❝ လယ်တောတွေ ရောင်းခဲ့သူ ❞
( မလှိုင်မြို့ ချောင်ခလောင် ထဲ မှာ ကလေးတွေ နှစ်ရာ ကျော် သုံးရာ ကို စုပြီး အခမဲ့ ပညာ သင်ပေး နေသော ကျောင်း တစ်ကျောင်း ရှိနေသည် ကို ကျွန်တော် မသိပါ ။ သူငယ်ချင်း ကိုမောင်မောင်တင် ခေါ်ပြ၍ ရောက်ဖူးခြင်း ဖြစ်သည် ။
လမ်းပေါ် အုပ်မိုး နေသော ကုက္ကိုပင်အိုကြီးများ ၊ တိုင်တွေ ယိုင်နေပြီ ဖြစ်သည့် ဇရပ် ၊ ဆင်းရဲချို့တဲ့ပုံ ရသော ဆင်ခြေဖုံး ရပ်ကွက် တို့ကို ဖြတ်သန်း ပြီး နောက် ရွှေကျင်ကျောင်းတိုက် ၊ “ လူဆင် ” ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကို ရောက်ပါသည် ။
ကျောင်း ကို ဦးစီး တည်ထောင်သူ ဆရာတော် ဦးသောဘိတ ( သက်တော် ၄၁ ) နှစ် မှာ ပျဉ်းမနား မြို့နယ် ရွာတော်ရွာသစ် ဇာတိ ဖြစ်သည် ။ ဆရာတော် က သူ့ ဘဝဇာတ်ကြောင်း နှင့် ပညာသင်ကျောင်းကလေး အကြောင်း ကို ပြောပြ သည် ။ ]
••••• ••••• •••••
ဦးဇင်း က လောကုတ္တရာ စာ သင်ဖို့ မိတ္ထီလာ စည်းခုံကြီးတိုက် မှာ အကြီး တန်း စာလိုက် နေတုန်း ခမည်းတော်ကြီး ဆုံးတယ် ။ ဒါနဲ့ ရွာ ကို ပြန်ပြီး မယ်တော်ကြီး ကို ဦးဇင်း က မေးတယ် ။ လယ်တွေ ကို ဦးစီး လုပ်မယ့်သူ မရှိရင် ဦးဇင်း လူထွက် ပါမယ်ပေါ့ ။ မယ်တော်ကြီး က ရဟန်း ဘဝ မှာ ပဲ နေနိုင်ပါတယ် ဆိုတာ နဲ့ ဦးဇင်း လည်း ဆက် နေတယ် ။
အဲသည် အချိန် က သည် ကျောင်း ( မလှိုင်မြို့ ၊ ရွှေကျင်ကျောင်းတိုက် ) ကို ကျောင်းထိုင်ချင်တဲ့ သူ မရှိဘူး ။ ပတ်ဝန်းကျင် က လည်း ဆင်းရဲချို့တဲ့ သူတွေ က များတာကိုး ။
ဦးဇင်း ရောက်ပြီးတော့ ပတ်ဝန်းကျင် ကို လေ့လာ ကြည့်လိုက်တော့ ကလေးတွေ ရပ်ကွက် ထဲ မှာ လတ်လျားလတ်လျားလျှောက်သွား နေကြတာ တွေ့တယ် ။ အနီးအနား မှာ လည်း ဘကကျောင်း ( ဘုန်းကြီးကျောင်းသင်ပညာရေးကျောင်း ) မရှိဘူး ။ ဒါနဲ့ ကလေးတွေ စာသင်ရအောင် ဘကကျောင်း ဖွင့်မယ် လို့ ဆုံးဖြတ် လိုက်တယ် ။ သူငယ်တန်း နဲ့ စ ဖွင့်မယ် ၊ သူငယ်တန်း အောင်ရင် နောက် နှစ်ကျ ပထမတန်း ထပ် ဖွင့်ပေးမယ် ၊ တဖြည်းဖြည်း အားယူမယ် လို့ စိတ်ကူးတယ် ။
ဒါပေမဲ့ တချို့ သုံးတန်း ၊ လေးတန်း နဲ့ ကျောင်းထွက် နေရတဲ့ ကလေး တွေ က လည်း ရှိသေးတယ် ။ သူတို့ ကလည်း ဘုန်းကြီး ဖွင့်ရင် ကျောင်းနေချင် တယ်တဲ့ ။
အတန်းတွေ အများကြီး ဖွင့်ပေးဖို့ လည်း ဦးဇင်း မနိုင်ဘူး ။ စာသင်ခုံတွေ ဘော ( Blackboard ကျောက်သင်ပုန်း ) တွေ လိုတယ် ။ ပြန် စဉ်းစားလိုက်တော့ သည် ကလေးတွေ ကျောင်း မတက်ရရင် မျှော့ယဉ်လေးခွ တစ်လက် နဲ့ တောလိုလို တောင်လိုလို လျှောက်သွားရင်း အရွယ်တွေ ကြီးကုန်မယ် ။ ကိုယ့် ကိုယ် ကို မစောင့်ရှောက် နိုင်ဘဲ လွတ်ကုန်တဲ့ သူတွေ ဖြစ်မယ်လို့ စဉ်းစားမိတာ နဲ့ လာသမျှ လက်ခံလိုက်တာ ကျောင်းသား ၁၂ဝ ကျော် ရောက်လာတယ် ။
ကျောင်းသားတွေ လည်း ရှိပြီ ။ ဒါပေမဲ့ ကျောင်း ရပ်တည်ဖို့ ရန်ပုံငွေ ကလည်း မရှိ ၊ သင်ပေးမယ့် ဆရာ ၊ ဆရာမ လည်း မရှိ ။
ဒါနဲ့ ရွာ ပြန်တယ် ။ မိဘတွေ ဆုံးပြီမို့ ဦးဇင်း ရသင့်ရထိုက်တဲ့ အမွေ လယ်ကလေးတွေ ကျန်ရစ်တယ် ။ အချို့ ညီအစ်ကို မောင်နှမတွေ ကို လည်း မေတ္တာ ရပ်ခံပြီး သဘော တူညီမှု ယူ လိုက်တယ် ။ လယ်တွေ ရောင်းချင်တယ်ပေါ့ ။ သူတို့ ကလည်း ဦးဇင်း လုပ်ချင်တာ ကို လုပ်ပါလို့ အပ်တယ် ။
လယ် က ခုနစ်ဧက လောက် ရှိတယ် ။ အဲသည်တုန်းက တစ်ဧက ငါးသောင်း လောက် တန်တာပေါ့ ။ ဒါကို လေးသောင်းခွဲ နဲ့ ပဲ ရောင်းတော့ တစ်ဦး ပြီး တစ်ဦး ယူ သွားကြလို့ ရတဲ့ ငွေကလေး မတည်ပြီး ဘကကျောင်းလေး စ ဖွင့်လိုက်တာပေါ့ ။
စ ဖွင့်တာ ၁၉၉၆ ခု ၊ ဇွန်လ ၃ ရက်ပါ ။ ဆရာ ၊ ဆရာမတွေ ကို လည်း လခ ရယ် မဟုတ်ဘူး ။ မုန့်ဖိုး ဆိုပြီး တစ်လ ငါးရာ ပေးတယ် ။ စာပေးစာယူ နဲ့ တက္ကသိုလ်တက် နေတဲ့ ကျောင်းသူကျောင်းသားတွေ က လုပ်အား လာ ပေး ကြတယ် ။
အခုတော့ ဆရာ ၊ ဆရာမတွေ ကို တစ်လ သုံးထောင်စီ ထောက်ပံ့ နိုင်ပါပြီ ။ ဆရာ ၊ ဆရာမ လည်း ၂၁ ဦး ရှိတယ် ။ ကျောင်းသူ ကျောင်းသား ကတော့ ၂၅၃ ဦး ရှိသွားပြီ ။ သူငယ်တန်း က နေ ရှစ်တန်း အထိ အတန်းစုံ ဖွင့် ထားတယ် ။ သည် ကျောင်း မှာ နေပြီး ဆယ်တန်း အောင်လို့ တက္ကသိုလ်တွေ မှာ တက်နေတဲ့ သူတွေ လည်း ရှိနေပါပြီ ။
ကျောင်းသူကျောင်းသားတွေ ကတော့ နယ်စုံ က ပါပဲ ။ မလှိုင်မြို့ နဲ့ ပတ်ဝန်းကျင် ရွာတွေ ကလည်း ပါသလို တောင်သာ ၊ မိတ္ထီလာ ၊ ကူမဲ ၊ ဝမ်းတွင်း ၊ ပျဉ်းမနား နဲ့ နမ့်ခမ်း ၊ ဟိုပုံး ဘက် က လည်း ပါတယ် ။ တစ်ဆင့် စကား တစ်ဆင့် နား နဲ့ ရှမ်းပြည်နယ် ဘက် က ရှမ်း ၊ ပအို့ဝ် ၊ ပလောင် ကလေး တွေ လည်း ကျောင်း နေချင်လို့ ရောက်လာတယ် ။
ကျောင်းအိပ်ကျောင်းစားလက်ခံထားတာ ၊ ကျောင်းသား တစ်ရာ လောက် ရှိတယ် ။ ဦးဇင်းကတော့ ကျောင်းအိပ်ကျောင်းစား ဆိုရင် ကိုရင် ဝတ်ပေး ထား လိုက်တယ် ။ ( ပြုံးလျှက် ) ကိုရင် ဆိုတော့ ဦးဇင်း က သူတို့ ကို ညနေစာ မပူ ရတော့ဘူးပေါ့ ။
ကလေးတွေ က ဆင်းရဲကြတော့ ကျောင်းဝတ်စုံ ကိုတော့ ကြပ်ကြပ်မတ်မတ် မသတ်မှတ်ပါဘူး ။ ပုံနှိပ်စာအုပ် တို့ ၊ ဗလာစာအုပ် တို့ ကို ပို ချို့တဲ့ တဲ့ သူကို ဦးစားပေးပြီး ဦးဇင်း က ထောက်ပံ့တယ် ။
တစ်ခါက ဦးမြသောင်း ဆိုတဲ့ စာရေးဆရာ တစ်ယောက် လမ်းလျှောက် ရင်း သည် ကျောင်းနား ကို ရောက် လာတယ် ။ ကလေးတွေ အများကြီး တွေ့ လို့ သူ က ဝင် လေ့လာပြီး ဆောင်းပါး တစ်ပုဒ် ရေးလိုက်တယ် ။ အဲသည် ဆောင်းပါး ကြောင့် ဩစတြီးယားနိုင်ငံ က ဒေါ်သန်းအေး တို့ ၊ ဒေါ်စန်းစန်းမော် တို့ က ငွေ တစ်သိန်းခုနစ်သောင်း လှမ်း လှူတယ် ။ နောက်ထပ် လည်း လှမ်း လှူလို့ သုံးသိန်း ကျော် ရပါပြီ ။
ရန်ပုံငွေ ရလာတော့ ဦးဇင်း က မြို့မိမြို့ဖ လူကြီးတွေ နဲ့ ကျောင်းအကျိုး တော်ဆောင် ကော်မတီ ကို ဖွဲ့လိုက်တယ် ။ ဦးဇင်း ငွေ တွေ လည်း မကိုင်ချင်ဘူး ၊ သည် ငွေ ထဲ က လည်း လက်ဖက်ရည် တစ်ခွက် မသောက်ချင်ဘူး ဆိုပြီး အဖွဲ့ ကို ပဲ လွှဲအပ် ထားလိုက်ပါတယ် ။
ဦးဇင်း လည်း ကျောင်း ဖွင့်ရတဲ့ ရည်ရွယ်ချက် က ကျောင်း မနေနိုင်ဘဲ ကလေးတွေ အရေး ၊ အဖတ် ၊ အတွက် ခေတ်ပညာ တတ်ကြဖို့ ၊ ကိုယ်ကျင့်တရား ကောင်းပြီး အများအကျိုး ၊ နိုင်ငံအကျိုး ၊ ဘာသာသာသနာအကျိုး သယ်ပိုး ထမ်းရွက်တဲ့ လူတွေ ဖြစ်လာစေဖို့ပါ ။ လူတွေ ဟာ ပတ်ဝန်းကျင် နဲ့ နေကြရတာပါ ။ ကိုယ့် သားသမီး လိမ္မာရုံ နဲ့ မပြီးသေးဘူး ။ လူ ဆိုတာ ပတ်ဝန်းကျင် နဲ့ ဆက်ဆံရ သေးတာ ။ ဓမ္မ က ကြီးစိုးတဲ့ ပတ်ဝန်းကျင် ဖြစ်မှ သာ ဓမ္မ နဲ့ ပေါင်းရမှာ ၊ အဓမ္မ ကြီးစိုးတဲ့ ပတ်ဝန်းကျင် ဖြစ်နေရင် အဓမ္မ ကို ကြောက်ပေါင်း ပေါင်းရမှာ ။ ဓမ္မ ကြီးစိုး မှ သာ လောက ချမ်းသာမှာ ။ ဒါကြောင့် ဦးဇင်း လယ်တွေ ရောင်းပစ်ပြီး စာသင်ကျောင်း ဖွင့် ခဲ့တာပါ ။ လယ်တွေ ရောင်း လိုက်ရကျိုး နပ်ပါတယ် ။ ဦးဇင်း ကို မီပြီး သူတို့ စာသင် နေကြရတာ တန်ကြေး ဖြတ်လို့ မရဘူး ။
အချို့က ဆင်းရဲတဲ့ ကလေးတွေ နဲ့ ပေါင်းတာ ကိုယ့် မှာ ဘာ အကျိုး ရလို့လဲ ဆိုပြီး မေးကြတယ် ။ မတတ်နိုင်တဲ့ ကလေး ကို ကျွေးပြီး ထောက်ပံ့ ပြီး ပညာ သင်ပေးရတော့ ဒါန ပါရမီ ဖြစ်တယ် ။ သူတို့ အတွက် လုံးပန်းရင်း သီလ ပါရမီ ဖြည့်ကျင့်ရတယ် ။ ဦးဇင်း အိပ် နေတုန်း ကလေး သဘာဝ ဆော့မှာပေါ့ ။ ဆူမှာပေါ့ ၊ ခန္တီ ပါရမီ ဖြစ်တယ် ။ ပညာ မသင်နိုင်တဲ့ သူတွေ သင်နိုင်ပါစေ ဆိုတော့ မေတ္တာ ပါရမီ ဖြစ်တယ် ။ သူတို့ အတွက် ရှေ့ က အားထုတ်ကြိုးပမ်း နေရတော့ ဝီရိယ ပါရမီ ဖြစ်တယ် ။ စသဖြင့် ပါရမီ ဆယ်ပါး အားလုံး ဖြည့်လို့ ရနိုင်တဲ့ အခွင့်အလမ်းကောင်း ရပါတယ် ။
ဦးဇင်း အမြင် ကတော့ ရှေးက အင်္ဂလိပ် နဲ့ မြန်မာ ခ စစ်ဖြစ်တော့ ရှုံးခဲ့တာ မြန်မာတွေ မျိုးချစ်စိတ် မရှိကြလို့ မဟုတ်ပါဘူး ။ သိပ် ရှိကြပါတယ် ။ လက်နက် ချင်း မမျှလို့ ရှုံးတာလို့ သမိုင်းကြောင်း လှအောင် ပြောရပေမဲ့ ပညာ မတတ်ကြလို့ ရှုံးရတာပါပဲ ။ ပညာ မတတ်ကြရင် တိုင်းပြည် ၊ လူမျိုး ၊ ဘာသာသာသနာ အားလုံး အောက်ကျ နောက်ကျ ဖြစ်ကြမှာပဲ ။
ဦးဇင်း လည်း တတ်နိုင် သလောက် လုပ်နေတယ် ။ ဦးဇင်း ကို တတ်စွမ်း သလောက် ထောက်ပံ့ ပေးနေသူတွေ လည်း ရှိပါတယ် ။ သည်လို လုပ်ကြလို့ အကျိုးခံစား သွားရတဲ့ လူငယ်လေးတွေ လည်း အများကြီး ရှိလာပြီမို့ ဝမ်းသာတာ ပါပဲ ။ အကြောင်း အမျိုးမျိုး ကြောင့် ကျောင်း မနေနိုင်တဲ့ ကလေးသူငယ်တွေ ရှိရင် ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါတယ် ။
▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
.
No comments:
Post a Comment