Wednesday, April 8, 2026

စမ်းသလား

 

❝ စမ်းသလား ❞
     ( ပီမိုးနင်း )

“ အိုင်ဆေး ကိုမောင်ခင် ၊ အဘိုးကြီးတော့ အင်မတန် သဘောကောင်းပုံ ရတယ် ။ အပြောအဆို အင်မတန် ယဉ်ကျေးတာပဲ ” ဟု မောင်စိန်က ပြောလေ၏ ။

“ အပြောအဆို ယဉ်ကျေးတာက အလကားအပို ၊ ခင်ဗျား ကြပ်ကြပ် ဂရုစိုက်ဖို့ ရှိတယ် ။ ခင်ဗျားက လူသစ် ၊ ကျုပ်တို့ကတော့ သူ့အကြောင်းကို သိပြီး ဖြစ်နေလို့ ပြောတာ ” ဟု မောင်ခင်က ပြောလေ၏ ။

မောင်ခင်နှင့် မောင်စိန်သည် ချစ်ခင်သော ကျောင်းနေဘက် သူငယ်ချင်း နှစ်ယောက် ဖြစ်ကြလေ၏ ။ မောင်ခင် မှာ ဦးသာအိုး ကုမ္ပဏီ၌ လူဟောင်း ဖြစ်၏ ။ မောင်စိန်မှာ ဆယ်တန်းအောင်ပြီးနောက် အလုပ်မရ ခိုကိုးရာလည်း မရှိ ။ ရောင်လည် ၊ ရောင်ပတ် ဖြစ်၍ နေရာမှ မောင်ခင်က အဘိုးကြီးအား ပြောပြီး အလုပ်သွင်း၍ ထားသူ ဖြစ်လေ၏  ။

စိန် ။  ။ “ ပြောစမ်းပါဦး သူငယ်ချင်းရဲ့ ၊ ဘယ်လို အကြောင်းလဲ ”

ခင် ။  ။ “ ငါ သူ့ဆီ ရောက်စက သတင်းစာတိုက် ကြော်ငြာ သွားပြီး အပေးခိုင်းတယ် ။ စာမှာ ငွေငါးဆယ် နှစ်လအတွက် တင်ကြိုပေးတဲ့အကြောင်း ပါလာတယ် ။ ငွေကို ကြည့်တော့ ခြောက်ဆယ် ဖြစ်နေတယ် ။ ဒါမျိုးနှင့် ဘာရမလဲ သူငယ်ချင်းရဲ့ ၊ နဂိုက အင်မတန်ရှင်းတဲ့ လူကို လာပြီး စမ်းတာကလား ၊ ငါက ငွေတစ်ဆယ်ကို သူ့ ပြန်ပေးလိုက်တာပေါ့ ။ သည်ကတည်းက စပြီး အားလုံး ပုံလွဲတာပဲ ”

စိန် ။  ။ “ သည်လိုလား ၊ ရှေးအဘိုးကြီးကိုး ၊ ခု ကာလ တက်လူတွေကို ရှေးနည်းနှင့် စမ်းလို့ ဘာရမလဲ ”

ထိုအတွင်း ဆိုင်၌ ခိုင်းစေသော ဖိုးလှခေါ် သူငယ်ကလေးသည် ၎င်းတို့ နှစ်ယောက်ဆီသို့ တူရူလျက်လာပြီး သူဌေး ခေါ်နေကြောင်း မောင်စိန်အား ပြောလေ၏ ။ မောင်စိန် ထွက်၍ သွားလေ၏ ။ မောင်ခင်သည် နယ်မှ လာသော ပစ္စည်းများ ၊ စာများကို ရှင်းလင်း၍ နေလေ၏ ။

သူဌေးသည် မောင်စိန်အား မိမိ၏ စားပွဲနှင့် ယှဉ်လျက်နေသော စားပွဲငယ်ကလေး တစ်ခုမှာ ထိုင်စေပြီးနောက် အလုပ်အကြောင်းကို ပြော၍ ပြလေ၏ ။

“ ဦးအလုပ်က အနယ်နယ် အရပ်ရပ်မှာ ရှိတဲ့ ကိုယ်စားလှယ်များ ၊ ဖောက်သည်များနှင့် စာပေးစာယူ အများကြီး လုပ်ရတယ် ။ စာပေးစာယူ အလုပ်မှာ ပေါ့ရင် သိသိသာသာ အလုပ်လျော့တာပဲ ။ မောင်ခင်က မင်း စာရေးကောင်းတယ်လို့ အများကြီးပဲ ပြောတယ် ။ သို့သော်လည်း စာရေးတဲ့ အပြင် ဗွီပီပီ အလုပ်များကိုလည်း မင်း ကိုင်ရလိမ့်မယ် ။ မင်း ရေးရမယ့် စာများ ဗွီပီပီနဲ့ ပို့တဲ့ ပစ္စည်းများ အကြောင်းနှင့် အများကြီး ပတ်သက်လိမ့်မယ် ” ဟု ပြောပြီး “ ဟောဒီစာကို ဖတ်စမ်း ၊ ဖတ်ပြီးရင် မင်း သဘောနှင့် သည်လူ ကျေနပ်အောင် ပြန်စာတစ်ခု ရေးစေချင်တယ် ။ ဆယ်မိနစ်နှင့် ပြီးရမယ် ” ဟု ပြောရင်း စက္ကူ ၊ တစ်ရွက်ကို စာများ ထဲမှ ယူပြီး မိမိ၏ အနီးရှိ အမှိုက်ခြင်းထဲသို့ ချလိုက်ရာ ချသော စက္ကူအောက်၌ အခြားစာရွက် ကပ်၍ ပါသွားသည်ကို မောင်စိန် မြင်လိုက်လေ၏ ။ သို့ အဘိုးကြီးသည် မောင်စိန်၏ မျက်နှာကို လျင်မြန်စွာ မျက်စောင်းထိုး၍ ကြည့်လိုက်လေ၏ ။

ထိုအခိုက် မောင်ခင်သည် အရေးကြီးသော စာတစ်စောင်ကို သူဌေးအား လာ၍ ပေးလေ၏ ။ မောင်စိန်သည် ထိုအခါ၌ သူဌေး အရေးခိုင်းသော စာကို ငုံ့လျက် ရေး၍ နေလေ၏ ။ သူဌေးလည်း မောင်ခင် ပေးလာသော စာကို ဖတ်၍ နေလေ၏ ။ မောင်ခင်သည်ကား သူဌေး နောက်နား၌ ရပ်ကာ စက္ကူစုတ်ခြင်းကို ကြည့်၍ နေလေ၏ ။

သို့ဖတ်၍ ပြီးသောအခါ သူဌေးသည် မောင်ခင်ကို မော့၍ ကြည့်ပြီး “ ကောင်းပြီ ” ဟု ပြော၍ ဦးခေါင်းကို ညိတ်လိုက်လေ၏ ။ မောင်ခင်လည်း အခန်းထဲမှ စိတ်လက် လေးလံသော အမူအရာနှင့် ထွက်၍ သွားလေ၏ ။ သူဌေးလည်း ၎င်းစာကို မောင်စိန်အား ပေးပြီး တနင်္ဂနွေ နှစ်ပတ် ဆိုင်းရင် ဒီလူ လိုချင်တဲ့ စက်ကို ဆက်ဆက် ရနိုင်ကြောင်း ၊ တခြားမှာ မဝယ်ဘဲ တနင်္ဂနွေ နှစ်ပတ်လောက်သာ စောင့်ဖို့အကြောင်း ၊ စောင့်မှာဖြင့်ရင် စာတစ်စောင်နှင့် စရန်ငွေ သုံးပုံတစ်ပုံ ပို့လိုက်ဖို့ အကြောင်းကို ပြန်စာရေး လိုက်စမ်း ၊ ဖောက်သည် တစ်ယောက်နှင့် ဆက်မိရင် မလွတ်အောင် လုပ်ဖို့ဟာ စာသာ ဖြစ်ကြောင်းနှင့် ပြောပြီး ထွက်၍ သွားလေ၏ ။

အဘိုးကြီးသည် ထွက်၍ သွားပြီး ထိုအပေါ်ထပ်သို့ တက်သွားသော လှေကားကို တက်လေ၏ ။ ထိုလှေကားမှာ မောင်စိန် စာရေးနေသော အခန်းတွင်းကို ကောင်းစွာ မြင်နိုင်သော အပေါက်ငယ် တစ်ခုသည် နံရံမှာ ရှိလေ၏ ။ သူဌေးသည် ထိုလှေကားနံရံမှ ကြည့်လေ၏ ။ သို့ကြည့်ရာ စက္ကူစုတ်ခြင်းကို မြင်ရလေ၏ ။ မောင်စိန်ကိုကား မမြင်ရပေ ။

အတန်ငယ်ကြာမှာ ကြည့်မိသောအခါ မောင်စိန် စာရေးရာမှ ထပြီး မိမိ၏ သူဌေး စားပွဲသို့ လာသည်ကို မြင်လိုက်ရလေ၏ ။ တစ်ကိုယ်လုံးကို မမြင်ရ ။ အပေါ်ပိုင်း တစ်ဝက်ကိုသာ မြင်ရခြင်း ဖြစ်လေ၏ ။

ထို့နောက် မောင်စိန်သည် မိမိ စာရေးသော စားပွဲငယ် ဘက်သို့ ပြန်၍ သွားသည်ကို မမြင်ရ ။ ခြေသံကို ထောက်သဖြင့် အခန်းပြင်သို့ ထွက်၍ သွားသည်ကို သိရလေ၏ ။

သူဌေးသည် ဆက်လက်၍ ကြည့်လေ၏ ။ သို့ ဆက်လက်၍ ကြည့်ရာ တစ်ဖန် အခန်းထဲသို့ ပြန်၍လာသော ခြေသံကို ကြားရပြီး စက္ကူခြင်းထဲသို့ နှိုက်သော လက်တစ်ခုကို မြင်ရလေ၏ ။ ထိုလက်မှာ ရှပ်အင်္ကျီ ဝတ်၍ ထားသော လက် ဖြစ်လေ၏ ။ ရှပ်အင်္ကျီမှာ လက်မာ ဖြစ်လေ၏ ။

မောင်စိန် စာရေးနေစဉ်က အပေါ်မှာ ပိုးအင်္ကျီ ဖြစ်၍ ရှပ်လက်မာဖြစ်သည်ကို အဘိုးကြီး သတိထားလိုက်မိလေ၏ ။ နောက်တစ်နေ့ အလုပ်တိုက်သို့ မောင်စိန် လာသောအခါ မောင်ခင်ကို မတွေ့ရ ။ မေးမြန်းစုံစမ်း သောအခါ မောင်ခင်မှာ သူဌေး၏ အမိန့်အရ ပဲခူး ကိုယ်စားလှယ်ထံ ယနေ့ချက်ချင်း မီးရထားနှင့် လိုက်၍ သွားရကြောင်း သိရလေ၏ ။

မောင်ခင်သည် အလုပ်ကို လွန်စွာ ကြိုးစားသဖြင့် အရာရာ၌ ယုံကြည်လွှဲအပ်ခြင်းခံရသူ ဖြစ်လေ၏ ။ အလုပ်ဆင်းချိန်မှာ အခြား စာရေးများထက် တစ်နာရီ ၊ နှစ်နာရီ နောက်ချန်၍ ဆင်းလေ့ ရှိ၏ ။ အလုပ်တက် ရာ၌ အခြား စာရေးများထက် တစ်နာရီ ၊ နှစ်နာရီ ပို၍ စောလေ့ ရှိ၏ ။ သို့ဖြစ်လေရာ ထိုနေ့မှာ အစောကြီး တိုက်သို့ ရောက်အလာမှာ မိမိ၏ စားပွဲပေါ်၌ ပဲခူးကို သွားရန် အမိန့်စာကို တွေ့ရသဖြင့် ချက်ချင်း ထွက်၍ သွားခြင်း ဖြစ်လေ၏ ။

မောင်စိန်သည် မိမိ၏ စားပွဲသို့ ရောက်သောအခါ စာတစ်စောင်ကို တွေ့ ရလေ၏ ။ ထိုစာ၌ လုပ်ကိုင်ပုံများ ကျေနပ်ဖို့ မရှိကြောင်း ၊ သို့အတွက် အခြားမှာ အလုပ် ရှာဖို့အကြောင်း ၊ အလုပ် တခြားမှ ရလျှင် ဝမ်းသာလိမ့်မည် ဖြစ်ကြောင်းများနှင့် အဘိုးကြီး၏ လက်မှတ် ပါရှိလေ၏ ။

ထိုအခါ မောင်စိန်မှာ မျက်နှာ ညိုမည်း၍ သွားလေ၏ ။ ထို့နောက် ဒေါသဖြစ်လေ၏ ။ ထို့နောက် မိမိ၏ စားပွဲ၌ ထိုင်ကာ စာတစ်စောင်ကို ရေးခြစ်ပြီး စာအိတ်ထဲ၌ ထည့်၍ သူဌေး၏ နာမည်ကို စာအိတ်ပေါ်တွင် ရေးလေ၏ ။ ထိုစာကို သူဌေး၏ စားပွဲပေါ်၌ တင်၍ ထားပြီး ခြေကို ပြင်းပြင်းနင်းလျက် ထွက်၍ သွားလေတော့သတည်း ။

သို့သွားရင် ခက်ပြီ အဘယ်မှာ အလုပ်ရပါမည်နည်း ။ ယခု ရခဲ့ပြီး ယခု စွန့်ခဲ့ရသော အလုပ်မှာ လခ ခြောက်ဆယ်အပြင် အလုပ်ကို နားလည်ပြီးနောက် ထိုအလုပ်မျိုးကို ကိုယ်တိုင် လုပ်လျှင် ကြီးပွားနိုင်သော လမ်း ရှိသည့် အလုပ် ဖြစ်လေ၏ ။ ယခုလို ရှားပါးသော ခေတ်အခါ၌ ထိုအလုပ်မျိုးကို အဘယ်မှာ ရှာ၍ ရပါမည် နည်း ။ အလုပ်မှာ စာပေးစာယူ အလုပ်ဖြစ်ရာ မိမိ၏ ဝါသနာနှင့်လည်း သက်ဆိုင်လေ၏ ။ သို့သော်လည်း ကုန်သည် စာပေးစာယူ အလုပ်ကို မလုပ်ဖူးသောကြောင့် အဘိုးကြီး အဘယ်အချက်မှာ မကျေမနပ် ဖြစ်နေသည် တွေး၍ မရပေ ။ တကယ်ဆိုလျှင် အမှားညွှန်ပြ၍ အသစ် ရေးခိုင်းချေက မဖြစ်ဖို့ မရှိပေ ။ သို့ပါလျက် တစ်ချက်လွှတ် ယခုလို အလုပ်မှ ထုတ်ပစ်ခြင်းသည် စကတည်းက မလိုချင်ဘဲလျက် မောင်ခင်ကို အားနာပြီး အလုပ် လက်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိသာလေ၏ ။ မောင်စိန် မှာ ထိုအကြောင်းအရာများကို တွေးရင်း မျက်ရည်များ လည်၍ လာလေ၏ ။ မစော သိလျှင် ဝမ်းနည်းမှာပဲ ။ မစောမှာ အလွန်ရင်းနှီး၍နေသော မောင်နှမလို မက ချစ်ခင်သူ ဖြစ်၍ မောင်စိန် အလုပ်ရသဖြင့် သိရသော အခါ လွန်စွာဝမ်းသာပြီး ပေါက်၍ နေသော ပိုးခြေအိတ် ဖနောင့်ကို ဖာ၍ ပေးလိုက်သူ ဖြစ်လေ၏ ။ မောင်စိန် သည် ထိုနေ့ညနေ၌ မစော ထံသို့ မသွားဘဲ မိမိ၏ အခန်းကို ပြန်လေ၏ ။ ထိုအခန်းမှာ အလုပ် မရှိသော လူပျို ခြောက်ယောက် စု၍နေသော အခန်း ဖြစ်လေ၏ ။

မိမိနှင့် အတူ နေသော အဖော်များကလည်း မောင်စိန် အတွက် ဝမ်းသာ၍ နေကြရာ ပထမ လခထုတ်လျှင် တရုတ်ပင်လယ်မှာ ခြောက်ယောက်စလုံး တစ်စုတစ်ဝေး ပျော်ပွဲစားကြဖို့ တိုင်ပင်၍ ထားကြလေ၏ ။

မောင်စိန်မှာ ၎င်းတို့အား အဘယ်ပုံ မျက်နှာပြရမည် မသိ ပြန်၍ သွားရာ အခန်းပြတင်းပေါက်မှ ပြူ၍ ထွက်နေသော ကု,လားမောင်ကြီးနှင့် ပါတူးခေါ် တရုတ်ကပြားကလေးကို မြင်သောအခါ နောက်သို့ လှည့်ကာ မပြန်သော ခရီးကို သွားချင်သကဲ့သို့ ဖြစ်လေ၏ ။

သို့သော်လည်း စိတ်ကို တင်းလျက် သွားရလေ၏ ။ လှေကားသို့ ရောက်သောအခါ ၎င်းတို့ နှစ်ယောက် လှေကားထိပ်မှ ကြိုလျက် “ အိုင်ဆေး ဘယ့်နှယ်လဲ ၊ ယနေ့ ဟိုတယ်သွားဖို့ အခွင့်ယူလာခဲ့တယ် မဟုတ်လား ၊ မှန်းစမ်း ” ဟု အိတ်များကို နှိုက်၍ စမ်းကြလေ၏ ။

“ မရသေးပါဘူးဗျာ ၊ နေမကောင်းလို့ ခွင့်တောင်းလာတာပါ ” ဟု ပြောပြီး အိပ်ရာကို သွားလေရာ အပ်ဘဒူလာက “ ကိုယ့်လူက တယ်ရှော်တာကိုး ” ဟု ညည်းလျက် အခန်းနံရံ မှီကာ မျောက်ထိုင် ထိုင်လျက် လက်နှစ်ဖက်ကို ပွတ်၍ နေလေ၏ ။

နောက်တစ်နေ့ မောင်ခင်သည် အလုပ်တိုက်သို့ ရောက်၍ မောင်စိန်ကို မတွေ့ ရသောအခါ သူဌေးနှင့် စကားပြောရင်း မောင်စိန် စားပွဲကို မကြာမကြာ ကြည့်လေ၏ ။

သူဌေး ။  ။ “ မင်း လူလား ၊ ငါ အစကတည်းက သိတယ် ။ ဟန်မကျဘူး ဆိုတာ သည့်အတွက် အခြားမှာ အလုပ်ရှာဖို့ ပြောလိုက်တယ် ”

မောင်ခင်သည် အံ့အားသင့်၍ နေလေ၏ ။

“ ဘာဖြစ်လို့လဲ ဦးရဲ့ ၊ ဘာအပြစ်ရှိသလဲ ”

“ မနေ့က ငါ စက္ကူခြင်းထဲကို တစ်ဆယ်တန်စက္ကူ တစ်ချပ်ကို တခြား စာရွက်နှင့် အတူ ထည့်လိုက်တာ သူ မြင်တယ် ။ ပြီးတော့ ငါ အမှတ်တမဲ့ ကြည့်နေတယ် ။ သူ ဒီငွေစက္ကူကို ခြင်းထဲ နှိုက်ယူပြီး ထွက်သွားတယ် ။ တကယ်ဆိုရင် ငါ မတော်တဆ ချမိကြောင်း သူ သိရမယ် ။ သိရင် သည်လို မလုပ်သင့်ဘူး ။ သူခိုးကလေးပဲ ။ ငါ့တိုက်မှာ သူခိုးကို မထားဘူး ”

ထိုအခါ မောင်ခင်သည် စားပွဲအောက်၌ ကျ၍ နေသော စာအိတ် တစ်အိတ်ကို မြင်သဖြင့် ကောက်၍ ယူလေရာ မောင်စိန်၏ လက်ရေးဖြင့် ရေးထားသော သူဌေး၏ နာမည်ကို မြင်သဖြင့် သူဌေးအား ထိုစာကို ပေးလေရာ သူဌေးသည် ဖွင့်၍ ဖတ်လေ၏ ။ ထို့နောက် မောင်ခင်အား ပေးပြီး “ မြင်ရင် သည်ငွေစက္ကူ ဘယ်မလဲ ၊ ပြန်ပေးပါလား ” ဟု ပြောလေ၏ ။

မောင်ခင်သည် စာကို ဖတ်လေရာ အောက်ပါ အတိုင်း တွေ့ရလေ၏ ။

ဦးမင်း ခင်ဗျား ...

မနေ့က ခြင်းထဲကို ငွေစက္ကူတစ်ချပ် ဦး ထည့်လိုက်သည်ကို မြင်ရပါသည် ။ ယနေ့ ထိုငွေစက္ကူကို မတွေ့ရ သောအခါ ကျွန်တော်၏ သူငယ်ချင်း ကိုခင်မောင် ကတော့ ဦးဟာ စာရေးအသစ်များကို စမ်းတတ်တယ်လို့ ပြောပါသည် ။ သည့်အတွက် ဤအကြောင်းကို ဦး အား စာရေးပြောကြားလျှင် ကောင်းလိမ့်မယ် မှတ်ထင်ပါသည် ။
            “ စိန် ”

မောင်ခင်သည် စာကို ကိုင်မြှောက်လျက် သူဌေး၏ မျက်နှာအနီးသို့ စာကို ကပ်ကာ ပြပြီး “ သည်ငွေတစ်ဆယ် ဟာ ကျွန်တော် ယူတာပါ ။ ကျွန်တော့် သူငယ်ချင်း မဟုတ်ပါဘူး ” ဟု ပြောလေ၏ ။

သူဌေးမှာ များစွာ အံ့အားသင့်၍ သွားလေ၏ ။

“ ဪ… မင်းလား ၊ အခုမှ ဖွတ်ထွက်တာပေါ့ ၊ မင်းသည်လို အရာရာမှ ငါယုံလို့ လွှဲထားတာ ။ အခုပုံတော့ မင်း ထင်သလို လုပ်နေတာပေါ့ ”

“ ဦးတို့ ရှေးလူကြီးဉာဏ်တွေ ရိုးကုန်ပြီ ၊ ကျွန်တော် ယူတာ ။ ကျွန်တော့် အတွက် မဟုတ်ဘူး ။ ကျွန်တော့် သူငယ်ချင်းမှာ ငွေကြေး အသုံး လိုနေခိုက်မှာ ဦး စမ်းမှန်း မသိဘဲ ငွေစက္ကူကို ယူမိမှာ စိုးလို့ ။ ကျွန်တော်က ယူပြီး ဟိုနေ့ကပဲ ငွေစာရေးထံ အပ်လိုက်ပြီ ။ မယုံ မေးကြည့်ပါ ” ဟု ပြောလေ၏ ။

သူဌေးမှာ မျက်နှာမဲ့၍ သွားပြီး ချာခနဲလှည့်၍ ထွက်သွားလေ၏ ။

နောက်တစ်နေ့ နံနက် ( ၉ ) နာရီအချိန် အလုပ်သွားမည့် ဟန်ကို ဆောင်ကာ အိမ်ပေါ်မှ အဆင်းတွင် မောင်ခင် နှင့် တွေ့လေ၏ ။

မောင်ခင်သည် မောင်စိန်၏ လက်နှစ်ဖက်ကို ကိုင်ကာ “ အိုင်ဆေး ၊ ဘယ်ကို ပြေးမလို့လဲ ။ ရော့ ... ခင်ဗျား ကျုပ်ကို အလုပ်ဝင်တဲ့ နေ့က စရန်ငွေ သုံးဆယ် ပြောပေးပါလို့ ပြောထားတာ ” ဟု ပြောကာ ငွေစက္ကူ သုံးချပ် ထုတ်၍ ပေးလေ၏ ။

ထိုအခိုက် အပ်ဘဒူလာနှင့် အဖော်များ လှေကားပေါ်မှ ကျွမ်းတလိမ့်ထိုးလျက် ဆင်းလာကြလေ၏ ။

မောင်စိန်က “ နေကြပါဦး ၊ ကိုရင်တို့ရဲ့ ။ ဒီမှာ မေးပါရစေဦး ” ဟု ပြောရာ မောင်ခင်က အကျိုးအကြောင်းကို အဖော်များ အားလုံးအား ပြော၍ပြလေရာ အဖော်များ အားလုံးတို့မှာ အံ့အားကြီးသင့်၍ နေကြလေ၏ ။

▢  ပီမိုးနင်း
📖 ဆယ်သန်း ဂျာနယ်
      အတွဲ ၂ ၊ အမှတ် ၁၆
      မေ ၊ ၁၉၃၆

No comments:

Post a Comment