❝ ပခုက္ကူ ဦးဘမှင် ❞
ဧရာဝတီမြစ် အနောက်ခြမ်းမှာ ပခုက္ကူ ဦးဘမှင် ရွှေဆိုင်ကို မသိသူ မရှိသလောက်ပါပဲ ။ သိက္ခာသမာဓိနဲ့ နာမည်ကောင်းကို ထူထောင်ထားလို့ ဦးဘမှင် အသက် ၉ဝ အထိ ရွှေဆိုင်ရဲ့ လုပ်ငန်းတွေ တစိုက်မတ်မတ် အောင်အောင်မြင်မြင် ဆက်လက် တည်ရှိနေပါတယ် ။
ပခုက္ကူမြို့ကို ရောက်ခိုက်မှာ ဘဘမှင်ရဲ့ အိမ်ကို ကျွန်တော် သွားရောက်ပြီး သူ့ဘဝ ၊ သူ့လုပ်ငန်းကို ထူထောင်လာခဲ့ပုံတွေ မေးတယ် ။
“ ကျွန်တော်က ပန်းထိမ် မတောက်တခေါက် တတ်တယ် ၊ တအားကြီး မတတ်ဘူး ”
ရွှေဆိုင်လုပ်ငန်းတွေနဲ့ အလွန်အောင်မြင်နေသူက ပန်းထိမ် မတောက် တခေါက်ပဲ တတ်တယ်လို့ ဆိုတယ် ။ ကျွန်တော် ကတော့ ဘဘရဲ့ စကားကို ကောက်ပြီး သူ ရိုးဖြောင့်တယ်လို့ မှတ်ချက်ချလိုက်မိပါတယ် ။
ဘဘဦးဘမှင် အနေအထိုင် ကလည်း ရိုးတယ် ။ ပခုက္ကူထွက် ချည်ထည် အင်္ကျီကိုပဲ ဝတ်ဆင်ထားပြီး အမြင် ရိုးတယ် ။ ကျွန်တော် သူ့အိမ်ကို ရောက်တော့ ည ၈းဝဝ နာရီ ရှိနေပြီ ။ ဘဘဦးဘမှင်က ဒီဗွီဘီရုပ်မြင်သံကြား သတင်း ကြည့်နေတယ် ။ ဒါကို မြင်တော့ အသက် ၉ဝ အထိ ခေတ်ကို မျက်ခြည်မပြတ် သူလို့ ကျွန်တော် အကဲဖြတ်ထားပါတယ် ။
ပန်းထိမ် မတတ်ဘဲ ဘာကြောင့် ရွှေဆိုင်လုပ်ငန်းတွေ အောင်မြင်တာလဲ ။
“ ကျွန်တော်က ဘာဝါသနာ ပါသလဲ ဆိုတော့ ရောင်းတာဝယ်တာ စီးပွားရေး တအား ဝါသနာပါတယ် ၊ ကျွန်တော် ငယ်စဉ် ကျုံပျော်မှာ နေတုန်းက ကျွန်တော့်အစ်ကို ကိုချစ်မောင်က ပန်းထိမ် လုပ်တယ် ၊ လက်ရာ ကောင်းတယ် ၊ ယောက်ဖ ကိုရွှေက ရွှေဆိုင် ထွက်တယ် ၊ ကျွန်တော်တို့က ပန်းထိမ် ဝင်လုပ်တာပေါ့ ၊ ဒါကြောင့် ပန်းထိမ် အနည်းအပါး တတ်တာ ၊ အရောင်းအဝယ် ဝါသနာ ပါတော့ ကျွန်တော်က ချည်ထုပ်တွေ ဝယ်ပြီး ရောင်းတယ် ၊ ထန်းဖူးတွေ ဝယ်ပြီး ရောင်းတယ် ။ တိုင်းပြည်က မငြိမ်းချမ်းဘဲ ကရင်နဲ့ ဗမာနဲ့ တိုက်ပွဲတွေ ဖြစ်ကြတယ် ၊ ဗမာစစ်တပ်က ကျည်ဆန်က ပေါတော့ စွတ်ရွတ် ပစ်တာ ၊ ရွာထဲမှာ ခေါင်းပေါ် ကျည်ဆန်တွေ ဝဲနေတာ ၊ နေဖို့ထိုင်ဖို့ မကောင်းတော့တာနဲ့ အသက် ၂ဝ ကျော်မှာ တူမလေး တစ်ယောက် လက်ဆွဲပြီး ကျုံပျော်က ထွက်လာခဲ့တယ် ၊ ကျွန်တော့်မှာ လုပ်သေနတ်တစ်လက်လည်း ပါတယ် ”
မငြိမ်းချမ်းတဲ့ ဒေသမှာ လုပ်သေနတ်တွေလည်း ပေါမှာပဲ ။ သေနတ် တစ်ဖက် ၊ တူမ တစ်ဖက် လက်ဆွဲပြီး ရှောင်တိမ်းလာသူ တစ်ယောက်ရဲ့ အသွင်ကို ကျွန်တော် စိတ်ကူးကြည့်တော့ အမေရိကန် ကောင်းဘွိုင်ရုပ်ရှင်ကားထဲက မြင်ကွင်းတွေနဲ့ တူသလိုလို တွေးမိပါတယ် ။
“ ကျုံပျော် ကနေ ရေကြည် ၊ ရေကြည် ကနေ ငသိုင်းချောင်း ၊ ငသိုင်းချောင်း ကနေ ဟင်္သာတ ရောက်တယ် ၊ ဟင်္သာတမှာ ကျွန်တော့်ယောက်ဖ ဦးရွှေ ဆိုတာ ရှိတယ် ၊ သူက ကြောက်တတ်တယ် ၊ သူကလည်း ပခုက္ကူကို ပြေးတယ် ၊ ပခုက္ကူမှာ ကျွန်တော့်နှမ တစ်ယောက် ရှိတယ် ၊ ဒေါ်လှညွန့် တဲ့ ၊ ကျွန်တော်လည်း ကူးတို့သင်္ဘော နဲ့ ပခုက္ကူ လိုက်လာတယ် ”
“ ပခုက္ကူ ရောက်တော့ အသက်မွေးဝမ်းကျောင်းဖို့ ဘာတွေ လုပ်သလဲ ”
“ ကျွန်တော့်ယောက်ဖ ဦးရွှေက ပခုက္ကူမှာ ရွှေဆိုင် ထွက်တယ် ၊ ကျွန်တော်က သူ့ကို ကူကက်ရောင်းရင်း ပန်းထိမ်လည်း ဝင်လုပ်ရင်း ကျွန်တော်လည်း ရွှေဆိုင်ထွက်ဖို့ စိတ်ကူးတယ် ”
“ ငွေ အရင်းအနှီး လိုမှာပေါ့ ”
“ ကျွန်တော့် လက်ထဲမှာ ပိုက်ဆံက မရှိပါဘူး ၊ ကျွန်တော့်အစ်ကို ကိုချစ်မောင်က ပိုက်ဆံ ကျပ် ၆၀ဝ ၊ ကျွန်တော့်အစ်ကို ကိုဘလွင်က ၆ဝဝ ပေး တယ် ၊ ရေချိုးခြံထောင့်က ကွမ်းယာဆိုင်လို ဆိုင်ကလေးကို တစ်လ ၁၂ ကျပ်ခွဲနဲ့ ငှားပြီး ရွှေဆိုင် ထွက်တယ် ”
“ ရွှေထည် ဘယ်သူတွေ လာဝယ်သလဲ ”
“ ကျွန်တော်နှမ မလှညွန့်က ဂျပန်ခေတ်မှာ မီးသွေးကန်ရွာဘက်ကို စစ်ပြေးဖူးတယ် ၊ သူတို့က ပခုက္ကူ လာပြီး မြင်းစာ ၊ နွားစာမြက်ထုံးတွေ လာလာ ရောင်းတယ် ၊ မြက်ထုံးရောင်းပြီး အပြန်မှာ ရွှေဝယ်ပြန်တာ ”
ရွှေဆိုင်က ကွမ်းယာဆိုင်လို ဆိုင်သေးသေး ။ ဝယ်တဲ့သူတွေက တောရွာက မြက်ထုံး ရောင်းပြီး ဝယ်တာ ။ သူ့ပရိသတ်နဲ့ သူတော့ အံကျနေမှာပါပဲ ။
“ သူတို့က ရွှေလက်စွပ် ၊ လက်ကောက်သေးသေးပါးပါးလေးတွေ ဝယ်တာ ၊ ကျွန်တော်က သူတို့ ဝယ်နိုင်အောင် လုပ်ထားရတာပေါ့ ၊ ဆိုင်ထွက်ခါစက ပခုက္ကူက ဘယ်လိုဟာမျိုးတွေ ကြိုက်တတ်မှန်းလည်း ကျွန်တော် မသိဘူး ၊ ညနေကျ သူများဆိုင်တွေမှာ ရောင်းတာ လိုက်ကြည့်တယ် ၊ သူများတွေ မလုပ်တဲ့ သေးသေးကွေးကွေးလေးတွေ လုပ်ရောင်းတယ် ၊ ကျွန်တော့်မှာ ရွှေလည်း သိပ် များများစားစား ရှိတာ မဟုတ်ဘူး ”
“ ကွမ်းယာဆိုင်လို ဆိုင်လေးနဲ့ ဘယ်လောက်ကြာကြာ ရောင်းနေခဲ့တာလဲ ”
“ သုံးလေးနှစ် ကြာတယ် ၊ အဲဒီအချိန်မှာ ပခုက္ကူ ၊ စည်ပင်က ဆိုင်ခန်းတွေ ရောင်းမယ်ဆိုတော့ ကျွန်တော်က စာရင်းပေးလိုက်တာပေါ့ ၊ ဈေးအရှေ့ဘက် ထောင့်ဆုံးဆိုင် ရတယ် ”
“ ပိုကောင်းသွားတာပေါ့ ”
“ လေးငါး ခုနစ်နှစ် ရှစ်နှစ်လောက် ရောင်းလိုက်တော့ ပစ္စည်းလေး တော်တော်များလာပြီ ၊ တစ်စတစ်စ တိုးတက်လာတယ် ၊ ဈေးအနောက်ဘက်တန်းမှာ အစိုးရက ဆိုင်ခန်းတွေ လေလံပစ်တော့ ကျွန်တော် ဝင်ဆွဲတယ် ၊ ကျပ် ၅ဝဝဝ နဲ့ ရတယ် ”
“ ဆိုင်ခန်းထဲ ငွေတွေ ဝင်သွားတော့ လုပ်ငန်းလည်ပတ်ရေးမှာ မထိခိုက်ဘူးလား ”
“ မထိခိုက်ဘူး ၊ နှစ်ပေါင်းက ကြာလာတော့ လုပ်ငန်းက တိုးတက်လာပြီ ”
“ ပန်းထိမ် သိပ်မတတ်ဘဲ ရွှေဆိုင် ဘယ်လို တိုးတက်လာလဲ ”
“ ခိုင်းဖို့ ပြုဖို့ ပညာကတော့ ကျွန်တော့် ဝမ်းထဲ ရှိပြီးသားပေါ့ ”
စီမံခန့်ခွဲမှု တတ်ကျွမ်းတာက ကြီးပွားကြောင်းပဲလို့ ကျွန်တော် ကောက်ချက်ချမိတယ် ။
“ ပန်းထိမ်ဖိုက ငါးဖို ၊ ခြောက်ဖို့လောက် ရှိတယ် ၊ ညနေ အလုပ်သိမ်းရင် ဖိုတွေ လှည့်ပြီး အပ်တယ် ၊ မန္တလေးလည်း အပ်တယ် ၊ ပခုက္ကူနဲ့ မတူတဲ့ လက်ရာမျိုး အတွက် မန္တလေးက ပန်းထိမ် သုံးလေးဖိုကို အပ်တယ် ”
“ သူများ ဖိုတွေကို အပ်ရတော့ ရွှေအရည်အသွေး မရိုးမသား မဖြစ်အောင် ဂရုစိုက်ရမယ် ထင်တယ် ၊ သူတို့က မမှန်မကန် လုပ်ရင် ကိုယ့်ဆိုင်ကို ထိခိုက်မယ် ”
“ မလုပ်ဝံ့ကြဘူး ၊ ကျွန်တော် မအပ်ရင် အလုပ်မရဘူး ၊ ပြီးတော့ အပ် ကတည်းက ကျွန်တော်က ရွှေပေးပြီး အပ်တာ ၊ ပေးတဲ့ ရွှေကို စံနဲ့ အပ်တာ ၊ ပြန် သိမ်းတော့လည်း အပ်တဲ့စံနဲ့ ပြန်တိုက်တယ် ၊ ကျွန်တော်က ငယ်ငယ်က ပန်းထိမ် လုပ်ခဲ့တော့ ရွှေ နားလည်တယ် ”
ရောင်းချတဲ့ ရွှေအပေါ် အရည်အသွေး အာမခံနိုင်အောင် ကြိုးပမ်းခဲ့ပုံတွေကို ဦးဘမှင်က ပြောပြတယ် ။ ရွှေပန်းထိမ်လုပ်ငန်း လုပ်သူ များစွာ ရှိပေမယ့် သူ့ဆိုင်က နှစ်ပေါင်း ၆ဝ ကျော်လောက် ခိုင်ခိုင်မာမာ တည်တံ့နေတယ် ။ ကျွန်တော်က ရေရှည်တည်တံ့ အောင်မြင်ခြင်းရဲ့ အဓိကက ဘာလဲလို့ မေးတယ် ။
“ အဓိကကတော့ ရိုးသားခြင်းပဲ ”
သူ့ရွှေဆိုင် အမည်ကို ဦးဘမှင်ရွှေဆိုင် လို့ပဲ အမည်ပေးထားတယ် ။ သိင်္ဂီရွှေစင်တို့ ၊ ဇမ္ဗူရာဇ်ရွှေစင်တို့ စတဲ့ တခြား အမည် တစ်ခုခု မပေးဘူး ။ ဘာကြောင့်လဲ ။
“ နာမည်က အရေးကြီးတယ် ၊ ကျွန်တော့်နာမည်ကို ရိုးရိုးသားသား တည်ဆောက်လာခဲ့တာ ၊ ကျွန်တော့်နာမည်ကို ထူထောင်လာခဲ့တာ နှစ်ပေါင်း ၆ဝ လောက် ရှိသွားပြီ ၊ နာမည်ရဲ့ ဂုဏ်သိက္ခာပေါ့ ”
“ ရွှေဆိုတာ တန်ဖိုးကြီးတယ် ၊ တိုင်းပြည်က တရားဥပဒေ မစိုးမိုးချိန်မှာ ဓားပြတိုက်တာတို့ ကြုံရဖူးလား ”
“ ရန်ကုန်မှာ ကြုံဖူးတယ် ၊ ရွှေက များလာပြီ ၊ ပခုက္ကူမှာတင် ဖြုန်းမကုန်တော့ ရန်ကုန် သွားရောင်းတယ် ၊ တော်လှန်ရေးကောင်စီ လက်ထက်ပေါ့ ၊ ရွှေ ငါးဆယ်သား ရောင်းပြန်လာတာ ၊ သူတို့က ရိပ်မိပုံရပါတယ် ၊ ရွှေရောင်းလို့ ရတဲ့ ငွေတွေနဲ့ အတူ ကျွန်တော့်ကို ကားပေါ် ဆွဲတင်သွားတယ် ၊ သာကေတတံတားဘက် ခေါ်သွားပြီး ပိုက်ဆံတွေ လုယူပြီး လူကို ထားပစ်ခဲ့တယ် ”
ကျွန်တော်တို့ စကားပြောနေတဲ့ အနီးမှာ ဘဘဦးဘမှင်နဲ့ ဇနီး ဒေါ်သန်းမြ ကလည်း အတူ ထိုင်နေတယ် ။ ရွှေငါးဆယ်သား ရောင်းရငွေတွေ အလုခံရတဲ့ အဖြစ်အပျက်ကို ဖြည့်စွက်ပြီး ပြန်ပြောပြတယ် ။
“ အဲဒီလိုဖြစ်ပြီး ရန်ကုန်က ပြန်လာတာက သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ ပခုက္ကူမှာက ၁၃ ရက်က စပြီး ဘုရားပွဲ ရှိတယ် ၊ သမီးကြီးက ဘုရားပွဲ လှည့်ရာမှာ မိဖုရားကြီးလုပ်ဖို့ အရွေးခံထားရတာ ၊ သမီးကြီးက ဖေဖေ ပြန်လာပြီ ၊ ဖေဖေက အိတ်လည်း မပါဘဲလို့ ပြောတာ ကျွန်မက ကြားလိုက်တယ် ”
ရွှေငါးဆယ်သား ဆိုရင် ခုကာလ ပေါက်ဈေးနဲ့ဆို ကျပ်သိန်း ၃၅ဝ လောက် တန်ကြေးရှိတာ ။ သမီးက ဘုရားပွဲမှာ တကယ့် နေရာကောင်းက ပွဲဝင်ဖို့ စီစဉ်ထားတာ ။ ဇနီးတစ်ယောက် အနေနဲ့ ဒေါ်သန်းမြ ဘယ်လို ခံစား ဖြေရှင်းသလဲ ကျွန်တော် သိချင်တယ် ။
“ သူက အလုခံရတာ မပြောဘူး ၊ ငွေတွေကို သူ့ယောက်ဖက ကား ဝယ်ချင်လို့ ချေးယူထားလိုက်တယ်တဲ့ ၊ ပိုက်ဆံ ယူထားတာ ထားလိုက်ပါတော့ ၊ အိတ်က ဘာကြောင့် မပါတာလဲ တွေးတယ် ၊ သူ့မျက်နှာကလည်း ထူးခြားနေတယ် ၊ ဒါကြောင့် သူ ရေချိုးနေတုန်း သူနဲ့ ခရီးအတူ သွားခဲ့သူ တစ်ယောက်ဆီ သမီးကို သွားမေးခိုင်းတော့ အဖြစ်မှန် သိရတယ် ”
ဒေါသူပုန်ထတော့မှာလား ကျွန်တော် နားစွင့် နေပါတယ် ။
“ ကျွန်မက ဘုရား ဘုရား ၊ ပစ္စည်းပဲ ယူလို့ တော်ပါသေးရဲ့ ၊ ပစ္စည်း ယူပြီး လူမသ,တ်တာ တော်ပါသေးရဲ့ ၊ ပစ္စည်း ဆိုတာက လူရှိရင် ပြန်ရှာလို့ ရတယ်လို့ ”
ဘဘရဲ့ဇနီး ဒေါ်သန်းမြရဲ့ စိတ်နေစိတ်ထား ကိုလည်း လေးစားမိတယ် ။ သူ့ခင်ပွန်းသည်ကို ငွေကြေးထက် သူ တန်ဖိုးထားတယ် ။ တချို့ ဇနီးမောင်နှံတွေက အိမ်ထောင်ဖက်ကို ပစ္စည်းလောက် တန်ဖိုး မထားနိုင်ဘဲ ဒေါသမီး တောက်လောင်ကြတာတွေကို တွေ့ဖူးပါတယ် ။
“ လုယူသွားတဲ့ သူတွေကိုလည်း လူသ,တ်မသွားလို့ ကျေးဇူးတင်တယ် ၊ သူတို့လည်း ဒီငွေတွေနဲ့ လူကောင်းဖြစ်ကြပါစေလို့ မေတ္တာပို့တယ် ၊ လူအန္တရာယ် မဖြစ်ခဲ့တာကိုပဲ ကျေးဇူးတင်နေတယ် ၊ အဲဒီတုန်းကသာ လူသ,တ်လိုက်ရင် ကျွန်မတို့ ဒီအခြေအနေ ဘယ်နေရမှာလဲ ”
“ ဘုရားပွဲမှာ လှူစရာတွေ ၊ ဘုရားပွဲလှည့်တော့ မိဖုရား လုပ်ရမှာတွေ လုပ်ဖြစ်သေးလား ”
“ လုပ်ပါတယ် ၊ လာတဲ့ ဧည့်သည်တွေကို ခေါက်ဆွဲတို့ ၊ မုန့်ဟင်းခါးတို့ ကျွေးနေကျ ကျွေးတယ် ၊ သမီးကြီးကလည်း ဘုရားလှည့်ရာ မိဖုရားလုပ်တယ် ၊ ဣန္ဒြေ မပျက်ဘူး ၊ ဘယ်သူမှ ကျွန်မတို့ ဖြစ်တာ မသိဘူး ၊ ဖြစ်ပြီးသားဟာက တစ်ကဏ္ဍလေ ”
လောကဓံကို သူတို့ မိသားစု ရင်ဆိုင်ခဲ့ကြပုံက ချီးကျူးစရာ ဖြစ်ပါတယ် ။
“ လုယူခံလိုက်ရတဲ့ ဟာတော့ မရပါဘူး ၊ ဒါပေမဲ့ ရောင်းရင်းဝယ်ရင်း တစ်စတစ်စ ပြန်ထူထောင်လာခဲ့ကြတာပဲ ”
“ အဲဒီ တစ်ကြိမ်ပဲလား ”
ဘဘဦးဘမှင်က သူ့အဖြစ်ကို ပြန်ပြောပြတယ် ။
“ နောက်တစ်ခါ ဖြစ်သေးတယ် ၊ အဲဒီတုန်းက ရန်ကုန်က ရွှေရောင်းပြီး အပြန် ၊ မြင်းခြံရထားကို မီးရထားအိပ်စင်မှာ စီးလာရင်း ကျွန်တော် အိပ်ပျော်နေတုန်း ငွေတွေ ခိုးယူသွားတာ ခံရတယ် ”
“ ကံနိမ့်လို့ ခံရတာပဲ ဆိုပြီး ဗေဒင်မေး ၊ ဘုန်ကြီးဆွမ်းကပ် လုပ်သေးလား ”
“ ကျွန်မက ဗေဒင်တွေ ၊ နတ်တွေ နည်းနည်းမှ ဝါသနာမပါဘူး ။ အရင်က ကျွန်မတို့က လုပ်ခဲ့လို့ ပြန်ခံရတာ ၊ ခု ကျေသွားပြီ ”
လို့ ဒေါ်သန်းမြက ဖြေပါတယ် ။
ဦးဘမှင်ရဲ့ ဂုဏ်သတင်းကောင်း ထဲမှာ သူတစ်ကိုယ်တည်း ကြီးပွား ချမ်းသာဖို့ မလုပ်ဘဲ အသိုင်းအဝိုင်း တစ်ခုလုံးကို ဆွဲတင်တာလည်း ပါဝင်တယ် ။ ကျွန်တော်က အဲဒါကိုလည်း မေးပါတယ် ။ သူက စီးပွားရေး စိတ်ဝင်စားပေမယ့် သားသမီးတွေကို ပညာတတ်တွေ ဖြစ်အောင် သင်ပေးတာလည်း မေးတယ် ။
“ ကျွန်တော်က လေးတန်းပဲ တတ်တာ ၊ ကိုယ် ပညာ သိပ် မတတ်တော့ သားသမီးတွေကို ပညာတတ်စေချင်တယ် ၊ ကိုယ်ကလည်း တတ်နိုင်လာတော့ ပညာသင်ပေးတာပေါ့ ”
“ ကိုယ့်ဘဝကိုယ် ပြန်ကြည့်တော့ ကျေနပ်သလား ”
“ ကျေနပ်ပါတယ် ၊ အဓိကကတော့ ကိုယ့်မိသားစုကို ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနဲ့ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ထူထောင်ပေးနိုင်ခဲ့တာကို ကျေနပ်ပါတယ် ”
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

No comments:
Post a Comment