Saturday, October 5, 2024

ဘရဖီ


 

❝ ဘရဖီ ❞

ဘချယ် သည် ငယ်စဉ် ကတည်း က တစ်ကောင်ကြွက် ဖြစ်ခဲ့၏ ။

ဘုန်းကြီးကျောင်း မှာ ကြီးပြင်း ခဲ့သည် ။

ကြီး လာ သော် ထုံးအိုင်ရွာ မှာ ရေထမ်း စားသည် ။

ထုံးအိုင်ရွာ မှာ ရေထမ်း စား သည့် အလုပ် သည် အလွန် နိမ့်ကျသော အလုပ် ဖြစ်၏ ။ အဘယ်ကြောင့် ဆိုသော် ထုံးအိုင် တစ်ရွာလုံး လိုလို ရွာ ဘေး မှ ချောင်း ထဲ သို့ ဆင်း၍ ရေချိုး အဝတ်လျှော် ကြသည် ။ ရွာ ထဲ ၌ လည်း ရေတွင်းများ တူး ထားကြသည် ။ သည်တော့ ပိုက်ဆံ ပေးပြီး ရေခပ် ခိုင်း လို သူ အလွန် ရှား၏ ။

သို့ဆိုလျှင် အဘယ်ကြောင့် ဘချယ် ထို ရွာ မှာ ရေထမ်း စားရပါ သနည်း ။

ရှင်းပါသည် ။ ဘချယ် သည် ဉာဏ် မကောင်း ၊ ပညာ မတတ် ၊ မစဉ်းစားတတ် ၊ သူ လုပ်တတ် သလို လုပ်စား နေခြင်း သာ ဖြစ်သည် ။

တစ်ခါတစ်ရံ သာ ပိုက်ဆံ ရသည် ။ များသော အားဖြင့် ဟိုဟာလေး သည်ဟာလေး စသဖြင့် သင့်သလို ပေးကမ်း ကျွေးမွေးပြီး ခိုင်းကြသည် က များသည် ။ ဒါက လည်း ဘချယ် ကို သနား ၍ အလုပ် ပေးသည့် သဘော က များသည် ။ ရေထမ်း စားသည် ထက် ထမ်းဟယ် ၊ ပိုးဟယ် ၊ တူးဟယ် ၊ ဆွဟယ် လုပ်မည် ဆိုလျှင် အလုပ် ပို ရနိုင်သည် ။ သို့သော် ဘချယ် ကံ ဆိုးသည် ဟု ပြောရမည် လား ၊ ဉာဏ်မဲ့ လွန်းသည် ဟု ပြောရမည်လား မဆိုနိုင် ။ သူ့ အား ရေထမ်းသမား အဘိုးအို အဘရှင်း က ထမ်းပိုး နှင့် ရေထမ်းပုံး များ အမွေ ပေး ခဲ့သည် ။ သူ က လည်း ပကတိ လုပ်ငန်းကြီး တစ်ရပ် ကို အမွေ ရလိုက် ဘိသည့် အလား ရေ ထမ်း စားသည် ။ အခြား အလုပ်များ သည် သူ နှင့် မဆိုင် ဟု ယူဆ ပစ်လိုက်သည် ။ ရိုးလွန်း ၊ အလွန်း ၍ မစဉ်းစားတတ် ၊ မတွေး တတ် ဘဲ အစွဲကြီး စွဲ နေခြင်း ဖြစ်သည် ။

သို့သော် သူ့ ဆရာ ဘုန်းတော်ကြီး က ခိုင်း လျှင် ကား ဘာ အလုပ် ကို မဆို လုပ်သည် ။ ဒါက ရှင်းသည် ။ ဆရာတော် ကို ပြုစုခြင်း ဖြစ်သည် ။ အလုပ် လုပ်ခြင်း မဟုတ် ။

ဆရာတော် က ကျောင်း မှ ပိုလျှံသည့် စားဖွယ် သောက်ဖွယ် များကို စွန့်ကြဲသည် ။ ဘချယ် အမျိုးမျိုး စားရသည် ။ သို့သော် ဘာကို မှ စွဲစွဲ လမ်းလမ်း ကြိုက်လှသည် မရှိ ။

တစ်နေ့ တွင် ဘုန်းတော်ကြီး က မန္တလေး မှ ပေးပို့ လှူဒါန်းသော ကု,လားမုန့် တစ်မျိုး ကို ဘချယ် အား စွန့်သည် ။ ထို မုန့် ကို အညာဒေသများ တွင် “ ဘရဖီ ” ဟု ခေါ်သည် ။ မလိုင် တစ်မျိုး ဖြစ်၏ ။ လျှာ ပေါ်  တင် ၍ စား လိုက်သည် ဆိုလျှင် ပင် ဘချယ် တစ်ကိုယ်လုံး ကြက်သီးများ ထ သွား သည် ။ ချိုခြင်း ၊ ဆိမ့်ခြင်း အစရှိသော အရသာထူးများ ဘချယ် ယခင် က တစ်ခါ မှ မစားဖူးသေး ။ နတ်သုဒ္ဓါ ဆိုတာ တခြား မဟုတ်နိုင် ။ ဤအရာ ပင် ဧကန် ဖြစ်ရမည် ဟု ဘချယ် ချက်ချင်း မှတ်ချက် ချ ။ ဟုတ် ကို ဟုတ်ရ မည် ဟု ကိုယ့် ဟာ ကိုယ် ဆုံးဖြတ် လိုက်သည် ။

ဘချယ် ‘ ဘရဖီ ’ ဆိုသော မလိုင်မုန့် ကို တစ်ချီတည်း နှင့် အစွဲကြီး  စွဲ သွားသည် ။ ဘုန်းတော်ကြီး က စွန့် သည်မှာ တစ်လက်မ ပတ်လည် ခန့် သာ ရှိသော အတုံးကလေး တစ်တုံး ။ ဘချယ် အားရ တင်းတိမ်ခြင်း မရှိ ။

အာသာ မပြေနိုင် အောင် ရှိ လှ၍ လည်း ပို၍ စွဲမက်စရာ ဖြစ်ရသည် ။

“ ဘရဖီ ” ကို စား အပြီး ရေအေးအေး တစ်ခွက် သောက် လိုက် ရာ တွင် လည်း အရသာ ထူးကဲ လှသည် ။

ထိုနေ့ က ရွာ ထဲ တွင် ဘချယ် တစ်ယောက် ဘုန်းကြီး က စွန့်သော နတ်သုဒ္ဓါ ကို စားခဲ့ရကြောင်း ရိုးအ စွာ ထုတ်ဖော် ပြောမိသော ကြောင့် ကြားရ သူများ က တဝါးဝါး ဖြစ်ကြရသည် ။

ထိုနေ့ မှ စ၍ ရွာ ဘုန်းတော်ကြီး သည် လည်းကောင်း ၊ ရွာ ရှိ ပိုက်ဆံ တတ်နိုင်သူများ သည် လည်းကောင်း အလျဉ်းသင့် ၍ မန္တလေး မှ “ ဘရဖီ ” မုန့် ရလျှင် ဘချယ် အား သတိတရ နှင့် ခေါ်ယူ ကျွေးမွေး တတ်ကြသည် ။

စား ရတိုင်း ၊ စား ရတိုင်း လည်း ဘချယ် အဖို့ ရိုး သွား သည် မရှိ ။ ပို၍ ပို၍ သာ စွဲမက် လျက် ရှိသည် ။ ‘ ဘရဖီ ’ မလိုင်ခဲ လို့ ခေါ်ကြောင်း အထပ် ထပ် ပြောထားကြပါ လျက် ဘချယ် က နတ်သုဒ္ဓါ ၊ နတ်သုဒ္ဓါ ဟူ၍ သာ နှုတ်ကျိုး နေရှာသည် ။

ဘချယ် ငွေပိုကလေး အနည်းငယ် စု မိ လျှင် မန္တလေး သွားမည့် လူကြုံ နှင့် ‘ နတ်သုဒ္ဓါ ’ အဲ ... ဘရဖီ ဝယ်ခဲ့ပါရန် မှာ တတ်သည် ။ ပါ လာ လျှင် ဘချယ် အလွန် ပျော်သည် ။

နတ်သုဒ္ဓါ စားလိုက် ၊ ရေ သောက်လိုက် နှင့် ဘချယ် အဖို့ ကမ္ဘာ လောကကြီး သည် သုခစည်းစိမ် အပေါင်း နှင့် ပြည့်စုံ သာယာလျက် ရှိတော့ သည် ။

သို့ဖြင့် ဘချယ် အဖို့ ကြီးစွာသော အစွဲအလမ်းကြီး တစ်ခု ရောဂါ တစ်ပါး သဖွယ် ကပ်ငြိ လာသည် ။

သေခါနီး မှာ ဘရဖီကလေး မှ မစားလိုက်ရဘဲ သေသွားရမည် ကို အလွန် စိုးရိမ် ကြောက်ရွံ့ လာမိသည် ။ သေခါနီး မှာ ‘ ဘရဖီ ’ ၏ အရသာ ထူးကလေး ကို တမြိန့်မြိန့် ခံစားရင်း သေသွားရမည် ဆိုလျှင် သေရကျိုး နပ်မည်ဟု စွဲလမ်း လာသည် ။

ထုံးအိုင်ရွာ ကို သူပုန်များ ဝင် စီးစဉ် က လှုပ်လှုပ် မြင်ရာ ကို သေနတ် နှင့် တဝေါဝေါ ပစ်ကြခြင်း ကြောင့် တစ်ရွာလုံး အသက်လု ပြေးကြ လွှားကြ ပုန်းအောင်းကြ ရသည် ။

ဘချယ် လည်း မုချ သေရတော့မည် ဟု ထင်သည် ။ ခက်သည် က “ ဘရဖီ ” မရှိ ဖြစ်နေသည် ။ ဘရဖီလေး မှ နောက်ဆုံး စား မသွားရဘဲ သေရ တော့မည် ကို ဘချယ် သိရသော အခါ အလွန် စိုးရိမ် ဝမ်းနည်း သွားသည် ။

သို့သော် သူပုန်များ သာ ရွာ မှ ထွက် သွားသည် ။ ဘချယ် မှာ အန္တရာယ် မရှိခဲ့ ။ တော်သေးသည် ။

ထိုနေ့မှ စ၍ ဘချယ် ဘရဖီ ဝယ် လျှင် နေ့ဖို့ ညစာ ချန် ချန်ထား တတ်သည် ။ ဖျား လျှင် နာ လျှင် မသေမီ စား နိုင်ရန် ဖြစ်သည် ။

ဤ ပြဿနာသည် မသေး ။ ဖျားနာ နေ၍ ချွဲကပ် ရင်ကျပ် ဖြစ် နေရသည့် အထဲ မလိုင်ခဲများ ကို စား သောကြောင့် ပို ခံရသည် ။

သို့သော် ဘရဖီ ကို များများစားစား ဝယ်ထားနိုင် သူ မဟုတ်၍ တော်သေးသည် ။

ဘုန်းကြီးကျောင်း မှ ရေတွင်းကြီး ကို ဆယ် ရန် ကိစ္စ ပေါ် စဉ် ကလည်း ဘချယ် ရေတွင်း ထဲ သို့ ဆင်းရမည် ဆိုသော အခါ ဦးပဉ္စင်း တစ်ပါး က အခန့် မသင့်လျှင် လေဖြတ်ခြင်း ၊ လေဆိုးမိခြင်း ဖြင့် သေတတ် ကြောင်း သတိ ပေးရာ ဘချယ် က ထိုသို့ ဆို လျှင် ဘရဖီကလေး စား ပြီး မှ ဆင်း လိုကြောင်း ပြောသည် ။ ဆရာတော်ဘုရား က ငေါက် လိုက် မှ ငြိမ် သွားပြီး ကြောက်ကြောက် နှင့် ရေတွင်း ထဲ သို့ ဆင်း သွားသည် ။ သေရ မည် ကို ကြောက်ခြင်း မဟုတ် ။ မသေမီ ဘရဖီကလေး စား မသွားရမည် ကို ကြောက်ခြင်း ဖြစ်သည် ။

ဘချယ် အသက် သုံးဆယ် ကျော်သော အခါ ကံ ပေါ် လာသည် ။ မရိုသေ့ စကား ရွာ ရှိ တစ်ခု တည်းသော ဆေးလိပ်ခုံ ပိုင်ရှင် အပျိုကြီး မစိန်ယင် က ဘချယ် အား မျက်စိ ကျသည် ။ အကြောင်း အမျိုးမျိုး ရှာ၍ ဘချယ် အား ခေါ် တွေ့သည် ။ စ သည် ။ ဘချယ် က လည်း ရိုးလွန်း ၊ အလွန်းသည် ။ ရေထမ်း ငှားမည် ဆို မှ ဖြောင့်ဖြောင့်တန်းတန်း လာ တတ်သည် ။

ထို့ကြောင့် မစိန်ယင် က သူမ အတွက် ချိုးရေ ခပ် ပေးရန် နေ့စဉ် အလုပ် ပေးသည် ။ ဤ ကိစ္စ မှာ အတော် ကြောင်သည် ။ ခါတိုင်း ချောင်း ထဲ ၌ အများ နည်းတူ ဆင်း ၍ ရေချိုး တတ်သော မစိန်ယင် က ခြံ တွင်း ရှိ ရေတွင်း အနီး ရေချိုးခန်းငယ် တစ်ခု ဆောက်ပြီး ရေ ချိုးတော့မည် ဟု ဆိုသည် ။ ထုံးအိုင်ရွာ ၌ အစဉ်အလာ လုံးဝ မရှိ ။ နောက်ပြီး မစိန်ယင် ရေခပ် ခိုင်းရန် ဆေးလိပ်ခုံ အလုပ်သမလေးများ ရှိ သော်လည်း ဘချယ် ကို ငှား သည် ။ ထို့ကြောင့် မစိန်ယင် ၏ သဘောထား ကို တစ်ရွာလုံး ရိပ်စား မိကြ သည် ။ မစိန်ယင် က ကြိုက် မရှက် ၊ ငိုက် မရှက် ပတ်ဝန်းကျင် ကို သတိ မထားမိတော့ ။

ထဘီ ရင်ရှား ၊ မျက်နှာသုတ် ပဝါကြီး ပခုံး ပေါ်  တင်လျက် သူ့ အတွက် ချိုးရေ ခပ် ပေးသော ဘချယ် ကို အနီး မှ စောင့် ကြည့် နေတတ်သည် ။ ချွေးရွှဲ နေသော ဘချယ် ၏ ကြွက်သားများ သည် ကြည့် ၍ ကောင်း လှသည် ။

နှစ်လ ခန့် သာ နေ့စဉ် ရေချိုး လိုက် ရ၏ ။ မစိန်ယင် နှင့် ဘချယ် တို့ ညား သွားကြသည် ။

ချီးမွမ်း ခုနစ်ရက် ၊ ကဲ့ရဲ့ ခုနစ်ရက် ၊ ရွာ မှ ဝေဖန်သံများ တစ်လ အတွင်း အနည်ထိုင် သွားသည် ။

ဘချယ် ရေ ထမ်းရန် မလိုတော့ ။ ဆေးလိပ်ခုံ ပိုင်ရှင် မစိန်ယင် ၏ ခင်ပွန်း ယောက်ျား ဖြစ် သွားသည် ။ မစိန်ယင် ၏ ပရိယာယ်များ တွင် ဘရဖီ သည် အဓိက အကျ ဆုံး ဆွဲဆောင်ချက် ဖြစ်ကြောင်း ပြောရန် လိုမည် မထင်ပါ ။

ဘချယ် တစ်ယောက် နေ့စဉ် နေ့တိုင်း နတ်သုဒ္ဓါ စား နိုင်သော အဆင့် သို့ ရောက် သွားသည် ။ မစိန်ယင် ၏ တစ်သက် တာ လင်ချော့ဆေး သည် လည်း ဘရဖီ သာ ဖြစ် တော့သည် ။

မစိန်ယင် နှင့် ပတ်သက်၍ ပြဿနာ ဟု ထင် ရသော ကိစ္စ တစ်ခု ရှိသည် ။ အခြား မဟုတ်ပါ ။ မန္တလေး မှ တောလိုက် ဝါသနာ ပါသော သူဌေးသား တစ်စု မကြာခဏ လာရောက် စခန်းချ တည်းခို တတ်ခြင်း ဖြစ်သည် ။ သို့သော် ဘချယ် နှင့် ပတ်သက်၍ ထို အဖွဲ့ က မြို့ကြီးသားများ ပီပီ အဆန်း တကြယ် သဘော မထား ။ နေရာပေး ဆက်ဆံ ကြသည် ။ မတူမတန် ဟု သဘော မထားကြ ။ အိမ်ရှင် ၏ ခင်ပွန်း ကို အရေးပေး ဆက်ဆံရန် ဝန် မလေးကြ ။ ထို့ကြောင့် မစိန်ယင် လည်း စိတ် သက်သာ သွားသည် ။ မစိန်ယင် အား အနည်း နှင့် အများ ကျိတ်ပိုး နေခဲ့သော သကြားချက်လုပ်ငန်း သူဌေး ကိုတင်ထွန်း တစ်ယောက် သာ အနည်းငယ် မျက်နှာ ပျက်သည် ။

အရေးအကြီးဆုံး အချက် မှာ ထိုအဖွဲ့ က လည်း ဘချယ် အကြောင်း ကို နားစွန်နားဖျား ကြားဖူး ကြ သဖြင့် တောလည် ထွက်ရန် လာတိုင်း ဘရဖီ များ ဝယ် လာကြ၏ ။ ကိစ္စ အားလုံး သည် တွင် ပြတ်သွားပြီ ။ ဘချယ်  စိတ် ချမ်းသာ နေပြီ ဆိုလျှင် မစိန်ယင် မှာ ကျေနပ်၍ မဆုံး ဖြစ်သည် မဟုတ် လော ။

ကြာသော် ဘချယ် နှင့် မုဆိုးအဖွဲ့ အလွန် ရင်းနှီး ခင်မင် သွားကြ သည် ။ ထို့ကြောင့် ယခု တစ်ခေါက် ရေသဖန်းအင်း နှင့် ကေလာတောင် ကြော အကြား ရှိ တောတွင်း သို့ ဝင်၍ တောလိုက် ကြရန် စီစဉ် ရာ တွင် ဘချယ် လည်း လိုက်ပါရန် ဆုံးဖြတ် လိုက်သည် ။

တောတွင်း သို့ သွား လျှင် အန္တရာယ် ရှိ၏ ။ သေနိုင်သည် ။ ဘချယ် အတွက် အရေး အကြီးဆုံး ဘရဖီ ပါရန် လိုပြီ ။ ဒါ့အတွက် လည်း ကြို၍ စီစဉ်ပြီး ဖြစ်သည် ။ တောတွင်း စခန်း ၌ နှစ်ည အိပ် ၊ အားလုံး သုံးရက် နေကြမည် ။

တပေါင်းလဆုတ် ၄ ရက် နေ့ တွင် စ ထွက် ခဲ့ကြပြီး ထိုနေ့ ညနေပိုင်း တွင် တောတွင်း စခန်း သို့ ချောမောစွာ ရောက် ကြသည် ။

ကိုတင်ထွန်း က လဆုတ် ဟု မသုံးနှုန်း ဘဲ လပြည့်ကျော် ဟု ပြောဆို ကြရန် အားလုံး ကို အကြံပေး လိုက် သဖြင့် အားလုံး ၏ စိတ် တွင် အနည်းငယ် ထင့်သွား ကြသည် ။ ဗဟုသုတ နည်း သော ဘချယ် ပို၍ စနောင့်စနင်း  ဖြစ် သွားသည် ။

ထိုနေ့ ည က ပျော်ပျော်ပါးပါး သောက်စားပျော်ပါးကြသေးသည် ။ ညဉ့် နက် လာ၍ အိပ်ကြရန် ပြင်ဆင်ကြ ချိန် တွင် ရုတ်တရက် ကမ္ဘာ ပျက် သည် ။ တောဆင် တစ်အုပ် က ဝင်ရောက် တိုက်ခိုက် သဖြင့် အားလုံး တကွဲ တပြား ပြေးကြ လွှားကြ ရသည် ။ မည်းမှောင်သော ည ဖြစ်ခြင်း ကြောင့် အခြေအနေများ ပို ဆိုးသည် ။

ခြေဦး တည့်ရာ ပြေး ကြရသည် ။ အလဲလဲ အကွဲကွဲ ပင် ဖြစ်ကြသည် ။ စူးသည် ။ ရှသည် ။ ထိခိုက်ဒဏ်ရာ ရ ကြသည် ။ အော်သံ ဟစ်သံ များ အမှောင်တွင်း ၌ ဟိုမှ သည်မှ ကြား ကြရသည် ။ တစ်နေရာ ရာ တစ်ချောင် ချောင် ၌ ခိုကပ် နေရန်ပင် မဖြစ်နိုင် ။ သစ်ပင် သစ်ခက်များ ကျိုးသံ ပဲ့သံများ နှင့် အတူ မည်းမည်းသဏ္ဌာန် အရိပ်ကြီးများ ပေါ်ပေါ်လာ တိုင်း အသက်လု ၍ ပြေး ကြရသည် ။ ဘယ် ရောက်ရောက် ဘယ် ပေါက်ပေါက် စဉ်းစားနေချိန် မရ ၊ တောက်လျှောက် ပြေး ကြရသည် ။

နှစ်နာရီ သုံးနာရီခန့် ကြာမှ အသံ တိတ်ဆိတ် ငြိမ်သက် သွားသည် ။ ဘချယ် လည်း အမော ဆို့ ၍ ချုံ တစ်ခု အတွင်း သင့်သလို လှဲ ၍ နား နေရ သည် ။ မိမိ လက်ဝါး ကို ပင် မမြင်နိုင် လောက်အောင် မှောင်မည်း သည် ။ တစ်ကိုယ်လုံး နေရာ အနှံ့ နာကျင် နေသည် ။ သွေး ယိုစီး နေသော ဒဏ်ရာ များလည်း အတော် များသည် ။ ဘာကို မှ ဂရု မစိုက်နိုင် ။ လုံးဝ မလှုပ်ဘဲ အမောဆို့ နေခြင်းမှ သက်သာ အောင် သာ နေ မိသည် ။ သတိ မရ တစ်ချက် ရ တစ်ချက် နှင့် နောက်ဆုံး ၌ အိပ်ပျော် သွားသည် ။

ဘယ် အချိန် ဟူ၍ မပြောနိုင် ။ ချစ်ချစ်တောက် ပူလောင် လှသော နေရှိန် ဖြင့် ဘချယ် နိုး လာသည် ။ သို့မဟုတ် သတိရ လာသည် ။ မျက်လုံး ကို အားယူ ၍ ဖွင့် လိုက်သည် ။ ထုံးစံ အတိုင်း မှုန်ဝါးဝါး မြင်ကွင်းတို့ ကို စ မြင် ရသည် ။ နောက်မှ တဖြည်းဖြည်း ပြတ်ပြတ်သားသား ဖြစ်လာသည် ။

ပထမ အရွက်များ မရှိသော သစ်ကိုင်းသစ်ခက်များ ၊ ဖြူ၍ လင်း၍ တောက်လွန်းသော ကောင်းကင် ၊ ဒါ့အပြင် ဘာမှ မမြင်ရ ။ ဘေးဝန်းကျင် ကို ကြည့်ရန် ခေါင်း ကို လှည့် လိုက်သည် ။ လှုပ် မရ ။ ကြိုးစား လှည့်လိုက် သည် ၊ မရ ။ ခြေတွေ လက်တွေကို လှုပ် ကြည့်သည် ။ ဘယ်ဘက် လက် တစ်ဖက် သာ အနည်းငယ် လှုပ် ၍ ရသည် ။ တစ်စုံတစ်ရာ အော် ရန် ကြိုးစား ကြည့်သည် ။ ပါးစပ် ကို ဖွင့်ရန်ပင် မဖြစ်နိုင် ။ ထိုစဉ် အသံ တချို့ ကြားရသည် ။

ခဏ ကြာ လျှင် ရုတ်တရက် မြင်ကွင်း အတွင်း သို့ ဆင်ခေါင်းကြီး တစ်ခု ပေါ် လာသည် ။ ဘချယ် ဘာကိုမျှ လှုပ် မရ ၊ အော် မရ ၊ မျက်လုံး တို့ သာ လျှင် ပို၍ ပြူးကျယ် သွားသည် ။ ရုတ်တရက် ဆင် ခြေထောက်ကြီး တစ်ဖက် မြင်ကွင်း ကို ပိတ် သွားသည် ။ ဘချယ် ၏ ကိုယ်ခန္ဓာ မှာ သိမ့်ခနဲ သာ ဖြစ် သွားသည် ။ တစ်ဖက် သို့ စောင်း သွားသည် ။ မျက်နှာ ပေါ် သို့ သစ်ကိုင်းကြီးများ ပို၍ ရှုပ်ထွေး ကျရောက် လာသည် ။ ခေါင်း ကို ကား လှည့် မရ ။ မြင်ကွင်း ပြောင်း သွားသည် ။ တောင်ခြေ ၏ ဘေးတိုက် မြင်ကွင်း ကို သာ တစ်သမတ် တည်း မြင် နေရသည် ။ မြင်ကွင်း ၌ ကျောပေး ၍ ထွက်ခွာ သွား သော ဆင်ကြီး ကို မြင် ရသည် ။ ဆင် နင်း သွားသည် မှာ သေချာသည် ။ သို့သော် ထူးထူးခြားခြား နာကျင်ခြင်း မရှိ ။

ဘချယ် မလှုပ်နိုင်တော့ပြီ ဆိုသော်လည်း အာရုံ တချို့က ရှိနေ သိနေ သေးသည် ။ ဆင် နင်း ၍ ဗိုက်ပေါက် ထွက် သွားပြီ ။ ပုရွက်ဆိတ်များ တစ်ကိုယ်လုံး နေရာ အနှံ့ ရှိ နေကြသည် ။ ရွရွ ရွရွ စစ်စစ် စစ်စစ် ဖြစ် သလိုလို ရှိသည် ။ ဘချယ် မုချ သေတော့မည် ။

သေရတော့မည် မုချ ဖြစ်၏ ။

‘ ဘရဖီ … ဘရဖီ ’ ဘယ်မလဲ ။

မရှိ ၊ မရှိ ၊ ဘယ်လိုမှ မရနိုင် ။

ဘာမှ မတတ်နိုင် ။ ‘ ဘရဖီ ’ ကလေး မှ မစားလိုက်ရ ဘဲ ဘချယ် သေရတော့မည် ။

ဘချယ် အကြောက်ဆုံး အခြေအနေ ဖြစ်ခဲ့ဖူး၏ ။

သို့သော် ယခု ထိုသို့ မဟုတ် ။

ဘရဖီ မစားလိုက်ရဘဲ သေရတော့မည် ဖြစ်သော ကြောင့် တကယ် တမ်း ဘာမှ မဖြစ် ။ ဘာမှ မထူးခြားပါလား ။

နောက် နှစ်မိနစ် အကြာ တွင် ဘချယ် သေဆုံးသွားသည် ။

◾ဝင်းဖေ

📖 ဝင်းဖေ ၏ ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment