Tuesday, April 14, 2026

အကြပ်နေ့

 ❝ အကြပ်နေ့ ❞

   ( ပီမိုးနင်း )


ဘိုးမောင်ကို အားလုံးက အားကိုး၍ လာကြ၏ ။ အကြောင်းမူကား ဘိုးမောင်သည် အဘယ်မျှပင် ခွကျသူ တစ်ယောက် ဖြစ်စေကာမူ ထကြွလျင်မြန်၍ လုံ့လဥဿဟနှင့် အထူးပြည့်စုံသူ တစ်ယောက် ဖြစ်သည့်ပြင် ဘုရားဖူးလာသူ တစ်စုတို့မှာ အများအားဖြင့် မိန်းမတွေ ဖြစ်ကြလေ၏ ။ ဘိုးမောင် အပြင် အခြားပါလာသော ယောက်ျားအနည်းငယ်တို့မှာ ဘိုးမောင် လို မဟုတ် ၊ လူအေး လူအ လူနကလေးများ ဖြစ်ကြလေ၏ ။


၎င်းတို့ အထဲတွင် အချောဆုံးဖြစ်သော မယ်ဖြူ သည် ဘိုးမောင်၏ သွက်လက်ထက်မြက်ခြင်းကို အထူး တိုးတက်စေလေ၏ ။ မယ်ဖြူ၏ မိခင်ကလည်း -


“ မောင်ဘိုးမောင် မင်းတူမကို တစ်ဆိတ် ဂရုစိုက် ပါကွယ် ” ဟု မှာလိုက်လေ၏ ။


မယ်ဖြူသည် ကျိုက်ထီးရိုးကို တစ်ကြိမ်တစ်ခါမှ မရောက်ဖူးချေ ။ သို့အတွက် မိဘများက ထိုနှစ်မှာ တစ်အိမ်သားလုံး ကျိုက်ထီးရိုးကို သွားဖို့ရန် အကြံပြုခဲ့လေ၏ ။ သို့သော်လည်း အရေးကြီးသော စပါးကိစ္စနှင့် ပတ်သက်၍ မိဘနှစ်ပါး ကျိုက်ထီးရိုးကို မလိုက်နိုင်ဘဲ နေရာတွင် မယ်ဖြူ၏ အဒေါ်ဝမ်းကွဲဖြစ်သူ တစ်ယောက် နှင့် အခြားအဖော်များ ကျိုက်ထီးရိုးကို သွားကြမည် ကြားသောအခါ မယ်ဖြူ မှာ လွန်စွာ လိုက်ချင်သောကြောင့် ထည့်လိုက်ရလေ၏ ။


ဘိုးမောင်သည် ထိုအခါ၌ မိမိ၏ လွှစင်အလုပ်နှင့် ပတ်သက်ပြီး မယ်ဖြူ၏ မိဘများနှင့် အတော်ပင် ခင်မင်အကျွမ်းဝင်၍ နေလေရာ မယ်ဖြူ ကလည်း ဘိုးမောင်ကို ဦးလေးဟု ခေါ်လေ၏ ။ မယ်ဖြူ၏ စိတ်၌ ဦးလေး တစ်ယောက်လို သဘောထားလေ၏ ။ အကြောင်းမူကား မယ်ဖြူမှာ အသက် ဆယ့်ရှစ်နှစ်မျှ ရှိလေရာ ဘိုးမောင်မှာ သုံးဆယ်ကျော် လေးဆယ်ခန့်နီးနီး ရှိလေ၏ ။ သို့သော်လည်း လူပျိုကြီး အဖြစ်နှင့် ဂုဏ်အသရေရှိ လွှထောင် အလုပ်ကို လုပ်လျက် မိမိ၏ ရပ်နယ်၌ အတော်ကလေး ထင်ရှားသူ တစ်ယောက် ဖြစ်လေရာ မိမိထက် ဆယ့်လေးငါးနှစ် အနှစ်နှစ်ဆယ် ငယ်သော မိန်းမချောကလေး တစ်ယောက်ကို ဦးလေး ၊ တူမ ဟု ခေါ်ပြောခြင်း တည်းဟူသော ‘ ပတ်လက်မှတ် ’ ၏ အစွမ်းဖြင့် ဝင်ဆံ့၍ နေလေရာ၌ စိတ်ထဲတွင် တစ်စုံတစ်ရာ ကျိတ်ကာနေခြင်း၌ မသင့် မလျော် မရာမတန်ဟု တွေးတောခြင်း မပြု ။ မယ်ဖြူတို့၏ အိမ်ကို ရောက်သည့်အခါ နတ်ပြည်ကို ရောက်သည်ဟု အောက်မေ့လေ၏ ။


“ ဟဲ့ … နင့်ဦးလေး လက်ဖက်ရည်ကလေးများ လုပ်ပေးပါဦးဟဲ့ ” ဟု မယ်ဖြူအား မိခင်က ပြောသည့် အခါတိုင်း ဘိုးမောင်၏ စိတ်မှာ လွန်စွာ ကြည်နူးခြင်း ဖြစ်လေ၏ ။


“ ဦးလေး မနေ့က ဘယ်လည်နေသလဲ ၊ ကျွန်မတို့ ဆီထမင်း ထိုးစားကြတယ် ၊ ဦးလေး ငတ်တာပဲ ” ဟူသော မယ်ဖြူ၏ စကားများကို ကြားရသောအခါ စားရသလို ဖြစ်၍ သွားလေ၏ ။ သို့ဖြစ်၍ နှုတ်ပါးစပ် အမူအရာက လူကြီး ဖြစ်လျက် စိတ်နှလုံးမှာကား ကျိတ်လုံးကို မလျှော့ဘဲ မျှော်လင့်ခြင်းစိတ်ဖြင့် နိုးလျက်တွင် မက်လျက်နေခဲ့ လေ၏ ။


ကျိုက်ထီးရိုးဘုရားကို ဖူး၍ ပြီးသောအခါ မယ်ဖြူ၏ အရီးဖြစ်သူက မော်လမြိုင်ရေပွဲကို ကြည့်ရန်သွားဖို့ စိတ်ကူးရသဖြင့် မလိုက်နိုင်သော အဖော်များကို ရွာသို့ ပြန်စေပြီးနောက် မယ်ဖြူနှင့် တကွ အခြား အဖော် အနည်းငယ်နှင့် မော်လမြိုင်သို့ ခရီးဆက်ကြသောအခါ ဘိုးမောင်  က ၎င်းတို့ကို စိတ်မချနိုင်သဖြင့် လိုက်ပါရန် တာဝန်ကို ခံလိုက်လေ၏ ။ ဘိုးမောင်မှာ မိမိ၏ တစ်သက်တွင် ထိုအခါလောက် အဘယ်အခါကမျှ မပျော်ခဲ့ချေ ။ သို့ဖြစ်၍ မနုဿလူ့ပြည်သည် အဟုတ်တကယ် ပျော်စရာ ကောင်းသော ဌာနပေတကားဟု အခါခါ တွေးမိလေသတည်း ။


ထိုကဲ့သို့ မနုဿနတ်ပြည်သို့ ရောက်၍ နေလေရာ မုတ္တမကူးတို့ ၊ သင်္ဘောပေါ်သို့ ကျကာမှ လူ့ပြည်သို့ ပြန်၍ ရောက်လေ၏ ။


အကြောင်းမူကား ထိုသင်္ဘောပေါ်၌ ယောက်ျားပျို ဘိုကေချောချောကလေးတစ်ယောက်၏ မျက်လုံးများနှင့် မယ်ဖြူ၏ မျက်လုံးများ အရှိန်သည် တစ်ချက်တစ်ချက် ပေါင်းကူးကြသည်ကို ဘိုးမောင်၏ လျင်မြန်သော မျက်လုံးများသည် မကြာခဏ ဖမ်းမိလေ၏ ။ သို့ဖမ်းမိလေရာ ကြီးစွာ မခံမရပ်နိုင် ဖြစ်လေ၏ ။ အကြောင်းမူကား ထိုကဲ့သို့သော ဘိုကေကာလသား လူချောကလေးများသည် မိမိလို လွှထောင်အလုပ်ကို မလုပ်ကြသူတွေ ဖြစ်လေရာ အလကား လူပိုကလေးတွေ ဖြစ်သည် ။ မယ်ဖြူသည် ထိုကဲ့သို့သော ကောင်ကလေးမျိုးကို ဂရုစိုက်မည့် မိန်းကလေး မဟုတ် ။ ထိုကဲ့သို့သော ဘိုကေလူပိုကလေးများ ကို မိမိ အမြင်ကပ်သလို မယ်ဖြူတည်း ဟူသော အလိမ္မာကလေးသည်လည်း အမြင်ကပ်မှာပဲဟု အောက်မေ့ခဲ့လေရာ အခုလို မြင်ရသောအခါ အကောင်က ကြည့်အားကြီးလို့ မယ်ဖြူက မုန်းမုန်းနှင့် ကြည့်တာပဲဟု အစဦး၌ အယူရှိလေ၏ ။ ထို့နောက် ထပ်ကာထပ်ကာ မယ်ဖြူ ကြည့်သည်ကို မြင်ရသော အခါကျမှ စိတ်ထဲ၌ မခံချိ မခံသာ နာကျင်ခြင်း ဖြစ်ရှာလေသတည်း ။


သို့မခံနိုင်အောင် ရှိသဖြင့် ၎င်းတို့ နှစ်ယောက်ကို လွန်စွာ ဂရုစိုက်ရလေရာ ခါးပိုက်နှိုက်ယောက်ျားများ သင်္ဘောပေါ်မှာ ရှိချေက ၎င်း၏ အိတ်မှာ ဖြူခါကျဖို့ ရှိလေ၏ ။


မော်လမြိုင်ဘက်သို့ ရောက်ခါနီးသောအခါ မယ်ဖြူသည် အဖော် မိန်းမတစ်ယောက်နှင့် လက်ဖက်ရည် သောက်၍ အခြား အဖော်များ ရှိရာသို့ ပြန်အလာတွင် ကုန်းပတ်ပေါ်၌ ခြေချော်၍ လဲလေ၏ ။ သို့သော်လည်း ဦးခေါင်းနာ၍ မေ့မြောလောက်အောင် ၊ ဦးဆက်ပြုတ်၍ သေလောက်အောင် အသင့်စောင့်၍ နေသော သံချောင်းကြီး တစ်ခု၏ အပေါ်သို့ ဦးခေါင်းမကျမီ တစ်စုံတစ်ယောက်သည် ဖမ်းကိုင်ပွေ့ထူ၍ ထားလိုက်လေရာ မျက်စိ မပြတ်အောင် ကြည့်၍ နေသော ဘိုးမောင်သည် ပြေး၍ လာပြီး ပွေ့ထားသူကို အတင်းဖယ်ကာ မယ်ဖြူ၏ ကျောကို မိမိ၏ လက်နှင့် ကိုင်မလိုလို ဖက်မလိုလို လုပ်လေ၏ ။


မယ်ဖြူသည် ဘိုးမောင်၏ လက်ကို ဖယ်ပြီး မိမိကို ပထမ ပွေ့ သူကို ကြည့်လေရာ မျက်လုံးချင်း ခဏခဏ ဆက်မိသော ယောက်ျားပျို ဘိုကေ၏ မျက်နှာကို မြင်ရလေ၏ ။ ၎င်းသည် ဘိုးမောင်ကို သရော်ပြုံး လှောင်ပြုံး ရယ်ပြုံး ပြုံးလျက် ကြည့်၍ နေလေသည် ။


“ ရှင် မကိုင်လိုက်ရင် ကျွန်မ ဒီသံချောင်းကြီးနဲ့ ထိပြီး ဘယ်လို နေမလဲ မသိဘူး ” ဟု သံချောင်းကို ငုံ့ကြည့်ကာ မယ်ဖြူက ပြောလေ၏ ။ ဘိုးမောင်သည်ကား ယောက်ျားပျိုကို ကြည့်ကာ မပြုံးချင် ပြုံးပြီး -


“ ဟုတ်တယ် မင်း မြန်ပေလို့ပဲ ” ဟု ပြောပြီး မယ်ဖြူ အနီးကပ်ကာ “ ဟဲ့ လာလေ ရောက်တော့မယ် ” ဟု ကြောင့်ကြသော အမူအရာနှင့် ပခုံး ကိုင်တော့မလို လုပ်ကာ ပြောလေ၏ ။


“ ကျွန်မ သိပါတယ် ပူစရာ မရှိပါဘူး ၊ သွားသာ သွားပါ ” ဟု မယ်ဖြူက ပြောပြီး ရပ်ကာ ကမ်းတစ်ဖက်ကို ကြည့်၍ နေလေ၏ ။ ယောက်ျားပျိုသည်လည်း မနီးမဝေးမှာ ရပ်လျက်နေလေ၏ ။


“ ရှင် မော်လမြိုင်ကလား ” ဟု ယောက်ျားပျိုအား မေးလေ၏ ။


“ မဟုတ်ပါဘူး ၊ ပုသိမ် ကပါ ၊ မော်လမြိုင် ရေကစားပွဲ ကျော်လွန်းလို့ ကြည့်ဖို့လာတာပဲ ၊ ဒီတစ်ခါပဲ ရောက်ဖူးပါတယ် ”


“ ကျွန်မလည်း ဒီတစ်ခါပဲ ရောက်ဖူးတယ် ။ ကံကောင်းလို့ရှင် ၊ ကျွန်မ ဟိုသံချောင်းကြီးနဲ့ ခေါင်းကို ထိရင် အခု ကျွန်မ ရှိတော့မှာ မဟုတ်ဘူး ။ ရှင် အင်မတန် မြန်တာပဲ ”


“ ကြည့်နေခိုက် ကြုံလို့ပါ ၊ သင်္ဘောပေါ်ရောက်ကတည်းက ကြည့်နေရတော့တာပဲ ” ဟု မယ်ဖြူ၏ နားနားသို့ မိမိ၏ ဦးခေါင်းကို ကပ်ရောက်အောင် စောင်းငဲ့ကာ တစ်စုံတစ်ရာကို လှမ်း၍ ကြည့်သလို လုပ်ပြီး ခပ်တိုးတိုး ပြောလိုက်လေ၏ ။ မယ်ဖြူ၏ နှလုံးသွေးသည် အချက်ပေါင်း တစ်ဒါဇင်လောက် အသွားအလာ မမှန်အောင် ဖြစ်၍ သွားလေ၏ ။ မယ်ဖြူသည် စဉ်းစားကာ အကဲခတ်သော မျက်နှာထားနှင့် ယောက်ျားပျိုကို ခပ်ချိုချိုကလေး ပြန်၍ ကြည့်၏ ။


“ ရှင် ဘယ်တော့ ပြန်မလဲ ”


“ အခုတော့ ကြည့်ပြန်ရမှာပဲ ။ တစ်ယောက်တည်းလည်း ဖြစ်နေတယ် ။ မင်းတို့ကော ”


“ ကျွန်မတို့လည်း ကြည့်ပြန်ရမှာပဲ ”


“ ဘယ်ကိုလဲ ”


“ ကျွန်မတို့က ပြည်လမ်း တောပိုင်းကပါ ”


ထိုအခိုက်တွင် သင်္ဘောသည် ကမ်းကို ကပ်လေ ၏ ။ ဘိုးမောင်သည် ကြိတ်၍ ချုပ်ရသော ဒေါသကြောင့် ဘာကိုမျှ မမြင်ဘဲ နေလေ၏ ။ နောက်ဆုံး၌ မယ်ဖြူ၏ အရီးထံ ကပ်ကာ မယ်ဖြူ ယောက်ျားပျိုတစ်ယောက်နဲ့ စကားပြောနေကြောင်း အရေးတကြီး ပြောလေ၏ ။


“ ကျွန်တော့်ကို ယုံကြည်လွှဲအပ်လိုက်တာ ကျွန်တော့်တာဝန် ဖြစ်မှာ စိုးတာပါ ၊ ဒါကြောင့် စကတည်းက ကျွန်တော် မခေါ်ခဲ့ချင်ဘူး ၊ ကြည့်စမ်းပါ အဒေါ် အခု ဖြစ်နေပုံ မတော်ပါဘူး အဒေါ်ရယ် ၊ ကျွန်တော်လည်း မပြောချင်ဘူး ” စသည်ဖြင့် အရေးတကြီး ပြောလေ၏ ။ 


မယ်ဖြူ၏အဒေါ်မှာ အာကြမ်းသော မိန်းမကြီး ဖြစ်လေရာ


“ မောင်ဘိုးမောင် မင်းက ဘာဖြစ်နေတာလဲကွဲ့ ၊ ငါ့တူမ ဒါလောက် မကဲပါဘူး ၊ မင်းက လင်နောက် လိုက်တော့မှာလို ပြောနေတာပဲ ၊ ခက်လိုက်ပါဘိ မောင်ဘိုးမောင်နှယ် မင်းလည်း ဒါကြောင့် ဂွကျတာပဲ ၊ အေး နေစမ်းပါ ... အပျော်အပါး လာကြတာကွဲ့ ၊ ပူစရာရှိရင် ငါပူမယ် ၊ ခုတင်က ဖြစ်တာ ငါမြင်လိုက်တယ် ” ဟု ပြောလေ၏ ။


ဘိုးမောင်မှာ မျက်နှာ ပျက်လွယ်သူ မဟုတ် ။ အခေါက်အသား ထူသူ ဖြစ်လေရာ မျက်နှာ ခပ်တင်းတင်းနှင့် နင်တို့ဘာသာ နင်တို့ ဘာဖြစ်ဖြစ်ဟု ပြောလိုသော အမူအရာမျိုးနှင့် ခါးထောက်ကာ တိုး၍ မတ်စွာရပ်လျက် အရေးပါသော လူတစ်ယောက်ကို လူတစ်ယောက်ယောက်က ပျောက်နေသောကြောင့် ကြည့်သလိုလို ဟိုဘက် သည်ဘက် ဦးခေါင်းလှည့်ကာ ကြည့်၍ နေလေ၏ ။ မယ်ဖြူကို များစွာ ဂရုစိုက်ဟန် မရှိတော့ချေ ။


သင်္ဘောတံတားကို ဆင်းသောအခါ ယောက်ျားပျိုက မယ်ဖြူကို အခြားလူများ မတိုးမထိရအောင် ကွယ်ကာသလို လုပ်၍ သွားလေ၏ ။ ယောက်ျားပျိုသည်ကား ဘိုးမောင်ကို လုံးလုံးကြီး ဂရုပြုဟန် မရှိချေ ။ မယ်ဖြူကို အရိပ်ကြည့်ကာ သွားလေ၏ ။


ထိုအခါမှစ၍ ၎င်းတို့သည် အသိမိတ်ဆွေ ဖြစ်ကာ မော်လမြိုင်ရေပွဲကို အတူတကွ သွားကြ၏ ။ မုပွန်၌ ပရိသတ် များစွာတို့၏ အထဲတွင် လူစုကွဲသောအခါ ၎င်း တို့မှာ မကွဲကြချေ ။


ဘိုးမောင်မှာ မယ်ဖြူကို လိုက်၍ ရှာရာ ချာချာလည်၍ နေလေ၏ ။ မယ်ဖြူ၏ အရီးကို အုန်းထမင်းဆိုင် တစ်ဆိုင်၌ တွေ့လေရာ မယ်ဖြူကိုရှာ၍ မတွေ့ ကြောင်း ထိတ်လန့်တကြား ပြောလေရာ -


အရီး ဖြစ်သူက “ ဘယ်သူ့ကိုမှ ရှာလို့ မတွေ့ဘူး ၊ မော်လမြိုင်မြို့မှာ အကြီးအကျယ် ဘာမှ စိုးရိမ်စရာ မရှိပါဘူး မောင်ဘိုးမောင် ။ မင်းလည်း ပျော်ရပါးရအောင် အလည် လိုက်ခဲ့တာဟာ မပျော်မပါးရ ၊ မယ်ဖြူ အတွက် စိတ်ပူရတာနဲ့ ပြီးတာပဲ ။ ပျော်ပျော်ပါးပါး နေမှပေါ့ကွဲ့ ။ ဘယ်သူ ဘာဖြစ်ဖြစ် ဘာမှ ဂရုမစိုက်နဲ့ ။ ကလေးတွေမှ မဟုတ်ဘဲ ။ သူတို့ကိုယ် သူတို့ ထိန်းလိမ့်မပေါ့ ။ တည်းတဲ့အိမ် အသိကြသားပဲ ။ အုန်းထမင်းစားကွဲ့ ၊ ဒုက္ခများမနေ ”


“ ကျွန်တော့်အပေါ် တာဝန်ကျနေမှာ စိုးလို့ အဒေါ် ” 


“ တာဝန်ကျတော့မှ ပူ ၊ မကျသေးခင် မပူနဲ့ ၊ အဒေါ် လည်း ရှိတယ် နေတာပဲ ”


“ အဒေါ် ပြောတော့ လွယ်တယ် ၊ ဟိုအကောင် တစ်ယောက်က ဘယ်ကမှန်း မသိဘူး ”


“ အေး … အေး မသေမီ တွေ့ကြရတာ ။ ဘယ်လူကမှ ဘယ်လူ့ကို ဘယ်ကမှန်း မသိကြရဘူး ။ တွေ့တုန်း တွေ့ကြရတာ ” ဟု ဒေါ်သန့်က ပြောလေ၏ ။ 


အုန်းထမင်းသည်သည် ဒေါ်သန့် စကားပြောတိုင်း ရယ်လေ၏ ။


ဒေါ်သန့်သည် မိမိကိုယ်တိုင် အပျော်အပါး ဝါသနာပါသူ ဖြစ်လေရာ ငယ်ရွယ်သူများ ပျော်သည့်အခါ မိမိမှာ အလိုလို သဘောကျ ပျော်ရွှင်၍ နေတတ်လေ၏ ။


သို့စကားပြောနေကြသော အခိုက်တွင် မယ်ဖြူနှင့် ၎င်းယောက်ျားကလေးသည် ထန်းတော၌ စကားပြော၍ နေကြလေသတည်း ။


သင်္ကြန်အခါ လွန်၍ ပြန်ကြသောအခါ၌လည်း မယ်ဖြူသည် ယောက်ျားပျိုကလေးနှင့် မီးရထားတွဲ ထောင့်တစ်ခုမှာ စကားပြော၍ လာကြလေ၏ ။ ဘိုးမောင် မှာ မယ်ဖြူ၏ အရီးနှင့် ထောင့်တစ်ခုမှာ စကားပြော၍ လာကြလေ၏ ။ လက်ပံတန်းဘူတာသို့ ရောက်၍ လမ်းခွဲ ကြပြီးနောက် မယ်ဖြူနှင့် ယောက်ျားပျို မောင်အော မှာ လူသာ ကွဲ၍ စိတ်မှာ မကွဲ ။ တစ်ယောက်ကို တစ်ယောက် စွဲမက်ကာ တသသ နေခဲ့ကြလေရာ သုံးနှစ်ခန့် ကြာ၍ သွားလေသတည်း ။


ဘိုးမောင်မှာ အထက်က နည်းတူ မယ်ဖြူ၏ မိဘများနှင့် ဆက်လက် ခင်မင်၍ နေခဲ့လေ၏ ။ မယ်ဖြူသည်ကား ရှေးကလောက် အရောတဝင် မရှိခဲ့တော့ချေ ။ အကြောင်းမူကား ဘိုးမောင်၏ စိတ်အကြံကို မုတ္တမ ကူးတို့ သင်္ဘောပေါ်မှ စ၍ သိခဲ့လေ၏ ။ ထို့အပြင် ၎င်း သင်္ဘောပေါ်၌ တွေ့ခဲ့ရသော ယောက်ျားပျိုကို မမေ့နိုင် ဘဲနေလေ၏ ။ ဘိုးမောင်သည် မယ်ဖြူ နှင့် ထိုယောက်ျားပျိုကို တွေ့၍ အကျွမ်းတဝင် ဖြစ်ခဲ့သည့်အကြောင်းကို ပြော၍ ပြလေ၏ ။ သို့သော်လည်း ထိုကိစ္စမှာ ဘိုးမောင် ထင်မှတ်သလောက် အရေးမကြီး ၊ မယ်ဖြူ၏ အရီးကလည်း အရေးမကြီးလောက်ကြောင်း ၊ ယောက်ျားပျို မိန်းမပျိုတို့မှာ ထိုကဲ့သို့သော နည်းမျိုးနှင့် တွေ့ကြရာ၌ အသိမိတ်ဆွေ ဖြစ်ကြခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ကြောင်းကို ပြော၍ ပြသဖြင့် ဘိုးမောင်မှာ ထို အကြောင်းကို ပြောခြင်းကြောင့် မယ်ဖြူ၏ မိဘများထံ၌ အထူးပိုမို၍ မျက်နှာမရ ၊ မယ်ဖြူ၏ မုန်းထားခြင်းကို ခံရရုံမျှ ရှိခဲ့လေ၏ ။ ထိုယောက်ျားပျို မတော် တဆ ပေါ်၍ လာမှာကို အမြဲ စိုးရိမ်ခဲ့၏ ။ သုံးနှစ် ကြာ၍မှ မပေါ်လာတော့သည်ကို သိရသောအခါ စိတ်ထဲ၌ အတော် အေးပြီး မယ်ဖြူ၏ စိတ်နှလုံးထဲ၌ အချစ်၏ အခန်းဆောင်ကလေး တစ်ခုကို သေသေချာချာ ရဖို့ရန်သာ ဆက်လက် ကြိုးစားလေ၏ ။ သို့ကြိုးစားသော်လည်း မယ်ဖြူမှာ ဘိုးမောင်ကို ချစ်ဖို့ မဆိုထားဘိ ဦးလေး ဟူသော စကားကိုမှ ရှေးကလို လွယ်ကူစွာ အသုံးမပြုဘဲ နေလေတော့သတည်း ။


တစ်နေ့သ၌ ဈေးထဲမှာ အထည်ဆိုင် တစ်ဆိုင်တွင် ဘိုးမောင်သည် ဘန်ကောက်လုံချည်တစ်ထည်ကို ဝယ်၍ နေလေ၏ ။


ဘိုးမောင်သည် အဆင်ကို လွန်စွာ သဘောကျ၏ ။ ဤသင်္ကြန် နှစ်သစ်ကူးအခါ၌ မယ်ဖြူ၏ အိမ်ရှေ့တွင် စတိုင်လုပ်ရန် အတွက် မိမိနှင့် လွန်စွာတော်သော အဆင် ပဲဟု သဘောကျ၍ နေလေ၏ ။ သို့သော်လည်း အုပ်လုံး မယူနိုင် ၊ လုံချည်တစ်ထည်စာမျှ လိုချင်လေရာ ဆိုင်ရှင် မိန်းမကြီးက


“ ဖြတ်လို့တော့ မရောင်းနိုင်ဘူးမောင် ၊ အုပ်လုံးယူမယ်လို့ မှာထားတဲ့လူတစ်ယောက် ရှိနေလို့ပါ ။ တော်တော်ကြာရင် လာမယ်လို့ ပြောသွားတယ် ” ဟု ပြောလေ၏ ။ ထိုအခိုက်တွင် ယောက်ျားပျို တစ်ယောက် ဆိုင်ရှေ့သို့ ရောက်လာလေရာ ဆိုင်ရှင် မိန်းမကြီးက-


“ မောင်အောရေ မင်းနဲ့ အတော်လိုက်တာကွယ် ၊ ဟောဒီ အဆင်ဟာ ဒီမောင်ရင်က တစ်ဝတ်စာ လိုချင်လို့ ၊ အဒေါ်ကလည်း ဖြတ်မရောင်းနိုင်ဘူး ။ တစ်ဝတ်စာ ယူပါ လားကွယ် ” ဟု ပြောလေ၏ ။


မောင်အောသည် ဆိုင်ပေါ်၌ တစောင်းထိုင်ရင်း ဘိုးမောင် ကို မြင်သောအခါ မျက်နှာမှာ စိုက်ကာ ကြည့်၍ နေလေ၏ ။ နှုတ်ဆက် မလိုလို လုပ်ပြီးမှ နှုတ်မဆက်ဘဲ နေလေ၏ ။ မောင်အောသည် ဘိုးမောင်ကို အဘယ်မျှလောက် မလိုလားသော်လည်း မိမိချစ်သော မယ်ဖြူကို တွေ့ ရဖို့ရန် အဆက်ဖြစ်သဖြင့် ဘိုးမောင်ကို မြင်ရုံနှင့် အတိုင်းမသိ ဝမ်းမြောက်ခြင်း ဖြစ်လေ၏ ။ ထိုမြို့ သို့ အလုပ်နှင့် ရောက်၍ လာသည်မှာ တစ်လ မပြည့်သေးချေ ။ မယ်ဖြူ နှင့်တွေ့ပြီး သုံးနှစ်ကြာခဲ့သဖြင့် ပူနွေးသောအချစ်သည် မှေးစပြုသော်လည်း ကံအားလျော်စွာ မယ်ဖြူ ရှိနေသော မြို့သို့ ရောက်၍ လာသောအခါ သတိရသဖြင့် ရှိမှ ရှိသေးရဲ့လား ၊ ယောက်ျားများ ရလေသလား ၊ ဘယ် အနားမှာ ရှိပါလိမ့်မလဲဟု သိရအောင် ကျိတ်ကာ ကြိုးစား၍ နေလေ၏ ။


မယ်ဖြူသည်ကား မြို့ကိုသာ ပြောခဲ့၏ ။ ရွာအမည် ကိုကား မပြောခဲ့ချေ ။ သို့ဖြစ်လေရာ မည်သူ့ကိုမျှ မေး၍ မရဘဲ နေခဲ့လေ၏ ။ သို့ဖြစ်သောကြောင့် ဘိုးမောင်ကို မြင်သောအခါ လွန်စွာ ဝမ်းမြောက်ခြင်း ဖြစ်လေ၏ ။ ဘိုးမောင်သည်ကား မမှတ်မိတော့ဘဲ ရှိလေတော့၏ ။ အကြောင်းမူကား မောင်အော မှာလည်း ထိုအခါ၌ ဘိုကေ မဟုတ် ဆံပင်အရှည်နှင့် ခေါင်းပေါင်းပေါင်း၍ နေလေ၏ ။ ဘိုးမောင်သည် မိမိကို အဘယ်မျှလောက် မုန်းသည်ကို မောင်အော သိလေ၏ ။ သို့ဖြစ်သောကြောင့် နှုတ်မဆက်ဘဲ နေခြင်း ဖြစ်လေ၏ ။


အထည်ကို ကိုင်၍ ကြည့်ကာ -


“ ဟုတ်ကဲ့အဒေါ် ကျွန်တော်နဲ့ တော်လိမ့်မယ် ထင်တယ် ။ ကျွန်တော် နှစ်သစ်ကူးအတွက် ဝယ်မလို့လာတာပဲ ” ဟု မောင်အော က ပြောပြီး ဈေးတည့်ကြ၍ လုံချည် တစ်ဖြတ်စီ ယူကြပြီး ဆိုင်ရှေ့၌ ရှိသော စက်မှာ ချုပ်၍ နေကြစဉ် မောင်အော နှင့် ဘိုးမောင် အသိမိတ်ဆွေ ဖြစ်ကြလေ၏ ။


ဘိုးမောင်က မောင်အောအား ညောင်သုံးပင်ရွာသို့ လာ၍ လည်ရန် ပြောလေ၏ ။


“ ဦးထိန်သီးသား ကိုဘိုးမောင် ဆိုရင် ဘယ်လူမဆို သိပါတယ် မိတ်ဆွေ ၊ ညောင်သုံးပင်ဟာ လူဆိုးများတယ် ဆိုတာ မှန်ပါတယ် ။ သို့သော်လည်း ကျွန်တော်နဲ့ ပတ်သက်ရင် မှဲ့တစ်ပေါက် မစွန်းစေရပါဘူး ။ ကျုပ် လက်အောက်မှာ အလုပ်သမား နှစ်ဆယ်ကျော်ရှိပါတယ် ။ ညောင်သုံးပင် မှာတော့ အခုအခါ ကျွန်တော်ဟာ လက်ညှိုးညွှန်ရာ ရေဖြစ်ပါတယ် ။ အခါတွင်းမှာ ဆက်ဆက် လာဖြစ်အောင် လာပါ ၊ ကြိုက်တတ်တာ ရနိုင် ပါတယ် ” ဟု ဘိုးမောင်က ပြောလေ၏ ။ မောင်အော ကလည်း အားရဝမ်းသာ လာပါ့မယ်ဟု ကတိထားလိုက်လေ၏ ။ ဘိုးမောင်လည်း လုံချည်ဖိုးကို ပေးပြီး သုတ်သီးသုတ်ပြာ ထွက်၍ သွားလေ၏ ။ သို့သွားရာ ဗေဒင် အတတ် ၊ ပယောဂအတတ်၌ လွန်စွာစွမ်းသဖြင့် ‘ သိကြားဘ ’ ဟု နာမည်ရသော ဆရာဘ၏ အိမ်သို့ ရောက်၍ သွားလေ၏ ။


ဘိုးမောင်သည် မဖြူ အတွက် ဆရာဘ ကို ကပ်၍ နေသည်မှာ အတော်ပင် ငွေကြေးကုန်ကျခဲ့သော်လည်း ရနိုးဘဝမှ မတက်ခဲ့ချေ ။ ဆရာဘကလည်း ဘိုးမောင် အကြံ အောင်မြင်အောင် မတတ်နိုင် ။ ဆေးဖယောင်းတိုင်ဖိုးတွေကို စားရအား ကြီးသဖြင့် အားနာ၍ နေလေရာ ဘယ်နည်းနှင့် မဆို ကူညီရန် အမြဲ အသင့်ရှိလေ၏ ။


“ ဆရာ တစ်နေ့က အမှာအတိုင်း မီးထွန်းပြီး မနက်ကျတော့ အိမ်ရှေ့ကို ယောင်ပေယောင်ပေနဲ့ ရောက်လာတယ် ဆရာရဲ့ ” ဟု ဘိုးမောင်က ပြောလေ၏ ။


“ ဆရာ မပြောဘူးလား ၊ တစ်ဖက်က အဖျက်အဆီး ရှိနေလို့ အခုလို ကြာနေတာ တပည့်ရဲ့ ၊ လာပြီးတော့ ချော် မသွားဘူးလား ”


“ တစ်အိမ်ခြား ဒေါ်မို့အိမ်ကို ဝင်ပြီး ကင်းပုံသီးဆိုလား ခူးသွားသတဲ့ ”


“ အင်း ... အင်း ၊ သိပြီ ... သိပြီ အခုဖြစ်နေတာက ဆရာ့မှာ အခါတိုင်းလို မဟုတ်ဘူး ။ စစ်တိုက်နေရတာ ။ မင်းလိုပဲ ကြံနေတဲ့ တခြားတစ်ဦး ရှိတယ် ။ ဒီတော့ကာ ဟိုဘက်ယောင်ယောင် ဒီဘက်ယောင်ယောင် ဖြစ်နေတယ် ။ သင်းလာတာတောင် လာမှန်းသိမှာ မဟုတ်ဘူး ” 


“ ဟုတ်လိုက်တာ ဆရာရယ် ၊ အိမ်က လူလွှတ်ခေါ်ရသတဲ့ ။ မေ့ပြီး စကားပြောနေသတဲ့ ”


“ အသံ ကျယ်ကျယ်ကလေးများ ရယ်ကာ မကြားမိဘူးလား ”


“ အဲ .. ဟိုနေ့က ရယ်တာပေါ့ ဆရာ ” 


“ တပည့် အိပ်မက်မက်တယ် မဟုတ်လား ။ စင်းစင်းကြီးကို မက်ရမယ် ။ မှန်မှန်ပြော ဆရာ့ကို မရှက်နဲ့ ” ဟု မျက်နှာကို မော်ကာ မျက်ဖြူလန်လျက် ကြမ်းကို လက်နှင့် ထောက်ကာ ဆရာက ပြောလေ၏ ။ ဘိုးမောင်သည် ရှက်သလိုလို နေပြီးမှ -


“ မက်တယ်ဆရာ ” ဟု ခေါင်းငုံ့ကာ ပြောလေ၏ ။ 


“ အဲဒါပဲ ၊ တစ်နေ့က ဒါကြောင့် သိကြပလားဟေ့လို့ လေးကျွန်း လေးဆူ တစ်ဆူ အဝင်ကွဲ့ လို့ စေတမန် လွှတ်လိုက်တယ် ။ ဒီတော့မှ နောင်တော်ကြီးဘုရား ဘယ်လိုလေး ဘယ်ညာလေးနဲ့ လျှောက်တာကလား တပည့်ရဲ့ ။ မကြာမီ သိရပါစေ့မယ် ။ ဟိုတစ်နေ့က ပေးလိုက်တာကော လုပ်တဲ့လား ”


“ မအားလို့ဆရာ မလုပ်ရသေးဘူး ”


“ တယ်ပေါ့တာကိုး တပည့်ရဲ့ ။ ဆရာ့ကိုလည်း တစ်ဖက်တစ်လမ်း ကူညီဦးမှာပေါ့ ။ ဆရာကချည်း လုပ်နေရလို့ ဘယ်ဖြစ်မလဲ ”


“ ဒီလို ဆရာရဲ့ ၊ ကျွန်တော့် သဘောရတာကို ပြောပါရစေ ။ ဆရာနဲ့ တွေ့ ကတည်းက ကောင်မလေးတော့ တစ်မျိုး ဖြစ်နေတာပဲ ။ သူ့သဘောအတိုင်း ဆိုရင် နေရာ ကျပြီပဲ ။ ဆရာ စီရင်တာတွေ ဟုတ်တာချည်းပဲ ။ ထဘီ ပြင်ဝတ်တာ မြင်ရမယ် ဆိုတာလည်း မြင်ရတာပဲ ။ အိပ်မက်တာတော့ မပြောနဲ့ ဆရာ ။ အိပ်မက်မှာ ဆရာ့ သတ္တိဟာ အထင်ရှားဆုံးပဲ ။ ကျွန်တော့်ကို မြင်ရင် ချာခနဲ လှည့်သွားလိမ့်မယ် ဆိုတာလည်း မှန်တာပဲ ။ ကျွန်တော် ပြောချင်တာက .. ”


“ ဒါက ဟိုဘက်က ဆွဲတဲ့ကြိုး ၊ ဒါကြောင့် သေသေချာချာကြည့်လို့ ဆရာက မှာတာပေါ့ တပည့်ရဲ့ ။ ကိုင်း ... ကိုင်း မပြောစရာရှိတာ ပြောဦး ” 


“ ဒီလိုဆရာ သူ့သဘောအတိုင်းတော့ နေရာကျနေပြီ ။ ဒါတော့ ကျွန်တော် ယုံတယ် ။ လူကြီးများက ခက်နေတယ် ။ သူတို့ ပါရင် အပင်လဲတာပဲ ဆရာရဲ့ ။ ဒီတော့ ဆရာ တစ်ခု လုပ်စေချင်တယ် ။ သူ့အမေက မင်္ဂလာ ၊ အမင်္ဂလာ အင်မတန်ရွေးတယ် ။ အတိတ်နိမိတ်လည်း အင်မတန်ယူတာပဲ ။ ဆရာလည်း အသိသားပဲ ။ သူတို့လည်း ဆရာ့တပည့်တွေကိုး ”


“ ဘယ်လို လုပ်စေချင်သလဲဆို ... ” 


“ ဒီလိုဆရာ ဆရာ သူတို့အိမ် သွားပြီး လူတစ်ယောက် အုတ်အုတ်ကြွက်ကြွက် စိုစိုပြည်ပြည် မင်္ဂလာရှိသော အဝတ်အစားသစ်နဲ့ အိမ်ပေါ်ကို အလောသုံးဆယ် ရောက်လာလိမ့်မယ် ။ ဒီလူကို အိမ်ပေါ်က ပြန်မဆင်းစေနဲ့ ။ အေးချမ်းသာယာ စိုပြည်ဝပြော မင်္ဂလာအပေါင်းတို့ကို ဆောင်သောသူမြတ် ဖြစ်တယ် ။ အဲဒီလိုသာ ဟောဖို့ ဆရာ့ကို တောင်းပန်ချင်တာပဲ ” ဟု ဘိုးမောင်က ပြောလေ၏ ။ ဆရာက ပြုံးလျက် စဉ်းစား၍နေလေ၏ ။


“ ဆရာက မုသား ဟောရမှာပေါ့ ” 


“ ဘယ်က မုသားရမလဲ ဆရာ ၊ ဆရာ့အဟော မှန်ဖို့က ကျွန်တော့် တာဝန်ပေါ့ ” က


“ အေး ဒါလည်း ဟုတ်ကဲ့ ၊ မင်း ဘယ်လောက် ပူဇော်မလဲ ”


“ တစ်ရာဆရာ ၊ တစ်ရာ ၊ အခုည ကျွန်တော်လာပြီး ကန်တော့မယ် ၊ အဲဒါ ဆရာက လုပ်ဖို့သာ လိုတာပဲ ”


ဆရာ၏ မျက်နှာသည် လင်းတောက်လျက် အတန်ငယ် ကြာစွာ စဉ်းစား၍ နေပြီးမှ -


“ ဆရာက တိုက်ရိုက်ကြီး သွားဖို့ အခက်သားပဲ ။ တမင်ဉာဏ်ဆင် လာတယ် ထင်ရင် ဘယ့်နှယ် လုပ်မလဲ ” 


ဘိုးမောင်သည် ဘာမပြော ညာမပြော လက်ဝါး နှစ်ဖက်ကို ပါးစပ်ကို ကပ်ကာအုပ်ပြီး ဝုတ်ဝုတ် ဟု ဟောင် လိုက်လေရာ ခွေးဟောင်သံထွက်၍လာသဖြင့် မီးဖိုနား၌ ဝပ်၍ နေသော ဂုတ်ကြားသည် ဟုန်းခနဲထ၍ ဟိန်းပြီး အိမ်ပေါ်မှ ခုန်ဆင်းလေ၏ ။


ဒါဘာလဲဟု ဆရာက အံ့အားသင့်ကာ ပြုံးလျက် မေးလေ၏ ။


“ ဆရာက ခရီးလွန်ပြီး ညဉ့်နက်မှပြန်လာ သူတို့ အိမ်ရှေ့ကျတော့ မှောင်နေလိမ့်မယ် ။ ကျွန်တော်က ခွေး လုပ်ပြီး လိုက်မယ် ။ ဆရာက သူ့တို့ အိမ်ကို အတင်းပြေး ဝင် ၊ ပြီးရော မဟုတ်လား ။ ဆရာ့ကို မသင်္ကာ မရှိမယ့် အပြင် သူတော်ကောင်းနတ်များ ခွေးယောင်ဆောင်ပြီး ပို့လိုက်တယ်လို့တောင် ထင်ဦးမှာပါ ။ အဲဒါ လုပ်ရင် နေရာကျမှာ ကျိန်းသေပဲ ။ သူ့အမေက အစစအရာရာမှာ မင်္ဂလာ အင်မတန်ရွေးတယ် ”


“ အေး ... ဟုတ်ပြီ ၊ ငါ့ တပည့် တော်တော်ခွေးနဲ့ အတူသားပဲ ”


“ ညကျရင် ဆရာ ဘယ်မှ မသွားနဲ့ ။ အခါ နီးပြီ ဆရာ ။ စိုစိုပြည်ပြည် ဆိုတဲ့ မင်္ဂလာကိုတော့ နောက်ကျရင် ဆရာ သိမှာပဲ ။ သင်္ကြန်အတွင်းမှာမှ ဖြစ်မှာ ဆရာ ” ဟု ပြောပြီး ထွက်သွားလေ၏ ။


နောက်တစ်နေ့ည တိုင်ပင်၍ ထားသည့်အတိုင်း ဆရာသည် အုတ်တွင်းရွာ ဘက်မှ ညောင်သုံးပင်ရွာကို ကူးဖြတ်၍ လာရာ မယ်ဖြူတို့၏ အိမ်ရှေ့သို့ ရောက်သောအခါ အတော်မှောင်၍ နေလေ၏ ။ ဆရာသည် တောင် မြောက်လေးပါး  ကြည့်ကာ ခေတ္တ ရပ်လေ၏ ။ မယ်ဖြူတို့ အိမ် ခေါက်တံခါးတစ်ရွက်မှာ ဟလျက် မီးရောင်မှိန်မှိန်ကလေး အိမ်ရှေ့သို့ထွက်၍ နေလေ၏ ။


ထိုအခိုက်တွင် အုတ်လမ်းတစ်ဖက် ဘီးစပ်ရုံ အကြားမှ ခွေးနက်ကြီးဟု မှတ်ထင်ဖွယ်သော အကောင် မည်းမည်းကြီး ထွက်၍ လာပြီး ပြင်းထန်စွာ ဟောင်ရင်း ဆရာကို ထိုး၍ လိုက်လေ၏ ။ ဆရာလည်း ထိတ်လန့် တကြား အော်လျက် မယ်ဖြူတို့၏ အိမ်ခွေးကတက်ကို ရောက်အောင် ပြေးပြီး တက်လေ၏ ။ အိမ်သားများ ပြူ၍ ထွက်လာပြီး -


“ အလို … ဆရာပါကလား ၊ မိုးချုပ်လှချည့်လား ၊ ဘယ်က ခွေးပါလိမ့်မလဲ ” မယ်ဖြူ၏အမေက ပြောလေ ၏ ။


“ ရေပေးစမ်းပါဟဲ့ ၊ လန့်လိုက်တာဟယ် ။ တစ္ဆေ သရဲ ဒါလောက် တစ်ခါမှ မလန့်ခဲ့ဘူးဟဲ့ ” ဟု ကတုန်ကယင်နှင့် ပြော၏ ။ ထိုအခိုက်တွင် လူတစ်ယောက်သည် ခွေးကို အုတ်ခဲနှင့် လိုက်၍ ပေါက်ရာ လယ်ပြင်ထဲ တွင် မည်းမည်းမည်းမည်းနှင့် ခွေးပျောက်၍ သွားလေ၏ ။ နံနက်မိုးလင်းသောအခါ ဘိုးမောင်၏ ဦးခေါင်းတွင် ပတ်တီးစည်းလျက် တွေ့ကြရလေ၏ ။ လွန်ခဲ့သောညဉ့်၌ မြို့က အပြန် အုတ်လမ်းပေါ်မှာ ခြေချော်၍ လဲသည်ဟု ကြားသိရလေသတည်း ။


သင်္ကြန်အခါ နီးကပ်၍ လာလေ၏ ။ မွန်းလွဲအချိန် ဘိုးမောင်၏ လွှစင်အနီး တဲကလေး၌ ဘိုးမောင်သည် ဧည့်သည် တစ်ယောက်ကို အဖော်များနှင့် ဧည့်ခံ၍ နေလေ၏ ။ ထိုဧည့်သည်သည်ကား မြို့က ရုံးစာရေးကြီး မောင်အော ဖြစ်လေ၏ ။


ဘိုးမောင်သည် မောင်အော အား စားဖွယ်သောက်ဖွယ် အမျိုးမျိုးနှင့် ဧည့်ခံလေ၏ ။ ထန်းရည် ငါးမြူ ခြောက်မြူလောက် ကုန်ကြသောအခါ မူးစပြုကြလေ၏ ။ ထိုအခါ ဘိုးမောင်သည် ဧည့်သည်အား အခြားလူ တစ်ယောက် နှစ်ယောက်နှင့် ထားခဲ့၍ မိမိ၏ အဖော် လေးငါးယောက်ကို တောစပ်တစ်ခုသို့ ခေါ်၍ သွားပြီး ဝိုင်း၍ ထိုင်ကာ ဘိုးမောင်က လက်ချာပေးလေ၏ ။ တဲ၌ ကျန်ရစ်သော မောင်အောသည်ကား ၎င်းတို့ ဘာများ ကြံကြသလဲ ၊ ငါ့ကိုများ သ,တ်ဖို့ကြံသလား စသည်ဖြင့် တွေးတောကာ မသင်္ကာဖြစ်၍ နေသဖြင့် မြို့ကို ပြန်ဖို့ရန် ကြံလျက် လက်ပတ်နာရီကိုသာ အခါခါ ကြည့်လေ၏ ။ ထိုအခါ ညနေ လေးနာရီခွဲ ငါးနာရီအချိန်လောက် ရှိလေ၏ ။ မောင်အော နှင့်အတူ ထန်းရည်သောက်၍ နေသော လွှသမားတစ်ယောက်က မောင်အော ဝတ်ထားသော ဘန်ကောက်လုံချည်ကို ကြည့်ပြီး တောစပ်၌ စကားပြော နေသော ဘိုးမောင်ကို လှမ်းကြည့်ကာ “ ခပ်ဝေးဝေးက ဆိုရင် စာရေးကြီးနဲ့ ကိုဘိုးမောင်ဟာ ညီအစ်ကို ဆို ယုံကြမှာပဲ ၊ အခု သူဝတ်ထားတဲ့ လုံချည်နဲ့ စာရေးကြီး ဝတ်ထားတဲ့ လုံချည် တဖြတ်ထဲလား ” ဟု မေးလေ၏ ။


မောင်အောက “ တဖြတ်ထဲပဲ ၊ ဒီလုံချည်နဲ့ ပတ်သက်ပြီး မိတ်ဆွေ ဖြစ်လာတာပဲ ” ဟု အကြောင်းကို ပြောပြလေ၏ ။


ဘိုးမောင်သည်ကား မိမိနှင့် စကားပြောနေသူများအား ငွေတစ်ကျပ်စီ ထုတ်၍ ပေးပြီး “ အကြပ်နေ့ ညနေ ဘက်မှာ မယ်ဖြူတို့ အိမ်အနီးအနားမှာ ဖလားများ ၊ ပြွတ်များနဲ့ မင်းတို့က ကခုန်ဆူညံနေကြ ၊ ငါက အဝတ်သစ် အစားသစ်များနဲ့ လျှောက်လာခဲ့မယ် ၊ မယ်ဖြူတို့ အိမ်ရှေ့ တည့်တည့်ကို ငါရောက်ရင် ရောက်ချင်း လိုက်ဟဲ့ ဖမ်းဟဲ့ ဆိုပြီး အောင်ပါလေ သပြေပန်းနဲ့ ရေချမ်းကိုလောင်း ဆိုတဲ့ တေးနဲ့ ငါ့ကို အားရှိပါးရှိ စိုရွှဲအောင် လောင်းရမယ် ။ လောင်းရုံမက ဘာလီပုံးနဲ့ တအား ရေလုံးကြီးကြီး ငါမခံနိုင်အောင် အညှိုးနဲ့ ပက်သလိုပက် ၊ ငါ သူတို့ အိမ်ကို တက်ပြေးမှ မင်းတို့ ရှောင်သွားကြ ။ အခု ပေးတာ စရန် ၊ ငါပြောတဲ့ အတိုင်းကျနရင် ငါးကျပ်စီ မင်းတို့ကို ဟိုနေ့မှာ ထပ်ပေးမယ် ” စသည်ဖြင့် ပြောလေ၏ ။


၎င်း၏ လူများလည်း အားရဝမ်းသာ အာမခံကြလေ၏ ။ 


“ အာမခံရုံနဲ့ မပြီးဘူး ၊ ဒီအကြံကိုလည်း ဘယ်သူ့ကိုမှ မပြောပါဘူးဆိုတာ မင်းတို့ ကျမ်းသစ္စာ ကျိန်ဆိုဝံ့ပါ့ မလား ”


၎င်းလူများက ကျိန်မည်ဟု ပြောကြရာ တစ်ယောက်က -


“ ဒီလိုနဲ့ ဘာကျေနပ်နိုင်မလဲ ၊ ခင်ဗျား ဘယ်လောက် ကြီးကြီးကျယ်ကျယ် ကြံတယ် ဆိုတာ ဘယ်လူ သိမလဲ ။ ဒီတော့ အခု ငွေးငါးကျပ်စီ ပေးရင် အခု သစ္စာ ရေသောက်မယ် ” ဟုပြောလေရာ အားလုံးက ထောက်ခံ ကြလေ၏ ။ သို့ဖြစ်၍ သစ္စာရေသောက်ရန် လယ်ကွင်း ထဲရှိ ရေတွင်းတစ်ခုသို့ သွားကြလေ၏ ။ ထိုရေတွင်းမှာ အတော်ဝေးသော ရေတွင်း ဖြစ်လေ၏ ။ ထိုအခါ နေ မနည်းကျ၍ သွားလေ၏ ။


မောင်အောမှာ ထန်းရည်မူးလျက် “ ငါ့ကို ဘာများ လုပ်ကြမလို့ပါလိမ့်မလဲ ” ဟုတွေးကာ ကြောက်ရွံ့၍ ပြေးပေါက်ကိုရှာကြံစိတ်ကူးပြုလေ၏ ။ သစ္စာရေ သောက်၍ ပြီးကြသဖြင့် ငွေငါးကျပ်စီနှင့် သူ့လမ်းကိုယ့်လမ်း သွားကြရာ ဘိုးမောင်သည်ကား ရေတွင်း အနီး၌ မိမိ အယုံကြည်ဆုံး အဖော်နှင့် ဆက်လက်တိုင်ပင် စကားပြော၍ နေရစ်လေ၏ ။


သာဗျောင်း နှင့် ဘိုးနက် ခေါ်သူ နှစ်ယောက်သည်ကား တစ်တွဲသတ်သတ် ရွာသို့ စကားပြောရင်း ပြန်၍ လာကြလေ၏ ။ 


“ ဘယ့်နှယ် အကြံလဲကွဲ့ ၊ ဒီအကောင်ကြီးတော့ မယ်ဖြူကို ပိုးနေတာပဲ ။ ဒီအကြံဟာ မယ်ဖြူကို ကြံတဲ့ အကြံပဲ ”


“ ဟုတ်တယ် သူငယ်ချင်း ၊ မယ်ဖြူတို့ အိမ်ကို ဝင်ပြေးမယ် ဆိုကတည်းက ငါသိတာပဲ ။ မင်းကော မယ်ဖြူကို မပိုးဘူးလား ”


“ ငါနဲ့ မယ်ဖြူက ကျောင်းနေဖက် ၊ ကစားဖက်ကွဲ့ ၊ အရင်က မယ်ဖြူကိုယ်တိုင် ငါ့ကို အင်မတန်ခင်တာ ။ အခုတစ်မျိုး ဖြစ်နေတယ် ။ အခု တစ်မျိုးဖြစ်နေတာ မင်း သိတဲ့အတိုင်း ၊ ငါက ဆင်းရဲတာကိုးကွဲ့ ။ ဘိုးမောင် ကတော့ လွှထောင်မို့ ပိုက်ဆံ အတော်အတန် ရှိတာပေါ့ ကွယ် ။ ငါကတော့ စကားပြောနေတုန်းကပဲ ဆော်ချင် နေတာပဲ ။ ငွေငါးကျပ်က လောလောလတ်လတ်မို့သာ လာကွယ် ကိုတလုပ်တဲ ရောက်ပြီ ဝင်ကြရအောင် ”


နှစ်ယောက်သား ရှေ့နားက တဲတစ်ခုသို့ ဝင်ကြပြီး ချက်အရက်ကို သောက်ကြပြီး ထွက်၍ လာကြလေ၏ ။ ထိုအခါ နေသည် အနောက်ဘက် ကောင်းကင်စွန်းသို့ ချဉ်းကပ်စပြုလေ၏ ။


“ ဟေ့ ဘိုးနက် ၊ မင်း ငါ့ကို ကူမလား ” ဟု ပြောလေ၏ ။


“ သူငယ်ချင်း မင်းအတွက်ဆို ဘာလုပ်ရ လုပ်ရ ၊ စက်တိုင်တက်ရ တက်ရ ၊ တစ်ကျွန်းသွားရ သွားရ အသင့်ပဲဆိုတာ အမြဲမှတ်ထားပါ သူငယ်ချင်းရယ် ”


“ ဒီလိုဖြင့် ဒီမှာ ” ဟု ပြောပြီး သာဗျောင်းသည် ဘိုးနက်၏ အပါးကပ်ကာ နားနားကပ်၍ ပြောလေ၏ ။


“ တကယ်လား ”


“ အဟုတ်ပေါ့ ”


“ အေး … ငါလည်း ဒီအကောင်ကြီး ဆော်ချင်နေတာ အတော်ကြာပြီ ။ မယ်ဖြူ ကိုများ ဒီခွသမားနွားကြီး ရရင် သိပ်နှမြောစရာ ကောင်းမှာပဲ ။ မင်းနဲ့ ဆိုရင် တော်သေးတယ် ။ မင်း အကောင်ကြီး အစိုးရသစ်တွေ ခိုးတိုက်နေတာ ငါမသိဘူး မှတ်လို့လား ။ တောအုပ်နဲ့ တောခေါင်းကို ငါ အားနာနေလို့သာ ”


“ ဒီလိုဖြင့် အခု ဖြစ်အောင် မကြံနိုင်ဘူးလား ” 


“ ဘာဖြစ်လို့ မလုပ်ဝံ့ရမှာလဲ ၊ ဒီအကောင်ကြီးကြောင့် ငါတို့ရွာ ဂုဏ်တောင် ပျက်သေးရဲ့ ” 


“ ကိုင်း … ဒီလိုဖြင့် ”


“ စိန်လိုက် လာ သွားမယ် ”


နှစ်ယောက်သား ရွာသို့ အမြန်သွားကြလေ၏ ။ တဲတစ်ခု အပြင်၌ တွေ့ ရသော လှည်းတစ်စီးမှ ထမ်းပိုး ချင်းများကို နုတ်၍ သွားကြလေ၏ ။  


ထိုအခါ ဝေရီတရောအချိန် ဖြစ်လေ၏ ။ မောင်အောလည်း ဘိုးမောင် မပေါ်လာသဖြင့် စိုးရိမ်သောကြောင့် တစ်ယောက်တည်း မြို့သို့ပြန်ရန် တဲမှ ထွက်ပြီး အုတ်လမ်းပေါ်သို့ တစ်ကိုယ်တည်း လျှောက်၍ လာလေ၏ ။ မယ်ဖြူတို့၏ အိမ်ရှေ့သို့ ရောက်သောအခါ လမ်းနဘေး ချုံကွယ်မှ လူနှစ်ယောက် ထွက်၍ လာပြီး ဦးခေါင်းကို တုတ်နှင့် ချလေရာ မျက်လုံးထဲတွင် မီးပွင့်၍ သွားပြီး -


“ အမယ်လေးဗျာ … ကယ်ကြပါဗျာ့ ” ဟု အော်ပြီး မယ်ဖြူတို့ အိမ်သို့ အတင်း ပြေးတက်လေ၏ ။


အိမ်ပေါ်သို့ ရောက်သောအခါ ဦးခေါင်းမှ သွေးတွေ တစ်ကိုယ်လုံးမှာ နီရဲ့ရွှဲလျက် ကြမ်းပေါ်ကိုပင် ဖြိုင်းဖြိုင်း ကျလေ၏ ။ ထိုမျှမက မောင်အောမှာ ထန်းရည်မူးလျက် ဝမ်းတိုက်မှာ ထန်းရည်နှင့် ပြည့်နှက် စည်ကြက်သလို ဖြစ်၍နေသော်လည်း ရဲရဲစိတ်မဝင် ၊ ကြောက်အားနှင့် ဆီးရွှင်၍ ကြမ်းပေါ်တွင် သွင်သွင်ဆင်း ၊ ဘန်ကောက် လုံချည် ချင်းချင်းနီမှာ ထန်းရည်ပြန်လောင်းခြင်းဖြင့် သင်းပျံ့ရွှမ်းဝေ ဆော်သွင်းသည့်လေပြည်မှာ ရနံ့ဖြင့် ကြေညာလေသတည်း ။


သားအမိ သားအဖ သုံးယောက်နှင့် အခိုင်းအစေတို့သည် မောင်အောကို ဝိုင်းအုံ၌ တွဲမကြရာတွင် ထန်းရည်နှင့် ကျင်ငယ်နံ့ ရောစပ်ကာ ဖြန့်သဖြင့် နှာနှပ်သလို ဖြစ်သောကြောင့် သူက ဟင် ၊ ငါက ဟင်နှင့် ရယ်ချင် လျက် မရယ်ဝံ့ကြဘဲ သွေးရဲရဲ သံရဲရဲ မြင်ရခြင်းကြောင့် သနားကမား ယောက်ျားပျို မောင်အောကို သနားကာ မျက်နှာကိုသာ ရှုံ့ကြရလေ၏ ။ ထိုအခိုက်တွင် အိမ်ရှေ့ ၌ ဆူညံကာ လူစုလူဝေးကြီး ရောက်၍လာပြီး အိမ်ကို ဝင်ကာ စုံစမ်းကြလေ၏ ။


မောင်အော ကို မြင်ကြသောအခါ သနားကြလျက် ဝိုင်းအုံကူညီ၍ ဒဏ်ရာကိုကြည့်ရှုပြီး ဆေးကြကြော ကြလေရာ ကြမ်းပေါ်၌ ရွှဲရွှဲစိုပြန်လေ၏ ။ မောင်အော၏ အင်္ကျီကို ချွတ်ကြသောအခါ၌လည်း မွှေးကြိုင်သော ထန်းရည်ချွေးများဖြင့် ပါးနုသော ပိုးအင်္ကျီမှာ ရွှဲစို၍နေသည်ကို တွေ့ကြ လေ၏ ။


မယ်ဖြူမိဘနှစ်ပါးသည် မောင်အောကို ဂရုစိုက်ရင်း တစ်စုံတစ်ရာကို သတိရပြီး မျက်လုံးများပြူးကာ တစ်ယောက်မျက်နှာကို တစ်ယောက် စိုက်ကာကြည့်၍ နေကြလေ၏ ။ နှစ်ယောက်စလုံး သရဲပူးပြီး တစ်ယောက် ကို တစ်ယောက် ခြောက်သလို လုပ်၍ နေကြ၏ ။ ထို့နောက် အနည်းငယ် ကြာသောအခါ အတူတကွ တစ်ခုသောထောင့်သို့ သွားကြပြီး တိုင်ပင်ကြလေ၏ ။


“ ဘယ့်နှယ်လဲ မပုံ ၊ ဆရာဘ ဟောသွားတာလေ ” 


“ ကျုပ်လည်း ဒါသတိရလို့ ပြောမလို့ တိုက်ရိုက်ကြီးပါကလား ကိုတုတ်ရဲ့ ”


“ အေးဟဲ့ မှန်လွန်းလို့ ဒီအတိုင်းဖြင့် သူပဲ ဖြစ်မှာပေါ့ ”


“ ကျုပ်ဖြင့် မပြောတတ်ဘူး ။ ချွေးရော သွေးရော ဘာရော ရွှဲတဲ့ အပြင် ဟော ... အခု ကြမ်းပေါ်ကြည့်ဦး ရေလောင်းပြီး ချိုးထားသလို ဖြစ်နေတာပဲ ။ ဒါထက် စိုပြည်တာတော့ မိကျောင်းပဲ ရှိတော့မှာပဲ ။ ပြီးတော့လည်း အလောသုံးဆယ် ဝင်လာရမတဲ့တော့ ။ ကိုင်း ... ဒါထက် အလော သုံးဆယ် ဖြစ်တာတော့ မရှိနိုင်ဘူး ”


“ ဒါကြောင့်လည်း သိကြားဘလို့ တွင်ပေတာပဲ ။ နို့ ဒါ ဘယ့် နှယ်လုပ်မလဲ ။ အဲ .. တစ်ခုလည်း ဟောသွားသေးတယ် ။ အဝတ်သစ် အစားသစ်နဲ့တဲ့ ၊ ကြည့်စမ်း ဘန်ကောက်လုံချည်ဟာ အဖိုးတန်တော့ ၊ အညံ့ထဲက မဟုတ်ဘူး ”


“ နို့ … ဒါ ဘယ့်နှယ်လုပ်မလဲ ”


“ ဘယ့်နှယ် လုပ်မလဲ ဆရာ ဘယ့်နှယ် ဟောသွားသလဲ ”


“ မသွားစေနဲ့တဲ့ ၊ အရဆွဲထားရမှာ ကျနေတာပေါ့ ။ ဒါပဲရှိတာပဲ ၊ သူငယ်ကလေးကလည်း ချောချောမောမော ၊ ကျုပ်တို့မှာ သားယောက်ျားလည်းမရှိ ၊ သောက်တာက ခက်တာပဲ ”


“ ဟယ် … ယောက်ျားပဲ ၊ နည်းနည်းပါးပါးတော့ သောက်မှာပေါ့ ။ ကြောက်တတ်လိုက်တာ ၊ ဆိုးမိုက်မဲပုံ မရှိပါဘူး ” ဟု ပြောလေ၏ ။


ထိုအခိုက်တွင် မောင်အောသည် ပက်လက်ကုလားထိုင်ပေါ်သို့ ရောက်၍နေလေ၏ ။ ဒဏ်ရာမှာ ချိုစောင်းကျသဖြင့် ပူသောရာသီဖြစ်သောကြောင့် တစ်ကြောင်း ၊ မူး၍ နေသူ ဖြစ်သောကြောင့် တစ်ကြောင်း ၊ သွေး များစွာကျလေ၏ ။ စိုးရိမ်လောက်သော ဒဏ်ရာ မဟုတ်ချေ ။ မယ်ဖြူ ကို မြင်ရသော အခါ၌ကား အနည်းငယ် နာကျင်သမျှသည် လုံးလုံးကြီး ပပျောက်၍ သွားလေ၏ ။ မယ်ဖြူကို ဤမျှလောက် လွယ်ကူစွာနှင့် တွေ့ရမည်ဟု မထင် ။ ယခုမှာကား “ မရွယ်ဘဲ စော်ကဲမင်းဖြစ် ” ဆိုသည့် စကားလို ဖြစ်လေရော့သလားဟု အောက်မေ့ကာ ရင်ထဲမှာ ဝမ်းသာလုံးဆို့လျက် နှလုံးသွေး အလှုပ်ကြမ်းသဖြင့် နှလုံးအိမ်မှာ သိမ့်သိမ့်ခုန် သွက်သွက်ခါနေလေသတည်း ။


သို့ မယ်ဖြူ ကို သိမြင်သောအခါ ငါ သက်သာ ဟန်ဆောင်လို့ မကိုက်ဘူး ၊ ဤအိမ်၌ ခပ်ကြာကြာကလေး မမာ၍ နေရလျှင် မယ်ဖြူနှင့် စကားပြောရမှာပဲ ဟု တွေးမိသဖြင့် ဝေဒနာအတော်ပြင်းစွာခံရပုံ ဟန်ဆောင် လေ၏ ။ သို့ဟန်ဆောင်ရင်း မယ်ဖြူ ယောက်ျားတော့ ရဦးမယ် မထင်ဘူး ၊ အရင်ကလို လတ်လတ်ဆတ်ဆတ်ကလေးပဲ ထင်ပါရဲ့ ၊ သူ ငါ့ကို မှတ်မိပါရဲ့လား ။ ရည်းစားများ ရှိနေပလား စသည်ဖြင့် တွေးတော၍ မဆုံးနိုင်အောင် ဖြစ်လေသတည်း ။


မယ်ဖြူသည် မောင်အောကို ကြည့်ကာ တူသည်ဟု မှတ်ထင်၏ ။ တူလို့ ထင်ပါတယ် ။ ဟုတ်တော့ ဟုတ်မယ် မထင်ပါဘူး ဟူ၍လည်း အောက်မေ့လေ၏ ။ ၎င်းကို စိုက်ကာ ကြည့်နေစဉ် မော်လမြိုင် ရေကစားပွဲ၌ တွေ့ ကြုံဖြစ်ပျက်ခဲ့သမျှတို့သည် အကုန်အစင် ပြန်၍ ပေါ်လေ၏ ။ ကြည့်လေ တူလေ ၊ တူလေ ကြည့်လေ ဟုတ်များ ဟုတ်လေသလားနော်ဟု မိမိ၏ စိတ်ထဲ၌ ကျိတ်ကာ ထင်မြင်ဆွေးနွေး ပြောဆို၍ နေလေ၏ ။


မယ်ဖြူ ဂရုစိုက်ကာ ကြည့်၍ နေသည်ကို မောင်အော မြင်လေ၏ ။ ငါ့ကို မှတ်မိလို့ ဂရုစိုက်ပြီး ကြည့်တာလား ၊ အထင်နှင့် ကြည့်တာလား ဟူ၍ တွေးတောဆင်ခြင်လေ၏ ။ ၎င်း၏ စိတ်ထဲ၌ အထူးအရေးကြီး၍ နေသော အရာသည်ကား မယ်ဖြူ၏ မိဘများအား ဘိုးမောင်က မိမိနှင့် မယ်ဖြူ တွေ့ ကြောင်းပြောမှာပဲ ၊ ပြောလျှင် မယ်ဖြူ၏ မိဘများ စိတ်ဆိုးမှာပဲ ၊ စိတ်ဆိုးလျှင် မိမိမှန်း သိကြချေက အိမ်ပေါ်မှ မောင်းချမှာပဲ ၊ မောင်းချလျှင် မယ်ဖြူကို တွေ့ရမှာမဟုတ် စသည့်အချက်များ ဖြစ်လေ၏ ။


ထိုအိမ်မှ ချက်ချင်း ဆင်းသွားရမှာကိုလည်း လွန်စွာ စိုးရိမ်လေ၏ ။ သို့ဖြစ်သောကြောင့် အပမှီသလိုလို ဦးနှောက်ကို ဒဏ်ရာ ထိသဖြင့် သတိလစ်သလိုလို မှတ်ထင်ရအောင် ပါးစပ်မှ ပြောမိပြောရာတွေကို ညည်းညူ ကာ မသက်သာယောင် ဆောင်ကာ


“ အမယ်လေးဗျာ … ကျွန်တော့်ကို ပစ်မထားကြပါနဲ့ ခင်ဗျာ ၊ ကျွန်တော် သေလိမ့်မယ် ၊ အမယ်လေး ... အမေ ... အမေ .. မ မ ” စသည်ဖြင့် ကယောင်ကတမ်း ဖြစ်ကာ ပြောဆိုညည်းညူလျက် မျက်လုံးကြီးများ ဝိုင်းဝိုင်းလည်ကာ တောင်ကြည့်မြောက်ကြည့် ၊ မပြူးကြည့် ပြူးကြည့် သရဲပူးသလို ဟန်ဆောင်လေ၏ ။ မယ်ဖြူကို မြင်သောအခါ မျက်လုံးကြီးများကို သာ၍ ပြူးပြီး လက်ညှိုးငေါက်ငေါက်ထိုးလျက် ...


“ နင်ပဲ.. နင်ပဲ ၊ နင်ပဲ ၊ ဝါး .. ဝါး .. ဝါး ” ဟု သမ်းပြီး ခေါက်ခနဲ မျက်လုံးများကို မှိတ်ကာ ငြိမ်၍ သွားလေ၏ ။ 


လူများဝိုင်းအုံကာ ခြေမန်းကွင်းတွေ ၊ လက်ဖွဲ့တွေ စွပ်ကြလေ၏ ။ မန်းသူက မန်း ၊ မှုတ်သူက မှုတ် ၊ ရွာ၌ ရှိသော အတတ်မျိုးစုံကို အစွမ်းကုန် ထုတ်လုပ်ကြလေ၏ ။


ထို့နောက် မောင်အောသည် သတိမရတစ်ချက် ရတစ်ချက် ဖြစ်၍ နေလေ၏ ။ တစ်ခါတစ်ခါ ထပြီးပြေးတော့မလို လုပ်လေ၏ ။ ကိုတုတ်က ထ၍ ဆွဲပြီး ...


“ ဟေ့ … မောင်ရင် သတိထားကွဲ့ ၊ မင်း ဘယ်သွားမလို့လဲ ၊ မင်း အခုည ဒီမှာ အိပ်ရမယ် ” ဟု ပြောလေရာ ပရိသတ်များက ဝိုင်း၍ ရယ်ကြလေ၏ ။


ထိုအခိုက်တွင် မပုံက “ သမီးရေ … ဖြူရေ ၊ နင့် ဖေဖေ ပိုးလုံချည် တစ်ပတ်နွမ်းနဲ့ ရှပ်အင်္ကျီခဝါချတစ်ထည် ယူခဲ့ပါအေ ” ဟုပြောလေရာ မောင်အောသည် ဥစ္စာပေါ ရုပ်ချော မယ်ဖြူ ဆိုတာပဲဟု သိကာ ငေါက်ခနဲ ထောင်၍ ထပြီး တစ်ဖန် မျက်လုံးပြူးပြန်လေ၏ ။ အဝတ်များကို မယ်ဖြူ ယူ၍ လာလေရာ ဆတ်ခနဲ ဆွဲလုပြီး မယ်ဖြူကို လက်ညှိုးထိုးကာ .. 


“ နင်က ငါ့ကလား ” ဟု ပြောပြီး ချက်ချင်း သတိရဟန်နှင့် “ သည်းခံကြပါခင်ဗျား ၊ ကျွန်တော် ဘာဖြစ်မှန်း မသိလို့ပါ ၊ အမယ်လေး .. အမယ်လေး … အမယ်လေး ၊ ကျွန်တော့် ခေါင်းထဲ စက်ခုတ်နေပါပြီ ခင်ဗျာ ၊ ကျွန်တော့်ကို သနားကြပါ ဦးလေးရယ် ” ဟု ပြောပြီး ဦးခေါင်းကို လက်နှစ်ဖက်နှင့် ညှပ်ကိုင်ကာ မြောမေ့သလို ဖြစ်၍ သွားလေ၏ ။ လူများသည် စွတ်စိုသော အဝတ်များကို ချွတ်၍ လဲလှယ်ပေးကြလေ၏ ။


သို့မြောသလို နေခိုက်တွင် မိမိအား အိမ်သားများ လွန်စွာ သနားကြင်နာ ဂရုစိုက်ကြလေသည်ကို လည်းကောင်း ၊ လှုပ်ရှားသွားလာ တီးတိုးပြောဆို တိုင်ပင်ကြသည်များကို လည်းကောင်း သိရသဖြင့် တောက်လျှောက် အိပ်ပျော်ဟန်ဆောင်၍ နေလေတော့သတည်း ။


ပရိသတ်များ စိတ်ချ၍ ပြန်သွားကြလေ၏ ။ သား အမိ သားအဖ သုံးယောက်မှာ မအိပ်နိုင်ဘဲ မနည်းကြီး ညဉ့်နက်အောင် စောင့်ကြလေ၏ ။ မောင်အောလည်း ထိုမျှလောက် ဂရုစိုက်သည်ကို သိသောအခါ ပါးစပ်မှ ကတောက်ကတက် တစ်ခါနှစ်ခါ ယောင်ယမ်း ပြောဆိုပြီး နောက် အိပ်ချင်ဟန်ဆောင်လိုက်လေ၏ ။


သားအမိ သားအဖ သုံးယောက်သည် တတ်သမျှ မှတ်သမျှကို ဆက်၍ လုပ်ကြ၏ ။ ပရိတ်ဂါထာများကို အပါး၌ ကပ်ကာ ရွတ်ကြလေ၏ ။


အပမှီတယ် ထင်တယ် မေမေ ဟု ပြောသော မယ်ဖြူ၏ အသံကလေး ချိုချိုအေးအေးကို ကြားရလေ၏ ။ ထိုအသံကလေးသည် ထန်းရည်ကြောင့် ပူ၍နေသော ရင်ထဲမှာ အေးအေးကလေး ဝင်၍ သွားလေ၏ ။ သို့နေရင်း အိပ်ပျော်၍ သွားလေသတည်း ။


နံနက်မိုးလင်းသောအခါ မောင်အော တော်တော်ကလေး နေကောင်း၍ သွားမယ် ပြင်လေရာ ကိုတုတ် က ...


“ မောင် ဘယ်ကလဲ ၊ သွားလို့ ဘယ်ဖြစ်မလဲ ” ဟု ပြောလေ၏ ။ ထိုအခိုက် မပုံ လာပြီး


“ ဘယ့်နှယ်လဲမောင် နေကောင်းပလား ၊ ဘယ့်နှယ်နေသလဲ ၊ မောင်ဘယ်ကိုမှ မသွားရဘူး ။ သမီးရေ လက်ဖက်ရည် မပြီးသေးဘူးလားအေ့ ” ဟု ပြောပြီး မီးဖိုဘက်ကို သွားလေ၏ ။ မောင်အောသည် အိမ်သားများ ၏ ထူးခြားသော အမူအရာကို စဉ်းစားကာ ဘယ်လိုလူတွေပါလိမ့်မလဲ ၊ သားယောက်ျား မရှိလို့ ချစ်တာ သနားတာ ထင်ပါရဲ့ဟု အောက်မေ့လေ၏ ။


ထိုအခိုက်တွင် ဘိုးမောင် ရောက်၍ လာလေ၏ ။ မောင်အောကို မြင်သောအခါ ဝမ်းနည်းသော အမူအရာ နှင့် …


“ ကျုပ်ဗျာ မနေ့က များသွားတယ် ။ ဘယ်လို ဖြစ်သွားမှန်း မသိဘူး ။ လယ်ပြင်ထဲက တဲမှာ အိပ်ပျော်နေတယ် ။ အခုမှ သတင်းကြားလို့ လာတာပဲ ။ ကျုပ်များ တလွဲ မထင်ပါနဲ့ခင်ဗျာ ” ဟု ပြောပြီး မယ်ဖြူ လက်ဖက်ရည်ပန်းကန် ယူ၍ လာသည်ကို မြင်ရသောအခါ မျက်နှာပျက်သွားပြီး တစ်ဖန် ဟန်ဆောင်ကာ


“ ကိုင်း ခင်ဗျား ပြန်မလို့ မဟုတ်လား ၊ ကျုပ်လည်း ဈေးသွားမလို့ ” ပဲဟု ပြောလေ၏ ။


မပုံ ထွက်၍ လာပြီး “ ဟေ့ ဘယ်နှယ်လည်း မောင်ဘိုးမောင် ၊ ဒီမောင်ရင်ကို ခေါ်ပြီး အခုလို ဖြစ်တော့ အခုမှ လာကြည့်သလား ”


“ ကျွန်တော် မသိလို့ပါ အဒေါ် ၊ ကျွန်တော် သိရင် ဘာ ဒီလို ဖြစ်ရမလဲ ”


“ တော်ပါကွယ် ၊ မင်းတို့ လူစုတွေ ” ဟု ပြောပြီး မီးဖိုသို့ သွားလေ၏ ။


မောင်အောက မိမိ မသွားရသေးကြောင်း ပြောလေရာ ဘိုးမောင် မျက်နှာပျက်ပြီး “ ကိုင်း ဒီလိုဖြင့် ကျုပ် သွားဦးမယ် ” ဟု ပြောပြီး ထွက်သွားလေ၏ ။


မောင်အောမှာ ဘာမသိ ညာမသိနှင့် နေရှာလေ၏ ။ 


ပြန်မယ် ပြုတိုင်း ကန့်ကွက်ကြလေ၏ ။ မပြန်ရအောင် အလစ်မခံဘဲ စောင့်ကြပ်၍ နေကြကြောင်း သိရလေ၏ ။ ရွာထဲ၌လည်း ထိုအကြောင်းကိုသာ ပြော၍ နေကြလေ၏ ။


ထိုကဲ့သို့ နေရင်း သင်္ကြန်အခါ ရောက်၍ လာလေ၏ ။ အကြပ်နေ့ ရောက်လာ၏ ။ ဘိုးမောင်သည် ဝင်းထိန် တောက်စွာဆင်ပြီး အိမ်ရှေ့ကို လျှောက်၍ လာလေ၏ ။ ၎င်းနှင့် တိုင်ပင်၍ ထားသော လူများသည် ဝိုင်း၍ ရေလောင်းကြ၏ ။ မယ်ဖြူတို့ အိမ်ဘက်သို့ ပြေးလေ၏ ။ မယ်ဖြူသည် မီးဖိုချောင်က ဆန်ဆေးရေများနှင့် ဆီး၍ ပက်လေ၏ ။


အိမ်ပေါ်ကို ဘိုးမောင် အတင်း ပြေး၍တက်၏ ။ မယ်ဖြူက ရင်ဘတ်ကို ဆီး၍ တွန်းလေရာ “ ဟဲ့ ..... ဟဲ့ ကောင်မလေး ၊ ငါပါဟဲ့ ” ဟု ပြောရင်း ပက်လက်ကြီး လန်၍ ကျကာ မြေပေါ်၌ လိမ့်၍ နေလေ၏ ။


ဟိုနေ့က လူမှားသွားတယ် ၊ အခုမှ ပိုင်တယ် ၊ အညှိုးနဲ့ လောင်းရမယ်လို့ သူ့စကားရှိတယ်ဟု ပြောပြီး အိုးမည်းနက်ကို တစ်ယောက်က ကိုင်လျက် တစ်ယောက်က ကြိုးခွေနှင့် ကြိမ်လုံးကိုင်လျက် ရောက်လာသူ နှစ်ယောက်သည်ကား သာဗျောင်း နှင့် ဘိုးနက် ဖြစ်ကြလေ၏ ။


မကြာမီ မျက်နှာ၌ အိုးမည်းတွေနှင့် ခါးကြိုးတန်းလန်း ၊ မျောက်လုပ်ကာ ခုန်ဆွခုန်ဆွနှင့် နေရသူကား ဘိုးမောင် ဖြစ်လေရာ ဘိုးနက်က ကြိုးကို ကိုင်၍ ကြိမ်လုံး နှင့် တင်ပါးထူထူကြီးကို တဖျပ်ဖျပ်ချရင်း မြေကို ရိုက်ကာ အချက်ပေးရင်း မျောက်သီချင်းကို ဆိုကာ မျောက်ပြလေ၏ ။ အိမ်ရှေ့၌ လူအုပ်ကြီးသည် မျောက်ပွဲကို ကြည့်ရင်း လက်ခုပ်လက်ဝါးတီးကာ တဟားဟားနေကြလေ၏ ။


မယ်ဖြူနှင့် မောင်အောတို့သည်ကား ထိုအခိုက်တွင် အိမ်ပေါ်၌ မည်သူမျှ မရှိ ၊ မျောက်ပွဲကို ဝိုင်းအုံ၍ ကြည့်နေကြသောကြောင့် နောက်ဖေး တင်းကုပ်တွင် နှုတ်ခမ်းချင်း ၊ နှာခေါင်းချင်း ၊ ပါးချင်း ၊ ရင်ချင်းအပ်ကာ နေကြသည်ကို မည်သူမျှ မသိ ၊ မျောက်ပွဲ ပြီးအောင် နှစ်ယောက်တွဲနေကြလေတော့သတည်း ။


နှစ်သစ်ကူး ပြီးနောက် ၎င်းတို့၏ မင်္ဂလာပွဲတွင် ဆရာဘ ဘိသိက် မင်္ဂလာ ပေးရလေ၏ ။ ၎င်းတို့ မင်္ဂလာဆောင်၍ ပြီးသည့်အခါက စပြီး ဆရာဘမှာ ရှေးကထက် ပိုမို၍ တန်ခိုးကြီးလေ၏ ။ ဘိုးမောင် မှာကား ထိုရွာမှ ထွက်ခွာ၍ မပေါ်လာ တော်ရာတွင် ပျောက်ကွယ်၍ သွားရှာလေသတည်း ။


 ▢  ပီမိုးနင်း

📖 ကဝိမျက်မှန် မဂ္ဂဇင်း

      မေ ၊ ၁၉၃၂

No comments:

Post a Comment