❝ လောကဓာတ် ❞
( ပီမိုးနင်း )
ကဆုန်လရာသီ ဖြစ်လေ၏ ။ ညနေ ငါးနာရီနှင့် ခြောက်နာရီ စပ်ကြား ဘယ်ဝယ် မြောက်တောင် မျက်စိ တစ်ဆုံး ကောင်းကင် စက်ဝိုင်းသို့ တိုင်အောင် ကျယ်သော လယ်ပြင်ကြီးမှာ ရွှေလယ်ပြင်ကြီး ဖြစ်၍ နေသည်ကား အနောက်ဘက် ကောင်းကင်၌ မိုးနတ်ပန်းချီ၏ စုတ်တံဖြင့် ရေးခြယ်၍ ထားသည်နှင့် တူသော ရွှေအိုင် - ရွှေချောင်း - ရွှေအင်း - ရွှေမြစ် - ရွှေသောင် - ရွှေတောင် - ရွှေတော ရှုမောဖွယ်ရာ ရွှေတိမ် ရှုမျှော်ခင်းများမှာ ရွှေဆေးမင်လောင်းကျ ကူးစက်၍ နေခြင်း ဖြစ်လေ၏ ။ အချို့သော ရှုခင်း အစိတ်အပိုင်းများမှာကား တောမီးလောင် သလို မိုးမီးလောင်သလို ဖြစ်၍ နေလေ၏ ။
ထိုမှာ ဤမှာ မြင်ရသော ပျဉ်းမပင်များသည်ကား အပြာပွင့် ထဘီအင်္ကျီများကို ဆင်သကာ ညနေချမ်း အခါ၌ မူရာဆန်းပြား ရုပ်ဆင်းကိုပြသရန် ထလာကြသော ပျိုကညာများပေလားဟု မှတ်ထင်ရလောက်အောင် ချစ်ဖွယ်သော အသွင်ကို ဆောင်ကြလေ၏ ။
ကြိမ်နှင့် သကာ အနောက်ဘက်စူးစူးသို့ မောင်းနှင်၍ သွားသော လှည်းသမား၏ အသံနှင့် ခြူသံ ဆည်းလည်းသံ တို့သည် လူ့ပြည်၏ ထူးခြားခြင်း တစ်မျိုးပေဟု တွေးဖွယ်ရာ ဖြစ်လေ၏ ။
ရွာပေါ်၌ ဝှေ့ကာယမ်းကာ ကသလို ယိမ်းနွဲ့ကြသော အုန်းပင်သစ်ပင်များနှင့် လက်ပံပင်ကြီး တစ်ပင်မှ အိပ်တန်းတက်သော ငှက်တို့၏ အသံများသည် စီစီညံညံ လေထဲ၌ ဝဲပျံကြပုံမှာ ဆည်းလည်းသံလွင် ဂျိုးဂျင် မြည်သံ ငြင်းခုံ ရန်တွေ့သံများနှင့် တူလေ၏ ။
အချို့သော ရွှေရောင်တိမ်တောင်များမှာ အသွေးအရောင် ပြောင်းကြလျက် နီရာမှ မောင်းစပြုလေ၏ ။ ထိုအခါ လယ်ပြင်ကြီးမှာ ညဉ့်၏ တောင်ပံရိပ်ဖြင့် ရိပ်ငြိမ်ခြင်းတစ်မျိုး ဖြစ်၍ လာလေ၏ ။ လောကဓာတ်ကြီး တစ်ခုလုံးသည် အသေ မဟုတ် ။ လှုပ်လှုပ်ရှားရှား အမြဲရွေ့လျားပြောင်းလဲခြင်းတည်း ဟူသော အသက်ဖြင့် အမြဲ ရှင်လျက်နေပုံကား ထင်ရှား သိသာလှပေသတည်း ။
အရောင်အဆင်းနှင့် အမှောင်အလင်းသည် အမြဲ မရပ်မနား ပြောင်းလဲ၍နေခြင်း ၊ အချိန်တည်း ဟူသော စက်ရထားသည် အမြဲ သွား၍နေခြင်း ။ မရပ်မနား အဘယ်ကို အရေးတကြီး သွားသည်ဟု မသိရသော လေပြည်သည် ဆံပင်ကို ဖြန့်ကာ ပြေးလွှား၍ နေခြင်း ၊ သက်ရှိသက်မဲ့ အရာ ဟူသမျှ ရပ်တည်၍ မနေ ။ အမြဲတစေ ပြောင်းလဲသော အခြေအနေ၌ ရှိခြင်း ၊ နေ့အချိန် ထွက်၍ ညဉ့်အချိန် ဝင်ခြင်း စသည်တို့ကို ဆင်ခြင် လိုက်သောအခါ စကြဝဠာ အနန္တ တောတောင် ရေမြေ ဟူသမျှသည် တစ်ခုတည်းသော အသက်ဓာတ်တည်း ဟူသော စက်ရဟတ်ကြီး လှည့်တိုင်း လည်၍ နေရပေသည်တကားဟု တွေးမိလေသည် ။
အချိန်သည်ကား သာယာတုန်းပင် ။ အရောင် ရှိသေးသမျှ လှပတုန်းပင် ။ ရှိခြင်းနှင့် မရှိခြင်းသည် ဆက်၍ နေ၏ ။ ထင်ရှားခြင်းနှင့် ကွယ်ပျောက်ခြင်းသည် တစ်စပ်တည်း နေ၏ ။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းသည် အမြဲ ပခုံးချင်း ပွတ်ကာ ဖြတ်သန်း သွားလာ၍ နေ၏ ။ နေ့နှင့် ညဉ့်သည် တမတြာ တစ်ခဏ ကာလကလေးဖြင့် ဂဟေဆော်၍ ထားသကဲ့သို့ပင် ဤသာယာလှသော လောကဓာတ် အရိပ်အရောင်သည် မသာမယာသော လောကကြီး၏ ဝါကြွားသော ဆင်ယင်တန်ဆာပေတကား ။
မသန့်မရှင်း ပုပ်သိုးပျက်ပြား ၊ ရွေ့လျားခြင်းတည်း ဟူသော ဒုက္ခကြီးကို အမြဲ ခံစား၍ နေရသော ကိုယ်ခန္ဓာ ဒုက္ခိတကြီးသည် အလှအပ ပန်းနံ့သာ အမွှေးဖြင့် ဆင်သကာ ရုပ်ဆောင်သည့် ပမာလို ဤလောကဓာတ်၏ သာယာဟန် ရှိသော တောတောင်ရှုခင်း ၊ တိမ်ရောင် အဆင်းတို့သည်လည်း မသာမယာ ဒုက္ခိတ လူ့ရွာကို သာယာဟန် ရုပ်ဆောင်၍ ပြခြင်းပေတကား ။
နာနာဘာဝ ဖုတ် ၊ ပြိတ် ၊ တစ္ဆေတို့သည် လှပသော အသွင်ကို ဆောင်၍ ပြသော်လည်း ကြာမြင့်စွာ မဆောင်နိုင်ကြပေ ။ ဤလောကဓာတ်ကြီးသည်လည်း ဤယခု တစ်ခဏသာ ရုပ်ဆောင်၍ ပြနိုင်၏ ။ မကြာမီ မည်းမှောင်လျက် ကြောင်သည် ကြွက်ကို ဖမ်းတွေ့မည် ။ ညဉ့်ငှက်နှင့် ပိုးမွှား ၊ မရိုးမသား ကြံကြတော့မည် ။ ငှက်တို့၏ အသိုက်ကို မြွေဝင်၍ ဖျက်ချေတော့မည် စသဖြင့် ကျွန်ုပ်သည် တစ်ကိုယ်တည်း တွေးတော၍ နေ၏ ။
နေကား မဝင်သေးသဖြင့် လောကဓာတ်မှာလည်း သာယာတုန်းပင် ။ လေပြည်မှာ အေးတုန်းပင် ။ ညနေ စောင်းအခါ၌ မိုးပြေးကလေး ရွာသဖြင့် လှည်းလမ်းကလေးမှာ ဖုန်များသိပ်လျက် သင်းပျံ့သော မြေနံ့ကလေးသည် နှာဝကို မြှူလျက်ပင် ။ မနီးမဝေး၌ ငြိမ်သက်စွာ မှိုငုံကြီးများလို နေကြသော ကောက်ရိုးပုံများမှာ မှိုင်းသော ရွှေရောင် မပျောက်သေးပေ ။
သို့စဉ်းစား၍နေခိုက်တွင် ဒူ - ဒူ - ဒူ - ဒူ မြည်သော ပျာလောင်ခတ်သည့် မောင်းသံကို ရွာဘက်မှ ကြားရလေ၏ ။ ထိန် - ထိန်း - ထိုင်း ဟု မြည်သော သေနတ်သံသည် ထိတ်လန့်သော မောင်းသံကို ရပ်စဲပပျောက်အောင် လုပ်သည်နှင့် တူလေ၏ ။ ရွာထဲမှ လူသံများသည် ကျီးပြိုသလို ထွက်ပေါ်ပြီး ဆိတ်ငြိမ်၍ သွားလေ၏ ။ သေနတ်သံများကိုသာ ထပ်ကာထပ်ကာ ကြားရလေတော့သတည်း ။
နေကား မဝင်သေးပေ ။ သာယာသော လောကဓာတ်ကား ရှိသေး၏ ။ ကျွန်ုပ်ကား သတိမထားမိတော့ပေ ။ အတန်ငယ် ကြာ၍ သွား၏ ။ မိန်းမဖြူဖြူ အလယ်အလတ် အရွယ် တစ်ယောက်သည် ဆံပင် ဖိုးရိုးဖားရားနှင့် ရွာလှည်းလမ်း တစ်လျှောက် ထွက်၍ လာ၏ ။
၎င်း၏ နောက်၌ ဓား ၊ သေနတ်များကို ကိုင်သော ယောက်ျားတစ်စုကို မြင်ရလေ၏ ။ မိန်းမကား နောက်ကို ပြန်၍ မကြည့် ။ ဓားကိုင်သော ယောက်ျားတစ်ယောက်က ၎င်းမိန်းမ၏ ကြောကို ဓားဦးဖြင့် တစ်ခါနှစ်ခါ တို့၍ ပေးသည်ကို မြင်ရ၏ ။ သေသဖြင့် တစ္ဆေပြည်မှ တစ္ဆေများ လာ၍ ခေါ်သည်ကို လိုက်ပါရသော ဝိညာဉ်လိပ်ပြာများသည် ဤနည်းမျိုးအတိုင်း လိုက်ပါ၍ သွားရလေသလားဟု တွေးမိလေ၏ ။
ကျွန်ုပ်သည် လှည်းလမ်းမှ ကျွဲစားလျက် တောထဲသို့ စောစောကပင် ဝင်၍ နေလိုက်သဖြင့် ချုံအကွယ်၌ ရှိနေသော ကျွန်ုပ်ကို လူဆိုးများ မမြင်ကြပေ ။ ၎င်းတို့သည် ကျွန်ုပ်နှင့် နှစ်လံကွာမျှ ဝေးသော လှည်းလမ်း နံဘေး၌ ၎င်းတို့ ထိုင်ကြပြီး မိန်းမမှာ ၎င်းတို့၏ မျက်နှာကို မကြည့်ရဲ ။ မြေပေါ်၌ ပုဆစ်တုပ်ကာ ခေါင်းငုံ့၍ နေရ၏ ။
မိန်းမသည် ခေါင်းငုံ့၍ နေသဖြင့် ၎င်းတို့၏ မျက်နှာကို မမြင်ရသော်လည်း ဓားသေနတ် လက်နက်များကိုကား မြင်ရသဖြင့် လွန်စွာ ကြောက်ရွံ့လျက် အသက်နှင့် ကိုယ် ကွာလုခမန်း ဖြစ်၍ နေလေ၏ ။ သာယာသော လောကဓာတ်သည် ထိုမိန်းမအတွက် အဘယ်မှာ သာယာနိုင်ပါတော့မည်နည်း ။ မိန်းမကား သနားကမားပင် ။ ကျွန်ုပ်သည် ကယ်ချင်လှ၏ ။ မကယ်နိုင် ။ မကယ်လည်း မကယ်ဝံ့ပေ ။
ဒီအကောင်မ ငါတို့ကို သိတယ် မှတ်မိတယ် မဟုတ်လား ။
မမှတ်မိပါဘူးရှင် ။ ချမ်းသာပေးပါ ။ ပစ္စည်းလည်း ယူပြီးပါပြီ ။ ရှင်တို့ သဘောရှိပါ ။ အသက်ကို သနားပါရှင် ဟု တုန်လှုပ်လျက် ရှိခိုးတောင်းပန်၏ ။
အောင်မယ် ခုမှ သနားပါတဲ့ ။ နင့်လင် မတရားလုပ်လို့ ဟိုကောင်ကလေး ထောင်ကျ ၊ သူ့ပစ္စည်းလည်း နင်တို့ ယူတော့ မသနားဘူး ။
ထိုအတွင်း တစ်ယောက်က ဓားကိုင်သူအား မျက်စပစ်၍ပြပြီး တို့ကို သိတယ် မှတ်မိတယ်နော် ။ အဲဒါပဲ ဟု ပြောလေ၏ ။
တစ်ယောက်က စိတ်ဆိုးဟန်နှင့် မျက်စောင်းထိုးကာ ထွီ ဟု တံတွေး ထွေးလိုက်၏ ။ ဓားသမားက ကြာတယ် ။ ဟိုကောက်ရိုးပုံကို ဟု ပြောကာ မိန်းမ၏ လက်ကို ဆွဲထူ၏ ။ ဓားပြလေးငါးယောက်သည် မိန်းမကို ညှပ်ကာ တောလမ်းဖြင့် သွားကြ၏ ။ ၎င်းတို့ အတူတူသွားသော ဖက်တော အစွန်းနားတွင် ကောက်ရိုးပုံ တစ်ပုံ၏ ထိပ်ကို မြင်နိုင်လေ၏ ။
ထိုအခါ နေဝင်ဆည်းဆာ အချိန် ဖြစ်လေ၏ ။ ကျွန်ုပ်လည်း ရွာဘက်သို့ ပြေးခဲ့၏ ။ ရွာကို ရောက်ပြီး နောက် ခဏအတွင်း ဓားပြတစ်ယောက် ပြေး၍ လာပြီး လူများအား ကျုပ်မပါဘူး ၊ ကျုပ်ကို သူတို့က အစောင့် လုပ်ခိုင်းတယ် ။ အခု စောင့်ရာက ပြေးလာတယ် ။ မြန်မြန် သွားဝိုင်းရင် မိမယ် ။ သစ္စာဖောက်တဲ့ အကောင်တွေ ထဲမှာ ကျုပ် မပါဘူး ။ ကျွန်တော်က အစိုးရလူ ။ သင်းတို့ ဟိုမိန်းမကို သ,တ်ရင်လည်း ပေါ်မှာပဲ ။ မသ,တ်ရင်လည်း ပေါ်မှာပဲ ။ ကောက်ရိုးပုံကိုသာ လိုက်ကြပါ ဟု ပြော၏ ။ ထိုအတွင်း ဂတ်သားများသည် သေနတ်များနှင့် ရောက်၍ လာရာ တစ်ရွာလုံး အားတက်ပြီး ထွက်၍ လိုက်ကြလေ၏ ။ ကျွန်ုပ်မှာ အပြေး မသန် ၊ အလိုလို မော၍ နေသောကြောင့် မလိုက်နိုင်ပေ ။
အတော်ကြာသောအခါ ဒဏ်ရာရသော ဓားပြ တစ်ယောက်နှင့် အသေရသူ နှစ်ယောက်ကို လှည်းနှင့် တင်၍ ပြန်လာကြလေ၏ ။ ကြွင်းသော ဓားပြများလည်း ဒဏ်ရာ ရသွားကြသည်ဟု ကြားသိရလေ၏ ။ မိန်းမမှာ သွေးရူးသွေးတန်း ဖြစ်၍ နေလေ၏ ။
နောက်တစ်လ ကြာသောအခါ ကြွင်းသော ဓားပြများကို အကုန်မိလေ၏ ။ ပစ္စည်းများကိုမူ တစ်ဝက် လောက်သာ ပြန်၍ ရလေ၏ ။ အိမ်ရှင့်မိန်းမမှာမူ သွေးပျက်သော ရောဂါမှာ ဆရာကောင်းများနှင့် ကုသသဖြင့် ပျောက်ကင်း ချမ်းသာ၍ သွားသည်ဟု ကြားရလေ၏ ။
▢ ပီမိုးနင်း
📖ဘားမား ဂျာနယ်
အတွဲ ၁ ၊ အမှတ် ၄၆
ဧပြီ ၁၇ ၊ ၁၉၃၇
No comments:
Post a Comment