Friday, October 4, 2024

ဝါးဖောင် မျှောတဲ့ ည


 

❝ ဝါးဖောင် မျှောတဲ့ ည ❞ 
━━━━━━━━━━━━━━
              လူခါး
━━━━━━━━━━━━━━
ကြယ်တွေ လင်း လို့ ကညင်ဆည်ကြီး က အဆီ တစ်ထပ် ၊ အသား တစ်ထပ် စားထားတဲ့ လူဝကြီး တစ်ယောက် ဗိုက်ကြီး လှန်ပြီး အိပ် နေသလို ရေတွေ လျှံလို့ ။ ဒလဟော စီးကျ လာခဲ့တဲ့ တောင်ကျရေတွေ ဟာ ဆည်ထဲ ရောက် တော့ အရှိန် သေသွားပြီ ။ ဆည်ကြီး ရဲ့ အောက်ဘက် ရေလျှံချောင်း ထဲ မှာတော့ သစ်ရိပ်တောင်ရိပ်တွေ ကို အကာ အကွယ် ယူပြီး ဖောင် တစ်စီး မျှောလာ နေတယ် ။ ဖောင် ပေါ် မှာ က ဦးချက်ဆူ တစ်ယောက် တည်း ။

ဖောင် ဆိုလို့ တစ်ချီတည်း တိုက်ဆောက် ၊ ကားစီး လုပ်နိုင်မယ့် ဖောင်မျိုးတော့ မဟုတ်ဘူး ။ အတင်းကာရော ရေပါ မှ အလုံးငါးဆယ် လောက် ပါတဲ့ ဝါးဖောင်ကလေး ။ ဦးချက်ဆူ တစ်ယောက် တည်း ခုတ်ထစ် ဖြတ်တောက်ပြီး မျှော လာခဲ့တဲ့ တစ်ပိုင်တစ်နိုင် ဝါးဖောင်ကလေး ။

ဦးချက်ဆူ က ဒီလို ဖောင်မျိုး တစ်ခါမှ မျှောဖူးတာ မဟုတ်ဘူး ။ ဦးချက်ဆူ ရဲ့ အလုပ် က ဆည်ကြီး ရဲ့ အထက် တောတောင်တွေ ပေါ် မှာ လွှဆွဲခြင်း နဲ့ အသက်မွေးတဲ့ လွှသမား သက်သက် ၊ လူသက် ငါးဆယ်မှာ လွှသက် က လေးဆယ် လောက်ပါတယ် ။ ဘာအရာ ထင်ခဲ့သလဲ ဆို ရင် “ ဒီ တောင်ကတုံး တွေ ဟာ ကျုပ် လက်ရာပေါ့ဗျာ ” ဆို တာထက် ဘာမှ ပို ပြောစရာ မရှိဘူး ။ မတတ်သာလို့ ပြော ချင်ရင် အဖိုး ဘယ်လောက် တန်မှန်း မသိတဲ့ သစ်ဖောင် တစ်ခုစ ဆွဲပြီး တဲ့ အခါတိုင်း လွှခကလေး ရတာပဲရှိတယ် ။

ဒါကလည်း ဘာ များမှာတုံး ။ လွှဆိုင်း မပြီးခင် ပွဲစား ဆီ က ကြို ထုတ်ထားခဲ့တဲ့ ဆန်ဖိုး ဆီဖိုး ၊ ယမကာဖိုး နုတ်လိုက်ရင် အိတ်ကပ်ထဲ ခြင်္သေ့ ဆယ်ကောင် ထက် ပို မကျန်ဘူး ။ အဲဒါလေး ပိုက်ပြီး အဘွားကြီး ရှိတဲ့ ရွာကလေး ဆီ ပြန်ရတာပဲ ။

ဦးချက်ဆူ တို့ ရွာကလေး က ပုသိမ် ၊ မုံရွာကား လမ်းကြီးဘေး က တောင်စောင်း တစ်ခု ပေါ်မှာ ကပ်ပြီး တည်ထားတဲ့ ရွာကလေး ။ ရွာကလေး က ဘာထွက် သလဲ မေးရင် လွှသမားတွေ ထွက်တယ်ပဲ ပြောရမယ် ။ အိမ်တိုင်း အိမ်သာ မရှိရင် သာ နေမယ် ၊ လွှ ရှိတယ် ။ အသက် ဆယ်နှစ် ဝန်းကျင် ယောက်ျားလေး တိုင်း လွှ ဆွဲ တတ်တယ် ။ သစ် ဆိုတာ အဖိုးတန် သယံဇာတ ပစ္စည်း ဆိုပေမဲ့ ဦးချက်ဆူ တို့ ရွာသားတွေ ကတော့ ဘာ ဆိုလို မှန်း မသိကြဘူး ။ အဲဒီလို မသိအောင် လည်း လွှထောင် တွေ က လုပ်ထားကြတာကိုး ။

လွှထောင်တွေ က ဦးချက်ဆူ တို့ ရွာ က မဟုတ်ကြ ဘူး ။ ဟင်္သာတ တို့ ၊ ကြံခင်း တို့  ၊ မဲဇလီကုန်း တို့ လို မြို့ တွေ ဆီက ။ အဲဒီ မြို့တွေက ပိုက်ဆံ တတ်နိုင်ပြီး အကပ် အရပ် ကောင်းတဲ့ ပွဲစားတွေ က သည်ယုန် မြင်လို့ သည်ချုံ လာ ထွင်ကြတာ ၊ ခုတော့ ထွင်ရင်း ထွင်ရင်း နဲ့ တောင် တွေ လည်း ကတုံး ဖြစ်ကုန်ပြီ ။

ပွဲစားတွေ ကတော့ ပျော်ပျော်ပဲ ။ ဘောင်တွေ ကတုံး ဖြစ်လေ သူတို့ မယားတွေ မှာ ပဒေသာပင် သီးလေ မဟုတ် လား ။ ဘယ်က နေ ထွက်ပြီး ဘယ်ကမ်း ဆိုက်တယ် ဆိုတာ ဦးချက်ဆူ တို့ မသိရဘူး ။ သိခွင့်လည်း မရှိဘူး ။ ဦးချက်ဆူ တို့ သိခဲ့တာက ထမင်း တစ်နပ် ပဲ ။ လွှ တစ်စင်း ပဲ ။ စပ်ဘီအီး တစ်လုံး ပဲ ။

အခုတော့ ဦးချက်ဆူ  စိတ်ပြောင်း သွားပြီ ။ ဦးချက်ဆူ စိတ်ပြောင်း သွားတာထက် ဦးချက်ဆူ ကတော် ဒေါ်ပု က စိတ်ပြောင်း သွားတာ ။ ဦးချက်ဆူ ပြီးခဲ့တဲ့ အပတ် ရွာ ပြန်တုန်းက ဒေါ်ပု က ပြောတယ် ။ “ တော် မလည်း အသက် ကြီးပြီ ။ ဒီ သစ်ခုတ် ၊ လွှဆွဲ အလုပ် မလုပ်တော့ နဲ့ ” တဲ့ ။ ဦးချက်ဆူ က ဒီ အလုပ် က လွဲပြီး ဘာမှ လုပ်တတ် တာ မဟုတ်တော့ “ ဒါတွေ မလုပ်နဲ့ ဆိုတော့ ကျုပ် က ဘာ လုပ်ရမှာတုံး ဒေါ်ပု ရ ” လို့ ပြန်မေးတာပေါ့ ။ “ တော် လည်း ဖောင်မျှောပေါ့ ” တဲ့ ။ “ ခင်ဗျား ပြောတော့ လွယ် တယ် ၊ ဘယ်မှာလဲ လွှထောင် ဖို့ ငွေ ” ဆိုတော့ ဒေါ်ပု က “ အလကား ရတဲ့ ဝါး မျှောပေါ့ ” တဲ့ ။ “ အရှေ့ပိုင်း က သန်းရင် တို့တောင် ဒီလိုနဲ့ ရွှေတွေ သီး နေတာ ” တဲ့ ။

အဲဒီမှာ ဦးချက်ဆူ ခေါင်းထဲ လက် သွားတာပဲ ။ ဟုတ်သားပဲ ။ ဒီ အသက်အရွယ် အထိ အဲဒီလို အလုပ်မျိုး ငါ ဘာလို့ မတွေးခဲ့ဖူးတာလဲ ဆိုပြီး သူ့ ကိုယ် သူ တောင် အပြစ် မြင် နေမိသေးတယ် ။ စောစော က သာ ဒီလို အတွေးမျိုး ရှိရင် ဟိုကောင် ငဦး လည်း သေစရာ အကြောင်း မရှိဘူး လို့ တွေးမိတယ် ။

ငဦး ဆိုတာက ဦးချက်ဆူ နဲ့ ဒေါ်ပု ရဲ့ တစ်ဦးတည်း သော သား ။ ဆွဲတဲ့ ရုန်းတဲ့ နေရာမှာ ဆင် တစ်ကောင် လောက် နီးနီး အားကိုး ရတယ် ။ ငဦး က တောထဲ မှာ ပဲ သစ်ပိ ပြီး သေသွားတာ ။ တောထဲ တောင်ထဲ မှာ ဆိုတော့ လျော်ကြေးတို့ နစ်နာကြေး တို့ လည်း တောင်းရကောင်း မှန်း မသိကြဘူး ။ တောထွက်ကြီး တစ်ပါး ပင့်ပြီး သရဏဂုံ တင်ပစ်လိုက်ရတာပဲ ။ ဘယ်ဘဝ ရောက်မှန်းလည်း မသိဘူး ။ အဲဒီတုန်း က “ ငဦး ရေ ဒီ ရွာ မှာတော့ လူလာ မဖြစ်တော့နဲ့ဟ ” လို့ ဦးချက်ဆူ အမျှဝေ ပစ် လိုက်တယ် ။ အဲဒါကို တွေးမိတိုင်း ဖောင်မျှော ဖို့ အတွေး နောက်ကျရ ကောင်းလား ဆိုပြီး ဦးချက်ဆူ သူ့ ကိုယ် သူ ဒေါသ ဖြစ်ရတယ် ။ နောက်ဆုံးတော့ ဦးချက်ဆူ  တကယ်ပဲ ဖောင် မျှော ဖြစ်ခဲ့တယ် ။

ဖောင် မျှောတော့မယ် ဆိုတော့ ပထမဆုံး စဉ်းစား ရတာက ဖောင်ဖွဲ့ဖို့ ။ ဒါကလည်း ဦးချက်ဆူ က တော ထဲ မှာ ကြီးခဲ့တာ ဆိုတော့ သိပ်တော့ မခက်လှဘူး ။ ဝါး ကို သေသေချာချာ အရင်းအဖျား တိပြီး နှီးချက် နိုင်နိုင် တွဲလိုက်ရုံပဲ ။

ဖောင် ပြီးတော့ မျှောဖို့ လမ်းကြောင်း ၊ လမ်းကြောင်း ကလည်း ဆည်အောက်ဘက် ကနေ ရွာ အထိ ရေစုန် မျှောလို က်ရုံပဲ ။ ခက်တာက လမ်း မှာ ဖြတ်ရမယ့် ဂိတ်တွေပဲ ။

“ အနည်းဆုံး သုံးဂိတ် လောက်တော့ ဖြတ်ရတယ်ဗျ ။ ခင်ဗျား လွယ် မှတ်နေလား ”

ဦးချက်ဆူ က ဖောင်မျှော ဖူးတဲ့ လူ တစ်ယောက် ကို တိုင်ပင်တော့ ဖြတ်ရမယ့် ဂိတ်တွေ ၊ ပေးရမယ့် ပမာဏ တွေ ပြောတယ် ၊ ရွတ်ပြလိုက်တဲ့ အဖွဲ့အစည်းတွေ က လည်း စုံလို့ ။

“ ခင်ဗျား မျှောမယ့် ပစ္စည်း များရင် များသလို ပေး ရတာ ”

ဦးချက်ဆူ  အဲဒီ အကြောင်း ကို ဒေါ်ပု ကို ပြောပြ လိုက်တော့ ဒေါ်ပု က “ အိုတော် ... သူတို့ က ကြီးကြီးမားမားတွေ သာ စိတ်ဝင်စားတာ ၊ တော့် ဝါးကလေး မဖြစ်စလောက် တော့ အိပ်ပျက်ခံပြီး တောင်းနေမှာ မဟုတ်ပါဘူး ” တဲ့ ။

ဒေါ်ပု ပြောတော့လည်း ဟုတ်သလိုလို ရှိသားလို့ ဦးချက်ဆူ တွေး လိုက်ရင်း ဖောင် မျှောဖို့ စတင်တော့သည် ။

ခုဆို ဦးချက်ဆူ  ဖောင်မျှော လာတာ ခရီး တစ်ဝက် ကျိုးခဲ့ပြီ ။ တောင်ကျချောင်း ဆိုပေမဲ့ မိုးပြတ်ရက် ဆိုတော့ ရေစီး ညင်သာတယ် ။ ရှစ်တောင် လောက် ရှည်တဲ့ ထောက်ဝါး တစ်လုံး နဲ့ ဖောင် ကို ထိန်းလိုက်နေရုံပဲ ။ လင်း နေတဲ့ ကြယ်ရယ် ၊ တိုက် နေတဲ့ လေရယ် ၊ စီး နေတဲ့ ရေရယ် ဖောင်ကလေး မျှောလာနေပုံ က သာသာယာယာ ပဲ ။ ဝါးတစ်လုံး ကို တစ်ရာ နဲ့ တွက်ဦး ၊ ဝါး ငါးဆယ် ဆိုတော့ ငွေငါးထောင် ။ ဦးချက်ဆူ  မျက်လုံး ထဲ ပြုံးနေ တဲ့ အဘွားကြီး မျက်နှာ ကို မြင်ယောင် လာတယ် ။ ဒီ ငွေ ထဲ ကနေ အဘွားကြီး အတွက် ယောဂီထမီလေး တစ်ထည် ဝယ်ပေးရမယ် လို့ လည်း ဦးချက်ဆူ  စိတ်ကူး လိုက်တယ် ။

ကောင်းကင် မှာ ကြယ်တွေ က လှတုန်း ။ ထောက် ဝါး အသိမ်းအနုတ် လုပ်တဲ့ “ စွပ် .. စွပ် ” ဆိုတဲ့ ရေသံ က လွဲလို့ ပတ်ဝန်းကျင် က အငြိမ် ။ တစ်ချက် တစ်ချက် ထိုး ဟောင် လိုက်တဲ့ တောင်ပေါ် တဲကလေး ဆီ က ခွေး ဟောင်သံ က တော့ ည ရဲ့အဖော် ပေါ့ ။

“ ဟေ့ .... ရပ် ”

အော်လိုက်ရင်း မျက်နှာ ကို ဓာတ်မီး နဲ့ လှမ်း အထိုး ခံ လိုက်ရတော့ ဦးချက်ဆူ  ရုတ်တရက် လန့်သွားတယ် ။

“ ဘယ်သူလဲကွ ဖောင် မျှောလာတာ ”

အမှတ်တမဲ့ ဆိုတော့ ဦးချက်ဆူ ဘာ လုပ်လို့ ဘာ ကိုင်ရမှန်း မသိဘူး ။ လက် ထဲ က ထောက်ဝါး ကို ပဲ ကျစ်ကျစ်နေအောင် ဆုပ် ထားလိုက်တယ် ။

ဟိုဘက် က မေးနေတဲ့ အသံ ဟာ တစ်ယောက် တည်း မဟုတ်ဘူး ဆိုတာ ဦးချက်ဆူ  သိလိုက်တယ် ။ မတော် ... ဟို ... ကင်းအဖွဲ့တွေ များလား ။

“ ကျုပ် ပါ ...... ချက်ဆူ ပါ ”

"ဘယ်က ချက်ဆူ လဲ ၊ ဖောင် ကို ကမ်း ကပ်စမ်း ၊ အခု ကပ် ”

ကမ်းပေါ် က အသံ က ဒေါသသံ ပါလာတော့ ဦးချက်ဆူ ပို ကြောက် သွားတယ် ။ သူတို့ ပြောသလိုပဲ ဖောင် ကို မြန်နိုင်သမျှ မြန်အောင် ကပ် ပေးလိုက်တယ် ။ ကမ်းပေါ် က လူ က စုစုပေါင်း ဆယ်ယောက် လောက် ရှိတယ် ။ ယူနီဖောင်းတွေ လည်း ဝတ်လို့ ။

“ ဪ .. ”

ဦးချက်ဆူ  ကမ်းပေါ် ရောက်သွားတော့ မျက်နှာ ကို ဓာတ်မီး နဲ့ ထိုးကြည့်ပြီး “ ဪ ” လို့ တစ်ယောက် က ညည်းတယ် ။ ဖောင်သမား ဟာ လူအိုကြီး တစ်ယောက် ပါလား ဆိုတာကို သိလို့ ထွက်လာတဲ့ အသံမှန်း ဦးချက်ဆူ သိလိုက်တယ် ။

“ ခင်ဗျား တစ်ယောက်တည်း လား ”

“ ဟုတ်ကဲ့ ကျုပ် တစ်ယောက်တည်းပါ ”

ဦးချက်ဆူ ရဲ့ အသံ က ထစ် နေတဲ့ စီဒီပြား ကို အဝတ် စ နဲ့ ပွတ်ပြီး ပြန်ထည့် ဖွင့်ထားသလိုမျိုး ။ ဟိုဘက်က မေး နေတဲ့ အသံ ကတော့ အေးအေးဆေးဆေး ပဲ ။

“ သစ်တော ထွက် ပစ္စည်းတွေ ခိုးရင် ဘာဖြစ် သွားမယ် ဆိုတာ ခင်ဗျား မသိဘူးလား ”

“ သိပါတယ် ”

“ သိရဲ့သားနဲ့ ခိုးတာ ဥပဒေ ကို မကြောက်လို့ပေါ့ ဟုတ်လား ”

ဒီတစ်ခါ အမေးကိုတော့ ဦးချက်ဆူ မဖြေတော့ ဘူး ။ ဦးချက်ဆူ ဘယ် မကြောက်ဘဲ နေပါ့မလဲ ။ “ သူ များတွေ နတ်သုဒ္ဓါ ခိုးနေတဲ့ အချိန်အခါကြီး မှာ ကျုပ် ဝါး ခိုးရတာ ဝမ်းရေး အတွက်ပါဗျာ ” လို့ ဦးချက်ဆူ  မပြောဖြစ်ခဲ့ဘူး ။

“ ရော့ ဒီမှာ ခင်ဗျား ဖတ်ကြည့် ”

အဖွဲ့ခေါင်းဆောင် လို့ ထင်ရတဲ့ လူ က ဦးချက်ဆူ ကို ကဒ်ပြားလေး တစ်ခု ထိုး ပေးပြီး ဓာတ်မီး နဲ့ ထိုးပြ တယ် ။ ဦးချက်ဆူ လည်း မဖတ်တတ် ဖတ်တတ် နဲ့ ဖတ် ကြည့်လိုက်တယ် ။

ကျွန်း ၊ ပျဉ်းကတိုး စသည့် အဖိုးတန်ပစ္စည်းများ မှ အစ ဝါး ၊ သက်ငယ် ၊ အင်းဖက် အထိ ခိုးယူဖြုန်းတီး ပါ က တည်ဆဲဥပဒေ အရ ထိရောက်စွာ အရေးယူခြင်းခံ ရမည် ။

    ပုံ
    သစ်တောဦးစီးဌာန

“ တွေ့လား ”

ဦးချက်ဆူ  ဖတ်ပြီး သွားတော့ အဲဒီ လူ က ဦးချက်ဆူ ကို တွေ့လား ဆိုပြီး မေးတယ် ။ ဦးချက်ဆူ က တွေ့တယ် လည်း မဖြေဘူး ။ မတွေ့ဘူး လည်း မဖြေဘူး ။ ဦးချက်ဆူ က သူတို့ ရွာ ကို လွှစင် လာ ထောင်တဲ့ ပွဲစားတွေ ၊ သူတို့ ချောင်း ထဲ က သစ်ဖောင် မျှောတဲ့ လူတွေ ဟာ ဒီ အဖွဲ့ နဲ့ မတိုးအောင် ဘယ်လိုများ လှုပ်ရှားကြပါလိမ့်လို့ တွေးနေတယ် ။

“ ခင်ဗျား ကို သစ်တောထွက် ပစ္စည်း ခိုးမှုနဲ့ ဖမ်းလိုက်ပြီ ”

အဲဒီလို ပြောလိုက်တော့ ဦးချက်ဆူ ဒူးတွေ တုန် လာတယ် ။ မျက်လုံး ထဲ မှာ လည်း မအိပ်ဘဲ စောင့် နေမယ့် အဘွားကြီး ကို မြင်လာတယ် ။

အဲဒီ အချိန်မှာ ဒေါ်ပု က လည်း ဦးချက်ဆူ အကြောင်း ကို တွေး နေတယ် ။ အဘိုးကြီး ဝါး ရောင်းလို့ ရတဲ့ ငွေ နဲ့ ပုတီးလေး တစ်ကုံး လောက်တော့ ဝယ်ပေးရဦးမယ် လို့ ဒေါ်ပု က တွေးနေတယ် ။

▢ လူခါး

📖 Treasure Land မဂ္ဂဇင်း
     မေ ၊ ၂၀၁၄

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment