Thursday, October 10, 2024

ဖား ဆို မှ ဖား


 ❝ ဖား ဆို မှ ဖား ❞

━━━━━━━━━━━

     မြတ်သင်း

━━━━━━━━━━━

( ၁ )


ကဆုန်မိုး တစ်မ ကျလိုက်၏ ။ 


တစ်ညနေခင်း လုံး သဲသဲမဲမဲ ရွာသည် ။


သူငယ်အိပ်ဆိတ် ကြက်တွန်ချိန် ခန့် တွင် မှ မိုးစဲ သွား၏ ။ မိုးစဲသည် ဆိုသည့် တိုင် တစ်ကိုယ်စွတ် ဖွားဖွားတော့ ကျဆဲပင် ။ ကွင်း ထဲ မှ ထ အော်လိုက်သော ဖားသံများ ကို ကြားရ၏ ။ ကိုအေးသောင် သည် တဖြည်းဖြည်း ဆူညံလာသော ဖားသံများ ကို နားစိုက် နေမိ၏ ။ ကိုအေးသောင် ၏ နား ထဲ တွင် ဖားအော်သံများ ကို “ အုံးအင် ... အုံးအင် ” ဟူ၍ မကြား ။ “ ပိုက်ဆံ ... ပိုက်ဆံ ” ဟူ၍ သာ ကြားယောင် နေမိသည် ။


တစ်ကိုယ်လုံး အနာတွေ ပေါက် နေသော သားအငယ်ကောင် ကို ဆေးခန်း သို့ သွားပြီး ပြရန် အတွက် လိုနေသော ပိုက်ဆံ ။ “ မိုး ကျတော့မယ် ကိုအေးသောင် ရေ ... အိမ်မြန်မြန် ပြင်မိုးမှ ဖြစ်တော့ မယ် ၊ ဓနိ ဝယ်ဖို့ ငွေ အစိပ်လောက် ချေးပါဦးဗျာ ”


ကိုပေါလူ က မိမိ ထံ လာပြီး ချေးနေသော ပိုက်ဆံ ။ ဖားအော်သံများ ကား ရှစ်ရပ်ခွင်လုံး တွင် ထစ်ချုန်းမင်းမူလျက် ရှိနေလေသည် ။


( ၂ )


“ ချဉ်ပေါင်ခြံ အရှေ့ကွင်းဘက် သွားမလားဟေ့ ... ပေါလူ ” 


ကိုအေးသောင် က တဲခြေရင်းတိုင် တွင် ချိတ်ထားသော ပလိုင်း ကို ဖြုတ်ရင်း မေးသည် ။


“ ဆားမြေကျင်း အနောက်ကွင်း ဘက် သွားရအောင်ဗျာ အဲ့ဒီ ဘက် က ဖား ပိုကျတယ် ”


“ ခြေခင်း လက်ခင်း မသာဘူးကွ ”


“ ဒါဖြင့်လည်း ပေါက်ကုန်းကွင်း ဘက် သွားဗျာ ၊ ချဉ်ပေါင်ခြံ အရှေ့ကွင်း တော့ မသွားနဲ့ အပိုပဲ ”


“ မင်း သဘောကွာ ... မင်း သဘော ”


ကိုပေါလူ သည် ခက်ရင်းခွ ကို ကိုင်၍ ရှေ့ က ထွက်၏ ။ 


“ ဟေ့ကောင် ... ကြိမ် မယူတော့ဘူးလား ”


“ ခင်ဗျား ယူချင် ယူလေ ၊ ကျုပ် ကတော့ ဘယ်တော့မှ ကြိမ် မဆောင်ဘူး ၊ ရိုက်ဖား က ဈေးကောင်း မှ မရဘဲ ”  


“ ဒါဖြင့် ငါ လည်း ကြိမ် မယူခဲ့တော့ဘူး ”


“ ဓားတစ်လက် တော့ ယူခဲ့ဗျာ ၊ ကန် က တက်လာတဲ့ ငါးလေး ဘာလေးတွေ့ရင် ခုတ်ရအောင် ”


လမိုက်ည ဖြစ်၍ မည်းမည်းမှောင် နေသည် ။ သစ်ပင်အုပ်များ ဖြင့် အမည်းရိပ် သိပ်သည်းသော ပေါက်ကုန်းရွာ ကို ကြယ်ရောင် မှုန်မှုန်အောက် တွင် လွမ်းစဖွယ် မြင်တွေ့ရ၏ ။ အချို့ အိမ်များ ၌ ရေနံဆီမီးခွက်ရောင် လက်သည် ။ ပေါက်ကုန်းရွာ ၏ အနောက်တောင် ဘက် ကွင်း ထဲ သို့ ရောက်ခဲ့ကြ၏ ။


“ အသင့်ပြင်ဟေ့ ... ဖားအော်သံ ကြားရပြီ ”


“ ဖားကျောက်စိမ်း အော်သံဗျ ... ဖားကြီးသံ မဟုတ်ဘူး ”  


“ လုပ်မှလည်း ဟုတ်ပါ ပေါလူ ရာ ”


ရှေ့ လယ်ကွက်များ ထဲ သို့ ဆက်လျှောက်လာကြ၏ ။ ဖားအော် သံ ကြားရပြန်သည် ။


“ အဲဒါမှ ဖားကြီးသံ ဗျို့ ... သွားတော့ ”


လူချင်း ခွဲလိုက်ကြ၏ ။ ကိုပေါလူ က ဟိုဘက် ကန်သင်း သို့ ထွက်သွားသည် ။ ကိုအေးသောင် က ဤမှာ ဘက် ကန်သင်း တွင် ရပ် လျက်နေခဲ့၏ ။ ထို့နောက် ဖားအော်သံ ကို ဗဟိုပြု၍ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည် ။ လက်နှိပ်ဓာတ်မီးရောင် ဖြင့် ရေပြင်ဝယ် ဖား ရှာကြ၏ ။ ရေပြင် ထဲ မှ မျက်လုံးကြောင်ကြောင်ကလေး တစ်စုံ ကို ဓာတ်မီးရောင် ဟပ်မိ သွားသည် ။ ရွေ့လျားနေသော မီးရောင် သည် ဖား ၏ မျက်လုံး အစုံ ပေါ်တွင် တန့် ရပ်သွား၏ ။ ညှို့ချက်မိ သွားသော ဖား သည် မီးရောင် ကို စိုက်ကြည့်ရင်း ငြိမ်သက်နေသည် ။ ရေထဲ သို့ ငုပ်လျှိုး ထွက်ပြေးခြင်း မပြုနိုင်သေးမီ ဖား ရှိရာ သို့ နှစ်ဦးစလုံး လျှောက် သွားကြသည် ။ ကိုအေးသောင် က ဖား ကို လက် ဖြင့် စိခနဲ ဆုပ်ကိုင် လိုက်၏ ။


“ မင်း ဘယ် ပြေးမလဲ ဖားရွှေမည်း ”


“ ဖားရွှေဝါ ပါဗျ ... တွင်းထဲ က ထွက်ခါစမို့ ဝါ နေတာ မတွေ့ဘူးလား ”


ကိုပေါလူ က အတွန့် တက် လိုက်၏ ။ မိုးဦးကျ တွင်း မှ ထွက်စ ဖားများ သည် ခပ်ဝါဝါ နေတတ်၏ ။ ဝ လည်း ဝသည် ။ မိုးရေ ထိတော့ မှ မည်း လာပြီး ပိန်သွားလေ့ ရှိ၏ ။


“ တော်တော် ကြီးသားပဲကွ .. တစ်ဆယ်သား လောက် ရှိမယ် ” 


“ ကျုပ် ဗျာ... တစ်နှစ်က လေးဆယ်သား လောက် အကောင်ကြီး ရဖူးတယ် ”


ကိုအေးသောင် က ဖား ကို ပလိုင်း ထဲ ထည့်လိုက်၏ ။


( ၃ )


အဝေး လယ်ကွက်များ ထဲ ၌ မီးအုပ်များ ရွေ့လျား နေသည် ကို မြင်ရ၏ ။ ဘဝတူ ဖားကောက်သမားများ ဖြစ်ပေမည် ။ 


“ မီးအုပ် နဲ့ ရှာရတာ လည်း မလွယ်ပါဘူး ပေါလူ ရာ ၊ ရေနံဆီ က တစ်ပုလင်း ဆယ့်နှစ်ကျပ် တောင် ပေးရတာ ... တစ်ည ကို တစ်ပုလင်း တော့ ကုန်မှာပဲ ”


“ ထူးပါဘူးဗျာ ... ဓာတ်ခဲ က လည်း တစ်ခဲ ငါးကျပ်တော့ ပေးရတာပါပဲ ”


“ အကောင်းဆုံး ကတော့ ဘက်ထရီမီး ပဲ ကွ ... တစ်ည သုံးကျပ် ပေး ငှားရင်ရတယ် ”


“ လုပ်မနေပါနဲ့ဗျာ ... ငါးည လောက်ပဲ ရှာချိန် ရှိတဲ့ ဥစ္စာ ... ဒါတောင် တကယ် ဖားကျတာ က မိုး စ ကျပြီး ပထမ နှစ်ည လောက် ပါပဲ ၊ ကျန်တဲ့ ညတွေ က တော့ ဘယ်လောက် ရှာရှာ ဟင်းစား သာသာပါပဲ ”


ဓာတ်မီး ကိုယ်စီ ထိုး လျက် ဖား ဆက် ရှာကြပြန်၏ ။ အချို့ လယ်ကွက်များ တွင် ဖား အတော်များများ တွေ့ ရသော်လည်း ဖားကျောက်စိမ်း ၊ ဖားခုံညင်း နှင့် ဖားပြုပ်များ ဖြစ်နေသဖြင့် မကောက် ကြရပေ ။ ဤ ဖားငယ်များ သည် လည်း သဘာဝ အော်သံ ပေးတတ် ကြ၏ ။ သို့ရာတွင် ဖားကြီး အော်သံ နှင့် မတူပေ ။ ကိုပေါလူ တို့ လို သမ္ဘာရင့်သူများ သည် ဖားကြီးအော်သံ နှင့် ဖားငယ်များအော်သံ ကို ခွဲခြားနိုင်စွမ်း ရှိကြ၏ ။ ဖားငယ်များ သည် ဖားကြီးများ နှင့် ရောနှော နေထိုင်လေ့ မရှိကြသည် မှာ ထူးဆန်းသော သဘာဝ တစ်ခု ဖြစ်၏ ။ လယ် တစ်ကွက်တည်း ပင် ဖြစ်စေကာမူ အနည်းဆုံး တစ်လံ လောက် ခွာ၍ သီးခြား အုပ်စု ခွဲပြီး အော် နေတတ်၏ ။ 


“ ပိုးကောင်မွှားကောင် လည်း သတိထားဦးနော့ ” 


ကိုအေးသောင် က သတိ ပေးသည် ။ ပလိုင်း ထဲ ၌ ဖား ဆယ်ကောင် တိတိ ထည့်မိသော အခါ၌ သန်းခေါင်ကြက် တွန်သံ ကြားရ၏ ။


“ ခံတွင်း ချဉ်လိုက်တာဗျာ ”


ကိုပေါလူ က စက္ကူပတ်ဆေးပေါ့လိပ် တစ်လိပ် ကို ထုတ်ပြီး မီးညှိသည် ။ ထိုနောက် အားပါးတရ ဖွာလိုက်၏ ။ မှောင်ထဲ တွင် မီး ရဲခနဲ ရဲခနဲ နေသည် ။


“ ငါ့ လည်း တစ်ဖွာလောက် ပေးပါဦးကွ ”


( ၄ ) 


“ ဖားထီးတွေ အော်သံ တိတ် သွားပြန်ပြီ ”


ကုန်းပေါ် မှ ဖား နှစ်ကောင်ခန့် ထပ် ရပြီး နောက် ဖား မတွေ့ရ တော့သည် နှင့် ကိုအေးသောင် က ရေရွတ်၏ ။ ဖားအော်သံများ မကြားရတော့သည် မှာလည်း အမှန်ပင် ဖြစ်၏ ။ ဖားတို့ ၏ သဘာဝ မှာ ဖထီး ( ဖားထီး ) များ က သာ အော် တတ်၏ ။ ဖားမများ ကမူ အော် လေ့ မရှိချေ ။ ကိုပေါလူ သည် ယမန်နှစ် က အတွေ့အကြုံ တစ်ခု ကို သတိရမိ၏ ။ 


ထိုနှစ် က ဖား ကောက်ရာ တွင် မီးအုပ် ကို အသုံးပြုခဲ့၏ ။ ဖား မီးခွက် တစ်ခု ကို ကိုးကျပ် ပေး၍ ဝယ်ရသည် ။ မှတ်မှတ်ရရ ထို ည က ကိုပေါလူ ၏ ပလိုင်း ထဲ တွင် ဖားကြီးများ အတော် စုမိနေသည် ။ ပလိုင်း ထဲ မှ ဖားထီး အချို့သည် ပျော်မြူးလာကြရော ထင့် ။ ဖိုသံ ပေး လာကြသည် ။ ပလိုင်း ထဲ မှ ဖားထီးများ အော်သံ ကြားရသော အခါ ကိုယ်ပေါလူ အကြံ တစ်ခု ရလာ၏ ။ မီးအုပ် ကို ကန်သင်း ပေါ်တွင် တည် ထားလိုက်၏ ။ မီးအုပ် နောက်တွင် ပလိုင်း ကို ချထားလိုက်သည် ။ ကိုပေါလူ က ပလိုင်း နှင့် ခပ်ဝေးဝေး ကန်သင်း ထောင့် တွင် သွား ထိုင်နေသည် ။


ပလိုင်း ထဲ မှ ဖားထီးများ သည် သံစုံ တီးဝိုင်းကြီး ဖွဲ့ ကြပြန်၏ ။ အသံ ဆူညံစွာ ပေါ်ထွက်လာသည် ။ ဈေးဦးပေါက် ဖားမ တစ်ကောင် သည် ရေ ထဲ တွင်ဖြတ်ကူး လာပြီး မီးအုပ် ရှေ့၌ ခေါင်း ဖော် ၍ ဝပ်နေသည် ။ နောက်ထပ် ဖားမများ ကူး လာကြပြန်သည် ။ ဟော တစ်ကောင် ၊ ဟော တစ်ကောင် ။ ဖားထီးများ က လည်း မီးအုပ် ရှိရာသို့ ကူး မလာစေကာမူ ရောက်ရာ နေရာမှ တုံ့ပြန်၍ ဖိုသံ ပေးနေကြ၏ ။ သုံးနာရီ ခန့် ကြာသည့် တိုင်အောင် စောင့်ပြီးမှ ပလိုင်း ဘေး တွင် လှည့် ရှာသောအခါ ဖား အကောင် နှစ်ဆယ် ခန့် ရသည် ။ ဖားမ အများအပြား ကို ပလိုင်းဘေး တွင် ဝပ်လျက် တွေ့ ရ၏ ။ အချို့ မိရွှေ ကဲများ ပလိုင်း ပေါ် သို့ ပင် တွယ်ကပ် တက်နေကြသည် ။ 


သံယောဇဉ်တွေ ... သံယောဇဉ်တွေ...


( ၅ )


“ ဟေ့ ... ဖားထီးသံ တွေ မကြားရတော့ဘူးကွ ... မင့် ပညာလေး နဲ့ လုပ်စမ်းပါဦး ”


ကိုအေးသောင် က မောင်းကပ် သွားဟန် တူသော ဓာတ်မီး ကို တဖတ်ဖတ် မြည်အောင် ပုတ်လိုက် ၊ ဓာတ်မီး နောက်ပိတ် ကို တဂျစ်ဂျစ် မြည်အောင် လှည့်လိုက်နှင့် ပြုပြင် နေရင်း ပြော၏ ။ ဓာတ်မီး ပြန် လင်းလာသည် ။


“ ဟေ့ကောင် ... ပေါလူ ၊ လုပ်စမ်းပါဦး ဟ ၊ အကောင် ရ ... အချိန် ရှိတုန်းလေး ... တစ်ကြော့ လောက် ကောက်လိုက်ရအောင် ”  


“ စမ်းကြည့်မယ်လေ ”


ကိုပေါလူ သည် ညာလက် ၏ လက်ညှိုး နှင့် လက်မ ကို ထိ၍ လက်ကွင်း ပြုလုပ်၏ ။ လက်ကွင်း ဘေး၌ ဘယ်လက်ဖဝါး ကို ထောင်ပြီး ကပ် လိုက်သည် ။ ထို့နောက် ပါးစပ် ဖြင့် တေ့ပြီး အသံ ပြုလိုက်၏ ။


“ အက်အက် ... အက်အက် ”


တကယ့် ဖားထီး အော်သံ ကဲ့သို့သော အသံမျိုး ထွက်ပေါ်လာ၏ ။


“ ချန်ပလုံ တင်ညွန့် ကွ ... တကယ့် ဖထီးသံ အတိုင်းပဲ ” 


ကိုအေးသောင် က တီးတိုးသံ ဖြင့် ချီးကျူး၏ ။


လယ်ကွင်း ထဲ မှ ဖားထီးများ ၏ တုံ့ပြန်သံကို မကြားရ ။ ကိုပေါလူ ဆက်ပြီး ဖားအော်သံ ပေးပြန်၏ ။ ဖားတကာ တို့ ၏ အော်သံ ကား ထွက်ပေါ် မလာသေးပေ ။ ကိုပေါလူ ချွေးပြန် လာသည် ။


“ အက်အက် ... အက်အက် ”


“ အက်အက် ... အက်အက် ”


ကိုပေါလူ အသံတု ထုတ်လုပ်ပြန်၏ ။ အချိန် အတန်ငယ် ကြာညောင်းခဲ့ပြီ ။ ဟန် မှ ဟန်ပါ့မလား ။ ကိုပေါလူ မောလာသည် ။ လက်လျှော့ချင်စိတ် ပေါက်လာသည် ။ ထိုအခိုက် တွင် လယ်ကွင်း ထဲ ၌ ဖားအော်သံများ ဟိုမှ သည်မှ တစ်စစီ ပေါ်ထွက် လာခဲ့၏ ။ တဖြည်းဖြည်း ဖားအော်သံများ များလာသည် ။ အရှိန် ရသွားသော အခါတွင်ကား ကွင်းတစ်ခုလုံး ကို ဖားတော်သံများ ဖုံးလွမ်း သွား တော့၏ ။


“ အက် အက် ... အက်အက် ”


“ အက် အက် ... အက်အက် ”


ကိုပေါလူ ယခုမှ ချွေးသုတ် နိုင်သည် ။ ဖွီးခနဲ လေပူ တစ်ချက် မှုတ်ထုတ်လိုက်၏ ။


တော်ပါသေးရဲ့ ၊ ချန်ပလုံ တင်ညွန့် နာမည် ပျက်တော့မလို့ ... ။


အော် နေသော ဖားများ ကို ဓာတ်မီးဖြင့် ထိုးလျက် လိုက် ကောက် ကြပြန်၏ ။ သည် ည ဖားအကျ များသဖြင့် ပင်ပန်းသော်လည်း ပျော်နေကြသည် ။


“ အက်အက် ... အက် အက် ” 


“ အက်အက် ... အက် အက် ” 


( ၆ )


ကြက်ဦး တွန်သံ ကြားရ၏ ။ ကိုပေါလူ ဝါးခနဲ သမ်းလိုက်သည် ။ ကိုအေးသောင် က သူ့ ပလိုင်း ကို လက် ဖြင့် ဆ ကြည့်၏ ။ ကိုပေါလူ လွယ် ထားသော ပလိုင်း ကို လည်း လှမ်း ကိုင်၍ ဆ ကြည့်ပြန်သည် ။ 


“ အတော် ရတာပဲကွ ... နှစ်ပိဿာ လောက် ရှိမယ် ... ဆယ့်ရှစ်ကျပ် ဈေး နဲ့ တွက်ဦး ၊ သုံးဆယ့်ခြောက်ကျပ် ”  


“ ဘယ်ကလာ .. ဆယ့်ရှစ်ကျပ် က အသေဈေး ဗျ ၊ အရှင် က အစိတ်ဈေး ရှိတယ် ... ဒါကြောင့် ကျုပ် က ကြိမ် နဲ့ မရိုက်တာ ” 


“ ထောပြီဟေ့ .. ဘယ်သွား ရောင်းကြမလဲ ”


“ မိတ်ဆက် ထမင်းဆိုင် ပဲ သွင်း လိုက်ကြတာပေါဗျာ ”  


“ ကောင်းတယ် ”


ပေါက်တုန်းရွာ ကို ကျော် လာကြ၏ ။ ပလိုင်း ကိုယ်စီ လွယ်လျက် ဆက်လက်ချီတက် လာကြသည် ။ မြို့တွင်း သို့ ဝင်လာခဲ့၏ ။ ဗိုလ်တဲရှေ့ ဓာတ်မီးရောင်တွင် မိတ်ဆက်ထမင်းဆိုင် ၏ ဆိုင်းဘုတ် ကို လှမ်း မြင်နေရလေပြီ ။


ကိုပေါလူ ဝါးခနဲ သမ်း လိုက်ပြန်သည် ။


( ၇ )


“ ကျုပ် တော့ တစ်ကိုယ်လုံး ကိုင် ရိုက် ထားသလိုပဲဗျို့ ၊ လှုပ် ကို မလှုပ်ချင်တော့ဘူး ”


“ ငါ လည်း ဒီလိုပါပဲကွာ ၊ အိပ် လည်း အိပ်ချင်လှပြီ ” 


ကိုပေါလူ သည် ကတ္တရာလမ်း ကို ခက်ရင်းခွ ဖြင့် ရပ်၏ ။ ထို့နောက် မှေးစင်းလာသော မျက်ခွံ ကို အားယူ၍ ပင့်မ ရင်း ပြော၏ ။ 


“ မိတ်ဆက် မှာ ပလိုင်းတွေ အပ်ပြီးရင် ... ကျုပ် တော့ တစ်နေ့လုံး အိပ်ပစ်လိုက်တော့မယ်ဗျာ ”


ကိုအေးသောင် က ကိုပေါလူ ၏ မျက်နှာ ကို စိုးရိမ်တကြီး လှမ်းကြည့်သည် ။  


“ ဟေ့ကောင် ... မင်း ... အဲ့လိုတော့ မလုပ်နဲ့ ”  


“ ဘာလို့တုံး ”


ကိုပေါလူ က မေး၏ ။


ကိုအေးသောင် က ငေါက်ဆတ်ဆတ် ဖြင့် ပြန်ပြောသည် ။ 


“ ရုံး တက်ဦး မှ ဖြစ်မှာပေါ့ကွ ၊ မင့် ကို သမ္မန်စာတွေ အများကြီး အပ်စရာ ရှိနေတဲ့ ဥစ္စာ ၊ ရက်ချိန်း က ကပ်လှပြီ ”


“ တက် ဆို လည်း တက်ပါ့မယ် ဗျာ ... ခင်ဗျား က လည်း စာရေးကြီး ဆိုပြီး ပါဝါတွေ ပြ မနေစမ်းပါနဲ့ ”


▢ မြတ်သင်း


📖 မဟေသီ မဂ္ဂဇင်း  

      ဇူလိုင် ၊ ၁၉၈၇ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment