❝ ခေါင်းပုတ်တမ်း ❞
( ကြည်အေး )
“ သည် တစ်ခါ တော့ ကိုယ့် ဖို့ မိန်းကလေး လိုချင်သည် ” လို့ မမြသစ် ကြွေးကြော် နေသည် ။ သားဦး တုန်း က “ ဖေဖေ့ ဖို့ သားကြီး သြရသ မွေးမှ ဖြစ်မည် ” လို့ ဆိုခဲ့၏ ။
ပြီးတော့ သား ပဲ မွေးခဲ့သည် ။ သား ဖြစ်ရမည်ရယ် လို့ အတပ် စွဲကာ အဝတ်အစား ကလေးတွေ က အစ ယောက်ျားလေး ပုံစံ ကို ချုပ်လုပ် ခဲ့လေသည် ။
သိုးမွေးဝတ်စုံ ကို ထိုး ပြန်တော့ သုံးပင်လိမ် ဘေဘီစူးလ် အပြာရောင် မှ ရွေးချယ်ပြီး ဖဲပြားအစား ပန်းပွား တပ်ရသည် ။
ဂွမ်းစောင် ဝယ်ပြန်တော့ နားရွက်ကြီးတွေ ဧရာမ နှင့် ယုန်မိသား တစ်စု ကစားပုံ ပါ သော တစ်ဖက် ဖြူ တစ်ဖက် ပြာ အဆင် ကို ကြိုက်ရ ပြန်သည် ။ လေထိုး ထား သဖြင့် လေးထောင့်ကွက်ဖောင်းကလေးတွေ ထ ကာ တယ်ပြီး အေးစက်စက်ကြီး မနိုင်သော သားရေပြား ကိုလည်း အပြာပင် ဖြစ်စေရသည် ။
နောက်ဆုံး၌ ယောက်ျားကလေး မွေး လာ ကာ ဒုက္ခဝေဒနာတွေ မေ့လျော့ လို့ ပြုံးနိုင် သည့်အခါတွင် ပြင်ဆင် ထားသည့် ပစ္စည်းကလေးများ က လည်း လျော်ကန် နေသည် မို့ သဘောအကျ ကြီး ကျရ ပြန် သေး၏ ။
ကလေး အဖေ ဘဝ သို့ ကူးပြောင်းစ မောင် က ဝမ်းသာအားရ နှင့်
“ မြ က သိပ် တော်တာပဲ ” ဟု ချီးကျူးဆဲ ကို ပင် ဣန္ဒြေ မဆည်နိုင်သည် နှင့် “ ဒါကြောင့် မြ ပြောတယ် မဟုတ်လား ၊ ယောက်ျားလေး မွေးမယ်လို့ ” ဟူ၍ ကြွား ရ ပြန်ပါသေး၏ ။
သို့သော် သူ့ အဖို့ သက်သက် ပြောရလျှင် မိန်းကလေး လိုချင်သည် ။ အင်မတန် လှသော သမီးလေး ( သို့မဟုတ် ) ဉာဏ် ထက်မြက်သော သမီးလေး ကို လိုချင်သည် ။
အင်မတန် လှမယ် ဆိုလျှင် အဖိုးတန် ပိုး ၊ ဖဲ ၊ ဇာ ၊ နိုင်လွန်တွေ နှင့် တယုတယ ဆင်ပြင်နေမည်ဖြစ်သည် ၊ ကြီး တော့ ဝတ်ဖို့ လက်ဝတ်ရတနာတွေ စုဆောင်း ရမည် ဖြစ်၏ ။
နူးညံ့ ပြုံးရွှင် သော အမူအရာလေး တွေ သင်ကြား စေမည် ။ အိမ်ထောင်မှု ကို နိုင်နင်း စေမည် ၊ ပွဲလယ် မှာ ကျော်ကြားသည့် မိန်းမ ပီပီပြင်ပြင်ကလေး ဖြစ်စေ ချင်သည် ။ လိပ်ပြာကလေး သဖွယ် ပန်းကလေး သဖွယ် နုနယ် ချင် လည်း နေပါစေ ။ ထိန်းသိမ်း စောင့်ရှောက်မည့် လင် သည့် ဘုန်းကံ မှာ ခိုဝင် လဲလျောင်းမည့် မိန်းကလေး တည်း ။
သို့သော် ဉာဏ် ထက်မြက်သော သမီး ဆိုလျှင်တော့ မအေတူ သမီး ဖြစ်မည် မို့ ဖအေ့ လက်ထဲ အပ်ရမည် ပင် ။ သည် ထက် တော့ ပို မပြောတတ် ။ မမြသစ် ၌ ပညာရှိ မိန်းကလေး ကို မွေးမြူတတ် အား သိပ် မရှိ ။
မောင် က မူ
“ သားလေး ပဲ မကောင်းဘူးလားကွယ် ” ဟု မေးမြန်း လေ၏ ။
“ ဟင့်အင်း မကောင်းပါဘူး ၊ မြ ဖို့ လည်း တစ်ယောက် လိုချင်သေးတာပေါ့ ၊ မောင် နဲ့ သား နဲ့ အပြင် သွားတော့ မြ တစ်ယောက် တည်း အဖော် မရှိရင် ဘယ်လို နေရမလဲ ၊ သမီးလေး ကျန်ရစ်ဦးမှပေါ့ ” ဟု ကျကျနန ပြော၏ ။
“ မြ သမီး က အိမ် မှာ ကျန်ရစ်ချင်ဦး မှ ကိုး ” ဟု ဆိုလျှင်တော့ မမြသစ် သည် ထိတ်ခနဲ ပူရသည် ။ ဟုတ်တယ် ၊ သေးသွယ် လို့ မေမေ့ ရင်ဝယ် ကပ်တွယ် နေမည့် သမီးမျိုး မဟုတ် လျှင် ဘယ်လို လုပ်ပါ့မည် ။
ပဝါစ ပမာ မေမေ သည် တစ်ဖက် အစွန်းအစ ကို ကိုင် ပေမည့် မြူးသောလေ နှင့် လွင့်ချင် အပြင် သို့ ပျံသန်းချင် လျှင် တားလို့ နိုင်မည်လား ၊ သမီးလေး မလှသော် ဉာဏ်ထက်ရမည် လို့ ကိုယ် ပဲ ဆိုသည် ။ သည်လို သမီး မျိုး ဆိုလျှင် အိမ် မှာ ပွေ့ သိပ် လို့ တံခါးပိတ်မထား သင့် ။
မမြသစ် မျက်နှာ ပျက် လျှင် မောင် က ပြုံးရယ် ကာ ပြော၏ ။
“ မြ လိုချင်တဲ့ သမီးလိမ္မာလေး ပဲ ရမှာပါ ။ မြ အလို ရှိရင် ဖြစ်လေ့ ရှိတယ် ဆို... မြ ဘာသာ လည်း သိတယ် ဆို ...”
“ ဟုတ်တယ် ၊ မြ ဝမ်း ထဲ မှာ မြ နှလုံးသွေး ကို ဝေပေး လို့ အသက် ရ လာတဲ့ မြ ကလေး ပဲ ။ ဘယ်လို ကလေး လဲ လို့ မြ သိတာပေါ့ ” ဟု ရဲဝံ့စွာ ပြော၏ ။ အား ချက်ချင်း ရှိလာ၏ ။ နာမည် ရွေး ဖို့ပင် စဉ်းစား မိ၏ ။
“ မြစတေပင်
လငွေစင်သို့
ယဉ်မှုလေ့ကို
ပြကတေ့သွင် ” စသည် ဖြင့် ရွတ်ဆို မိသည် ။ ဟော မအေ နဲ့ တူမယ့် သမီးရယ် လို့ “ မမြတူ ” လို့ ပေးရင် မကောင်းဘူးလား ။
“ မြမှာ မာနကြီး တစ်ခွဲ ရှိတယ် ” ရယ် လို့ မောင် က ကစား သလို ပြော ရင်တော့ မမြသစ် သည် ပျော့ပျောင်းစွာ ပင်
“ ဒီ တစ်ခု ရှိလို့ ပဲ မြ ဟာ ပျော်နိုင်တယ် ၊ ပြီးတော့ မောင့် အချစ် ကို လည်း ယုံစား နိုင်တယ် ” ဟု ပြောလိုက်လေသည် ။
သမီး ရောက်လာမည့် အချိန် အတွက် ပြင်ဆင်သည် ဆိုလျှင်ပဲ အံ့ဩစရာ ကြုံတွေ့ရသည် ။
သမီးလေး ဖို့ ပန်းနုရောင် ကို ရွေးရာ က စသည် ။ သိုးမွှေးချည်ခင် ကို ဝယ်တော့ အပြာ ကို ပါ လိုချင်ခြင်း ပြင်း လှလေသည် ။ သမီးလေး ဟာ ဘယ့်နှယ် အပြာ ဝတ်ပါ့မယ် လို့ ဆင်ခြင်လည်း မနေနိုင် ။
သားကလေး ဖြစ်လျှင် ဘယ့်နှယ် လုပ်မလဲ ဟု တွေးမိ၏ ။ သည် ကြား ထဲ က သမီး ပဲ လို့ လည်း သေချာ နေ ပြန်သေး၏ ။
သည်လို နှင့် ဝေခွဲ ၍ မရဘဲ ပန်းနုရောင် ရော အပြာ ပါ ဝယ်မိသည် ။ သို့လျှင် သိုးမွေး နှစ်စုံ ထိုး မိသည် ။
စောင်ကလေး ဝယ် ပြန်တော့ ပန်းရောင် တစ်ဖက် အပြာ တစ်ဖက် ဖြစ်ကာ အဆင်
မှာ ပန်းပွင့် နှင့် လိပ်ပြာ ဖြစ် လေသည် ။
သားရေပြား ကို မူ စိတ်ရှုပ်ရှုပ် နှင့် အဖြူ ရအောင် ရှာရသည် ။
“ ဘာ ဖြစ်လဲ မသိပါဘူး ” ဟု စိတ်ရှုပ်သည် ။
ညတိုင် မှာ လည်း အိပ်မက် တွေ ဝေနေသည် ။
အိပ်မက် ထဲ မှာ သားကလေး မွေးပြန်သည် တဲ့ ။ ကိုယ့် ဝမ်းဗိုက် ကို ငုံ့ ကြည့်ပြန်တော့ လေးလံ ဆဲ ပင်ရှိ၏ ။ အိပ်မက် ထဲ မှာ ဆက်၍ စိတ်ရှုပ် နေပြန်လေသည် ။
ထို အိပ်မက် ကို သုံးလေးခါ မျှ ဆက်၍ မက်မိ လျှင် မမြသစ် သည် ကယောင် ချောက်ချား ဖြစ်ခြင်း တစ်ရပ် တိုး သည် ။
“ သားရေ ” ဟု ခေါ်လိုက် လို့ သားဦး က “ ဂျာ ” ခနဲ ထူးစဉ် အပြင် မှာ တကယ် လည်း ရှိသော တစ်စုံတစ်ခု သော အရိပ်အယောင် ကို ကျန်သေး သလို ရှာဖွေ မိလေ၏ ။ ထို အရိပ်အယောင် သည် တဖြည်းဖြည်း နှင့် ရင့်မာ လာသည် ။
အနီးအနား မှာ ဝဲလည် ရစ်ခွေ နေသည် ။ ထို အရိပ်အယောင် သည် မြ ၏ ကလေး စင်စစ်ဖြစ် လည်း သားသား လည်း မဟုတ် ဝမ်း ထဲ က သမီးလေး လည်းမ ဟုတ် ၊ တစ်ခါတစ်ရံ သေနတ်တု စစ်သားရုပ် နှင့် ကစားဟန် ပင် ထင်မြင် မိ လေ၏ ။
မျက်စိ က မြင်သမျှ စက်ဝန်း ၏ အစွန်း နှင့် မငြိ တငြိ နေရာမှာ ခြေထောက်ကလေး ဆင်း ကာ ထိုင်ဟန် ပင် တွေ့၏ ။
မိခင် သာ နားလည်သော ကလေး ၏ ဘာသာစကား နှင့် ကြားအောင် လည်း ပြော သေး၏ ။
“ မင်း ဘယ် က လာ သလဲ သား ၊ ဘယ်တုန်းက လာသလဲ ” ဟု မေးမြန်းရင်း ကြောက်ရွံ့ ခြင်းတော့ လုံးဝ မဖြစ် ။
မောင့် ကို ပြောမိ လျှင် ပူပန်သော အမူအရာ ကို တွေ့သည် ။ ထို့ကြောင့် ရယ်မော လိုက် လျှင် ရယ်မောခြင်း တို့ ကို ကူး သွားကာ
“ နှစ်ယောက် ဖြစ်နေသလား မှ မသိဘဲ ” ဟူသော စကား ကို ကြားလေသည် ။
“ မဟုတ်နိုင်ပါဘူး ၊ မြ မှာ ရော မောင့် မှာ ရော မျိုး လည်း မရှိ နီးနီးစပ်စပ် တောင် မကြုံစဖူး ၊ အနီးစပ်ဆုံး ဆို ငှက်ပျောသီးမြွှာ လိမ္မော်သီးမြွာ စားတာပဲ ရှိတယ် ၊ ဒါပေမဲ့ ခြေလက် အားလုံး ခြောက်ချောင်း လောက် များ ရှိမလား မသိဘူး ၊ ဗိုက် ထဲ မှာ ရှုပ် နေတာပဲ ၊ ဟောဒီ ဘက် မှာ ဒူးခေါင်းကလေးတွေ တံတောင်ဆစ်ကလေးတွေ ချွန်လာ ဖောင်းလာ တုန်း ဘယ်ဘက် မှာ ကန်ကျောက် နေသေးတယ် မောင် ” ဟု မမြသစ်သ ည် ဆက်တိုက် ပြောကာ မော သွားသည် ။
“ ကလေး က သိပ် ထွားမလား မသိဘူး ” ဟု မောင် က ပူပန် လျှင်
“ မသိပါဘူး ” ဟု သူ လည်း ပူပန်သည် ။
သားဦးကလေး တုန်း က လည်း သိပ် ခက်တာပဲ ၊ ဒါတောင် ခြောက်ပေါင်တိတိ ရှိရုံပဲ ၊ အဲဒီတုန်း က ဝေဒနာတွေ ကို မေ့ ထားသည် ။
အကြောင်းမူ ကား ကိုယ် တကယ် လိုချင်သည့် သမီးလေး ကို မကြောက်မလန့် မွေး ချင်သည် ။ စိတ်အေး လက်သန့် ရှိ ချင်သည် ။
သို့သော် နောက်ဆုံး တစ်ကြိမ် ဆရာဝန် နှင့် တွေ့ ခဲ့ စဉ် က မကြည်မလင် လှသော အမူအရာ ကို ပြန်ပြောင်း သတိရလေသည် ။
ပထမ အပ်ထားသည့် ဆရာဝန် က ဗြုန်းခနဲ နယ် ပြောင်း ရသော် မမြသစ် ဆရာဝန် ပြောင်း၍ ပြ ရ ပြန်သည် ။
“ သားဦး လား ”
“ ဒုတိယ ကလေး ပါ ”
“ သားဦး တုန်း က လွယ်သလား ခက်သလား ”
“ ခက်တယ် ၊ ဗိုက် က တောင် ခွဲ ထုတ်ရ မလို ဖြစ်ပါသေးတယ် ”
ဆရာဝန် က စမ်းသပ်ပြီးသော်
“ အရင် ဆရာဝန် က ဘာ ပြောသေးသလဲ ” ဟု အမှတ်မထင် နှင့် မေး၏ ။
“ ဘာမှ မပြောပါဘူး ၊ ဘာဖြစ်လို့လဲ ”
“ ဘာမှ မဖြစ်ပါဘူး ၊ အားလုံး ကောင်းပါတယ် ”
မမြေသစ် သည် စိတ် စနိုးစနောင့် ဖြစ်မိသေး ကာ “ ကလေး အနေအထား မှန်ရဲ့လား ဒေါက်တာ ” ဟု မေးလျှင်
“ မပူပါနဲ့ ကောင်းပါတယ် ” ဟု အလွယ်တကူ ပေးသော အဖြေ ကို ရလေသည် ။ သူ့ အနား မှာ ပျံဝဲသည့် ကလေး အကြောင်း ကို ပြောပြရမည်လား ဟု စဉ်းစား၏ ။ ရယ်စရာကြီး ဖြစ်နေမည် ထင်သည် ။
ပြီးတော့ ဘယ်လို ရှင်းလင်းအောင် ပြောရပါ့မလဲ ၊ သည် ကလေးရိပ် ဟာ မွေးတော့ မည့် သမီးကလေး မှ အပ ဖြစ်သည် ဆိုတာ ကို နားလည်အောင် ပြောလို့ မတတ် ။ ရယ်စရာ ကြီးပဲ ဖြစ်လိမ့်မည် ။
ပြီးတော့ ကိုယ့် ကို အထင် လွဲစရာကွ ဖြစ်ပေါ် လာချင် လာမည် ။ မောင် က တောင်
“ မြ ခေါင်းရှုပ် မခံနဲ့ စိတ်အေးအေး နေ ” လို့ ပြောလျက် နေပြီ ။
သို့ရာတွင် အရိပ်ကလေး သည် ဘေး ၌ အမြဲ ရှိသည် ကို ပို၍ ထင်ရှားစွာ ခံစားရသည် ။
“ မြ ဦးနှောက် ထဲ မှာ ဘာ ရောဂါ မှ မရှိပါဘူး ” ဟု သူ ပြောခဲ့သည် ၊ မောင် က စိုးရိမ်ပူပန်လည်း သူ သည် ပျော်ရွှင်မြဲ ပင် ။
“ ည က မြ ဘောလုံးတွေ ဝယ်တယ် လို့ အိပ်မက် မက်တယ် ” ဟု အရေးတကြီး ပြော လျှင် မောင် သည် ပြုံး ကာ သာ နေသည် ။
ပြီးတော့ လေနတ်မောင်ကလေး က အကုန် ဖောက်ပစ်တယ် ၊ သူ့ ကို ပွေ့လို့ ချီလို့ ရတယ် ။ သူ နဲ့ ကစားလို့ ရတယ် ၊ သူ့ မျက်နှာ တော့ မြင်လို့ မရဘူး ၊ သူ က စကား လည်း ပြောတတ်တယ် ၊ မသဲကွဲ မပီသ ပေ မဲ့ မြ နားလည်တယ် ”
မောင် က
“ မြ ဘာတွေ ပြောနေတာလဲ ” ဟု မေးသည် ။
“ အိပ်မက် ထဲ မှာ တင် မဟုတ်ဘူး ၊ အပြင် မှာ လည်း ရှိတယ် ၊ အခု ကို ရှိတယ် ၊ ဟောဟို နား မှာ ” ဟု မြ က ရေဒီယို ဆီ ကို လက်ညှိုး ထိုး ၍ ပြသော် မောင် က
“ မြ ဟာ ယောက်ျားလေး မွေးမှာပဲ ၊ လိုချင်တာက မိန်းကလေး ဖြစ်နေ ပြန်တော့ အဲဒီလို ဖြစ်နေတာ"
“ မဟုတ်ဘူး မောင် ” ဟု ခိုင်မြဲစွာ ပြော၏ ။ အဝတ်နက် ကို ခြုံသည့် ဘုန်းကြီး နှင့် တွေ့သော လူ တစ်ယောက် အကြောင်း ကို ရုရှားစာရေးဆရာ ချက်ကော့ ရေး တာ သွား သတိ ရသည် ။
အနည်းငယ် ထိတ်လန့်၏ ။ သို့သော် သူက လက်ဆုပ်လက်ကိုင် ပြစရာ မရှိဘူး ။ မြ က ဟောသည် မှာ ရှိတယ် ။ ဟုတ်သည် ။
မမြသစ် သည် ကြမ်း ပေါ် မှာ ပင် မထိုင်နိုင် ပြီ ။ ဝန်လေးလှ ချေပြီ ၊ သားသား နှင့် လည်း မကစား နိုင်ပြီ ၊ အထိန်း နှင့် သက်သက် လွှဲ ထားရ၏ ။
သူ က တော့ အိပ်ရာ ၌ ချည်း လှဲ နေ ချင်ပြီ ၊ ညနေ ကို လမ်း မလျှောက်ချင်ပြီ ။
အညောင်းပြေ အနှိပ် ခံ လျှင် မိန်းမကြီး က ပြောသည် မှာ
“ အစ်မ ကလေး က နီးလှပါပကော ၊ ကျွန်မ တော့ ရက်ပိုင်း ပဲ လိုတော့တယ် ထင်တယ် ” ဟု ပြောသည် ။
“ ကဲ ကဲ မှန်းးမ်းပါဦး ၊ ဘယ်နေ့တုံး ၊ မှန်ရင် လုံချည် တစ်ထည် ဝယ်ပေးမယ် ” ဟု ပြောသော်
“ နေဦး အစ်မ ကလေး ရဲ့ ၊ အင်း ဒီလို ဆိုတော့ နောက် သုံးရက် တောင် အလွန်ဆုံး ပဲ ခံမယ် ၊ ဒီနေ့ ဘာနေ့တုံး ၊ စနေ့ ဟုတ်လား ၊ ဒီတော့ တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါနေ့ ပေါ့ ၊ အင်္ဂါနေ့ ပဲ ”
ဆရာဝန် တွက် ထားသော မွေးရက် မှာ လည်း ထို အင်္ဂါနေ့ ပေါ် ကျသည် ။ မမြသစ် သည် ဘာမှ မပြောဘဲ မိန်းမကြီး ကြိုက်မည့် ပါတိတ်လုံချည် ဆင် ကို စဉ်းစား၏ ။ အရောင် ကို စဉ်းစား၏ ။ ထို့နောက် လက်တလော ပျောက်ကွယ် နေသည့် ကလေး အရိပ်ကလေး ကို သတိရ၏ ။
ရုပ်ခန္ဓာ က အနေ မသာ၍ လားမသိ ၊ ရစ်ဝဲပျံသန်း နေကျ ရင်သွေး ပင် ဘေးပတ်လည် မှာ မှေးမှိန် နေသည် ။
ဘယ်မှာ သွားပြီး အိပ်ပျော် နေသလဲကွယ် ကလေး ရယ် ၊ ဒဏ္ဍာရီပုံပြင် စာအုပ် ကြား မှာ လား ၊ တိမ်တိုက်စွန်း က မိုးစွေငှက် ရဲ့ အတောင်ဖျား မှာ လား ၊ ကလေး အခု ဘာ ယောင် ဆောင်ပြီး နေသလဲ ၊ ကလေး လူယောင် ဆောင် နေတယ် မဟုတ်လား ။
••••• ••••• •••••
အင်္ဂါနေ့ ကို ကူး လို့ မှ တစ်နာရီ မကြာခင် မမြသစ် သည် သမီးကလေး မွေးသည် ။ အလွယ်တကူ ရှိလှသည် ။
ဆေးရုံဝင်း ထဲ တွင် နေသော ဆရာဝန် ကား နှင့် လာသည် ပင် မမီချေ ။
“ မိန်းကလေး ရှင့် လှလှလေး ၊ ဖြူ လည်း ဖြူမယ် ၊ အခုတော့ ရဲတွတ် နေတာပဲ ” ဟု
ဆရာမ က ပြောသည် ။
မမြသစ် သည် အကျေနပ်ကြီး ကျေနပ်သည် ။
“ လှတယ်လို့ ဘယ့်နှယ် ပြောနိုင်သလဲ ၊ ငယ်ငယ်ကလေး ကို ” ဟု မေး လျှင် ဆရာမ က
“ ပြောနိုင်တာပေါ့ ၊ ငယ်ငယ်လေးတွေ ချည်း ကြည့် နေတာ ၊ လှမလှ ရွေးတတ်ပြီ ပဲ ” ဟု သင့်တင့်လျောက်ပတ်စွာ ဖြေသည် ။
“ ထွားလားဟင် ”
“ မထွားလှဘူး ၊ စကား သိပ် မပြောနဲ့ မောမယ် ”
“ မမောပါဘူး ” ဟု ပြော သော်လည်း သက်ပြင်း ချ လိုက်သည် ။
“ မော လာရင် ပြောနော် ၊ အောင့် မနေနဲ့ နော် ”
ဆရာမ သည် ကလေး ကို တခြား ဆရာမ သို့ ပြောင်း ပေးလိုက်ပြီး မမြသစ် အနား မှာ ပင် နေသည် ။
ဂလူးကို့စ် ဖျော်တို က်သေးသည် ။ ပြီးတော့ မခွာဘဲ ကပ် နေကာ
“ မောသလား ၊ မောသလား ” လို့ မေး သေးသည် ။
“ သိပ် ဂရုစိုက်တဲ့ ဆရာမ ပဲ ၊ သားဦး လည်း မဟုတ်ဘဲ နဲ့ ကံကောင်းလိုက်တာ " ဟု စဉ်းစား၏ ။
ဆရာမ က ကလေး ရေချိုးပေး နေရာ သို့ လှမ်း ၍ စကား ပြောသည် ။ ကရင် လို ပြော တော့ တစ်လုံး မှ နားမလည် ။ ဒေါက်တာ တယ်လီဖုန်း စသည့် စကား တော့ ပါသည် ။ ဟော ပြောရင်း ပင် ဆရာဝန် ရောက် လာသည် ။ ကိစ္စ ပြီး မှ သူ့ ကို ကြည့်ရှုစမ်းသပ် ပြီး သွားလိမ့်မည်ထင်သည် ။
သို့သော် ဆရာဝန် သည် လည်း ဆရာမ ကဲ့သို့ ပင် အနား ၌ ကပ်ကာ ရပ်၏ ။
“ မောသလား ” လို့ မေး သေး၏ ။
နည်းနည်း ဆန်းတယ်လို့ ဆိုရ မလား ။
သမီးလေး ဆိုတော့ သိုးမွှေးဝတ်စုံ ပန်းရောင်လေး ကို မှာ ရမည် ။ အဖြူရောင် ချည်း အင်္ကျီကလေးတွေ ချုပ် ထားတာ ကလေး က လှတယ် ၊ ဖြူတယ် ဆိုဘော့ အတော်ပဲ ၊ ဆေးရုံ ဆင်း မှ ကလေး ခြုံတဲ့ ဇာခြုံစောင် ထိုးရမည် ။
အပွင့် ကြီးကြီး အနား ဇာ တွန့်တွန့် ထိုးမည် ။ နှစ်ချောင်း ထိုး က ပိုပြီး လှတတ်တယ် ။ သို့သော် တစ်ချောင်းထိုး က မြန်တယ် ၊ ဘယ် အပ်နဲ့ ထိုးရပါ့ မလဲ ။
မမြသစ် သည် ပျံဝဲတတ်သော ကလေး အကြောင်း ကို လုံးလုံး မေ့နေ၏ ။ အင်္ကျီစုံ အပြာကလေးကို သတိရလျက် နှင့် သားဦး လည်း မဟုတ် ။ ခု မွေးသည့် သမီး လည်း မဟုတ် ။ သူ့ သညာ ၌ အရင် က ထင်လာသော ကလေး သေနတ်တု ၊ စစ်သားရုပ် တို့ နှင့် ကစားဟန် မြင် ရ သဖြင့် ယောက်ျားကလေး လို့ ယူဆ ရသည့် ရင်သွေး ကို မေ့ပျောက် နေမိသည် ။ လုံးဝ မဆက်စပ် မိသလို နေသည် ။
ဆရာဝန် က ဆေး တစ်လုံး ထိုးသည် ။ နာရီဝက် လောက် ကြာပြီ ထင်သည် ။
ဘာဖြစ်လို့ အိပ်ရာ ကို ပြန် မပို့ကြသေးတယ် မသိ ။ သူ က တော့ အိပ်စင် ပေါ် မှာ မီးလုံးကြီးများ လင်းထိန် နေတာ ရယ် ။ ဆရာဝန် ဆရာမ တို့ ၏ အဖြူရောင် အဝတ်ရယ် မေ့ချင်စရာ ကောင်းသော ဆေးနံ့ ရယ် တိုင်ကပ်နာရီ မှ ရင် ထဲ မှာ လာမြည် နေသလို တချက် ချက်မြည် သံ ၊ မျက်စိ ထဲ မှာ စွဲနေ သလို မည်းနက်သော နာရီလက်တံ တစ်မိနစ် တစ်ခါ ရွှေ့ဟန်ပြတ်သားပုံ ရယ် ဒါတွေကို သတိရ နေသော ဘဝ အသစ် ပြောင်းခဲ့ သလို ဖြစ်သည် ။
တကယ်တော့ အူဝဲခနဲ ငိုသံ ကို မကြားခင် တဒင်္ဂ နှင့် ကြားမိသော တဒင်္ဂ ကြား ၌ တစ်ကမ္ဘာ ကြာသော အချိန်ကာလ သည် လေးလံစွာ ချိတ်ဆွဲ ထားသလို တွဲလဲကြီး နေတာ အမှန်တည်း ။
ဗိုက် ထဲ က နာ လာ ပြန်၏ ။ ဆရာဝန် နှင့် ဆရာမ က ပြိုင်တူ “ နာသလား ” ဟု မေးကြ ဆဲ ခေါင်းသာ ညိတ် နိုင်ပြီး ဘဝ ဟောင်း သို့ ပြန် ရောက် ပြန်သည် ။
ချောက်ချားသော အိပ်မက်ဟောင်းများ အသစ် တစ်ဖန် ဖြစ်ပြန်သည် ။
အံ့ဩ သလိုလို နှင့်
“ ဘာလဲ ၊ အဲဒါ ဘာလဲ ” ဟု မေးဆဲ
“ အားတင်း ထား နော် ၊ မကြောက်နဲ့ ” ဟု ဆရာမ က ပြော လေသည် ။
ကိုယ့် အသံ ပဲ လား ၊ ဘယ်သူ့ အသံ လည်း မသိ ။ ညံသော တစ်ကမ္ဘာ ကြာရှည်သော တွဲလွဲ ဆွဲသော အချိန် ၌ နစ် ပြီး ဘွားခနဲ ဘဝသစ် ကူး လာပြန်သည် ။
“ နောက် တစ်ယောက် ကို ကျွန် မလည်း မသိပါလား ဒေါက်ဘာ ၊ ဘာဖြစ်လို့ မပြော သလဲ ” ဟု မေး၏ ။
“ စကား မပြောနဲ့ နော် ၊ မော ရင်တော့ ပြောနော် ”
သို့သော် မမြသစ် သည် အား ယူ ကာ
“ ဘာဖြစ်လို့ မပြောတာလဲ ဟင် ” ဟု မေးသေး၏ ။
“ ရှင် က ခက်တတ်တယ် ၊ အားလည်း နည်းတယ် ၊ ကြောက်လည်း ကြောက်တတ် တယ် ဆိုလို့ မပြောဘဲ ထားတာ ”
“ မကြောက်ပါဘူး ” ဟု သူ က ဖြေ၏ ။
“ ပြီးတော့ တကယ်တော့ ကျွန်မ သိပါတယ် ၊ ကျွန်မ ကလေး ပဲ ကျွန်မ သိပါတယ် ၊ ယောက်ျား မဟုတ်လား ”
“ ဟုတ်တယ် ယောက်ျားလေး ”
မမြသစ်သည် ကျေနပ်စွာ ပြုံး လေသည် ။ ချက်ချင်းပင် မျက်လုံးများ တော့ ဖွင့်လို့ မရအောင် လေး လှသည် ။ အိပ်ချင်မူးတူး ဖြစ်သည် ။
တစ်ကိုယ်လုံး လည်း ခွေနုံး သွားသည် ။ ဘေး က ဆရာဝန် ဆရာမ တို့ သည် ညှပ် ထားသော လေလွင့်သော သတင်းစာစက္ကူရုပ်များ ဖြစ် ကုန်သည် ။
ပြီးတော့ ဘေး မှာ မောင် လာ ထိုင် သလိုလို ထင်သည် ။
“ မြ သိပါတယ် ၊ ယောက်ျားလေး မို့ စစ်သားရုပ် နဲ့ ကစားတာ ပေါ့ ၊ သိုးမွေးအင်္ကျီ အပြာလည်း ထိုး တာပေါ့ ၊ စောင် နဲ့ သားရေပြား တော့ တစ်ခု စီ ထပ် ဝယ်ရမယ် ဆရာမ ရဲ့ ၊ တကယ် ဆိုတော့ ယောက်ျားလေး က အကြီး ပါ ၊ ကျွန်မ သူ့ ကို အရင် မြင်ဖူးတာပဲ ၊ ဆရာမ မသိပါဘူး ၊ ကျွန်မ သိပါတယ် ၊ မောင် မြ ပြောတာ မဟုတ်လား ”
မမြသစ် သည် အိပ်ပျော် သွားလေ၏ ။ သို့သော် အိပ်မက် ထဲ ၌ လူကလေး မလာတော့ချေ ။
လူကလေး သည် ပုခက်ဖြူဖြူ ထဲ ၌ တဝါးဝါး အော် ကာ ခြေကျောက် လက်ကျောက် လုပ် နေသည် ။
အပေါ် က အုပ် ထားသော ဇာစကလေး သည် တလှုပ်လှုပ် နေလေသည် ။ မမြသစ် နိုးလာလျှင် စွေစောင်း ကြည့်၍ မြင် နိုင်သည် ။
◾ကြည်အေး
📖 ပေဖူးလွှာ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၁၉၅၈
.
No comments:
Post a Comment