Tuesday, October 1, 2024

တရားမဝင် နေခြည်


 

❝ တရားမဝင် နေခြည် ❞
━━━━━━━━━━━━━
             မွန်စွန်း
━━━━━━━━━━━━━
ရန်ကုန် တက္ကသိုလ် ဝန်း အတွင်း၌ ဘွဲ့ ရုံများ ဝတ်ဆင်ထားသော ဘွဲ့ရ လူငယ် မောင်မယ်များဖြင့် ပျားပန်းခပ်မျှ စည်ကား သိုက်မြိုက်လျက် ရှိနေသည် ။ ဘွဲ့ရ လူငယ် မောင်မယ်များ နှင့် ၄င်းတို့၏ မိဘဆွေမျိုးများ ကလည်း တက္ကသိုလ်ဝန်း ၏ နေရာ အနှံ့အပြား၌ အပြန်အလှန် နှုတ်ဆက်ကြ ၊ ဓာတ်ပုံများ ရိုက်ကြဖြင့် ဝမ်းသာ ပီတိ ၏ ပုံရိပ်များ ကို ထင်ရှားစွာ ဖော်ပြ နေကြသည် ။ သည် အထဲ တွင် ဒေါ်ဧကရီ က အကဲဆုံး အသဲဆုံး ။ သမီး ဖြစ်သူ လရိပ်စိုးမိုး အား မိတ်ကပ်ဖို့ ပေးလိုက် ဝတ်စုံ ပြင်ပေးလိုက် အတူ လက်တွဲကာ ဓာတ်ပုံ ရိုက်လိုက်နှင့် အလုပ် များလျက် ရှိနေသလို ခင်ပွန်း ဖြစ်သူ ဦးအောင်စိုးမိုး ကလည်း စိတ်ရှည်လွန်းလှစွာ ဇနီး နှင့် သမီး နှစ်ယောက် အား စိတ်တိုင်းကျ ဓာတ်ပုံ ရိုက်ပေး နေတော့သည် ။

“ ကိုကို ရေ ညကျ လရိပ် ရဲ့ ဒင်နာ အတွက် စားသောက်ဆိုင် ကို ပြောပြီးပြီလား ”

ဒေါ်ဧကရီ ၏ အမေး အား ဦးအောင်စိုးမိုး အပြုံးလေး ဖြင့် တုံ့ပြန်လေသည် ။

“ အားလုံး ရယ်ဒီပါပဲ ၊  ဧကရီ ရဲ့ သမီး လရိပ် သာ အချိန်မီ မိတ်ကပ် လိမ်း ထားဖို့ လိုတာ ”

“ လရိပ် က လည်း အဆင်သင့်ပဲ ဖေဖေ ရဲ့ ”

“ ဖေဖေ နဲ့ မေမေ နော် မလရိပ် ဘွဲ့ယူတော့ ကျတော့ ဒင်နာ လုပ် ပေးတယ် နှင်းစက် အလှည့် ကျရင် လည်း လုပ်ပေး ရမယ် ”

နှုတ်ခမ်းလေး စူကာ ချွဲနွဲ့စွာ ပြောဆို နေသော သမီးငယ် နှင်းစက်စိုးမိုး ကို ကြည့်ကာ တစ်မိသားစုလုံး ကြည်နူးစွာ ရယ်မောမိကြတော့သည် ။

“ ဖေဖေ နဲ့ မေမေ ဒီည ဒင်နာ မှာ လရိပ် ရဲ့ ချစ်သူ နဲ့ မိတ်ဆက် ပေးမယ်နော် ”

“ အေးပါ သမီး ရယ် မေမေတို့ သဘောတူ ပြီးသားပါ ”

ဒေါ်ဧကရီ ၏ စကား အဆုံးတွင် ဦးအောင်စိုးမိုး ကြည်နူးစွာ ပြုံးလိုက် သည် ကို တွေ့လိုက်ရသည် ။ သူမ တို့ မိသားစု အပေါ် မည်သည့် အခါမျှ တင်းကြပ်စွာ ဆက်ဆံခြင်း မရှိဘဲ နွေးထွေးသော ချစ်ခြင်းမေတ္တာများ ဖြင့်သာ လိုအပ်ချက် မှန်သမျှကို အစွမ်းကုန် ဖြည့်ဆည်းပေး နေသော ချစ်ခင်ပွန်း အား သူမ ရော သမီး နှစ်ယောက် ပါ ချစ်ကြောက်ရိုသေကြသည် ။

သူမ ၏ ခင်ပွန်း က လည်း သူမတို့ ကို စကားလေး တစ်ခွန်း ကို နေ့စဉ် အမြဲ ပြောလေ့ရှိသည် ။ “ ကိုကို က ဧကရီ နဲ့ သမီးတို့ ကို နေခြည် လို နွေးထွေးတဲ့ အချစ်မျိုး နှင့် ချစ်တာပါ ” ဆိုသည့် စကားလေးပင် ဖြစ်ပေသည် ။ ဟုတ်ပါသည် သူ ၏ အချစ် က နေခြည် လိုပင် နွေးထွေးလွန်းလှပါသည် ဟု တွေးကာ ဒေါ်ဧကရီ တစ်ယောက် နှစ်ခြိုက်စွာ ပြုံးနေမိတော့သည် ။

•••••   •••••   •••••

သာယာငြိမ့်ညောင်းစွာ ပျံ့လွင့် နေသည့် အနောက်တိုင်း တေးသီချင်း များနှင့် လိုက်ဖက်ညီလှစွာ ဦးအောင်စိုးမိုး တို့ မိသားစု ၏ ခြံဝန်းထဲရှိ စိမ်းစိုလှပသော မြက်ခင်းပြင် တွင် အရောင်အသွေးစုံ အထက်တန်းလွှာများ က တန်ဖိုးကြီး အစား အသောက်များ ကို စားသုံးရင်း တစ်ယောက် နှင့် တစ်ယောက် မိမိတို့ ၏ အသုံးအဆောင်များ အကြောင်း ကြွားဝါလျက် ရှိနေတော့သည် ။ ဦးအောင်စိုးမိုး က သူ ၏ စီးပွားဖက် မိတ်ဆွေများ နှင့် အဖွဲ့ကျ နေသလို ဒေါ်ဧကရီ ကလည်း တစ်ဝိုင်း ပြီး တစ်ဝိုင်း လိုက်လံ ဧည့်ခံလျက် ရှိသည် ။

“ ဟယ် လှလိုက်တာ ဧကရီ ရယ် နုနေတာပဲကွယ် ”

“ မမဌေး က လည်း မြှောက်နေပြန်ပါပြီ အဟင်းဟင်း ”

“ အန်တီဌေး လှနေပါလား ”

လရိပ် ၏ အသံ စူးစူးလေးနှင့် နှုတ်ဆက်ခြင်း ကြောင့် စားပွဲဝိုင်း မှ လူများက ဝိုင်းကြည့်ကြလေသည် ။ ပန်းနုရောင် ဂါဝန် အတိုကလေး နှင့် မိတ်ကပ်ပါးပါး လိမ်းကာ ကိုရီးယား ဆန်ဆန် ပြင်ဆင်ထားသောကြောင့် လရိပ် ၏ အလှတရားက ထင်ရှား တောက်ပ နေပေသည် ။

“ အမလေးအေ ငါ့ ကို ဝိုင်းမြှောက် နေကြတယ် ညည်းလေးတို့ သားအမိ ကမှ တစ်ကယ့် အလှဘုရင်မတွေ ပါ အေ ၊  ဒါကြောင့်လဲ စိုးမိုးကြီး က ဇနီး နဲ့ သမီးတွေ အနား က မခွာတာ ”

ဒေါ်မေရီဌေး ၏ စကား ကြောင့် တစ်ဝိုင်းလုံး ကြည်နူးစွာ ရယ်မောကြလေသည် ။

“ မေမေ သက်ညီ ရောက် နေပြီ မိတ်ဆက် ပေးမလို့ လာခေါ်တာ ”

“ အေး အေး မေမေ လိုက်ခဲ့မယ် သမီး အဖေ ကို အရင် သွားခေါ်လိုက် ”

လရိပ် ခေါ် လာသော စားပွဲ ကို ရောက်တော့ သူမ ၏ ချစ်သူ ကောင်လေး က ရိုသေကျိုးနွံစွာ မတ်တပ် ရပ်၍ နှုတ်ဆက် လေတော့ ဦးအောင်စိုးမိုး ရော ဒေါ်ဧကရီ ပါ ကြည်နူးပီတိ ပြုံးမိလေသည် ။ လိမ္မာယဉ်ကျေးသော ချစ်သူ ကို ရွေးချယ်ထားသည် လော ၊ ချစ်သူ ကို လိမ္မာယဉ်ကျေး အောင်ပင် သင်ပေးထားသည် လော ဟု တွေးကာ ဒေါ်ဧကရီ က သမီး ဖြစ်သူ လရိပ် ကို ကျေနပ်စွာ ကြည့် လိုက်မိသည် ။

“ သား က စီးပွားရေး နဲ့ ဘွဲ့ရထားတာ ဆိုတော့ ဘာ အလုပ်အကိုင် တွေများ လုပ်သလဲကွ ”

“ အခုတော့ လိုအပ်တဲ့ သင်တန်းတွေ တက်ဖို့ စဉ်းစားထားပါတယ် အန်ကယ် ”

“ ဪ အေးပါကွယ် နောက်နေ့ ကျမှ အိမ် မှာ ထမင်းစား လက်ဆုံ စားရင်း ဆွေးနွေးကြတာပေါ့ အခုတော့ ပျော်ပျော်ပါးပါး စားလိုက်ကြရအောင် ကဲ သမီး လရိပ် ရေ စားစရာတွေ ထည့်ပေးလိုက်ပါကွယ် ”

ထိုနေ့ ည လရိပ် ၏ ဘွဲ့ရ ဒင်နာ တွင် ဦးအောင်စိုးမိုး နှင့် သက်ညီပိုင် တို့ ရင်းနှီးစွာ စားသောက်ကြ သဖြင့် ဒေါ်ဧကရီ ရော လရိပ် ပါ ကြည်နူးကြရ လေသည် ။ သမီး ၏ ချစ်သူ ထားခြင်း ကိစ္စရပ် တွင် ဖခင် ဖြစ်သူများ ကသာ ပိုမို၍ အထိအရှ မခံ ကြသည် ဖြစ်ရကား ယခုလို ချောချောမွေ့မွေ့ ဖြစ်နေခြင်းသည် ကား မင်္ဂလာတစ်ပါး ပင် ဖြစ်တော့သည် ။ ဒေါ်ဧကရီ သည် ခင်ပွန်း ဖြစ်သူ ကို ကြည့်ရင်း နေခြည် လို အချစ်မျိုး ကို ခံစား လိုက်ရတော့ပေသည် ။

•••••   •••••   •••••

အိမ်အကူ မိန်းကလေး ချိုချို လာချပေးသော အအေးခွက်ကလေးများ ကို ကိုယ်စီ ကိုင်ကာ ဦးအောင်စိုးမိုး တို့ မိသားစု နှင့် သက်ညီပိုင် တို့ အဖွဲ့ကျ နေတော့သည် ။ သည်နေ့ ခင်ပွန်း ဖြစ်သူ ၏ ဆန္ဒ အရ မောင်သက်ညီပိုင် ကို ထမင်းစား ဖိတ်ကာ သမီး လရိပ်နှင့် ရှေ့ဆက်ရမည့် ဘဝခရီးလမ်း အတွက် ခေါ်ယူဆွေးနွေး တိုင်ပင်ကြ ခြင်းဖြစ်သည် ။

“ သား က သင်တန်းတွေ တက်ပြီး လည်း သူများ ကုမ္ပဏီ မှာ ဝန်ထမ်း အနေနဲ့ လုပ်ရမှာပဲလေ အဲဒီတော့ အန်ကယ့် စက်ရုံ မှာ အန်ကယ် နဲ့ အတူ လက်တွဲ လုပ်ပေါ့ သမီး နဲ့ အိမ်ထောင်ကျရင် စီးပွား ခွဲပေးမှာပေါ့ ”

ဦးအောင်စိုးမိုး ၏ ထင်မှတ် မထားသော ကမ်းလှမ်း စကား ကြားလိုက်ရသော အခါ အားလုံး လွန်စွာ ပျော်ရွှင် သွားကြတော့သည် ။ အပျော်ဆုံးကတော့ မောင်သက်ညီပိုင် နှင့် သမီး လရိပ် တို့ပင် ဖြစ်လေသည် ။

“ ကျေးဇူး တင်ပါတယ် အန်ကယ် ၊ သား ကို အဆင့်အတန်း မခွဲခြားဘဲ နွေးထွေးစွာ ကြိုဆိုရုံမက ဘဝတက်လမ်း အတွက် အခွင့်အရေးပါ ပေးတဲ့ အတွက်ပါ သားလဲ အန်ကယ့် စိတ်တိုင်းကျ အစွမ်းကုန်ကြိုးစားမှာပါ ”

“ အမလေး ဒီ နှစ်ယောက် ကတော့ လိုက်လဲ လိုက်ပါရဲ့ အတိုင်အဖောက် ကို ညီလို့ ”

“ ဟုတ်ပါ့ မေမေရယ် တစ်ကယ်ပဲ ”

“ ဟေ့ သားအမိ တစ်တွေ မနာလို မဖြစ်နဲ့ ငါ့ သား ကြိုးစားတာ ငါတို့ အတွက်ပဲပေါ့ ”

“ ဟုတ်ကဲ့ပါ အန်ကယ် ”

ထိုနေ့ က သူတို့ မိသားစုလေး အနှိုင်းအဆ မဲ့ ပျော်ရွှင်ခဲ့ကြသည် ။ တစ်ကယ် လည်း ဦးအောင်စိုးမိုး ၏ စိတ်ကူးတွေ က သင့်တော် မှန်ကန် လာသည်မှာ လည်း မျက်မြင်သက်သေ ပင် ။

မောင်သက်ညီပိုင် ကလည်း ဦးအောင်စိုးမိုး ၏ အနား တွင် နေကာ ရိုးသား ကြိုးစား လေ့လာသင်ယူ ပြီး အစွမ်းကုန် ကြိုးစား သဖြင့် အချိန်အနည်းငယ် အတွင်းမှာပင် လုပ်ငန်း သဘောတရား အားလုံး ကို ကျေညက်စွာ နားလည် လာ သလို ဦးလည်း ဦးဆောင် လာနိုင်သည်မို့ သူတို့ တစ်မိသားစုလုံး က ယုံကြည်ကိုးစား ကာ အချစ်ပို နေကြ ရတော့ပေသည် ။

•••••   •••••   •••••

“ လချုပ် ကို အရင် မချုပ်နဲ့ဦး ၊ အဝင်အထွက် တွေ ကို အရင် စစ်ဦး မောင်သက်ညီ ရေ ”

“ ဟုတ်ကဲ့ပါ အန်ကယ် ”

ဧည့်ခန်း ထဲ က စားပွဲဝိုင်း တွင် Laptop တစ်လုံးနှင့် မောင်သက်ညီ တစ်ယောက် အလုပ်များလျက် ရှိနေစဉ် ဒေါ်ဧကရီ က ဦးအောင်စိုးမိုး အနားသို့ တိုးကပ် သွား၍ သန်ဘက်ခါ တွင် ပြုလုပ်မည့် ပဲခူးရှိ သူမ မိဘများ ၏ အရုဏ်ဆွမ်းကပ်လှူပွဲ ကို သွားရန် ပြောလိုက်သည် ။

“ ကိုကို မနက်ဖြန် ဧကရီ တို့ ဘယ်အချိန် ထွက်ကြမလဲ ”

“ ဧကရီတို့ ပဲ သွားရမယ့်ပုံပဲ ကိုကို နဲ့ မောင်သက်ညီ က မနက်ဖြန် ကုန်အဝင် တွေ အရေးကြီး လို့ ကိုယ်တိုင် ကြီးကြပ်ရမှာ မဟုတ်ရင် အလုပ်သမားတွေ ချည်းပဲ ဆို မလွယ်လှဘူး ”

“ ဟင် ကိုကို က လည်း မောင်သက်ညီ ကို ပဲ ထားခဲ့လို့ မရဘူးလား ဧကရီ က မေမေ တို့ ကို ကိုကို ပါ လိုက်လာမယ်လို့ ပြောထားတာ ”

“ ဩော် ဧကရီ ရယ် ကိုကို့ အကြောင်းလည်း သိသားနဲ့ တော်ရုံ ကိစ္စလေး လောက်ဆို ထားပစ်ခဲ့ပြီး ဧကရီ တို့ စိတ်ချမ်းသာအောင် ထားပေးခဲ့တာပဲလေ အခုက တစ်ကယ် အရေးကြီး နေလို့ပါ ”

ဟုတ်တော့ လည်း ဟုတ်သည်ပင် ။ တော်ရုံ အရေးကြီး ကိစ္စမျိုး လောက်က တော့ သူမ ၏ ခင်ပွန်း က ထားပစ်တတ် ခဲ့ပြီး သူမ တို့ အလို ကို ဖြည့်ဆည်းပေးခဲ့ သည်ချည်းပင် ။ ထို့ကြောင့် သူမ လည်း စိတ်ကို လျော့လိုက်ရတော့သည် ။

“ အဲဒါဆိုလည်း ပြီးတာပါပဲ ဧကရီ တို့ မင်းကိုကို ခေါ်သွားလိုက်မယ် ဒီည သမီးတွေ က သူတို့ သူငယ်ချင်း အိမ်မှာ အိပ်မှာ တဲ့ မနက်ဖြန် မှ ဝင် ခေါ်သွား လိုက်တော့မယ်နော် ကိုကို ”

“ ဧကရီ စိတ်တိုင်းကျ စီမံပါကွယ် ”

“ ကဲ ကိုကို ဧကရီ အဝတ်အစားတွေ သွား ထည့်လိုက်ဦးမယ် ဟို ရောက်ရင် မေမေတို့ ဆွဲထားရင် နှစ်ရက်သုံးရက် လောက် ကြာနိုင်တယ် ”

“ အေးပါ ဧကရီ ကလေးတွေ ကို ပျော်အောင်လဲ ထားဦးနော် ”

“ ဟုတ်ကဲ့ပါ ကိုကို ရယ် ”

ဒေါ်ဧကရီ ထွက်သွားတော့မှ ဦးအောင်စိုးမိုး တစ်ယောက် မောင်သက်ညီ ထံ မှ Laptop ကိုယူ၍ စာရင်းများ ကို အသေအချာ စစ်ဆေး နေလိုက်တော့သည် ။ သပ်ရပ်စွာ လုပ်ကိုင် ထားသော စာရင်းများ ကို ကြည့်ကာ ဦးအောင်စိုးမိုး တစ်ယောက် လွန်စွာပင် နှစ်ထောင်းအားရ ဖြစ်နေ မိပေတော့လေသည် ။

•••••   •••••   •••••

ကား မှန်ပြတင်းပေါက် မှ တဆင့် ဖြတ်သန်း တိုးဝင်ကာ တဟူးဟူး တိုက် ခတ်နေသော လေပြေတို့ ကို အရသာ ရှိရှိ ခံယူရင်း ဒေါ်ဧကရီ တစ်ယောက် ခင်ပွန်း ဖြစ်သူ နေရေးစားရေး အဆင်ပြေပါ့မလား ဟု တွေးပူ နေမိသည် ။ သမီးတို့ ကို အဖိုးအဘွား တို့ က တစ်ပတ် နေရမည် ဟု ဆွဲထား သဖြင့် သမီးတွေ လည်ရပတ်ရ အဆင်ပြေစေရန် ဒရိုင်ဘာ နှင့် အတူ ထားခဲ့ပြီး သူမ ကတော့ ကားငှား ကာ ပြန်လာ ခြင်းဖြစ်သည် ။ မပြန်လာ၍ လည်း မဖြစ် ။ ခင်ပွန်း ဖြစ်သူ က နှစ်ယောက်တည်း မသင့်တော် ဟု ဆိုကာ အိမ်အကူ မိန်းကလေး အား ပြန် လွှတ်လိုက်၍ သူ ၏ စားရေး နေရေး ကို စိတ်ပူကာ အလျင်စလို ပြန်လာရခြင်းလည်း ဖြစ်ပေသည် ။

ဤသို့ အတွေးပေါင်း များစွာက သူမ ၏ ခေါင်းထဲ တွင် ဝဲလှည့် နေစဉ် ကား လေး က အိမ်ရှေ့ သို့ ထိုး ရပ်လိုက် သဖြင့် ကား ပေါ်မှ ဆင်းကာ ခြံ ထဲသို့ ဝင်သွား လိုက်သည် ။ ခြံတံခါး က သော့ခတ်လျက် မို့ အိမ် တွင် လူ ရှိပုံ မပေါ် ။ တော်သေးသည် မိသားစုဝင်တိုင်း တွင် သော့ အပိုများ ကိုယ်စီ ရှိနေသောကြောင့် သာ ခြံထဲ သို့ ဝင်နိုင်ခြင်းပင် ။ သည်လိုနှင့် ပင် အိမ်တံခါး ဖွင့်ကာ အထဲသို့ လာကာ ဧည့်ခန်း အတွင်း သို့ တစ်ချက် ဝေ့ကြည့်လိုက်တော့ Laptop တစ်လုံး နှင့် စာရွက်စာတမ်းများ ကို တွေ့လိုက်ရလေသည် ။ သည်လိုနှင့် ဒေါ်ဧကရီ လည်း အထုပ်အပိုးများ ကို နေရာချ ထားရန် အပေါ်ထပ် ရှိ သူမ တို့ ၏ အိပ်ခန်း သို့ တက်လာ ခဲ့တော့သည် ။

“ မောင်သက်ညီ မင်း အန်ကယ့် ကို စိတ်ချမ်းသာအောင် အမြဲ ထားမှာလား ”

“ အန်ကယ် က ကျွန်တော့် ကျေးဇူးရှင်ပါ အန်ကယ် ခိုင်းတာ လုပ်မှာပါ ”

သူမတို့ ၏ အိပ်ခန်း အတွင်း မှ ပျံ့လွင့်လာသော စကားသံများ ကြောင့် ဒေါ်ဧကရီ အခန်း ထဲ သို့ မဝင်သေးဘဲ စေ့ထားသော တံခါးဝ ကို အနည်းငယ် တွန်း၍ ချောင်းကြည့် လိုက်တော့ အလိုလေး ဘုရား ဘုရား မိမိ ၏ မျက်လုံး ကို ပင် မယုံနိုင်တော့ ။ အဝတ်အစား မဲ့ကာ အထိန်းအကွပ်မဲ့ ချစ်တင်းနှော နေသော အမျိုးသား နှစ်ဦး ။ တစ်ဦး က မိမိ သမီး ၏ လက်ထပ်ရမည့် ခင်ပွန်းလောင်း ၊ တစ်ဦး က မိမိ တို့ လွန်စွာ ချစ်ကြောက် ရိုသေရသူ ခင်ပွန်း ။

“ သမီး နဲ့ လက်ထပ် ပြီး ရင်တော့ အန်ကယ်တို့ ဒီလို နေလို့ မရတော့ဘူးနော် ”

“ အန်ကယ် ဘယ်လို ဖြစ်ချင်လို့လဲ ”

“ အဲဒါတော့ နောက်မှ ပြောမယ်ကွာ အခုတော့ လာထား အာဘွား ”

တစ်ကိုယ်လုံး တုန်ရင်ကာ တတောက်တောက် ကျလာသော ချွေးစက် တို့ နှင့် မျက်ရည်စက် တို့ ကို သုတ်ရင်း ဒေါ်ဧကရီ အံကို တင်းတင်းကြိတ် ထားမိသည် ။ ဖောက်ပြန်သည် ဟု စွပ်စွဲလိုက်ရ အောင် လည်း သဘာဝ မဟုတ်သည့် အတွက် လွန်စွာ ရှက်ဖို့ ကောင်းနေ သလို နှုတ် မှ ပင် ပြော မထွက်ရဲ ။ ထိုထက်ပင် ပို၍ ဆိုးနေ သည်ကား သူမ ၏ ချစ်လှစွာသော ခင်ပွန်း နှင့် သမက်လောင်း တို့ ၏ ဆက်ဆံနေပုံ တွင် သူမ ၏ ခင်ပွန်းကား အမျိုးသမီးများ နေထိုင်သော ဘက် မှ နေ၍ ဆက်ဆံနေခြင်း ပင် ။ မည်သို့ပင်လျှင် ပြောထွက်မည်နည်း ။ မိန်းမလျာစိတ် ပေါက် နေသလား ဟု တွေးကာ ရှက်ရွံ့ ဝမ်းနည်း စိတ် တို့ဖြင့် ထို နေရာ မှ လှည့်ထွက် လာခဲ့ မိတော့သည် ။

•••••   •••••   •••••

“ ကျွန်တော် စိတ်ရင်း နဲ့ တောင်းပန်ပါတယ် အန်တီရယ် ကျွန်တော် မှားခဲ့ ပါတယ် ၊  ဒါပေမယ့် အန်ကယ် က အတင်း တောင်းဆိုလာလို့ပါ ”

မောင်သက်ညီ ၏ စကား မဆုံးမီ ဒေါ်ဧကရီ လက်ကာ ပြလိုက်သည် ။

“ အခု အချိန်မှာ တောင်းပန်တာ အကောင်းဆုံး နည်းလမ်း မဟုတ်ဘူး မောင်သက်ညီ မင်း ကို လည်း အန်တီ စိတ်မဆိုးပါဘူး ကိုယ့် လူ က မှားနေတာပဲလေ ”

ထိန်းသိမ်းကာ ပြောရင်း နှင့်ပင် မျက်ရည်စ တို့ က ပါးပြင် ထက် သို့ လိမ့်ဆင်း လာသည် ။ လွမ်းမိသည် တမ်းတမိသည် အလွန် ယောက်ျား ပီသသော သူမ ၏ ခင်ပွန်း ကို ပေါ့ ။

“ ကျွန်တော် လရိပ် ကို တကယ် ချစ်တာပါ အန်တီ ၊ နေခြည် လို နွေးထွေးတဲ့ အချစ်မျိုး နဲ့ ချစ်တာပါ ”

နေခြည် လို နွေးထွေးတဲ့ အချစ် ဘယ်လို အချစ်မျိုး ပါလိမ့် ။ သူမ တို့ ရခဲ့သော နေခြည် က နွေးထွေးခဲ့ ပေမယ့် အခု အချိန်မှာ သဘာဝ တွင် တရားမဝင်တော့ပေ ။

“ မင်း ကို အန်တီ အကူအညီ တောင်းတာပါ ၊  အန်တီ တို့ မိန်းမသားတွေ က ကိုယ့် ခင်ပွန်း အခြား မိန်းမ တစ်ယောက် နဲ့ ဖောက်ပြန် ရင် တုံ့ပြန်တတ်ပေမယ့် အခုလို ကိစ္စမျိုး ကို မဖြေရှင်းတတ်ဘူး မဖြေရှင်းရဲဘူး ၊ ဒါကြောင့် သမီးလေး လရိပ် ကို လည်း အန်တီ့ လို အဖြစ်မျိုး မရောက်စေချင်ဘူး ၊  မင်း လည်း လရိပ် ကို ဒီလိုမျိုး ခံစားစေချင်လို့လား ဟင် ၊  အခု မင်း နဲ့ ပက်သက်ထား တာ သူ့ အဖေ အရင်း ခေါက်ခေါက်ပါကွယ် ”

မောင်သက်ညီ ခေါင်း ငိုက်စိုက် ကျသွား တော့သည် ။ အချိန် အတော် ကြာမှ ပင် ခေါင်း ပြန်မော့ လာတော့ မျက်ရည်စများ ဖြင့် စိုရွှဲလျက် ။

“ ကျွန်တော် နားလည်ပါပြီ အန်တီ ၊ ကျွန်တော့် အရိပ်မည်း လရိပ် အပေါ် မလွမ်းမိုးစေရပါဘူး ကျွန်တော် ထွက်သွား ပေးပါ့မယ် ၊  အဲဒါ လရိပ် ကို ကျွန်တော် တကယ် ချစ်လို့ပါ ”

ဒေါ်ဧကရီ က မောင်သက်ညီ ၏ လက် ကို အားကိုးတကြီး ဆုပ်ကိုင်ကာ မျက်ရည်များ ဖြင့် ကျေးဇူးတင်စကား ကို ထပ်ကာ ထပ်ကာ ပြော၍ ချက်လတ်မှတ် တစ်စောင် ထုတ်ပေးတော့ မောင်သက်ညီ က လက်မခံဘဲ သူမ ကို သာ ထိုင်ကာ ရှိခိုးကန်တော့၍ တောင်းပန်ပြီး ထွက်သွား လေတော့သည် ။ လောက သဘာဝ မှာ တရားမဝင် သော နေခြည် လို အချစ်မျိုး ကို ပိုင်ဆိုင် ထားရသူ အမျိုးသမီး မည်မျှ ရှိနေပါပြီနည်း ဟု တွေးကာ ဒေါ်ဧကရီ သက်ပြင်းရှိုက် လိုက် မိသည် ။ မောင်သက်ညီ က သမီး လရိပ် ကို ထားပြီး ထွက်သွားနိုင် သော်လည်း သူမ က တော့ ခင်ပွန်း ဖြစ်သူ ကို မထားခဲ့နိုင်သေး ။ မည်သည့် အကြောင်းပြချက် မျိုး နှင့် ရော ထားခဲ့ရပါမည်နည်း ။ တစ်သက်လုံး နွေးခဲ့သော နေခြည်နု တို့ က အတု ဖြစ်နေမှန်း ကို ခါးသီးစွာ သိခဲ့ရသော် လည်း သူမ ၏ ကမ္ဘာ တွင် တော့ သဘာဝ ၌ တရားမဝင်သော နေခြည် အတု ၏ နွေးထွေးမှု ကို ဆက်လက်၍ ခံယူရဦးမည် ပင် ဖြစ်ပေတော့သည် ။

▢ မွန်စွန်း

📖 တစ်ယောက် တစ်ဘဝ ( ၁ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment