Thursday, March 27, 2025

ကမ္ဘာကြီး နဲ့ ကိုင်ပေါက်မယ့် စမ်းစမ်းနွဲ့

❝ ကမ္ဘာကြီး နဲ့ ကိုင်ပေါက်မယ့် စမ်းစမ်းနွဲ့ ❞


       ပေဖူးလွှာ ရဲ့ တွေ့ဆုံခန်း မှာ စာပေလောက က ပထမဆုံး အကြိမ် အဖြစ် တွေ့ဆုံရတဲ့ စမ်းစမ်းနွဲ့ ( သာယာဝတီ ) က လည်း လှိုက်လှိုက်လှဲလှဲ ကျွန်တော် မေးသမျှ မညည်းမညူ ဖြေပေးခဲ့ပါတယ် ။ ကျွန်တော် တို့ ဆွေးနွေးခဲ့သမျှ ပေဖူးလွှာ စာချစ်သူများ အတွက် ဖော်ပြ ပေးရရင် ....


•••••   •••••   •••••


“ မမနဲ့ စာပေကိစ္စ ဆွေးနွေးစရာ အကြောင်းအရာကလေးတွေ မဆွေးနွေးခင် မှာ မမ ကိုယ်ရေးကိုယ်တာလေး တချို့ ကို ကျွန်တော် မေးချင်ပါတယ် ။ ကလောင် နာမည် မှာ ( သာယာဝတီ ) ဆိုတာ ထည့် ထားပြီးသား မို့ သာယာဝတီ ဇာတိ ပဲ ဖြစ်မယ် ထင်ပါတယ် ။ မမ မိဘ ၊ မောင်နှမ စာပေမျိုးရိုး ရှိ မရှိ အဲဒါကလေးတွေ က စ, ပြော ကြရအောင် ” 


“ ရပါတယ် ၊ အဲဒါလေးတွေ က စ, ပြောရမယ် ဆိုရင် မမ ကို ၁၉၄၅ ခုနှစ် က သာယာဝတီ မှာ မွေးခဲ့ပါတယ် ။ မိဘ တွေ ကတော့ ဦးတင်မောင် ၊ ဒေါ်ပုစိန် ။ ကုန်သည်တွေ ပေါ့ ။ ခင်ပွန်း ကတော့ ကိုထွန်းညွန့်ဦး ပါ ။ မျိုးရိုး ထဲ မှာလည်း စာ ရေးတဲ့သူ မရှိခဲ့ဘူး ။ မောင်နှမတွေ ထဲ မှာလည်း မပါ ပါဘူး ။ မမတို့ မောင်နှမ ရှစ်ယောက် ရှိတယ် ” 


    “ မမ က ..... ” 


    “ နံပါတ် ဝမ်း ..... အကြီးဆုံး လေ ” 


    “  မမ စာ စ, ရေးဖြစ်ခဲ့တဲ့ နှစ် က ” 


    “ ၁၉၅၈ ခုနှစ် က စ, ရေးဖြစ်ခဲ့တယ် ။ တိုင်းရင်းမေဂျာနယ် မှာ ကဗျာ စ ရေးခဲ့တယ် ” 


    “ ကလောင်နာမည် က စမ်းစမ်းနွဲ့ ( သာယာဝတီ ) ပဲလား ” 


    “ ဒီ နာမည် နဲ့ လည်း ရေး ခဲ့တယ် ၊ နောက် စမ်းစမ်းနွဲ့ ( သတင်းထောက် ) ဆိုတဲ့ နာမည် နဲ့ လည်း ရေးတယ် ၊ အဲဒီ အချိန်တုန်းက သာယာဝတီခရိုင် အမျိုးသမီး သတင်းထောက် လုပ်နေတာကိုး ။ ကဗျာ လည်း ရေးရင်း ဝတ္ထု ၊ သတင်းဆောင်းပါး တွေ ရော စာနယ်ဇင်း တွေ မှာ ရေး ခဲ့တယ် ” 


    “ သတင်းဆောင်းပါး က ဘယ် သတင်းစာတွေ အတွက် ရေး ခဲ့တာလဲ ” 


    “ ဗိုလ်တထောင် ရှိတယ် ၊ ပြည်တောင်စု ၊ နိုင်ငံသစ် ၊ အိုးဝေ တို့ မှာ ရေး ခဲ့တယ် ” 


    “ အဲဒီကနေ တိုင်းရင်းမေ မှာ ပထမဆုံး ဝတ္ထု စ ရေးတယ် ဆိုပါတော့ ” 


    “ ဟုတ်ပါတယ် ၊ အဲဒီတုန်းကတော့ ကလောင် နာမည်တွေ က အများကြီးပါပဲ ၊ တိုင်းရင်းမေ မှာ စ ရေးဖြစ်တဲ့ ဝတ္ထု က ‘ ကြွေလေသော ချစ်ဖူးတစ်ငုံ ’ ၊ ၁၉၇၄ ခုနှစ် လောက် က ဖြစ်မယ် ထင်တယ် ၊ ဘယ် လ လဲ ဆိုတာတော့ မမှတ်မိတော့ဘူး ”  


    “ အဲဒီ ဝတ္ထု ရေး ခဲ့တဲ့ ကလောင်နာမည် ကကော ” 


    “ ဝတီနွဲ့လေး .... တဲ့ ၊ အဲဒီ က စပြီးတော့ ကဗျာတွေ ကို ရှုမဝ ၊ မြဝတီ ၊ ငွေတာရီ ၊ အိုးဝေ စတဲ့ မဂ္ဂဇင်းတွေ မှာ အစဉ်တစိုက် ရေး လာတယ် ။ ကြေးမုံ မှာတော့ သတင်းဆောင်းပါးတွေ ရေးတယ် ။ လုံးချင်းဝတ္ထု ကို တော့ ၁၉၇၄ ခုနှစ် မှ စ ရေးဖြစ်တယ် ” 


    “ ပထမဆုံး ရေး တဲ့ လုံးချင်းဝတ္ထု က ” 


    “ မြမရှား ၊ စိန်မရှား အလွန်ပင်များပါရဲ့ ” 


    “ ဒုတိယလုံးချင်း ကကော ” 


    “ ကမ္ဘာကြီး နဲ့ ကိုင်ပေါက်မယ် ၊ တတိယလုံးချင်း ကတော့ မဟူရာ အကျဉ်းထောင် ၊ နောက် ‘ နှစ်ဆယ်ရာစု ငြိမ်းငြိမ်းနု ’  ၊ နောက် ‘ ခေါက်ထီးကလေး မလုံ့တလုံ ’ ၊ နောက် ‘ ကိုကိုကံရာဇာ ’ တို့ ရေးခဲ့ပါတယ် ” 


    “ ခုလောလောဆယ် မမ လုံးချင်း အစီအစဉ် မရှိသေးဘူးပေါ့ ” 


    “ စာပေစိစစ်ရေး ကို တင် ထားတာ တချို့တော့ ကျ နေပါပြီ ၊ ဝတ္ထုလတ် ခေါ်မှာပေါ့ ၊ တခြား စာရေးဆရာ တစ်ယောက် ယောက် နဲ့ တွဲ ထုတ်တာမျိုး လေ ” 


    “ မမ ဝတ္ထုတွေ ထဲ က ကမ္ဘာကြီး ၊ နှစ်ဆယ်ရာစု ၊ မဟူရာအကျဉ်းထောင် တို့ ကို ဖတ်မိတဲ့ အခါ မှာ မမ အယူအဆ တစ်ခု ကို တွေ့ လာတယ် ။ ဘာလဲ ဆိုတော့ မိဘ ရဲ့ နာမည် ကို သားသမီး မှာ ထည့် မှည့်ခြင်း အားဖြင့် သားသမီး အပေါ်မှာ မိဘ ရဲ့ အရိပ်အာဝါသ ထိုး ကျတယ် ။ ဒါမျိုး ကို မမ မကြိုက်ဘူး ဆိုတဲ့ အတွေး အခေါ် တစ်ခု တွေ့ရတယ် ” 


    “ ဟုတ်ပါတယ် ၊ မမ ရေး ခဲ့တယ် ” 


    “ ဒါဆိုရင် အနောက်နိုင်ငံတွေ မှာ မိဘမျိုးရိုး အစဉ်အဆက် ကို ထိန်းသိမ်းနိုင်ဖို့ ‘ ဆားနိမ်း ’ Sur Name တပ် တဲ့ အလေ့အထ ကို ကျွန်တော် တို့ နိုင်ငံ မှာ ဒီနေ့ လက်ခံ ကျင့်သုံးတာ နဲ့ ပတ်သက်ပြီး မမ ဘဝင် မကျဘူးပေါ့ ” 


    “ ကိုဝင်းငြိမ်း မေးလာတဲ့ ‘ ဆာနိမ်း ’ နဲ့ ပတ်သက်ပြီး ဖြေရမယ် ဆိုရင် နာမည် က အဓိက မဟုတ်ပါဘူး ။ မိဘ တော်တိုင်း သားသမီး က မတော်နိုင်ဘူး ။ တော် တဲ့ မိဘ ရဲ့နာမည် ကို ဆက်ခံ လိုက်ရုံနဲ့ ဒီ သားသမီး ဟာ တော် မလာဘူး ဆိုတာ သိစေချင်လို့ပါ ။ မိဘ က စာရေးစရာ ဖြစ် ပေမယ့် သားသမီး တိုင်း ဟာ စာရေးဆရာ ဖြစ် မလာနိုင်ပါဘူး ။ ရွှေမန်းတင်မောင် နဲ့ ပတ်သက်တဲ့ ဥပမာ ကို မမ ‘ ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ် ’ မှာ ရေး ခဲ့ပါတယ် ။


ဥပမာ - ကိုညွန့်ဝင်း ဆိုရင် ရုပ်ရှင် မှာ သရဖူ ဆောင်းတယ် ၊ အကယ်ဒမီ ရတယ် ။ ထူးချွန်တယ် ပေါ့လေ ။ မိဘ က ဇာတ်သဘင် မှာ အောင်မြင်ခဲ့ပေမယ့် ဇာတ်သဘင် မှာ သူ နေရာ မယူဘူး ။ သူ ဟာ ဒုတိယ ရွှေမန်းတင်မောင် လည်း မဟုတ်ဘူး ။ ကိုညွန့်ဝင်း ပဲ ။ အဲသလိုပဲ ကိုယ့် အစွမ်း အစ နဲ့ သီးခြား အောင်မြင်မှု ရအောင် ကြိုးစားစေချင်တယ် ။  အဲဒါကြောင့် မိဘ နာမည် ကို သားသမီး က ယူ ပြီးတော့ ဆက်ခံပြီးတော့ ဒီ အရှိန်အဝါ ကလေး ကို ပဲ ခိုလှုံပြီးတော့ ကိုယ် က မိဘ လိုပဲ အောင်မြင်လာလိမ့်မယ် လို့ မထင်စေချင်ဘူး ။ အချို့ သားသမီးတွေ ကျော်ကြားတဲ့ မိဘ နာမည် နောက် က ထည့်ပြီး ဘာ မှ မဖြစ်ကြတာတွေ အများကြီး ရှိပါတယ် ။ ဒါကြောင့် မမ က နာမည် အဓိက မဟုတ်ဘူး ဆိုတဲ့ အယူအဆ ကို တင်ပြခဲ့တာပါ ၊ အဲဒါပါပဲ ” 


    “ ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ် ရေးတုန်းက စတီယိုလောက ကို တော်တော်ကလေး လေ့လာခဲ့မယ် ထင်ပါတယ် ။ စတိတ်ရှိုးတွေ ဘာတွေလဲ တော်တော် ကြည့်ထားပုံ ပေါ်ပါတယ် ။ ဥပမာ အဲဒီတုန်းက စတီရီယို သီချင်းတွေ ဟာ စာသား ထက် သံစဉ် ကို ဂရုစိုက် ကြတဲ့ အချိန် ဆိုတော့ စာသားတွေ က ဗမာစကား ကို ဗမာလူမျိုးတွေ ကို နားမလည်လောက် အောင် ရေးခဲ့ကြတာတွေ အများကြီး ရှိပါတယ် ။ ဒါကြောင့် ‘ ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ် ’ ထဲမှာ ဘာ တွေ့လိုက်သလဲ ဆိုတော့ စတီရီယို သီချင်း ဆိုတာ ဗမာ တွေ နား မလည်နိုင်တဲ့ စကားလုံး စာသားတွေ ခွေခေါက်ပြီး ရေး ထားတာ ဆိုတဲ့ သဘောမျိုး တွေ့လိုက် ရပါတယ် ။ အဲဒီခေတ်က မမ လေ့လာခဲ့တဲ့ သီချင်းတွေနဲ့ ဒီနေ့ စတီရီယိုသီချင်းတွေ နှိုင်းယှဉ်လေ့လာ လာတော့ ဘယ်လိုများ မြင်မိသလဲ ” 


“ ဒီနေ့ စတီရီယို သီချင်းတွေ မှာ စာသားတွေ အင်မတန် အနှစ်သာရ ပါ လာပါတယ် ။ လေးလေးနက်နက်  ဆို လာ ကြတယ် ။ ကော်ပီသီချင်း မှာ တောင်မှ စကားလုံး သိပ်ကောင်း လာတယ် ။ ကိုယ်ပိုင်သံစဉ် ဆိုတာ တော့ ပြော မနေဲ့တော့ ။ သံစဉ် ကလည်း ကိုယ်ပိုင် ဖြစ်ပြန် ၊ စကားလုံးတွေ ကလည်း အဓိပ္ပာယ် ပြည့်ပြည့်ဝဝ နဲ့ သိပ်ကောင်းလာတယ် ။ အကောင်း ရှိရင်  အညံ့ ရှိတယ် ဆိုတာလို အညံ့တွေ လည်း ရှိ မှာပေါ့လေ ” 


“ နှစ်ဆယ်ရာစု ငြိမ်းငြိမ်းနု မှာ ဇာတ်သဘင် ဆောင်းပါးရှင် တစ်ဦး က ငြိမ်းငြိမ်းနု ကို လေဘာတီ မမြရင် ရဲ့ အကတွေ ပြန်လည် ဆန်းသစ်ပါလား လို့ ပြောလိုက်တဲ့ အခါမှာ ငြိမ်းငြိမ်းနု က အဟောင်းတွေ ကို ပြန်လည်ဆန်းသစ်တယ် ဆိုတာ အသစ် တီထွင်နိုင်စွမ်း မရှိတဲ့ သူတွေ လုပ်တဲ့ အလုပ် လို့ ပြော လိုက်တယ် ။ နောက် ကမ္ဘာကြီး နဲ့ ကိုင်ပေါက်မယ် မှာလည်း စတီရီယို အဆိုတော် အေးအေးနု က ဒီ သဘောမျိုး ပဲ ပြော ခဲ့ပါတယ် ။ ဒါဆို ဒီ ဇာတ်ကောင် နှစ်ကောင် ကို ဖန်တီးခဲ့တဲ့ မမ ကိုယ်တိုင် က ပြန်လည် ဆန်းသစ်ခြင်း ဆိုတာ ကို လက်မခံတဲ့ သဘောများ ရှိသလား ။ ကျွန်တော် တို့ စတီရီယို လောက မှာ ပြန်လည် ဆန်းသစ်တေး တွေ ခေတ်စား နေတာကို ကော ဘယ်လိုများ မြင်လို့လဲ ” 


“ ပြန်လည်ဆန်းသစ်ခြင်း ကို လက်မခံဘူးရယ် လို့တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ကိုယ်ပိုင် သာ အသစ် တီထွင်စေချင်တယ် ။ အရင် အဟောင်း ကို ပြန်လည် ဆန်းသစ်တာဟာ ညောင်းနေတဲ့ သူ ရဲ့ အလုပ်လို့ မမ မြင်တယ် ။ စိတ်ညောင်းနေတဲ့ လူတွေ ၊ စိတ်မအား လက်မအား ရှိနေတဲ့ သူတွေ အလုပ် လို့ပဲ မြင်တယ် ။ ကိုယ်ပိုင် ဆန်းသစ်မှု ၊ ကိုယ်ပိုင် တီတွင်မှု မဟုတ်တော့ သိပ်ပြီးတော့ ပြောပလောက်တဲ့ ၊ ချီးမွမ်းလောက်တဲ့ အနုပညာ တော့ ဖြစ် မလာဘူးပေါ့ ” 


“ ဒါဆို ဒီနေ့ နန်းတော်ရှေ့ဆရာတင် သီချင်းတွေကို ပြန်လည်ဆန်းသစ်နေကြတာကော ’’


“ ပြန်လည်ဆန်းသစ်တာ ကတော့ ကိုယ့်မူ ကိုယ်ဟန် နဲ့ ပြန်ဆို ကြတာ ဆိုတော့ တချို့လည်း အရင် က ထက် ပို ကောင်း လာတာတွေ ရှိပါတယ် ။ ဒါပေမဲ့ တေးရေးသူတွေ အနေနဲ့ ဆိုရင် အသစ် ဖန်တီးတာပဲ ကောင်း ပါတယ် ။ ဆို တာ ကတော့ ဆို ကြပေါ့ ’’


“ နောက်တစ်ခု မေးရရင်တော့ ခေါက်ထီးကလေး မလုံ့တလုံ့ ဇာတ်သိမ်းခါနီး လောက်မှာ တရားသူကြီး အဖွဲ့ဝင် ကိုခင်ဇော်ဦး နဲ့ ဥပဒေအကျိုးဆောင်မလေး အမွန် တို့ ပျက်စီး လေလွင့်ခဲ့ရရှာတဲ့ ခရေ လို့ ခေါ်တဲ့ ကြွေ ရဲ့ အကြောင်း နဲ့ ပတ်သက်ပြီး ဗီဇ နဲ့ ပတ်ဝန်းကျင်ကို ဆွေးနွေးကြတာ တွေ့ရတယ် ။ မမ အယူအဆ ပြောပါဦး ’’


“ အဲဒီ ကိစ္စ ကတော့ သိပ်ပြီး ပြသနာ ဖြစ်တဲ့ ကိစ္စပါပဲ ။ ဒီ စာအုပ် ထွက်ပြီး ကတည်း က စာပေလောက မှာ အရမ်း ဂယက် ရိုက် တာပဲ ။ ဆွေးနွေးပွဲတွေ  ၊ စာတမ်းဖတ်ပွဲတွေ မှာလည်း ဒီ ကိစ္စ ကို တော်တော် ဆွေးနွေးကြတယ် ။ ဟိုတစ်လော ကလည်း တက္ကသိုလ် မှာ မြန်မာစာဌာန က ကြီးမှူးတဲ့ စာတမ်းဖတ်ပွဲ မှာ စာတမ်း တစ်ခု ဖတ် သွားတယ် ။ မိုးမိုး ( အင်းလျား ) နဲ့ စမ်းစမ်းနွဲ့ ( သာယာဝတီ ) တို့ရဲ့ ဝတ္ထုများ  နှိုင်းယှဉ် ဝေဖန်ချက် ဆိုပြီးတော့ ဖတ် သွားတယ် ။ အဲဒီမှာလည်းပဲ စမ်းစမ်းနွဲ့ ဝတ္ထုများ ဆိုတဲ့ အပိုင်း နဲ့ ပတ်သက် ပြီးတော့ ခေါက်ထီးကလေး မလုံ့တလုံ ဝတ္ထု မှာ ပါတဲ့ ဒီ ဗီဇနဲ့ ပတ်ဝန်းကျင် ကိစ္စ ကို စာရေးဆရာ က တင်ပြထားတာ တွေ့ရပါတယ် ။ မိန်းကလေးတွေ ပျက်စီးတဲ့ အကြောင်း နဲ့ ပတ်သက်လို့ပေါ့လေ ။ အဲဒါ သူတို့ အနေနဲ့ လက်မခံနိုင်ဘူးပေါ့လေ ။  အဲဒီ ဥစ္စာ တော်တော်များများ ဝေဖန် တိုက်ခိုက်ကြပါတယ် ။


အမှန်တော့ ကျွန်မတို့ ဒီ အရွယ် ရောက်စ ငယ်ငယ် ကတည်း က ဖတ်လာတဲ့ ဝတ္တုတွေ မှာ သိပ် ပြီး ရေပန်း စားခဲ့တယ် ။ သိပ်ပြီးတော့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေ မှာ များသောအားဖြင့် မိန်းကလေး တွေ ပျက်စီးရတာ ကို ပြတယ် ။ အင်မတန် သနားစရာ ကောင်းလောက်အောင် ဖွဲနွဲ့တယ် ။ ပျက်စီးရတဲ့ မိန်းကလေးတွေ ကို ဂုဏ်ပြုစရာ ကောင်းလောက်တဲ့ မိန်းမ တစ်ယောက် အဖြစ် နဲ့ သူတို့ က ဖွဲ့တယ် ။ နောက်ပြီးတော့ ဒီ မိန်းကလေးတွေ ဘာကြောင့် ပျက်စီးရသလဲ ဆိုတဲ့ အကြောင်း နဲ့ ပတ်သက်ပြီး တရားခံ ရှာတော့ ခေတ်ကြီး က မကောင်းလို့ ၊ စနစ်ကြီး က ခေတ် နဲ့ စနစ် ပေါ် မှာပဲ ပုံချလိုက်သည် ။ ဒီ မိန်းကလေးတွေ ဘက်က ဗီဇ ဆိုတဲ့ ပဋိသန္ဓေ စိတ် က လျော့ရဲမှုတွေ ကို လုံးလုံး မပြဘူး ။ ဖျောက် ထား လိုက်တယ် ။


အဲဒီတော့ အဲဒီ အချိန်မှာပဲ အမျိုးသမီး စာရေးဆရာမ တစ်ယောက် ဖြစ်တဲ့ ဂျာနယ်ကျော် မမလေး ရေး တဲ့  “ သူမ ” ဆိုတဲ့ ဝတ္တု ကို ဖတ် လိုက်ရတယ် ။ အဲဒီမှာ ဒီလိုပဲ ဘဝ အခက်အခဲ ပြဿနာ နဲ့ ရင်ဆိုင် နေရတဲ့ အမျိုးသမီး တစ်ယောက် ရှိတယ်လေ ။ သက်သက် ဆိုတဲ့ မိန်းကလေး ပေါ့ ။ ကိုဝင်းငြိမ်း လည်း ဖတ်ပြီးသား ဆို သိ မှာပါ ။ သူ က သူ့ အခက်အခဲ ဘဝ ပြဿနာ ကို ဘယ်လို ဖြေရှင်း သလဲ ဆိုတော့ သူ ကိုယ်တိုင် အစွမ်းအစ နဲ့ သူ့ ခွန်အား ကို အားကိုး ပြီးတော့ အိမ်တစ်အိမ် မှာ သူ အိမ်စေ သွား လုပ်တယ်လေ ။ လိုတဲ့ ငွေကြေး ကို သူ ရှာတယ် ။ နောက်ပြီး ဒီ အိမ် မှာ သူ နေထိုင်ပုံ က အစ ၊ ယောင်္ကျားတွေ ချည်း ရှိတဲ့ အိမ် မှာ စည်း နဲ့ ကမ်း နဲ့ နေထိုင်ပုံတွေ ကို စည်းကမ်းစနစ် က အစ ဇာတ်ကောင် စရိုက် ပေါ်လွင်အောင် ပြ သွားတယ် ။ 

အဲဒီတော့ အခုနက ရေပန်းစားနေတဲ့ ဝတ္ထုတွေ နဲ့ ၊ ဂျာနယ်ကျော်မမလေး ရဲ့ သူမ မှာ ထား တဲ့ စေတနာချင်း ကွာခြားတာ ကို သွား တွေ့ရတယ် ။ အခုနကလို ပြဿနာပေါ့ ။ မိန်းကလေးတွေ ပျက်စီး ရတယ် ။ ဘာကြောင့် ပျက်စီးရသလဲ ။ ခေတ် နဲ့ စနစ် ပတ်ဝန်းကျင် က မကောင်းလို့ ၊ စီးပွားရေး မကောင်းလို့ ဆို တဲ့ အကြောင်းပြချက် တွေ ဟာ မခိုင်လုံဘူး ဆိုတာ သွားပြီး ကျွန်မ အကဲခတ် မိတယ်လေ ။


ဘာပဲဖြစ်ဖြစ် ကိုယ့် အစွမ်းအစ ၊ ဉာဏ်အား ခွန်အား နဲ့ ဖြေရှင်းလို့ ရှိရင် ရနိုင်ပါက လား ဆိုတာ သွား တွေ့ လာတယ် ။ အဲဒီတော့ ကိုယ် ကိုယ်တိုင် စာရေးဆရာမ ဖြစ် လာချိန်မှာ ဒီ အကြောင်းကလေး တော့ ပြန် ရေးဦး မှပဲ ဆိုပြီးတော့ ခုနကလို ဥပမာကလေး တစ်ခု ပေးလိုက်တယ် ။


ပတ်ဝန်းကျင်ကြောင့်ချည်း မဖြစ်နိုင်ဘူးလို့ ၊ ဥပမာ ဆိုပါတော့ ။ မြက် သိပ်ကြိုက်တဲ့ နွားတစ်ကောင် ဟာ သားရဲ တိရစ္ဆာန် ထူပြောတဲ့ နေရာမှာ သွား ချထားပေမယ့် ဒီ နွား ဟာ မြက် ပဲ စား မှာပဲ ။ ပတ်ဝန်းကျင် မှာ မြက် ပေါ နေ တဲ့ နေရာမှာ ချ ထားကြည့်ပါ ။ ဘယ်လောက်ပဲ မြက်ခင်း က စိမ်းစိမ်း ၊ခြင်္သေ့ က မြက် မစားဘူး ။ သူ့ ဗီဇ ကိုက သားငါး ကြိုက်တာကိုး ။ အဲဒီ သဘောပါပဲ ။ ပတ်ဝန်းကျင် လှုံ့ဆော်မှု တစ်ခုတည်း နဲ့ မဖြစ် နိုင်ဘူး ။ ဗီဇ လှုံ့ဆော်မှု ပါ ရမယ် ။


ဒါကြောင့် မိန်းကလေးတွေ က ပျက်စီးတယ် ဆိုတာ ခုနက ပြောသလို ခေတ် မကောင်းလို့ စနစ်  မကောင်း လို့ ပတ်ဝန်းကျင်ကြောင့် ဆိုတာဟာ ဖြစ်နိုင်တာ တစ်ပိုင်း ပဲ ရှိတယ် ။ တစ်ပိုင်းက သူ့ ပင်ကို ဗီဇ ပဋိသန္ဓေ စိတ် လျော့ရဲတာတွေ ပါလာတယ် ။ အဲဒါကြောင့် အဓိက ကျတဲ့ စာရိတ္တ ပြုပြင်ရေး ကိုလည်း လုပ်ဖို့ လိုတယ် ဆိုတာ ပြ ချင်လို့ အဲဒီ ဝတ္ထုကို ရေး လိုက်တာပါပဲ ။


ဗီဇ နဲ့ ပတ်ဝန်းကျင် ကျွန်မ တစ်ဖက်စွန်း မှာ စကား မဆိုခဲ့ပါဘူး ။ နှစ်ခု စလုံး ဟာ တန်းတူ အရေးကြီး တယ် လို့ အဲဒီ   ဝတ္ထု မှာ ပြောခဲ့တာပါ ”  


    “ ဝေဖန်ရေး နဲ့ ပတ်သက်လို့ ဘယ်လို သဘောရသလဲ ”  


      “ ဝေဖန်ရေး နဲ့ ပတ်သက်လို့ ကတော့ ရေးသူ ဖတ်သူ ဆွေးနွေးပွဲတွေ မှာ မျက်နှာချင်း ဆိုင် ပြီးတော့ကို  ပြင်းပြင်းထန်ထန် ဝေဖန်တာ ကိုလည်း ခံရဖူးတယ် ။ အနယ်နယ် အရပ်ရပ် က စာ နဲ့ ပေ နဲ့ ရေးပြီး ဝေဖန်တာ ကို လည်း ခံဖူးတယ် ။ တချို့ ဝေဖန်ရေးကတော့ ခံစားရတဲ့ အတိုင်း မြင်တယ် ဆိုတာက သမာသမတ် ကျကျ ပေါ့လေ ။ သူတို့ ခံစားရတာ ကို ခံစားရတဲ့အတိုင်း ၊ မှားတယ် ထင်တာ ကို မှားတယ် ထင်တဲ့ အတိုင်း  ၊ သပ်သပ်ရပ်ရပ် ဝေဖန်တာ လည်း ရှိတယ် ။


တချို့ကျတော့လည်း သက်သက်မဲ့ ပေါ့ လေ ။ ပြောရ ပြီးရောပေါ့ ။ လူပုံ အလယ်မှာ ထပြီး တော့ စာရေးသူ ကို ဝေဖန် လိုက်ရတယ် ဆိုရင်ပဲ သူများ က စိတ်ဝင်စား သွားမယ်ပေါ့လေ ၊ ကိုယ့် ကျော်ကြားမှု ကို ကိုယ် ရှာဖွေ တဲ့ ဝေဖန်ရေးမျိုး ၊ ဒါလည်း ရှိပါတယ် ။ တချို့ကျတော့လည်း သက်သက် ကဖျက်ယဖျက် ပြောရ ပြီးရော ဆိုတဲ့ ဝေဖန်ရေး မျိုးလည်း ရှိပါတယ် ။


တကယ် ဝေဖန်ရေး ရေး နေတဲ့ တချို့ ဝေဖန်ရေး ဆောင်းပါး တွေ တောင်မှ သမာသမတ် မကျ တာ တွေ့ နေရသေးတာပဲ ။ ဒီ ဝေဖန်ရေး က အဆင့်အတန်း မြင့်သလား ၊ သမာသမတ် ကျရဲ့လား ဆို တာ ဆောင်းပါး တစ်ပုဒ် ကို ဖတ် လိုက်ရင် သိ ပါတယ် ။ တချို့ဝေဖန်ရေး က စာပေပုံသဏ္ဍာန် အနေနဲ့ ကျကျနန ဆစ်ပိုင်းပြီးတော့ ဓမ္မဓိဋ္ဌာန် ကျကျ ဝေဖန် တာတွေလည်း ရှိပါတယ် ။ အဲဒါမျိုးကျတော့လည်း အမြဲတမ်း လက်ခံပါတယ် ’’


     “ မမ ရေး ခဲ့တဲ့ ခေါက်ထီးကလေး မလုံ့တလုံ ကို ဂျပန်ဘာသာပြန် နေတယ်လို့ ကြားပါ တယ် ၊ အဲဒါ ဘယ် က ဦးစီး ပြီး လုပ်တာပါလဲ ’’


    “ တိုယိုတာ ဖောင်ဒေးရှင်း က ဦးစီး ပြီးတော့ ယူဂိုဆကာ တက္ကသိုလ် က ပါမောက္ခ အိုနိုတိုလို ပေါ့ ၊ သူ ဦးစီး ပြီးတော့ မြန်မာ စာရေးဆရာကြီးတွေ နဲ့ တိုင်ပင်ပြီးတော့ ရွေးချယ်တယ် တဲ့ ၊ ဗမာ ဝတ္ထု ၁၂ အုပ် ရွေး လို့ ရတာ ကို ဂျပန် မှာ ပြန် တင်ပြပြီးတော့ တိုယိုတာ ဖောင်ဒေးရှင်း က ရန်ပုံငွေ ယူပြီး တော့ ဘာသာပြန်တာပါ ’’


   “ တခြား ဘယ် စာရေးဆရာတွေ ပါသေးလဲ ’’


   “ မိုးမိုး ( အင်းလျား ) ၊ မစန္ဒာ ၊ မောင်သာရ ၊ ဆရာမြသန်းတင့် ၊ ဒေါ်ခင်ဆွေဦး ၊ ဆရာမင်းကျော် ၊ နောက် ပြီးတော့ သိန်းသန်းထွန်း ပါတယ် ။ စိန်စိန် ၊ လူထုဦးလှ အားလုံး ၁၂ ယောက် ၁၂ အုပ်ပေါ့ ’’


   “ မမ စာပေဟောပြောပွဲ တော်တော်များများ သွားပြီးပြီပေါ့ ’’


    “ ဒီနေ့ အထိ ပွဲပေါင်း ၂၀ဝ လောက် သွားပြီးပါပြီ ” 


    “ ဒါဆို စာပေ ဟောပြောပွဲ အတွေ့အကြုံကလေးတွေ နည်းနည်းလောက် ပြောပြပါဦး ” 


     “ စာပေဟောပြောပွဲ ဆိုတာကတော့ ဦးတည်ချက် အားဖြင့် ကောင်းပါတယ် ။ ဒါပေမဲ့ ပရိသတ် အများ ကြား ထဲ မှာ ပြောကြ ဆိုကြရတဲ့ အခါ ကျတော့ တချို့မှာ ဖျော်ဖြေရေး ဆန်တဲ့ ဟောပြောပွဲတွေ လည်း ရှိတယ် ။ အဲဒီလို ပွဲမှာ ကျတော့ အနှစ်သာရပိုင်း က သိပ် မကျန်တော့ဘူးပေါ့ ။ စာအကြောင်း ပေအကြောင်း ချည်း ပြောနေတော့ ပရိသတ် စိတ်မဝင်စားဘူး ဆိုတော့ ပရိသတ် စိတ်ဝင်စား အောင် သီချင်း ဆိုပြရ ၊ အမူအရာ လုပ်ပြရဆိုတဲ့ ဟောပြောပွဲမျိုးလည်း ရှိတာပေါ့ ။ အဲဒီအခါ ကျတော့ စာပေဟောပြောပွဲ ရဲ့ အဓိက ဦးတည်ချက် ပျောက် သွားရော ။


စာပေ ဟောပြောပွဲ မှာ ဦးတည်ချက် ထားသင့်တာက စာပေ ပြန့်ပွားရေး နဲ့ စာပေအဆင့်အတန်း မြင့်မား ရေး ကို ဦးတည်ချက် ထားသင့်တယ်လို့ ထင်ပါတယ် ” 


      “ ဒီနေ့ မြန်မာစာပေ လောက မှာ ဘာသာပြန်စာပေ က တစ်ခန်း တစ်ကဏ္ဍ ဝင် လာပါတယ် ။ တချို့ ကလည်း တကယ့် ဂန္ထဝင်မြောက်စာပေတွေ ကို ဘာသာပြန်ကြပြီး တချို့ကတော့လည်း ဟာရိုးရော်ဘင် တို့ စာအုပ်မျိုး ကို အလုအယက် ပြန်ကြပြီး တချို့ကတော့လည်း ဂျိမ်းဟက်ဒလီချော့စ် တို့ လို ဟာမျိုး တွေ ပြန်နေကြတယ် ။ ဒါတွေနဲ့ ပတ်သက်လို့ကော ဘယ်လိုများ မြင်ပါသလဲ ” 


     “ ဘာသာပြန် စာပေအကြောင်း ပြောရင်း နဲ့ ဗမာစာပေ နဲ့ ဆက်နွယ် ပြီးတော့လည်း ပြောစရာ ရှိလာမယ် လို့ ထင် ပါတယ် ။ ဘာသာပြန်စာပေ မှာ ခုနက ပြောတဲ့ ဟာရိုးရော်ဘင် ပေးတာတွေ သိပ် ကောင်းတယ် ။ သို့သော် ပရိသတ် ဆီ က သူ ဘာ ပြန်ယူမလဲ ။ ဆိုလိုချင်တာ က ပရိသတ် ကို သူ ဘာ ပြောချင်သလဲ ။ ဇွဲ့ ၊ လုံ့လ ဝီရိယ နဲ့ ရုန်းကန်လှုပ်ရှား နိုင်ရင် တစ်နေ့မှာ အောင်မြင်မှု ရနိုင်မယ် ဆိုပြီး ဇွဲ လုံ့လ ဝီရိယ ရှိကြဖို့ ၊ အားတက် ဖို့ပေါ့လေ ။ လူ့ ဘဝ မှာ အား နဲ့ မာန် နဲ့ ကြိုးစားကြဖို့ လှုံ့ဆော်ပေးတဲ့ စေတနာ ရှိ တာလား ၊ ဦးတည်ချက် ကို ကျွန်မတို့ က ရှာ ယူရမယ် ။ အဲဒီ စေတနာလေး က ဟာရိုးရော်ဘင် မှာ ရှိတယ်လို့ ကျွန်မ မြင်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ ဇာတ်ကောင်တွေ က ဘဝ မှာ အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း နဲ့ ရုန်းကန် လှုပ်ရှား ပြီးတော့မှ အောင်မြင်မှု ရသွားကြတာချည်းပဲ ။ 


သို့သော်လည်း တစ်ခါတစ်ခါ မှာ သူ့ ဝတ္ထု တွေ က ပရိသတ် အကြိုက် လိုက် ပေးတာက များတယ် ။ သူ ပြောလိုတဲ့ ဆိုလိုရင်း Theme ရောက်အောင် ပရိသတ် စိတ်ဝင်စား လာအောင် ဆွဲခေါ်ပြီး ပြောတဲ့ နေရာမှာ နည်းနည်း အညှီအဟောက် ဆန်တဲ့ အခန်းကလေး တွေတို့ ၊ အပစ်အခတ် ဆန်တဲ့ အခန်းကလေးတွေ တို့ ၊ ခပ်သွက်သွက် အခန်းကလေးတွေ သုံးတာ များ သွားလေ့ ရှိတယ် ။


ဒီလိုပဲ ဗမာ ဝတ္ထု တွေ မှာလည်း အပေး များပြီး အယူ နည်းတဲ့ ဝတ္ထုတွေ လည်း တော်တော်များများ ရှိပါတယ် ။ ဒါကတော့ ခွဲခြားပြီး ပြောနေဖို့ မလိုဘူးလေ ။ ဘယ်လို အတန်းအစား ၊ ဘယ်လို ဝတ္ထုမျိုးဆိုတာ ပရိသတ်တွေ သိကြပါတယ် ။ ပြောချင်တာက ကျွန်မ တို့ ဒီနေ့ မြန်မာစာပေလောက မှာ အချစ်ဝတ္ထု ၊ ဘဝ သရုပ်ဖော်ဝတ္ထု ၊ အပစ်အခတ်ဝတ္ထု ရေးတဲ့ သူတွေ နဲ့ ဘဝသရုပ်ဖော် ရေး ပါတယ်လို့ ကြွေးကြော် သူတွေ က ကြမ်းတစ်ပြေး တည်း တောင် မထိုင်ချင်ဘူး လိုလို ဖြစ်နေကြတယ် ။


ကျွန်မ ကို လည်း ပရိသတ် က ဘဝသရုပ်ဖော်ဝတ္ထု ရေးသူ လို့ ယူဆ ထားကြတာပဲ ။ သို့သော် ကျွန်မ ကတော့ ဘဝ သရုပ်ဖော် ဘယ်တော့မှ မကြွေးကြော်ဘူး ။ ကျွန်မ ရေး တဲ့ ဝတ္ထု က ဘဝသရုပ်ဖော် ဖြစ်ချင် ဖြစ်မယ် ။ တစ်ချိန်မှာ ကြုံကြိုက်လို့ အပစ်အခတ် အကြောင်း နားလည်လာတဲ့ တစ်နေ့မှာ အပစ်အခတ်ဝတ္ထု ကျွန်မ ရေးချင် ရေးဦးမှာပဲ ။ ဒါပေမဲ့ ဘယ်လို ဝတ္ထု ပဲ ရေးရေး ရေးခဲ့တဲ့ ဝတ္ထုတွေ ဟာ စာဖတ်ပရိသတ် ရဲ့ တက်ကြွနေတဲ့ စိတ်ဓာတ် ကို ဆွံ့ပါးသွား အောင် ၊ ကတိမ်းကပါး ဖြစ်သွားအောင် ၊ ယိမ်းယိုင်တွေဝေသွားအောင် လှုံ့ဆော် မပေးဖို့ဘဲ လိုတယ်လို့ ကျွန်မ ကတော့ ထင်တယ် ။


ကျွန်မ တို့ စာ ရေးတယ် ဆိုတဲ့ စေတနာ ဟာ စာဖတ် တဲ့ ပရိသတ် ရဲ့ စိတ်ကို အစာ ကျွေး ပေးတာပါပဲ ။ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း ဖို့ အစာ စားဖို့ လိုအပ်သလို စိတ်ဓာတ် ရွှင်လန်း တက်ကြွစေဖို့ အစာ ကျွေး တဲ့ သဘော ပါပဲ ။ အဲဒီတော့ ကျွန်မတို့ ကျွေးလိုက်တဲ့ အစာ က အဆိပ်အတောက် မဖြစ်စေဖို့ ၊ ခွန်အား ကို တက်စေ ဖို့ ၊ လူ့ဘဝ ကို ပိုပြီး ခင်တွယ်နိုင်တဲ့ ခွန်အား ၊ သစ္စာတရား ကို မြတ်နိုးတတ်တဲ့ ခွန်အား ၊ အဲဒီလို ခွန်အား တွေ စွဲမြဲစေဖို့ တိုးပွားလာစေဖို့ ကျွန်မတို့ က စေတနာ ထားရပါတယ် ။


အဲဒီလို စေတနာမျိုး ပါမယ် ဆိုရုင် ဘယ်လို ဝတ္ထုမျိုး ပဲ ဖြစ်ဖြစ် ၊ အပစ်အခတ် ပဲ ဖြစ်ဖြစ် ၊ အချစ် ဝတ္ထု ပဲ ဖြစ်ဖြစ် ၊ အလွမ်း ဝတ္ထု ပဲ ဖြစ်ဖြစ် ကျွန်မ တို့ လက်ခံရမှာပဲ ။ သူ့ ကို ကျွန်မတို့ က ရွေးချယ် ရမှာပဲ ။ ဘဝ သရုပ်ဖော် လို့ တချို့ က ထင် နေကြတယ် ။ အဲဒီတော့ ဘဝသရုပ်ဖော် ဆိုပြီးတော့ ဆင်းရဲသား လူတန်းစား အကြောင်း ၊ ငတ်တဲ့ ပြတ်တဲ့ အကြောင်း ကို ရေးမယ် ဆိုရင် ငတ်ရင်းပြတ်ရင်း နဲ့ ဆင်းရဲတွင်း မှာ ဝဲလည် လှည့် နေမှာပဲ ၊ ဆင်းရဲခြင်း ဆိုတာ မြတ်နိုးစွာ ဖက်တွယ်အပ်တဲ့ တရား တော့ မဟုတ်ဘူးပေါ့ ၊ ကျွန်မ အမြင် ကတော့ ဆင်းရဲတယ် ဆိုတာ စာနာအပ်တဲ့ အကြောင်း တရား ၊ ဒီ ဆင်းရဲ တဲ့ အထဲ ကနေ ဘယ်လို ရုန်းထွက်မယ် ဆိုတာ ကျွန်မ တို့ စာရေးဆရာတွေ က ဝိုင်း စဉ်းစားပေးမယ် ၊ ကျွန်မတို့ ကိုယ်တိုင် ဆင်းရဲရင် ဘယ်လို ရုန်းထွက်ကြမယ် ဆိုတာ ဦးဆောင် တွေး ပြီးတော့ ခေါ်ယူ သွားရမယ့် သဘောတွေ ရှိမယ် ။


ဒီလိုမှ မဟုတ်ဘဲ ဆင်းရဲခြင်း ဆိုတာ မြတ်နိုးခင်တွယ်အပ်တဲ့ ဂုဏ်ပုဒ် တစ်ရပ် လို လှုံ့ဆော်ပေးတဲ့ စာပေ မျိုး ကိုတော့ ကျွန်မ မလိုလားဘူး ။ ဒါမျိုးကို ကျွန်မ ကတော့ ဘဝသရုပ်ဖော်ဝတ္ထု လို့ လည်း မယူဆနိုင်ဘူး ။ ဒါ ဘဝ သရုပ်ဖော် လို့ ဟစ်ကြွေး နေတဲ့ ဝတ္ထုတွေ နဲ့ ပတ်သက်ပြီးတော့ ပြောတာပါ ။ အဲဒီတော့ ဘယ်လိုပဲ နာမည် တပ်တပ် လူ့ စိတ်ဓာတ် ကို ဆွံ့ပါး မသွားအောင် ၊ တိမ်းပါးတွေဝေ မသွားအောင် ၊ အဆိပ် အတောက် လွင့် သွားအောင် လုပ်ပေးမယ့် ဝတ္ထုမျိုး ဆိုရင် ကျွန်မ ကတော့ လက်ခံမှာပဲ ၊ နာမည်တွေ တပ် နေဖို့ မလိုပါဘူး ” 


      “ ဒီနေ့ စာဖတ်ပရိသတ် ကို ကျွန်တော်တို့ က သုံးပိုင်း ခွဲခြား မြင်ပါတယ် ။ ပထမ တစ်မျိုး က အပျော်ဖတ် သက်သက် ၊ ဒုတိယ ကတော့ စာပေ ဝါသနာ ပါလို့ နဲ့ ။ ဒီ စာဖတ်ပရိတ်တွေ အတွက် စာရေးသူတွေ လည်း ခု ခေတ် မှာ တော်တော်ကို များ လာတာမို့ စာပေလောက ဖောင်းပွ နေတယ် လို့ တောင် ပြောကြပါတယ် ။ အဲဒါကို မမ အနေနဲ့ ၊ စမ်းစမ်းနွဲ့ ( သာယာဝတီ ) ဆိုတဲ့ စာရေးဆရာမ တစ်ယောက် အနေနဲ့ ဘယ်လိုများ ကုစား ပေးနိုင်မယ်လို့ ယူဆပါသလဲ ” 

      

    “ ဒါကတော့ ကျွန်မ ထင်တာကတော့ ခု ပရိတ်သက်တွေ လည်း ဘယ်ဟာ စားကောင်း တယ် ၊ ညံ့ တယ် ဆိုတာ တစ်စထက် တစ်စ ရွေးတက်လာကြပါပြီ  ။ ခေတ်တိုင်း ခေတ်တိုင်းမှာ စာဖတ်စ အရွယ် ဆိုတာလည်း ရှိနေတယ် ဆိုတော့ အဲဒီ စာဖတ်စ အရွယ်တွေ ဖတ်ဖို့ အတွက် အပျော်ဖတ် စာပေ ဆိုတာလည်း ရှိ ရမှာပဲ ။ အဒီတော့ ဒီ အပျော်ဖတ် စာပေ ကနေ အဆင့်မြင့်တက်လာနိုင်ဖို့ စာကြည့်တိုက်တွေ ၊ ဋ္ဌာနဆိုင်ရာ အသီသီး မှာ ရှိတဲ့ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့တွေ ခုနက ပြောခဲ့တဲ့ စာပေ ဟောပြောပွဲတွေ က ဒါပဲ ရှိတာပဲ ။ စာဖတ်တဲ့ လူတွေ က စာကောင်း ကို ရွေးချယ်တတ် မှာပဲ စာပေ ဖောင်းပွမှု ဟာ လျော့နည်း သွားပါလိမ့်မယ် ” 


    “ ကျွန်တော်တို့ ငယ်ငယ်တုန်း က ဆိုရင် လုံးချင်း ဝတ္တု ကောင်းတွေ ဆို သောင်း နဲ့ ချီ ရိုက်ကြရတယ် ။ ခုတော့ နှစ်ထောင် ၊ သုံးထောင် ကုန်ဖို့ အနိုင်နိုင် ဖြစ်နေကြတယ် ၊ အဲဒါ ရုပ်ပြတွေ ကြောင့် လို့ ဝေဖန်ကြတယ် ။ မမ ကတော့ ရုပ်ပြတွေ အပေါ် ဘယ်လို မြင်သလဲ ”  


      “ ရုပ်ပြဇာတ်လမ်း ကလည်း ဦတည်ချက် ကောင်းတဲ့ ဇာတ်လမ်း ဆိုရင် အင်မတန် ကောင်း တဲ့ ဇာတ်လမ်း ဆိုရင် အင်မတန် ကောင်းပါတယ် ။ တချို့ကြတော့လည်း ပြီး ပြီးရော ပေါ့ လေ ။ ဝတ္တု မှာ မအောင်မြင်တဲ့ ဇာတ်လမ်းတွေ ကို ရုပ်ပြဇာတ်လမ်း ဆွဲကြတော့ ရုပ်ပြတွေ ကပွ ကယ ဖြစ်ကုန်တာပေါ့  ။ ကလေးတွေ ကလည်း အရုပ်ကလေးတွေ လှတော့ ဖတ်ကြတယ် ။ အရုပ် မှာ ပါတဲ့ စာတွေ က ကလေးတွေ ... အဲ ကလေးတွေ တင် မဟုတ်ပါဘူးလေ ။ လူကြီးတွေ လည်း ဖတ် ကြတာပဲ ။ ဒီ ဖတ် တဲ့ လူတွေ အတွက် ဘယ် အတိုင်းတာ အထိ အဆိပ်အတောက် ဖြစ်တယ် ဆိုတာကတော့ နောက်မှ ဖြစ်လာတဲ့ ပြဿနာ ပေါ့ ။ 


ခုနက ဇာတ်လမ်း ရွေးချယ်ဖို့ လိုတယ် ဆိုတဲ့ နေရမှာ ကျွန်မတို့ ဒီ မြဝတီတိုက် က လည်း ရုပ်ပြ ထွက် သွား သေးတာပဲ ။ ရော်ဘင်ဆင်ခရူးဆိုး ၊ သူရဲကောင်း သုံးယောက် ဒါတွေ ကျတော့ ဖတ်လို့ လည်း ကောင်းတယ် ။ ကလေးတွေ အတွက် အတုယူစရာ အားကျစရာ ကောင်းစေတယ် ။ သတ္တိ ကောင်းစေတယ် ။ စွန့်စားချင်တဲ့ စိတ် ရှိမယ် ။ တော်ရုံတန်ရုံ ဘဝ အန္တရာယ် လောကဓံ ကို ပေါ့လေ ။ အခက်အခဲ ကို ဇွဲ နဲ့ မာန် နဲ့ တွန်းလှန်ဖို့ စိတ်ကူးလေး ရ လာမယ် ။


အဲဒီ ဝတ္တု ဟာ ကျွန်မ ဘဝ အတွက်တော့ တော်တော်ကလေး အားပေးခဲ့ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ တို့ ငယ်ငယ်တုန်း ကလည်း ကိုယ့် ဘဝ ကိုယ် ရုန်းကန်နေရချိန် မိဘ နဲ့ ဝေးကွာ နေရတဲ့ လေး ငါးနှစ် မှာ ကျွန်မ ကိုယ် ကျွန်မ ဒီလိုပဲ အားတင်းခဲ့တယ် ။ 


အဲဒီတော့ မိဘ နဲ့ ဝေးကွာ နေပြီး ကိုယ့် စားဝတ်နေရေး ကို ကိုယ့် ဘာသာ ကိုယ် ဖန်တီးရတယ် ။ တစ်ဖက် က ကိုယ် ဝါသနာ ပါတာလေး ဖြစ်အောင် လည်း ကိုယ့် ဘာသာ ကို ကြိုစားရတာပေါ့ ။ အဲဒီနေရာ မှာ အခက်ခဲတွေက အများကြီး တွေ့ရတယ် ။ အဲဒီတော့ ဝတ္တုတွေ အနေ နဲ့ ဖတ် ခဲ့ရတဲ့ ရောဘင်ဆင်ခရူးဆိုး ကို ပြန် အားပေးတယ် ။ ဒါကြောင့် လည်း ဒီနေ့ အသင့်တင့် အောင်မြင်တဲ့ အထိ ဖြစ်ခဲ့ရတာပါ ။ အဲဒီ စာအုပ် ရဲ့ ကျေးဇူး ပါတယ် လို့ ပြောချင်တယ် ။ 


ဒါကြောင့် မြဝတီ က ရုပ်ပြ ထွက်လို့ကတော့ သိပ် အားရှိတာပဲ ။ ကလေးတွေ ကို ဖတ်စေချင်တယ် ။ အဲဒီလို ဦးတည်ချက် ကောင်းတဲ့ ရုပ်ပြတွေ ထွက် စေချက်တယ် ။ 


ဒီနေ့ ရုပ်ပြလောက မှာ ရွှေခေါင်းပြောင် လည်း ကောင်းတာပဲ ။ သူ့ အတိုင်းတာနဲ့ သူ တစ်စုံတခု သော အတိုင်းတာ ပေါ့လေ ။ နောက်ပြီးတော့ ပြာလောင် လည်း ကောင်းတာပဲ ။ ဒီနေ့ လူနေမှုစရိုက် ကို ဖော်နိုင်တယ် ။ အဲဒါအတွက် တော့ ကလေးတွေ ဖတ် တာ လည်း အားပေးတယ် ။ ကျွန်မ ကိုယ်တိုင် လည်း ဖတ်တာပဲ ”  


    “ မမ ဝတ္တု တစ်ပုဒ် မှာ ဆရာဦးသိန်းဖေမြင့် အမှာစာ ရေးပေးတော့ အထိန်းသိမ်း ခံရဖူးတယ်လို့ တွေ့လိုက် ရတယ် ။ ဒါဆို မဟူရာ အကျည်းထောင် က တင်ဘုန်းနွယ် ကို မမ အတွေ့အကြုံရ ဖန်တီးခဲ့တာပေါ့ ” 


    “ ဟုတ်ပါတယ် ။ မဟူရာအကျည်းထောင် က အတွေ့အကြုံတွေ ကို  ရေးခဲ့တာပေါ့ ။  ထောင် အတွေ့အကြုံနဲ့ ပက်သက်ပြီး  ရေးစရာ အများကြီး ရှိပါသေးတယ် ။ ထောင် ထဲ မှာ ၂၄ ရက် နေခဲ့တာ ကျွန်မ အတွက် ၂၄ နှစ် စာ လောက်  ထင်ရပါတယ် ” 


      “ ဒီနေ့ အလျှိုအလျှို အပြိုင်အဆိုင် မဂ္ဂဇင်းတွေ ထွက်နေကြပါတယ် ။ အဲ့ဒီ မဂ္ဂဇင်းတွေ နဲ့ ပတ်သက်လို့ မမ ဘယ်လို များ မြင် ပါသလဲ ” 


   “ မဂ္ဂဇင်း တော်တော်များများ ဖတ် ဖြစ်ပါတယ် ။ စာပေ မဂ္ဂဇင်း ဆိုတာတော့ စာပေ ဦးတည်ချက် နဲ့ ပေါ့  ။ သို့သော်လည်း အခန်းကဏ္ဍ စုံစုံလင်လင် နဲ့ မှ လူတန်းစားပေါင်းစုံ ရဲ့ လက်ထဲ ရောက်ပြီး ကျယ်ပြန့်မှာပဲ ။ ရုပ်ရှင် ဝါသနာပါ တဲ့ သူ က ရုပ်ရှင် ကဏ္ဍ ကို လှန်ကြည့်ရင်းနဲ့ ဒီထဲ က ဝတ္တု တစ်ပုဒ် ကို ဖတ်မိရင် ဒီ အထဲ က အယူအဆ တစ်ခု ခေါင်းထဲ ဝင် သွားရင် ကောင်းတာပဲ ။ အဲ့ဒီတော့ မဂ္ဂဇင်းတွေ မှာ ကဏ္ဍစုံ ပါတာကို ပိုပြီး သဘောကျပါတယ် ။ 


     “ ကျွန်တော်တို့ အခု နောက်ပိုင်း လူငယ်တွေ မှာ စာ ရေးချင်တဲ့ သူတွေ ပိုပြီး များ လာပါတယ် ။ အဲဒီတော့ ကဗျာ ရော ဝတ္တု ပါ ရေးတဲ့ မမ အနေနဲ့ ဒီ လူငယ်တွေ ကို ဘယ်လိုများ အကြံ ပေးချင် သလဲ ” 


     “ စာရေးဆရာ ဖြစ် ချင်တဲ့ သူတွေ ကို အကြံ ပေးချင်တာ ကတော့ စာရေးဆရာ ဖြစ် ချင်တာ ထက် စာ ရေးချင် စိတ် ရှိရင် ရေး သာ ရေးပါ ။ စာ ရေးချင်စိတ် နဲ့ ကြိုးစား ခဲ့ရင် တစ်နေ့မှာ စာရေးဆရာ ဖြစ် လာမှာပါပဲ ။ ကျွန်မ တို့ လည်း စာရေးဆရာ ဖြစ်ချင်တာ ထက် စာ ရေးခဲ့တာပါ ။ စာ မရေးရရင် မနေနိုင်ဘူး ။ စာ မဖတ်ရရင် မနေ နိုင်ဘူ ။ အဲဒါလောက် စာပေ ကို ခင်တွယ်တဲ့ စိတ် နဲ့ ရေးရင်း ဖတ်ရင်း မမျှော်လင့်ဘဲ ဖြစ် လာခဲ့ရတာပါ ။ ဒီလို အောင်မြင် လိမ့်မယ်လို့ လည်း ထင်လည်း မထားခဲ့ပါဘူး ။ အဲဒီလို ရေးချင်စိတ် ဖတ်ချင်စိတ် နဲ့ သာ လာ ခဲ့ပါ ။ စာပေလောက မှာ အောင်မြင်ရမှာပါပဲ ။ တခြား အခက်အခဲ ဥပမာ ထုတ်ဝေတဲ့ အခက်အခဲတို့ ဘာတို့ ဆိုတာ အလကားပါ ။ အဓိက မဟုတ်ပါဘူး အဓိက ကတော့ စာ ရေးချင် စိတ်ပါပဲ ။ ဒီ စိတ် နဲ့ သာ လာခဲ့ရင် အောင်မြင်ရမှာပဲ ” 


    “ မမ အခု ဝတ္တု ရေးတဲ့ အခါမှာ အကြောင်းအရာ ရှာတဲ့ အပိုင်းမှာ ဘယ်လိုများ ရှာ သလဲ ” 


     “ ဒီလိုပဲ သွားရင်း လာရင်းနဲ့ တွေ့တာပါပဲ ။ တချို့က ဝတ္တု ရေးတယ် ဆိုတာ စကားလုံးကလေး တစ်လုံး ရ လိုက်ရင် ရေးလို့ ရတာပဲလို့ ပြောကြတယ် ။ စာကြောင်းလေး တစ်ကြောင်း ရ လိုက်ရင် ဝတ္တု ဆက် ရေးလို့ ဖြစ်တာပဲ ဘာညာ နဲ့ ပြော ကြတယ် ။ မမ ကတော့ အဲဒီလို မဖြစ်ဘူး ။ 


ဘာကို ပြောချင်သလဲ ။ ပြောချင်တဲ့ အကြောင်း အရာလေး တစ်ခု ရင် ထဲ မှာ ရှိနေပြီ ။ ဒီ ခံစားချက် ကို ထုတ်ပြောချင် စရာ Theme လေး တစ်ခု ရ လာပြီ ဆိုရင် ဘယ်လို ဇာတ်အိမ်ဇာတ်လမ်း ဖွဲ့မလဲ ၊ ဘယ်လို ဇာတ်ကောင် တွေ မွေး မလဲ ဆိုတာ  စဉ်းစား တယ် ။ Theme မရှိဘဲတော့ အတို ပဲ ဖြစ်ဖြစ် အရှည် ပဲ ဖြစ်ဖြစ် မရေးတတ်ဘူး ” 


    “ ကျေးဇူးပဲ မမ ကျွန်တော် မေးချင်တာတွေတော့ စုံသွားပါပြီ ။ မမ လိပ်စာ က .... ”  


    “ တိုက် ၃၅၆ ၊ အခန်း ၂၀ ၊ အနောက် ရန်ကင်း မှာပါ ” 


     “ မမ အချိန်တွေ တော်တော် ပေးလိုက်တဲ့ အတွက် ကျေးဇူး တင်ပါတယ် ” 


    “ ရပါတယ် ။ မပြည့်စုံသေးလို့ မေးချင်တာ ရှိသေးရင် နောက် တစ်ခေါက်ပေါ့ ကိုဝင်းငြိမ်း ...... ” 


◾ဝင်းငြိမ်း


📖 ပေဖူးလွှာ မဂ္ဂဇင်း 

      အမှတ် ( ၉ ) 

      ဖေဖော်ဝါရီ ၊ ၁၉၈၂ ခုနှစ်


.

 

မစ္စတာ ကွန်ဒုံး



 

❝ မစ္စတာ ကွန်ဒုံး ❞


[ စားသောက်ဆိုင်ရဲ့ နာမည် ကလည်း ‘ ဂေါ်ဖီထုပ် နဲ့ ကွန်ဒုံး ’ တဲ့ ။ ဆိုင် အဝင်ဝ က ပန်းအိုးကလေးတွေ က လည်း လှလိုက်တာ ။ ပန်းရောင် ၊ အနီ ရောင် ၊ အဝါရောင် ၊ အပြာရောင် ၊ ရောင်စုံပန်းတွေ နဲ့ အလှဆင် ထားတယ် ။ ပန်းပွင့်လေးတွေ ကို သေသေချာချာ ကြည့်လိုက် မှ ရာဘာကွန်ဒုံးတွေ ကို ပန်း ပွင့် လုပ်ထားတာ ဖြစ်နေတယ် ။


စားသောက်ဆိုင်ခန်း ထဲ ဝင်သွား ပြန်တော့လည်း စားပွဲကို မှန် ကြည်ပြား ခင်းထားပြီး မှန်ပြား အောက် မှာလည်း စိမ်း - ဝါ - နီ - ပြာ ရောင်စုံ ကွန်ဒုံးတွေ ကို လှပအောင် ခင်းကျင်း ထားပါတယ် ။ ဆိုင်နံရံ မှာ လည်း ကမ္ဘာ့ တစ်ဝှမ်း နိုင်ငံပေါင်းစုံ က ထုတ်လုပ်ထားတဲ့ ကွန်ဒုံး တံဆိပ် အမျိုးစုံ ကို ချိတ်ဆွဲ ထားတယ် ။ ဆိုင် ရဲ့ နေရာတိုင်း မှာ ကွန်ဒုံး အမျိုးအစား နဲ့ တန်ဆာ ဆင်ထားတယ် ။ တစ်နေရာ မှာ တော့ သစ်သားခွက် နှစ်ကန့် မှာ ကွန်ဒုံး အပြည့် ထည့် ထားတယ် ။ ကြိုက်သလောက် အခမဲ့ နှိုက်ယူ နိုင်တယ် ။ ဒီမိုကရက်တစ် ဆိုဒ် ၊ ရီပတ်ဘလီကင် ဆိုဒ် ဆိုပြီး စာတန်း ထိုးထားတယ် ။ ကိုယ်နှစ်သက်ရာ ရွေးချယ်ပေါ့ ။ 


ဂေါ်ဖီထုပ် နဲ့ ကွန်ဒုံး စားသောက်ဆိုင် က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့လယ် Sukhumvit Soi 12 မှာ ရှိတယ် ။ ဂေါ်ဖီထုပ် နဲ့ ကွန်ဒုံးအမည် နဲ့ စားသောက်ဆိုင် သာ မဟုတ်ဘဲ ပင်လယ်ကမ်းခြေ ၊ တောင်တန်းဒေသ တွေ မှာ အပန်းဖြေဟိုတယ် တွေလည်း ရှိတယ် ။


ဒါတွေကို စတင် တည်ထောင်သူ ကတော့ ဥပဒေပြု အထက် လွှတ်တော် အမတ် မီချိုင်း ဗီရဗိဒရ ( Senator Mechai Tiravaidya ) ( ၅၆ နှစ် ) ဖြစ်ပါတယ် ။ မီချိုင်း ကို ထိုင်းလူမျိုးဖခင် နဲ့ စကော့လူမျိုးမိခင် တို့က ဖွားမြင်ခဲ့တယ် ။ မိဘ နှစ်ပါးလုံး က ဆရာဝန်တွေ ဖြစ်ကြတယ် ။ ၁၉၆၄ ခုနှစ် မှာ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ် က ဝါဏိဇ္ဇဝိဇ္ဇာဘွဲ့ ကို ယူပြီး ထိုင်းနိုင်ငံ ကို ပြန်လာတဲ့ မီချိုင်း ကို သူ့ အမေ က “ ဒီ ပညာ တတ်လာတာ မင်း ဉာဏ် ကောင်းလွန်းလှလို့ မဟုတ်ဘူး ၊ ငါ တို့ မှာ ငွေကြေး ရှိလို့သာ ဖြစ်တယ် ၊ တကယ်လို့ မင်း လို လူ က ကိုယ့် အကျိုးအမြတ် အတွက် အလုပ် လုပ်မယ် ဆိုရင် ထိုင်းနိုင်ငံ က ဆင်းရဲနွမ်းပါးတဲ့ သူတွေ အတွက် ဘယ်သူတွေ က လုပ်ပေးမှာလဲ ” ဆိုတဲ့ မေးခွန်း နဲ့ ဆီးကြိုတယ် ။


မီချိုင်း က အမျိုးသား စီးပွားရေး နဲ့ လူမှုဖွံ့ဖြိုးရေးအဖွဲ့ မှာ စီးပွားရေး ပညာရှင် အဖြစ် ဝင်ရောက် တာဝန် ထမ်းဆောင်တယ် ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စစ်တမ်း ကောက်ဖို့ ထိုင်းနိုင်ငံ အထက်ပိုင်း ကို မီချိုင်း သွားတယ် ။ ရွာတိုင်း မှာ ကလေးတွေ များလိုက်တာ ။ မိသားစု တစ်စု မှာ ကလေး ခုနစ်ယောက်နှုန်း လောက် ရှိနေတယ် ။ သည်ပုံ အတိုင်း မိခင်တွေ ကလေး တပြွတ်ပြွတ် မွေးနေကြမယ် ဆိုရင် မိသားစု တိုင်း ဆင်းရဲတွင်း နက်ပြီး ကလေးသူငယ်တွေ လည်း ပညာ သင်ယူခွင့် ရကြမှာ မဟုတ်ဘူး ၊ ထိုင်းနိုင်ငံ လည်း ဖွံ့ဖြိုးတိုးတက်ဖို့ မမြင်ဘူးလို့ မီချိုင်း စဉ်းစား ပါတယ် ။ မိခင်တွေ သားဆက် ခြားအောင် ကွန်ဒုံး ပရိုမိုးရှင်း ကို ထိုင်းနိုင်ငံ မှာ မီချိုင်း က အားတက်သရော လုပ်တယ် ။ လူတွေ က မီချိုင်း ကို ကွန်ဒုံး နဲ့ တွဲမြင်လာတယ် ။ သူ့ ကို မစ္စတာကွန်ဒုံး လို့ ချစ်စနိုး အမည် ပေးတယ် ။ ကွန်ဒုံး ကို တော့ မီချိုင်း လို့ ခေါ်တယ် ။ ကွန်ဒုံး လိုချင်ရင် ဈေးဆိုင် မှာ မီချိုင်း တစ်ခု ပေးပါလို့ ပြောပြီး ဝယ်ရင် ရတယ် ။


မီချိုင်း ရဲ့ ကွန်ဒုံး ပရိုးမိုးရှင်း အရှိန် ရချိန်မှာ အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် တစ္ဆေ က ထိုင်းနိုင်ငံ ကို အပြင်းအထန် ခြောက်လှန့် လာတယ် ။ ကွန်ဒုံး တွင်ကျယ်မှု နဲ့ အေအိုင်ဒီအက်စ် အရှိန် ကို လျှော့ချနိုင်ခဲ့တယ် ။


မီချိုင်း ကို ကမ္ဘာ့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ဂုဏ်ပြုဆု ကို ၁၉၉၇ ခုနှစ် မှာ ချီးမြှင့်ခဲ့တယ် ။ နိုင်ငံတကာ အဆင့် ဆုတံဆိပ်ပေါင်း များစွာ ကို လည်း ချီးမြှင့် ခံခဲ့ရတယ် ။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကို အိုင်အမ်အမ်အက်ဖ် အစီအစဉ် နဲ့ ရောက်စဉ် က ၂ဝဝ၄ ခု စက်တင်ဘာ ၃ဝ ရက် မှာ တစ်ကြိမ် ၊ ယူနီဆက် အစီအစဉ် နဲ့ နောက်ထပ် ရောက်တော့ ၂၀၀၅ ခု ဒီဇင်ဘာ ၁ ရက် မှာ တစ်ကြိမ် မီချိုင်း ကို ကျွန်တော် တွေ့ ရတယ် ။ စကား တချို့ ကို သီးခြား ပြောခွင့် ရခဲ့ပါတယ် ။ မီချိုင်း ပြောပြတဲ့ သူ့ ဘဝ သူ့ အတွေ့ အကြုံတွေ ကို ဖော်ပြပါမယ် ]


••••• ••••• •••••


ထိုင်းနိုင်ငံ မှာ လူဦးရေ တိုးနှုန်း က သိပ် များတယ် ။ တစ်နှစ် ကို ၃. ၂ ရာခိုင်နှုန်း တိုး နေတယ် ။ မိသားစု တစ်ခု မှာ ကလေး ခုနစ်ယောက်နှုန်း ရှိတယ် ။ လူတွေ က ဆင်းရဲတယ် ။ ဒါကြောင့် ၁၉၇၄ ခု မှာ ပီဒီအေ ကို ကျွန်တော် တည်ထောင်တယ် ။ ပီဒီအေ ဆိုတာ လူဦးရေနဲ့ လူထုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု အသင်း ( The Pouplation & Community Developement Association ) ပါ ။ ပီဒီအေဟာ လူထု အဖွဲ့အစည်း အတွင်း မှာ မိသားစု လူဦးရေ စီမံကိန်း ဆွဲတဲ့ ကိစ္စ ၊ ကျေးလက် ဖွံ့ဖြိုးရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်တွေ ၊ ထိုင်းနိုင်ငံ တစ်ခုလုံး မှာ အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ကာကွယ်ရေး လှုပ်ရှားမှုတွေ လုပ်ခဲ့တယ် ။ သိသာတဲ့ အောင်မြင်မှု ကတော့ ပီဒီအေ စ တည်ထောင်တဲ့ ၁၉၇၄ ခုမှာ ထိုင်းနိုင်ငံ ရဲ့ တစ်နှစ် လူဦးရေတိုးပွားနှုန်း ၃. ၂ ရာခိုင်နှုန်း ရှိရာက ၂၀၀၂ ခုမှာ ဝ. ၈ ရာခိုင်နှုန်းကို ကျဆင်းသွားတယ် ။ မိသားစုတိုင်း ရဲ့ ကလေး ဦးရေ ပျမ်းမျှနှုန်း ကလည်း ၁. ၆ ယောက်နှုန်း ကို လျော့သွားပါတယ် ။


ကွန်ဒုံး သုံးဖို့ လှုံ့ဆော်မှုတွေ ကို ကျွန်တော် အကြီးအကျယ် လုပ်တာ ပေါ့ ။ ဆရာဝန် တွေ သားဖွားဆရာမ တွေ ကို စည်းရုံးပြီး ကျန်းမာရေး ပညာ ပေးစေတယ် ။ ကျောင်းဆရာတွေကို စည်းရုံးပြီး ကျောင်းသားကလေးတွေ ကို ကွန်ဒုံး နဲ့ရင်းနှီးအောင် လုပ်ပေးတယ် ။ ဘောလုံး လို လေမှုတ်ပြီး ကစား ခိုင်းတယ် ။ ကလေးတွေ က ရွာ ထဲက အိမ်ပေါက်စေ့ လျှောက် သွားပြီး ကွန်ဒုံး အကြောင်း ပြော ပြတယ် ။ ဝေပေးတယ် ။ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ က ကွန်ဒုံးတွေ ကို ပရိတ်ရေ ဖျန်းပေးတယ် ။ ကျေးလက် မှာ ပေးဝေတယ် ။


ကွန်ဒုံးတွေ ဟာ အင်မတန် အသုံး တည့်ပါတယ် ။ မိုးရွာရင် မိုဘိုင်းဖုန်း ထည့်လို့ ရတယ် ။ မိန်းကလေးတွေ ဆံပင် စည်းနှောင် လို့ရတယ် ၊ ပန်းအိုး မှာ ပန်းပွင့်ကလေးတွေ လုပ် ထိုးလို့ရတယ် ။


ဈေးဆိုင်တွေ မှာ ကွန်ဒုံးတွေ ထားပေးတယ် ။ လိုချင်တဲ့သူ လွယ်လွယ် ယူလို့ရတယ် ။ ဈေးဆိုင်တွေ က မိသားစု လူဦးရေစီမံကိန်း အကြောင်း အင်ဖော်မေးရှင်း ပေးနိုင်တယ် ။ အင်မတန် အရေးပါပြီး အသုံးဝင်ပါတယ် ။


ကျေးရွာ မှာ ပဋိသန္ဓေ တားတဲ့ သူ ၊ ကွန်ဒုံး သုံးတဲ့ သူတွေကို ပီဒီအေ က ဝက်တွေ အခမဲ့ သားစပ် ပေးတယ် ။ တောင်သူလယ်သမားတွေကို လယ်ထွန် ဖို့ ကျွဲတွေ ကို တစ်ဝက်ဈေး နဲ့ ငှားပေးတယ် ။ အိမ်ထောင်သည် မိခင် တစ်ယောက် ဟာ နှစ်နှစ် ကလေးမမွေး ကိုယ်ဝန် မဆောင်ရင် ဝက်ကလေး ရှစ်ကောင် ပေးတယ် ။ ဒါကို မိခင်တွေ က သဘောကျတယ် ။ ရွာတွေ မှာ သောက်ရေသုံးရေ ကို ဈေးချိုချို နဲ့ ပီဒီအေ က ဖြန့်ဖြူးပေးတယ် ။ ကိုယ်ဝန် မရှိတဲ့ မိခင် ရဲ့မိသားစု ကို အမြဲတမ်း ငါးရာခိုင်နှုန်း ဈေးလျှော့ ပေးတယ် ။


ထိုင်းလူမျိုးတွေ ဟာ ပဋိသန္ဓေ တားဆီးရေး ကိစ္စကို ဆရာဝန်တွေ ရှေ့ မှာ ပင်လျှင် နှုတ်မရဲ သူတွေ ဖြစ်ကြတယ် ။ ကျွန်တော် က ဘန်ကောက် မြို့ပေါ် မှာ ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဆိုင် တစ်ဆိုင် ဖွင့်တယ် ။ ဟင်းရွက်ဆိုင် မှာ ကွန်ဒုံး လည်း ရောင်း ပေးတယ် ။ ‘ ဂေါ်ဖီထုပ် နဲ့ ကွန်ဒုံးဆိုင် ’ လို့ နာမည် ပေးလိုက်တယ် ။ နောက်ပိုင်းမှာ ‘ ဂေါ်ဖီထုပ် နဲ့ ကွန်ဒုံး စားသောက်ဆိုင် ’ ကို ကျွန်တော် ထပ်ဖွင့် တယ် ။ စားသောက်ဆိုင် မှာ ‘ သားကြောဖြတ်သူများ ဘား ’ ကို ဖွင့်ပြီး သားကြော ဖြတ်သူတွေ အဖျော်ယမကာ အခမဲ့ သောက်နိုင်တယ် ။ စားသောက်ဆိုင် ဘေး မှာပဲ သားကြောဖြတ်ဆေးခန်း ဖွင့်ပေးထားတယ် ။


ကော်ဖီ နဲ့ ကွန်ဒုံးဆိုင်ကလေး တွေ လည်း ဖွင့်တယ် ။ ကော်ဖီ တစ်ခွက် ဝယ် ရင် ကွန်ဒုံး တစ်ခု အခမဲ့ ယူနိုင်တယ် ။ ကွန်ဒုံး တစ်ခု ဝယ်ရင် ကော်ဖီ တစ်ခွက် အခမဲ့ သောက်နိုင်တယ် ။ ပီဒီအေ ဟာ အခု ဆိုရင် သက်တမ်း နှစ် ၃ဝ ကျော်သွားပြီ ။ ထိုင်းနိုင်ငံ မှာ အကြီးဆုံး ပုဂ္ဂလိက အသင်းအဖွဲ့ ဖြစ်တယ် ။ အကျိုးအမြတ် မရှာတဲ့ အဖွဲ့အစည်း ဖြစ်တယ် ။


၁၉၇၉ ခုနှစ်မှာ ပီဒီအေ က စီဘတ် ( CBIRD - Community Based Intergrated Rual Development ) အစီအစဉ် ကို စတင် ပါတယ် ။ ကျေးလက်ဒေသ မှာ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ၊ တောင်သူလယ်သမားတွေ ဝင်ငွေ တိုးတက်လာအောင် ကြက်မွေးတာ ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးတာ ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေ ထူထောင်တာ စတဲ့ လုပ်ငန်းတွေ တည်ပေးတယ် ။ အခြေခံ စာရင်းကိုင်ပညာ ၊ လုပ်ငန်းစီမံခန့်ခွဲမှုပညာ တွေ လည်း သင်ပေးတယ် ။


၁၉၈၈ ခုနှစ် မှာ ပီဒီအေ က တီဘတ် ( TBIRD  - Thai Business Initiative in Rual Development ) ကို လုပ်တယ် ။ ကျေးလက် လူထု ရဲ့ ဘဝ နေမှု မြင့်တက်လာအောင် စီးပွားရေး လုပ်ငန်းတွေ ကို အားပေးဖို့ ၊ စီးပွားရေး ကျွမ်းကျင်မှု နည်းနာတွေ ကျေးလက် ကို လွှဲအပ်ပေးဖို့ ၊ ဝင်ငွေမြှင့်တင်နည်း နဲ့ ဆင်းရဲတွင်း က လွတ်ကင်းဖို့ မြို့ပြ ကိုရွှေ့ပြောင်းပြီး အလုပ်အကိုင် ရှာဖွေ လုပ်ကိုင်တာ လျော့ကျပြီး မြို့သွား နေသူတွေ အိမ် ပြန်လာစေဖို့ ရည်ရွယ်ပြီး လုပ်တာပါ ။ ဆင်းရဲနွမ်းပါးတဲ့ အတွက် မြို့ပြ သွားပြီးပြည့်တန်ဆာ လုပ်မယ့် ကျေးလက် တောသူကလေးတွေ ကို တီဘတ် အစီအစဉ်က ထိန်းသိမ်းပြီး အကူအညီ ပေးခဲ့ရတယ် ။ 


ပီဒီအေ ကို ဒေါ်လာ နှစ်ထောင် နဲ့ ကျွန်တော် စတင်ခဲ့တယ် ။ အခု ကုမ္ပဏီခွဲ ၁၆ ခုရှိတယ် ။ စီမံကိန်း ၃ဝ ရှိတယ် ။ စားသောက်ဆိုင်တွေ ၊ အပန်းဖြေဟိုတယ်တွေ ၊ စက်ရုံတွေ ရှိတယ် ။ ဘဏ္ဍာငွေ ရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်း ဟာ ကိုယ်ပိုင် ရှာဖွေတဲ့ ငွေဖြစ်တယ် ။ သုံးဆယ် ရာခိုင်နှုန်း ကတော့ ပေးလှူငွေတွေ ဖြစ်ပါတယ် ။


ထိုင်းနိုင်ငံ မှာ အန်ဂျီအို ၂ဝဝ လောက် ဒီနှစ် လုပ်ငန်း ရပ်နား သွားကြ တယ် ။ အနာဂတ် မှာ ကိုယ့် ဟာ ကိုယ် ဘယ်လို ရပ်တည်ရှင်သန်နိုင်မှာလဲ ဆိုတာ အန်ဂျီအိုတွေ အဖြေ ရှာချိန် ရောက်နေပြီ ။ 


အန်ဂျီအိုတွေ က သူများ လှူမယ့် ငွေ ကို မျှော်လင့် စောင့်စား နေတတ်တယ် ။ အမေ့နို့ မျှော်နေတဲ့ ကလေးငယ် လိုပဲ ။ အမေ့နို့ ဟာ ငယ်တုန်း မွေးကင်းစ မှာတော့ လိုအပ်တာ အမှန်ပါ ။ ဒါပေမယ့် ကိုယ် ရှင်သန်ဖို့ အတွက် ကိုယ့် ငှက်ပျောသီးကိုယ် ရှာဖို့ ကြံဆရ မှာပေါ့ ။ ကျွန်တော်တို့ ရဲ့ ဂေါ်ဖီထုတ် နဲ့ ကွန်ဒုံး စားသောက်ဆိုင်လုပ်ငန်း ကို ကြည့်ရင် သေးငယ်တဲ့ စိတ်ကူးကလေး ကနေ ကြီးမားတဲ့ လုပ်ငန်း ကြီး တစ်ခု ဖြစ်လာနိုင်တာ ကို တွေ့နိုင်တယ် ။ အမေရိကန် ပြည်ထောင်စု မှာ ဂေါ်ဖီထုပ် နဲ့ ကွန်ဒုံးဆိုင် တွေ ဖွင့်ဖို့ အစီအစဉ် ရှိတယ် ။ စားသောက်ဆိုင် က တစ်လ ကို ဒေါ်လာ ခုနစ်သောင်းခွဲ ဝင်ငွေ ရတယ် ။


အန်ဂျီအိုတွေ က ကိုယ့် ဟာ ကိုယ် ရပ်တည်ဖို့ အတွက် အလုပ်တွေ များများ လုပ်နိုင်ဖို့ စဉ်းစားရမယ် ။ လူတိုင်းမှာ မျက်စိ နှစ်လုံး ၊ ခြေ နှစ်ဘက် ၊ လက် နှစ်ဘက် ပါလာတာ အားလုံး အတူတူပဲ ။ ထိုင်း ၊ ဗီယက်နမ် ၊ မြန်မာ အားလုံး အတူတူ ပဲ ၊ စဉ်းစားဖို့ ကြိုးစားဖို့ပဲ လိုတာပါ ။ ( ကျွန်တော် နဲ့ အတူ ပါလာတဲ့ ဗီယက်နမ်အမျိုးသမီး Mai Van Anh ဗီယက်နမ် မှာ ဘယ်လို စ လုပ်ရင် ကောင်းမှာလဲ မေးတယ် ) မိန်းကလေးတွေ ဆံပင် ဖြတ်ရောင်းပေါ့ ။ တစ်ယောက် စာ ၃၆ ဒေါ်လာရမယ် ။ မိန်းကလေးတွေ အများကြီး ပဲ ။ အမျိုးသမီးသမဂ္ဂ က ဦးဆောင် လုပ်ရင် ရနိုင်တယ် ။ ဒါက နမူနာ ပါ ။ လုပ်နိုင်တာတွေ အများကြီးပါ ။ လူတွေ ဆင်းရဲတွင်း က လွတ်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ် ။ စ လုပ်ဖြစ်ဖို့ပဲ အရေးကြီးတယ် ။ ညောင်ပင်ကြီး ဟာ ညောင်စေ့ သေးသေးလေး ကနေ ဖြစ်လာတာပါ ။ အစိုးရ က လုပ်လုပ် မလုပ်လုပ် ၊ ကိုယ် က စ လုပ်ပါ ။


✗✗✗   ✗✗✗   ✗✗✗ 


❝ အသက်တွေ ကယ်ကြမယ် ❞


[ မီချိုင်း ဝီရဗိဒရ ( ယခုအသက် ၅၆ ) နှစ် ဟာ မျက်နှာထား ချိုပြီး လူတွေ နဲ့ ရောရောနှောနှော နေလေ့ ရှိတယ် ။ 


သူ ဟာ ထိုင်းနိုင်ငံ ဥပဒေပြု အထက်လွှတ်တော် အမတ် ဖြစ်တယ် ။ ဝန်ကြီးချုပ်ရုံး ဝန်ကြီး အဖြစ် နှစ်ကြိမ် နဲ့အစိုးရ ရဲ့ ပြောရေးဆိုခွင့် ရှိသူ ၊ ဒုတိယ စက်မှုဝန်ကြီး တာဝန်တွေ လည်း ထမ်းဆောင် ခဲ့ရတယ် ။ ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဆင့် အဖွဲ့ အစည်းတွေ က ချီးမြှင့်တဲ့ ဆုတံဆိပ် များစွာ ကို လည်း မီချိုင်း လက်ခံရတယ် ။


သူ့ နာမည် ကို ထိုင်းနိုင်ငံ လမ်းကြိုလမ်းကြား ၊ ပြည့်တန်ဆာရပ်ကွက် တွေက အထိ သိကြတယ် ။ ကွန်ဒုံး ကို ဘမ်းစကား အဖြစ် မီချိုင်း လို့ ခေါ်တယ် ။ ဈေးဆိုင် မှာ မီချိုင်း ပေးပါလို့ ပြောပြီး ကွန်ဒုံး ဝယ်နိုင်တယ် ။


ဩစတြေးလျနိုင်ငံ ပညာ သင်ယူလာပြီး အစိုးရ အရာရှိ အဖြစ် ထိုင်း ကျေးလက်တောရွာတွေ ကို မီချိုင်း ခရီး သွားတဲ့ အခါ ထိုင်းမိသားစုတွေ မှာ ကလေး တပြွတ်ပြွတ် မွေးနေကြပြီး ဆင်းရဲတွင်း နက်တာကို တွေ့ ရတယ် ။ မိခင်တွေ ဆက်ခြား အောင် ထိုင်းပြည်သူတွေ ကို ကွန်ဒုံး နဲ့ မီချိုင်း က မိတ်ဆက် ပေးတယ် ။ သူ့ ကွန်ဒုံး ပရိုမိုးရှင်းက သိပ် အောင်မြင်လွန်းတာ မို့ မီချိုင်း ကို မစ္စတာကွန်ဒုံး လို့ ခေါ်ကြတယ် ။


မီချိုင်း ဟာ သားဆက်ခြား လုပ်ငန်း သာ မကဘဲ ထိုင်းနိုင်ငံ ရဲ့ အိတ်ချ် အိုင်ဗီ/အေအိုင်ဒီအက်စ် ကာကွယ်ရေး မှာ လည်း ရှေ့တန်း က ပါဝင် လုပ်ဆောင်ခဲ့တယ် ။


၂၀၀၄ ခု ၊ စက်တင်ဘာလ မှာ တစ်ကြိမ် ၊ ၂ဝဝ၅ ခု ဒီဇင်ဘာလ မှာ တစ်ကြိမ် မီချိုင်း ကို နှစ်ကြိမ် တွေ့ဆုံခွင့် ကျွန်တော် ရခဲ့တယ် ။ သူ ပြောပြတဲ့ သူ့ ဘဝ သူ့ အတွေ့အကြုံ ကို ဖော်ပြချင်ပါတယ် ။ ]


••••• ••••• •••••


အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် ဟာ ကမ္ဘာ မှာ ဘယ်လောက် ပျံ့နှံ့နေပြီလဲ ။


ဒုတိယကမ္ဘာစစ် တုန်းက လူတွေ ဘယ်လောက် သေခဲ့သလဲ ။ 


ဒုတိယကမ္ဘာစစ် တုန်းက တိုက်ခိုက်ကြလို့ ဘက်နှစ်ဘက် မှာ သေခဲ့တဲ့ စစ်သားဦးရေ ထက် ၁၉၈၁ ခု ကမ္ဘာမှာ ပထမဆုံး အေအိုင်ဒီအက်စ် ကိစ္စ ဖြစ်ပြီး တဲ့နောက် သေဆုံးခဲ့တဲ့ လူသားဦးရေ က ပို များနေပြီ ။


လိင်ဆက်ဆံရေး ကနေ အိတ်ခ်ျအိုင်ဗီ အများဆုံး ကူးစက်ပြီး သေဆုံး နေကြတယ် ။ လိင် ဆက်ဆံရတာ ကောင်းပါတယ် ၊ မကောင်းဘူး လို့ ဘယ်သူ ပြောမလဲ ။ လိင် ဆက်ဆံမှုကြောင့် ကျွန်တော်တို့ လူ ဖြစ်လာတာ ။ လိင် ဆက်ဆံမှု ဟာ ရေလိုပဲ ။ မရလို့ လည်း မဖြစ်ဘူး ၊ လွန်ကဲရင်တော့ အန္တရာယ် ရှိတယ် ။ဒီနေ့ ကမ္ဘာ မှာ နေရာတိုင်း မှာ အိတ်ချ်အိုင်ဗီ ရှိနေ ကူးစက် နေတာပဲ ။ မော်တော်ဆိုင်ကယ် စီးရင် ဦးထုပ် ဆောင်း မှ အန္တရာယ် ကာကွယ်နိုင်မယ် ။


၁၉၉ဝ ပြည့်နှစ် အထိ ထိုင်းနိုင်ငံ မှာ အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ကို မျက်နှာ လွှဲနေကြတယ် ။ ထိုင်းမီဒီယာတွေ က အိပ်ပျော် နေပေမယ့် လိင် ဆက်ဆံရေး က အိပ်ပျော် မနေဘူး ။


၁၉၉ဝ ပြည့်နှစ် မှာ ထိုင်းစစ်ဦးစီးချုပ် ကို ကျွန်တော် သွား တွေ့တယ် ။ ထိုင်းရေဒီယိုစတေရှင် ၃ဝဝ နဲ့ တီဗီစတေရှင် နှစ်ခု ကနေ အေအိုင်ဒီအက်စ် အသိပညာပေးရေး ထုတ်လွှင့်ပေးဖို့ ပြောတယ် ။ အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ဟာ စစ်သားတွေ ကို အများဆုံး သ,တ်နေတာ ရှင်းပြတယ် ။ အခုတော့ ထုတ်လွှင့် နေပါပြီ ။


ကျွန်တော်တို့ လုပ် နေတဲ့ ပီဒီအေ ( လူဦးရေနဲ့ လူထု အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ရေးအသင်း ) က လည်း ကျေးလက်တောရွာ တွေမှာ သားဆက်ခြား ဆေးလုံးတွေ ၊ ကွန်ဒုံးတွေ ပေးတဲ့ အပြင် လိင် အသိပညာ လည်း ဖြန့်ဝေတယ် ။ အခု ဆိုရင်တော့ ကျွန်တော့် ကို ကူညီပြီး စေတနာ့ဝန်ထမ်း လုပ်ပေးသူ ဦးရေ တစ်သောင်းနှစ်ထောင် ရှိနေပါပြီ ။


ကျွန်တော်တို့ ရဲ့ ရာနှုန်းပြည့် ကွန်ဒုံး အသုံးပြုရေး အစီအစဉ် က အများကြီး ထိရောက် ပါတယ် ။ ၁၉၉ဝ ပြည့်နှစ် မှာ ဝန်ကြီးချုပ် က အေအိုင်ဒီအက်စ် ကာကွယ်တားဆီးရေး အားပေးလို့ လုပ်ကိုင် နိုင်ခဲ့တာပါ ။ ငွေကြေး နဲ့ ကိုယ်ခန္ဓာ ကို ရောင်းစား နေသူတိုင်း ကွန်ဒုံး အသုံးပြုရေး ၊ ဆက်ဆံသူ တိုင်း ကွန်ဒုံး သုံးစေရေး လုပ်တယ် ။ အိတ်ချ်အိုင်ဗီ ကူးစက် ခံရနှုန်း ဟာ တရိပ်ရိပ် မြင့်တက် လာခဲ့ပြီး ၁၉၉၁ ခု မှာ အမြင့်ဆုံး ဦးရေ အဖြစ် လူ ၁၄ဝဝဝဝ ကို ရောက်ရာ က ပြန်ကျလာ ပြီး ၂၀၀၃ မှာ ၂၁၀၀၀ သာ ရှိပါတော့တယ် ။


ဆေးရောင်စုံ ခြယ်ထားတဲ့ လိင်ကား ( Sex Van ) မှာ ကွန်ဒုံးတွေ သယ် သွားပြီး စက်ရုံတွေ ၊ ကျောင်းတွေ မှာ လိင် အသိပညာ ပေးတယ် ။ 


အချို့က ကွန်ဒုံး ကို တွန့် နေတယ် ။ ဒါကြောင့် “ ကွန်ဒုံးမယ် ” ပြိုင်ပွဲ လုပ်တယ် ။ လူငယ်တွေ ကွန်ဒုံး ကို ပူဖောင်း လုပ်ပြီး လေမှုတ်ပြိုင်ပွဲ လုပ်တယ် ။ ကွန်ဒုံး ကို တွန့် မနေ လန့် မနေပါနဲ့ ၊ ဒါဟာ သစ်ပင် က ဖြစ်လာတဲ့ ရာဘာပါပဲ ။ တကယ်လို့ ခင်ဗျား ကွန်ဒုံး ကို ရှက်နေမယ် ဆိုရင် တင်းနစ်ဘောလုံး ကိုင် တာကို ပိုပြီး ရှက်သင့်တယ် ။ အဲဒါက ရာဘာတွေ ပိုပါတယ်လို့ ကျွန်တော် ပြောရတာပေါ့ ။ 


ကားလမ်းဆုံ တွေမှာ ယာဉ်ထိန်းရဲတွေ က ကွန်ဒုံး ဝေပေးတယ် ။ ယာဉ်ထိန်းရဲတွေ က လမ်းပေါ် မှာ ရော အိပ်ရာပေါ် မှာပါ လူတွေ ရဲ့အသက်ကို ကယ် ပေးတယ်ပေါ့ ။ ကွန်ဒုံး ပေးတဲ့ အခါ မှာ လိုတဲ့ သူ ကို ပေးလိုက်ပါလို့ ပြောပေးတော့ ယူသွားတာပဲ ။


Annand Panyarachun ဝန်ကြီးချုပ် ဖြစ်လာတော့ အိတ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ဟာ လူ့အဖွဲ့အစည်း ရဲ့ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားဖွံ့ဖြိုး တိုးတက်ရေးတွေ နဲ့ ဆက်စပ် နေတာကို သဘောပေါက် လက်ခံတယ် ။ အိတ်ချ် အိုင်ဗီ/အေအိုင်ဒီအက်စ် အမျိုးသားကာကွယ်ရေး ပေါ်လစီ နဲ့ အစီအစဉ် ကို ချမှတ် လုပ်ဆောင်တယ် ။ အိတ်ခ်ျအိုင်ဗီကူးစက်ခံရသူတွေ ကို ခွဲခြားဆက်ဆံမှု လျော့နည်းလာတယ် ။ ပညာပေးမှုတွေ ပိုပြီး ကျယ်ပြန့်ပြန့် လုပ်နိုင်လာတယ် ။


ကျွန်တော့် အနေနဲ့ ချစ်သူများနေ့ လုပ်တယ် ။ အိတ်ချ်အိုင်ဗီ ပေါ့စတစ် တွေကို ဖိတ်ခေါ်တယ် ။ သူတို့ ကို ချေးငွေတွေ ထုတ်ပေးပြီး စီးပွားရေးလုပ်ငန်း တွေ လုပ်ကိုင်စေတယ် ။


လူငယ်လေး တစ်ယောက် ရှိတယ် ။ သူ ဟာ အိတ်ခ်ျအိုင်ဗီ ပေါ့စတစ် ၊ သူ သေဖို့ ရက်ကို စောင့် နေတယ် ။ ကျွန်တော် က ငွေ ချေးလိုက်တော့ သူ ဝက် မွေးတယ် ၊ အခု သူ ပျော်နေတယ် ။


အမျိုးသမီး တစ်ယောက် ကတော့ ကွန်ပျူတာ စင်တာ ဖွင့်ပြီး ဝင်ငွေ ရတယ် ။ နောက် အမျိုးသမီး တစ်ယောက် ကတော့ အဝတ်လျှော်စက်တွေ နဲ့ ဒိုဘီဆိုင် ဖွင့်ပြီး ငွေဝင်လမ်း ဖြောင့် နေတယ် ။ လွန်ခဲ့တဲ့ သုံးလ က ငါ သေရမယ့် ရက် ကို ပဲ စောင့်နေတာ ၊ အခု ငါ အလုပ်တွေ လုပ် နေတယ် ၊ ပျော်ရွှင် နေတယ် ၊ ငါ့ လို နေပါ လို့ သူ က ပြောတယ် ။


မိခင် တစ်ယောက် သား နဲ့ လင် က ဆုံးပြီ ။ သူ့ မှာ သမီးငယ်လေး တစ်ယောက် ကျန်ရစ်တယ် ၊ မအေကြီး နဲ့ သမီးငယ်လေး ချေးငွေ ရတော့ စိုက်ပျိုးရေး လုပ်ကြတယ် ။


သည်လို လူတွေ အများကြီးပဲ ။ အိတ်ခ်ျအိုင်ဗီ ပေါ့စတစ် ပေမယ့် ကို ကျေနပ်စွာ ပျော်ရွှင်ပြီး ကျန်းမာမှု အသစ် နဲ့ ဘဝသစ်တွေ ရနေကြတယ် ။ သည်လို လုပ်နိုင်ဖို့ အစိုးရ ကလည်း ချေးငွေတွေ ထုတ် ပေးတယ် ။


လူတွေ ဆင်းရဲကြရတဲ့ အကြောင်းထဲ မှာ စီးပွားရေး လုပ်ငန်း ကျွမ်းကျင်မှု နည်းတာ လည်း ပါတယ် ။ လူတွေ က ငွေရင်းငွေနှီး ထုတ် မပေးဘဲ မျက်ကွယ်ပြု ထား တာကြောင့် လည်း ပါတယ် ။ ပီဒီအေ လူငယ် ပညာရှင်တွေ က ကျေးလက် က လူတွေ ကို စီးပွားရေးပညာ သင်ပြ ပေးကြတယ် ။ ငွေထုတ် ချေးတယ် ။ ချေးငွေ ကို ငွေ နဲ့ မဆပ်နိုင်ရင် လုပ်အား နဲ့ ဆပ်နိုင်တယ် ။ သည်လိုနဲ့ သူတို့ ဘဝ ပြောင်းလဲ တိုးတက်လာတယ် ။


အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် နဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံ ဝိုင်းပြီး ကြိုးပမ်း လိုက်ကြတာ ၁၉၉၁ ခုမှာ ၂၀၀၃ ခု ကာလ အတွင်း မှာ အိတ်ချ်အိုင်ဗီ အသစ် ကူးစက်ခံရမှု ဟာ ၉ဝ ရာခိုင်နှုန်း ကျဆင်း သွားပါတယ် ။ 


ပြီးခဲ့တဲ့ နှစ် က စပြီး ကူးစက်ခံရနှုန်း ၃၀ ရာခိုင်နှုန်း ပြန်တက် လာတယ် ။ လူငယ်တွေ ကို ပညာပေးတာ လျော့ သွားလို့ ။ မျိုးဆက်သစ်တွေ ထဲ မှာ ကွန်ဒုံး အသုံးပြုမှု ၂၀ ရာခိုင်နှုန်း နည်းသွားတယ် ။


တကယ်ကတော့ အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် နဲ့ ပတ်သက်ပြီး အသိပညာပေးမှု ကို အမြဲတမ်း လုပ်နေရမှာပါ ။ ကိုကာကိုလာ ကို လူတိုင်း သိတယ် ။ ဒါပေမယ့် ကြော်ငြာတာ ကို မလျှော့ဘူး ။ သည် အတိုင်းပဲ ဖြစ်ရမှာပေါ့ ။ 


အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် အသိပညာ ပေးတဲ့ အလုပ် ကို သူများ က လာကူညီတဲ့ အထိ စောင့် မနေပါနဲ့ ၊ ကိုယ်တိုင် အခုပဲ စ လုပ်ပါ ။ လူတွေ များများ သိကြပါစေ ။ မိဘတိုင်း က သားသမီးတိုင်း ကို သိပါစေ ။ ဒါ မိသားစုတိုင်း လုပ်ရမယ့် ကိစ္စပါ ။ မိသားစု တစ်စု ကနေ ဆွေမျိုးသားချင်းတွေ အထိ ကျယ်ပြန့် လာပါစေ ။ လုပ်ကြပါ ။


 ▢ ကျော်ရင်မြင့်

📖ဘဝဇာတ်ခုံ

ငါ့ ရင်ထဲ မှာ အလွမ်းနွေ


 

❝ ငါ့ ရင်ထဲ မှာ အလွမ်းနွေ ❞
      မောင်ရဲနွေ ( ပလိပ် )

ရင် ထဲ မှာ ဖွင့်အန် ပြစရာတွေ က အများသား ။ ထိန်းချုပ်စွမ်းမဲ့ ခံစား ချက်တွေ တနင့်တပိုး ။ မျှော်လင့်ခြင်း ဖြစ်စဉ်တွေ မြင်ယောင်လို့ ... ။ ရသချို နရီမြစ် မှာ ရင်ခုန်စွာ ကူးခတ်ဖို့ အသင့် .. ၊ လွတ်လပ်စွာ ပျော်ရွှင်နိုင်ဖို့ အတွက် စကားလုံးတွေ ရွေးချယ်လို့ .. ။ ချိုမြတဲ့ ဂီတ ကို နှစ်ခြိုက်လို့ ... ။

အရာရာပေါ့ ချစ်သူ ... ။ ငါ စိတ်ကူးယဉ်ခဲ့ပါဘယ် ၊ နို့ ... ငါ့ ဆန္ဒတွေ အရောင် မလှခဲ့ဘူးလေ ။ ရင်ခုန်သံတွေ နှိုးဆွ ကြည့်တဲ့အခါ ရင်ခုန်သံတွေ စည်းချက် မလှ ယိမ်းက နေကြတယ် ။ အိပ်မက်တွေ မက်ကြည့်တဲ့ အခါ အိပ် မက်တွေ မလန်းဆန်း ပင်ပန်း နေကြတယ် ။ ကဗျာ တစ်ပုဒ် ဖွဲ့ကြည့်တဲ့ အခါ ကဗျာတွေ ကာရန် မလှ နရီ မကျ ဖြစ်နေတယ် ။ တေး တစ်ပုဒ် ကို သီဆို ကြည့် တဲ့ အခါ ဂီတတွေ သံစဉ် နားစည် က လက်မခံ ဖြစ်နေတယ် ။ လောက ကို ကြည့်တဲ့အခါ လောက မှာ အရောင်တွေ ပြည့်နှက် စုတ်ချက် မညီ ဖြစ်နေ တယ် ။ ငါ့ ရင်ကို ဖွင့်ကြည့်တဲ့ အခါ နှလုံးသား ကြွေပျက်ပြန်း သေဆုံး မလို ဖြစ်နေတယ် ။ ငါ ဘယ်လို နားလည်ရမလဲ ချစ်သူ ... ။ အရာရာ ဆန်းကြယ် လှတယ် ။

ပြီးတော့ အချစ် ဆိုတာ လောက ကို လှပစေတဲ့ အရာ ။ အချစ် က ဘဝ ကို ချိုမြိန် စေတယ် ... ။ တစ်ခါတစ်ရံ ခါးသက် စေတယ် ။ အချစ် က အရာရာ အတွက် သတ္တိ ကို ပေးတယ် ။ အချစ် ဟာ အစွမ်းထက် လက်နက် တစ်ခုဖြစ်တယ် ။

ဪ ...
ချစ်သူရယ်
နေထွက်နေဝင်
နင်နဲ့ ငါအဖြစ်
အချစ်ပုံပြင်သစ်ပဲနော် ... ။

•••••   •••••   •••••

ချစ်သူ .. နင် နဲ့ ငါ အဖြစ်က ပုံပြင် ဆန်ခဲ့လိုက်တာ ကြည့်လေ ... ၊ ကြောင့်ကြမှုမဲ့ သူငယ်ချင်း ဘဝ ရယ် ၊ သောကကင်း တဲ့ သူငယ်ချင်း ဘဝ ရယ် မောဟကင်းတဲ့ သူငယ်ချင်း ဘဝ ရယ် .... ပြီးတော့... ။ အပြစ်ကင်းတဲ့ ဘဝ တွေ ကို အဆင့်မြင့် တစ်ဆင့် တက်လို့ ဘဝင်တွေ မြင့်လို့ ... ။ အချစ် ကို ပိုင်ဆိုင် ကြပြီ ဆိုတော့ .... အရာရာဟာ ချစ်သူ နဲ့ ငါ့ အတွက် ဥပေက္ခာ မျက်လုံးတွေပေါ့ ။ ပြီးတော့ ချစ်သူ နဲ့ ငါ့ အတွက် အမုန်း ဟာ အထီးကျန် ဝတ္ထု တစ်ခုပေါ့ ၊ ပြီးတော့ အရှုံး ဆိုတာ ချစ်သူ နဲ့ ငါ့ အတွက် ဆန့်ကျင်ဘက် ဖြစ်စဉ်ပေါ့  ၊ အပြုံး ဆိုတာက ချစ်သူ နဲ့ ငါ့ အတွက် ရသကဗျာ တစ်ပုဒ်ပေါ့ ။ ရင်ခုန်သံ ဟာ ချစ်သူ နဲ့ ငါ့ အတွက် မျက်လုံးတွေ ကန်းနေပေါ့ ... ။ ကဲ့ရဲ့ခြင်း ဆိုတာ ချစ်သူ နဲ့ ငါ့ အတွက် အမြှေးပါး မရှိတဲ့ နားစည် တစ်ခုပေါ့ ။ ယုံလားမသိဘူး ချစ်သူ  ။

Heart is no to hate.

နှလုံးသား ဆိုတာ အမုန်းပွားဖို့ မဟုတ်လေတော့ ... ။

ချစ်သူ နဲ့ ငါ့ ဘဝမှာ အမုန်း ဆိုတာ သေဆုံးသွားတဲ့ ရုပ်ကလာပ် တစ်ခု ဖြစ်နေတယ် ။ ဝေးကွာခြင်း ဆိုတာ ခရီး တစ်ခုရဲ့ ရှည်လျားတဲ့ တည်မြဲခြင်း ဖြစ်တယ် ။ ဥပေက္ခာ ဆိုတာ ဗြဟ္မာဝိဟာရ တရားလေးပါး ထဲက စကားရပ် တစ်ခု လို့ပဲ မြင်တယ် ။ ရန်ခုန်သံတွေ ၊ အကြင်နာတွေ ၊ သံယောဇဉ်တွေ ၊ ရိုး သားခြင်းတွေ ၊ ရာသက်ပန် ‘ ရိုးမြေကျ ’ ၊ ‘ ထာဝရ ’ ဆိုတဲ့ စကားရပ်တွေ နဲ့ ဆုံးဖြတ်ချက်တွေ ရှင်သန်လို့ ... ။

Heart is born to Love ... ဆိုတဲ့ ဝါကျ တစ်ခုကို လိုက်နာကျင့်သုံးလို့ အရာရာ အတွက် ခွန်အားတွေ မွေးခဲ့ကြတယ် မဟုတ်လား ချစ်သူရယ် ၊

မနက်ဖြန်တိုင်း ဟာ ချစ်သူ နဲ့ ငါ့ အတွက် ရှင်သန်ခြင်း နေ့ရက်များ ပေါ့ ။ အနာဂတ် ဆိုတာ ချစ်သူ နဲ့ ငါ့ အတွက် ရင်ခုန် အလှတရားပေါ့ ။ ရှေ့ ဆက်ရမယ့် ခရီးဟာ ချစ်သူ နဲ့ ငါ့ အတွက် လှပတဲ့ ကဗျာ တစ်ပုဒ် ဖြစ်နေတယ် ။

ဝင်းပရွှန်းလဲ့
စက္ကန့်လေးတွေ
ရွှေ ဖြစ်သွားပြီ ။
ရင်မှာစူးနစ် သိပ်ချစ်တယ် ချစ်သူရယ် ... ။

ချစ်သူ နဲ့ ငါ့ အတွက် အချစ် ဆိုတာ အဖိုးအနဂ္ဃ ထိုက်တန်တဲ့ ရတနာ တစ်ခုပဲလေ ။ အချိန်တွေ ဟာ ရွေ့လျားကုန်ဆုံးခဲ့တာ မှန်ပေမဲ့ ချစ်သူ နဲ့ ငါ့ အတွက်တော့ အမြဲတမ်း လတ်ဆတ်နေဆဲပဲလေ .. ။

•••••   •••••   •••••

ကျရာကြုံရာ
ခက်လက်ဖြာလျှင်
ရွက်ကျပင်လည်း မဟုတ်လေတော့ .. ။

ငါ့ဘဝ မှာ တန်ဖိုးရှိတဲ့ ပစ္စည်း တစ်ခု ပြပါ ဆိုရင် ယူပြလိုက်မယ်လေ ။

အဲဒါ အချစ် ...

အချစ် ဆိုတာ ဒြပ်စင် တစ်ခုလို့ ခေါ်ကြည့်ချင်တယ် ။ ဒြပ်စင် ဆိုတာ မြင်နိုင်စွမ်း မရှိတဲ့ ရေမှုန်ကလေးတွေ ပဲ ဖြစ်တယ် ။ အဲဒီ အချစ်ရေမှုန်ကလေး တွေက နှလုံးသား ကို ရိုက်ခတ်ထိမှန် လို့သာ အချစ် ဖြစ်လာတာ .. ။ အချစ် မှာ မျက်စိ မရှိ ဆိုပေမဲ့ မျက်စိ ဆိုတာ အချစ် ကို ပုံဖော်နိုင်ဖို့ အတွက် အထောက် အကူပစ္စည်း ပဲ ။

အချစ် မှာ အမှန်း မရှိရ ။

ချစ်သူ နဲ့ ငါ့ အတွက် အမုန်း ဆိုတာ သေဆုံးသွားတဲ့ ရုပ်ကလာပ် တစ်ခု ဖြစ်တယ် ။

ဟုတ်ပါရဲ့ ချစ်သူ ဘဝမှာ .. အချစ် ဟာ ကိုးကွယ်အပ်တဲ့ အရာ တစ်ခု မှန်း သိထားသလို ချစ်သူ ဟာ ငါ့ အတွက် ပန်း တစ်ပွင့် ... ။ မြတ်နိုးယုယလို့
အစဉ်သဖြင့် ပေါ့ ... လန်းဆန်းနေစေချင်တယ် ။ ကတိ ဆိုတဲ့ အနားသတ် တန်ဖိုး တစ်ခု ကို အလေးမြတ် နှလုံးသွင်းလို့ .. ။

သစ္စာတရား ဆိုတာ ချစ်သူ နဲ့ ငါ့ အတွက် ( အထူးသဖြင့် ) ငါ့ အတွက် ရှင်သန်ခြင်း အသက် တစ်ခု လိုပဲလေ  ၊ သစ္စာတရား ကို မထီလေးစား ပြုမှုခဲ့ ရင် ငါ့ အတွက် နေ့ရက်များစွာ အကျိုးမဲ့ ပြုန်းတီးလို့ နောင်တတွေ ကို ဖိတ် ခေါ်မိသလို ဖြစ်နေမှာပေါ့ ။ အရှင်းဆုံးပေါ့ ။

ချစ်သူ အပေါ်မှာ ငါ ချစ်တာ ဟာ တစ်သမတ်တည်းပဲလေ .. အရောင် မပြောင်းတတ်ပါလေ ... ။

•••••   •••••   •••••

မေ့လိုက်တော့ ...

ကျွန်မ လည်း မေ့လိုက်ပြီတဲ့ ။ ငါ ဘယ်လို နားလည်ရမှာလဲ ။ ရက်စက်လိုက်တာ ချစ်သူ ။ ငါ့ မှာ ဘယ်လိုသော အပြစ်တွေ ကျူးလွန်ခဲ့လို့လဲ ။ ငါ သစ္စာဖောက်ခဲ့မိလို့လား ။ အဲဒီလိုလည်း မဟုတ်ရပါလားကွာ ။ ဒါဖြင့် ချစ်သူ ရော ငါ့ အပေါ် သစ္စာဖောက်ခဲ့တာလား ။ အဲဒီလိုလည်း မဟုတ်ပြန်ဘူး ဆို တာ ငါ သိပါတယ် ။ ငါ့ ဘဝ ။

ချစ်သူ ရဲ့ အခြေမြင့် လူ့ရပ်ဝန်း နဲ့ ယှဉ်လိုက်ရင် သေးငယ်တဲ့ ၊ အသုံး မဝင်တဲ့ အရာလေးတစ်ခုပေါ့ ၊ အဓိက ကတော့ ငါ ဟာ ဆင်းရဲတယ် ။ ဘယ် နည်းနဲ့ မှ ချစ်သူ ရဲ့ မိဘတွေ သဘောတူနိုင်မှာ မဟုတ်ဘူး ။ အဲဒီတော့ မိဘ တွေ စိတ်ချမ်းသာအောင် လမ်းခွဲကြတာပဲ ကောင်းပါတယ် ။ ဒီ သဘောပဲ မဟုတ်လား ။

အဲဒီလို ဆိုရင်တော့ ချစ်သူ ကောင်းစားဦးမှာပါ ။ မိဘစကား နားထောင်လို့လေ ။ ငါ့ မှာတော့ .. ရင်ခုန်သံတွေ ၊ အိပ်မက်တွေ ၊ ပျော်ရွှင်မှုတွေ သေဆုံးလို့ ... ။

ပြီးတော့ ငါ့ ရင်ထဲမှာ တော့ ... ။ အစဉ်သဖြင့် နုံးချည့်နေတယ် ။ အိပ်ရာ ထက် မှာ ဘယ်ညာ လူးလိမ့်ရင်း အချိန်တွေ ဖြုန်းတီး ပစ်ရတဲ့ ရက်တွေ က ဖိစီး နေပြန်တယ် ။ ပြီးတော့ ...

တစ်ချိန်တုန်း ဆီက လှပနားဝင်ချိုခဲ့တဲ့ အသံလေးတွေ ကို ပြန်လည် ကြားယောင် မိတိုင်း ရင်မှာ ခံစားလွမ်းဆွတ် အောက်မေ့မိတယ် ။

“ မောင့် ဘဝ ထဲကို ဝင်ရဲလို့ မောင့် အချစ် ကို လက်ခံခဲ့တာပေါ့ ။ မောင် က လွဲလို့ ဘယ်သူမှ ဂရုမစိုက်ဘူး မောင် ... ။ ဘယ်လောက်ပဲ အတားအဆီး ရှိလည်း တစ်နေ့ကျရင် မောင့် ဆီကို ရောက်အောင် လာခဲ့မယ် ... ”

အခုတော့ ချစ်သူရယ် ...
ဆုံးဖြတ်ခက်ခဲ
လက်တွဲပြေလျှော့
လွမ်းလေနော့ပြီ .. ။

•••••   •••••   •••••

တိုက်ဆိုင်တယ် လို့ ပြောရလိမ့်မယ် ချစ်သူ ။

မမျှော်လင့်ဘဲ ကိုယ့် မိတ်ဆွေ ကဗျာဆရာ တစ်ယောက်ဆီ ရောက်သွားတယ် ။ ကဗျာ တစ်ပုဒ် ရေးနေတယ်လေ ။ ငါ ယူ ဖတ် ကြည့် လိုက်တော့ ငါ့ ရင် ထဲမှာ ဆို့နင့်ခဲ့ရတယ် ။ လွမ်းမောခဲ့ရတယ် ၊ ငါ့ နှလုံးသားတွေ ပင်ပန်း လှပါတယ် ချစ်သူ ။

ကဗျာ က ...

နေထွက်နေဝင်
နင် နဲ့ ငါ့ အဖြစ်
အချစ်ပုံပြင် အသစ်ပဲနော်

ဝင်းပရွှန်းလဲ့
စက္ကန့်လေးတွေ
ရွှေဖြစ်သွားပြီ

ကျရာ ကြုံရာ
ခက်လက်ဖြာလွင်
ရွက်ကျပင်လည်း
မဟုတ်လေတော့ ...

ဆုံးဖြတ်ခက်ခဲ
လက်တွဲဖြေလျှော့
လွမ်းလေနော့ပြီ ...

ခန်းခြောက်စမ်းရေ
ပန်းအကြွေနဲ့
အလွမ်းနွေမှ နွေပဲကွယ် ... တဲ့ ။

လှလိုက်တဲ့ ကဗျာ တစ်ပုဒ် ။ ပြီးတော့ ဖတ်လိုက်ရတယ် ဆိုရင်ပဲ ငါ့ ရင် ထဲကို စူးရှလေးနက်စွာ ဝင်လာတဲ့ မြားတစ်စင်း လိုပဲ ခံစားလိုက်ရတယ် ။

ငါ ဘယ်လို ဖြေသိမ့်ရမလဲ ချစ်သူ ။

ငါ ထားခဲ့တဲ့ ဆုံးဖြတ်ချက်တွေ

ငါ ထားခဲ့တဲ့ အချစ်တွေ ဟာ အလဟဿ ဖြစ်ခဲ့ရတယ် ။

ငါ့ ရင်မှာ လောင်မြိုက်မှု အလွမ်းတွေနဲ့ နစ်မြုပ်နေပြီ ချစ်သူ ... ။

ငါ့ ရင် မှာ လောင်မြိုက်မှု အလွမ်းတွေ နဲ့ ပြည့်နှက်လွှမ်းခြုံနေပြီလေ ။

▢ မောင်ရဲနွေ ( ပလိပ် )
📖 ရွှေသမင် မဂ္ဂဇင်း
      မတ်လ ၊ ၁၉၉၅

ဂီတနက်သန်ကိုစောညိန်း ၏ ပွင့်ဦး


 ❝ ဂီတနက်သန်ကိုစောညိန်း ၏ ပွင့်ဦး ❞

        ( စောနိုင်ဦး )


၁၉၅၁ ခုနှစ်ခန့်က ရေးသားခဲ့သော ဂီတနက်သန်ကိုစောညိန်း ၏ “ ပွင့်ဦး ” သီချင်း သည် ယခု ဆိုလျှင် နှစ်ပေါင်း ( ၆၇ ) နှစ်ခန့် ပင် တိုင်ခဲ့ပြီ ဖြစ်သည် ။ နှစ်တွေ မည်မျှပင် ကြာညောင်းခဲ့ သော်လည်း ' ပွင့်ဦး ' သီချင်းသည် ဂီတနက်သန်  မြတ်နိုးသူများ ၏ အသည်းလွှာမြေ တွင် အစဉ် မွှေးမြနေလျက်ပင် ရှိပါသေးသည် ။


ဂီတနက်သန် ကိုစောညိန်း ၏ “ ပွင့်ဦး ” နှင့် “ သစ္စာ ”  သီချင်းများ တွင် မေတ္တာ ၊ သစ္စာ အကြောင်းအရာများ အပြင် အဘိဓမ္မာ တရားများ လည်း နက်နဲစွာ ပါဝင်လျက်ရှိသည် ။ “ ပွင့်ဦး ” သီချင်း ကို ကိုစောညိန်း ကိုယ်တိုင် သီဆို အသံလွှင့်သောအခါ မြန်မာ့အသံ ညွှန်ကြားရေးဝန် ၊ ဦးခင်ဇော် ကိုယ်တိုင် တယ်လီဖုန်း ဆက်၍ ထိုသီချင်းကို ဓာတ်ပြား ကူးထားရန် လှမ်း မှာသည် ။ အသံကူးပြီးသောအခါ ဓာတ်ပြားလေဘယ် ကတ်ပြား ပေါ်တွင် ဤသီချင်းသည် အနုပညာရသအမြောက်ဆုံးသော ခံစားမှု တေးတစ်ပုဒ် ဖြစ်သည် ဟု ဦးခင်ဇော် ကိုယ်တိုင် အင်္ဂလိပ်လို ရေးကာ လက်မှတ်ထိုးပေးထားသည် ။


“ ပွင့်ဦး ” သီချင်းသည် ကိုစောညိန်း ၏ နှလုံးသားခံစားချက် မှ ပေါက်ဖွားလာသော တေးတစ်ပုဒ် ဖြစ်သည် ။ သူ၏ ရင်တွင်းခံစားချက် ရေပေါက်ကလေးများ သည် ဘဝတည်းဟူသော ကျောက်ဆောင် ပြင်ပေါ်သို့ ကျရောက်လာသောအခါ တေးသွား ၊ သံစဉ်ကလေးများ အဖြစ် အစီအရီ ထွက်ပေါ် လာကြသည် ။ “ ပွင့်ဦး ” သီချင်း ၏ တေးနောက်ခံ အရိပ် က ...


ကိုစောညိန်း ငယ်စဉ်က ( ၂၁ ) လမ်း ရှိ ဦးဘိုးအေးကျောင်း တွင် ပညာ သင်ခဲ့ရာ “ ခင် ” ဆိုသော မိန်းကလေး တစ်ယောက်နှင့် သိကျွမ်းခဲ့ရသည် ။ “ ခင် ” တို့ မိသားစု က ကြွယ်ဝချမ်းသာသည် ။ သူ သည် ဖြူစင်ချောမော သော အသားအရေ ရှိပြီး စိတ်သဘောထား မှာ လည်း စင်ကြယ်သန့်ရှင်းသည် ။ ထို့ကြောင့် ကိုစောညိန်း က “ ခင့် ” ကို စံပယ်ပန်းကလေး နှင့် တင်စားခဲ့သည် ။


ကိုစောညိန်း က ဓနုဂုဏ် ချို့တဲ့ သော်လည်း ဉာဏ်ကောင်းသည် ။ ဂီတ ၊ စာပေ ၊ အနုပညာ၌ ဝါသနာထုံသည် ။ ရည်ရည်မွန်မွန် ရှိပြီး ခင်မင်စရာ ကောင်းသောကြောင့် လူတိုင်း က ချစ်ခင်ကြသည် ။ “ ခင့် ”  မှ လည်း လူတိုင်းထဲက တစ်ယောက်မို့ ကိုစောညိန်း ကို ခင်မင်တွယ်တာ သံယောဇဉ် ဖြစ်ခဲ့ရသည် ။ သူတို့ နှစ်ဦးသည် တစ်ဦး ကို တစ်ဦး တွယ်တာ နှောင်ဖွဲ့ နေခဲ့ကြ သော်လည်း ဖွင့်ပြောဖို့ ရန်မှာ လက်တွေ့တွင် မဖြစ်နိုင်ဘဲ ရှိနေသည် ။ တစ်ဖက်သား မှာ လည်း မိန်းကလေး တန်မဲ့ ဖွင့်ပြောရမှာ ခက် သလို တစ်ဖက်သား ယောက်ျားလေး မှာ လည်း မတန်သည့် ပန်း ကို မလှ မ်းဝံ့ဝံ့ ဖြစ်နေခဲ့ရသည် ။ မည်သို့ပင် ဖြစ်စေ “ ခင့် ” အား တစ်နေ့နေ့တွင် ဖွင့်ပြောနိုင်လိမ့်မည်ဟု အားခဲထားနေစဉ်မှာ ပင် သူတို့ နှစ်ဦး ကို ဒုတိယကမ္ဘာစစ်ကြီး က တစ်နယ်တစ်ကျေး ဆီသို့ ခွဲပစ် လိုက်လေသည် ။ 


စစ်အတွင်း တွင် ကိုစောညိန်း သည် အလျဉ်းသင့် သလို “ ခင့် ” အကြောင်းကို လိုက်လံ စုံစမ်းသည် ။ “ ခင် ” နှင့် ရင်းနှီးခဲ့ဖူးသူများ နှင့် တွေ့တိုင်း “ ခင့် ” အကြောင်း မေးသည် ။ ကြုံလျှင် ကြုံသလိုလည်း “ ခင့် ” ကို ရှာဖွေ နေမိပါတော့သည် ။ လောကသစ္စာတရား ကို ရှာဖွေတွေ့ဖို့ ရန် ခက်ခဲသလို “ ခင့် ” ကို ရှာရသည် မှာ လည်း လွယ်လှသည် တော့ မဟုတ်ပေ ။


ရေမြေဆုံးစေသည့် တိုင် “ ခင့် ” ကို ရှာဖွေမည်ဟု အားခဲထားသော် လည်း “ ခင် ” နှင့် ပတ်သက်၍ ကိုစောညိန်း အတွက် စိတ်မကောင်းစရာ သတင်းတစ်ခု ကြားခဲ့ရသည်  ။ မိတ်ဆွေ တစ်ဦး ၏ ပြောပြချက် အရ “ ခင့် ” မှာ မိဘများ ပေးစာသော စက်သူဌေးသား တစ်ဦး နှင့် လက်ထပ်သွားပြီ ဟု သိလိုက်ရသည် ။ ရွှေသည်း မှာ ပျိုးပါတဲ့  ၊ မညှိုးပင်ကလေးသည် ကြွေကြွေကာ နွမ်းခဲ့ရလေပြီ ။ သူ့ အား အရိုင်းစံပယ်မို့ ပစ်ပယ်ခဲ့ပြီး နန်းထိုက်သည့် ပန်းမကိုဋ်တော် သခင်ကို ရွေးသွားသည် ဟု သာ မှတ်ယူလိုက်သည် ။


“ အသည် လွှာမြေဝယ် အမြစ်ဖြာယှက်သွယ် အချစ်ညှာခက်ခါနွယ် မာယာပင်နန်း ချစ်ပန်းပွင့်ဦးစ အရွယ် ချူတော်မူလာနိုး မျှော်ကိုးကာ ပူဗျာပါကြွယ် ရည်ရွယ်သွယ်သွယ်ပျောင်း ကြာလေ ညှာကြွေညောင်း မျှ ရယ် အရိုင်းစံပယ်မို့ ပစ်ပယ် ပန်တော်မဝင်တယ် ငွေသဇင်ကြူမွှေး သူ ရွေးပြီးထင် အားငယ် တွက်ရေသော် ရက်တွေခြား စောင့်စားရင်း မြေမှာ ကြွေကြွေကာ နွမ်းလေပြီကွယ် ငွေချပ်လွှာဆွေး မာလာမွှေး ရနံ့ပြယ် ”  


ထို့နောက် ကိုစောညိန်း သည် လောင်ကျွမ်း ခဲ့ရသော အသည်းနှလုံး ကို ဂီတ နှင့် ဖုံးဖိ ကုစားခဲ့ရသည် ။ “ ချစ်တိုင်းမညား ” “ ထီးကျန်ဘဝ ” “ သည်း ကြွေလုပြီ ( စန္ဒာပဝင်း ) ” စသော တေးသီချင်းများ ရေးစပ်၍ တစ်ယောက်တည်း ညည်းတွား နေခဲ့သည် ။ အချိန်က ကုစား ပေးသဖြင့် “ ခင့် ” အား တဖြည်းဖြည်း မေ့နိုင်လာသည် ။ နာကြည်းစိတ် နှင့် ဂီတတို့ ကလည်း “ ခင့် ” အား သတိမရ နိုင်စေရန် ကူညီပေးသည် ။


အချိန်တွေ တစ်စတစ်စနှင့် တိုက်စား ကုန်ဆုံးလာသည် ။ ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါ “ ခင် ” သည် ရန်ကုန် သို့ ပြန် ရောက်လာသည် ။ သမာဓိ သတင်းစာတိုက် တွင် ကိုစောညိန်း နှင့် တွေ့၍ အကျိုးအကြောင်း ရှင်းပြသည်  ။ မိဘများ က စက်သူဌေးသား နှင့် လက်ထပ်ပေးရန် စီမံခဲ့သည် မှန်သော်လည်း မိမိမှာ ကိုယ် တကယ် ချစ်ရသူနှင့် သာ လက်ထပ်ရန် ဆုံးဖြတ် ထားသည် ။ အချစ် နဲ့ ဘဝ ကို တစ်ထပ်တည်း ကျအောင် တည်ဆောက် လိုသူသာ ဖြစ်သည် ။ ကိုစောညိန်း လည်း အံ့သြခြင်း ကြီးစွာ ဖြင့် ဘာ ပြန် ပြောရမှန်းမသိဘဲ ကြက်သေ ၊ သေနေမိသည်  ။


သူ အနှစ်နှစ် ကာလက စိုက်ပျိုး ထားခဲ့သော အချစ်ပန်းပွင့်ဖူးကလေး သည် ကြွေနွမ်းခြောက်သွေ့ ခဲ့ပြီး ဖြစ်လေသည် ။ အချစ်တွေ ဆိတ်သုန်း ခဲ့ပြီး ဖြစ်၍ ထပ် ချစ်၍ မရတော့ပါ ။ သို့သော် မုန်းသလား ဆိုတော့လည်း မမုန်းပါ ။


“ စံပယ်ဖြူတုံးကာ မှ ခင်ဖုန်းသက်ဝေရယ် ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ် လှောင်တာလေ လားနော်ကွယ် ဖန်လာပုံ ခုမှ ဆန်းကြယ် အချစ်ဖြင့် ဆိတ်သုဉ်း ဆုံးရှုံးခြောက်ခန်း လောင်ကျွမ်းခဲ့ရ မောင့်ဘဝ အစဉ်ဝယ် ဆက်သွယ်သန္တာတိ မမြဲသော ရုပ်နာမ် ပြောင်းလွဲသည့် နှယ် ဖြစ်ပြန်ပျက်ပြန် အချစ်မှန်တရားရယ် မူလွန်ခဲ့သူရယ် ပွင့်ဦး ကြွေမှ ဖြင့်ကွယ် မပန်စေချင် ရက်တော့တယ် ”


သန္တတိသင်္ခါရ သဘောတရား အရ အရာရာတိုင်းသည် တစ်သမတ်တည်း မရှိနိုင်ပါ ။ အခု ချစ်လို့ ရပေမဲ့ နောင် ချစ်လို့ ရချင် မှ ရမည် ။ မြေမှာ ခ ခဲ့ရသော ပွင့်ခြောက်ကလေး အား တစ်ဖန် ပြန်ကောက်၍ မပေးချင် တော့ပါ ။ ကြွေနွမ်းမှုသည် ပြန်လည်လန်းဆန်း လာနိုင်တော့မည် မဟုတ်ပေ ။ ကိုစောညိန်း ၏ သဘောထား အမှန်ကို သိရသော “ ခင် ” မှာ မျက်ရည်သုတ်၍ ပြန်ခဲ့ရရှာသည် ။


သန္တတိသင်္ခါရ အနိစ္စ ကြောင့် ကိုစောညိန်း ၏ စိတ်အစဉ်တွေ ပြောင်းလဲခဲ့တာလား “ သစ္စာ ” သီချင်း ထဲ ကလို “ ဇရာ ကား ဝါးမျိုခဲ့ပြီကွယ် ” ဆို သည့် အတိုင်း “ ခင့် ”  မှာ ယခင်ကလို မလှပနိုင်တော့ပြီလား ၊ “ မမြဲသော ရုပ်နာမ် ပြောင်းလွဲသည့် နှယ် ” ဆိုသည့် အတိုင်း နှစ်ခုစလုံးကြောင့် ပဲလား ဆိုတာကတော့ ကိုစောညိန်း တစ်ယောက် သာ သိနိုင်ပေတော့သည် ။


“ ပွင့်ဦး ”  သီချင်း နှင့် ပတ်သက်၍ စာရေးဆရာကြီး အောင်သင်း က သူ့ အယူအဆ တစ်ရပ် ကို တစ်ချိန်က ကျွန်တော့် ကို ပြောပြခဲ့ဖူးသည် ။ သူ့ ထင်မြင်ချက်အရ “ ပွင့်ဦး ” သီချင်း သည် မိန်းမသား တစ်ဦး ၏ ခံစားချက်သာ ဖြစ်ရမည် ဟု ဆိုသည် ။ “ ချုတော် မူလာနိုး မျှော်ကိုးကား ပူ ဗျာပါကြွယ် ရည်ရွယ် သွယ်ညွတ်ပြောင်း ကြာလေ ညှာကြွေညောင်း မျှရယ် ” .. ဆိုသော စာသားသည် အမျှော်စိုက် အဖွဲ့ ပင် ဖြစ်သည် တဲ့ ။ ယောက်ျားလေး ပဲ ကိုယ် ကြိုက်နေမှ တော့ ရည်းစားစကား သွား ပြောလို က်မှာပေါ့တဲ့ ။ “ ချူတော် မူလာနိုး ” တွေ ဘာတွေ လုပ်နေပါ့မလား ။ မဟာဂီတ မှာ လည်း မြင်စိုင်းမင်းသမီး တို့ နန်းမတော် မမြကလေး တို့ ၊ လှိုင်ထိပ်ခေါင်တင် တို့ လည်း အမျှော်စိုက် သီချင်းတွေ ရေးခဲ့ဖူးပါသည် တဲ့ ။


“ ပွင့်ဦး ” သီချင်း အပေါ် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ကလည်း ဤ သို့ နှယ် မှတ်ချက် ချခဲ့ဖူးပါသည် ။ “ ခင်ဖုန်း သက်ဝေရယ် ”  ဟု စာသား ကို တစ်ဆက်တည်း ဆက် ဆိုလိုက်လျှင် “ ခင်ဖုန်း ဆိုသော သက်ဝေကလေး ၊ ချစ်သူကလေး ” ဟု အဓိပ္ပာယ် ထွက်မည် ။ “ ခင်ဖုန်း သက်ဝေရယ် ”  ဟု “ ဖုန်း ” မှာ နည်းနည်းလေး ဆောင့် ဆိုလိုက်လျှင် “ ခင်ဖုန်း ၏ ချစ်စွာသော သက်ဝေ ရယ် ”  ဟု အဓိပ္ပာယ် ထွက်မှာ ဖြစ်ကြောင်း ဆရာကြီး က ထင်မြင်ချက် ပေးခဲ့ဖူးသည် ။


ဂီတနက်သန် ကိုစောညိန်း တွင် “ ခင်ဖုန်း ” ဟု အမည် ရသော တပည့်တစ်ဦး ရှိခဲ့ဖူးကြောင်း ကြားသိရဖူးသည် ။ ငယ်ငယ်ရွယ်ရွယ် နှင့် ယောက်ျား နောက် လိုက်သွားခဲ့ဖူးပြီး သဘောထားချင်း မတိုက်ဆိုင်ကြသည့် အချိန်တွင် လမ်းခွဲကာ မိဘရပ်ထံ ပြန်လာခဲ့သည် ။ “ ပွင့်ဦး ” သီချင်း ကို တပည့်ဖြစ်သူ ခင်ဖုန်း သီဆိုဖို့ ရန် ရေးပေးခဲ့သည် ဆိုသော ပါးစပ် ရာဇဝင်လေး တစ်ခု ကြားသိခဲ့ရဖူးသည် ။ ယောက်ျား နောက် လိုက်ခဲ့ဖူးသည့် မိန်းမသား တစ်ဦး ချစ်သူဟောင်း နှင့် ပြန်အတွေ့ နင့်နင့်နဲနဲ သီဆို လိုက်သည့် ပွင့်ဦး ကြွေ မှ ဖြင့်ကွယ် မပန်စေချင်ရက်တော့တယ် ” ဆိုသော အချ စာသားလေး ကို ရင်ထဲတွင် ကြေကြေကွဲကွဲ ကြားယောင် နေမိတယ် ။


၂၀ဝ၂ ခုနှစ် ၊ အောက်တိုဘာလ ( ၃၁ ) ရက်နေ့ ၊ ဂီတနက်သန် ကိုစောညိန်း ၏ နေအိမ် တွင် ပြုလုပ်ခဲ့သော ကိုစောညိန်း ကွယ်လွန်ခြင်း နှစ် ( ၅၀ ) ပြည့် ဆွမ်းကျွေးပွဲ တွင် စာရေးဆရာမကြီး အဘွား ဒေါ်ကြည်ဦး က အမှတ်တရ စကားများ ပြောကြားပေးခဲ့သည် ။ ဂီတနက်သန် ကိုစောညိန်း ၏ တေးသီချင်း များ အနက် သူ အစအဆုံး ရသော သီချင်း ဆို၍ “ ပွင့်ဦး ” သီချင်း တစ်ပုဒ် ပဲ ရှိပါသည် တဲ့ ။ အဘွား ဒေါ်ကြည်ဦး တွင် သားသုံးယောက် ရှိသည်  ။ မောင်သူရ ခေါ် ဦးဇာဂနာ ကို အချစ်ဆုံးပါတဲ့ ။ “ မေမေသား အိမ်ထော င်ပြုတော့မယ် ” ဟု မောင်သူရ ပြောလိုက်သည့် စကား ကို ကြားလိုက်ရသည့် အခိုက်မှာ ပဲ သူ့ ရဲ့ သား ချစ်ပန်းပွင့်ဦးလေး ကြွေခဲ့ရပါပြီတဲ့ ။ သူ့ ဘဝတွင် သူ့ သားကို သတိရတိုင်း “ ပွင့်ဦး ”  သီချင်း ကို အမြဲ သီဆိုဖြစ်ခဲ့ပါသည် တဲ့ ။ သားကြီး အပေါ် မေတ္တာ အစွဲအလမ်း ကြီးမားခဲ့ သော မိခင် တစ်ဦး၏ ခံစားချက် ကို ကျွန်တော် တို့ အားလုံး သိရှိ ၊ ကြားသိ ခွင့်ရခဲ့ဖူးပါသည် ။


“ ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း ” စာအုပ် ထဲ တွင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ရေးသားခဲ့သော သြဝါဒ တစ်ခု ကို ပြေး အမှတ်ရမိသေးသည် ။ အနုပညာရှင် ဖန်တီးသူ က သူ့ နှလုံးသွေး ခံစားချက် နဲ့ ရေးပြီး ကမ္ဘာမြေကို ပေးဆပ်ခဲ့ပြီးပြီ ။ ခံစားမယ့်သူတွေ ၊ ခင်ဗျားတို့ ဆက် လုပ်ကြတော့ ။ ဆင့်ပွားခံစားကြ ၊ အကျယ်ဝိတ္တာရ ချဲ့ကြပေရော့ တဲ့ ။ မှတ်သားစရာ ကောင်းလှပါသည် ။


ဂီတ ကို ကဗျာမှု ပြုသူ ဂီတနက်သန် ကိုစောညိန်း ကွယ်လွန်ခဲ့သည် မှာ ယခုနှစ် ဆိုလျှင် ( ၆၆ ) နှစ် သို့ တိုင်ခဲ့ပြီ ဖြစ်သော် လည်း သူ ၏ နှလုံးသွေး ဖြင့် ရေးသားထားခဲ့သော “ ပွင့်ဦး ” သီချင်း ကတော့ ဂီတနက်သန် ချစ်သူ တိုင်း ၏ အသည်းလွှာ မြေဝယ် မွှေးမြ လတ်ဆတ်ဆဲပင် ရှိနေပါ သေးသည် ။


 ▢ စောနိုင်ဦး 

     ကိတ္တိမ အဖိုး ၊ မြေး ( ဂီတနတ်သန်ကိုစောညိန်း )

📖 စာပေမျိုးဆက်များ

Wednesday, March 26, 2025

အရုန်းကိုတော့ မွက်ပါတယ် ( ကြပ်ကလေး )


 ❝ အရုန်းကိုတော့ မွက်ပါတယ် ❞

      ( ကြပ်ကလေး )


( ဝမ်း )


စိုးညွန့်ဦး အဖို့ စဉ်းစားစရာ ကတော့ ဖြစ်လာသည် ။ 


ရွှေတိဂုံဘုရား ပေါ်က ဆင်းလာတာပဲ မှားရော့ သလား ။ တိရစ္ဆာန်ရုံ ဘက်ကို ထွက်လာတာပဲ မှားရော့ သလား ။


ရွှေတိဂုံဘုရား ပေါ်က ဆင်းလာတာ ကတော့ လုံးဝ မမှားနိုင်ပါ ။ ဘုရားရင်ပြင်တော် ပေါ်သို့ ဝတ်ပြုရန် တက်ခြင်းသည် ကုသလကမ္မ ကောင်းသော အလုပ်ဖြစ်သည် ။ ဘုရားရင်ပြင်တော် ပေါ် ဆိုသည် မှာ လည်း တက်ပြီး လျှင်တော့ ပြန်၍ ဆင်းရမည်မှာ ဓမ္မတာပင် မဟုတ်ပါလား ။ ရင်ပြင်တော် ပေါ် ရောက်ပြီး နောက်မှ တစ်တက်တည်း ဆက်၍ ဆက်၍ တက်နေလျှင် ဘုရားရဲ နှင့် တွေ့ သွားပေမည် ။ သို့ဖြစ်သောကြောင့် ရင်ပြင်တော် ပေါ် တက်၍ ဘုရားဝတ်ပြုပြီး ပြန် ဆင်းလာသည် ကတော့ လုံးဝ မမှားယွင်းနိုင်ပါ ။


သို့ဖြစ်လျှင် တိရစ္ဆာန်ရုံ ဘက် ထွက်လာမိခြင်း သည် မှားရပေတော့မည် ။ ဟုတ်နိုင်ကောင်းပါ၏ ။ ရွှေတိဂုံရင်ပြင်တော် မှ ဆင်းလာ လျှင် သွား စရာနေရာတွေ ဒုနဲ့ ဒေး ရှိ၏ ။ ရှေ့တည့်တည့် ဆက်သွားလျှင် သိမ်ကြီးဈေး သို့ ရောက်နိုင်ရုံမက သိမ်ကြီးဈေး နှင့် မကျေနပ်သေးလျှင် ရန်ကုန်မြစ် ထဲအထိ စုံးစုံးမြုပ်အောင် သွားနိုင်ပါ၏ ။


လက်ယာဘက် လျှောက်လျှင် လည်း ဦးဝိစာရကျောက်တိုင် ၊ ထိုနေရာတွင် နောက်ထပ် ရွေးစရာ လမ်းတွေ တစ်ပုံတစ်ခေါင်း ။ 


မကြိုက်သေး ဆိုပါက လက်ဝဲဘက်နား ကပ်၍ လျှောက်လျှင် ထရန်စပို့လမ်း တစ်လျှောက် ရောက်လိုရာ ရောက်နိုင်သေး၏ ။ 


မကြိုက်သေးဘူးလား ။ ကောင်းပြီ ... နောက်ပြန် ပြန်တက်လျှင် ရွှေတိဂုံဘုရား ရင်ပြင်တော် ပေါ်သို့ နောက်တစ်ကြိမ် ပြန်ရောက်နိုင်သေး၏ ။ တစ်ခုတော့ ရှိသည် ။ နောက်ပြန် ပြန်တက်ခြင်း ဖြစ်သဖြင့် ဆင်းလာ သူ၏ ရင်ခွင်ထဲသို့ ရောက်နိုင်သည် ။ အကယ်၍ ဆင်းလာသူ သည် အနောက်တိုင်းသားကြီး ဖြစ်လျှင် သူ့ ရင်ဘတ်က အမွေးတွေကြောင့် စိုးညွန့်ဦး သည် အုန်းဆံမွေ့ရာ နှင့် ဝင်တိုက်မိသလို ခံစားရရုံသာ ရှိပေမည် ။ 


ဘာကြောင့်များ တိရစ္ဆာန်ရုံ ဘက်မှ ထွက်ခဲ့ရမိပါသနည်း ။


ဘယ်အကြောင်းကြောင့် ဖြစ်ဖြစ် ၊ ခုလို ထွက်ခဲ့မိတော့ ခုလိုပဲ သက်ညှာစော နှင့် တွေ့ရလေပြီကော ။


သို့နှင့်များ သက်ညှာစော က မိမိ ကို လွန်ခဲ့သည့် သုံးရက်ခန့် က မော်လမြိုင် သို့ သွားမည်ဟု အခိုင်အမာ ပြောထားခဲ့၏ ။ ဟော ယခုတော့ .. ။


“ တောက် ” 


စိုးညွန့်ဦး သည် လွှတ်ခနဲ တောက်ခတ်လိုက်ရာ ရှေ့က လျှောက်လာကြသည့် တောလက် ကျေးနယ် မှ ဟု ယူဆရသည့် ကလေး တစ်အုပ်သည် သူ့ ကို ပြူးတူးပြဲတဲ မော့ ကြည့်ကြ၏ ။ သို့သော် သူ့ အကြည့်က တိရစ္ဆာန်ရုံ နှင့် တည့်တည့်တွင် လမ်းဖြတ်ကူးနေသူများ ကို ကြည့် နေသဖြင့် သာ ကလေးများ စိတ်ချမ်းသာ သွားကြခြင်း ဖြစ်၏ ။ အင်္ဂလိပ်သင်္ချိုင်း နှင့် နီးသဖြင့် မတော်၍ များ လန့်၍ လိပ်ပြာတွေ လွင့်ကုန်ပြီး အင်္ဂလိပ်အပတွေ မှီကုန်ပါက အင်္ဂလိပ်ပ ယောဂဆရာ ရှားပါးလှသဖြင့် အတော်ပင် ကုရ ခက်ချေတော့မည် ။


သက်ညှာစော သည် စိုးညွန့်ဦး ၏ သုံးလသက်တမ်း ရှိသော ချစ်သူ ဖြစ်၏ ။ စိုးညွန့်ဦး က ရွှေရင်တံခါးကြီး ကို ဖွင့်ပါရန် အလှကလျာဘွဲ့ ကို အမျိုးမျိုး ဖွဲ့ကျူး၍ သစ္စာတွေ အဖန်ဖန် တိုင်တည်၏ ။ သက်ညှာစော ကလည်း “ စိုးစိုးလူဆိုး ” ကို မုန်းဖို့ မေ့ဖို့ မလွယ်ပါကြောင်းနှင့် အသည်းတွေ ဆက်ပြီး ၊ အသက်တွေ ဆက်ပြီး ၊ အသက်တွေ နှင်းခဲ့သည် မှာ လည်း အကြိမ်ပေါင်း မရေမတွက်နိုင်တော့ပါ ။ ( စင်စစ်တွင် မရေမတွက် နိုင်သည် ကား အကြိမ်တွေ များ လွန်းလို့ တော့ မဟုတ် ။ မေ့မေ့ကုန်၍ သာ ဖြစ် ပေသည် ။ )


သို့တိုင်အောင် ... 


ယခု မျက်ဝါးထင်ထင် တွေ့လိုက်ရသည် ကား သက်ညှာစော သည် နံနက်စောစော အချိန်၌ မသက်မညှာဘဲ မိမိ အရွယ်လောက် ပင် ရှိသည့် ဘဲတစ်ကောင် နှင့် အတွဲဆောင်ခဲ့လေပြီတကား ။


ကဗျာ မဆန်ချင်လည်း ရှိပါစေတော့ ။ “ ဘယ့်နှယ်လဲ စောစောရယ် ” ဟု သာ ဟစ်၍ ညည်းလိုက်ချင်တော့သည်  ။ စိုးညွန့်ဦး ၏ ရင်တွေ သည် ပြင်းထန်စွာ ခုန်လာခဲ့၏ ။ ချစ်သူ က လှမ်းကြည့်လိုက်တဲ့ အခါမို့ ရင်ခုန် သံနှုန်းမြန်ခြင်း မဟုတ်ဘဲ ပိုးဝင်သလိုလို ၊ ကြမ်းညပ်သလိုလို ဖြစ်၍ သာ ရင်တွေ သောက်ရမ်း ခုန်မိခဲ့ခြင်း ဖြစ်သတည်း ။


ဘာပဲဖြစ်ဖြစ် ရှင်းမှ ဖြစ်တော့မည် ။ နောက်မှ ရှုပ်ချင် ရှုပ်စေတော့ ၊ ခုတော့ ရှင်းရပေမည် ။ သင်းတို့ နှစ်ယောက် နောက်သို့ လိုက် ၊ မျက်နှာချင်းဆိုင်တွေ့ အပြတ် ရှင်းရမည် ။ ရန်ကုန်မြို့ကြီး တစ်မြို့လုံး တွင် မိန်းမပျို ဆို၍ သက်ညှာစေ တစ်ယောက်တည်း ရှိသည် မဟုတ် ။ တစ်လောကလုံး ဆိုလျှင် ဒီထက်များ ဦးမည် ။ သက်ညှာစော  အမည် ယူထား သူက မသက်မညှာ လုပ်လျှင် မသက်မညှာ နောက်ကျ အမည် ယူထားသူ တွေက သက်ညှာ ထောက်ထားကြမည် မှာ ဆန့်ကျင်ဘက် နိယာမ ဖြစ်ရ ပေတော့မည် ။


စိုးညွန့်ဦး သည် အလောသုံးဆယ် နှင့် လမ်းကို ဖြတ်ကူးလိုက်၏ ။ ဤ နေရာတွင် တော့ သူ့ အမှားပါ ။ တစ်ဖက်မှ လာသော မော်တော်ကား သည် ကျွီခနဲ ဘရိတ် ဖမ်းလိုက်ရ၏ ။ သို့သော် သူ ဘရိတ် မဖမ်းလျှင် လည်း တိုက်မိမည်တော့ မဟုတ်ပါ ။ အဘယ်ကြောင့် ဆိုသော် မည်းခနဲ ရိပ်ခနဲ မြင်လိုက်မိသည် နှင့် တစ်ပြိုင်နက် စိုးညွန့်ဦး သည် နောက်သို့ ပြန်ဆုတ် လိုက်ခြင်းကြောင့်ပင် ဖြစ်ပေ၏ ။ ယာဉ်မောင်းသူ ၏ မျက်နှာမှာ မှုန်လှ၏ ။ အသက်မှာ လေးဆယ်ကျော် ခန့်ရှိပြီး မျက်မှောင်ကို ကိုယ်အား ရှိသရွေ့ ကုတ်ထားလေရာ အနီးမှုန်သမားလား ဟု ထင်ရ၏ ။ တောင်းပန်လိုသည် ဖြစ်၍ စိုးညွန့်ဦး သည် ပြုံးဖြဲဖြဲနှင့် ငုံ့ကြည့်သည် ။


“ မင်း သေချင်သလား ”  


ယာဉ်မောင်းသူ ထံမှ အသံမှာ ဟိန်း၍ ထွက်လာသည် ။ ကားရှေ့တွင် တော့ သူ တစ်ယောက်တည်း ရှိ၏ ။ နောက်ခန်းတွင် တော့ အသက် သုံးဆယ်ကျော်ခန့် အမျိုးသမီး တစ်ဦးပါသည် ။ “ ခင်ဗျားနဲ့ ဘာတော်သလဲ ခင်ဗျ ” ဟု မေးနိုင်လောက်သည့် အခြေအနေမျိုး မဟုတ်သဖြင့် ယာဉ်မောင်းသူ နှင့် ထို အမျိုးသမီးတို့ ဘာတော်ကြောင်း ကို စိုးညွန့်ဦး မှာ ယနေ့ ထက်တိုင်အောင်ပင် မသိခဲ့ချေ ။ တစ်ယောက်ယောက် ကသာ ယနေ့တွင် သူ့ ကို ရိုက်စစ်လျှင် “ ခယ်မ ဖြစ်မှာ ပေါ့ ” ဟု ထင်ရာမြင်ရာတွေ ပြောလိုက်မိနိုင်ပေ၏ ။ သို့သော် သူတို့ စီးလာသော ကားလေးကား တစ်ခါက ဈေးနှုန်းတွေ ခေါင်ခိုက် သွားသည့် “ ကရော်လာ ” ကားအမျိုးပင် ဖြစ်သ ည် ကိုတော့ စိုးညွန့်ဦး သတိရမိပါသည်  ။ 


“ မေးနေတာ မကြားဘူးလားကွ  ... ဟေ ”  


“ ဟဲ ... ဟဲ ... ဘာမေးပါသလဲ ခင်ဗျ ” 


“ မင်း သေချင်သလား ” 


“ ဟာ ... မသေချင်ပါဘူး ၊ မသေချင်လို့ နောက်ကို ပြန်ဆုတ်တာပေါ့ ။ နို့မဟုတ်ရင် ရှေ့ကို အတင်းတိုးမှာ ပေါ့ ” 


“ မင်း ငါ့ကို သက်သက် ခွပြောတာပဲ ” 


ရော .. ခက်ချေပြီ ။ သူ မေး၍ လည်း ဖြေရသေးသည် ။ ဖြေရာတွင် လည်း သက်သေ အထောက်အထား နှင့် ဖြေပါသည် ။ ထိုသို့ ဖြေခါမှ သူ့ ကို ဘုတွေ မှုတ်သည် တဲ့  ။ မော်တော်ကား ကို အားနာ၍ ဘဝင်ကို တမင် များ မြှင့်ထားလေသလား မသိ ။


“ အလိုက်သင့်ပါပဲခင်ဗျာ ”  


“ တယ် ... ဟင်း ...  ” 


ထိုလူသည် ဒေါသ ကြီးလှပါပေ၏ ။ မျက်နှာကြီးများ နီကာ အပြင် ထွက်ရန် တံခါး ကို ဖွင့်တော့၏ ။ စိုးညွန့်ဦး သည် လည်း ရန်ဖြစ်တတ်သူ မဟုတ် သဖြင့် လုပ်မိလုပ်ရာပင် လူကြီး မထွက်လာလျှင် ပြီးရော ဟု သဘောထားကာ အပြင်ဘက်က နေပြီး တံခါး ကို ဖိတွန်းထား၏ ။ လူကြီး သည် ခလုတ်ကို နှိပ်၍ အတင်း တွန်းသော်လည်း အပြင်ဘက် က ဖိထား သဖြင့် ဆက်လက်၍ တွန်းနေလျှင် လေလည်ခြင်းသာ အဖတ်တင်မည် ဖြစ်ကြောင်း သတိပြုမိတော့၏ ။


“ အောင်မယ် ... ဒီလို လုပ်လို့ ဘာရမလဲကွာ ” 


လူကြီး သည် တစ်ဖက်က တံခါး ကိုဖွင့် ၍ ခပ်သုတ်သုတ်ပင် ထွက်လာ၏ ။ စိုးညွန့်ဦး က သူ၏ အရိပ်အကဲကို ကြည့်နေစဉ်မှာ ပင် လူကြီးသည် ကား၏ အရှေ့မှ ပတ်၍ လာတော့သည်  ။ စိုးညွန့်ဦး ကလည်း ကပျာကသီပင် ကားထဲ ဝင်ထိုင်ကာ တံခါး ကို ပိတ်လိုက်ပြီး မှန် ကို တင်လိုက် ၏ ။ လူကြီး သည် အပြင်ဘက်က ခြေကန်ဆွဲ၏ ။ မပွင့်ချေ ။ မော်တော်ကားကြီး သာ အိပဲ့ အိပဲ့နှင့် လှုပ်လာ၏ ။


“ လာ ... လာ ... နောက်ကလာ ” 


ကား၏ နောက်ခန်းမှ အမျိုးသမီး သည် သဘာဝကျစွာပင် လူကြီးဘက် မှ ရပ်တည်ပြီး တံခါး ကို ဖွင့်ပေး၏ ။ လေ့ကျင့်ထားသည် မဟုတ်သော် လည်း စိုးညွန့်ဦး သည် ဖင်ကို ကော့လန်ကော့လန်နှင့် ရွှေ့ကာ တစ်ဖက် ဘေးသို့ ကပ်သွား၏ ။ သို့ဖြစ်၍ လူကြီး သည် ကားနောက်ခန်း အတွင်း ဘက်သို့ ရောက်လာသည် နှင့် တစ်ပြိုင်နက် စိုးညွန့်ဦး မှာ စောစောက လူကြီး ထွက်ပုံအတိုင်း အပြင်သို့ ရောက်သွားတော့သည် ။


“ ဟင်းနော် ... ငါ့ ဒေါသတွေ ပိုကြီးကုန်ပြီ ” 


လူကြီး သည် ပြန်ထွက်လာပြန်၏ ။ သို့သော် စိုးညွန့်ဦး မှာ ပြ န်ဝင်၍ မ ရတော့ချေ ။ အမျိုးသမီး သည် စိုးညွန့်ဦး  ထွက်သွား ပြီးနောက် လျင်မြန်စွာပင် ရှေ့သို့ ကုန်း၍ ကားတံခါး ကို အတွင်းဘက်မှ သော့ချက် ချလိုက်သောကြောင့် ဖြစ်သည် ။


လူကြီးသည် ကားနောက်က ပတ်၍ လာပြန်ရာ စိုးညွန့်ဦး သည် ကား ရှေ့က ပတ်၍ တစ်ဖက်သို့ ရောက်လာပြန်သည် ။


“ ဟေ့ ... နောက်ကပါ ထွက်ပြီး လိုက် ”


လူကြီး ၏ အမိန့်အရ နောက်က အမျိုးသမီး သည် ကားတံခါးကို ဖွင့် ၍ ထွက်ရန်ကြံ၏ ။ စိုးညွန့်ဦး က အပြင်က တံခါး ကို ဖိ၍ တွန်းထားရပြန်သည် ။ ထိုအခိုက်တွင် ကားရှေ့က ပတ်၍ ရောက်လာသော လူကြီးသည် အတော်ပင် နီးကပ်လာသည် ဖြစ်သောကြောင့် အချိန်ရှိခိုက် လုံ့လကလေး စိုက်ကာ စိုးညွန့်ဦး ကို ခြေဖြင့် လွှဲကန်လေ၏ ။ စိုးညွန့်ဦး သည် ကြောက်ကြောက် နှင့် တံခါးကိုဖိထားသော လက်ကို လွှတ်၍ နောက်သို့ ဆုတ်လိုက်၏ ။သူ လက်လွှတ်လိုက်သည် နှင့် တစ်ပြိုင်နက် တံခါးသည် ရုတ်တရက်ပွင့်လာကာ အတွင်းမှ အမျိုးသမီး သည် အပြင်သို့ လှမ်းထွက်ရန် ဝါဝင်းသော ခြေသလုံးတစ်ဖက်ကို ထုတ်လာ၏ ။ ထိုအခိုက်တွင် လူကြီး ၏ ကန်ချက်မှာ ကားတံခါး ကို “ ဒိုင်း ” ခနဲ မြည်စေ၍ ပြန်ပိတ်သွားရာ ခြေသလုံး ညပ်နေသော အမျိုးသမီး သည် စူးစူးဝါးဝါး အော်သည် ။ လူကြီး မှာ လည်း နာသွားသော ခြေတစ်ဖက် ကို လက်နှစ်ဖက် နှင့် ကိုင် ကာ မျက်နှာကြီး ရှုံ့မဲ့ရင်းက ခြေတစ်ပေါင်ကျိုး ခုန်ဆွ ခုန်ဆွ လုပ်နေ လေတော့သည် ။


“ ဟာ ဝါး ဟား ဟား ဟား ” 


ရယ်သံတွေကြောင့် စိုးညွန့်ဦး သည် ပတ်ဝန်းကျ င်ကို လှည့်ကြည့်မိသည် ။ ဝိုင်းအုံ၍ ကြည့်နေကြသော လူအုပ်သည် တိရစ္ဆာန် ဥယျာဉ်ပြပွဲ ကလေးတစ်ခု ဟု မှတ်ထင်လောက်၏ ။ စိုးညွန့်ဦး သည် ရှက်ရှက် နှင့် မျက်နှာကြီးနီမြန်းကာ နောင်တွင် ရှင်းလိုရှင်းငြား ၊ ယခုတော့ အရှုပ်အတိုင်း ထားရစ်မည် ကြံကာ လူအုပ်ကြား မှ တိုးဝှေ့ရင်း ကန်တော်ကြီး ဘက် ထဲသို့ ပြေးသွားရလေတော့သည်  ။


သူ့ မျက်စိ တူရူ တွင် သက်ညှာစော တို့ စုံတွဲသည် ပျောက်ကွယ် ခဲ့ချေ၏ ။ ဦးခေါင်းကို ဟိုသည် လှည့်၍ ကျီးကန်းတောင်းမှောက် ရှာဖွေရာ သစ်ပင်ရင်း တစ်ခုတွင် ထိုင်နေသူက “ မောင်ရင် ... လက္ခဏာ ကြည့်ချင်လား ”  ဟု အမေးခံရသည် အထိ ဖြစ်သည် ။


ခြေဦးတည့်ရာ စွတ်၍ လျှောက်ခဲ့သောအခါတွင် မှ သူ့မျက်နှာ သည် ဝင်းထိန် ကြည်လက် သွား၏ ။ တစ်ဖန် ချက်ချင်းပင် မည်းညစ် ညိုပုပ်သွားကာ ကျဉ်စက်နှင့် တို့လိုက်ခြင်း ခံရသည့်ပမာ ဆတ်ခနဲ ခုန်ကြွ၍ ပြေးလာခဲ့၏ ။ သက်ညှာစော တို့ စုံတွဲကို ဘတ်စ်ကားမှတ်တိုင် တွင် အတွဲလိုက်ပင် တွေ့ရသောကြောင့် သူ့ မျက်နှာ ဝင်းထိန် ကြည်လက်သည် ။ သို့သော် ထိုးဆိုက် လာသော ဘတ်စ်ကား တစ်စီးပေါ်သို့ တက်ရောက်ရန် လူအုပ် နောက်ပါးတွင် တိုးဝှေ့ရန် ပြုနေကြောင်းကို တွေ့ရပြ န်သောကြောင့် သူ့ မျက်နှာ မည်းညစ် ညိုပုပ်ခြင်း ဖြစ်လေသည် ။


ယောက်ျားပျိုသည် ကားပေါ် တက်မိ၏ ။ မိန်းမပျို က လိုက်တက်ရန် အပြုတွင် စိုးညွန့်ဦး  ရောက်လာကာ လက်မောင်း ကို ဖမ်းဆွဲထားလိုက် သဖြင့် သက်ညှာစော သည် ကားပေါ် မတက်ဖြစ်ဘဲ ကျန်ရစ်ခဲ့တော့သည် ။ ဝူးခနဲ ထွက်၍ သွားသော ဘတ်စ်ကား ပေါ်တွင် ယောက်ျားပျို သည် ဘာတွေ အော်မှန်းမသိ ၊ တဝါးဝါး နှင့် အော်ဟစ် ပြူးဖြေရင်းက ယက်ကန်ယက်ကန် နှင့် ပါသွားလေ၏ ။


သက်ညှာစော သည် သူ့ လက်မောင်းကို လာဆွဲသူ နှင့် ရင်ဆိုင်ရန် လှည့်လိုက်၏ ။ မောပန်း နေသဖြင့် ရင်အုပ်ကြီး ကြွစောင်း ကြွစောင်း ဖြစ် နေသူကို တွေ့ရတော့သည် ။


“ အလို ... ကိုစိုးပါလား ” 


“ အလို ကိုစိုး မဟုတ်ပါဘူး ၊ ပိုက်ဆံ မပါဘဲ ဖဲရိုက်လေ့ မရှိလို့ ကိုယ့်ကို အလို ကိုစိုး လို့ မခေါ်ပါနဲ့ ”


သက်ညှာစော သည် ပါးခွက်ကလေးတွေ ချိုင့်သွားအောင် ပြုံးရယ်သည်  ။


“ ဟုတ်ကဲ့ ... ကိုစိုးပါတဲ့ ရှင် ” 


“ ဒါက ဘာသဘောလဲ ” 


“ ခေါ်စေချင်တဲ့ အတိုင်း ခေါ်တာလေ ” 


“ ဒါကို ပြောတာ မဟုတ်ပါဘူး ၊ ဟိုဘဲနဲ့ တွဲလာခဲ့တာကို ပြောတာ ” 


“ ဪ .. ဒါလား ” 


“ အော်တာ က သိပါတယ် ။သူ့ ကားပေါ် ပါသွားလို့ ပြန်ဆင်း မရတာကြောင့် အော်တာပါ ” 


“ ကိုစိုး .. ပုံ မပြောင်းဘူးနော် ၊ အူကြောင်ကြောင်ပဲ ၊ ကိုစိုး က ပုံမပြောင်းပေမယ့် ညှာ ကတော့ ပုံပြောင်းပါပြီလေ ။ ကိုစိုး မြင်တဲ့ အတိုင်းပဲ ၊ ညှာ ဟာ ကိုစိုး ထက် ပိုပြီး ချစ်ရမယ့် သူ ကို တွေ့ထားပြီလေ ။ ကိုစိုး မနှောင့် ယှက်ချင်ပါနဲ့ ” 


“ လွယ်လှချည်လား ညှာရယ် ”


“ ဖိနပ် လဲ စီးချင်ရင် တောင်မှ ပိုက်ဆံ လွယ်အောင် စောင့်ရသေးတယ်  ၊ ချစ်သူလဲ တာကတော့ ဘာ ခက်စရာရှိမှာ လဲ ရှင်ရယ် ” 


“ မင်းမှာ အသည်း မရှိဘဲကိုး ”


“ ရှိပါသော်ကော ရှင် ...  ၊ ကင်ဆာရောဂါသည် မှ မဟုတ်တာ ။ ကဲ ... ကိုစိုး သိဖို့ က ညှာ့ ကို မေ့လိုက်ပြီး ကိုစိုး သွားလိုရာ သွားနိုင်ပါပြီ ဒါပဲ ”  


အမိန့်တော် ပြန်နေမှ တော့ ဘာများ တတ်နိုင်ဦးမည်လဲ ။


“ ဒီမှာ .. ညှာ စိတ်ချ ၊ ကိုစိုး ရဲ့ အသည်း ကလည်း မာပါတယ် ။ သူ ကြင် မှ ကိုယ် ကြင် ။ ကိုကြင့် ယောက္ခမ က ဈေးရောင်းတယ် .. ဟယ် ”  


သက်ညှာစော သည် ပါးခွက်ကလေးတွေ ပေါ်လာပြန်၏ ။


“ လမ်းခွဲမှာ ဝမ်းနည်းစရာ မပြောဘဲ အသောကလေးနဲ့ ဖျော်ဖြေတာ ကိုတော့ ကျေးဇူးတင်ပါတယ် ကိုစိုး ။ ကဲ .. ခုချိန်ကစပြီး ညှာ နဲ့ ကိုစိုး တို့ ဟာ သူစိမ်းသက်သက် ၊ တစ်ခါကမှ မသိခဲ့ဖူးလို့ သာ မှတ်လိုက်ကြပါစို့ ” 


စိုးညွန့်ဦး သည် ဦးခေါင်း ငိုက်စိုက်ချ၍ ချာခနဲ လှည့်ထွက်ခဲ့မိသည် ။ သူ့နောက်ဆီက ခပ်သုတ်သုတ် ပြေး လာပြီး မောကြီးပန်းကြီးနှင့် ပြော သော စကားတွေကိုတော့ ကြားလိုက်ရပါသေးသည် ။ 


“ ညှာရယ် ... ကိုယ်က ဟိုမှတ်တိုင် အထိ ပါသွားပြီး ပြန်ဆင်းလာခဲ့ရ တာ ၊ ဟိုဘဲက ဘယ်ကဘဲလဲ ” 


“ လူမှားပြီး ဆွဲထားမိတာပါလေ ... ၊ မောင် တော်တော် မောသွားသလား ဟင် ” 


“ ဟဲ .. ဟဲ .. ဟဲ .. ဟဲ .. ” 


အင်း ... နောက် တစ်ကောင်တော့ အောက်သွား မရှိပြန်ချေပြီဘူး ဟု တွေးရင်း ထွက်လာခဲ့လေ၏ ။


•••••   •••••   •••••


( တူး )


စိုးညွန့်ဦး ၏ မိခင် ဒေါ်စိန်မြိုင် သည် စာအိတ်ကလေး တစ်အိတ် ကို ကိုင်ကာ ခင်ပွန်းသည် ဦးမြတ်ခင် နှင့် မလှမ်းမကမ်းတွင် ဝင်၍ ထိုင်လိုက်၏ ။ ဦးမြတ်ခင် သည် စာအုပ်တစ်အုပ်ကို ဖတ်နေသည် ။ စာအုပ် တစ်အုပ်ကို ဖတ်နေရခြင်း၏ အကြောင်းရင်း ကား သူသည် တစ်ချိန်တည်း တွင် စာအုပ်နှစ်အုပ်သော် လည်းကောင်း ၊ နှစ်အုပ်ထက် အများကိုလည်း ကောင်း တစ်ပြိုင်နက် မဖတ်နိုင်သောကြောင့်ပင် ဖြစ်ပေ၏ ။


ဒေါ်စိန်မြိုင် သည် စာအိတ်ကလေး ကို ပေါင်ပေါ်တင်ထားပြီး ခင်ပွန်း သည် ကို အသာစွေ ကြည့်ရင်းက ပြောသည် ။


“ သားသမီး ဆိုတာ သီးချိန်တန် သီး ၊ ပွင့်ချိန်တန် ပွင့်ရတယ်လေ ” 


ဦးမြတ်ခင် သည် လည်ကုပ် ကို မမြင်ရသော လက်ဝါးစောင်း နှင့် အခုတ်ခံဘိသကဲ့သို့ ဆတ်ခနဲ ခေါင်းကို ခပ်စောင်းစောင်း ထောင်ကြည့်သည် ။


“ ဟေ့ ... မင်းနဲ့ ငါနဲ့ နှစ်ယောက်တည်း စကား ပြောတာ ပြဇာတ်ထွက် နေသလို ဖြစ်နေတယ်ကွ ၊ လိုရင်းသာ တိုတို ပြောစမ်းပါ ၊ ဘာလဲ မင်း ရဲ့ သား ကို အိမ်ထောင် ချပေးချင်ပြီ မဟုတ်လား ”


ဒေါ်စိန်မြိုင် သည် လင်တော်မောင် ကို မျက်စောင်းထိုး၏ ။


“ ဟုတ်တယ် ။ ကျွန်မ က ဘုရား လည်း ငုတ်တို မတည်ချင်ဘူး စကား လည်း တုံးတိ မပြောချင်ဘူး ။ ဒါကြောင့်မို့ ခြေဆင်းကလေး နိဒါန်းကလေး ပျိုးနေတာရှင့် ။ တိုတိုသာ ပြောရမယ် ဆိုရင် သိပ်ပြီး တိုတို ပြောတတ်တာပေါ့ရှင် ။ စိုးညွန့်ဦး မယားပေးစား ... ပြွန်တန်ဆာ က နန္ဒမူ ... ဓာတ်ပုံ ရ .. ဒါပဲ ” 


“ ဟောဗျ ... ဒါကျတော့လည်း မင်း ဟာက ရေဒီယို တယ်လီဖုန်း ပြော နေတာ ကျနေပြီ ။ ငါ ဘာမှ နားမလည်ဘူး ။ အရှုပ်ဆုံး ပြွန်တန်ဆာ က နန္ဒမူ ဆိုတာပဲ ။ ငါ ဖတ်ဖူး မှတ်ဖူးသရွေ့တော့ နန္ဒမူ လိုဏ်ဂူ ချောင်နန်းက ဂန္ဓမာဒနတောင် မှာ ရှိတယ်လို့ သာ သိဖူးပါတယ် ။ ပြွန်တန်ဆာ မှာ ရှိတယ်လို့ မကြားဖူးပါဘူး ” 


ဒေါ်စိန်မြိုင် မှာ မျက်စောင်းထိုး ရုံသာ မကတော့ဘဲ မျက်နှာကို ပင် တစ်ဖက်သို့ လှည့်သွားလေ၏ ။


“ ရှင့်မှာ အဲဒီ အကျင့်တွေ ရှိလို့ ပဲ မုန်းတာ ” 


“ ဘယ်အကျင့်တွေလဲ ...  ၊ မကြားဖူးတဲ့ အကျင့်တွေလား ” 


“ ဒီစကားကို ရေရေလည်လည် ပြောမယ် ကြံတော့လည်း ပြဇာတ်ထွ က်သလေး သဘာဝမကျသလေးနဲ့  ။ တိုတိုတုတ်တုတ်နဲ့ လိုရင်းပြောချ တော့ ... ဟော ရှင် ဉာဏ်မမီတော့ဘူး မဟုတ်လားဟင် ” 


“ ဟ ... ပြွန်တန်ဆာ က နန္ဒမူ ဆိုရင်တော့ ငါတင် မကဘူး ၊ မြန်မာပြည် တစ်ပြည်လုံးက ပညာရှိ အတော်များများ ပါ ဉာဏ်မီတော့မှာ မဟုတ်ဘူး  ။ မင်းစကားက ကျမ်းဂန်နဲ့ မညီညွတ်ဘူးဟ ။ ဒါတော့ မပြောလား ဟင် ” 


“ သြ ... စိုးညွန့်ဦး ကို မိန်းမ ပေးစားဖို့ အကြောင်း ရေးထားတဲ့ ကျမ်းဂန် ကို ရှင် ဘယ်မှာ ဖတ်ဖူးသလဲတော် ၊ ပျဉ်တွေ ညာ ယူထားတာ တစ်ချပ် မှ မရှိလို့ အိမ်သာလေးတောင် မဆောက်နိုင်တဲ့ ကိုပညာရှိကြီးရယ် ” 


အခြေအနေများ သည် ပို၍ ရှုပ်ထွေးသွားဖွယ်ရာသာ ရှိတော့မည်ကို တွေးမိသော ဦးမြတ်ခင် သည် လက် ထဲမှ ဖတ်လက်စ စာအုပ်ကို ဘေးသို့ ချထား၏ ။ ထို့နောက် အနှစ် နှစ်ဆယ်ကျော် သုံးဆယ်နီးပါး ပေါင်းသင်း လာခဲ့ပြီးသည့် ဇနီး ကို ယခုမှ နတ်များ ပို့ဆောင်၍ တွေ့ကြုံကာ ရည်းစားစကား လတ်လတ်ဆတ်ဆတ် ပြောရမည်ကဲ့သို့ မျက်နှာချိုကို တရွှမ်းရွှမ်း သွေးလိုက်၏ ။


“ ဟဲ ဟဲ ဟဲ ဟဲ ... ”


“ သြ ... ရှင်က ရယ်သပေါ့ ”


“ ဟာ .. မဟုတ်ပါဘူး ၊ အစာအိမ်ကို ဆေးဖို့ ခလောက်နေတာပါ ။ ဒါ ထက် ဒီခေတ်မှာ သားသမီး ကို မိဘက အိမ်ထောင်ချ ပေးနေတဲ့ အကျင့် ရှိသေးသလားကွ ။ ငါ လေ့လာမိသရွေ့တော့ သူတို့ ကြိုက်တာတွေ သူတို့ ယူကုန်ကြတာပဲ တွေ့တယ် ” 


“ ဟုတ်ပါတယ်လေ ...  ၊ ဒါကြောင့် စိုးညွန့်ဦး  ကြိုက်တာဟာ ကျုပ်တို့ မကြိုက်တာ ဖြစ်သွားမှာ စိုးလို့ ကျုပ်တို့ ကြိုက်တာကို စိုးညွန့်ဦး ကို ပြကြည့်မယ် ။ တကယ်လို့ သူ ကြိုက်ရင်လည်း ကိစ္စပြတ်ကရော ။ ဒီတစ်ယောက်မှ မကြိုက်သေးရင် နောက် တစ်ယောက် ခပ်သုတ်သုတ် ရှာပြမယ် ။ ဒီလို တပြပြတည်း ပြနေရင် တစ်ယောက် ယောက် ကျတော့ သူ ကြိုက်ကရောပေါ့ ” 


“ ရေစက်က ရှိသေးတယ်နော် ” 


“ ရေစက်ရှိလို့ ရေတင်လို့ ရတာပေါ့ ၊ ရှင်ဘာတွေ လျှောက်ပြောနေ တာလဲ ”


“ ကဲပါကွာ ... ဘာမှ ဝေးဝေးလံလံတွေ ပြောမနေချင်တော့ပါဘူး ။ မင်း ကြံနေတာက ငါတို့ သားလေး စိုးညွန့်ဦး ကို နေရာချထားဖို့ ပြွန်တန်ဆာက နန္ဒမူ ဆီ ခေါ်သွားမယ်ပေါ့ ဟုတ်လား ”


“  မဟုတ်ဘူး ရှင့် ...  နန္ဒမူ ကို ဒီကို ခေါ်မယ် ” 


“ ဟယ် ... ကျားသားမိုးကြိုး ။ ဒီနေရာမှာ တော့ ငါ ပဲ ပညာရှိ လုပ်ပါရစေကွာ ။ မင်း သိပုံ မပေါ်လို့ ပါ ၊ နန္ဒမူ ဆိုတာ ဂန္ဓမာဒန တောင်ဝှမ်းတစ်ခု ကို ခေါ်တာကွ နော် ။ တောင် ကို ရွှေ့လို့ ရချင်ရမယ် ။ တောင်ဝှမ်း ကို ရွှေ့ဖို့ ဆိုတာ တယ်လွယ်တဲ့ ကိစ္စ မဟုတ်ဘူး လို့ ငါတော့ ထင်တယ် ” 


“ ရှင် တော်တော် ဒုံးဝေး သေးပါကလားနော် ။ ဒေါ်ကု,လားမ လာစပ် တဲ့ ကောင်မလေး နာမည်က နန္ဒမူ တဲ့ ရှင့် ။ ပြွန်တန်ဆာ က ဦးဘတိုး ဒေါ်မိမိ တို့ ရဲ့ သမီးလေ ။ ဟောဒီမှာ ဓာတ်ပုံ .. ကြည့်စမ်းပါဦး ” 


ဒေါ်စိန်မြိုင် သည် ပေါင်ပေါ်က စာအိတ်ကို ဆတ်ခနဲ ကောက်ယူကာ အတွင်းက ဓာတ်ပုံကိုထုတ်၍ လင်တော်မောင်ကို ကမ်းပေးသည် ။ ဦးမြတ်ခင် သည် ခပ်သွက်သွက်ကလေး ယူပြီး ဓာတ်ပုံကို ကြည့်သည် ။


ဓာတ်ပုံ ထဲက မိန်းမပျို မှာ ရိုးရိုးနှင့် ယဉ်ယဉ်ကလေး ဖြစ်ရုံမက တည်ငြိမ်သော ဣန္ဒြေ လည်း ရှိ၏ ။


“ ဟာ ... လူတော့ မသိဘူး ၊ ရုပ်ရည် ရူပကာကတော့ ငါ့ မျက်စိနဲ့ တည့်သဟေ့ ” 


“ ဒီမှာ ကိုမြတ်ခင် ... ရှင့် မျက်စိက ကျုပ် ကိုသာ တည့်ပါနော် ၊ လူတကာ လျှောက်မတည့်နေပါနဲ့ ”


“ ဘာလဲကွ ... ကောင်မလေး ရဲ့ ဣန္ဒြေ ၊ ဝတ်စားဆင်ယင်ပုံတွေ က ယဉ်ကျေး သိမ်မွေ့ပါတယ်လို့ ပြောတာပါကွာ ၊ ဟိုကောင် တွေ့ပြီးပလား ”


“ ဟင့်အင်း ... သမီးပဲ တွေ့သေးတယ် ။ သမီး ဆင့်ဆင့်မာ ကတော့ ခေတ်သိပ်ဆန်တယ် မဟုတ်လား ။ ဓာတ်ပုံ ကို မြင်မြင်ချင်း သူ့ ဝတ်စားပုံက သိပ်တုံးတယ်တဲ့  ၊ ဒါပေမဲ့ ရုပ်ရည်ပကာကလေး ကြည့်ရတာ သဘော ကောင်းပြီး ခင်စရာလို့ တော့ ထင်တယ်တဲ့ ”


ဦးမြတ်ခင် သည် ဓာတ်ပုံ ကို ဇနီးသည် သို့ ပြန်၍ ပေး၏ ။ 


“ အေးပေါ့လေ ... ဟိုကောင့် ကို ပြပြီး ပြောကြည့်ဦးပေါ့ ။ သူ သဘောကျတယ် ဆိုရင် ငါ ကိုယ်တိုင် ပြွန်တန်ဆာ လိုက်သွားမယ် ။ မိဘချင်း စ ကားပြောမယ် ။ ပြီးတော့ ရန်ကုန် ကို အလည်ခေါ်ခဲ့မယ်လေ ။ ဓာတ်ပုံနဲ့ ချည်း မဖြစ်ဘူး ။ လူချင်း နီးစပ်ဖို့ လိုသေးတာပေါ့လေ ”


“ ဟော ... လာပြီ ”


“ မလာပါဘူးကွာ ။ ငါ့ စကားထဲလည်း တရားဓမ္မသံ တစ်ခွန်းမှ မပါပါလား ”


“ ဘာလဲရှင့် ၊ သားကြီး စိုးညွန့်ဦး  ပြန်လာပြီလို့ ပြောတာ ”


ဒေါ်စိန်မြိုင် သည် ဦးမြတ်ခင် ၏ နောက်မှ ပြတင်းပေါက်ကို ကျော်ကြည့်ရင်း ပြောလိုက်ခြင်း ဖြစ်လေသည် ။ ချက်ချင်းပင် အခန်းတွင်း သို့ စိုးညွန့်ဦး သည် ကြက်နာကြီး ရိုက်ထားသလို မျက်ခွက် နှင့် ခြေမသယ်ချင် လက်မသယ်ချင် ပုံပန်း ကို ဆောင်ကာ ဝင်ရောက် လာလေ၏ ။ အထဲရောက်မှ မိဘနှစ်ပါး ကို မြင်သဖြင့် ချက်ချင်း မျက်နှာ ကို ပြင်ကာ ရယ်၍ နှုတ်ဆက်သည် ။


ဦးမြတ်ခင် သည် သား ကို မျက်မှောင်ကုတ်၍ ကြည့်၏ ။


“ ဟေ့ ... မင်း ရယ်တာက သဘာဝ မကျလှဘူး ။ အန်ဒါ အိုက်တင် ဖြစ် နေသလိုပဲ ”


“ ဪ .. ခပ်သုတ်သုတ် လျှောက်ခဲ့လို့ မောနေလို့ ပါ ”


စိုးညွန့်ဦး သည် ဖခင် ကို ပြောပြီး မိခက် ဘက် လှည့်လိုက်ရာ အဆင်သင့် စောင့်နေသော ဒေါ်စိန်မြိုင် သည် မဆိုင်းမတွ ပြော လိုက်လေသည် ။ 


“ သား ... ဒီပုံ ကို ကြည့်စမ်း ”


ဒေါ်စိန်မြိုင် ကမ်းပေးလိုက်သော ဓာတ်ပုံကလေး ကို စိုးညွန့်ဦး သည် စိတ်မပါတပါ နှင့် ကြည့်၏ ။ သို့သော် သူ့မျက်စိ နှင့် ရုပ်ပုံ ဆုံမိကြသည့် တဒင်္ဂဝယ် သူ့မျက်လုံး တို့ သည် ပြူးကျယ် လာကြကုန်၏ ။ ရင်ခုန်သံတွေ မှာ လည်း ကု,လားမသာဆိုင်း လို တဒိန်းဒိန်း ဖြစ်လာကြကုန်၏ ။


နဖူးစာ သည် ဆန်းကြယ်၏ ။ အဘယ်ကြောင့် ဆိုသော် လူတိုင်းလိုလို တွင် ပင် ပါသည် ဆိုသော်လည်း ဖတ်ကြည့်၍ မရသောကြောင့် ဖြစ်သည်  ။ လျှို့ဝှက်စာများ ကဲ့သို့လည်း နဖူးစာ ကို ရေစိမ် ကြည့်၍ မရ ၊ မီးကင် ကြည့်၍ မရ ၊ သဲနှင့် ပွတ်ကြည့်၍ လည်း မရချေ ။


ယခုလည်း ကြည့်ပါဦးမည်လော ။ ရန်ကုန် မှ စိုးညွန့်ဦး သည် ပြွန်တန်ဆာ မှ နန္ဒမူ ကို လူကို မမြင်သေးဘဲ ဓာတ်ပုံကလေး ကို မြင်ရသည် နှင့် သူ့ ရင်ထဲတွင် ဒိန်းတပ်တပ် ဖြစ်ရတော့သည် ။


စတော်ဘယ်ရီရောင် နှုတ်ခမ်း ၊ ကော့ပျံနေသော မျက်တောင်တု ၊ ကြွေရုပ်လို မျက်နှာခြယ် ၊ အသွယ်သွယ် အဝဝသော အလှအပတို့ ဖြင့် မွမ်းမံထား၍ လှချင်တိုင်း လှနေသော သက်ညှာစော သည် ဣန္ဒြေကိုဖြင့် မမွမ်းမံချေ ။ မျက်နှာများများကို ဆုံချင် ကြုံချင်သည် ။ တရားမျှတမှု အမြင် က ကြည့်လျှင် အကြောင်းမခိုင်လုံဘဲ မိမိ၏ အမြင် က ကြည့်ပြီးတော့ သာ အကြောင်းခိုင်လုံစွာဖြင့် မိမိ၏ အသည်းကို ခပ်လွယ်လွယ် ခွဲခဲ့သည် ။


ဟော ... ဟောဒီ အမည် ဘာခေါ်မှန်း မသိသည့် ကလေးမလေး သည် ကား သိပ်ကြီးတော့ ရှေးမဆန်ပါ ။ သို့သော် ခေတ်ကို လည်း အမီ လိုက်မနေပါ ။ ရိုးရိုးကလေး နှင့် ယဉ်သူဖြစ်သည် ။


“ သူက ဘယ်သူလဲ မေမေ ”


စိုးညွန့်ဦး သည် ဟန်လုပ်ကာ ဣန္ဒြေ ဆည်ရင်း ခပ်အေးအေးပင် ဓာတ်ပုံကို ပြန်ပေး၍ အမေ ကို မေးလိုက်၏ ။ မအေးဘဲ ခပ်သွက်သွက်ကလေး ပြန် ဖြေလိုက်သူကတော့ ဦးမြတ်ခင် ပင် ဖြစ်တော့သည် ။ 


“ နန္ဒဝန် တဲ့ ကွယ် ”


“ ဗျာ ... ဈေးနာမည်လား ၊ ဘုန်းကြီးကျောင်း နာမည်လား ”


စိုးညွန့်ဦး  မျက်လုံး ပြူးသွားရ၏ ။ ဒေါ်စိန်မြိုင် က ဦးမြတ်ခင် ကို မျက်စောင်း ထပ်ထိုးသည် ။


“ လုပ်ပြီ ... ပညာရှိ သတိလက်လွတ်ကြီးက ၊ ဒီမှာ သားရဲ့  ... သူ က ဦး

ဘတိုး ”


“ ဗျာ ... သူ့ နာမည်က ဦးဘတိုး တဲ့ လား ”


“ အို ... ကောင်မလေး နာမည်က ဦးဘတိုး ဖြစ်နိုင်ပါ့မလား သားရဲ့ ”  


“ အင်းလေ .. မဖြစ်နိုင်တန်လို့ ကျွန်တော် အံ့သြနေတာပေါ့ ”


“ မေမေ က သူ့ နာမည်ကို မေ့နေလို့ ပြန်စဉ်းစားရင်း စကားပြတ်သွားလို့ပါ ။ ဪ ... သတိရပြီ ဒေါ်ဘတိုး ... အဲလေ .. ဦးဘတိုး ဒေါ်မိမိတို့ ရဲ့ သမီးလေး နန္ဒမူ တဲ့ ကွဲ့ ”


“ တော်တော် ရှားတဲ့ နာမည်ပဲ ”


“ လူကလည်း တော်တော် ရှားတယ်လို့ ဒေါ်ကု,လားမ က ပြောတာပဲ ။ တိုတို ပြောမယ်ကွယ် ၊ တကယ်လို့ ... ”


“ ဟေ့ ... မစိန်မြိုင် သိပ်တိုတိုကြီးလည်း မပြောနဲ့ ဦးနော် ။ ပြွန်တန်ဆာ နန္ဒမူ  ၊ ကမ်းရှပ် ၊ ပဗေပေ့ဂျိတွေ ဖြစ်ကုန်ဦးမယ် ”


“ ရှင် အသာနေစမ်းပါ ။ ဒီလိုလေ သားရဲ့  ၊ သူ့ ကို သားနဲ့ ပေးစားချင်တယ် ။ သား သဘောကျ ရင်ပေါ့ကွယ် ။ ချက်ချင်ကြီးလည်း မဟုတ်သေးဘူးလေ ။ မင်း အဖေကို လွှတ်ပြီး ရွှေလမ်း ငွေလမ်း ဖောက်မယ် ။ ပြီးတော့ သူတို့ ဒီကို လာလည်ကြမယ် ။ ဒီတော့ မင်းတို့ လူငယ်ချင်း ညှိကြ ပေါ့ကွယ် ”


သူ့ စကားကို ဘဝင် မကျသူကတော့ စိုးညွန့်ဦး မဟုတ်ပါ ။ ဦးမြတ်ခင် ပင် ဖြစ်ပါတော့သည် ။


“ ဘာလဲကွ ၊ သူတို့ စောင်းအတတ် သင်နေကြတာမှ မဟုတ်တာ ၊ ဘာ တွေ လျှောက်ညှိရမှာ လဲ ၊ အေး ငါ့သားကတော့ ညှိစရာ ဆိုလို့ နှုတ်ခမ်းမွေး ရေးတေးတေး ရှိတယ် ၊ ကောင်မလေး က ဘာကို သွားညှိရမှာ လဲ ” 


ဒေါ်စိန်မြိုင် သည် ဦးမြတ်ခင် ကို ဂရုမပြုတော့ချေ ။ စိုးညွန့်ဦး ကို သာ စိုက် ကြည့်၍ မေးသည် ။


“ ဘယ့်နှယ်လဲ သားရဲ့ ”


“ သိပ်ကောင်းတာပေါ့ မေမေရယ် ၊ မေမေတို့ ဖေဖေတို့ က သိပ်ပညာ ရှိကြတာပဲ ၊ ဘယ်တော့ သွားမှာ လဲ ဖေဖေ ”


“ ဟေ ... ငါ ကတော့ အမြန်ဆုံး သွားချင်တာပါပဲလေ ”


“ ကျွန်တော် ကလည်း အမြန်ဆုံး သွားချင်တာပါပဲလေ ။ ဓာတ်ပုံလေး တော့ ကျွန်တော် ယူထားမယ်နော် ”


ဒေါ်စိန်မြိုင် သည် ဓာတ်ပုံ ကို ကပျာကယာ ပြန်၍ ကမ်းပေး၏ ။


“ ယူထားပါ သားရဲ့  ၊ မင်း သိမ်းထားရမယ့် ဥစ္စာ ”


စိုးညွန့်ဦး ၏ အာရုံသည် သက်ညှာစော ထံမှ ခွာခဲ့၍ ဓာတ်ပုံကလေး ဆီ သို့သာ ရောက်နေလေတော့သည် ။


အိပ်ရာ ထဲတွင် တစ်ညလုံး မြင်ယောင်နေ၏ ။


ရေစက်ဆိုသည် မှာ နည်းလွန်းလျှင် ကြွက်မြီးတန်းသည် ဟု ခေါ်ကြသည်  ။ သူ့ ရေစက်ကား များ လွန်းသဖြင့် ရှဉ့်မြီးပဲ တန်းသလား မသိ ။ စိုးညွန့်ဦး  တစ်ယောက်ကတော့ဖြင့် ဓာတ်ပုံကလေး မြင်ရရုံနှင့်ပင် နန္ဒမူ ကို ကြိုက်ချင်တိုင်း ကြိုက် ၊ စွဲလမ်းချင်တိုင်း စွဲလမ်းနေ၏ ။


သူ့ မေတ္တာကို ရဖို့ လမ်းပေါ် မှ ကတ္တရာတွေ ကို ခွာပစ်၍ သူ့ အသည်း ကို ခင်းပေးရမည် ဆိုလျှင် ခင်းပေးချင်ပါသည် ။ လမ်းခင်းလောက် အော င် သည်းယောင်သည် အထိ စောင့်စရာကလေးပဲ လိုသည် တဲ့  ။


•••••   •••••   •••••


( သရီး )


စိုးညွန့်ဦး မှာ တစ်ပတ်လုံးလုံး ရွစိရွစိ နိုင်လှသည် ။ မိတ်ဆွေအပေါင်းအသင်းတွေကို ဓာတ်ပုံ ပြ၍ ကြွားသည် ။ အပေါင်းအသင်း အားလုံးလိုလိုကပင် နန္ဒမူ သည် အဝတ်အစား အဆင်အပြင် ရိုးလွန်းသည် ဟု ဆိုကြသော်လည်း ရုပ်ရည်လှပသည် ကိုမူ ဝန်ခံကြသည် ။ တစ်ချက် မြင်မိလိုက်လျှင်ပင် အသည်းထဲ စိမ့်၍ စွဲလမ်းနှစ်သက်ခြင်း ကို ဖြစ်စေသော ရူပါရုံကလေးပင် ဖြစ်၏ ။


သို့ပါသော်လည်း စိုးညွန့်ဦး သည် ဤမျှလောက် ရွစိရွစိ မဖြစ်ထိုက်ပါ ။ ညီမဖြစ်သူ ဆင့်ဆင့်မာ ကပင် မျက်စိနောက်နေမိသည် ။


“ ကိုကို့ ဟာက အဖြစ် သည်းလွန်းတယ် ။ သူ က ဘယ်လို သဘောထား ဦးမယ်မှ မသိဘဲဟာ ။ ဒါလောက်တောင် ဖြစ်နေရသလား ”


“ ဟဲ့ ... ငါတို့ က တော်ရုံ ရေစက် မဟုတ်ဘူး ”


“ တော်ရုံရေစက် မဟုတ်ရင် အတော်ကြီးတဲ့ မော်တော်ကြီး ဖြစ်မှာပေါ့ ”


“ တော်စမ်း ... ဒီကောင်မလေး နားမလည် ပါးမလည်နဲ့ ။ ငါ တောင် သူ့ဓာတ်ပုံကို မြင်လိုက်ရုံနဲ့ ဒန့်ခနဲ ဖြစ်သွားသေးတာ ၊ သူ လည်း ငါ့ ကို လာတွေ့ ရင် ... ” 


“ ဂစ်ဆို ဇတ်ဇတ် ဇတ်ဇတ် နဲ့ တက်သွားမှာ ပေါ့နော် ”  


“ ခွေးမလေး ... ” 


စိုးညွန့်ဦး သည် ညီမငယ်ကို ထိပ်ပိတ်ခေါက်လိုက်၏ ။ ဆင့်ဆင့်မာ သည် ရယ်မော၍ ရှောင်ပြေး သွားတော့သည် ။


ဒီအတိုင်းသာ သွား မကြာတော့ပါ ။ စိုးညွန့်ဦး ၏ လည်တိုင်မှာ ပုလင်းကို ဟင်းနုနယ် နှင့် နယ်ပြီး ဆွဲဆန့်သလို ပျော့ခွေလိမ်ကောက် ကျသွားမည်ပင် စိုးနေရသည် ။ ပြွန်တန်ဆာ သို့ သွားနေသော ဖခင်ကြီး ၏ အပြန်ကို တမျှော်တည်း မျှော်နေ၏ ။ ဦးမြတ်ခင်  အလုပ်လုပ်နေစဉ် က နိုင်ငံခြား သွား၍ ပြန်လာသော နေ့ကပင် လေဆိပ် လိုက်ရမှာ ခပ်အင်အင် ဖြစ်နေခဲ့ရာ မိခင် က တဖွဖွပြောမှ ပျင်းရိပျင်းတွဲ အဝတ်အစား လဲ၍ လိုက်ခဲ့၏ ။ ယခုတော့ တမျှော်တည်း မျှော်နေသည် ။ မိခင် ကပင် မျက်စိ နောက်လာ၏ ။


“ စိုးညွန့်ဦး နော် ၊ တော်တော်ပဲ အဖြစ် သည်းနေ ၊ တမျှော်တည်း မျှော် နေလိုက်တာ ။ တယ် ... ငါ စကားပုံ ရိုင်းရိုင်း နှိုင်းလိုက်ရ ၊ နင်က တော်ရုံ ၊ နင့်အဖေ ကပါ ဒုက္ခတွေ များ သွားမှာ စိုးလို့ ငါ မပြောတော့ပါဘူး ”


“ နို့ ... မေမေတို့ ကပဲ သင့်တယ်ထင်လို့ စီစဉ်တာ မဟုတ်လား ”


“ အေးလေ ... ငါတို့ က သင့်တယ် ထင်ရုံ ထင်နေတာ ၊ နင်က ဘာဖြစ် လို့ မျောက်မီးခဲ ထိုင်မိသလို ရွစိရွစိ ဖြစ်နေရတာလဲ ။ နင့်အဖေ စကား နဲ့ ပြောရရင် အိုဗာအိုက်တင်တွေ သိပ်ဖြစ်နေတာကိုး ”


ဒီလို ပြောလိုက်တော့လည်း စိုးညွန့်ဦး မှာ စပ်ဖြီးဖြီးနှင့် ကုပ်သွားပြန်လေ၏ ။ သူ့ အိပ်ခန်းထဲ သူ သွားကာ ဓာတ်ပုံလေး ကို ရင်ဝယ်ပိုက်၍ စိတ်ကူးတွေ ယဉ်ချင်တိုင်း ယဉ်ပစ်နေသည် ။ နန္ဒမူ နှင့် လက်ချင်း တွဲ၍ သက်ညှာစော တို့ အိမ်ရှေ့ မှာ လမ်းနိမ့်ပြီး စည်ပင်သာယာအဖွဲ့က တရားစွဲရ အောင်ပင် ခေါက်တုံ့ခေါက်ပြန် လမ်းသလားပြမည် ဟု စိတ်ထဲက ကြုံးဝါးနေသည် ။ သို့သော် သူ ကြုံးဝါးနေသည် မှာ စိတ်ထဲ က လည်း ဖြစ်ပြန် ၊ ပဲလှော်တွေ ကိုလည်း မဟုတ်သဖြင့် ဗိုက်တော့ မပြည့်ပါချေ ။


“ ဟော ... ဖေဖေကြီး ပြန် လာပြီ ”


ဆင့်ဆင့်မာ ၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည် နှင့် စိုးညွန့်ဦး သည် ခုတင် ပေါ်က လွှားခနဲ ခုန်ဆင်း၏ ။ တစ်ခဏချင်းပင် အပြင်သို့ ရောက်လာသည်  ။ ပြီးတော့ ဟိုဟိုဒီဒီ ကြည့်ပါသော်လည်း သူ့ အဖေ နှင့် တူသည် ကို ရေစည်ပင် မတွေ့ရသဖြင့် ဆင့်ဆင့်မာ ကို လှမ်းမေး၏ ။


“ ဟဲ့ ... ဘယ်မလဲ ” 


“ ဘာလဲ ကိုကို ရဲ့ ”


“ ဖေဖေ ပြန် လာပြီဆို ”


“ အို ... ဒီကောင်လေးရဲ့ အဖေ ကြောင်ကြီး ပြန်လာတာ ပြောတာ ”  


ဆင့်ဆင့်မာ သည် ရင်ခွင် ထဲတွင် ပွေ့ထားသော ကြောင်ကလေး ကို မြှောက်ချီပြသည် ။ ကောင်မလေး တမင် လုပ်မှန်းသိ၍ စိုးညွန့်ဦး သည် ရှက်ရှက်နှင့် ထိပ်ကို ပိတ်ခေါက်၏ ။


အသက် ၁၇ နှစ် ရှိပြီ ဖြစ်သော်လည်း အိမ်တွင် အငယ်ဆုံး ဖြစ်သဖြင့် ဆင့်ဆင့်မာ သည် ကလေးငယ်ပမာ အမေ ကို ငိုယို၍ အော်တိုင်သည် ။ 


“ ဟောဒီမှာ  ၊ မေမေ သူများ ထိပ်ကိုချည်း ပိတ်ပိတ်ခေါက်နေတာပဲ ။ အိပ်ရာထဲ သေးတွေပါရင် ကိုကိုပဲ လျှော်ပေးရမယ် ”


သေသောသူ ကြာရင်မေ့ ၊ ပျောက်သောသူ ရှာရင်တွေ့ ဟူသော စကားပုံ တစ်ခု ရှိလေသည် ။ ပျောက်သောသူပင် ရှာလျှင် တွေ့နိုင်ရကား ဦးမြတ်ခင် တစ်ယောက်မှာ ပျောက်သည် လည်း မဟုတ် ၊ အထား မှားနေခြင်းလည်း မဟုတ်သဖြင့် မရှာဘဲနှင့်ပင် ပြန်၍ တွေ့ရပေတော့သည် ။ ခါးကို သားရေကြိုးစည်း၍ အိမ်တိုင်နှင့် ချိတ်ဆွဲထားသလို အချိန်တန်လတ်သော် အိမ်ကို ဗတ်ခနဲ ပြန်ကပ်ရသည် သာတည်း ။ 


စိုးညွန့်ဦး ၏ အသံကား သူ့ထက်ကဲ ဖြစ်နေလေတော့၏ ။ 


“ ဖေဖေ ... .ဘယ့်နှယ်လဲ ၊ ဟန်ကျရဲ့ လား ” 


အဘိုးကြီး ၏ မျက်နှာပုံပန်းကား သူ မျှော်လင့်ထားသလို မလာပါ ။ မျက်နှာကြီးကို ရှုံ့မဲ့၍ ညည်းညူသလို ဖြစ်နေသည် ။


“ ဟာ ... ဟန်မယ် မထင်ပါဘူးကွာ ” 


“ ဟင် ... ဒီတောင်က မကျော်နိုင်တော့ဘူးလား ”  


“ ဘာလဲကွ ... မင်း စကားက ” 


သားအဖနှစ်ယောက် တည်း စကား အပေါက်တွေ လွဲနေသဖြင့် ဒေါ်စိန်မြိုင် က စိတ်မရှည်နိုင်တော့ဘဲ ဝင်၍ ပြောတော့သည် ။


“ ရှင်းရှင်းလေး ပြောစမ်းပါဦး ကိုမြတ်ခင် ရဲ့ ။ ဘယ်လို မဟန်တာလဲ ၊ ကောင်မလေး က ဓာတ်ပုံ ထဲကလို ရုပ်မလှဘူးလား ” 


“ ဟာ ... ဓာတ်ပုံ ထဲ က ထက်တောင် လှသေးတယ် ၊ အသားလေးများ

စိုပြည်လို့ ”


“ ဒါဖြင့် အကဲခတ်ရသလို ဣန္ဒြေ မရှိ နန့်တန့်တန့် ... ”


“ အို ... ဣန္ဒြေ ရှိလိုက်တာမှ အလွန်ပဲ ။ ပိပြားလိုက်တာကလည်း လမ်းကြိတ်စက် ကြိတ်ထားတဲ့ ဆန်ကော ကျနေတာပဲ ”


“ ဒါဖြင့် ဘာဖြစ်နေသလဲတော့ ။ သူ့မှာ တီဘီ ရှိသလား ၊ ကင်ဆာ ဖြစ်နေသလား ”


“ တုပ်ကွေးကလေး လောက်တောင် ဖြစ်မနေပါဘူးကွာ ၊ ကျန်းမာရေး ကလည်း ဒေါင်ဒေါင်မြည် နေတာပဲ ”


“ ဒါဖြင့် ဘာက မဟုတ်တာလဲ ရှင့် ၊ ရှင့် စကားကလည်း နေရာမကျလိုက်တာ ” 


“ ငါမပြောတတ်ပါဘူးကွာ ၊ တစ်မျိုးကြီးတော့ ဖြစ်နေတာပဲ ။ သူတို့ လာကြပါလိမ့်မယ် ။ ပြီးတော့ သူ့ မှာ ဦးလေး တစ်ယောက် ရှိသေးတယ်ကွ ”


မူလကပင် ဘဝင်မကျ ဖြစ်နေသော ဒေါ်စိန်မြိုင် မှာ ဤသို့ ပြောလို က်သောအခါ ပို၍ ဆိုးသွားသည် ။ ဘဝင်ကြီး သည် အာစောက်ကို တက် ၍ ဆောင့်လေတော့၏ ။

 

“ အို ဘယ့်နှာလဲရှင် ၊ ဦးလေး ရှိတာ အပြစ်လားတော့ ။ သူ လည်း တစ်ကောင်ကြွက်မှ မဟုတ်တာ ။ ဦးလေး လည်း ရှိချင် ရှိမယ် ။ ဘကြီးတွေ ၊ မရီးတွေ .. အို အဘိုး အဘွားတွေ ဘေးတွေ ဘွားတွေ ၊ တူဝမ်းကွဲတွေ ၊ ခဲအို ဝမ်းကွဲတွေ ရှိမှာ ပေါ့ ၊ ဒါ ဘာဖြစ်သလဲ ”


“ ဘာဖြစ်ရမှာ လဲကွ ၊ ငါပြောချင်တာက ကောင်မလေးက သူ့ ဦးလေး စကားကို သိပ်နားထောင်တာ ။ သူ့ ဦးလေး ဦးဘကောင်း က သေဆို သေ ၊ ရှင်ဆို ရှင်တယ် ။ ဒါ ခွကျတာပေါ့ ” 


ဒေါ်စိန်မြိုင် မှာ ရယ်များ ပင် ရယ်မိတော့သည်  ။


“ ဖြစ်မှ ဖြစ်ရလေတော် ၊ ဒါ ပိုပြီး ကောင်းတာပေါ့ ။ တကယ်လို့ ကောင်မလေး က စိုးညွန့်ဦး ကို သဘောမကျလို့ ငြင်းချင်ရင်တောင် မှ သူ့ ဦးလေး သဘောကျရင် မီးသေသွားတာပေါ့ရှင် ”


ဦးမြတ်ခင် ကတော့ မရယ်ပါ ။ မျက်နှာကြီး ကို ရှုံ့မဲ့ပြန်လေ၏ ။ 


“ သူကလည်း တစ်မျိုးကြီးပါပဲကွယ် ”


“ အို ... ဖေဖေ့ဟာကလည်း တစ်မျိုးကြီးတွေပါပဲလား ။ ဘာပဲဖြစ်ဖြစ် လေ ... ကျွန်တော် ဟာ နန္ဒမူ က သဘောမကျရင်တောင် သူ့ ဦးလေး ဘောကျအောင် စည်းရုံးပြပါ့မယ် ”

 

စိုးညွန့်ဦး က အားတက်သရော ပြောသော်လည်း ဦးမြတ်ခင် ကမူ ခပ် လေးလေးပင် ပြန်ဖြေသည် ။


“ အင်းလေ ... ရောက်တော့လည်း ကြည့်ကြသေးတာပေါ့ကွာ ”


•••••   •••••   •••••


( ဖိုး )


ချိန်းထားသည့် ရက်ကိုတော့ ရောက်ခဲ့ပါပြီ ။


ရောက်ခဲ့သည့် အတွက်လည်း စိုးညွန့်ဦး တစ်ယောက် ဘူတာစင်္ကြံ ပေါ်တွင် ဟိုလျှောက် ဒီလျှောက် နှင့် ပျာယာခတ်နေသည် ။ “  ပုဏ္ဏား သားလိုချင်တိုင်း ဖင်ဖြဲကြည့်သည် ” ဟု စကားပုံ ရိုင်းရိုင်းပင် နှိင်းချင်စရာ ၊ စိုးညွန့်ဦး  တစ်ယောက်ကတော့ ရထား ကို ဝင်လာစေချင်တိုင်း သံလမ်းတစ်လျှောက် အဝေးသို့ နင်းကန် မျှော်ကြည့်နေ၏ ။ သားဖွားသည် ဆိုခြင်းမှာ ကိုယ်အာသာပြင်းတိုင်း ဖြစ်သည် မဟုတ် ။ အချိန်တန် တော့ ဖြစ်ရသည့်နည်းတူပင် ရထားကြီးသည် လည်း စိုးညွန့်ဦး မျှော်တို င်းတော့ မရောက်လာ ။ အချိန်တန်တော့မှ ပင် တဝုန်းဝုန်း တဒိုင်းဒိုင်းနှင့် ဝင်ရောက် လာလေ၏ ။


ဘူတာစင်္ကြံ တွင် လူတွေ ပျားပန်းခတ်မျှ လူးလာတုံ့ခေါက် ရှုပ်ထွေး ကုန်၏ ။ စိုးညွန့်ဦး သည် လည်း လူကြားထဲ တိုးကာ ဆင်းလာသော ခရီးသည် များကို အတင်းပင် လည်တိုင် ဆန့်၍ ကြည့်လိုက် ၊ ရှေ့သို့ တိုးလိုက် နှင့် လုပ်နေ၏ ။


မတွေ့သေးချေ ။


ဆင်းလာသည့် လူတွေကလည်း အများကြီး ၊ စင်္ကြံမှ လူတွေ ကလည်း အများကြီးနှင့် ရှုပ်ထွေး ပွေလီနေချိန်ဝယ် ဟိုတိုး သည်တိုး နှင့် စိုးညွန့်ဦး ၏ ရှေ့သို့ ရောက်လာသော လူတစ်ယောက်မှာ အလိုက်မသိ အားမနာ အရပ်ကြီး ခြောက်ပေ နီးပါးခန့် မြင့်နေသည် ။


“ တောက် .. သင်းအမေ မွေးတုန်းက ညှပ်နဲ့ ဆွဲထုတ်တာ ခြေနှစ်ဖက် ကိုမှ ညှစ်ဆွဲမိ နေရော့သလားကွာ ”


စိုးညွန့်ဦး ၏ စိတ်က မကျေမချမ်းနှင့် စိုးညွန့်ဦး ကို ပြောသည် ။ သူ့ ကို စိတ်ဆိုး နေ၍ မပြီး ၊ ခရီးသည် တွေ အကြား မှာ အကြို လာသူကို ဖွေရှာဖို့ က အရေးကြီးသည် ။


ခြေဖျား ထောက်၏ ။ ဝေးစွ ခြောက်ပါး ။ ဟိုလူကြီး ၏ ကုပ် မှ ပွေးကွ က်တွေကို သာ တွေ့ရသည် ။ ပို၍ ထောက် ပို၍ ထောက် ... အယ် ... ခြေဖ ဝါးအကြောတင် သွားပါပေါ့ ။


စိုးညွန့်ဦး သည် ကပျာကယာ ခြေဖဝါး ကို နှိပ်ရ၏ ။ လုံးလုံး မပျောက် သွားစေကာမူ သက်သာရာရသည် နှင့် တစ်ပြိုင်နက် ပြန် မျှော်ကြည့်၏ ။ လူကြီး အင်္ကျီ နောက်မှ ဖားဥတွေ ၊ ခြေဖျား ထောက်၏ ။ ပွေးကွက်တွေ ၊ ထပ်ထောက် ... အလို မဖြစ်မဖြစ် ... ခြေဖဝါး အကြောတင်ဦးမည် ။


“ ကဲ ... လာလေရော့ ”


ရသည့်အကြံ ချက်ချင်း နှံသော စိုးညွန့်ဦး သည် ရှေ့က လူကြီး ၏ ပခုံး များကို နောက်မှ နေ၍ လက်နှစ်ဖက်နှင့် ထောက်ကာ ခုန်ကြည့်၏ ။ ရှေ့က လူကြီးသည် မည်သည့် သမထဗေဒင် ကို မှ ကြည့်ခဲ့ပုံ မရပေ ။ အဘယ်ကြောင့် ဆိုသော် ဤနေ့ ဤနာရီတွင် သူသည် ရန်ကုန်ဘူတာကြီး စင်္ကြံ တွင် နောက်ကလူက ပခုံးနှစ်ဖက် ဖိထောက်ခြင်း ခံရလိမ့်မည် ဟု သိဖို့ နေနေသာသာ တွေးပင် တွေးမိဟန် မတူသောကြောင့်ပင် ဖြစ်၏ ။


တစ်ချီတည်း ပျော့ခွေကျသွားပါသည် ။ အရပ် ရှည်သော်လည်း ဒူး တွေက ခိုင်ပုံမရ ။ စိုးညွန့်ဦး က သူ့ပေါ် ကျော်၍ ကြည့်မိသည့် ခဏတွင် ပင် ထိုလူကြီး၏ ကိုယ်ခန္ဓာ ငေါင်းစင်းစင်းကြီး မှာ ဖင်လိမ် ခါယမ်း၍ ပရမ်းပတာပင် ပျော့ခွေ၍ ပုံကျသွားတော့သည် ။ အပေါ်က စိုးညွန့်ဦး က ကော ဘာသားနှင့် ထုထားသည် မို့ ခံနိုင်ပါမည်နည်း ။ ဂျုံအိတ် ကို လော်ရီ ပေါ်မှ ကန်ချလိုက်သကဲ့သို့ ဖုန်းခနဲ ကျပါ၏ ။ စင်္ကြံ ကြမ်းပြင်ပေါ်တွင် နှစ်ယောက်တည်းနှင့် ထွေးနေကြသည် ။


လူတွေ ဝိုင်းအုံလာကြ၏ ။ ကနဦး မျောက်ပွဲ မှတ်၏ ။ နောက်တွင် လူ ပွဲမှန်းသိသော် ပို၍ စိတ်ဝင်စားကြသည် ။ နှစ်ယောက်သားမှာ ရန်ဖြစ် နေကြသည် မဟုတ် ။ ရည်ရွယ်ချက်တူ ဖြစ်သော “ လူပီပီ ခြေနှစ်ချောင်းဖြင့် မတ်တတ် ပြန်ရပ်မည် ” ဟူသည် ကို ဖြစ်အောင် ကြိုး ပမ်းနေကြခြင်းသာ ဖြစ်လေသည်  ။ သို့သော် အချိ န်မတူညီခြင်းက စကား ပြောသွားပေ၏ ။


ဟိုလူကြီး ထချိန်တွင် စိုးညွန့်ဦး က ဖိ၍ ကျသည် ။ စိုးညွန့်ဦး က ကုန်းထမည် ကြံတော့ ဟိုလူကြီး က လည်း ကုန်းထပြန်ရာ ခြေတစ်ဖက် လက်တစ်ဖက် ကြွတက်လာသော စိုးညွန့်ဦး သည် “ အထောက်အပင့် မရှိ သည် ကို ကြောက်ခြင်း ”  ဟူသော ကလေးဘဝ က ကြောက်စိတ် ပြန်ဝင် ကာ မြေတွင် ထောက်ဖိထားသော ခြေတစ်ဖက် ကို အားပြု၍ ဖိချပြန်ရာ နှစ်ယောက်စလုံး တဖုန်းဖုန်းနှင့် ဖြစ်နေကြ၏ ။ မြေတွင် ကျ၍ လည်း တဖုန်းဖုန်း ၊ လုံချည်အဝတ်တွေ လန်ကုန်၍ လည်း တဖုန်းဖုန်း ။


ရုပ်ရှင်စကားနှင့် ပြောရလျှင် ရဟာဆယ် ၊ အပြီးသတ် ရဟာဆယ် နှင့် ဖိုင်နယ်တိတ်ကျမှ နှစ်ယောက်သားသည် လူပီပီ ရပ်မိကြတော့၏ ။ သို့ သော် နှစ်ယောက်စလုံးမှာ တစ်ယောက် ကို တစ်ယောက် ရန်ဖြစ်ခြင်းလည်း မရှိ ၊ တောင်းပန်ခြင်းလည်း မရှိဘဲ ဇောကောင်းကောင်း နှင့်ပင် လည်တိုင်ဆန့်ကာ လူအုပ်ကြား ထဲ တိုးဝင်သွားကြသဖြင့် ဝိုင်းကြည့်ရကျိုး မနပ်တော့ချေ ။


“ ဟယ် ... ကိုစိုးကြီးပါလား ”


ပျော့အိပူနွေးသော လက်ကလေး က သူ့ လက်ဖျံကို အုပ်ကိုင်လာသည် ။ စိုးညွန့်ဦး က လှည့်ကြည့်၏ ။ ခေတ်ဆန်သော မိန်းကလေး နှစ်ယောက် အနက် တစ်ယောက် က ဖမ်းဆုပ် ဆွဲကိုင်၍ ပြောလိုက်ခြင်း ဖြစ်သည် ။ သူတို့ လည်း ဤရထား ပေါ်မှ ပင် ဆင်းလာကြခြင်း ဖြစ်ပေ၏ ။ 


“ ဘာငိုင်နေတာလဲ ၊ မမှတ်မိတော့ဘူးလား ”


“ မှတ်မိပါတယ် ”


စိုးညွန့်ဦး က ပြောမည့်သာ ပြောရသည် ။ သူ့ အာရုံကမူ ရထား မှ ဆင်းလာကြဦးမည့် မိသားစု ထံသို့သာ ရောက်နေ၏ ။ ဤ မိန်းကလေးနှစ်ယောက် တစ်ယောက် နှင့် အကြောင်းပြုကာ သက်ညှာစော ကို ခင်မင်ခဲ့ရခြင်း ဖြစ်သဖြင့် ရုတ်တရက် ပစ်ပစ်ခါခါ လုပ်၍ တော့ မကောင်းသဖြင့် ဟန်လုပ် စကားရှည် နေရခြင်းဖြစ်သည် ။


“ မှတ်မိပါတယ်ဆိုရင် နာမည် ကို ခေါ်စမ်း ”


မဟာချောက်ကြီး ထဲ ကျရပါပြီ ။ ကမန်းကတန်း စဉ်းစား၏ ။ အပြင်းအထန် စဉ်းစား၏ ။ အနီးစပ်ဆုံး ခေါင်းထဲ ရောက်လာသော စကားလုံး မှာ နာမည်တော့ ဟုတ်ဟန်မတူ ။ သို့သော် ဤစကားလုံး အထိသာ စဉ်းစား၍ ရတော့သည်  ။


“ ခေါ်ပါလေ ၊ ဘာလဲ ... မေ့နေပြီလား ”


မတတ်သာတော့ပြီ ။ မှတ်မိသရွေ့ကိုပဲ ပြောချရတော့မည် ။


“ သိပါတယ်လေ ၊ နာမည်က နီတာရဲ ”


“ သွား .. ဘယ်တော့မှ မခေါ်နဲ့ တော့ ”


“ စိတ်မဆိုးပါနဲ့ ကွာ ”


“ သီတာဘဲ ဆိုတဲ့ နာမည် ကို တမင်ဖျက်ပြီး နီတာရဲ ဆိုတာ ကိုမှ စိတ်မဆိုးရင် ဘာကိုစိတ်ဆိုးရမှာ လဲ ” 


“ အေးပါ ... မနက်ဖြန် မှ လာချော့မယ် ၊ ကိုယ့် ဘကြီးတွေ ကို ကြိုစရာရှိလို့ ” 


စိုးညွန့်ဦး က အူယားဖားယား စကားဖြတ်ပြီး ထွက်ရန် ဟန်ပြင်လိုက်သော်လည်း ကျန်သော မိန်းကလေး တစ်ယောက်က လက်ကို ဆွဲထားသည် ။


“ ကိုစိုးကြီး က ဘဲဘောင်းဘီတွေ နဲ့ ဆိုတော့ ကြည့် ကောင်းသား ၊ ဆက်ကပ်ထဲက လူပြက်ကြီး ကျနေတာပဲ ။ ဒါထက် အစော တစ်ယောက် ကော ... ခေါ်မလာဘူးလား ”


စိုးညွန့်ဦး သည် သက်ပြင်းရှည် ချမိတော့သည် ။ 


“ အစော ကိုယ့် ကို ပစ်သွားပြီ ” 


“ မဖြစ်နိုင်တာပဲ ၊ မိန်းကလေးပဲ ကိုစိုး ရာ ... ”


“ မိန်းကလေးမို့ ရည်းစားများ တာပေါ့ ၊ အဘွားကြီး ဆိုရင် နန့်ပါ့မလား ” 


“ တော်ပါ ၊ ကိုစိုး သာ မိန်းမတွေ ရဲ့ အသည်း ကို လိုက်လိုက်ခွဲနေတာ ”  


“ ထားပါတော့ ။ ဒါပေမဲ့ မိန်းမတွေရဲ့ အသည်း က ရေမြှုပ်လို ဖြစ်နေတော့ ခွဲလို့ မရဘူးဟေ့ ၊ ပါးစပ် နဲ့ ကိုက်ဖဲ့မှ ရတော့မှာ ပဲ ”


ကောင်မလေးများ သည် ရယ်မော၍ နှုတ်ဆက် ထွက်သွားကြလေ၏ ။


စိုးညွန့်ဦး သည် ပတ်ချာလည် လှည့်၍ ကြည့်လိုက်၏ ။ နောက်ကျ သွားလေပြီ ။ ဘူတာရုံစင်္ကြံ တွင် လူတွေ အတော် ရှင်းသွားပြီ ဖြ စ်၏ ။ ခပ်လှမ်းလှမ်း တွင် ကု,လားအဘိုးကြီး တစ်ဦး နှင့် ဟိုးအဖျားဘက် တွင် လူအနည်းငယ် တွေ့ရ၏ ။ ဘာပဲဖြစ်ဖြစ် ရှာဖွေပြီ ဆိုလျှင် ကျောက်တုံးပါ မကျန် လှန်၍ ရှာရပေတော့မည် ။


မသိမသာ တီးခေါက်ကြည့်ရန် ကု,လားအဘိုးကြီး နားသို့ ချဉ်းကပ်လိုက်သည်  ။


“ ဒီမှာ .. ခင်ဗျား ပြွန်တန်ဆာ က ...”


“ တန်ဆာက လက်မှတ်လား ၊ ရှိပါတယ် ”


အဘိုးကြီးသည် အထုပ် ကိုင်လိုက် ၊ အိတ်ကြီး ကိုင်လိုက်နှင့် ရှာဖွေတော့မည် ဖြစ်ရာ မဟုတ်တော့ပြီ ကို သေချာသဖြင့် “ နေပါစေတော့ ၊ ရှိရ င်လည်း ပြီးရော ” ဟု ဆိုကာ စိုးညွန့်ဦး သည် အဖျားပိုင်း လူစု ဆီသို့ ခပ်သွ က်သွက်ကလေး လျှောက်ခဲ့ရသည် ။


အဒေါ်ကြီး တစ်ယောက် ၊ မိန်းကလေး တစ်ယောက် နှင့် လူသုံးလေးယောက် စကားတွေ ကျယ်လောင် ကျယ်လောင်နှင့် ပြောနေသည် ။ ကလေးမ က ရှင်းပြနေပုံ ရှိ၏ ။


“ ဒီဘက်က ပစ္စည်းတွေ ကို ဂရုစိုက်နေတုန်းမှာ အဲဒီ တောင်းလေးကို ဆွဲသွားတော့တာပဲ ။ ရှိပါစေတော့လေ ၊ သွားကြပါစို့ ”


အဒေါ်ကြီး က မကျေမချမ်း ဖြစ်နေသည် ။ ထိုအခိုက် စိုးညွန့်ဦး သည် တီးခေါက်စုံစမ်းရန် လုပ်ငန်း စတင်လိုက်၏ ။ နန္ဒမူ ၏ မိခင် မှာ ဒေါ်မိမိ ဟု မိမိ က သိထားသည် မဟုတ်လား ။


“ ဪ ... ဒေါ်မိမိ လား ”


အဒေါ်ကြီး ချာခနဲ လှည့်လိုက်ပြီး ရင်ထဲ က မကျေချမ်းသမျှတွေ ပေါ က်ကွဲ ထွက်ပေါ် လာလေတော့၏ ။


“ မမိလိုက်လို့ သာပေါ့ကွယ် ...  ၊ ခြင်းတောင်း ကို အလစ် ဆွဲတဲ့ ကောင် များ မိလိုက်ရင် မျက်ခွက် စုတ်ပြတ်အောင် ဖိနပ်နဲ့ ချပစ်လိုက်မှာ ဟင်း ”


“ ဟင်း ... ”


အဒေါ်ကြီး ၏ ' ဟင်း ' မှာ မကျေချမ်းသည့် ဟင်း ။ စိုးညွန့်ဦး ၏ ' ဟင်း '  ကား စိတ်ပျက်လက်ပျက် မှိုင်ချသည့် ' ဟင်း ' ပင် ဖြစ်ပေ၏ ။


မတတ်နိုင်ပါ ။ သူတို့ လည်း လိပ်စာ သိပြီးဖြစ်၍ သွားနှင့်ကြပေရော့မည် ။ အိမ်ကျမှ ဖျောင်းဖျ တောင်းပန်ရချေတော့မည် ။


 •••••   •••••   •••••


( ဖိုက် )


အိမ်ထဲသို့ ဝင်လိုက်မိသည် နှင့် တစ်ပြိုင်နက် ဦးဘတိုး ဟု ယူဆရ သော ဖခင်ဖြစ်သူ နှင့် ထိုင်စကား ပြောနေကြသည် ကို တွေ့ရတော့၏ ။ စိုးညွန့်ဦး ကို မြင်လျှင်မြင်ချင်းပင် ဦးမြတ်ခင် က -


“ ဟေ့ ... ဘယ်လို ဖြစ်လာတာလဲကွ ၊ တကူးတက သွား ကြိုခါမှ လွဲလာ ခဲ့ရတယ်လို့ ”


ဟု အပြစ်တင် လေသံကလေး ရွတ်၍ လှမ်းပြောလိုက်သောကြောင့် စိုးညွန့်ဦး မှာ ရယ်ရွှန်းပတ်ရွှန်း လုပ်ရတော့သည်  ။


“ ဪ .. အပေါင်းအသင်းတွေနဲ့ တွေ့ပြီး အတင်း ဝိုင်းဆွဲ စကားပြော နေကြလို့ လူချင်း လွဲသွားတာပါ ။ ဒါထက် နန္ဒမူ ကော ... ”


သူတွေ့ လိုစိတ် ပြင်းပြနေသည် မှာ ဦးဘတိုး မဟုတ် ၊ နန္ဒမူ သာ ဖြစ် သည်  ။ ဒီတော့ ဒီအသားမည်းမည်း ဗိုက်ရွှဲရွှဲနှင့် တစ်နေကုန် ထိုင်ကြည့် ၍ မှ ပိုက်ဆံနှစ်ပြား ပေးရမည် ဆိုလျှင် ဝန်လေးစရာ ဖြစ်သော ရူပကာကြီး ကို ဘာကြောင့် ကြည့်နေရပါမည်နည်း ။


ဦးမြတ်ခင် သည် ပြုံးစနဲ့ နဲ့ နှင့်


“ ရောက်နေပါပြီကွာ ၊ လူ လန်းသွားအောင် ရေချိုးလို့  ၊ ဟောဟို အခန်းထဲမှာ  ”


ဟု ပြော၍ မေးငေါ့ပြသည် ။


ထိုအခန်းမှာ မိခင် နှင့် ညီမလေးတို့ သနပ်ခါး လိမ်းသော အခန်း ဖြစ်၏ ။ ခါတိုင်းဆိုလျှင် စိုးညွန့်ဦး သည် ထိုအခန်း ကို မျက်စောင်းမျှပင် မထိုး မိချေ ။ ယခုတော့ ဓာတ်ပုံ မဟုတ်ဘဲ လူသား ပကတိကို တွေ့လိုလှသော ဇောကပ်နေသည် ဖြစ်၍ ဘာမျှ မစဉ်းစားမိဘဲ အူယားဖားယားပင် ဇွတ် ဝင် သွားမိလေ၏ ။


“ အို ... ”


နန္ဒမူ သည် ထဘီရင်ရှား နှင့် ခြေတစ်ဖက် ကို လှန်ကာ သနပ်ခါးလူး နေရာမှ လှုပ်ရှားသံကြောင့် လှည့်အကြည့်တွင် စိုးညွန့်ဦး ကို မြင်လိုက်ရ သဖြင့် ရှက်သွေး ဖြာသွားကာ အော်မိခြင်း ဖြစ်သည် ။


နန္ဒမူ သည် အော်ရုံ ဖြင့် ရပ်မသွားဘဲ အနားက တန်းနိမ့်ကလေး ပေါ်မှ မျက်နှာသုတ်ပဝါ ကို ဆွဲခြုံ၍ စိုးညွန့်ဦး ကို ကြည့်နေသည် ။ သူက မျက်နှာကို စိုက်ကြည့်ခြင်း ခံနေရသည့် စိုးညွန့်ဦး ကတော့ သူ့ကို မျက်နှာ ပြန်မကြည့်ဘဲ ခြေသလုံးကို ကြည့်နေသည် ကို မြင်သည် တွင် မှ ကပျာကယာ ထဘီစကို ဆွဲဖုံးရသည် ။


နန္ဒမူ  တစ်ယောက်တည်း မဟုတ်ပါ ။ အနားတွင် စိုးညွန့်ဦး ၏ ညီမလေး ဆင့်ဆင့်မာ သည် လည်း ထိုင်နေ၏ ။


“ အို ... ကိုကို ကလည်း ဘယ့်နှယ်ဟာလဲ ...  မိန်းမတွေ သနပ်ခါးလူး တဲ့ အခန်း ထဲ ကို ဝင်လာရသလား ”

 

စိုးညွန့်ဦး မှာ နှလုံးတွေ ခုန်နေ သဖြင့် ထူပူပြီး ပြောမိပြောရာတွေ ကို စက်ရုပ်သဖွယ် ပြောနေ၏ ။


“ ဟင် ... ဟုတ်လား ၊ မိန်းမတွေ သနပ်ခါး လူးတဲ့ အခန်း ထဲကို မဝင်ရဘူးလား ”


“ ဘယ်ဝင်ရမှာ လဲလို့ ” 


“ ဒါဖြင့် မိန်းမတွေ ဘာလုပ်တဲ့ အခန်း ထဲကို ဝင်ရသလဲ ”


“ ဘာလဲ ကိုကိုရဲ့  ၊ မိန်းမပျို ရဲ့ ကိုယ်ပိုင်အခန်း ဆိုရင် သူ့ဘာသာသူ ဘာလုပ်လုပ် ၊ ယောက်ျား မဝင်ရဘူးရှင့် ၊ စကား မရှည်ပါနဲ့ ထွက်ပါ ”


ညီမလေး က နှင်လွှတ် သဖြင့်သာ ထွက်လာရသည် ။ စိုးညွန့်ဦး မှာ အခန်း၏ အပြင်ဘက်နားတွင် ရပ်၍ တွေနေ၏ ။


သူ့ ဖခင် ပြောသကဲ့သို့ပင် နန္ဒမူ သည် ဓာတ်ပုံထဲ က ထက် အလွန့်အလွန် ပို၍ လှသည်  ။ ဒါတောင် သူ့ ဖခင်က သူလို ငါလို မြင်နိုင်သော နေရာတွေလောက် မြင်ခဲ့ရခြင်း ဖြစ်၏ ။ မိမိ ကား ဆရာဝန်လောက် နီးနီး မြင်လိုက်ရသည် ။ အမှန်ဆိုရလျှင် သူစိမ်း လည်း မကျ ၊ ဆရာဝန် လည်း မကျသော မြင်ကွင်းမျိုး ကို မြင်ခဲ့ရသည် ။


တကယ့်ကို လှသော နန္ဒမူ ။


မြင်ခါမှ ပို၍ လိုချင်လာသည် ။ သူ ဘယ်လိုနည်းနှင့်မျှ နန္ဒမူ ကို လက်လွှတ် မခံနိုင်တော့ပါ ။ နန္ဒမူ ကို ရမည် ဆိုလျှင် ဒန်ပေါက်ထမင်းပဲ စား ရစားရ ၊ ကရဝိတ် က ချောကလက် ကိုပဲ မြုံ့ရ မြုံ့ရ သူ ရယူလိုသည် သာ လျှင်တည်း ။


အတွင်းဘက်က စကားသံတွေ ထွက်လာသဖြင့် နားစွင့်မိ၏ ။ 


“ ကိုစိုးညွန့်ဦး ဆိုတာ သူလား ”


“ ဟုတ်တယ်လေ ... မမမူ ၊ ဒါ ဆင့်ဆင့် အစ်ကို ပေါ့ ။ သဘောကောင်း ပါတယ် မမမူရယ် ၊ ရုပ်ကတော့ သိပ်မလှဘူးပေါ့ ”


နန္ဒမူ သည် တွေသွား သလို ခဏမျှ လေသံတိတ် သွားပြီးမှ သာယာ သောအသံသည် ဖြည်းလေးစွာ ထွက်ပေါ်လာသည် ။


“ သဘောတော့ ကောင်းချင် ကောင်းမယ် ၊ ဝတ်ပုံ စားပုံ ဆင်ယင်ပုံကို မမမူတော့ မအင်ရွဲလှဘူး ”


“ အဲဒါ ဘာပြောတာလဲ မမမူ ”


“ ဪ ... သိပ်မနှစ်သက်လှဘူး လို့ ပြောတာ ။ ဘူတာရုံ မှာ ကျိန်ခဲ့သား  ၊ သူ့ နားမှာ မိန်းမငယ်တွေ ဝန်းချာဝိုင်းလို့  ၊ ချစ်သူ ကုံလုံပေါတယ်နဲ့ တူ

ပါတယ် ”


ဆင့်ဆင့်မာ သည် မျက်စိတွေ ပေကလတ် ပေကလတ် ဖြစ်သွားသည် ။ ပြီးတော့ နားလည်သည် ထင်သရွေ့တွေကို ကြိုးစား၍ ပြန်ပြော၏ ။


“ ဆင့်ဆင့် သိရသလောက်တော့ တစ်လောက ကိုကို့ မှာ ချစ်သူရှိတယ် ထင်တာပဲ ၊ ဒါပေမဲ့ ခုတော့ ဘယ်မှာ ကျပျောက်တယ် မသိဘူး ၊ ချစ်သူ လက်လွတ် ဖြစ်နေပုံရတယ် ”


အပြင်ဘက်က စိုးညွန့်ဦး မှာ တစ်ကိုယ်တည်း ဇက်ပုသွားမိ၏ ။ နန္ဒမူ အနေဖြင့် မိမိ ၏ ချစ်သူတွေ ဘာတွေ အကြောင်းကို ပြော မနေစေချင်ပါ ။ နန္ဒမူ     နှင့် မတွေ့ခင် ချစ်ချင်ရာတွေ ချစ်ခဲ့မည် ဖြစ်သော်လည်း သူနှင့် တွေ့ပြီးမှ ချစ်သူ နောက်ထပ် မရှာလျှင် သစ္စာရှိသည် ဟု ပင် ခေါ်နိုင်သည် မဟုတ်ပါလား ။ သူ ကြာရှည် မစဉ်းစားနေနိုင်တော့ပါ ။ အထဲက သာယာချိုအေးသော နန္ဒမူ ၏ အသံသည် ထွက်ပေါ် လာပြန်သောကြောင့် ဖြစ်သည် ။


“ ကဲပါလေ ... ဒါတွေ နောက်မှ ပြောကြသေးတာပေါ့ ၊ ကြေးမုံ ကော ... ကြေးမုံ ”


စိုးညွန့်ဦး မှာ ရွခနဲ ဖြစ်သွားသည် ။ နန္ဒမူ ၏ လိုအင်ဆန္ဒ မှန်သမျှသည် ချက်ချင်းပင် ပြည့်ရမည် ။ ပြီးတော့ ထိုသို့ ဆန္ဒဖြည့်သူမှာ လည်း မိမိ သာလျှင် ဖြစ်ရမည် ။ ဤသို့ ခံယူထားသည် ဖြစ်သောကြောင့် စိုးညွန့်ဦး သည် နန္ဒမူ ၏ ဆန္ဒကို ဖြည့်ရန် ဧည့်ခန်းသို့ တံစူးထိုး ထွက်လာခဲ့၏ ။


သူ ၏ ရှူးရှူးရှဲရှဲကြောင့် ဧည့်ခန်း မှ အဘိုးကြီး နှစ်ယောက်မှာ ခေါင်းထောင်ကြည့်သည် ။ ဦးဘတိုးသည် သတင်းစာ ဖတ်နေရာက မော့ကြည့်မိခြင်း ဖြစ်၏ ။


“ ခဏတော့ သည်းခံပါ ခင်ဗျာ ၊ နန္ဒမူ က လိုချင်လို့ ပဲ ”


တောင်းပန်သော်လည်း တောင်းပန်သည့် စကား မဆုံးသေးခင်ပင် အိုးနင်းခွက်နင်း ဖြစ်နေသော စိုးညွန့်ဦး သည် ဦးဘတိုး ၏ လက်မှ သတင်းစာ ကို အတင်းဆွဲလေ၏ ။ ဘာမှန်းညာမှန်း မသိသဖြင့် ဦးဘတိုး မှာ လည်း -


“ ဟဲ့ .. ဟဲ့ ... ဘယ့်နှယ် မောင်ရင် ၊ ဘာတွေ လာ ဆွဲနေတာလဲကွဲ့” ဟု စူးစူးဝါးဝါးပြောရင်း ယောင်ပြီး လက်ထဲမှ သတင်းစာကြီးကို ပြန်လုနေသည် ။


“ နန္ဒမူ တောင်းနေလို့ ပါ ဦးရဲ့ ”


စိုးညွန့်ဦး က ဤသို့ ထပ်ပြောမှ ဦးဘတိုး သည် လွှတ်ပေးလိုက်သည် ။ လေကဲ့သို့ပင် စိုးညွန့်ဦး သည် အခန်းထဲသို့ စွတ်ခနဲ ဝင်ရောက် သွားပြန်လေ၏ ။


“ အို ... ဟင် ... လာပြန်ပြီ ” 


နန္ဒမူ သည် မျက်နှာသုတ်ပဝါ ကို အူယားဖားယား ဆွဲပြန်၏ ။ ဤတစ်ကြိမ် တွင် မူ ဆင့်ဆင့်မာ မှာ မတ်တတ်ရပ်၍ ထဘီ ပြင်ဝတ်နေသည် ဖြစ်သောကြောင့် နန္ဒမူ သည် မျက်စိများ က စိုးညွန့်ဦး ကို မကြည့်ဘဲ မျက်နှာသုတ်ပဝါဆီ မှန်း၍ လက်ရမ်းဆွဲနေရာ ဆင့်ဆင့်မာ ၏ ထဘီစကြီး ကို ဆွဲမိလေ၏ ။


“ ဟယ် ... ဘာဖြစ်နေတာလဲ ၊ ဆွဲလို့ လည်း မရပါလား ”


“ အို ... မမမူ ဘယ့်နှယ် ဆွဲနေရတာလဲ ”


“ ဆင့်ဆင့် ဖိထားသလား ၊ လွှတ် ... လွှတ် ”


“ အို ... လွှတ်လို့ မဖြစ်ဘူး ထင်တယ် ။ လွှတ်လိုက်ရင် ဆင့်ဆင့် ၊ ဪ  ... အတင်း ဆွဲနေတာကိုး ၊ ဘာလုပ်ဖို့ ဆွဲနေတာလဲ မမမူရဲ့ ” 


“ ခြုံမလို့ ပေါ့ ”


“ ဟာ ... ထဘီကြီး ခြုံလို့ ဖြစ်ပါ့မလား ”


မိန်းမပျိုတွေ ပြဿနာ ဖြစ်နေခိုက် စိုးညွန့်ဦး မှာ သတိရကာ နန္ဒမူ ၏ ရင်ဘတ် အထက်ပိုင်း ဆီမှ မျက်နှာကို လွှဲလိုက်ပြီး ကျောပေး ရပ်လိုက်သည်  ။ လက်နှစ်ဖက် ကိုလည်း သတင်းစာ ကို ကိုင်၍ တင်ပါး နောက်သို့ ပစ်ထား၏ ။ ပြီးတော့ နောက်ပြန် ခုန်ဆွ ခုန်ဆွနှင့် ကပ်လာသည် ။ နန္ဒမူ သည် လည်း မျက်နှာသုတ်ပဝါ ခြုံပြီး သွားပါပြီ ။ ဆင့်ဆင့်မာ သည် လည်း ထဘီကို ပြင်ဝတ်ပြီး၍ ထိုင်မိပါပြီ ။ ဆင့်ဆင့်မာ ကပင် စတင် ၍ အော်၏ ။


“ ကိုကို ... ဘာလာ ပေါက်ပြန်တာလဲ ”


“ နန္ဒမူ အတွက်လေ ...  ၊ သူက လိုချင်လို့ ဆို ”  


နန္ဒမူ မှာ အံ့အားသင့်သွား၏ ။


“ ဘယ်တုန်းက သတင်းစာ ဖတ်မယ် ပြောလို့ လဲ ” 


“ နို့ ... ခုတွင် က ကြေးမုံ ဆို ၊ ဒါ ကြေးမုံ ပေါ့ ”  


“ ဪ ... .ကြေးမုံ ဆိုတာ မှန် ကို ပြောတာပါ ”


“ ဟယ် ... ကျွတ်ကရော ”


စိုးညွန့်ဦး  တစ်ခေါက် ထွက်ရပြန်လေပြီ ။ အပေါက်ဝနား တွင် ခဏမျှ ရပ်၍ တွေနေမိပြန်၏ ။ မိမိ ကား ဗေထိ ဆိုကတည်းက ကွဲလေပြီတည်း ။ ဖခင်ကြီး ပြောသော “ တစ်မျိုးကြီးပါ ”  ဟူသော အရသာ ကို စတင်၍ မြည်းစမ်း ခံစားရချေပြီ တကား ။ ဘာပဲဖြစ်ဖြစ် သူ့ သမီး ၏ အထာ ကို သူ့ အဖေ အသိဆုံး ဖြစ်ရပေမည် ။ ထို့ကြောင့် ဦးဘတိုး ထံမှ စကားစ ရလိုရငြား ဧည့်ခန်းသို့ ထွက်လာခဲ့၏ ။


“ ဪ ... ဦး ... ဟဲ ဟဲ ... ”


စိုးညွန့်ဦး သည် သတင်းစာ ကို ပြန် ကမ်းပေးရင်း ရယ်သွမ်းသွေးလိုက်၏ ။ တစ်ယောက်က ရယ်သွမ်းသွေးသော် တစ်ယောက် က ပြန်၍ မျက်မှောင်ကြီး ကုတ်ပြလျှင် လူမှုရေး ပျက်ကွက်သည် ဖြစ်သောကြောင့် ဦးဘတိုး ကလည်း ဘာမှန်းသာ မသိသည် ၊ ရယ်သွမ်းကိုတော့ဖြင့် ပြန်၍ သွေးရလေ၏ ။


“ ဟဲ ... ဟဲ ... ”


“ အဟင်း ဟင်း .. ဟင်း ... ”


“ အ .. အဟဲ .. ဟဲ ”


ဦးမြတ်ခင် မှာ သူတို့ နှစ်ယောက် ကို ကြည့်နေရာမှ ဝမ်းထဲ ကလိကလိ ဖြစ် လာပြီး သူပါ ရယ်သွမ်း သွေးချင်လာတော့သည်  ။


“ အဟိုးဟိုး ... ဟိုး ”


“ ဟဲဟဲ ... ဟဲဟဲ ” 


“ ဟား ဟား ဟား ဟား ”


“ ဟေး ဟေး ... ဟေး ဟေး ”


“ အလို .. ဘယ့်နှယ် နတ်သူငယ် မြူးတဲ့ အရွယ်တွေလည်း မဟုတ်ပါ ကလားတော် ”


နောက်ဖေးဘက် က ထွက်လာသည့် ဒေါ်စိန်မြိုင် ဝင်ဟောက်လိုက် တော့မှ မျက်နှာပိုးတွေ သတ်ကုန်ကြလေ၏ ။ ဒေါ်မိမိ ပါ ဒေါ်စိန်မြိုင် နှင့် အတူ လိုက်ပါ လာပြီး ဧည့်ခန်းတွင် ဝင်ထိုင်သည် ။


ထမင်း မစားမီ ခဏတစ်ဖြုတ် စကားပြောနေကြခြင်း ဖြစ်၏ ။ အခွင့် ကို ချောင်းလျက်ရှိသည့် စိုးညွန့်ဦး မှာ အခွင့်သာသည် နှင့် တစ်ပြိုင်နက် ဦးဘတိုး နား ကပ်၍ မေး၏ ။


“ ဦး ... နန္ဒမူ က ဘာကိုကြိုက်သလဲ ”


“ ဟေ ... သူကတော့ အရိုး ကို မှ သိပ်ကြိုက်တာ မောင်ရင်ရဲ့ ”  


တစ်ချက်ကလေး ရလိုက်သော စကားသည် စိုးညွန့်ဦး အတွက် လွန်စွာပင် အဖိုးတန်လှပေ၏ ။ အဖိုးတန်လှ၍ လည်း သူ့ ခေါင်းထဲတွင် သံမှို နှင့် စွဲသလို မြဲသွားလေတော့၏ ။


ဤသို့ဖြင့် ထမင်းဝိုင်း၍ စားကြသည့် အချိန်သို့ ရောက်လာခဲ့ချေပြီ ။


အခြေအနေ အရ စိုးညွန့်ဦး သည် နန္ဒမူ ၏ မျက်နှာချင်းဆိုင် က ထိုင်ရသည် ။ အာရုံ ကမူ သူ စားနေသော ထမင်းပန်းကန် ဆီသို့ လုံးဝမရောက် ဘဲ နန္ဒမူ ၏ ထမင်းပန်းကန် တွင်း သို့သာ အာရုံ ရောက်နေ၏ ။ ယခု အခိုက်အတန့် အတွင်းသာ စိုးညွန့်ဦး သည် ဥပစ္ဆေဒကကံ ဖြင့် လောလောလတ်လတ်ကြီးသာ သေသွားမည် ဆိုလျှင် ဒိုင်းခနဲပင် နန္ဒမူ ၏ ထမင်းပန်းကန်ထဲတွင် သံသေဒဇ ပိုးကောင်ကလေး ဖြစ်ကောင်း ဖြစ်သွားပါလိမ့်မည် ။


ဆင့်ဆင့်မာ သည် နန္ဒမူ နားတွင် ထိုင်လျက် နေသည် ဖြစ်ရာ အိမ်ရှင် ပီပီ လောကွတ်တွေ ကြွယ်နေသည် ။ အမှန် ပြောရလျှင် ဆင့်ဆင့်မာ သည် နန္ဒမူ ကို စိတ်ရင်း ထဲ ကပင် ချစ်ခင်နေပြီ ဖြစ်သည် ။


“ မမမူ ... စားလေ ၊ စားပါ ... အားမနာပါနဲ့ ”


ဆင့်ဆင့်မာ သည် ကြက်ပေါင်ကြီး ကို ထည့်ပေး၏ ။ ချက်ချင်းပင် စိုးညွန့်ဦး မှာ “ သေတ္တာ ထဲ က ဂျက် ”  ဖြစ်သွားကာ ထိုင်နေရာမှ ဆတ်ခနဲ ကြွ တက်သွားပြီး -


“ ဟဲ့ ... ဆင့်ဆင့် နင် ဘာနားလည်သလဲ ၊ သူက ဒါတွေ ကြိုက်တာ မဟုတ်ဘူး ဟဲ့ ”

ဟု နှုတ်ကလည်း ပြောရင်း လက်က ဇတ်ခနဲပင် နန္ဒမူ ၏ ပန်းကန် ထဲက ကြက်သားတုံးကြီး ကို သူ့ ပန်းကန်ထဲ ပြောင်းထည့်၏ ။ ထို့နောက် နန္ဒမူ ၏ ပန်းကန် ထဲ သို့ ကြက်ခြေထောက်ရိုးကြီး ကို ထည့်ပေးလေသည် ။


ဆင့်ဆင့်မာ တွင် သာမက ဦးမြတ်ခင် နှင့် ဒေါ်စိန်မြိုင် တို့ ပါ အားနာ လိုက်သည့် ဖြစ်ခြင်း ၊ အထပ်ထပ် တောင်းပန်ကြသည် ။ စိုးညွန့်ဦး ၏ လုပ်ဟန်ကိုလည်း လုံးဝပင် နားမလည်နိုင် ဖြစ်ရချေ၏ ။


နန္ဒမူ ကား မျက်နှာပျက်ပျက် နှင့် ထမင်းတစ်လုတ် နှစ်လုတ် စား၍ ထ သွားသည် ။ နန္ဒမူ  ထသွားမှ ဒေါ်စိန်မြိုင် က သား ကို အပြစ်တင်သည် ။


“ အားနာစရာကြီးဟယ် ၊ မင်းက ဘယ်လို သွား လုပ်ရတာလဲ ”


“ အို ... ဘာလဲ မေမေရဲ့ ၊ မေမေ က မသိလို့ ပါ ၊ သူ က အရိုး ကို မှ သိပ်ကြိုက်တာ ။ နော် ... နော် ... ဟုတ်တယ် မဟုတ်လား ”


စိုးညွန့်ဦး သည် သူ့ ဘာသာ သူ ပြောနေရင်းက ဦးဘတိုး ဘက်သို့ လှည့်၍ သေဖော်ညှိလိုက်ရာ ဦးဘတိုး မှာ ကဏန်း ကို ခဲခဲယဉ်းယဉ်း စားသောက်နေရာမှ ပြူးတူးပြဲတဲ ဖြစ်သွားလေ၏ ။


“ ဟေး .. ဟေး ... ဘာလဲကွ ။ ငါ ဘာမှ မသိဘူးနော် ”  


“ ဘယ်လိုလဲ ဦးရဲ့  ၊ ဦးပဲ ပြောတာပဲ မဟုတ်လား ”


“ ငါ ဘာပြောလို့ လဲ ၊ မင်းနဲ့ ငါနဲ့ ငယ်ပေါင်းကြီးဖော် မဟုတ်ဘူး နော် ၊ ခုမှ တွေ့ကြ ဆုံကြရတာ ”


“ မဟုတ်ဘူး လေ ... နန္ဒမူ က ကြက်ရိုးကြိုက်တယ်လို့ ဦးပြောတယ် ”  


“ ဟာ .. ဘုရားပေးပေး ၊ ကျမ်းပေးပေး ငါ မပြောရပါဘူးကွာ ။ ဪ .. ငါ မှတ်မိပြီ ၊ စောစောက မင်း က ငါ့ သမီး ဘာကြိုက်လဲလို့ မေးတယ် ။ ဒါ ကို ငါ က အရိုးသိပ်ကြိုက်တယ်လို့ ဖြေခဲ့တယ် ။ ဪ ... ဒါကိုး ၊ ဟား ဟား ဟား ဟား ... ” 


ဦးဘတိုး က ပါးစုံကြီးများ ထွက်အောင် ရယ်၏ ။ စိုးညွန့်ဦး ကတော့ မျက်နှာသေကလေး နှင့် တောင်းပန်သည် ။


“ ဦးရယ်..တစ်နေ့နေ့ တစ်ချိန်ချိန် ကျမှ တခြား မှာ ဟားတိုက်တာပေါ့ ၊ အခုတော့ ကျွန်တော့် အဖြစ်ကို ရှင်းစမ်းပါဦး ”


ဤတွင် မှ ဦးဘတိုးသည် အရယ် ရပ်သွားသည် ။ 


“ ဟေ့ ... ငါပြောချင်တာက တင်စားပြီး ပြောချင်တာ ”


“ ဟာ ... ကြက်မှာ တင်ပါး မှ မရှိတာ ဘယ်လို စားမှာ လဲ ”


“ မဟုတ်ပါဘူးကွ ၊ ဥပမာ တင်စားတာ ပြောတာပါ ။ အရိုး ကို အရွက် မဖုံးစေရဘူး ဆိုတဲ့ စကားရှိတယ် မဟုတ်လား ။ ခုခေတ် လူတွေက မြန်မာ့ရိုးရာကို ပစ်ပယ်လွန်းပြီး နိုင်ငံခြားတွေ ကိုပဲ အတုယူလွ န်းတော့ နန္ဒမူ က အရွက် ကို သိပ်မုန်းတယ် ။ အရိုး ကို သိပ်ကြိုက်တယ်လို့ ပြောတာ ။ သူ စကား ပြောရင် ကြည့်ပါလား ။ ရှေးမြန်မာ ပေါရာဏ စကားလုံးတွေ ကို လိုလိုချင်ချင် မြတ်မြတ်နိုးနိုး အသုံးပြုပြီး စကား ပြောတယ် ။ အဲဒါ သူဟာ အရွက် ကို မုန်းပြီး အရိုး ကို သာ မြတ်နိုးတာ ကို ပြတာပေါ့ ”


“ မြတ်စွာဘုရား ... ကယ်တော်မူပါ ဘုရား ”


စိုးညွန့်ဦး သည် ကုလားထိုင် နောက်မှီပေါ် ကျောပြင်နှင့် မှီချလိုက်မိ တော့၏ ။ စိုးညွန့်ဦး ၏ ကံကြမ္မာသည် ထိုနေ့မှ စ၍ ဆိုးဝါးလေသည် ။ နန္ဒမူ သည် တစ်အိမ်သားလုံး ကို ခင်မင်၏ ။ သို့သော် စိုးညွန့်ဦး  တစ်ယောက် ကိုတော့ ဘယ်လိုမှ ကြည့်၍ မရဟု ဆိုသည် ။ စိုးညွန့်ဦး မှာ လည်း နန္ဒမူ ကို မရရင်ဖြင့် သေရတော့ မလောက် ဖြစ်နေသည် ။ ဘောင်းဘီ ကို ရှောင်ပြီး လုံချည်သာ တွင် တွင် ဝတ်ပါ၏ ။ သို့သော် နန္ဒမူ ၏ နှလုံးသား ကို ပျော့ပျောင်းစေရန် အခွင့်မရချေ ။ နန္ဒမူ သည် တတ်အားသရွေ့ သူ့ ကို ရှောင်ကြဉ်နေသည် မှာ ကံငါးပါး တွင် စိုးညွန့်ဦး သည် တစ်ပါး အဖြစ်များ ပါဝင်နေလေ ရော့သလားဟု ထင်မှတ်ရသည် ။


ယောက်ျားတို့ လုံ့လ သေခါမှ လျှော့မည် ။ စိုးညွန့်ဦး သည် သေရန် အဝေးကြီး လိုပါသေး၏ ။ ထို့ကြောင့် လုံ့လလျှော့ဖို့ ရန်မှာ လည်း အဝေးကြီး လိုပါသေးသည် ။ အခွင့်မရသေးလျှင် နေဘိဦး ။ အခွင့်များ ရလျှင်ဖြင့် နန္ဒမူ ၏ အလိုကို ဖြည့်ကာ မျက်နှာကောင်း ယူပြီး နန္ဒမူ ၏ သံမ ဏိနှလုံးသား ကို ကောက်ညှင်းပေါင်း နှလုံးသား ဖြစ်အောင် လုပ်ရပါလိမ့် မည် ။


အခွင့်အလမ်း ဟူသည် စောင့်သောသူ ထံ တစ်ခါ မဟုတ် တစ်ခါ တော့ လာရောက်မြဲတည်း ။


သူတို့ ရောက်ပြီး နှစ်ရက်ခန့်အကြာတွင် အိမ်၌ ဆွမ်းကျွေးစရာကိစ္စ ပေါ်ပေါက်လာသည် ။ နန္ဒမူ ၏ မွေးနေ့တည်း ။ ကြီးကြီးကျယ်ကျယ်တော့ လူတွေ ဘာတွေ ဖိတ်၍ ကျွေးသည် မဟုတ် ။ ဘုန်းကြီး ၁ဝ ပါးသာ ပင့် ၍ ကျွေးခြင်း ဖြစ်သည် ။


လင်းလင်းချင်းချင်း နေ့ဆွမ်း ကျွေး၏ ။ စိုးညွန့်ဦး မှာ နန္ဒမူ ၏ မျက်နှာ သာရစရာ အခွင့်အလမ်းကိုသာ ချောင်းမြောင်း၍ ရှာနေ၏ ။


သို့သော် ထင်သလောက်တော့ မလွယ်ပါချေ ။ သူသည် တစ်သက်လုံး က အိမ်တွင်းမှု ကိစ္စတွေကို လုပ်ကိုင်လာသည် မဟုတ်သောကြောင့် အိမ်တွင်းကိစ္စများကို ဝင်လုပ်သောအခါ ကန့်လန့်ကန့်လန့် နှင့် အလုပ်မပြီး သည် သာ ဖြစ်နေသောကြောင့် မိခင် က အော်ထုတ်လိုက် ၊ နှမ က အော်ထုတ်လိုက်နှင့် နန္ဒမူ နားသို့ ကပ်၍ မရချေ ။


မည်သို့ပင်ဖြစ်စေ ... ရောက်လေရာ နေရာကတော့ မျက်စိ ကို ဖွင့် ၊ နား ကို စွင့်ထား၏ ။ နန္ဒမူ သည် ဘာကို လို၍ ဘာအကူအညီများ တောင်းပါ လေအံ့နည်း ။ မိမိ ကို တိုက်ရိုက် ဦးတည်၍ မတောင်းချင်နေပါစေ ၊ သန့်ခနဲ ကြားလိုက်ရုံနှင့် တစ်ပါးသူတွေ ထက် ဦးအောင် မိမိ က ပြေးလွှား၍ အကူအညီကို ပေးမည်သာ ဖြစ်သည် ။


အခွင့်အလမ်း သည် စောင့်သူထံ ရောက်စမြဲတော့ ဖြစ်၏ ။ သို့သော် အခွင့်အလမ်းကို ဖမ်းယူရာတွင် အောင်မြင်မှုရခြင်း မရခြင်းကား ဖမ်း ယူသူပေါ်တွင် တည်နေပေတော့သည် ။


ဘုန်းတော်ကြီးများ သည် ဆွမ်းကို စတင်၍ ဘုဉ်းပေးရန် ပြင်ကြလေပြီ ။ နန္ဒမူ သည် မနီးမဝေးက ပုဆစ်တုပ် ထိုင်နေရင်း သူ့ စိတ်ထဲတွင် ဘုန်းတော်ကြီး တစ်ပါး ၏ ဘေးတွင် ထွေးခံတစ်လုံး ချပေးသင့်သည် ဟု ထင်၏ ။ ထိုသို့ ထင်ခြင်းမှာ ဘာပြဿနာမှ မဟုတ်သော်လည်း ထွေးခံ ကို ရှေးလူကြီးများ က တစ်မျိုးတစ်မည် ခေါ်ဝေါ်ခြင်းကား ပြဿနာဖြစ် တော့သည် ။


ရှေးလူကြီးများ သည် ယခု လူတွေ နှင့် မတူ ။ တစ်ခါတစ်ရံ စကားလုံး တစ်မျိုးတွေကို သုံးတတ်ကြ၏ ။ ထိုစကားလုံးများ ကို လည်း ယခု လူတွေ က မကြိုက်ကြသဖြင့် ကိုယ် ကြိုက်ရာ စကားလုံးတွေဖြင့် အစားထိုး၍ ခေါ်ကြသည် ။ ဤသည် ကား ပြဿနာတည်း ။


ရှေးလူကြီးများ ၏ စကားသည် ပေါရာဏ ဖြစ်၏ ။ သူ့ ဘာသာသူ ပေါရာဏတွေ ဖြစ်နေလျှင်လည်း ဘာမျှ အရေးမကြီး ။ ယခုတော့ သည် နန္ဒမူ က သည် ပေါရာဏတွေ ကို အလွန် မြတ်နိုးနေသည် ။ ပေါရာဏ စကားလုံးတွေ အကုန်လုံးလိုလို ကိုလည်း သူ သိနေ၏ ။ ဤကား ပို၍ ဆိုးခြင်းတည်း ။


ပေါရာဏတွေကို နှစ်သက်ပါသော နန္ဒမူ သည် မည်သူသို့ ဟူ၍ တိတိကျကျ မရည်စူးဘဲ ကြုံရာ ယူခဲ့စေရန် လှမ်း အော်လိုက်သည် ။


“ ပြတို့  ... ပြတို့ ယူခဲ့စမ်းပါ ၊ ဒီမှာ လိုနေတယ် ” 


ဘယ်သူကမှ ဘာပြောမှန်း မသိသဖြင့် ခပ်တည်တည် ပင် မကြားသလို လုပ်၍ နေကြ၏ ။ အခွင့်အလမ်းကို ကျားကဲ့သို့ ချောင်းမြောင်း နေထသော မျက်စိကြီးလည်း ပွင့်နေထသော ၊ နားကြီးလည်း စွင့်နေထသော စိုးညွန့်ဦး သည် ထိုင်နေရာမှ စွေ့ခနဲ ခုန်ထ၍ နောက်ဖေးဘက်သို့ ပြေးလွှားသည် ။ ပြီးတော့ ခြံထဲသို့ ဘေးပေါက်မှ ထွက်ခဲ့၏ ။ သူ၏ နားထဲတွ င် “ တုတ် ... တုတ် ... ယူခဲ့စမ်းပါ ” ဟု ကြားမိခဲ့လေသည် ။


တုတ်ကြီး ကို နန္ဒမူ  ဘာကြောင့် လိုချင်နေသည် မှာ မိမိ နှင့် မဆိုင် ။ ဆွမ်းကျွေးသော ကိစ္စတွင် တုတ်ကြီး ကို ဘယ်နေရာတွင် သုံးရမည် ဆိုခြင်း မှာ မိမိ နှင့် မဆိုင် ။ သို့သော် တုတ်ကို ဘယ်အရွယ် ယူသွားလျှင် ကောင်း လိမ့်မည်နည်း ဆိုသည် ကား မိမိ နှင့် ဆိုင်ပါချေ၏ ။ မျက်စိ က လည်း ဟိုဟိုဒီဒီ ကျီးကန်းတောင်မှောက် ရှာဖွေသည် ။


“ ဟယ် ... တုတ်ကို ရှည်ရှည် ယူသွားတာ အမှန်ဆုံးပဲ ။ တိုရင် ဆက်ရ ခက်တယ် ။ ရှည်တာ က ဖြတ်ပစ်ရင် ရတာပဲ ”


သို့ဖြင့် သရက်ပ င်တွင် ထောင်ထားသော ၁၂ ပေခန့် ရှည်သည့် ဝါးလုံး ကို အလွယ်တကူ ကောက်ယူသွားသည် ။ ကောက်ယူသွားခြင်းကား လွယ်လင့်တကူ ဖြစ်၏ ။ သို့ရာတွင် အိမ်နောက်ဖေးဘက် ဆီမှ အိမ်ရှေ့ ဆွမ်းကျွေးသည် အထိ ယူသွားရခြင်းကား မလွယ်ပါချေ ။


မည်သို့သော အခက်အခဲ ကိုပ င် ဖြစ်စေ ၊ စိုးညွန့်ဦး ကား ကျော်လွှားမည်သာ ဖြစ်သတည်း ။


ရှေးဦးစွာ ဘေးပေါက် က နေ၍ ဝါးလုံး ကို ခါးလယ်က ကိုင်ကာဝင် လာသည် ။ သူကတော့ ဘေးပေါက်တွင် ရှိ၏ ။ သို့သော် သူ့ဝါးလုံးထိပ်ဖျား ကား အိမ်နောက်ဖေးမှ အိမ်ရှေ့သို့ ထွက်သည့်အပေါ က်တွင် လျှောခနဲ ကန့်လန့်ကြီးလာခံတော့သည် ။ အလှူလုပ်ခြင်း ဖြစ်သဖြင့် အလုပ်တွေ ခပ်သုတ်သုတ်လုပ်နေကြရာ နောက်ဖေး မှ ဒေါ်မိမိ သည် လက်ဆွဲချိုင့်ဖြင့် ချဉ်ပေါင်ဟင်းချိုတွေကို ယူ၍ အိမ်ရှေ့သို့ မှန်း၍ လှမ်း၏ ။ သူ့ ကို မြင်လိုက်သော ဒေါ်စိန်မြိုင် သည် ပျာပျာသလဲပင် ပြေးလာ ၍ လှမ်းလင့်၏ ။ ထိုအချိန်တွင် အလျား ၁၂ ပေရှိသော ဝါးလုံးရှည်၏ ဦးပိုင်း သည် ရုတ်တရက် လျှောခနဲ ကန့်လန့်ကြီးဝင် လာလေရာ ဒေါ်မိမိ မှာ အပေါက်က ထွက်ရန် အကြံတွင် ခါးလယ်မှ ဖြတ်၍ တားဆီးခြင်း ကို ခံလိုက်ရသည် တွင် အင့်ခနဲမြည်၍ ခါးတစ်ဝက် ငိုက်စိုက်ကြီး ဖြစ်သွား၏ ။


လက် မှ ချိုင့်သည် အရှိန် နှင့် ကစားသွားရာ ဟင်းချိုရည် ပူပူများ သည် ဘောင်ဘင်ခတ်၍ ဖိတ်စဉ်ကျ၏ ။ အိမ်ရှ င်မို့ ပျာပျာသလဲ ချဉ်းကပ် လာသော ဒေါ်စိန်မြိုင် ၏ ခြေဖမိုး ပေါ်တွင် ဟင်းချိုရည် ပူပူလောင်လောင်တွေ ကျ လာလေရာ -


“ သေပါပြီတော်.. ၊ ရှူး ရှူး သေပါပြီတော့ ”


ဟု အော်၍ ခုန်ဆွ ခုန်ဆွ ဖြစ်သွား၏ ။


ဘာကိုမျှ ဂရုမပြု ၊ နန္ဒမူ ၏ အလို တစ်ခုကိုသာ ဦးထိပ်ရွက် ပန်ဆင် လျက် ရှိပေသော စိုးညွန့်ဦး သည် သူ့ လမ်း သာ သူ ဂရုပြု၍ လာသည် ။ ကန့်လန့်ခံသော တုတ် ကို ပဲ့ပိုင်း ကို ထိန်းလိုက် ၊ ဦးပိုင်း ကို ထိန်းလိုက်နှင့် လွတ်အောင်တော့ ယူလာ၏ ။


ဒေါ်မိမိ မှာ ကန့်လန့်ကြီး ခုလာသော တုတ်တံကြီး ကို ဗိုက်နှင့်ဖိ၍ တွ န်းမိသော အခိုက်တွင် ပင် ဝါးလုံးမှာ တံခါးပေါင်မှ ရှောင်၍ အတွင်းဘက်သို့ အလိုက်သင့် ဝင်၏ ။ ဤတွင် ဗိုက်နှင့် ဖိတွန်းနေသော ဒေါ်မိမိ မှာ လျှောခနဲ အရှိန်လွန် ထွက်သွားသည် ။ ပြီးတော့ ခုန်ဆွ ခုန်ဆွ လုပ်နေ သော ဒေါ်စိန်မြိုင် ကို ဝင်တိုးမိ၏ ။ လက်ထဲမှ ဆွဲချိုင့် သည် လည်း လွင့်စဉ်သွားကာ ကြမ်းပေါ်သို့ ကျပြီး အိပ်နေသော ကြောင် ကို ရေနွေးနှင့် ပက် လိုက်သလို ဖြစ်သွားသည် ။


ကြောင်လည်း စူးစူးဝါးဝါး အော်၍ အိမ်ရှေ့သို့ ပြေးထွက်၏ ။ ထွေးခံ ကို ကိုယ်တိုင် ဝင်ယူလာသော နန္ဒမူ ၏ ခြေကြား ကို ကြောင်က ဖြတ်ပြေးရာ နန္ဒမူ မှာ လက်နှစ်ဖက် ရှေ့ပစ်၍ ဟပ်ထိုးကျ၏ ။ သို့သော် ကံအားလျော်စွာ သူ့လက်နှစ်ဖက်စလုံး မှာ ဗိုက်ရွဲရွဲ နှင့် သူ့ အဖေ၏ ဗိုက် ကို ဆောင့်တိုက်မိသဖြင့် ကြမ်းပေါ်သို့ လဲပြိုကျခြင်းတော့ မရှိ ။ ဣန္ဒြေရရနှင့် ပြန်၍ ရပ်မိသည် ။ သို့သော် ဣန္ဒြေ လုံးဝမရရှာသူကား ဦးဘတိုး ပင် ဖြစ်တော့၏ ။ ပူသော ဗိုက် ၊ နင်းကန်ဖိလေသော် လေသည် အောက်က ထွက်၏ ။ လေချည်း သူ့ ဘာသာသူ ထွက်လျှင် မထောင်းသာ ။ ယခုတော့ တဗျစ်ဗျစ်နှင့် အဖော်ကလော်တွေ ခေါ်ချသွားတော့ရာ ဦးဘတိုး ခမျာ ရေချိုးခန်းသို့ ဝင်ပြေးရတော့သည် ။


ဆင့်ဆင့်မာ သည် ရောက်ရှိ လာပြီး ထိုးထိုးထောင်ထောင် နှင့် ကိုးလိုးကန့်လန့်ဖြစ်နေသော ဝါးလုံးထိပ် ကို ပိတ်၍ ဘေးသို့တွန်း၏ ။ တော်တော်ဝေးဝေး က စိုးညွန့်ဦး မှာ တစ်ဖက်သို့ ထိုးထိုး ထိုးထိုး ဖြစ်သွားသည် ။ အင်အားကို စိုက်၍ ဝါးလုံး ကို ပြန်၍ တည့်လေရာ ဝါးလုံးဦးမှာ ခါ၍ ဆင့်ဆင့်မာ ၏ ခါးကို ပစ်ရိုက်သည် ။


“ အမေ့ ... နာလိုက်တာ ”


ဆင့်ဆင့်မာ သည် ဇောင့်ခနဲ ထိုင်ချကာ ဒေါပွပွ နှင့် ဝါးလုံးကြီး၏ ထိပ်ဖျားကို ဝေးရာသို့ ဆောင့်တွန်းသည် ။ စိုးညွန့်ဦး မှာ တစ်ဖက်သို့ ယိမ်း ထိုးသွား၏ ။ သူ ယိမ်းထိုးသွားသော အရှိန်ကြောင့် ဝါးလုံးဦး သည် ပို၍ အရှိန်ပြင်း သွားကာ ကြမ်းပေါ်မှ ကုန်း၍ ထသော ဒေါ်မိမိ ၏ နောက်စေ့ ကို အရှိန် နှင့် ပိတ်၍ ဆော်လေတော့ရာ အဘွားကြီးမှာ ယနေ့ ဖြစ်ပျက် နေသော အဖြစ်ထူးများကို ခဏမျှ မျက်ကွယ်ပြုပြီး ကြမ်းပြင် ပေါ်တွင် စိတ်အေးချမ်းသာစွာ ခွေခွေကလေး လဲလျောင်းနေလေတော့၏ ။


“ ဟင် ... မေမေ”


နန္ဒမူ သည် ပြေးလာ၏ ။ ဝါးလုံးကြီးသည် သူ့ ရင်ဝ တည့်တည့်သို့ ဦး တည်၍ လာသည် ။ နန္ဒမူ က လန့်၍ ဘေးသို့ ရှောင်၏ ။ ဝါးလုံးဦးသည် လှုပ်လှုပ် လှုပ်လှုပ်နှင့် သူ့ ဘက်သို့ လိုက်လာသည် ။ နန္ဒမူ မှာ ဝါးလုံးဦး နှင့် ထုပ်ဆီးတိုးသလို ဖြစ်နေပြီးမှ လက်ဖြင့် ဖမ်းဆုပ်ကာ ဆောင့်၍ တွန်းလိုက်သည် တွင် စိုးညွန့်ဦး မှာ မီးဖို ထဲက ရေဇလုံ ထဲသို့ ဖင်ထိုင်လျက် ကျ သွားလေတော့၏ ။


ဤဖြစ်ရပ်များ ၏ ရလဒ်သည် ကား နန္ဒမူ သည် အလှူ လုပ်နေရာသို့ ဝါးလုံးရှည်နှင့် လာယမ်းသည့် စိုးညွန့်ဦး ကို ပို၍ ပို၍ သာ၍ သာ၍ မုန်းတီးကာ ကြည့်၍ မရခြင်းပင် ဖြစ်လေတော့သတည်း ။


•••••   •••••   •••••


( စစ် )


အခြေအနေတွေ ကဖြင့် ပြတ်သား၍ လာပါချေပြီ ။


ဖခင်ဖြစ်သူ ဦးမြတ်ခင် ပြောသည့် “ တစ်မျိုးကြီး ” ဟူသော အရသာ ကို စိုးညွန့်ဦး သည် ကောင်းကောင်း ကြီး မြည်းစမ်းရပါ၏ ။ နန္ဒမူ ၏ တစ်မျိုးကြီးသည် သူ့ကို တော်တော်ပင် ဒုက္ခပေးခဲ့ချေသည်  ။ တစ်မျိုးကြီး က ပင် မိမိ နှင့် နန္ဒမူ တို့ ၏ အကြားဝယ် ကျော်လွှား၍ မရသော တံတိုင်းကြီး ဖြစ်နေပါပကော ။


သို့ရာတွင် စိုးညွန့်ဦး သည် နန္ဒမူ ကို စိတ်ကုန်ဖို့ ဝေးစွ ၊ ပို၍ ပို၍ ပင် လိုချင် တောင့်တလာသည် ။ နန္ဒမူ ၏ ရင်တွင်းမှ မဉ္ဇူသကနတ်ပန်း နှင့် တူလှစွာသော အချစ်ပန်းပွင့် ကို အာသာငမ်းငမ်း သာ၍ ပင် ပန်ချင်စမ်း တော့သည်  ။ နန္ဒမူ ၏ အချစ်ပန်း ကို မရလျှင် မသေဟု သန္နိဌာန် ချမိ၏ ။ အဘယ်ကြောင့် ဆိုသော် သူ သည် နန္ဒမူ ၏ အချစ်ပန်း ကို မရလျှင် သေမည် ဖြစ်သောကြောင့်တည်း ။


သို့သော်  ...  တစ်မျိုးကြီးတည်း ဟူသော ပေါရာဏ တံတိုင်း ကို ကျော်လွှားရန် အရေးကား တွေးလိုက်တိုင်း အဖြေ ရှာမရသည် မို့ အသာ တင်းရသည်  ။ အသက်က မျှင်းမျှင်းကလေး သာ ကျန်တော့၏ ။ အားကိုးရာသည် ရှာလေ ဝေးတော့သည် ။


အလို ... နန္ဒမူ ၏ ဦးလေး ဦးဘကောင်း ဟု ခေါ်တွင် သော ဦးလေး ၊ သူ ရှိပါသေး၏ တကား ။ ဦးဘကောင်း သည် ကိုယ်ရေးကိုယ်တာ ကိစ္စကလေးရှိသေးသဖြင့် တစ်ပါတည်း လိုက်မလာ ဖြစ်သော်လည်း သူ့ ကိစ္စပြီး လျှင် ပြီးချင်း သူသည် အမြန်ဆုံး လိုက်လာခဲ့မည် ဟု ဆိုသည် ။


စိုးညွန့်ဦး သည် မျက်နှာ ကြည်လင်လာ၏ ။ ဦးဘကောင်း ကား နန္ဒမူ  အပေါ်တွင် အတော်ပင် သြဇာညောင်းသည် ဟု ဖခင်ကြီး ပြောဖူး၏ ။ သူ သေဆိုလျှင် နန္ဒမူ တစ်ယောက် သေကရော သူက ဟဲ့ ... ပြန်ရှင် ဆိုလျှ င် နန္ဒမူ တစ်ယောက် အသက်ကို ဖုတ်လှိုက် ဖုတ်လှိုက် ပြန်၍ ရှူလာက ရော ။ ဖခင်ကြီးကတော့ ဤသို့ ပြောခဲ့သည် ။


“ ပတပ် ”


စိုးညွန့်ဦး သည် တစ်ကိုယ်တည်း တွေးနေရင်း က ပါးစပ်က အသံတစ်မျိုးကို ပြုလိုက်၏ ။ ဤအသံမျိုးကို သူသည် အားရကျေနပ်သည့်အခါ တွင် ပြုတတ်၏ ။ မာဂဓဘာသာဖြင့် ဥဒါန်းကျူးခြင်း ဖြစ်သည် ဟု သူ့မိတ်ဆွေတွေ အကြားတွင် ပြောစမှတ် ရှိလေသည် ။


“ ဦးဘကောင်း .. ဦးဘကောင်း ... သူတော်ကောင်းကြီးသည် ဘေးမသီ ရန်မခဘဲ ရန်ကုန်မြို့သို့ အမြန်ရောက်လာပါစေ ”


ဝမ်းထဲက ကျိတ်၍ ဆုတောင်းမိ၏ ။ ဤ ဦးဘကောင်း မည်သော သိကြားမင်းကြီးကို စည်းရုံးပြီး သကာလ မိမိ တောင့်တလျက်ရှိသည့် , မဉ္ဇူသက အချစ်ပန်းကို အရ ဆွတ်လှမ်းရတော့မည် တကား ။


ဟော .. တစ်ခုတော့ ရှိသေး၏ ။ ဤ ဦးဘကောင်းကြီး ကလည်း တစ်မျိုးကြီးဟု ဖခင် က ပြောဖူး၏ ။ ဖခင် ၏ အဆိုအရကား နန္ဒမူ ၏ တစ်မျိုးကြီး နှင့် ဦးဘကောင်း ၏ တစ်မျိုးကြီးသည် တူညီကြပုံ မရချေ ။ သို့ဖြစ်လျှင် ဦးဘကောင်း ၏ တစ်မျိုးကြီးကား အသို့ ဖြစ်ပါအံ့နည်း ။


နန္ဒမူ ၏ တစ်မျိုးကြီးသည် ပေါရာဏ ဖြစ်၍ ဤ တစ်မျိုးကြီးဖြင့် မိမိ မှာ နောက်ကောက်ကျ ခဲ့ရသည် ။


“ ဘုရား သိကြား မလို့ ဦးဘကောင်း ရဲ့ တစ်မျိုးကြီး က ငါနဲ့ အဆင်ပြေတဲ့ တစ်မျိုးကြီး ဖြစ်ပါစေ ”


ရင်ထဲ က ရင်ခုန်သံနှင့် အတူ ဆုတောင်းမိသည် ။ ဦးဘကောင်း ကို မှ စည်းရုံး၍ မရလျှင် မိမိ သည် ဤ တစ်သက်တွင် နန္ဒမူ ကို ရတော့မည် မဟုတ်ပါ ။


မက်သည် ။ ထို့ကြောင့် မောရသည် ။ မက်မောရ၍ လည်း ရင်တွေ နာရပါ၏ ။ ငေးသည် ။ မောရသည် ။ ငေးမောရ၍ လည်း အာရုံတွေ ထို ထိုင်းလှပါ၏ ။ မတတ်သာပါပြီ ။ အချိန်ကာလ ကို ငံ့လင့်ရုံမှ တစ်ပါး အခြား ဘာများ ကော မိမိ တတ်နိုင်ပါဦးမည်နည်း ။


ဤအတောအတွင်း တွင် စိတ်ပြေလက်ပျောက် ရှိရန် မိတ်ဆွေ သူငယ်ချင်းများ နှင့် သွားရောက်တွေ့ဆုံ၏ ။ တွေ့သမျှ သူငယ်ချင်းများ ကား သူ့ကို အားပေးကြပါသည် ။


သူငယ်ချင်းတိုင်း ကပင် စိုးညွန့်ဦး သည် အလွန်ပင် ဉာဏ်ထက်မြက်သူ ဖြစ်၍ ဝီရိယ လုံ့လလေး စိုက်လိုက်လျှင် ဘာမဆို လိုတာ ရနိုင်မည် ဟု ပြောပြီး နန္ဒမူ ကို စည်းရုံး၍ လွယ်ကူစေရန် သူတို့ တွင် ရှိရှိသမျှ ပေါရာဏ အဘိဓာန်တွေ ၊ ပေါရာဏ အဖြေကျမ်းတွေ ငှားလိုက်သည် ။ စိုးညွန့်ဦး  အိမ်ပြန် ရောက်သော အခါတွင် ကား ဧည့်ခန်း ထဲတွင် သိကြားမင်းကြီး သည် ငုတ်တုတ်ကြီး ထိုင်နေနှင့်လေပြီ တကား ။


“ ဟေ့ ... သား ၊ ဒါ ဦးဘကောင်း လေ ”


စိုးညွန့်ဦး ၏ ရင်မှာ နင်းကန် ခုန်လေရာ ပါးစပ် ထဲမှာ ပင် ထွက်ကျ သွားတော့မလား မှတ်ရ၏ ။ ကပျာကယာ ပင် မိမိ ၏ အိပ်ခန်း ထဲတွင် သွား၍ စာအုပ်များကို ထားပြီးလျှင် ထူးခြားသော တစ်မျိုးကြီး ကို စည်းရုံးရင်း နန္ဒမူ ၏ ရက်စက်ပုံတွေ ကို ငိုတိုင်ရန် အသော့ကလေး ပြန် ထွက်လာခဲ့၏ ။


ဦးဘကောင်း ကား အများ နှင့် ရောရောနှောနှော မနေဘဲ ပြတင်းပေါက်နားတွင် တစ်ယောက်တည်း ပက်လက်ကုလားထိုင် တစ်လုံး နှင့် စာအုပ်တစ်အုပ်ကို ဖတ်နေသည် ။ စိုးညွန့်ဦး သည် လက်တန်းနှင့် ကုလားထိုင်တစ်လုံး ကို ဆွဲယူပြီး ဦးဘကောင်း အနားသို့ အတင်းချဉ်း ကပ်ရင်း “ ဒီမှာ ဦး ” ဟု ပြောပြီး ထိုင်သည် ။ သူ ဆွဲလာသည့် ကုလားထိုင် မှာ အရှိန်လွန် သွားသဖြင့် ကုလားထိုင် ၏ ခြေထောက်မှာ ဦးဘကောင်း ၏ ဒူးခေါင်း ကို ပစ်ဆောင့်သည် ။ အဘိုးကြီးမှာ အနည်းငယ် ရှုံ့သွားပြီး စိုးညွန့်ဦး ကို မော့ကြည့်သည် ။


“ မင်း က ဒီမှာ ဦး .. ဆိုပေမယ့် ငါ တော့ ဒူး မှာ အီ သွားပြီကွ ”

 

ရုတ်တရက် စိုးညွန့်ဦး မှာ ဘာပြန်ပြောရမှန်း မသိ ၊ ခပ်ကြောင်ကြောင်နှင့်ပင် ဦးဘကောင်း ကို အကဲခတ် နေမိသည် ။ သို့သော် အဘိုးကြီး မှာ သိပ်နာကျင်သည် မဟုတ်သောကြောင့် သူ့ ဒူး ကို ခဏသာ လက်နှင့် ပွတ်လိုက်ပြီး သူကပင် စကားတွေ ဆက်ပြောလေသည်  ။


“ မောင်စိုးညွန့်ဦး ဆိုတာ မင်းလား ”  


“ ဟုတ်ပါတယ် ”


“ ဒါဖြင့်လည်း ဘာ ငိုင်နေတာလဲ ။ ပြောစရာ ရှိတာ ပြောလေ ။ ဝမ်း ထဲ က ခံစားမှုကို အုပ်ထားဖို့ အားထုတ်ချင်သလား ”

 

မှန်းမိပါပြီ ။ ဦးဘကောင်း၏ တစ်မျိုးကြီးကား ပေါရာဏတစ်မျိုးကြီး မဟုတ် ။ စကားလိမ် တစ်မျိုးကြီး ဖြစ်သည် ။ ဒီမှာ ဦး ... ဆိုတော့ ဒူးမှာ အီသတဲ့  ။ အုပ်ထားဖို့ အားထုတ်သလားတဲ့ ။


စိုးညွန့်ဦး မှာ ကြုံရပုံ ထူးလှသဖြင့် အာမေဍိတ် တစ်စုံတစ်ရာ ကို ပြု ရန် ပါးစပ်ကို ဟလိုက်သည် တွင် ဦးဘကောင်း က လက်ဝါးကြီး ကာ၍ ပြောပြန်၏ ။


“ အယ် ... မောင် အောင်မယ်လို့ ဆိုချင်သေးသလားကွ ”  


“ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ”

 

“ မဆိုပါနဲ့ တော့ ၊ မင်း အဖြစ်ကို ငါသိရပါပြီ ။ ငါ့ တူမက ငါ့ ကို တပြီး မူပြီးပြီ ။ ဒီ အိမ်လာရတာ အာလိန်ငါးဆင့် တက်ရသလို သူ့ ခေါင်းတွေ မူး နောက်ပါတယ်တဲ့ မင်း ကို လည်း မခင်မင်ဘူးတဲ့  ။ မင်း ဆီက ရွှေချောင်း ကိုးချောင်းရတောင်မှ ကောင်းကျိုးကို သူ မမြင်ပါဘူးတဲ့ ”


စိုးညွန့်ဦး မှာ ဘာပြန် ပြောရမှန်း မသိတော့ချေ ။ ဤတစ်မျိုးကြီး ကို စည်းရုံး၍ လည်း လွယ်ကူမည် မဟုတ်ပါ ။ ဤ လူကြီးကို မွေးဖွားခဲ့စဉ်က ဝမ်းဆွဲသည် က ညှပ်နှင့်ဆွဲရာ လျှာ ကိုများ ဆွဲမိလေရော့သလား ။ လျှာကြီး လိမ်ပြီး စကားလိမ်တွေ ထွက်နေပါ၏ ။ သို့သော် လူကြီး တစ်ယောက် နှင့် စကားပြောလျှင်ကား ဘာမှ ပြန် မပြောလျှင် အလွန်ရိုင်းရာ ကျတော့မည် ။ မိမိကို မခင်မင်လျှင် ရှိပါစေတော့ ၊ မုန်းတော့ မသွားစေချင်ပါ ။


“ ဦးရီး ”


“ အေး ... ဦးရီး ဆိုပြီးတော့လည်း အီးရူး လို တဖွတ်ဖွတ် အရမ်း လျှောက်မပေါက်နဲ့  ။ လူ ဆိုတာ ကောက်မြူးရာ ကို ကူးမြောက်ချင်တာပဲကွ ”  


“ မှန်ပါတယ် ၊ ကျွန်တော် ဟာ ကောက်ပြီး မြူးချင်ပေမယ့် နန္ဒမူ က ကျွန်တော့် အပေါ်မှာ အကောင်း မထင်ပါဘူး ခင်ဗျာ ။ ကျွန်တော် ကတော့ သူ စိတ်တိုင်းကျပါစေတော့ လို့ အစစအရာရာ ကြိုးပမ်းပါတယ် ” 


“ အေး ... မင်း က ကြိုးပမ်းပေမယ့် သူ က မင်းကို ကြမ်းပိုး လို့ ပဲ ထင်တာက ခက်တယ်ကွ ။ မင်း သဘောထားက ဘယ်လိုပဲ လဲဂွမ်း လို ဖြစ်ပေ မယ့် လမ်းခွဲ တော့ ရောက်ကြပြီထင်တယ် ”


“ ဦး ခင်ဗျာ ...  ၊ ကျွန်တော့် ရင်ထဲက ခံစားမှု ဟာ မသေးပါဘူး ”  


“ ငါ ယုံပါတယ် ။ မင်းဟာ အံဆုံးပေါက်ခိုက် အုန်းဆံတွေ ဝါးရသလို ခံစားနေရမှာ ပါ ။ အံတွေတော့ ချော်ကုန်ပြီ ထင်တယ် ။ သင်္ဘောမာလိန် ကို မိလ္လာကျုံးခိုင်းသလို ဖြစ်ကုန်မှာ ပေါ့ ”

 

စိုးညွန့်ဦး မှာ မျက်စိကလေး ကလယ် ကလယ် နှင့် စကားဆက် မပြောတတ်တော့ဘဲ ရပ်ထားမိတော့သည် ။ ဤအဘိုးကြီးသည် သူ့ ကို နောက်နေခြင်းတော့ မဟုတ် ။ သူ့ဝသီ ဖြစ်နေခြင်းတော့ ထင်ရှားပါသ ည် ။ စည်းရုံးနိုင်ဖို့ နေနေသာသာ သူ့ စကားလိမ်တွေ အကြားဝယ် စိုးညွန့်ဦးမှာ ကားယားကြီး လဲရတော့မည့် ပုံ ပေါက်နေတော့၏ ။ မတတ်သာ ၍ ခပ်ခွာခွာ ကလေး နေကာ အကြံယူဦးမှ သင့်မည်ဟု တွေးမိသည် ။ 


“ ဦး ... ထမင်း စားပြီးပါပြီလား ”

 

“ အေးကွ ... ငါ လာမယ်မှန်း မသိတော့ ထည့် မချက်ထားကြဘူးလေ ။ ဒါပေမဲ့ ဘာရမလဲ ။ ငါက စားကျန်ကလေး သွင်းပြီး စောစောက စင်္ကြံကလေးသွား ။ ဟော ... အခု စာဖတ်နေတာ ”


“ ကျွန်တော့် ကို ခွင့်ပြုပါဦးနော် ”


“ ငါ နဲ့ စကား ပြောရတာ ဆန်ကောပြား လို ပတ်ချာလည်နေပြီ ထင်တ ယ် ။ ကောင်းပြီ ... မင်းအရေး မင်းကိစ္စ ကို ကျမ်းဂန်ရှာလို့ ကြံခန်းထုတ်ချေဦးပေါ့ကွယ် ”


စိုးညွန့်ဦး သည် ခပ်သုတ်သုတ်ကလေး ခွဲခဲ့ရတော့သည် ။


•••••   •••••   •••••


( ဆဲဗင်း )


နောက်တစ်နေ့တွင် စိုးညွန့်ဦး သည် လွယ်အိတ် တစ်ခု ထဲ၌ စာအုပ်များ ထည့်ကာ ဘုန်းကြီးကျော င်းသို့ ထွက်ခဲ့လေတော့သည် ။


သူ ၏ အကြံ မအောင်မြင်သမျှတော့ မပြန်ပြီ ။ ဒီဘဝ တွင် နန္ဒမူကလေးနှင့် လွဲရလျှင်လည်း တစ်ခါတည်းပင် ဆရာတော် ထံ သင်္ကန်းတောင်းကာ ရဟန်းဝတ်လိုက် ပါတော့မည်ဟု အဓိဋ္ဌာန် ပြု၍ ထွက်လာခဲ့ခြင်း ဖြစ်၏ ။


ဆရာတော် ကား စိုးညွန့်ဦး သည် အေးအေးလူလူ တရားစာအုပ်များ ဖတ်၍ ၊ တရားဘာဝနာကလေး ရှု၍နေချင်သောကြောင့် ဟု ထင်မြင်သွားကာ ကမ္မဋ္ဌာန်း ကျောင်းကလေး တစ်ခုတွင် သီးခြား နေရာ ပေးထားသည် ။ စိုးညွန့်ဦး အတွက် သော်ကား တိုင်း၍ ရက်သည့် ပက္ကလာ ၊ မိုးရွာတာနှင့် အခန့်သင့် ဆိုသလို ဖြစ်နေ၏ ။ ထို့ပြင် ဆရာတော် က ကိုရင် နှင့် ကျောင်းသားများကို အနှောင့်အယှက် မဖြစ်စေရန် စိုးညွန့်ဦး  ရှိနေသော နေရာသို့ မသွားကြရ ပညတ် ထားသဖြင့် ပို၍ ပင် အဆင်ပြေ နေပေတော့သည် ။


စိုးညွန့်ဦး သည် ရှေးဦးစွာ မှတ်ဉာဏ်ကောင်းစေသည့် အကြောင်းများကို ရေးသားထားသော အင်္ဂလိပ်ကျမ်းစာ ကို ဖတ်၏ ။ အိ န္ဒိယ ယောဂကျမ်းများကို ဖတ်၏ ။ ထို့နောက် ဘုရားရှိခိုး မူဟောင်း ကို ဖတ်ကာ ဘုရားထံ တွင် ဆုပန်ဆင်သည် ။ ပြီးတော့ ပေါရာဏစာအုပ် တွင် ဖတ်ကာ ကျက်မှတ်သည် ။ နှုတ်မှ လည်း ဗျစ်တောက် ဗျစ်တောက်နှင့် တရွရွ ဆို၍ ဝါကျတွေ လျှောက်ဖွဲ့၏ ။ ဤသို့ဖြင့် တစ်ရက် ကုန်သွားပေ တော့၏ ။


နောက်တစ်နေ့တွင် ကား အပြောင်းအလဲ သဘောမျိုးနှင့် ပေါရာဏ တွေကို ချထားပြန်ကာ စကားလုံးတွေ ကို စကားလိမ် လုပ်၍ လျှောက်ရွတ်သည် ။ ခွေးတစ်ကောင် တက်လာသည် ကိုပင် “ ဟေး ခွဲ့ ”  ဟု မောင်း၏ ။ ဦးဘကောင်း ၏ တစ်မျိုးကြီး ဖြစ်သော စကားလိမ် စကားတို့ မှာ အဓိပ္ပာယ်ရှိသည် ကို သိပါ၏ ။ သို့သော် မိမိမှာ ကား ယခုမှ စတင်၍ လေ့ကျင့်နေရသည် ဖြစ်သောကြောင့် အဓိပ္ပာယ် ရှိရှိ စကားလိမ်တွေ ကို နားယဉ်နေမှ ဖြစ်မည် ။ ထို့ကြောင့် တစ်နေ့လုံး စကားလိမ်တွေ ကို စဉ်းစားသည  ။ နှုတ်တက်ရွရွ ကျက်မှတ်ပြောဆိုသည် ။ ခြင် က လာကိုက်လျှင် တောင်မှ ခြင်ကိုက်လို့ နင် ယားပေမယ့် နားယဉ်အောင် ရွတ်နေ မှ စိုးညွန့်ဦး ဟု မိမိ ကိုယ် မိမိ တရားချသည် ။


အကြောင်း ဘာမှ မသိရှာလေသော ဦးပဉ္စင်း တစ်ပါးသည် ညနေဘက်တွင် စိုးညွန့်ဦး ထံသို့ အကဲခတ်ရင်း ရောက်ခဲ့သည် ။ မနေ့ ကတည်းက ခပ်လှမ်းလှမ်းမှ တစေ့တစောင်း ကြည့်ရာတွင် ဤ ဒကာသည် တစ်ယောက်တည်းလည်း စကား ပြောနေ၏ ။ တစ်ခါတစ်ခါ လက်ဟန် ခြေဟန်တွေနှင့်လည်း စကားပြောနေ၏ ။ တစ်ချီတစ်ချီတွင် ကျွမ်း ထထိုးသည် လည်း မြင်ရ၏ ။ ထို့ကြောင့် တထိတ်ထိတ် နှင့် သေချာသွားအောင် လာရောက်ခြင်း ဖြစ်လေသည်  ။


“ ဒကာ့ စာအုပ်တွေ များသားကပဲ ”


“ မှန်ပါ ... များပေမယ့် စာအုပ်တွေ က စုတ်အာနေပါပြီ ဘုရား ” 


“ အိမ် ... ဒကာ အဇ္ဇေ၀ သုဂေ ယနေ့ သေမည် ၊ မနက်ဖြန် သေမည်ဆိုတာ ဘယ်သူမှ တပ်အပ်သေချာ ပြောနိုင်တာမှ မဟုတ်ဘဲ ။ ဒီတော့ အသက်ငယ်ငယ်နဲ့ တရားထူး ရအောင်တော့ ကြိုးစားနော် ”


“ မှန်ပါ ... တပည့်တော်ကတော့ အဲ့ခိုး အားသွန် ကြံဖန် ကြိုးစားနေ တာပါပဲ ဘုရား ။ ပျဉ်ချပ် ကို ကော်ပတ်စားတဲ့ ကပ်ဖော် လို အားသွန်ကြိုး ပမ်းလျက် ရှိကြောင်းပါ ဘုရား ”


ဦးပဉ္စင်း သည် အတွင်းဘက်တွင် ထိုင်နေရာမှ အပေါက်ဝနား သို့ ရွှေ့ သွားရင်း စကားကို ဣန္ဒြေရရ ဆက်ပြောသည် ။


“ ဝိပဿနာ ဆိုတာ ရုပ် နာမ် သေဖို့ လိုတယ် ဒကာရဲ့ ”

 

“ မှန်ပါ ... ရုပ်နာမ် သေဖို့ ကောင်းတာလည်း မှန်ပါတယ် ၊ ဒီ ကျောင်း ကို ရေနံသုတ်ဖို့ ကောင်းတာလည်း မှန်ပါတယ် ဘုရာ့ ”  


ဦးပဉ္စင်း လည်း တစ်ချိုးတည်း ဆင်း သွားလေတော့၏ ။


စိုးညွန့်ဦး သည် တစ်ကိုယ်တည်း ပြုံးမိသည် ။ ဦးပဉ္စင်း ၏ အမူအရာ သည် မိမိ ကို အားပေးနေချေသည် ။ မိမိ ၏ အခြေအနေသည် မိမိ ကို အားပေးနေချေသည် ။ မိမိ ၏ အခြေအနေသည် တိုးတက် လာလေပြီတကား ။ မိမိကား ပတ်ဝန်းကျင်၏ အမြင်တွင် တစ်မျိုးကြီး ဖြစ်နေလေပြီ ။ အို ... ပို၍ မှန်သည် ကား နန္ဒမူ သည် တစ်မျိုးကြီး ၊ ဦးဘကောင်း သည် တစ်မျိုးကြီး ။ မိမိကား နှစ်မျိုးကြီး ဖြစ်နေသည် ဟု ဆိုမှ ပို၍ မှန်ပေလိမ့်မ ည် ။ တစ်မျိုးကြီးတွေ ကို အလဲထိုးရန် မှာ နှစ်မျိုးကြီး ဖြစ်ရပေမည် မဟုတ်ပါလော ။


“ ဘာလဲဟဲ့ ... ပေါရာဏစကား ၊ ဘာလဲဟဲ့ ... စကားလိမ် ၊ သိမ်ငယ်တ ယ်မထင်နဲ့ ။ စိုးညွန့်ဦး ဧရာမက တိုက်ပွဲကို ဝင်ပြမဟဲ့နော် ”


စိုးညွန့်ဦး သည် ကျွမ်းသုံးပတ် ထိုး၏ ။ ယောဂစာအုပ် ထဲ တွင် ဦးနှောက်သို့ သွေးသွားလာ လည်ပတ်မှုသည် မှတ်ဉာဏ်ကို ကောင်းစေသည် ဟု ဆိုသည် မဟုတ်ပါလော ။


နောက်တစ်နေ့ နံနက်ဘက် တွင် လူငယ်လေး တစ်ယောက်သည် စိုးညွန့်ဦး ကို စာတစ်စောင် လာပေး၏ ။ စာ ကား ညီမ ဖြစ်သူ ဆင့်ဆင့်မာ ထံ က ဖြစ်လေသည်  ။


ကိုကို ... 

မမမူတို့ သန်ဘက်ခါ ပြန်ကြတော့မယ်တဲ့ ။ ကိုကို့ ကိစ္စက အဆင်မပြေတော့ဘူး ။ မမမူ ကို ဘယ်သူ ပြောလို့ မှ နားမဝင်ဘူး ဖြစ်နေတယ် ။ ဦးလေး ဦးဘကောင်း ကိုယ်တိုင်က ကိုကို့ အပေါ်မှာ အထင်မကြီးဘူး ဖြစ်နေတယ် ။ ဒါပဲလေ ... လူကြီး လူကောင်း သားသမီး ပီပီ ကိုယ့် ကို မခင်ပေမယ့် နှုတ်ဆက်ဖို့ တော့ ကိုကို ပြန်လာခဲ့ဦးမှ တော်မယ်လို့ ညီမ ထင်တာပဲ ။ ဒါပေမဲ့ မေမေ ကတော့ ကိုကို့ သဘောပဲတဲ့  ။ ဒါပဲနော် ... 

     ညီမလေး 

     ဆင့်ဆင့်မာ


စိုးညွန့်ဦး သည် စာကလေး ကို ဖတ်ပြီးလျှင် ပြီးချင်းပင် ဘုန်းကြီးကျောင်း မှ ချက်ချင်း ထွက်ခဲ့လေ၏ ။ လမ်း၌ ဖခင်ကြီး ၏ မိတ်ဆွေ တစ်ဦး ဖြစ်သူ ကျောင်းဒကာကြီး ဦးပါကြီး အိမ်သို့ ဝင်၍ အဝတ်အစားများ တောင်းယူလဲလှယ်ကာ သုံးဘီးကား နှင့် အမြန် ပေါက်ချလာခဲ့ ၏ ။ သူ ကား ... လက်နက် အပြည့်အစုံဖြင့် စစ်ထွက်လာသည့် စစ်သူကြီး အသွင်ကို ပီပီပြင်ပြင် ဆောင်နေတော့သည်  ။


ဧည့်ခန်း ထဲတွင် လူစုံတက်စုံ ရှိ၏ ။ သူတို့ သည် စိတ်ထဲတော့ မကောင်းကြပါ ။ သို့သော် ဧည့်သည် တွေ ပြန်ကြတော့မည်ဆို၍ ဧည့်ခံစကား ပြောနေကြခြင်း ဖြစ်၏ ။ နန္ဒမူ သည် စိုးညွန့်ဦး မှ လွဲ၍ တစ် အိမ်သားလုံးကို ခင်မင်သည် ။ ထို့ကြောင့်ပင် သူ ပြန်ရမှာ စိတ်မကောင်း ကြောင်း ပြောခြင်းမှာ တကယ်ပင် စိတ်ရင်းဖြင့် ပြောခြင်း ဖြစ်၏ ။ ဦးဘကောင်း ကား ထုံးစံအတိုင်းပင် ပြတင်းပေါက်နားတွင် စာဖတ်နေသည် ။


ထိုအချိန်တွင် စိုးညွန့်ဦး သည် ရင်ကော့၍ ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏ ။ အားလုံးမှာ သူ့ကို လှည့်ကြည့်မိရာတွင် မျက်လုံးမျက်ဆန် ပြူးကုန်ကြတော့သည် ။


တောင်ရှည်ပုဆိုးနှင့် ပိုးရင်ဖုံးကြီးကို ဝတ်ထားသည် ။ ဦးခေါင်း တွင် လည်း ခြင်းမခံဘဲနှင့် အစိမ်းနုရောင် ပဝါလေး ကို ပေါင်းထားသည် ။ ထို စိုးညွန့်ဦး ကား သူ့ ရင်ကို သူ ပုတ်၍ ဝင့်ကြွားစွာ ပြောလိုက်၏ ။


“ အရွက် ကို မုန်းလှပါတယ် ဆိုတဲ့ သူတွေ အတွက် ဟောဒီမှာ အရိုးသက်သက်လေ ... ။ အရိုး ကို အရွက် မဖုံးရုံ မကဘူး ။ ဒီက အရွက် မပါတဲ့ အရိုးစစ်စစ် မြင်ဖူးအောင် ကြည့်ထားကြ ”


စိတ် ထဲ က နာကြည်းသလိုလို ရှိသည် နှင့် စိုးညွန့်ဦး မှာ နန္ဒမူ ကို ကြည့်၍ စကားပြောရင်းက မျက်ရည်များ ပင် ရစ်ဝဲလာသည် ။ ထို့နောက် မိမိ ၏ အစွမ်းသတ္တိ ကို ပြရန် ကြိုးပမ်းတော့သည် ။ ရှေးဦးစွာ ကျက်မှတ် ထားသရွေ့ကို မမေ့စေခြင်းငှာ ကြမ်းပြင် ပေါ်တွင် ကျွမ်းသုံးလေးပတ်ခန့် မျှ လှိမ့်၍ ထိုးလေတော့၏ ။


အားလုံး မှင်တက်မိကာ ငြိမ်နေကြသော်လည်း ဦးဘကောင်း တစ်ယောက်ကဖြင့် လွှတ်ခနဲ ပြောသည် ။



“ ဟယ် ... ဒီကောင် ဘုန်းကြီးကျောင်း မှာ ကလာပ်ရှစ်ပါး ရှုမြင် လာခဲ့ပြီး ဘယ့်နှယ် ကုလားရှစ်ပတ် လည်သလို ဖြစ်နေပါလိမ့်နော် ”


စိုးညွန့်ဦး သည် မတ်တတ် ပြန် ရပ်လိုက်ပြီးသော် နန္ဒမူ နားသို့ ချဉ်းကပ်လာ၏ ။ ထို့နောက် မိမိ ကိုယ် မိမိ ယုံကြည်မှု အပြည့်နှင့် နန္ဒမူ ၏ ပါးစုံကြီး နှစ်ဖက်ကို လက်ဝါးများ နှင့် အုပ်ညှပ် ကိုင်လိုက်ကာ ပင့်တက်သည် ။


နန္ဒမူ မှာ ရင်တွေ ခုန်လျက်က ခေါင်းကလေး မော့သွားရ၏ ။ ရွှန်းလဲ့ သော မျက်လုံးများ နှင့် စိုးညွန့်ဦး ကို ငေး၍ ကြည့်နေမိသည် ။


“ ကိုယ် ဟာ ပကတူး ကတည်း က မင်း ရုပ်ပုံကို မြင်ပြီး အင်ရွှဲနှစ်ထောင်း ခဲ့ရတယ် ။ မင်း ဟာ ကိုယ့် ဘဝရဲ့ တန်ဆောင် ဖြစ်မလားလို့ ဆတ်ဆတ်ထင်ပြီး ဆုတောပုံယင် ဆင်ခဲ့ရတယ် ။ မင်း နဲ့ လည်း ခုံတမင် တောက်တလို တွေ့လိုခဲ့တယ် ”


စိုးညွန့်ဦး သည် စကားကို ဖြတ်ပြီး နန္ဒမူ ကို စိုက်ကြည့်၏ ။ နန္ဒမူ ၏ မျ က်လုံးများ သည် ပို၍ ရွှန်းလာရုံမက နှုတ်မှ လည်း “ ဖြစ်ရလေ ကိုစိုးရယ် ” ဟု တစ်ခွန်း ထွက် လာလေ၏ ။ စိုးညွန့်ဦး က ဆက် ပြောပြန်သည် ။


“ ဒါပေမဲ့ ကိုယ့်ဘဝ ကို တင်းတိမ် ဓူဝံ အုပ်လိုက်သလို မင်း နဲ့ ကိုယ် နဲ့ အချစ်ရေးဟာ တဖျင့်တပါး ဖြစ်ခဲ့ရတယ် ။ ကိုယ် ဘယ်လိုပဲ မွေသရီ မှာ ကော်ရော် ဆုတောင်းပေမယ့် အကြောင်းမထူး အရာမပြေဘူး ။ မင်း ဟာ ကိုယ်တို့ ခန်းဝါ က ခွာတော့မယ်ပေါ့နော် ။ မေတ္တာ ကို ပြက်သိကာ တောင် မထားနိုင်တော့ဘူးလား ။ မင်း က ခုလို မေတ္တာညှို့ ကို ရှောင်တခင် ဖြတ်ရ င် ကိုယ်တော့ မိုးသောက်ရင် စုတေမှာ မချွတ်ဘဲလေ ”


နန္ဒမူ သည် သူ့ လက်နှစ်ဖက် ဖြင့် စိုးညွန့်ဦး ၏ လက်တွေ ကို ဖြုတ်ချ၏ ။ သို့သော် လက်တွေကို မလွှတ်ဘဲ ဆုပ်ကိုင်ထားလျက်ကပင် ရီဝေသော မျက်စိများ နှင့် ဦးလေး ဖြစ်သူ ဦးဘကောင်း ကို လှည့်ကြည့်၏ ။ ဤတွင် စိုးညွန့်ဦး သည် နန္ဒမူ လက် ထဲမှ အသာရုန်းထွက်ခဲ့ပြီး ဒုတိယ ခံစစ်ကြောင်းကို တိုက်ခိုက်ရန် ဦးဘကောင်း နားသို့ ချဉ်းကပ်လာ၏ ။


“ ကျွန်တော် အခု ပြန်လာတာဟာ ဒါမှီဖို့ ဒီမှာ ဦး ။ ကျွန်တော့် အသည်းတွေ ကြွေရပေမယ့် အသေကျွဲလောက် တန်ဖိုး မရှိမှန်း သိပါတယ် ။ တန်ဖိုး ကို တိုးဖန် ဖို့ လည်း ကျွန်တော် မလိုလားပါဘူး ။ ပညာနယ် ဟာ ကျွန်းဝယ်ရသလို ကျယ်ဝန်းမှန်း သိပါတယ် ဦး ။ ဒါပေမဲ့ ကျည်တောက် ထဲ ကျောက်တည် သလို မြဲမြဲ အားထုတ်တော့လည်း အုပ်ထားသလို ဖြစ်တဲ့ ဉာဏ်တွေ ထွက်ခဲ့ရပါတယ် ”

 

“ ဟေ့ ... တော်လှချည်ကလား ၊ မင်း ကို ကျောက်ညံ့ ကျောက်ပြုတ် လို့ ထင်တာတွေ ကျုပ် ပျောက်ပါပြီလေ ”


“ ဟုတ်ကဲ့ ၊ ကြင်ဈေး ကို တူးဖို့ ကျေးဇူးတင်ပါတယ် ။ အမေ ပြောတဲ့ အမောပြေကလေး နန္ဒမူ  ၊ အပြောချိုတဲ့ အပျိုချော နန္ဒမူ ။ သူ့အတွက် ကျွ န်တော့်မှာ မိတ်ဆုတ် ခဲ့လို့ မုတ်ဆိတ် ပျားစွဲကိန်း မကြုံရဘူး ။ ဒီတော့ ကျေနပ်ဖို့ ကျပ်နေ တော့တာပေါ့ ”

 

ဦးဘကောင်း သည် ထိုင်ရာ မှာ ထ၍ နီးရာ ကုလားထိုင် တစ်လုံးကို ရွှေ့ပေးသည် ။ ပြီးတော့ ထိုကုလားထိုင် တွင် စိုးညွန့်ဦး ကို ထိုင်စေချင်သည့် သဏ္ဌာန်ဖြင့် ပခုံးများ ကို ဖိပေး၏ ။ စိုးညွန့်ဦး ကလည်း အလိုက်သင့်ပင် ဝင်ထိုင်လိုက်သည် ။


ဦးဘကောင်း ကား အလွန်ပင် အထင်ကြီးသည့် အသွင်ဖြင့် စိုးညွန့်ဦး ကို ရွှန်းရွှန်းစားစားကြီး ကြည့်ရင်း သူ ကိုယ်၌ ကလည်း ကုလားထိုင် တွင် ပြန်ထိုင်ရင်းက ပြောလိုက်သည် ။


“ ဘောင်းဘီ ဖင်ကျပ် နဲ့ တုန်းက မင်းဟာ ခါးညံ့ ပေမယ့် ခုတော့ ခန့် ညားလှပါပေတယ်ကွယ် ”


“ ဟုတ်ကဲ့ ၊ ကျွန်တော် ဟာ နန္ဒမူ  ပြောသလို အရွက်တွေ နောက် ခုံမင် လိုက်ပါခဲ့ပေမယ့် အလစ်သုတ်တဲ့ အလုပ်သစ်တွေ လည်း မလုပ်ခဲ့ပါဘူး ။ နာရီတွေ မျက်မှန်တွေ ကို အလစ်ဖြုတ်ပြီး အလုပ် ဖြစ်ခဲ့တဲ့ ကောင်လည်း မဟုတ်ခဲ့ပါဘူး ဦးရယ် ”


“ ဟေ့ .. မောင်ရင် ၊ တစ်လောကလုံး မှာ မင်း တစ်ယောက် ကိုပဲ ငါ မျက်စိတည့်တယ်ကွ ၊ မင်း ကို ခိုက်ရန်ပြုလာရင် ငါက ခံရိုက်ပါ့မယ် ”


“ နားဆင်ပါဦး ဦးရယ် ၊ နန္ဒမူ ရဲ့ ဓာတ်ပုံ ကို တွေ့ရတော့ ဝမ်းမြောက် တဲ့ ကလေးငယ် ဟာ ခုန်ပေါက်ခဲ့ သလို ကျွန်တော် ခုန်ပေါက်ခဲ့တယ် ။ ဒါပေမဲ့ ခုတော့ ခေါက်ပုံ ကျန်ခဲ့ရပြီ ။ ကျွန်တော့် စိတ်ကူးယဉ် ဗိမာန် ကို ငှား ဖျက်ခဲ့သလို ဖြစ်လို့ ငှက်ဖျားရောဂါ စွဲကပ်တဲ့ ဝေဒနာသည် လို လည်း ဖြ စ်ခဲ့ရပါပြီ ”


“ မောင်ရင် ငှက်ဖျား အကြောင်းတော့ မပြောနဲ့ ကွာ ။ ငါ က ငှက်ဖျား အခံ ရှိလို့ ဒီ စကားကြားတိုင်း ခြေသန်း က ချမ်းသည် ပဲကွဲ့ ”


“ ရှိပါစေတော့ ၊ နန္ဒမူ ရဲ့ နှုတ်လွှာလေး က ကြက်မောက် လို လှပပေမယ့် ကျွန်တော် ကြောက်မက်ခဲ့ပါပြီ ။ ဘာဖြစ်လို့ လဲဆိုရင် ကျွန်တော်တို့ ကိစ္စတွေဟာ လိပ်ပတ် မလည်ခင် လာဘ်ပိတ် ခဲ့ရပြီကိုး ။ ဒီတော့လည်း ဆိတ်လေး ကို ဆေးလိပ် တိုက်သလို အချည်းနှီး ဖြစ်ခဲ့ရတယ် ။ ကျွန်တော် ဟာ နန္ဒမူ ရဲ့ ရက်စက်မှုကြောင့် မောင်းကြီး လို ရင်မကော့နိုင်ဘဲ မီးချောင်းလို ဆန့် နေရပါတော့တယ် ”


“ ဖြစ်ရလေ မောင်ရင် ၊ ဖြေရဖို့ လစ်ပေမပေါ့ ။ အင်း .. မင်းအဖြစ်က အဖိုးတန်ပါလျက်နဲ့ ဘေးလမ်းမှာ အပစ်ခံရတဲ့ ဗန်းလေး လို ၊ နောက်ပြီး ခွေးလက် နဲ့ တိုက်သွားတဲ့ ခွက်လေးလို ဖြစ်ရရှာနေတာကိုးလေ ။ မင်း ရဲ့ အညွန့်ကလည်း ထုပိတ် ထားသလို ထိပ်ပု သွားတော့တာပေါ့ကွယ် ”


စိုးညွန့်ဦး ကို ဦးဘကောင်း သဘောကျလာသည် မှာ ပေါ်လွင်ထင်ရှားလှ၏ ။ ထို့ကြောင့်ပင် စိုးညွန့်ဦး သည် အားတက်လာရသည် ။


“ ကျွန်တော်ဟာ နန္ဒမူ နဲ့ တွေ့ရမယ့် ရက်တွေ ကို ရေတွက်ပြီး ကိုယ့် ဘက်က ကိုယ် တွက်ရာမှာ သာ နေရပေမယ့် သေနာပဲ ဖြစ်ရတော့ လွတ် ကျတဲ့ နာရီ က လက်တံလို လန်တက် နေတော့တာပေါ့ ခင်ဗျာ ”


ဦးဘကောင်း သည် စွေ့ခနဲ ခုန်၍ ထမိတော့၏ ။


“ ဟေ့ ... မောင်ရင် တော်တော့ ၊ မင်း က ဉာဏ် ကို ငါထက်သတော့ ငါ့ ထက် သာသွားပဟေ့ ”


“ ကျွန်တော်တို့ အချင်းချင်း စပ်ကြောင်း ဟာ စောင်းကျပ် သွားပြီး လက်ထပ်စာချုပ် ဟာ စုတ်ချာသွားတဲ့ ဘဝ မရောက်အောင် ... ”  


“ ဪ ... တော်ပါပြီဆို ၊ ငါ သဘောကျလှပါပြီကွာ ”

 

“ ဟုတ်ကဲ့ ... ဟဲ့ ကုတ် လို့ ဆိုပေမယ့် မကုတ်ပါရစေနဲ့ ဦး ခင်ဗျာ ။ နန္ဒမူ ရဲ့ ဓာတ်ပုံလေး ကို သာ ဖက်ဂေါ် ခဲ့ရတော့ လူမှုရေးတွေ ဖော်ဂက် ဖြစ်ကုန်ရသေးတယ် ”


“ ဟယ် ... သေတော့မှာ ပဲ ၊ ဟဲ့ ... နန္ဒမူ  နင် သူ့ကို နှစ်သက်ရမယ် ”  


ဦးဘကောင်းသည် အသည်း ကြွေတော့မည့် အလား နန္ဒမူ ဘက် လှည့် ၍ အမိန့်ပေးလိုက်ရာ နန္ဒမူ သည် ရွဲနေသော မျက်လုံးကြီးများ ဖြင့် “ မူ က လည်း ပုလဲတစ်မူး ပြီးသားပါရှင် ” ဟု ပြန်ပြော လိုက်လေသည်  ။ စိုးညွန့် ဦး ကား ထခုန်ရင်း ဟစ်ပြော၏ ။


“ ဝမ်းသာလိုက်ပါဘိ နန်နန် ရယ် ”


“ ဝန်ခံချက် ။  ။ ဤ ဝတ္ထုတွင် အခန်းဂဏန်းစဉ် ထိုးခြင်း မှာ အနောက်တိုင်း ဝတ္ထုတစ်ခု ကို မှီးထားခြင်း ဖြစ်ကြောင်း ဝန်ခံပါသည် ။ ကျန်သမျှတွေ က မူ စာရေးသူ ၏ စိတ်ကူး သက်သက် ဖြစ်ပါသည် ။ ကိုယ်တွေ့ လည်း မဟုတ် ၊ သူများ တွေ့ လည်း မဟုတ်ကြောင်း ကို လည်း ဝန်ခံအပ်ပါကြောင်း ။ ”


▣ ကြပ်ကလေး

📖 သွေးသောက် မဂ္ဂဇင်း

     အမှတ် - ၃၆၁

     ၁၉၇၆ ခုနှစ် ၊ ဇန်နဝါရီလ