Tuesday, April 7, 2026

မခံချင်သောစိတ်

 

❝ မခံချင်သောစိတ် ❞
        ( ပီမိုးနင်း )

မောင်ကြွားသည် နာမည်နှင့် လိုက်အောင် မကြွားသော်လည်း မခံချင်တတ်သောစိတ်သည် ၎င်း၏ သေးငယ်သော ကိုယ်၌ ကြီးမားစွာ ကိန်းအောင်းလျက် ရှိနေလေ၏ ။ ၎င်း၏ ကိုယ်သည် ၎င်း အသက်အရွယ်နှင့် စာသော် လွန်စွာ သေးငယ်လေ၏ ။ အသက်မှာ နှစ်ဆယ်ခန့် ရှိသော်လည်း ၎င်းကို မသိသူတို့သည် အသက် ဆယ့်လေးငါးနှစ် အရွယ်မျှ မှတ်ထင်ကြလေ၏ ။ သို့မှတ် ထင်ရခြင်းသည် နုပျိုသောကြောင့် မဟုတ် ။ သေးငယ် သော မိခင် မုဆိုးမ နနွင်းသည် ဒေါ်မယ်၏သား ဖြစ်သောကြောင့်ပေတည်း ။

၎င်းမှာ ဆင်းရဲသူ နနွင်းသည် မုဆိုးမ၏သား ဖြစ်သဖြင့် တစ်ကြောင်း ၊ သေးညှက်လှီကင်း ၊ ကွင်းကွင်းကွက်ကွက် မရှိခြင်းကြောင့် တစ်ကြောင်း ၊ ရွာထဲ၌ မထင်မရှား မြုပ်တိမ်၍ နေရလေ၏ ။ ပျိုရွယ်သူတို့ ဘာဝအလျောက် ချစ်သူရည်းစား တစ်ယောက်တလေ ထားချင်၍မှ မတွေ့ရ မကြုံရ ။ ရွာထဲ၌ရှိသူ အမျိုးသမီး ဟူသမျှတို့ကလည်း ၎င်းအား အဘက်မတန် ဟူ၍ မှတ်ထင်ကာ မလေးမစား ၊ အရေးမထား မောင်ကြွား ဆိုသူ တစ်ယောက် ရွာထဲမှာ ရှိသည် ဟူ၍မျှ အမှတ်ထားဟန် မရှိကြချေ ။

ထိုအကြောင်းကို လှီကင်းသေးငယ် နနွင်းသည်သား မောင်ကြွား ကလည်း ကောင်းစွာသိ၏ ။ ငါ့လိုလူ တစ်ယောက်ကို ဖုတ်လေသည့် ငါးပိ ရှိသည်ဟူ၍မှ မအောက်မေ့ကြပါလား ။ ငါ ဤကဲ့သို့သာ သေးသိမ်မှေးမှိန်စွာ မထင်မရှား နေချေက ငါ ရှိကြောင်းကို တဖြည်းဖြည်း မေ့လျော့ကာ တစ်နေ့သ၌ ငါ့ကို ခလုတ်တိုက်၍ သွားကြဖို့သာ ရှိပေသည် ။ ငါသည် ဤလိုနေလျှင် ဤလိုသာ နေရာ၏ ။ ဤလို မနေမှ ဤလို နေရမည် ။ ယူနိုက်တက်စတေ့နိုင်ငံ သမ္မတမင်း လင်ကွန်းသည် ငယ်စဉ် အခါက ဖိနပ်အစုတ်ကို ခြေအိတ် မပါဘဲ စီးခဲ့ရသည် ။ အိပ်ရာနုနု ဆိုတာ သူ့ကျောနှင့် တစ်ခါတစ်ရံမျှ မတွေ့ဖူးခဲ့ဟု အမေ နနွင်းထုပ်တဲ့ သတင်းစာ အစုတ် တစ်ခုထဲမှာ ငါ ဖတ်ရ၏ ။ ငါ သည်ကား ၊ ပတ္တူဖိနပ် အနက်နှင့် မှော်ဇာအနီကို စီးရဝတ်ရဖူးသေး၏ ။ ငါ၏ အိပ်ရာမှာ မနု သော်လည်း သင်ဖြူးချော အနားစုတ်ကလေး ပေါ်မှာတော့ အိပ်ရသေး၏ ။ အဘယ်အတွက် ငါသည် လူသာမန်တို့တွင် မထင်မရှား အညတြ လူစား လုပ်နေရမည်နည်း ။

လောကမှာ သူဌေးသူကြွယ် မင်းအစိုးရတွေ မွေး၍ လာသည် မဟုတ် ။ နောက်မှ ကိုယ်စွမ်းကိုယ်စ အလျှောက် ဖြစ်ကြရ၏ ။ ကြီးမြင့်သူတွေလည်း လက်နှင့်ခြေနဲ့ မျက်လုံးနဲ့ပဲ ။ ငါ့မှာလည်း လက်နဲ့ ခြေနဲ့ မျက်လုံးနဲ့ပဲ ။ ငါ၏ ကိုယ်ခန္ဓာ သေးငယ်သော်လည်း ငါ၏ စိတ် မသေး မငယ်သမျှ ငါ အောက်မကျနိုင် ၊ ငါ၏ မိခင်သည် နနွင်း ရောင်းရ၏ ။ ငါလည်း တစ်ခါတစ်ခါ နနွင်း ထောင်းရ၏ ။ နနွင်းကို ညက်အောင် ထောင်းနိုင်သော အရည်အချင်း ရှိသော လူတစ်ယောက်သည် အဘယ်အရာကို ဖြစ်အောင် မလုပ်နိုင်ဘဲ ရှိရမည်နည်း ။ ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ် မလွတ်စတမ်း ရမြဲလမ်းတဲ့ ။ ငါသည် အဘယ်မျှပင် ပုစေကာမူ ဓူဝံကြယ်ကို ဆွတ်နိုင်သော သတ္တိနှင့် ပြည့်စုံသော မနုဿလူသားဖြစ်၏ ။

ငါသည် ကုန်းနေ ကိုးကုဋေ ၊ ရေနေ ဆယ်ကုဋေ မက များလှစွာသော အဟိတ်သတ္တဝါတို့ အထဲတွင် မပါ ။ ထိုသတ္တဝါတို့၏ အရေအတွက်နှင့် စာလျှင် သမုဒ္ဒရာနှင့် ရေတစ်ဝက် ခြားနားသလို ခြားနားသေးငယ်သော မနုဿ သတ္တဝါ အနည်းစုတွင် ပါဝင်သူ ဖြစ်၏ ။ အများစုထဲ၌ ပါသူ မဟုတ်ပေ ။ အလွန်တရာ ခဲလှစွာသော မနုဿတ္တ ဒုလ္လဘ ကို ရခဲ့၏ ။ သတ္တဝါအပေါင်းတို့တွင် လက်ရွေးဆန်ရင်းသား ဖြစ်သော လူသတ္တဝါ၏ အစုအဝေး၌ ငါသည် ပါဝင်၏ ။ အဘယ်အတွက် ငါသည် သိမ်ဖျင်း သေးနုတ် ကုတ်စုတ်အောက်ကျ၍ နေရပါမည်နည်း ။

ငါ၏ အမေဆင်းရဲသည် အတွက် ငါ ဆင်းရဲရမှာလား ။ ငါ၏ ကိုယ်ခန္ဓာ သေးငယ်သည်အတွက် ငါ၏ အခြေအနေ သေးငယ်၍ နေရမှာလား ။ ငါ၏ နေအိမ်တဲကုတ် စုတ်နုတ်သည်အတွက် ငါ အောက်ကျ၍ နေရမှာ လား ။ လူသတ္တဝါတို့ အထဲတွင် တောသူအရိုင်း အာဖရိကတိုင်း ကပ္ပလီလည်း မဟုတ် ။ ထူးမြတ်ယဉ်ကျေး လိမ္မာသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်၏ ။ ယဉ်ကျေး ကြီးကျယ်သော ဗြိတိသျှအင်ပိုင်ယာကြီး၌ ပါဝင်သော အင်ပိုင်ယာကြီးကို ထောက်ပင့်သော ပြည်သူလူကောင်း ယောက်ျားမြတ် တစ်ယောက် ဖြစ်၏ ။ ခွေးထီး လောက်မျှ မမြတ်သော မယ်ဆုံ ၊ မယ်သုံ ၊ မယ်အုံတို့ ညီအစ်မများက ငါလို ယောက်ျားမြတ် တစ်ယောက်အား ရှုတ်ချသည်မှာ ငါ ခံ၍ နေအပ်သလား ။

မယ်ညို ဆိုတဲ့ ကောင်မလဲ ငါ့ကို ရှုတ်ချပြီး ရပ်ကြီးသား ဆိုတဲ့ ဘိုကေတစ်ယောက် နောက်ကို လိုက်၍ သွား၏ ။ အခု ဘိုကေက ပစ်သွား၏ ။ သို့ပါလျက် သံဝေဂ မရ ။ ငါ့လို လူကို အဖက်မတန်ဟု သူ့စိတ်မှာ မှတ်ထင်၍ နေသေး၏ ။ အခု ရွာတစ်ရွာလုံးမှာ ရှိသော လူအားလုံးတို့သည် ငါ့ကို နနွင်းသည်မ သားရယ်လို့ အထင်အမြင် သေးကြ၏ ။ ငါ၏ သတ္တိအစွမ်းကို သင်းတို့ မကြာမီ မြင်ရအောင် ငါ ပြတော့မည် ။ သည်ဘဝမှာ ဘုရားထူး မခံရလျှင် ငါမနေ ၊ ဒီရွာသားတွေ ငါ့ရှေ့မှာ ပြားပြားဝပ်အောင် ငါ့အစွမ်းကို ပြတော့မည် စသည်ဖြင့် နနွင်း ထောင်းသော မောင်းတုံးပေါ်တွင် ထိုင်ကာ မခံချင်သောစိတ် ကြီးစွာဖြစ်လျက် လက်သီးလက်ရုံးတန်းကာ အံကြိတ်ကာ ကြီးစွာသော စိတ်ပြဋ္ဌာန်းခြင်းကို ပြုလေတော့သည် ။

မောင်ကြွားသည် အဘယ်အခါမျှ ထိုကဲ့သို့သော စိတ်ပြဋ္ဌာန်းခြင်းကို မပြုဖူးချေ ။ ထိုနေ့၌ကား နနွင်း ထောင်း၍ နေခိုက်တွင် မယ်သုံ ခေါ်သော အပျိုချော တစ်ယောက်က ၎င်းကို ကြည့်ရာ မောင်ကြွားက ပြန်၍ ပြုံးမိသည်တွင် ။ မယ်သုံက သုန်မှုန်စွာ စောင်းမဲ့ပြီး “ နင် ငါ့ကို ဘာထင်လို့ ပြီတီတီ ကြည့်ရသလဲ ” ဟု ပြော၍ သွားလေ၏ ။

မောင်ကြွားသည် မယ်သုံကို ကြိတ်ခါ ပိုး၍ နေ၏ ။ စကားလည်း မပြောရဲချေ ။ ထိုနေ့၌ကား စွန့်ကာ စလိုက်ခြင်း ဖြစ်လေရာ စလျှင် စချင်း ၊ ကင်းမီးကောက်ကို ထိမိ သလို ၊ ဆတ်ခနဲ အထိုးခံရသဖြင့် အသည်းတိုင်စူး၍ သွားလေ၏ ။ သို့ဖြစ်သောကြောင့် ဒင်းထက် သာအောင် ငါ ကြံမည်ဟု စိတ်အကြံ ပြုရာတွင် သင်းထက် သာရုံမက ၊ တစ်ရွာလုံးရှိ လူများထက် သာအောင် ၊ ၎င်းတို့ထက် အထက်ကျအောင် ကြံစည်ခြင်း ဖြစ်လေ၏ ။

သို့ပင် ကြံစည်သော်လည်း ထိုကြီးမားသော အကြံ၌ ဆင်းရဲသော မိခင်မှာ ကူညီခြင်း မပြုနိုင်သည်ကို သိလေ၏ ။ ဘုရားသော်မှ အမီရှိမှ ပွင့်ရသည်ကို မောင်ကြွား သိ၏ ။ အဘယ်မှာ အမီကို ရအောင် ရှာရမည်နည်း ။ အဘယ်နည်းမျိုးဖြင့် လျင်မြန်စွာကြီးမြင့်အောင် ကြံရပါမည်နည်း ။ အရင်းမစိုက် လှေထိုးလိုက်ရန်မှာ လူပုံက သေးငယ်၏ ။ လွှတိုက်ဖို့ရန်လည်း အင်အားမလုံ လောက်ချေ ။ ရောင်းဝယ်ရန်မှာ အရင်းအနှီး မရှိ အသက်မွေးမှု တစ်ခု ပညာမှာလည်း နနွင်းလုပ်ခြင်း အတတ်မှ တစ်ပါးအခြားပညာ မရှိချေ ။ ငယ်ငယ် ကတည်းက မိခင် နှင့် မခွဲရသဖြင့် မည်သည့် ကျောင်းမှာမျှ မနေခဲ့ရ ။ ဘုန်းကြီးကျောင်း၌လည်း စာမသင်ခဲ့ရ ၊ ဓားပိန်ယိမ်းဆရာကြီး ရေးသားသော ကုသဇာတ်စာအုပ်ကို စာလုံးပေါင်း၍ ဖတ်သဖြင့် ၊ စာအတော်အတန် ဖတ်နိုင်၏ ။

သို့အမျိုးမျိုး ကြံစည်ရာ အဘယ်ပညာ အဘယ် အတတ်မှ မတတ်သဖြင့် မင်းအစိုးရအရာရှိ လုပ်ဖို့သာ နည်းလမ်း ရှိလေတော့သတည်း ။ သို့ဖြစ် လေရာ မခံချင်သောစိတ်၏ ပြင်းထန်ခြင်းကြောင့် မိခင်ထံ ကပ်ကာ အခွင့်ကို ပန်ကြားလေရာ မိခင်ဖြစ်သူက အခွင့်ပြုသဖြင့် မိခင်ကို ရိုသေစွာ ဦးချပြီး ရွာမှ ထွက်ခွာ၍ သွားလေရာ မြို့သို့ ရောက်လေလျှင် ပုလိပ်ရုံးသို့ သွားရောက်ကာ အလုပ်ကို တောင်းလေ၏ ။ ပုလိပ်အရာရှိ ကု,လားဖြူကြီးက သေးငယ်သော မောင်ကြွားကို ကြည့်ခါ ပေမမီလောက်သည်ကို မြင်သဖြင့် ဦးခေါင်းကို ခါ၍ ငြင်းလိုက်လေ၏ ။

မောင်ကြွားသည် စိတ်အား မဆုတ်မယုတ် ။ တစ်နေရာမှာ နေရာ မကျလျှင် အခြားနေရာ တစ်ခုခုမှာ ဟန်ကျမည်ဟု စိတ်ကို တင်းကာ သစ်တောရုံးသို့ ရောက်လေရာ ၊ တောခေါင်းအလုပ်ကို လျှောက်လေ၏ ။ သစ်တောဝန်ထောက်က “ မောင်မင်း သစ်တုံးပိလို့ သေလျှင် ကျွန်ုပ် တာဝန်ကင်းမည် မဟုတ် ” ဟု ပြောကာ ငြင်းလိုက် ပြန်လေ၏ ။

မောင်ကြွားသည်ကား စိတ်မပျက်သေးချေ ။ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ကပ်ရောက်ကာ ကျောင်းမှာ အိပ်ကျောင်းမှာ စားပြီး တစ်နေ့မပြတ် ကြိုးစားကြံစည် ရှာကြံလေရာ ၊ မိုးလများ နီး၍ လာလေ၏ ။ မိခင်ကို လွန်စွာ အောက်မေ့လျက်နှင့်ပင် မပြန်ဘဲ နေလေ၏ ။ မကြီးပွားလျှင် ငါမပြန် ၊ မယ်ဆုံ မယ်သုံ ၊ မယ်ဘုံ တို့ အပေါ်၌ မမော်ရလျှင် ရွာမြေကို ငါမနင်း ၊ သိုးနက် မြတ်ကျော် စံဘော် တို့လို ၊ ရွာဗိုလ်တွေ၏ ဦးခေါင်းပေါ်မှာ စင်္ကြံ မလျှောက်ရလျှင် ငါမသေ ။ မဖြစ်သေးသမျှ ရွာသို့ မပြန် ၊ ဖြစ်ပြီးမှ ငါ ပြန်အံ့ ။ ငါ၏ ခရီးမှာ ပြန်လမ်း မရှိဟု စိတ်ကို တင်းကာ ဘုန်းကြီးကျောင်း၌ တစ်မိုးခိုရင်း ကြိုးကုတ် ကြံစည်၍ နေရှာလေသတည်း ။

လူ၏ စိတ်သည် လွန်စွာ တန်ခိုးကြီး၏ ။ တစ်စုံတစ်ရာကို ထက်သန် ပြင်းပြသော ဆန္ဒနှင့် စူးစိုက်စွာ မလျော့သော လုံ့လနှင့် ကြံစည်က ဖြစ်ရမြဲပေတည်း ။ မောင်ကြွား၏ ကိုယ်သည် အမှန်ပင် သေးငယ်သော်လည်း စိတ်၏ ထက်သန်ခြင်း လွန်စွာ ကြီးသဖြင့် ကြီးသော စိတ်၏ ဆောင်ရာသို့ သေးငယ်သော ကိုယ်သည် လိုက်ပါရလေ၏ ။ သေးငယ်သော ကိုယ်၌ စိတ်၏ တန်ခိုးကြောင့် ပြောင်းလဲခြင်း ဖြစ်ရလေ၏ ။

မောင်ကြွားမှာ မလျော့သော စိတ်အား ၊ ကြီးမားသော မာန်မာန အဟုန်ဖြင့် စွဲမြဲကြံစည်ရာ ၊ ကြံသလောက် ပေါက်ရောက်ခဲ့၏ ။ အဘယ်ပုံ ပေါက်ရောက် အဘယ်ပုံ နိမ့်ရာမှ အဘယ်ပုံ မြင့်ရာသို့ ရောက်သည်ကို မြင့်ရာသို့ ရောက်ပြီးသောအခါ မောင်ကြွားသည် တိုး၍ မြင့်အောင် အထက်က စိတ်မျိုးကို ထားပြီး မဆုတ်မနစ် ကြိုးစား ကြံစည်ချေက မြင့်သည်ထက် မြင့်၍ သွားဖို့ ရှိခဲ့လေ၏ ။ သို့သော်လည်း မောင်ကြွား မှာ နိမ့်ရာမှ မြင့်ရာသို့ ရောက်သော အခါ၌ မြင့်သော အခြေအနေ၏ စည်းစိမ်ဂုဏ်သိမ်၌ ယစ်မူးကာ မိမိ၏ ဂုဏ်ကို ပြလိုသော စိတ်ကြောင့်ပေလား ။ သို့တည်းမဟုတ် မြှောက်ပင့်သူတွေ များသောကြောင့် ခြေဖျား ထောက်မိလေသောကြောင့်ပေလား မသိရ ။ မြင့်ရာသို့ ရောက်ပြီးမှ အဘယ်ပုံ ပြန်လည် လက်လျှော့ရသည့် ဝမ်းနည်းဖွယ်သော ဖြစ်ပျက်ပုံကို အောက်၌ ဖော်ပြအပ်ပေသတည်း ။

မိုးလများ ကုန်လွန်၍ သွားသောအခါ ရွာသို့ တစ်ကိုယ်တည်း ပြန်ရောက်၍ လာလေ၏ ။ ရွာထဲသို့ ဝင်လျှင် ဝင်ခြင်း ၊ မယ်သုံနှင့် မယ်အုံတို့နှင့် ရင်ဆိုင် တွေ့လေ၏ ။ တွေ့သော်လည်း မသိဟန်ဆောင်ကာ ဣန္ဒြေ မပျက် နှုတ်မဆက်ဘဲ မမြင်ဟန် ဆောင်လျက် ရှေ့သို့သာ ကြည့်၍ သွားလေ၏ ။ မယ်သုံနှင့် မယ်အုံ ညီအစ်မ နှစ်ယောက်မှာမူကား ကြီးကျယ်သော ပြောင်းလဲခြင်းကို လည်းကောင်း ၊ ခံညားသော ကျက်သရေရောင်ဝါ ၊ ရှေးအခါနှင့် မတူ လုံးလုံးကြီး ခြားနားသော အခြင်းအမူအရာ ကိုလည်းကောင်း မြင်ကြရလေရာ ၊ အတိုင်းမသိ အံ့သြခြင်း ဖြစ်ကြလျက် ရပ်တွေ မိန်းမောပြီး တစ်ယောက်ကို တစ်ယောက် လက်တို့ကာ “ ဟင်ဟုတ်ပါတယ်အေ့ ၊ ကိုကြွား ပါပဲ ” ဟု တစ်ယောက်က လက်တို့၍ ပြောလေ၏ ။

“ မဟုတ်ပါဘူးအေ့ သေသေချာချာ ကြည့်ပါဦး ။ ကိုကြွားဖြင့် တို့ကို နှုတ်ဆက်မှာပေါ့ ”

“ အရင်ကလိုမှ မဟုတ်တော့ဘဲ ၊ သူက ဘာစပြီး နှုတ်ဆက်မှာလဲ အေ့ ။ တိုးတိုးပြော တိုးတိုးပြော ကပ်လာပြီ လမ်းဖယ်ပေးပါအေ့ ညည်းကလဲ ” ဟု တစ်ယောက်က ပြောလေ၏ ။

၎င်းတို့ကလည်း နှုတ်မဆက်ရဲ ။ မောင်ကြွားကလည်း ၎င်းတို့ကို ဂရုမစိုက် ၊ မကြာမီ ဝေး၍ သွားလေရာ မယ်သံနှင့် မယ်အုံသည် လိုက်၍ ပြေးကြလေ၏ ။ မောင်ကြွား သည်ကား ၎င်းတို့ကို အဖက်မလုပ် အသိအမှတ် မပြုဘဲသွားလေ၏ ။

မကြာမီ စံဘော် နှင့် တွေ့လေရာ ၊ စံဘော် ကလည်း မောင်ကြွား ကို ဟုတ်မှ ဟုတ်ပါ့မလားဟု ခပ်လှမ်းလှမ်းမှ စိုက်ကာ သေချာစွာ ကြည့်လေ၏ ။ မောင်ကြွား သည်ကား ၎င်းကို လျင်မြန်စွာ ကြည့်ပြီး ပြုံးရုံသာ ပြုံး၍ လွန်သွားလေ၏ ။ မကြာမီ ... တစ်ရွာလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကြ လေ၏ ။ မောင်ကြွားမှာ ရှေးကနှင့် မတူတော့ချေ ။ ရှေးအခါက မောင်ကြွား ရှိသည်ကို အသိအမှတ်မျှ မပြုသူတို့သည် သူ့ထက်ငါ ပြေး၍ လာကြပြီးလျှင် နှုတ်ဆက် ကြလေ၏ ။ သူ့ထက် ငါ အိမ်ကို ကြွဖို့ရန် တောင်းပန်ကြလေ၏ ။ မောင်ကြွား သည်ကား မည်သူ၏ အိမ်ကို လိုက်မည် ဟူ၍မျှ အတည်အကျ ပြန်၍ အမိန့် မရှိချေ ။ နောက်ဆုံး၌ သူကြီးမင်း ကိုယ်တိုင်က လိုလားလှသဖြင့် သူကြီးအိမ်သို့ ရောက်၍ သွားလေရာ အိမ်ခေါင်းရင်း မှိုင်းလုံး ကော်ဇောထက်၌ ထိုင်ကာ ရှေး၌ ပွဲရုံများနှင့် သားနားစွာ မိမိ၏ ကြီးကျယ်သော ပြောင်းလဲကြီးမြင့်ခြင်း အကြောင်းကို ဇာတ်လှန်၍ ပြောလေ၏ ။ မောင်ကြွားမှာ ဘဝကူးသလို ဖြစ်၍ နေလေသတည်း ။

ထိုအခိုက်တွင် နနွင်းသည် မိခင်သည် အားရဝမ်းသာ ပြေး၍ လာလေရာ သားဖြစ်သူကို မြင်လျှင် ဝမ်းသာလုံးဆို့ခါ မျက်ရည်များကို မသိမ်းဆည်းနိုင်အောင် ဖြစ်ရှာလေ၏ ။

အကယ်၍ မောင်ကြွားသည် စိတ်ကို နိုင်ချေက ကြီးသည်ထက် ကြီးမြင့်ရန် လမ်းသည် ပွင့်၍ နေလေ၏ ။ တိုးတက်အောင် ကြိုးစားဖို့ရန် အတွက် ထိုအခြေအနေသို့ ရောက်အောင် ကြိုးစားခဲ့ရလောက် ခက်ခဲခြင်း မရှိတော့ချေ ။ သို့သော်လည်း မောင်ကြွားမှ မိမိ၏ မြင့်တက်သော အခြေ၌ ကျေနပ်သင့်သည်ထက် ပိုမို ကျေနပ်လေ၏ ။ မယ်ဆုံ ၊ မယ်သုံ ၊ မယ်အုံတို့ကလည်း ရှေးကနှင့်မတူ သူ့ထက်ငါ အထူး အရေးယူကြလေ၏။ သို့ဖြစ်လေရာ ရွာကို အထက်ကလို လွယ်ကူစွာ မစွန့်ခွာနိုင်ဘဲ အထက် အမိန့်ကို လွန်ကာ ရွာ၌ ညဉ့်အိပ်၍ နေမိလေသတည်း။ လပေါင်းကြာစွာ ရွာသွား၍ နေပြီးနောက် ပြန်၍ ရောက်ရာတွင် မူလက ချစ်ခင်သော နီးစပ်သူ အနည်းငယ်တို့ ၏ တောင်းပန်ခြင်းကြောင့် တစ်ကြောင်း၊ ရှေးအခါက အလေးဂရု မပြုဘဲ နေသူတို့က အလေးဂရု ကြသောအခါ မောင်ကြွားမှာ သာယာခြင်း ဖြစ်မိသောကြောင့် တစ်ကြောင်း ၊ အထူးအားဖြင့် ရှေးအခါက သုန်မှုန်ကာ အဖက်မတန်ဟု အောက်မေ့သော မယ်သုံ တို့ ညီအစ်မက လွန်စွာမှ အလေးဂရု ပြုကြသည်ကြောင့် တစ်ကြောင်း ၊ မပြန်နိုင်ဘဲ သူကြီး၏ အိမ်၌ တစ်ည တည်းခို၍ နေမိခြင်း ဖြစ်လေ၏။

နောက်တစ်နေ့ မောင်ကြွားသည် တစ်ရွာလုံးကို နှုတ်ဆက်၍ ထွက်သွားသောအခါ သူကြီးမင်းနှင့် မယ်သုံတို့ ညီအစ်မသည် ရွာပြင်သို့ ရောက်အောင် လိုက်၍ ပို့ကြလေ၏ ။ မောင်ကြွား လည်း ဝမ်းနည်းစွာ နှုတ်ဆက်၍ ပြန်သွားရှာလေသတည်း ။

••••• ••••• ••••• 

နောက်ရက်ပေါင်းများ မကြာမီ ၊ မောင်ကြွားသည် မိခင်နှင့် အတူ နနွင်းထောင်း၍ နေလေ၏ ။ မယ်သုံ ၊ မယ်ဆုံ တို့ ဖြတ်၍ လာလေရာ မောင်ကြွားက ဆီး၍ နှုတ်ဆက်လေ၏ ။ ညီအစ်မ နှစ်ယောက် အံ့အားသင့်လျက် ၊ ၎င်းကို ကြည့်၍ နေကြပြီး “ ဟင် ဘယ့်နှာပါလိမ့် အဟုတ်များလားလို့ ” ဟု မယ်သုံက ပြောပြီး စကား မဆက်ဘဲ ထွက်၍ သွားကြလေ၏ ။

အတန်ကြာသောအခါ သူကြီးမင်း ပျာယီးပျာယာ ရောက်၍လာပြီး မောင်ကြွားကို အံ့သြသော မျက်နှာနှင့် ကြည့်ကာ “ ဘယ့်နှယ် မောင်ရင် ၊ ကျုပ် အဟုတ်များလား လို့ ၊ အိမ်က သူကြီးကတော်နဲ့တောင် တိုင်ပင်ထားတယ် ။ အိမ်က မိန်းမကလည်း အားရဝမ်းသာ ပဉ္စင်းအစ်မ ဖြစ်တော့မယ်ရယ်လို့ ပရိက္ခရာများတောင် ဝယ်တော့မလို့ ကြံနေတာပဲ ။ ဘယ်ပုံ ဖြစ်လာသလဲ ” ဟု မေးလေ၏ ။

“ သူကြီးမင်း အိမ်မှာ တစ်ည အိပ်မိတာနဲ့ ၊ ဘုန်းကြီးက စိတ်ဆိုးပြီး နှင်ပစ်လိုက်တယ် သူကြီးမင်းရဲ့ ၊ ကျုပ် ကိုယ်တိုင်ကလည်း တယ်ပြီး စိတ်မနိုင်လို့ ပြန်လာတာပဲ ၊ ကျုပ်လည်း ထမင်းစား ကျပ်တာနဲ့ ရဟန်းခံမယ်လို့ ဘုန်းကြီးကို လိမ်ပြောပြီး သင်္ကန်းဆီး နေတာပါ ။ ဘိက္ခုပါတိမောက်ကို မကျက်နိုင်တာနဲ့ စိတ်ပျက်နေတာလည်း တော်တော် ကြာပါပြီ ” ဟု မောင်ကြွားက ပြန်၍ ပြောလေ၏ ။

“ ဒီလိုဖြင့် ဝါဝါက နနွင်းပဲ ပြန်ထောင်းနေတာ အေးပါတယ် ” ဟု ပြောပြီး သူကြီးမင်း ထွက်၍ သွားလေရာ မောင်ကြွားမှာ မြင့်ရာမှ တစ်ဖန် သက်ဆင်း ၊ ရှေးကထက် သေးသိမ်ပျက်ကွယ်ခြင်း အခြေအနေသို့ ရောက်ပြန်လေတော့သတည်း ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၃ )

No comments:

Post a Comment