Thursday, October 3, 2024

အင်္ကျီစယ်မိုး


 

❝ အင်္ကျီစယ်မိုး ❞
━━━━━━━━━━━━━━
နန္ဒာစိုး ( ဆင်ဖြူကျွန်း )
━━━━━━━━━━━━━━
( ၁ )

ပြောရရင် တစ်ရွာလုံး ပြဇာတ် ပြီးပါမှပဲ သူသူကိုယ်ကိုယ် ညီညီညာညာ သက်ပြင်း ချနိုင်ခဲ့ကြတာဟာ ထိန်ပင်ကုန်းရွာ မှာတော့ သည်တစ်ကြိမ်ပဲ ရှိဖူးသေး တယ် ။ ဘယ့်နှယ် အနှစ် ( ၂ဝ ) ကျော်ခဲ့ပြီ ။ ရွာဦး က ရှင်ပင်အောင်တော်မူဘုရား ကို သည်အတိုင်းပဲ ငုတ်တုတ်ထားလာခဲ့ရတဲ့ နှစ်တွေကို ပြောပါတယ် ။ ( ၃ ) နှစ် ရှိမှ တစ်ခါ ၊ ( ၄ ) နှစ် ရှိမှ တစ်ခါ ဆိုသလို ရွာထဲက ငွေကောက်ခံပြီး ထုံးသင်္ကန်း ကလေး ဘာလေး ကပ်ပေးခဲ့ကြတာ က လွဲလို့ ဘုရားပွဲရယ်လို့ သတ်သတ်မှတ်မှတ် မကျင်းပနိုင်ခဲ့တော့တာ နည်းတဲ့နှစ်တွေလား ။

ဟိုတုန်းကတော့ နှစ်စဉ် ဝါဆိုလ ရောက်တိုင်း ဘုရားဆွမ်းလုံးချပွဲ မှန်မှန်ကြီး ကျင်းပနေကျ ။ အငြိမ့်ဖြစ်ဖြစ် ၊ ဗလာဇာတ်ကြီး ပဲ ဖြစ်ဖြစ် ငှားထည့်ပြီး နှစ်ညတိုင်တိုင် ပွဲတော်ဈေးခင်းနေကျ ။ အညာမြေလတ် ဘုရားပွဲဈေးခင်း ပီပီ ကွမ်းယာဆိုင် ၊ အကြော်ဆိုင် ၊ မုန့်ရေဆိုင်တွေ မှာလည်း လူအပြည့် ။ မုန့်ဟင်းခါး ဆိုင် ၊ အသုပ်စုံဆိုင်တွေ ကလည်း တစ်သီကြီး ။ ကြိုက်တတ်သူတွေ အတွက် တိုးတိုး တိတ်တိတ် ရောင်းတဲ့ တောအရက်ဆိုင်ကလေးတွေကလည်း အကြော်ဆိုင်တွေ ရဲ့ နောက်မှာ အရက်ပုံးကို မသိမသာ တောင်းကလေးတွေ နဲ့ ထည့်လို့ ။ တောင်း ကို လည်း လုံချည်ကြမ်းကလေး တွေနဲ့ အုပ်လို့ ။ ဟိုဟိုဒီဒီ ရွာနီးချုပ်စပ်တွေ ကနေ ပွဲကြည့်လာကြတဲ့ လှည်းတွေ ဆိုတာ ရွာကိုပတ်ထားတဲ့ လှည်းလမ်းကြီး တစ်လျှောက် မှာ ပြည့်လို့ ။ ဖုန်ခိုးတွေက တထောင်းထောင်း ၊ လှည်းအီသံတွေ က တညံညံ ။

အဲဒီတုန်းက သည်အညာ မြေလတ်ဘုရားပွဲတွေ မှာ ခေတ်စားခဲ့တဲ့ ဗန္ဓုလကျော်စိန် တို့ ၊ ခေတ်ပါတီပဂိုးကြည် တို့ ၊ အာဇာနည်လှကြည်တို့ စတဲ့ ဇာတ်ပွဲ ကြီးတွေ အထိ ထိန်ပင်ကုန်းက ရှင်ပင်အောင်တော်မူဘုရား ဆွမ်းလုံးချပွဲမှာ ဝင်က, ဖူးခဲ့တာပေါ့ ။ ဓာတ်ပြား မသွင်းဖူးပေမယ့် သူ့နယ် နဲ့ သူ အထိုက်အလျောက် ပေါ် လာတဲ့ ဗလာဇာတ်ကြီးတွေ ၊ အငြိမ့်တွေ လည်း သည်မှာ က,ဖူးတာ မနည်းလှပါ ဘူး ။ ဒါပေမဲ့ အဲဒီအဖြစ်တွေက အတိတ်မှာ ကျန်နေခဲ့ပြီလေ ။

အုံးတခြိမ့်ခြိမ့် စည်ကားတဲ့ ပွဲဈေးခင်းကြီးနဲ့ ပျော်ခဲ့ကြဖူးတဲ့ လူတွေ ဆိုတာက ရွာထဲက လူလတ်ပိုင်းတွေအထိကတော့ ဟုတ်တာပေါ့ ။ သူတို့နောက်မှ ဒီရွာမှာ မွေးလာကြတဲ့ နောက်ပေါက်ကလေးတွေကတော့ သက်ကြီးစကား သက် ငယ်ကြား ဆိုသလို လူကြီးတွေ ပြောသမျှသာ ခေါင်းကလေးတွေ တမော့မော့ နဲ့ နားထောင်ပြီး စိတ်ကူးယဉ်ကြည့်ကြရရုံပဲ ။ သူတို့ မကြုံခဲ့ကြရဖူးဘူး ။ မကြုံခဲ့ရတာ ပြောလို့ ဘုရားပွဲ ကလည်း မကျင်းပနိုင်ခဲ့တာ ကြာလှပြီလေ ။ အစစအရာရာ ဈေးနှုန်းတွေ ၊ စရိတ်စကတွေ ကြီးမြင့်လာတာကတစ်မျိုး ၊ နောက်ပိုင်းမှာ ဘုရားပွဲ ဖြစ်မြောက်နိုင်ရေး ကျင်းပဖို့ ဦးဆောင်တဲ့ သူတွေအချင်းချင်း သူ့ကော် ငါ့ကပ်နဲ့ မစည်းလုံးမိကြတာကတစ်မျိုး ၊ အကြောင်းစုံ ဆိုပါတော့လေ ။ သည်လိုနဲ့ ဟော တစ်နှစ် ၊ ဟောတစ်နှစ် ဆိုသလို အချိန်တွေ သာ ကုန်ကုန် သွားတယ် ။ ရှင်ပင် အောင်တော်မူဘုရား ကတော့ ရွာဦး မှာ ငုတ်တုတ် ။

ခက်လိုက်ပုံက သည်နယ် တစ်ရိုး မှာလည်း ထိန်ပင်ကုန်းရွာ ကမှ ပွဲမခံ နိုင်တော့ဘူး ဆိုရင် ပြီးပြီ ။ ပါတောပိတ်ကရော ။ တခြားရွာတွေက ရွာသိမ် ရွာငယ် ကလေးတွေချည်း ။ ထိန်ပင်ကုန်း ကသာ ကျေးရွာအုပ်စု ဒိုင်နယ်နာမည်ခံနိုင်တဲ့ ရွာကြီး တစ်ရွာ ဖြစ်နေတာ ။ တခြားရွာတွေက ထိန်ပင်ကုန်း မှာ ဘုရားပွဲ ဖြစ်တယ် ၊ ပွဲခံတယ်ဆိုမှ လှည်းတွေ နွားတွေနဲ့ အရောက်လာကြည့်ကြရတာ ။ သူတို့ ကိုယ်စီ ရွာငယ်ကလေးတွေ ရဲ့ အင်အားမျိုးနဲ့က ဘယ်ရွာမှ လူစွမ်းကောင်းလုပ်ပြီး ပွဲမငှား နိုင်ကြဘူး ။ ကဲ “ ဒိုင်နယ် ” နာမည်ခံထားတဲ့ ထိန်ပင်ကုန်းရွာကြီးကိုယ်နှိုက်က ဘုရား ပွဲမလုပ်နိုင်တော့လို့ ဇာတ်ပွဲ အငြိမ့်ပွဲ ငတ်ပြီ ဆိုမှတော့ ကျန်တဲ့ရွာတွေဆိုတာ ထည့်ကိုမပြောနဲ့တော့ ။ သူတို့လည်း ထိန်ပင်ကုန်း နဲ့ ရောပြီး ပွဲငတ် အငြိမ့်ငတ်ပြီ ဆိုတာ သေချာလို့ ။

ဒီလို တစ်နယ်လုံး ပွဲငတ် နေတဲ့ ကာလကြီးမှာမှ ထူးခြားပြီး သည်နှစ်ကျ မှ ထိန်ပင်ကုန်းမှာ ဘုရားပွဲ ဖြစ်လာခဲ့တယ် ။ သည်နှစ်မှ ထိန်ပင်ကုန်းရွာ ရဲ့သူကြီး  အသစ်စက်စက် ဖြစ်လာခဲ့တဲ့ ကိုဘိုးထွန်း ရဲ့ ကြိုးစားစည်းရုံး လှုံ့ဆော်နိုင်မှု က အဓိကပေါ့ ။ ကိုဘိုးထွန်း က သူ သူကြီး စ,ဖြစ်တဲ့ နှစ်မှာပဲ အနှစ် ( ၂ဝ ) ကျော်ကြာ ပွဲဈေး မခင်းနိုင်ခဲ့တဲ့ ရှင်ပင်အောင်တော်မူဘုရား ကို ဘုရားပွဲ ကျင်းပဖြစ်အောင် မှတ်မှတ်ရရ ကို လုပ်ပြချင်တဲ့လူလေ ။ ကိုယ်တိုင် ကလည်း ဇာတ်ပွဲ အငြိမ့်ပွဲ က ဝါသနာ ပါပါကိုး ။ ငယ်ငယ်တုန်း က ဆို အရပ်ပြဇာတ်တွေ ဘာတွေတောင် တက် ကဖူးသေးခဲ့တာကလား ။

သည်တော့ တစ်ရွာလုံးကို စည်းရုံးတယ် ။ သူတို့ ငယ်ငယ်က ရွာဦးဘုရား ပွဲမှာ ပျော်ခဲ့ကြဖူးတဲ့ အတိတ်တွေ ကို မျက်စိထဲ ပြန်မြင်လာအောင် ၊ ပြန်လွမ်းလာ အောင် ပြောတယ် ။ နောက်ပေါက် ကလေးသူငယ်တွေမှာ ဘုရားပွဲရယ်လို့ တစ်ခါ မှ ပျော်ခွင့်မရဘူးကြသေးရှာတာကို ဂရုဏာသက်လာအောင် သူ့သားသမီး ကိုယ့် သားသမီး ကလေးသူငယ်တွေ အတွက် လူကြီးတွေက ဘုရားပွဲ ကျင်းပပေးချင်လာ အောင် ပြောတယ် ။

နောက်ဆုံးတော့ သူကြီး လက်သစ်ရဲ့ ဦးဆောင်မှုနဲ့ တင် ရွာစဉ် လည်ပြီး အလှူခံကြမယ့် ကာလသားအဖွဲ့တွေ ဖွဲ့လာနိုင်တယ် ။ လုပ်ငန်းက အစ မတည်ရ သေးခင်သာကိုး ။ ဟိုရွာ သည်ရွာ သုံးလေးရွာ လောက် အလှူလည်ခံပြီးလို့ ရံပုံငွေ ကလေးလည်း ရလာတာမြင်ရော တစ်ရွာလုံးပဲ အဲဒီ ရံပုံငွေကလေး တိုးသည် ထက် တိုးလာစေဖို့ အာရုံစိုက်လာကြတယ် ။ စ,ပြောစဉ်က မသိ သလိုလို ၊ စိတ်မဝင်စား သလိုလို နေခဲ့တဲ့သူတွေတောင်မှ ဘုရားပွဲ ဖြစ်မြောက်ရေးမှာ တစ်ယောက်တစ်လက် ပူးပေါင်းပါဝင် ကူညီလာကြတော့တယ် ။

သည်တော့ သူကြီး ကလည်း ရွာနားနီးချင်းတွေ ကို ကြေညာလိုက်တယ် ။ ဒီနှစ် ထိန်ပင်ကုန်းရွာမှာ ရှင်ပင်အောင်တော်မူ ဘုရားပွဲတော် ကျင်းပမယ် ။ ရှစ်ရာ တစ်ထောင် ပေးငှားရင်ရတဲ့ ဗွီဒီယိုသေးသေးကလေးနဲ့ ဧည့်ခံမှာ မဟုတ်ဘူး ။ ငွေတစ်သောင်းကျော် ပေးငှားမှရတဲ့ ဗလာဇာတ်ပွဲကြီးနဲ့ကို နှစ်ချီ နှစ်ည အတည် တကျ မိုးအလင်း ဧည့်ခံမယ်ပေါ့ ။ နီးစပ်ရာ ရွာများက ဘုရား ကို ဆွမ်းတော်ကြီး လောင်းမယ့်အဖွဲ့တွေ လာနိုင်ဖို့ ကြိုတင် ဖိတ်ကြားပါတယ်ပေါ့လေ ။

သည်လိုနဲ့ အများ မျှော်လင့်ခဲ့ကြတဲ့ ရှင်ပင်အောင်တော်မူဘုရားပွဲ ကျင်းပမယ့် ရက်ကို ရောက်လာခဲ့တယ် ဆိုပါတော့ ။

••••• ••••• •••••

( ၂ )

တောဘုရားပွဲ ဆိုတာက သိကြတဲ့အတိုင်းပဲလေ ။ ဘယ်နေ့ဘယ်ရက်မှာ ဘယ်ဇာတ်ပွဲ ဝင်က,မယ် ဆိုတာကို က,မယ့်ရက် မတိုင်ခင် တစ်ပတ် နှစ်ပတ် လောက်ကတည်းက ဝန်းကျင်ကျေးရွာတွေက သိထားကြပြီးသား ။ တကူးတက စုံစမ်းပြီး ‘ ကြည့်လိုက်ရသေးဟေ့ နှစ်ညလုံး ’ လို့ အားခဲမောင်းတင် ထားကြပြီး သား ။

ဆိုတော့ ... ထိန်ပင်ကုန်းမှာ တကယ်ဘုရားပွဲ ကျင်းပတဲ့ ရက်လည်း ရောက်ရော မနက်လင်း ကတည်းက ဟိုရွာသည်ရွာ က ပွဲကြည့်လာကြတဲ့ လှည်း တွေဆိုတာ တင်းကြမ်းပြည့်လို့ ။ ရွာခံတွေကလည်း ရောက်လာမယ့် မိတ်ဆွေ သင်္ဂဟတွေ ၊ ဆွေမျိုးသားချင်းတွေကို ဧည့်ခံကျွေးမွေးဖို့ မုန့်ပဲသွားရည်စာလုပ်တဲ့ သူတွေကလုပ်ကြ ၊ ပွဲဈေးတန်း မှာ အကြော်ဆိုင် မုန့်ရေဆိုင်ကအစ မုန့်ဟင်းခါး ဆိုင် ၊ အသုပ်စုံဆိုင် အဆုံး ဈေးထွက်ကြဖို့ ပြင်ဆင်သူတွေ က ပြင်ဆင်ကြနဲ့ တစ်ရွာ လုံး လှုပ်လှုပ် လှုပ်လှုပ်ပဲ ။

ဒါပေမဲ့ ခက်လိုက်ပုံ ပြောပါတယ် ။ တခြားရွာက ပွဲကြည့်လာကြတဲ့ လှည်းအဖွဲ့တွေကလည်း လာမိလက်စမို့သာ လာခဲ့ရတယ် ။ ရွာက ပြင်ဆင်ကြတဲ့ သူတွေကလည်း သူတို့ဆိုင်တွေအတွက် ပြင်မယ့်သာ ပြင်ရတယ် ။ ဟုတ်မှ ဟုတ်ပါ့ မလား ။ သည်ည ပွဲက,မှ ကဖြစ်ပါ့မလားလို့ စိတ်တွေကတော့ တထင့်ထင့်ပဲ ။ ဇာတ်အဖွဲ့ မရောက်လာလို့ မဟုတ်ဘူး ။ ရာသီဥတုကြောင့် ။ ဒီနေ့ကျမှပဲ တိုက်တိုက် ဆိုင်ဆိုင် ကောင်းကင်က သိပ်မကြည်ချင်လှဘူးလေ ။ မိုးသားကလေးတွေ ဆင်လို့ ။ နေက ကောင်းကောင်းပွင့်လာတယ်ပဲ မရှိဘူး ။ တစ်ချိန်လုံး အုံ့ပျအုံ့ပျနဲ့ ။ မိုးသား ကလေးတွေက တရွေ့ရွေ့နဲ့ တက်လာလိုက် နည်းနည်း ပြန်ပြယ်သွားလိုက် ၊ ခဏ ကြာတော့ ပြန်တက် လာလိုက်နဲ့ ဘုရားပွဲ အားခဲထားကြတဲ့ လူတွေကို သက်သက် မဲ့ စိတ်ကသိကအောင့်ဖြစ်အောင် ကလိနေသလား အောက်မေ့ရတယ် ။

တခြားရွာတွေက လှည်းအဖွဲ့တွေ မှာလည်း မောင်းလက်စမို့သာ မောင်း လာရတယ် ။ ကောင်းကင် ကို မော့မော့ကြည့် လာမိကြတာ ခဏခဏ ။ “ ဒီနေ့ကျမှပဲ ဗျာ ဒီမိုးနှယ် ထိန်ပင်ကုန်း ရောက်ကာမှ မိုးများ ရွာချလိုက်ရင်တော့ အခက်ပဲ ”လို့ ညည်းတဲ့သူက ညည်းလို့ ။ ရွာခံလူတွေလည်းပဲ မထူးပါဘူး ။ မိုးလေဝသ အခြေအနေ က တမှိုင်းမှိုင်း တအုံ့အုံ့ လုပ်နေတော့ စိတ်တွေက မဖြောင့်ဘူး ။

“ ဘယ့်နှယ် ... သူကြီး  မိုးက ဟုတ်,ဟုတ်ပါ့မလားဗျ ၊ ညကျမှ ပွဲကို ဖျက်ရင်တော့ အကုန်လုံး သောက်ကျိုးနည်း ကုန်တော့မှာပဲ ”

ဘုရားဂေါပက အဖွဲ့ဝင် တစ်ယောက်က ပြောတော့ သူကြီး က ကောင်း ကင်မော့ ကြည့်တယ် ။ မိုးသားတွေက ပြင်လို့ ။ ဒါပေမဲ့ သိပ် များများစားစားကြီးနဲ့ ထုတက်နေအောင် ညို့နေတာတော့လည်း မဟုတ်ဘူး ။ “ မရွာပါဘူးကွာ ” လို့ ကံ သေကံမ ပြောနိုင်မလား ဆိုတော့လည်း မပြောနိုင်ပြန်ဘူး ။ သောင်မတင် ရေမကျကြီး ။ ရွာဖို့နဲ့ မရွာဖို့က ချိန်ခွင်လျှာ တစ်ဝက်စီဆိုတဲ့ ပုံမျိုး ။

“ အိုဗျာ နွားသိုး နဲ့ မိုး အစိုးမရပါတဲ့ ဆို ၊ ဘယ်သူ ကြိုတင်ပြောနိုင်မလဲ ၊ မရွာရင်တော့ အကြိုက်ဆုံးပေါ့ ၊ ဒါမှ ပွဲဖြောင့်ဖြောင့် က,နိုင်မှာ ၊ အဝေးရွာတွေ ကလာတဲ့ ပရိသတ်လည်း ဒုက္ခမများတော့ဘူးပေါ့ ”

သူကြီး က မယုတ်မလွန် ပြန်ပြောတယ် ။ ဒါပေမဲ့ သူကြီး လည်း မိုးကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေတာ သေချာပါတယ် ။ မျက်နှာထားကြီးက မအီ မလည်နဲ့ ။ သည်လိုနဲ့ တစ်နေသာကုန်ရော မိုးသားတွေကတော့ ပြယ်သွားလိုက် ပြန်အံ့တက်လာလိုက်နဲ့ပဲ ညဘက် ပွဲထွက်ချိန် ရောက်လာတယ် ။

ရွာပေါင်းစုံက ပရိသတ်ကြီး ကတော့ ပွဲခင်းထဲမှာ ကြက်ပျံမကျ ကျိတ် ကျိတ်တိုး ဆိုသလိုပေါ့ ။ အနှစ် ( ၂၀ ) ကျော်လောက် ပွဲငတ်နေတဲ့ ပရိသတ် ပါ ဆို မှတော့ ဘာပြောစရာ လိုတော့မလဲ ။ ပွဲက သူ့ အချိန်နဲ့ သူ ညကိုးနာရီလောက်မှာ စ,ထွက်တယ် ။ ပရိသတ် ကတော့ ပွဲကို ကြည့်ရတာက တစ်မျိုး ၊ ပွဲခင်းထဲကနေ မိုးပေါ်ကို မော့မော့ကြည့်ပြီး အကဲခတ်ရတာက တစ်မျိုးပေါ့လေ ။

အံ့ဩစရာကောင်းတာက တစ်နေကုန် အုံ့အုံ့ပျပျ လုပ်လာတဲ့ မိုးက ပြဇာတ်သာ ပြီးသွားရော ၊ မရွာလာတော့ဘူး ။ မရွာတဲ့အပြင် ကောင်းကင်က လည်း တော်တော်ကြီး ကြည်လင်လာတယ် ။ မိုးသားတွေ သိသိသာသာ ပြယ်သွား တော့ ပွဲခင်းထဲမှာ လရောင်တောင် ဖွေးလို့ ။ “ ဒီညတော့ မိုးမရွာတော့ဘူး ” လို့ အပ်ချမတ်ချ ပြောရဲနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာတော့မှ သူသူကိုယ်ကိုယ် သက်ပြင်းချနိုင်ကြတော့တယ် ။

ပြဇာတ်ပြီးတော့ ပွဲက အားလပ်ချိန်ပေးတယ် ။ အပေါ့အပါးကလေး ဘာလေး သွားကြဖို့ ၊ အကြော်စုံကလေး မုန့်ကလေး အဆာပြေ ထွက်စားကြဖို့ ဆိုပါတော့ ။ အဲဒီအချိန်ကျတော့မှပဲ ပွဲဈေးဆိုင်တန်းတွေမှာ မရွာလိုက်တဲ့ မိုးနဲ့
ပတ်သက်တဲ့ စကားသံတွေ ထွက်လာကြတော့တယ် ။ ဘာရယ်မဟုတ်ဘူး ။ စပ်မိ စပ်ရာ ဆိုသလို ပြောဖြစ်ကြတာ ။

“ တော်သေးတာပေါ့ကွာ ၊ ငါဖြင့် ခုည မိုးဖျက် ကရောဟ အောက်မေ့ တာ ၊ ပြဇာတ်တစ်ဝက် ကျိုးတဲ့အထိ စိတ်တထင့်ထင့် နဲ့ ခုမှပဲ စိတ်တုံးတုံး ချနိုင် တော့တယ် ။ ဒီညတော့ မရွာတော့တာ သေချာပါပြီ ”

တစ်ယောက် က စ,လိုက်တော့ နောက် တစ်ယောက်ကလည်း သူ သိသမျှ ဝင်ပြောပြန်တယ် ။

“ အံမာ ဘယ်ရွာလိမ့်မလဲ ၊ မရွာဆို နေ့လည်တုန်းက ဆရာထွား က မိုးတားဖို့ ဆိုပြီး လုပ်လို့ပါရောဗျ ၊ သိမ်ဝင်သပိတ်ကွဲပေါ်မှာ အင်းချပြီး ဘုရားကုန်း မှာ သွားမြှုပ်ဖို့ဆိုလား လုပ်နေတာ တွေ့တယ်ဗျ ”

“ ဟုတ်လား ... အေးလေ သူကလည်း တို့ရွာမှာတော့ အင်းဝိဇ္ဇာကိုး ၊ သူတားလို့ မရွာတော့တာလား ဘာလား မပြောတတ်ပေမယ့် သေချာတာကတော့ ဒီည မိုးမရွာတော့တာပဲကွ ”

ဒါက အကြော်ဆိုင် တစ်ဆိုင်က ထွက်လာတဲ့ သတင်းစကား ။ ဖားဖိုကြီး တစ်လုံးနဲ့ ရှိသမျှ အဝတ်အစားတွေ အားလုံး မီးလောင်ပေါက် ချည်း ဖြစ်နေတဲ့ အထိ ဓာတ်လုံး ဖိုထိုးတတ်တဲ့ ဆရာထွား က သပိတ်ကွဲအင်း မြေမြှုပ်ပြီး မိုးတားခဲ့ တယ်ဆိုတဲ့ အကြောင်းက အဲဒီအကြော်ဆိုင်ကတစ်ဆင့် အနံ့ကလေး အတော် ထွက်လာတယ် ။ တစ်ယောက် က ပြော ၊ တစ်ယောက် က နားထောင် ၊ အဲဒီလူ က တခြားကို တစ်ခါပြန်ပြောနဲ့ပေါ့ ။

“ ဟေ ... ဆရာထွား ကလည်း မိုးတားခဲ့သေးသတဲ့လား ၊ ငါတို့ ကြားတာ က တစ်မျိုးပါဟ ၊ နေ့လည်တုန်းကပဲ ရွာလည်က ဗေဒင်ဆရာကြီး ဦးကြွက်သိုး က ဓာတ်ရိုက်ဓာတ်ဆင်နဲ့ မိုးတားမယ် ဆိုပြီး ယတြာဓာတ်ပန်းတွေ ထိုးလို့ ဆိုပါရော ”

“ ဟုတ်လား ... ကိုရင့်ကို ဘယ်သူပြောလဲ ”

“ ဟ ... ပွဲခင်းအရှေ့ဘက်က မုန့်ဆိုင်တန်းမှာ ဦးကြွက်သိုး တပည့် မောင်စတို့လူစု အဲဒီအတိုင်းပဲ ပြောနေကြတာ မောင်ရေ ”

ဘာကြာလိုက်လို့လဲ ၊ မရွာလိုက်တဲ့ မိုး နဲ့ ပတ်သက်ပြီး နောက်ထပ် မိုးတားဆရာ တစ်ယောက်လည်း နာမည်ထွက် လာပြန်တယ် ။ ဗေဒင်ဆရာကြီး ဦးကြွက်သိုး ကလည်း မိုးမရွာအောင် ယတြာဓာတ်ပန်းတွေ ထိုးခဲ့သေးဆိုပဲ ။ တချို့ကတော့ ကိုယ့် ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ ယုံယုံကြည်ကြည် ပြောကြ တာ ။ အဲဒီ အထဲ ယုံတာ မယုံတာ ၊ ဟုတ်တာ မဟုတ်တာတွေ နောက်ထား ၊ အလကားနေ အလကား ဝင်ရွှတ်တဲ့ နောက်တဲ့ လူပြောင် လူနောက်တွေ လည်း ပါတာပေါ့ ။ “ ဟုတ်တာပေါ့ ၊ ဆရာထွား  တားလို့သာ မိုးမရွာတာ ၊ ဘယ် ... တစ်နေကုန် ဆင်နေတဲ့မိုး ၊ ဆရာထွား  သပိတ်ကွဲအင်း နဲ့ တွေ့မှ ပြေးတော့တာ ” ဆိုပြီး ခပ်တည်တည်နဲ့ ဦးကြွက်သိုး တပည့် မောင်စတို့ လူစု မခံချိမခံသာ ဖြစ် အောင် ဝင်အစ,ထောင်ပေးတဲ့ ခပ်နောက်နောက် လူတွေကလည်း မရှားလှဘူး ။

“ မဟုတ်တာကွာ ၊ တကယ်က မင်းတို့ ဆရာကြီး ဦးကြွက်သိုး  ယတြာ ဓာတ်ပန်း အထိုးကောင်းလို့ ဒီမိုးလွင့်သွားတာပါ ။ လူတွေက အခြောက်တိုက် ဆရာ ထွား ကို အထင်ကြီး နေကြတာ ။ တို့ကတော့ ဦးကြွက်သိုး ဘက်ကပဲဟေ့ ၊ နော် ကွာ... အဲ ... ငါ့ကို ဒူးယားကလေး တစ်လိပ်လောက်တော့ တိုက်ခဲ့ဦးနော် မောင်စ ”

“ ဟာဗျာ ... အရေးထဲ ခင်ဗျား က ဝင်နောက်နေ ၊ ကျုပ် က အတည် ပြောနေတာဗျ ၊ ကျုပ် ဆရာကြီးရဲ့ ယတြာ အစီအရင်ကို ရယ်စရာ မှတ်နေလား ”

ပွဲဈေးတန်းက စားသောက်ဆိုင်တွေမှာ ဦးကြွက်သိုး တို့ ၊ ဆရာထွား တို့ နဲ့ ပတ်သက်ပြီး ပြောကြ ရယ်ကြ ကလိကြနဲ့ တသောသော ဖြစ်နေချိန်မှာ ပွဲကြည့် ပရိသတ်ထဲက မိန်းမတွေ ကြားမှာတော့ သတင်းတစ်မျိုး ထွက်နေပြန်တယ် ။

“ ဟဲ့ ... မိုးလင်း သွားတာပြောလို့ နေ့လည်တုန်းကပဲ နတ်ကတော်ကြီး ဒေါ်စာဥ က မိုးတိမ်တွေ ပြင်နေတာ ရိုးရိုးမဟုတ်ဘူးတဲ့ ၊ ရွာတော့်ရင်က မကျေနပ် လို့ ပွဲဖျက်မိုးပြင်တာတဲ့ ၊ အချိန်မီအောင်' သူ ကန်တော့ တောင်းပန်မယ် ဆိုပြီး ကန်တော့ပွဲတွေ ချီလို့ဟဲ့ ၊ တို့တောင် ဝင်ကြည့်ခဲ့သေး ”

“ ဟုတ်လား လက်စသတ်တော့ ဒါကြောင့်ကိုး ၊ ဒီမိုး ပြယ်သွားပုံ ထူးတယ် လို့တော့ အောက်မေ့မိသား ၊ အောင်မယ်လေး ဒီလိုဆို မနက်ဖြန်လည်း ဒေါ်စာဥ  ကြီးကိုပဲ မရွာအောင် တားထားပေးဖို့ အပူကပ်ရတော့မှာပဲ ၊ ပွဲတော့ လက်လွတ် မခံနိုင်ဘူးတော့ ”

မိန်းမသူတွေကတော့ ဘယ်သူကမှ နောက်တီး နောက်တောက်တွေ ပြောမနေကြပါဘူး ။ တစ်ယောက်စကား တစ်ယောက်နားနဲ့ တိုးတိုး တိုးတိုး ပြော ကြရင်း ခေါင်းညိတ်လက်ခံလိုက်ကြတာပါပဲ ။ နတ်ရိုးရာ အစွဲကလည်း သူသူ ကိုယ်ကိုယ် ရှိနေကြတာကလား ။ သည်လိုနဲ့ နေ့လည်တုန်းက သူတို့နည်း သူတို့ ဟန်တွေနဲ့ မိုးတားခဲ့ကြတဲ့ လူသုံးယောက် နာမည်တွေက နှစ်ပါးသွားတောင် မထွက်ရသေးဘူး ။ ပွဲခင်းထဲမှာ ပျံ့နေပြီ ။

သည် သုံးယောက် ထဲမှာ ဘယ်သူက စွမ်းလို့များ မိုးပြယ်သွားတာလဲ ။ သုံးယောက် ညီညီညာညာ စွမ်းလို့လား ။ ဒါမှမဟုတ် တကယ်မိုးတားနိုင်လိုက်သူက ဒေါ်စာဥ လား ၊ ဆရာထွား လား ၊ ဦးကြွက်သိုး လား ။ သည်လိုမှ မဟုတ်သေးရင် ဒါဟာ တိုက်ဆိုင်မှု သက်သက်ပဲလား စသည်ဖြင့်တော့ ဘယ်သူကမှ စစ်စစ်ပေါက် ပေါက် စဉ်းစားအဖြေရှာ မနေကြတော့ပါဘူး ။ ဘာပဲဖြစ်ဖြစ် မိုးမရွာတော့ဘူး ဆိုတာက သေချာနေပြီပဲဟာ ။ အဲဒီအတွက် သူတို့ မိုးတားဆရာ သုံးယောက်လုံး ကိုပဲ ပရိသတ်က ကျေးဇူး တင်လိုက်ကြပါတယ် ။ တင်ဆို ... အဲဒီညက မိုး အလင်း ပွဲကြည့်လိုက်ကြရတာ မဟုတ်လား ။

••••• ••••• •••••

( ၃ )

သည်နေ့တော့ ဘုရားပွဲ ဒုတိယနေ့ ။

ဇာတ်အဖွဲ့ ကလည်း နောက်ဆုံး နှုတ်ဆက်ပွဲက,မယ့်နေ့ပဲ ဆိုပါတော့ ။ ထိန်ပင်ကုန်း တစ်ရွာလုံးလောက် နီးနီး မကြုံစဖူး ဘုရားပွဲကို ပျော်ပျော်ကြီး ညလုံး ပေါက် နွှဲထားကြတာ ဆိုတော့ ဘုရားပွဲ ဒုတိယနေ့ မနက်ခင်းက ငြိမ်လို့ ။ ပွဲကြည့် မသွားကြတာက သက်ကြီးရွယ်အိုတွေလောက်ပဲ ရှိတာလေ ။ သူတို့က အိမ်စောင့် ပေါ့ ။ ငယ်သူရွယ်သူတွေ အားလုံးနီးနီးက မနေ့ညက ပွဲမှာချည်း အချိန်ကုန် ကြတာ ဆိုတော့ အိပ်ကြတုန်းပေါ့ ။ လူကြီးသူမတွေကလည်း မကြုံစဖူး ဖြစ်ခဲ့တဲ့ ဘုရားပွဲ ညမို့ အိပ်နေကြတဲ့ သူတွေကို မနှိုးကြဘူး အလိုက်တသိပဲ ကြည့်နေလိုက်ကြ တယ် ။ သည်လိုနဲ့ အဲဒီနေ့ကတော့ ဆွမ်းခံဝင်ချိန်လောက်ကျမှပဲ ရွာက ထုံးစံ အတိုင်း လှုပ်လှုပ်ရှားရှားကလေး အသက်ဝင်လာတယ် ။ ပြောသံ ဆိုသံ အော်သံ ခေါ်သံတွေ ထွက်လာတယ် ။

ဒါပေမဲ့ အဲဒီနေ့အဖို့ မနေ့ညက ဇာတ်ထဲက မင်းသား မင်းသမီးတွေနဲ့ အပြိုင် ရွာမှာ လူပြောများ ရေပန်းစားလာသူတွေကတော့ မနေ့က မိုးတားခဲ့ကြတဲ့ ပုဂ္ဂိုလ် သုံးယောက်ပဲ ။ ရွာရဲ့ ကျေးဇူးရှင်ကြီးတွေပေါ့လေ ။ ဦးကြွက်သိုး ကို ယုံကြည် သူတွေကလည်း ဦးကြွက်သိုး  မိုးတားလို့ ၊ ဆရာထွား ကို ဆရာ တင်ထားသူတွေက လည်း ဆရာထွား  အင်းအမြှုပ် ကောင်းလို့ ၊ ရိုးရာနတ် အယူအစွဲ ရှိကြတဲ့ မိန်းမသူ တွေကတော့ ဒေါ်စာဥ မှ ဒေါ်စာဥ ၊ ဒေါ်စာဥ  ကန်တော့ပွဲ အချီကောင်းလို့ စသဖြင့် မနေ့ညက မရွာလိုက်တဲ့ မိုးနဲ့ ပတ်သက်တဲ့အကြောင်းတွေပဲ စုစု စုစုနဲ့ ပြောဆိုနေ ကြတယ် ။ ဘယ်လိုပဲ စကားလုံးတွေကွဲကွဲ ၊ အနှစ်ချုပ်လိုက်ရင်တော့ သူတို့သုံးဦး မိုးတားပေးခဲ့ကြလို့သာ မိုးပြယ်သွားခဲ့တာဆိုတဲ့ အကြောင်းပဲ ။

အဲဒီ စကားတွေကို သက်ဆိုင်သူ ကာယကံရှင် သုံးဦးကလည်း မကြားဘဲ ဘယ်နေလိမ့်မလဲ ။ တစ်ရွာတည်းချင်းဟာကို ။ လုပ်တုန်းကတော့ ကိုယ့်ဟာကိုယ် တတ်သလို မှတ်သလိုလေး တိုးတိုးတိတ်တိတ် လုပ်ခဲ့ကြတာပဲ ။ ဒီလို လုပ်လိုက်လို့ မိုး ပြယ် ကို ပြယ်ရမယ်ဆိုတဲ့ တစ်ထစ်ချ ယုံကြည်ချက်ကြီးတွေနဲ့ တော့ သဘာဝ တရားကို စိန်ခေါ်ပြီး သူတို့ လုပ်ခဲ့ကြတာမျိုး မဟုတ်ပါဘူး ။ ပြယ်ကောင်း ပြယ်ပါ လိမ့်မယ်လေ ဆိုတဲ့ မဝံ့မရဲ မျှော်လင့်ချက်ကလေးတွေနဲ့ စမ်းသပ်ကြည့်ခဲ့ကြတဲ့ သဘောမျိုးပဲ ။ ဒါကြောင့် အာမခံချက် မပေးနိုင်တဲ့ ကိစ္စအတွက် လူသိရှင်ကြား မလုပ်ဘဲ ကိုယ့်ဟာကိုယ် တိုးတိုးကျိတ်ကျိတ် လုပ်ခဲ့ကြတာပေါ့ ။ ဒါပေမဲ့ ဖြစ်ချင် တော့ မိုးက မရွာလိုက်ဘူးလေ ။ သူတို့ လုပ်ထားတဲ့ ကိစ္စတွေကို မြင်တဲ့သူ တစ်ယောက်စ နှစ်ယောက်စ က တစ်ဆင့် အားလုံး အများသိလည်း ဖြစ်သွားခဲ့တဲ့ အပြင် နာမည်ကလေးတွေကလည်း ထွက်လာတော့ စိတ်တွေက “ ကြွ ” လာတယ် ။ ကိုယ့်ဟာကိုယ် အာမ,မခံရဲပေမယ့် ကိုယ်ကပဲ ဒီကိစ္စကြီးကို အများအကျိုး အတွက် ကယ်တင်ကူညီပေးလိုက်ခဲ့တော့သလိုလိုနဲ့ တိုက်ဆိုင်တဲ့ အခြေအနေ အပေါ်မှာ ချော်လဲရောထိုင် ဝင်လုပ်လာကြတော့တယ် ။

ဦးကြွက်သိုး ကလည်း သူ့ကို ယုံကြည်သူတွေ ကြားမှာ ခေါင်းပေါင်းစ တလူလူနဲ့ ။ သူ ဘယ်လို တွက်ချက်ပြီး ယတြာဓာတ်ပန်းတွေ ထိုးခဲ့ရတာဖြစ်ကြောင်း ၊ သူ အနှစ်နှစ် အလလ လေ့လာခဲ့တဲ့ ဝေဒကျမ်းပေါင်းစုံထဲက ကောင်းပေ့ဆိုတဲ့ နည်းပညာတွေကို ဘယ်ပုံစဉ်းစား ဆုံးဖြတ် အသုံးချ လိုက်ရတာ ဖြစ်ကြောင်းတွေနဲ့ အာပေါင်အာရင်းသန်သန်ကြီး ပြောနေလေရဲ့ ။ သူ့ကို ဆည်းကပ်သူတွေကလည်း သူ့ဘေးမှာ ဝိုင်းလို့ပေါ့ ။ ဦးကြွက်သိုး ပြောသမျှ ခေါင်းတညိတ်ညိတ်နဲ့ နားထောင် နေကြရင်း အထင်တကြီး ဝိုင်းကြည့်လို့ ။ ဦးကြွက်သိုး ကတော့ သူ့ရဲ့ ဗေဒင် ပရိသတ် ဒီတစ်ချီနဲ့ တိုးရောလဟ ဆိုတဲ့ အတွေးနဲ့ ပီတိတွေ တဝေဝေ ရှိနေလေရဲ့ ။

သည်လိုပဲ ။ ဆရာထွား ကလည်း သူ ထိုးနေကျ ဖားဖိုကြီးနားမှာ မိန့်မိန့် ကြီး ထိုင်လိုက်လို့ ။ ရေနွေးကြမ်းပွဲနဲ့ လက်ဖက်ပဲကြော်ပွဲနဲ့ မြည်းရင်း သောက်ရင်း သူ့ ‘ လိုင်း ’ ကို စိတ်ဝင်စားသူတွေ ကြားမှာ ဩဝါဒတွေ တစ်လှေကြီး ပေးလို့ ။ ပညာ ဖြန့်ဖြူးနေပုံပေါ့လေ ။

“ အင်းအိုင်ခလှဲ့ လက်ဖွဲ့ ဆိုတာ ရှေးရှေး ကတည်းက သုံးလာခဲ့တဲ့ ထီးသုံး နန်းသုံး ပညာရပ်တွေကွ ၊ ဆေးဝိဇ္ဇာ ၊ သံဝိဇ္ဇာ ၊ ပြဒါးဝိဇ္ဇာ ၊ အင်းဝိဇ္ဇာရယ်လို့ အခိုင် အမာ ရှိခဲ့တာပဲ ။ သိမ်ဝင်သပိတ်ကွဲ ဆိုတာ တော်တော့အစွမ်း မဟုတ်ဘူး ။ အဲဒီ အပေါ်မှာ မိုးတားတဲ့ အင်းကွက်တွေ ကို ချထားတာ ၊ ပြီးတော့ “ မိုး’ ဆိုတာက ကြာသပတေးနံ ပဖဗဘမ ၊ ဒီတော့ ဓာတ်တူနာမ်တူချင်း ပြန်တိုက်ရမယ်ဆိုပြီး ဆရာက အဲဒီ သပိတ်ကွဲအင်းကို ဘုရားကုန်း ရဲ့ ကြာသပတေးထောင့်မှာ မြေမြှုပ် လိုက်တာပေါ့ ။ ဘယ်ကွာ ... အဲဒီမိုး ရွာပါဆိုတောင် မရွာတော့ဘူးမှတ် ”

ဆရာထွား က ဩဝါဒ အဆုံးမှာ အာခြောက် သွားဟန်နဲ့ ရေနွေးကြမ်းကို ရှူးခနဲ မြည်အောင် ခန့်ခန့်ကြီး သောက် လိုက်သေးတယ် ။ စိတ်ထဲမှာလည်း စီးပွား တိုးအင်းတို့ ၊ လယ်သီးယာသီး ပိုထွက်စေမယ့် အင်းတို့ ၊ ပီယအင်းတို့ လာအပ်ကြ မယ့် ပရိသတ်တွေ အများကြီးကို ကြိုတင် မြင်ကြည့်နေမိတယ် ။ ဝိုင်းထိုင်နေတဲ့ သူတွေကတော့ မျက်လုံးကလေးတွေ ပေကလပ် ပေကလပ်နဲ့ ။ ဆရာထွား  ပြော တာပဲ ဟုတ်နိုးနိုး လုံးဝမျက်စိမှိတ် ယုံလိုက်ရမလိုလို ဘယ်တုန်းကနဲ့မှ မတူအောင် သည်ကနေ့မှ ဟန်ကြီးတစ်ခွဲသားနဲ့ စတိုင်ထွားနေတဲ့ ဆရာထွား ကို ကြည့်ပြီး ရယ်ပဲ ရယ်ချင်လာသလိုလို ဖြစ်နေကြရဲ့ ။ ဆရာထွား ကတော့ ရှုပ်ထွေးဆန်းကြယ် လှတဲ့ လက်ချာတွေကို တွင်တွင်ကြီး ဆက်ပေး နေတော့တာပဲ ။

အဲဒီအချိန်မှာ ဒေါ်စာဥ ကလည်း တစ်မျိုး ။ သူ့အိမ်ခေါင်းရင်းခန်း ကန်တော့ပွဲစင်ကြီးရှေ့က မိန်းမသူတွေ အလည်မှာ ပြောင်းဖူးဖက် ဆေးပေါ့လိပ် ကြီးကို တထောင်းထောင်း ဖွာရင်း ရွာတော့ရင်အကြောင်း စမြုံ့ပြန်နေတယ် ။ အဓိကကတော့ ဘုရားပွဲ ကျင်းပမှာကို ကြိုကြိုတင်တင် ကတည်းက အသိမပေး ခဲ့တာမို့ ရွာတော့်ရင်က မကျေနပ်ကြောင်း ၊ ဒါကြောင့် မိုးတွေ ဆင်ပြတာ ဖြစ် ကြောင်း ၊ သူက ကန်တော့ပွဲတွေ ချီပြီး တောင်းပန်လိုက်ကာမှ ရွာတော့ရင် စိတ်ဆိုး ပြေသွားပြီး မိုးပြန်သိမ်းလိုက်တဲ့ အကြောင်းတွေပေါ့ ။ ဘေးက မိန်းမတွေက “ ဟယ် ” ဆို အံ့ဩလိုက် ၊ “ ဪ ဪ ” ဆိုပြီး ခေါင်းညိတ်လိုက် ၊ “ ကျွတ်ကျွတ် ” နဲ့ စုပ်သပ်ပြီး ရင်ဘတ်ဖိလိုက်နဲ့ ဟုတ်လို့ ။

မိုးတားဆရာ သုံးယောက်လုံး သူ့ ပရိသတ်နဲ့သူ ဟန်ရေးပြ နေကြလေရဲ့ ။ ဟန်ရေးပြ နိုင်တာလည်း မပြောနဲ့လေ ။ မနေ့က ရွာမလိုလိုနဲ့ တစ်နေကုန် ဆင်နေ တဲ့မိုးက လုံးဝမရွာတော့ဘဲ ပြယ်သွားခဲ့တာ မဟုတ်လား ။ ပြောအား ရှိပေတော့ မပေါ့ ။ သည်နေ့ ဒုတိယနေ့မှာကတော့ နေ့ခင်းပိုင်းသာ ရောက်ရော ။ ရာသီဥတုက ကြည်ကြည်လင်လင် ။ နေကလည်း ပွင့်လို့ ။ ပြဿနာ မရှိဘူး ။ ဒါပေမဲ့ ရာသီဥတု ကသာ ပြဿနာ မရှိတာ ။ အဲဒီ မိုးတားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လူတွေကြားမှာ တော့ မမျှော်လင့်ဘဲ ပြဿနာ ဝင်လာတယ် ။ တခြားမဟုတ်ဘူး ။ မနေ့က မိုးမရွာခဲ့ တာဟာ သူတို့ တားလို့ မဟုတ်ဘူး ၊ ငါတို့ တားလို့ဆိုပြီး ငြင်းခုန်ကြ ၊ လက်မထောင် နာမည်ကောင်း ယူလာကြတဲ့ ပြဿနာပဲ ။ နောက်လိုက်အုပ်စုကလေးတွေချင်းက အငြင်းအခုန် စ,ဖြစ်ကြတာလေ ။

ဦးကြွက်သိုး  တပည့် မောင်စ တို့ လူစုက သူတို့ ဆရာ ဦးကြွက်သိုး  တားလို့ သာ မိုးမရွာခဲ့တာ ဖြစ်ကြောင်း ၊ ဆရာထွား အင်းမြှုပ်တာတို့ ၊ ဒေါ်စာဥ ပွဲချီတာတို့ က ဘာမှမစွမ်းတဲ့အကြောင်း ရွာရိုးလျှောက်ပြောကြပါလေရော ။ သည်တော့ ဆရာထွား  နောက်လိုက်တွေ ကလည်း ဘယ်ငြိမ်ခံနိုင်ပါ့မတုန်း ။ မိုးမရွာခဲ့တာဟာ ဦးကြွက်သိုး တို့ ဒေါ်စာဥ တို့နဲ့ လုံးဝမပတ်သက် ။ သူတို့ ဆရာထွား ရဲ့ အင်းအစွမ်း ကြောင့်သာ ဖြစ်တယ်နဲ့ လုပ်လာကြရော ။ ဒေါ်စာဥ ရဲ့ လေကြော မိထားတဲ့ မိန်းမ တွေ ကလည်း ရွာတော့ရင်နဲ့ ဒေါ်စာဥ ကို မပုတ်ခတ်ပါနဲ့ ။ လက်ငင်း ဘေးတွေ့ ကုန်ကြမယ်နဲ့ ဖြစ်ကရော ။

သည်လိုနဲ့ နောက်လိုက် သုံးအုပ်စု ကနေ ငြင်းကြခုန်ကြနဲ့ ပြဿနာ စ,လာတယ် ။ အဲဒီအချိန်မှာ ဘယ်သူ့ကိုမှတော့ ယုံလို့မဟုတ် ၊ ဘယ်သူ့ နောက်လိုက် မှလည်း မဟုတ် ၊ သို့သော် ကြုံတောင့်ကြုံခဲ အမှိုက်စကလေး မီးစစွဲနေတာ တွေ့ပြီး ကြုံတုန်း ပြဿဒ်ပါ ခေါင် အထိစွဲအောင် ဓာတ်ဆီကလေး ဝင်လောင်းပေး ဦးမှဆိုတဲ့ စေတနာ့ရှင် အတို့အထောင်သမား လူပြောင် လူနောက်တွေ ကပါ ပြဿနာထဲ ဝင်လာပြီး ဟိုဘက် သည်ဘက် မခံချိ မခံသာ စကားတွေနဲ့ ပွဲဆူ အောင် ဝင်မွှေကြ ၊ ရယ်ကြ ၊ သောကြနဲ့ ရွာလည်မှာ အုပ်အုပ် အုပ်အုပ်နဲ့ ကလေး တွေရော လူကြီးတွေရော ဝိုင်းလို့ အုံလို့ ။ ငြင်းတဲ့ခုန်တဲ့ စကားတွေ နားထောင် လိုက် ၊ အစထောင်တဲ့သူက ထောင်ပေးလိုက် ၊ ဝေါခနဲ ဝိုင်းရယ်လိုက်နဲ့ ပျော်စရာကြီး ။ သတင်း ကြားနဲ့ကို အဲဒီဝိုင်းကို ထပ်ရောက်လာတဲ့ သူတွေ မနည်းဘူး ။ မဟောသဓာ တရား စီရင်ပုံကို နားထောင်ရမှာ ကျလို့ ။

အဓိက မိုးတားဆရာကြီး သုံးယောက်လည်းပဲ ရွာလည်မှာ ဖြစ်နေတဲ့ ပြဿနာကို မသိလို့ မဟုတ်ဘူး ။ သိတယ် ...  ။ ဒါပေမဲ့ စတိုင် တင်းတင်းနဲ့ပဲ ကိုယ့်အိမ်ထဲမှာကိုယ် ငြိမ်နေကြတယ် ။ နောက်လိုက်တွေချင်း ငြင်းကြပစေပေါ့ ။ သည်ပွဲမျိုး သူတို့ ဝင်ပါစရာ မလိုဘူးဆိုတဲ့ သဘောမျိုးပေါ့ ။ ဒါပေမဲ့ နောက်ဆုံး တော့ ဆရာသုံးယောက် လည်း ဆက်အိုက်တင်ခံနေလို့ မရတော့တဲ့ အဓိက ပြဿနာကြီး က မမျှော်လင့်ဘဲ ဝင်လာတော့တယ် ။ မိုးလေ ... မိုးပေါ့ ... ။ မိုး က သူ့ကြောင့်ဖြစ်ရတဲ့ ပြဿနာကို သူပဲ ဝင်ရှင်းပေးတော့မယ့်ပုံ ။

ညနေ သုံးနာရီခွဲပြီး လောက်မှာ မထင်မှတ်ဘဲ ရာသီဥတုက မျှော့သွေး . စမ်းသလို တဖြည်းဖြည်း ပြောင်းလဲ လာနေတယ် ။ စောစောတုန်းက “ ပွင့် ” နေတဲ့ “ နေ ” က ငုပ်ကောင် ဖြစ်သွားတယ် ။ မှိုင်းမှိုင်းမှုန်မှုန် အုံ့အုံ့ပျပျကြီး ဖြစ်လာတယ် ။ အနောက်ရမ်း လေကလေး ကလည်း တဖြူးဖြူး လုပ်လာတယ် ။ ဆရာတွေက ကိုယ့် အိမ်ခေါင်း ထဲကကိုယ် မိုးကို အကဲခတ်တယ် ။ အခြေအနေ က ကြည့်ရင်း ကြည့်ရင်းမှာတင် တိုးသည်ထက် တိုးလာတယ် ။ ပြန်ပြယ်သွားလိုက် တက်လာ လိုက် မိုးသားမျိုး မဟုတ်ဘဲ ဇွတ်ရော အဓမ္မရော တက်လာနေတဲ့ မိုးသားမျိုးတွေ ဖြစ်နေတယ် ။ အခြေကို ကြည့်လိုက်တော့ မည်းလို့ချိတ်လို့ ။ ဘာကြာလိုက်သတုန်း ။ တစ်ရွာလုံးအပေါ်မှာ မိုးသားတွေ ပြည့်လာတော့တာပဲ ။ သည်နေ့ မိုးသားတွေ တက်လာလိုက်ပုံက အင်နဲ့အားနဲ့ ။ ပြီးတော့ မြန်ကလည်း မြန်သေး ။ သိကြားမင်း ဦးမာဃကပဲ သူ့ဝေဇယန္တာ ရထားနဲ့ မိုးသားတွေကို နောက်က တွန်းပို့လိုက်ရော့ သလား အောက်မေ့ရရဲ့ ။

“ မြတ်စွာဘုရား ”

ဒေါ်စာဥ က မိုးသားတွေ ကြည့်ပြီး ဘုရားတ,တယ် ။ “ ဒီမိုးနှယ်ဗျာ ကောင်းပြီး ကောင်းရက်နဲ့ ။ ခုမှ ...  ” ဆရာထွား က ပူပူပင်ပင်နဲ့ စိတ်ထဲကနေ မိုးကို အပြစ်တင်တယ် ။ “ အင်း... ငါ့ စကားတွေကတော့ လွန်နေပြီ ၊ ဒီမိုးသာ ချလိုက်ရင်တော့ ငါ့ နာမည်လည်း မိုးရေထဲ မျောတော့မှာပဲ ၊ ဒုက္ခပါပဲဗျာ ” ဦးကြွက် သိုးလည်း ဘယ်သူ့ကို စိတ်တိုရမှန်း မသိကြီး ဖြစ်နေတယ် ။ သုံးယောက်လုံး ထိုင် လိုက် ၊ ထလိုက် ၊ မိုးပေါ် မော့ကြည့်လိုက် ၊ ပြန်ထိုင်လိုက်နဲ့ ကိုယ့် အိမ်ခေါင်းထဲ မှာကိုယ် ဂနာမငြိမ် ဖြစ်လာကြတယ် ။

ခုမှ ခက်ပြီ ။ တစ်ရွာလုံး ကလည်း သူတို့ မိုးတားထားကြတာကို အားလုံး သိနေကြပြီးပြီ ဆိုတော့ ကိုယ့် အစီအစဉ်ကိုယ် တိတ်တိတ်ကလေး ပြန်ဖျက်လို့က တော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ဘူး ဆိုတာ သိထားကြတယ် ။ တစ်ပြိုင်နက် တည်းမှာပဲ ဒီကိစ္စအတွက် လွှဲချစရာ တရားခံ ရှာဖို့ စိတ်ကူးရကြတယ် ။ တရားခံ က ဝေးဝေးသွားရှာစရာ မလိုပါဘူး ။ သူတို့ သုံးယောက်ပဲ ရှိတာ ။ ကိုယ့်ဟာကိုယ် အေးအေးမနေဘဲ ဆတ်ဆော့မိတဲ့ သူကလည်း သူတို့သုံးယောက်ပဲဟာ ။ သည် တော့ ကိုယ်ကလွဲရင် ကျန်တဲ့နှစ်ယောက်ပေါ့ ။ ကျန်တဲ့နှစ်ယောက်ခေါင်းပေါ် ပြဿနာထုပ်ကြီး တင်ထားခဲ့ရုံပါပဲ ။ ကိုယ်ကတော့ သူတို့နှစ်ယောက်ရဲ့ ပုတ်ခတ် မှုကို မခံနိုင်လို့ ကိုယ့်အစီအရင်ကိုယ် ပြန်သိမ်းလိုက်ရတယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ။ တစ်ရွာလုံး မျောအောင်ပဲ ရွာချင်လည်း ရွာတော့ ။ ကိုယ်က တော့ လွတ်ပြီ ။ ဟုတ်ပြီ ။ ကောင်းတယ် ။ သည်နည်းပဲ နိပ်တယ် ။

ဆရာသုံးယောက်လုံး ရွာလည်က အငြင်းအခုန် ဝိုင်းဆီကို ကိုယ့်အတွေး နဲ့ကိုယ် အချိန်မီ ကာကွယ် သိက္ခာဆည်နိုင်ဖို့ ခပ်တည်တည် ထ,လာကြတော့ တယ် ။ မထလို့လည်း မဖြစ်ဘူးလေ ။ ရာသီဥတုက ကိုးလို့ကန့်လန့် လုပ်လာနေပြီ မဟုတ်လား ။ မနက်တုန်းကတော့ “ ဟုတ်ပြီဟ ၊ ငါကွ ” ဆိုပြီး ချော်လဲရောထိုင်နဲ့ နာမည်ကောင်းယူ ကဝိတစ်ဆူ လုပ်ခဲ့မိတာ ။ ကိုယ် လုပ်ထားတဲ့ကိစ္စက ကိုယ် အပိုင် အာမ,ခံဝံ့တဲ့ ကိစ္စမျိုးမှ မဟုတ်တာကလား ။ ပြီးတော့ လောလောဆယ် မှာ လည်း ဒီအတိုင်းငြိမ်ပြီး အရှက်တကွဲ အကျိုးနည်း အဖြစ်မခံနိုင်ဘူးလေ ။ ရွာထဲ မှာ ခေါင်းမဖော်ဝံ့အောင် ပေါ်ပေါက်လာမယ့် ကိစ္စဆိုးကြီးကို အစွမ်းရှိသမျှ ကာ ကွယ်တားဆီးမှ ဖြစ်တော့မှာကိုး ။

“ နေပါဦး ၊ ခင်ဗျားတို့ ကန်တော့ပွဲတွေ ၊ ယတြာဓာတ်ပန်းတွေက တကယ် ပဲ မိုးတားနိုင်အောင် စွမ်းတယ်ဆိုရင် ကျုပ်က ကျုပ် သပိတ်ကွဲအင်းကို အခုပဲ သွားဖော် ထားလိုက်ပါ့မယ် ၊ ဘယ့်နှယ်လဲ ၊ ဒီည မိုးမရွာပါဘူးလို့ အာမ,ခံနိုင်ကြပါ့ မလား ”

လူအုပ် အလည်မှာ ဆရာကြီး သုံးယောက် ဆုံဆုံချင်း ဆရာထွား က တိုက်ပွဲ စ,ဖွင့်လိုက်တယ် ။ ပွဲကြီးပွဲကောင်း စောင့်နေတဲ့ အတို့အထောင်သမား တွေကလည်း လျင်ချက်တော့ မပြောနဲ့ ။ မျက်နှာသေကလေးတွေနဲ့ ဝမ်းပန်း တနည်း ဝင်ပြောတယ် ။

“ ဟာ ... ဆရာထွား ရယ် ၊ အဲလိုတော့ မရက်စက်ပါနဲ့ ၊ တစ်ညနဲ့တော့ ဘယ့်နှယ် ပြန်ဖော်ရပါ့မလဲ ၊ ဆက်မြှုပ်ထားလိုက်ပါဗျာ ၊ ရွာမျက်နှာလည်း ငဲ့ပါဦး ၊ ဒီညလည်း ပွဲလေးတော့ ဖြောင့်ဖြောင့်ကြည့်ပါရစေ ”

အကြိုက်ပဲ ။ ဆရာထွား ကလည်း ဒီလိုစကားမျိုးကို မျှော်နေတာလေ ။ ဒါမှ ဟိုနှစ်ယောက်ဘက် မြားဦးလှည့်သာမှာကိုး ။

“ မဟုတ်ပါဘူး ၊ ကျုပ်က ဆက်မြှုပ်ပေးထားချင်ပါတယ် ၊ အစကတည်း က ရွာအပေါ် စေတနာရှိလို့ မိုးမရွာရအောင် ကျုပ် လုပ်ပေးခဲ့တာပဲဟာ ။ ကိုယ့် ရွာဘုရားပွဲပဲ ၊ ဘယ်ပျက်စေချင်ပါ့မလဲ ၊ ခုတော့ ကျုပ် စေတနာနဲ့ ပညာကို ပုတ်ခတ် လာကြလေတော့... ” ဘာညာ အစချီပြီး မခံချင်လို့ ကိုယ့်အင်းကိုယ် ပြန်ဖော် မယ့် သဘော ရောက်အောင် ပြောလိုက်တယ် ။ အတို့အထောင်သမားတွေကတော့ ဆရာထွား လေရှည်နေကတည်းက တစ်ယောက် ကို တစ်ယောက် မျက်စိမှိတ် ပြကြ ပြီး ပြုံးစိ ပြုံးစိ လုပ်နေကြလေရဲ့ ။ ကျိတ်ရယ်တဲ့လူက ရယ်လို့ ။ တကယ့်လူတွေ ။ သူတို့ ကသာ နောက်နေတာ ။ ဟိုသုံးယောက် မှာဖြင့် မိုးကြည့်ပြီး ပျာလောင်ခတ် နေပြီ ။

ဘာရမလဲ ။ ဦးကြွက်သိုး ကလည်း မြွေမြွေချင်း ခြေမြင်ပြီးသား ။ ပါးလိုက် သမှ လှစ်လို့ ။ ဆရာထွား “ လေ ” အတိုင်းပဲ ဒေါ်စာဥ နဲ့ ဆရာထွား ကို ပြန်ထုတယ် ။

“ လွယ်ပါတယ်ဗျာ ၊ ကျုပ် ကလည်း ကျုပ် ယတြာဓာတ်ပန်းတွေ ပြန်ဖြုတ် ထားလိုက်ရုံပါပဲ ၊ ပညာတော့ အစော်ကား မခံနိုင်ဘူးလေ ။ ခင်ဗျား သပိတ်ကွဲအင်း မကလို့ ညောင်ရေအိုးကွဲ အင်းဖြစ်ဖြစ် ၊ ဓာတ်ပြားကွဲ အင်းဖြစ်ဖြစ် ဆက် မြှုပ်ထား လိုက်ပေါ့ ၊ ဒေါ်စာဥ ကလည်း ခင်ဗျား မိုးတားကန်တော့ပွဲကြီးတွေ ဆက်တင်ထား လိုက် ၊ ညကျ အဖြေ ထွက်လာပါလိမ့်မယ်ဗျာ ဟဲ ... ဟဲ ... ဟဲ ”

အဲလို ဆရာကြီး သုံးယောက် ငြင်းခုန်နေကြတာနဲ့တင် အချိန်က အတော် ကြာလာတယ် ။ ရာသီဥတုကလည်း တိုးပြီးဖောက်ပြန်လာနေတယ် ။ ညနေ လေး နာရီခွဲတော့ အခြေအနေက တော်တော်ကြီးကို မှိုင်းမှိုင်းအုံ့အုံ့ကြီး ဖြစ်နေပြီ အနောက်ရမ်းလေကလည်း ပြင်းသည် ထက် ပြင်းလာနေပြီ ။

ဒါကို ဆရာသုံးယောက် နဲ့အတူ ဝိုင်းအုံနေတဲ့ ပရိသတ်တွေ ကလည်း သတိထား မိလိုက်ကြတယ် ။ အငြင်းအခုန်ပွဲ ကို နားထောင်ကြရင်းကနေ မသိ မသာ မော့ကြည့်ပြီး အကဲခတ်ကြတယ် ။ ဟင့်အင်း အခြေအနေ က မဟုတ်ချင်တော့ဘူး ။ မိုးသားတွေ က ပြောယူရ လောက်အောင် မည်းချိတ်နေတာ ။ တက်လာ လိုက်ပုံကလည်း တစ်ခဲနက် ။ ပြီးခဲ့တဲ့နေ့နဲ့ ဘာမှကို မဆိုင်ဘူး ။ မနေ့က မရွာ လိုက်ရလို့ ဒီနေ့ အတိုးချပြီးတော့ကို ရွာလိုက်မယ်ဆိုပြီး အငြိုးတကြီးနဲ့ တက်လာ သလား အောက်မေ့ရတယ် ။

ဒေါ်စာဥ မိုးပေါ် မော့ကြည့်လိုက်တယ် ။ ရင်ထဲလည်း ဒိန်းဆို ထိတ်သွား တယ် ။ မိုးက တအား ညို့နေပြီကိုး ။ မဖြစ်ချေဘူး ။ ငါ့ ကန်တော့ပွဲတွေ တော့ ဒီမိုး မရွာခင် မြန်မြန်ပြန် ပြေးချထားမှဆိုတဲ့ အသိက ခေါင်းထဲကို အရေးတကြီး ဝင် လာတယ် ။ နို့မို့ရင် ရွာတော့ရင်နဲ့ ငါနဲ့ ထိပ်တိုက်တိုးတော့မဟဲ့ဆိုပြီး ရင်ထဲ ပူ လာတယ် ။

“ ကဲပါလေ ၊ တော်တို့ ပြောသလို တော်တို့ အင်းတွေ ဓာတ်ပန်းတွေကပဲ အစွမ်းရှိတယ် ထားပါတော့ ၊ ဟုတ်,မဟုတ် သိရအောင် ကြားကရှုပ်နေတဲ့ ကျုပ် ကန်တော့ပွဲတွေ ကို အခုပဲ သွားပြန်ချလိုက်ပါ့မယ် ”

ဒေါ်စာဥ က ပွဲသိမ်းအနေနဲ့ အလွတ်ရုန်းထွက်လိုက်မှန်း ဟိုနှစ်ယောက် ကလည်း ဒက်ခနဲ သိတယ် ။ အတော်လာတဲ့ မိန်းမကြီး ဆိုပြီး စိတ်တွေ လည်း တိုသွားကြတယ် ။ ဒီလိုတော့ ဘယ်လာ အနိုင်ပိုင်းခံနိုင်ပါ့မလဲ ။ ဆရာထွား က မိုး ပေါ် မသိမသာ မော့ကြည့်ရင်း ပြန်ချေတယ် ။

“ မလိုပါဘူးဗျာ ၊ ခင်ဗျား ကန်တော့ပွဲတွေလည်း ပြန်ချစရာ မလိုဘူး ၊ ဦးကြွက်သိုး ရဲ့ ဓာတ်ပန်းတွေ လည်း ပြန်ဖြုတ်စရာ မလိုပါဘူး ။ ဟဲ ... ဟဲ ကျုပ် အင်းကလေး ကိုသာ ကျုပ် ပြန်ဖော်ထားလိုက်ပါ့မယ် ”

အောင်မယ် ဟုတ်နေလိုက်ကြတာ ။ မိုးက အခြေအနေ အတော် ဆိုးနေ ပြီ ။ ပြောရရင် အခုပဲ ဗြုန်းဒိုင်း ဆို ရွာတော့မယ့်ပုံ ။ မရွာခင်ကလေးတင် ကပ်ပြီး သူ့ အင်းသူ အမြန် ပြန်ဖော်မယ်ပေါ့ ။ ဟို မိန်းမကြီးကလည်း သူ့ ကန်တော့ပွဲတွေသူ ပြန်ချမယ်ပေါ့ ။ တကယ်လည်း ရွာချရော ကိုင်း ... မိုးတားမယ့် ယတြာဓာတ်ပန်း ကြီး ဘယ့်နှယ်ရှိစလို့လည်း ငါ့ကို ပြိုင်တူမေးငေါ့ကြဦးမယ် ။ ရွာမှာပေါ့ သူတို့ အစီအရင်တွေ ပြန်ဖျက်လိုက်တာကိုးလို့လည်း ထပ်ဂုဏ်ခံကြဦးမယ် ။ ဆဒ္ဒန် ဆင်မင်း ဇာတ်တော် ထဲကလို ကြံဖော်ကြံဖက် သုံးဦးအနက်က ကံကွက်ကျားပြီး ငမိုက်သား မုဆိုးလေ ၊ နင်ချည်းပင် သေစေတော့ဆိုတဲ့ အချိုးမျိုး လာချိုးလို့ ရရိုးလားကွာ ၊ ငါကလည်း မိုးမရွာခင် ငါ့ဓာတ်ပန်းတွေ အမြန်ပြန်ဖြုတ်ချမှာပေါ့ ။

ဂျိမ်းခနဲ ပြုတ်ကျလာတဲ့ မိုးခြိမ်းသံကြီးက ဦးကြွက်သိုး ခေါင်းထဲက အတွေးတွေကို ပြတ်တောက် သွားစေတယ် ။ ကောင်းကင်ကို အလန့်တကြား မော့ ကြည့်လိုက်တော့ မိုးသားတွေက ခွင်လုံးပြည့် ။ စောစောက ထက်လည်း နိမ့်လာပြီ ။

“ ကိုင်းပါ ခင်ဗျားတို့က ကျုပ် ဓာတ်ပန်းတွေကို အလကားပဲလို့ စောစော ကပဲ စွပ်စွဲခဲ့ကြတာပဲ ၊ ဒီတော့ စွမ်းပါတယ်ဆိုတဲ့ ခင်ဗျားတို့ အင်းတွေ ၊ ကန်တော့ပွဲ တွေပဲ ဆက်ထားပါ ၊ ကျုပ် ပန်းတွေ ကျုပ် ပြန်ဖြုတ်ချေတော့မယ် ”

ဆရာသုံးယောက် ကတော့ ကောင်းကင် အခြေအနေ ဆိုးရွာလာလေ လေ ၊ ကိုယ့် အစီအရင်တွေကို မြန်မြန် ပြန်ဖြုတ်ရရေးကိုပဲ မဲတင်းပြီး ပြောလာကြ လေလေပဲ ဖြစ်လာတယ် ။ အဲဒီတော့မှ ဝိုင်းနေခဲ့တဲ့ ပရိသတ်တွေလည်း သူတို့ တကယ် ပြန် ဖျက်ပစ်ကြမှာကို တဖြည်းဖြည်း စိုးရိမ်လာကြတယ် ။ စောစောက အတို့ အထောင် လုပ်နေခဲ့ကြတဲ့ လူပြောင် လူနောက်တွေ တောင်မှ မိုးပေါ် မော့ကြည့်ပြီး မနောက်မပြောင်ကြတော့ဘူး ။ ပျက်ချော်ချော် ဝင်မချွတ်ကြတော့ဘူး ။

ဝိုင်းအလည် က ဆရာ သုံးယောက် ကလည်း သူတို့ လုပ်ထားခဲ့တဲ့ အစီအမံတွေ ကို သူ့ထက်ငါ အပြိုင်အဆိုင် ပြန်ဖျက်ကြဖို့ တာစူနေကြပြီ ဆိုတာ သိလာ ကြတယ် ။ တစ်ဆက်တည်းမှာပဲ ဒီသုံးဦးထဲက ဘယ်သူ့ အစွမ်းကြောင့်ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် သုံးဦးလုံးရဲ့ အစီအမံတွေ ညီညွတ်သွားခဲ့လို့ပဲဖြစ်ဖြစ် သူတို့သုံးဦးနဲ့ လုံးဝ မသက်ဆိုင်ဘဲနဲ့ပဲဖြစ်ဖြစ် မနေ့ည က မိုးမရွာခဲ့တာ သေချာခဲ့ လေတော့ ဘယ်သူ့ကိုမှ ပြန်မဖျက်သိမ်းစေချင်ကြဘူး ။ မိုးရွာချပြီး ပွဲပျက်မှာ ကိုတော့ ဘယ်သူ မှ မလိုလားတာ အမှန်ပဲလေ ။ သည်တော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သုံးယောက် လုံးရဲ့ အစီအမံတွေကို ရှိမြဲတိုင်း ဆက် ရှိစေချင်ကြတယ် ။ ထားမြဲတိုင်း ဆက်ထား စေချင်ကြတယ် ။ ဘယ်သူ စွမ်းနေနေ အဓိကက မိုးမရွာဖို့ပဲလို့ တွက်ကြ တာကိုး ။

ဒါပေမဲ့ ဝိုင်းအလည်က ဆရာတွေ ကတော့ မဟုတ်ချင်တော့ဘူး ။ သူ့ ထက်ငါ ကိုယ့်ကိစ္စတွေ ကိုယ်ပြန်ရှင်းကြဖို့ ကြိုးစားကြတဲ့ အရှိန်က မြင့် သည် ထက် မြင့် လာနေတယ် ။ မိုးကလည်း ညို့ သည် ထက် ညှို့ ၊ မည်း သည် ထက် မည်း ၊ မှောင် သည် ထက် မှောင် ၊ ခြိမ်း သည် ထက် ခြိမ်း လာနေပြီလေ ။

“ ကိုင်း ... ပြောနေတာ ကြာတယ်ဗျာ ၊ အခုပဲ ကျုပ် အင်းကို သွားဖော်မယ် ”

ဆရာထွား က ပြောပြောဆိုဆို ငေါက်ခနဲထ,တော့ ဦးကြွက်သိုး ကလည်း လျင်တယ် ။ “ ခင်ဗျားကမှ ပြန်ဖော်ရင်တော့ ကျုပ် ကလည်း ကျုပ် ဓာတ်ပန်းတွေကို အခုပြန်ဖြုတ်မယ် ” ဆိုပြီး ခြေလှမ်းပြင်ရော ။ ဒေါ်စာဥ ကလည်း ရရိုးလား ။ “ ကျုပ် ကန်တော့ပွဲတွေ အခုပြန်ချမယ် ” ဆိုပြီး ဆေးပေါ့လိပ်ကြီးကို မီးထိုးငြိမ်းတယ် ။ အဲဒီမှာ ဇာတ်တိုက်ထားသလိုပဲ ။ စောစောက ဝိုင်းအုံနေခဲ့တဲ့ ပရိသတ်က ဘယ် သူ့ကိုမှ အသွားမခံဘဲ သုံးယောက်လုံး ကို ဝိုင်းဆွဲ ထားကြတယ် ။ ခုမှ တကယ့်ကို ကလေးတွေ ကစားသလို ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ။ ဆရာသုံးယောက်က အလည် က ။ ပရိသတ် ကတော့ သူတို့ကို ထွက်ပေါက်မပေးဘဲ ဝိုင်းလို့ ။

“ နေကြပါဦး ၊ နေကြပါဦး ၊ ဒေါသမကြီးကြပါနဲ့ ၊ ခင်ဗျားတို့ဟာ ခင်ဗျား တို့ ဘယ်သူပဲ စွမ်းနေနေ ၊ ကျုပ်တို့ကတော့ ဘယ်သူ့ကိုမှ ပြန်အဖျက် မခံနိုင်ဘူး ၊ မိုးရွာချရင် ဘယ့်နှယ်လုပ်မလဲ ၊ ဒီအတိုင်းပဲ ဆက်ထား ပေးကြရမယ် ၊ ခင်ဗျားတို့ အထဲက တစ်ယောက် ယောက်ကြောင့်သာ မိုးမရွာခဲ့တာ မှန်ရင် မခက်ဘူးလား ”

တစ်ယောက် တစ်ပေါက်နဲ့ ဝိုင်းတားကြသံတွေ စီခနဲ ထွက်လာတယ် ။ အဲဒီ အချိန်မှာပဲ အခြေအနေ ဆိုးနေပြီမှန်းသိလို့ ဒီဝိုင်းထဲက ရွာသား တစ်ယောက် က ပြေးခေါ်ခဲ့တဲ့ သူကြီး ကလည်း ရောက်လာတယ် ။ ဟိုကပြော ဒီကပြောနဲ့ ပြဿနာကို အစအဆုံး သူကြီး  သိသွားတယ် ။ သိတာနဲ့အမျှ သူကြီး ရဲ့ သဘော ထားကလည်း အားလုံးနဲ့ တစ်ထပ်တည်းပဲ ထွက်လာတယ် ။

“ ဘယ်လိုပဲဖြစ်ဖြစ် ၊ ကျုပ် ကတော့ ရွာသားတွေ နဲ့ အတူတူပဲ ။ ခင်ဗျားတို့ အထဲက တစ်ယောက် ယောက် ကြောင့်ပဲဖြစ်စေ ၊ သုံးယောက်လုံး ကြောင့်ပဲဖြစ်စေ ၊ ဒါမှမဟုတ် ဘယ်သူ့ကြောင့်မှ မဟုတ်ဘဲ တိုက်ဆိုင်ခဲ့လို့ပဲဖြစ်စေ ၊ မနေ့ညက တော့ မိုး မရွာခဲ့တာ အားလုံး အသိပဲ ၊ ဒါ့ကြောင့် ဒီနေ့လည်း ရွာခါမှ ရွာရော ၊ ပွဲပျက်ခါမှ ပျက်ရော ၊ ကိုယ့် အစီအမံ အရံအတားကလေးတွေကို ပြန်မဖျက်ကြဖို့ တစ်ရွာလုံး ကိုယ်စား ကျုပ် မေတ္တာရပ်ခံပါတယ် ။ ဒီနှစ်မှ စ,လုပ်နိုင်တဲ့ ဖြစ်တောင့် ဖြစ်ခဲ ဘုရားပွဲကို မိုးကြောင့် တော့ ဘယ်သူမှ အပျက် မခံချင်ကြတာ အမှန်ပဲ ၊ ခင်ဗျားတို့လည်း ဒီရွာသူ ရွာသားတွေ ပဲ ၊ ဒီကြားထဲကမှ ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ ကိုယ့် အတားအဆီးတွေ ကိုယ်ပြန်ဖျက်ချင်ကြသပ,ဆိုလည်း ခင်ဗျား တို့ သဘောပဲဗျာ ”

သူကြီး ကတော့ ယတိပြတ် တစ်ခွန်းပဲပြောပြီး ဘုရားကုန်း ဘက် ပြန်ထွက် သွားတော့တယ် ။ ဒါပေမဲ့ တစ်ခွန်းတည်းသော သူကြီး ရဲ့စကားက သူတို့ ဇာတ်တွေကို သူတို့ ပြန်မသိမ်းသာတော့အောင် ပိတ်ဆို့သွားခဲ့မှန်းလည်း နားလည် လိုက်ကြတယ် ။ လူအုပ်ထဲမှာ ချွေးပျံပျံနဲ့ သူတို့ သုံးယောက်လုံး တစ်ယောက်ကို တစ်ယောက် မျက်စိပျက် မျက်နှာပျက်နဲ့ ပြန်ကြည့်မိကြတယ် ။ ပြီးတော့ တိုင်ပင် ထားကြသလို ကောင်းကင်ကို ပြိုင်တူ မော့ကြည့်မိကြတယ် ။

ကောင်းကင်ပေါ်မှာကတော့ မနေ့က ထက် အကြီးအကျယ် အခြေအနေ ဆိုးရွားနေတဲ့ မိုးသားတွေက အခုပဲ ပြိုကျလာတော့မယ့် အတိုင်း မည်းလို့ ၊ သည်း လို့ ၊ ခဲလို့ ။ သွားပြီ မရတော့ဘူး ။ မိနစ်ပိုင်း အတွင်းမှာတင် ဝေါခနဲ သည်းကြီးမည်း ကြီး အုံးအုံးညံအောင် ရွာချလိုက်တော့မယ် ဆိုတာ သူတို့ ဇောချွေးပျံနေတဲ့ ကြားက ကြိုသိလိုက်ကြပြီ ။

ဟော ... အခုကိုပဲ မိုးရနံ့သင်းတဲ့ လေသရမ်း က မထားတတ်အောင် ဖြစ်နေတဲ့ သူတို့ မျက်နှာတွေ ကို တိုးဝှေ့ ကလူကျီစယ်လာပါပကော ...  ။

▢ နန္ဒာစိုး ( ဆင်ဖြူကျွန်း )

📖 မြားနတ်မောင် မင်္ဂလာမဂ္ဂဇင်း
      ၃ နှစ်ပြည့် အထူးထုတ်    
      ၁၉၉၄ ခုနှစ် ၊ ဩဂုတ်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment