပိုဆိုးတာက နောက်ပိုင်းမှာ ဟာလာ အသည်းပုံလိုမျိုး ဟင်းလင်း ဖြစ်နေတာကြောင့်ပဲ ။ ညီ ဝတ်ထားတာတော့ မိုက်ပါတယ်ကွာ ဟားဟား ။ နောင် ဒါမျိုး လက်ဆောင် မပေးပါနဲ့ ညီရ ။ ပေးချင်ရင် ရိုးရိုးပုံစံပဲပေး ။ အိုကေနော် ။ ဒီလထဲ အစ်ကို သင်္ဘော ပြန်တက်ဖြစ်တယ် ညီလေး ။ ပြန်လာမှ ဆုံကြသေးတာပေါ့ ။ ဆီးယူ ”

မက်ဆင်ဂျာ ထဲက ထူးခြားတဲ့ စာသားတွေကို ဖတ်ပြီး ကျွန်မလည်း စဉ်းစားရ ကျပ်စွာနဲ့ မောင့် ဖုန်းကို နေသားတကျ ပြန်ထားလိုက် မိပါတယ် ။ ယောက်ျားလေး တွေ ဝတ်တဲ့ အတွင်းခံ ဘောင်းဘီတွေမှာ ဒါမျိုးပုံစံ ရှိသတဲ့လား ၊ မောင်ကရော သင်္ဘောသား တစ်ယောက်ကိုမှ ဒါမျိုး လက်ဆောင်ပေးသတဲ့လား ၊ မောင် ကိုယ်တိုင်ကော ဒါမျိုးတွေ ဝတ်သတဲ့လား ၊ မောင့် တင်ပါးမှာ တက်တူးထိုးထားလို့ ဒါမျိုးဝတ်တာများလား ။ အဲဒီ တက်တူးကို ဘယ်သူ မြင်စေချင်လို့ ဘုရား ဘုရား ၊ မောင်ဟာ ဘာလဲ ။

“ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်မှောင်ကြုတ် နေတာလဲ ”

“ ဟင် ဟို ဘောင်းဘီ ”

“ ဗျာ ဘောင်းဘီ ”

“ ဟို ဟိုလေ ၊ မောင့်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် ပရိုဖိုင်ပုံ ထဲက မောင် ဝတ်ထားတဲ့ ဘောင်းဘီအတို အနက် ကလေး မောင်နဲ့ လိုက်တဲ့ အကြောင်း တွေးနေတာ ”

“ ဪ … ဟား .. ဟား ... ဟား ၊ ဒါလား မ, ရာ ။ အဲ ဒီ ဓာတ်ပုံက ဘန်ကောက်မှာ ကျွန်တော် အတွင်းခံဘောင်းဘီကြော်ငြာ သွားရိုက်တုန်းက တင်ခဲ့တဲ့ ဓာတ်ပုံ မ , ရဲ့ ”

“ ဟင် ၊ မောင်က အတွင်းခံဘောင်းဘီ ကြော်ငြာလည်း ရိုက်တယ် ”

“ ရိုက်တာပေါ့ မ , ရဲ့ ၊ ဒါအလုပ်ပဲလေ ။ ခေတ်က ပြောင်းလဲနေပြီ ဥစ္စာ ။ တော်ရုံလူ ရိုက်လို့ရတာ မဟုတ်ဘူး မ , ရဲ့ ။ ကျွန်တော့်ဘော်ဒီ အချိုးအစား မိုက်လို့ ၊ အဆက်အသွယ် ကောင်းလို့ ရိုက်ရတာ ။ ဖေ့စ်ဘွတ်ခ်မှာ ခင်ခဲ့တဲ့ ဦးလေးကြီးတစ်ယောက်ရဲ့ ကောင်းမှုပေါ့ မ , ရ ။ သူပဲ အစစအရာရာ စီစဉ်ပေးတာ ။ သူက ထိုင်း ရောက်နေတာ ကြာပြီ မ , ရဲ့ ။ သူ ဒီကို ခဏ ပြန်လာတော့ ကျွန်တော်ပဲ ဘုရားစုံ လိုက်ပို့ ပေးရတာပေါ့ ။ ထိုင်းက လက်ဆောင်တွေ ဝယ်လာတာမှ အများကြီး ။ သူ ပြန်တော့ ကျွန်တော်လည်း သူနဲ့ အတူ ဘန်ကောက် လိုက်သွားခဲ့ပြီး အဲဒီ ကြော်ငြာရိုက်ဖြစ်တာပဲ ။ အဲဒီတုန်းက ဘာအဆင်ပြေသလဲ မမေးနဲ့ ။ ရတဲ့ ဒေါ်လာတွေနဲ့ ဘန်ကောက်မှာ လျှောက်လည် ၊ လျှောက်စား ၊ လျှောက်သောက် ၊ လိုချင်တာ ဝယ်တာပဲ ။ ကုမ္ပဏီက ပေးတဲ့ လက်ဆောင် ဘောင်းဘီတွေ အများကြီး ရခဲ့တာဆိုတော့ ခင်တဲ့ သူတိုင်းကို လက်ဆောင် ပြန်ပေးရတာပေါ့ ။ ခုတော့ အဲဒီ လူကြီးနဲ့ ကျွန်တော် အဆက်အသွယ် ပြတ်သွားကြပါပြီ ။ ဘာပဲဖြစ်ဖြစ် သူ ကျွန်တော့် အပေါ် တော်တော် ကောင်းခဲ့တာ မ , ရဲ့ ။ ဟား ဟား ဟား ဟား ”

အရင်က အကြောင်းတွေ ပြန်ပြောရင်း တွေ့စက ထက် ကြည်လင်လန်းဆန်း သွက်လက် ပျော်ရွှင်နေတဲ့ မောင့်ပုံစံကို ကြည့်ရင်း ကျွန်မလည်း ပါးစပ်ဟ နေမိတာ သေချာပါတယ် ။ ကျွန်မ နေထိုင်ရာ အဆောင် ပြန်ရောက်တဲ့ အခါမှာတော့ စိတ်ထဲ မရှင်းမရှင်း ဖြစ်နေတဲ့ကိစ္စ အတွက် ဖုန်းထဲက အင်တာနက်လိုင်းကို ဖွင့် ၊ မောင့်ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ထဲကို ဝင်ပြီး မောင် တင်ထားသမျှ စတေးတပ် စာသားတွေနဲ့ မောင့်ဓာတ်ပုံတွေကို တစ်ခုချင်း သေချာဆွဲတင် ၊ နောက်ကြောင်းပြန် ကြည့်မိတာပါပဲ ။

ဘန်ကောက်မြို့အနှံ့ ရိုက်ထားတဲ့ မောင့်ဓာတ်ပုံ လှလှတွေ ၊ အရွယ်ရင့် လူကြီး နှစ်ယောက်နဲ့ မောင် ။ ပြီးတော့ မောင့်အရွယ် ကောင်လေး တစ်ယောက် ။ စုစုပေါင်း လေးယောက် စားသောက်ပျော်ရွှင်နေကြတဲ့ ပုံစံတွေ ။ မူးယစ်က , ခုန်နေကြတဲ့ ဟန်ပန်တွေ ။ ခမ်းနားလှပတဲ့ ဟိုတယ် အိပ်ခန်းကျယ်ကြီးထဲက မောင့်ရဲ့ စတိုင်အမျိုးမျိုး ၊ ပို့စ်အထွေထွေ ၊ ယောက်ျား ပီသတဲ့ ကိုယ်နေဟန်ထားတွေ ။ မင်္ဂလာဒုံလေဆိပ် ပြည်ပ ဆိုက်ရောက်ရာ ခန်းမလို့ ယူဆရတဲ့ နောက်ခံ ဘက်ဂရောင်းနဲ့ မောင်ရဲ့ ပျော်ရွှင်နေတဲ့ပုံဟန် ။ မောင် ကိုင်ထားတဲ့ နှင်းဆီပန်းစည်းလှလှ ။ နှင်းဆီပန်းစည်းကို တရှိုက်မက်မက်ပုံစံနဲ့ နမ်းရှိုက်နေတဲ့ မျက်နှာချိုချိုနဲ့ အရွယ်ရင့် လူကြီးရဲ့ဟန်ပန် ။ မြတ်စွာဘုရား ။ မောင်တို့ ယောက်ျားတွေ အဲဒီလောက် အထိ တစ်ယောက်ကို တစ်ယောက် ချစ်တတ်ကြသတဲ့လား ။ ဂရုစိုက်တတ်ကြသတဲ့လား ။ အခြေအနေ ပေးရင် ပေးသလို တတွဲတွဲ မခွဲအတူ နေတတ်ကြသတဲ့လား ။ မောင် အဆင်ပြေအောင် အစစအရာရာ ဦးဆောင်ပေးခဲ့တာ အဲဒီလူကြီးတဲ့လား ။ အသက်အရွယ်ချင်း မတူကြ ပေမဲ့ မောင်တို့ အချင်းချင်း နားလည် သဘောပေါက် ၊ ရင်းနှီးကျွမ်းဝင် ၊ ချစ်ခင်စေ တဲ့ ဘာသာစကားဟာ ဘာ  ဆိုတာကို ကျွန်မ သဘောပေါက်လိုက်ပြီး နောက်မှာတော့ စက်ဆုပ်ရွံရှာစွာနဲ့ပဲ လက်ထဲက ဖုန်းကို အိပ်ရာပေါ် လှမ်းပစ်လိုက်မိပါတယ် ။

ရုပ်ရည်အချိုးအစား ယောက်ျား ပီသလွန်းတဲ့ မောင် နဲ့ မောင့်အဘိုးရဲ့ ပုံဟန်တွေက ကျွန်မရဲ့ အတွေးအာရုံမှာ တစ်လှည့်စီ နေရာယူလာခဲ့တာပါပဲ ။ ဒီတစ်သက် ကျွန်မ ချစ်သလို မောင့်ဘက်က ပြန်မချစ်နိုင်တော့ဘူးလား ၊ မောင် နှစ်သက် တပ်မက်တဲ့ အရာတွေထဲမှာ ကျွန်မ မပါနိုင်တော့ဘူးလား ၊ သူရဲကောင်း တစ်ယောက်ရဲ့ မျိုးဆက်ဟာ ခေတ် လက်ချက်ကြောင့် ဘဝပျက် နေတာမျိုးလား ၊ အတိတ်ကံတရားကြောင့်လား ၊ မောင့်မှာ နဂို ရှိပြီးသား ဗီဇကြောင့်လား ။ မုန်းစရာ ကောင်းလိုက်တာ ။ မောင့်ကိုရော ကျွန်မကိုယ် ကျွန်မပါ စက်ဆုပ်ရွံရှာ မုန်းတီးလာရတာတော့ အမှန်ပါပဲ ။

“ ချွင် ”

ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အတွေးစကား မဆုံးခင်မှာပဲ ချွင်ခနဲ ထွက်ပေါ်လာတဲ့ ဖုန်း ထဲက အသံကြောင့် ဆတ်ခနဲ တုန်လှုပ်သွားပြီး နောက်မှာ တော့ ။

⎕ ထွန်းတောက်ထွဋ် ၊ သင်္ချာ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     နိုဝင်ဘာ ၊ ၂၀၁၇

No comments:

Post a Comment