❝ မေ့ဘူးနော် မေ့ဘူး ❞
( တလုံးစိန် )
ကျွန်တော် သည် မိမိ နေရပ် မှ ထွက်ခွာ၍ လည်ပတ် နေ လိုသော ဆန္ဒ ရှိသဖြင့် အိမ် မှ စ၍ ထွက်လာခဲ့ရာ ၊ ယခုအခါ ကျည်တောင်ကန်မြို့ သို့ ရောက်ရှိ နေပြီး ဖြစ် သတည်း ။ မိမိ ကိုယ်တိုင် က စာရေးဝါသနာပါသူ တစ်ယောက် ဖြစ်သည့် အတိုင်း စာရေးဆရာ ရှိသော နေရာဌာန ၊ မြို့ရွာ ကိုသာ သွားလို သဖြင့် ပထမဦးဆုံး စာရေးဆရာ ရှိသော ကျည်တောင်ကန်မြို့ သို့ ဝင်ရောက် လည်ပတ်ခြင်း ဖြစ်ပေ၏ ။ မြို့ခံ မိတ်ဆွေ စာရေးဆရာ ကလည်း တစ်အူတုံချင်း အတူဆင်း သော ညီရင်းအကို ကဲ့သို့ ချစ်ခင်စိတ်ယိုဖိတ်လျက် စေတနာ သဒ္ဓါတရား ထက်သန်ပုံကို အလုံးစုံ တွေ့ မြင်ရပေ၏ ။ ၎င်းမြို့မှ တစ်ဖန် ပျဉ်းမနားမြို့ သို့ သွားရန်ဖြစ်ပေ၏ ။ ပျဉ်းမနား စာရေးဆရာ များသဖြင့် အချို့တစ်ဝက် သာ လျှင် ဝင်ရောက် တည်းခိုမည် စိတ်ကူး စဉ်းစား မိပေ၏ ။ ပျဉ်းမနား ရှိ ရွှေရိုး ထံသို့ လည်းကောင်း ၊ ပျဉ်းမနား ဒင်္ဂါး ထံသို့ လည်းကောင်း ၊ ပျဉ်းမနား ဘိုးဝိဇ္ဇာ ထံသို့ လည်းကောင်း ၊ ကဗျာဆရာ စိန်ကလောင် ထံသို့ လည်းကောင်း ၊ နေရှင် နယ် ကဗျာဆရာ ဦးမစ္စတာ သန်းမောင် ထံသို့ လည်းကောင်း ၊ စာရေးဆရာမ များထံ လည်း စကား မပြောရဲ ၊ ပြောရဲနှ င့် နှုတ်ဆက်အံ့ ဟု ရည်ရွယ်ခဲ့သဖြင့် ပျဉ်းမနား ခင်ခင်ညွန့် ၊ ပျဉ်းမနား သောင်းမေ ထံသို့ လည်းကောင်း ၊ ပျဉ်းမနား မမြညွန့် ကိုတော့ အိမ်မေး ဝင်ရတော့မှာပဲလေ ဟု အောက်မေ့ စဉ်းစားကာ ခရီးစဉ် ဒဏ္ဍာရီ ရေးသားထားပါကြောင်း ။
၎င်းမြို့ မှာ ရက်အနည်းငယ် နေပြီးလျှင် ဘူတာ ကျော်တယ် ဆိုချင် ဆိုကြပစေ ၊ မော်လမြိုင် ၊ ထွန်းသိင်္ဂါ ၊ စစ်ကဲကုန်းထိပ်တင် ၊ မာလာထွန်း ၊ စပါယ်အုံး တို့ ထံကိုလည်း ဆက်ဆက် အရောက်သွားမည် ဟု စိတ်ကူး ထားပြီး သော်လည်း မိတ်ဆွေ မော်လမြိုင်သား စာရေးဆရာများ တို့ အသိ လုပ်မှ လုပ်ပါ့မလား ဟူ၍ စဉ်းစားဉာဏ် ထုတ်လျက် ရှိမိပေ၏ ။
မော်လမြိုင် အကြွား ၊ ရန်ကုန် အစား ၊ မန္တလေး စကား ဆိုတဲ့ စကား ကြောင့် သွားရောက် လည်ပတ်ပေမဲ့လို့ ကြွားလား ၊ စိတ်ထား နှင့် ၊ တံခါး ပိတ် ထားလား ဟု စိတ်အားဖြင့် တွေးမိပါကြောင်း ၊ ၎င်း မြို့မှ ဦးမင်း ထံ အရင် ရောက်အောင် သွားပြီး တာတေလူးနေ ထံ က အဆာပြေ ဆတူဖြောက် နှစ် ယောက် ထက် မနည်း လက်ဆွဲပြီး ဆက်သရန် မြန်မြန် နှိုးဆော်ရလျှင် တော် လေမလား လို့ စိတ်ကူးမိပေ၏ ။
ကျွန်တော် ၏ ခရီးထွက်မည့် ခရီးစဉ် ဟိမဝန္တာ တောင်တန်းကြီး အလျားခန့် ရှည်သဖြင့် ရပ်တန့်သည် ဟူ၏ ။
ကျွန်တော် ရောက်သော နေ့၌ ကျည်တောင်ကန်မြို့ ( မြစိန်သာ ) ဘုရားပွဲ ကျင်းပနေသည် နှင့် ကြုံကြိုက်နေ သဖြင့် မိတ်ဆွေ ကို မခေါ်ဘဲ တစ်ယောက်တည်း စက်ဘီးကြီး နှင့် တိတ်တခိုး ထွက်လာခဲ့ရာ ၊ လူစည်ကားသော ပရိသတ်ကြီး မှာ ပုရွက်ဆိတ်အုံ တုတ်ထိုး အုံးအုံးကြွက်ကြွက် ရှိနေ လေ၏ ။
တစ်ရပ်ရွာသား ဖြစ်သဖြင့် ရန်ခိုက်ဒေါသ ဖြစ်လျှင် ငါ့ ကို အရင် ဆော် ကြမလား ၊ ကြောက်စရာပါကလားနော် ဟု တွေးနေစဉ် ၁ဝ ယောက် ထက် မနည်း မိန်းမယောက်ျား အတွဲကြီး သည် ကျွန်တော် နား သို့ ကပ်လာကြလေ ၏ ။
ကပ်လာကြသော လူများ မှာ ကျွန်တော့် အား ခေါ်တော မျက်လုံးဖြင့် ကြည့်ကာ “ တူပါတယ် ၊ ဟင် ၊ ဩော် ၊ မဟုတ်ဘူး ထင်ပါရဲ့ ” စသည်ဖြင့် ပြောကာ လည်ကြည့် လည်ကြည့်နှင့် ၊ လူထုများသော ပရိသတ် ထဲ သို့ တိုးဝင် သွားကြလေ၏ ။ ကျွန်တော့် အား ကြည့်သူ တို့ကို ကျွန်တော် ပြန်၍ အံ့အားသင့် ကြည့်မိပေ၏ ။ ဘယ့်နှယ် “ သူတို့ ငါ့ သိလို့လား ၊ ငါ့ ရုပ်ရည်က ပြူးကြောင်ကြောင် မို့ အရူးကောင် ” ဆိုသော အနေဖြင့် ကြည့်လေသလား ဟု စဉ်းစားမိ လေ၏ ။
ထိုသို့နေရာ ကျွန်တော် မှာ အသိ ဆို၍ တစ်ယောက်မျှ မရှိသဖြင့် စက်ဘီး ကို အဖော် လုပ်ကာ နောက်ကျော မှီ၍ “ ဒီ ပရိသတ်ကြီး ဓာတ်ပုံရိုက်ပြီး သတင်းစာ ထဲ ထည့် လိုက်ရလျှင် ရွှေတိဂုံကိုယ်တော်ကြီး မီးခစဉ် က လာ ရောက်သော ပရိသတ် နီးပါးပဲ ” ဟု ထင်ကြမှာ ဧကန်ဟု တွေးမိကာ ညဉ့် ဓာတ်ပုံရိုက်ခြင်း ကို အလိုရှိ နေပြန်၏ ။ ထိုသို့ နေရာမှ “ တစ်ယောက်တည်း ပျင်းပါတယ်လေ ၊ ဒီ လူပရိသတ် ကို ကြည့် နေရတာ မျက်စိ ညောင်းလှတယ် ” ဆိုကာ တည်းခိုအိမ် သို့ ပြန်ရန် လှည့်ထွက်လာစဉ် အရွယ်အားဖြင့် ၁၇ နှစ်ခန့် ရှိသော မိန်းမပျိုကလေး မှာ ကျွန်တော့် အနားသို့ ဖြတ်တိုက်လျက် “ တဆိတ် ဒီဘက်များ အမေကြီး တစ် ယောက် မလာဘူးလားရှင် ” ဟု သာယာသော အသံဖြင့် မေးလေ၏ ။
ကျွန်တော် သည် ရုတ်တရက် ကြည့် လိုက်သော် သူ ၏ မျက်နှာကလေး နှင့် ဆုံတွေ့ မိလေ၏ ။ မကြည့်ရဲ လောက်အောင် လှပနေသူမှန်း သိရလေ၏ ။
“ ဪ .... မတွေ့ ပါဘူး ခင်ဗျာ ”
“ ဟင် ... ခက်ပြီ ၊ ဒါဖြင့် မေမေ ကျွန်မ ပျောက်လို့ ရှာနေပြီ ၊ ပရိသတ် ကလည်း ဘယ်သွားလို့ ဘယ်ရှာရမှန်း မသိအောင် များနေတာပါကလားနော် ၊ စိတ်ပျက်ပါဘိတော့ ” ဆို၍ ဦးခေါင်းကလေး ကို ယမ်းကာ ညည်းသံဖြင့် ပြောလေ၏ ။
ကျွန်တော် သည် သနား သဖြင့် “ ဘယ်သွား နေကြလို့ ကွဲနေကြတာလဲ ခင်ဗျာ ၊ ခင်ဗျား မေမေ က ဒီနား စောင့်နေဦး ဆိုလို့လား ”
“ မဟုတ်ဘူးရှင့် ၊ မေမေ နဲ့ ကျွန်မ အတူ လာနေတုန်း ကာလသား ၅၀ လောက် ကြား မှာ ညှပ်တိုး လိုက်တာနဲ့ မျက်ခြည် ပြတ်သွားပါတယ် ”
“ ဟင် ... ဖြစ်ရလေ ၊ ဒါဖြင့် ရအောင်ရှာပါလား ၊ မတွေ့ဘဲ ဘယ်ရှိမလဲ ”
“ ကျွန်မ ပရိသတ် ထဲ မတိုးရဲတော့ဘူး ၊ ဟို လူတွေ က ကျွန်မ ကို တွေ့ ရာ မှာ ဆွဲခေါ်ဖို့ စီစဉ်နေသံ ကြားပါတယ် ” ဆို၍ ပွဲဘက် သို့ ကြောက်ရွံ့သော မျက်လုံးဖြင့် ကြည့် နေလေ၏ ။
“ ဒါဖြင့် ဘယ့်နှယ် လုပ်မလဲ ”
“ ကျွန်မ မကြံတတ်တော့ဘူး ၊ ပွဲထဲ လည်း မဝင်ရဲတော့ဘူးရှင် ” ဆို၍ လက်ချင်းပွတ်ကာ သနားစရာ မျက်နှာကလေး ကို လှန်ကာ ကြည့်၍ ပြောလေ ၏ ။ ထိုသို့ ပြောသော အမူအရာ ကို မြင်ရလျှင် ကျွန်တော့် ရင်ဝ မှာ မမြင်ရသော အလုံးကြီး ဆို့လျက် တဂွတ်ဂွတ် နှင့် တံတွေးကို မျိုချမိလေ၏ ။
နို့ ဘယ့်နှယ် ကျွန်တော် လဲ ။
“ တစ်ဆိတ် ရှာပေးရင် ကျေးဇူး ”
“ ပျောက်နေတဲ့ အမေကြီး ကို ကျွန်တော် မှမမြင်ဖူးပဲ ”
“ အို .. ဒီလိုဆိုရင် ကျွန်မ အမေမှာ ထဘီကြီး ဝတ်လို့ အဝတ်ဖြူ အင်္ကျီ နှင့် ခေါင်းက ဆံပင်ကို နောက်တွဲ ထုံး လို့ ဖိနပ်ပိန်းတန်း လည်း စီးလို့ရှင့် ”
“ နားထောင်နေရာ မှ ထဘီ ဝတ်လို့ ပိတ်ဖြူ နဲ့ ပိန်းတန်းစီး နောက်တွဲ ထုံး ဆိုတော့ သိနိုင်ပါ့မလား ” ဟု ချက်ချင်း တွေးမိလေ၏ ။
“ ဟင် .. နေပါဦး အမေကြီး အရွယ် မဟုတ်လား ”
“ ဟုတ်ပါတယ် ”
“ ဒါဖြင့် ဘယ် ကွဲပြားမလဲ ၊ အမေကြီး တိုင်း ဒီလို အဝတ်အစားချည်းပဲ ”
“ ကျွန်မ အမေ က ထဘီ ဝတ်ပါတယ် ”
ကျွန်တော် သည် အံ့အားသင့် နေမိလေ၏ ။
“ အို ...နေပါဦး ထဘီ ဟာ လူတိုင်း ဝတ်တယ် ”
“ ဪ ... ထဘီ ဆိုတာ တစ်ရာ တစ်ယောက် ဝတ်ခဲပါတယ် ၊ လုံချည် ဝတ် တွေသာ များပါတယ် ”
ကျွန်တော့် မှာ ဪ ... အစသ,တ်တော့ သတိမမူ လို့ ဂူမမြင်ခြင်းပါ ကလား ၊ ထဘီ နှင့် လုံချည် အခြားကြီးပါကလား ဟု တွေးမိပြန်လေ၏ ။
“ ဒါဖြင့် ဟောဒီနား နေရစ်နော် ဆို၍ ” သွားမည် အပြုတွင် “ အိုအို ကိုကို ကျွန်မ ဒီအနား မနေရဲဘူး ၊ ဟိုဘက် ( မြစိန်သာ ) ဘုရားနား က ညောင်ပင်ကြီး ထိ အောင် လိုက်ပို့ပါဦး ၊ ဟို လူတွေ ကျွန်မ နေရာ မသိအောင် မြန်မြန် လာပါ ”
ထိုအခါ မိန်းမပျို ၏ အလိုအတိုင်း လိုက်ပို့ကာ ပွဲခင်း ထဲသို့ ဒေါင်း တောက် အောင် ရှာမိလေ၏ ။ မည်မျှပင် ရှာသော်လည်း ဆင်တူမှ မတွေ့ဘဲ ကာလသား လူညာတွေ ဝါးခနဲ ၊ ဝါးခနဲ ပွဲကျနေသည် ကို တွေ့ ရလေ၏ ။ ပရိသတ်လူထုကြီး မှာ ပွဲ ကို အာရုံငြိ နေ သဖြင့် ငြိမ်သက်ခြင်း ကို ဖြစ်နေလေ၏ ။
ရှာမတွေ့ သဖြင့် ညောင်ပင်ကြီး အောက်သို့ ပြန်လာရာ ငုတ်တုတ်ထိုင် လျက် စောင့်နေသော မိန်းမပျိုကလေး မှာ မရှာရဘဲ ချက်ချင်း တွေ့လေ၏ ။
“ ကိုကို မေမေ့ ကို တွေ့ ခဲ့ရဲ့လား ”
“ မတွေ့ခဲ့ဘူး ၊ ပြန်သွားဟန် တူတယ် ”
“ ပြန်သွားရင်တော့ ကိစ္စ မရှိဘူး ကိုကို ၊ ကျွန်မ ကို စိတ်မချဘဲ လိုက်ရှာနေမှာ စိုးလို့ ”
“ စိတ်တော့ ဘယ်နည်းနဲ့ မှ ချမယ် မဟုတ်ဘူး ထင်တယ် ”
“ ကိစ္စတော့ မရှိဘူး ထင်ပါတယ် ၊ ခင်ရွှေ ၊ ခင်မေ ၊ ခင်တင့် တို့နဲ့ အတူတူ ကြည့်လိမ့်မယ် ထင်ပြီး ”
“ ဒါဖြင့် အဆင်သင့်သားပဲ သူတို့နဲ့ ကြည့်ပါလား ”
“ မဖြစ်ဘူး ၊ ဒီ အကောင်တွေ က ကျွန်မ ကို မစားရတဲ့ အမဲ သဲ နဲ့ ပက် ဆိုတာလို မိုက်တိမိုက်ကန်း အရက် မူးပြီး ... ”
“ ဒါဖြင့် ခင်ဗျား ဘယ် သွားမလဲ ၊ ကျွန်တော် ပြန်တော့မယ် ၊ မိတ်ဆွေ က ပျောက်တယ် ဆိုပြီး ရှာနေမှ ဖြင့် ... ”
“ ကိုကို ဘယ်သွားမှာလဲ ”
“ မြို့ ထဲ ကိုလေ ”
“ အို .. ဒါဖြင့် ကျွန်မ လိုက်ပါရစေ ကိုကို ရယ် ၊ အဆင်သင့်ပါပဲ ” ( ရဲရင့် သော အမူအရာ ၊ အားကိုး လိုသော ဆန္ဒဖြင့် ပြောသည် )
“ ကျွန်တော့် မှာ စက်ဘီး နဲ့ မဖြစ်ဘူး ၊ ခြေကျင် လိုက်လို့ .... ”
“ ကျွန်မ ကို စောင့်ခေါ်ပါ ၊ အောက်ကပဲ လိုက်ပါမယ် ”
ထိုအခါ ကျွန်တော့် မှာ ရဲရင့်သော အမူအရာ နှင့် အားကိုး နေသော မိန်းကလေး အား သုံးမိုင် ဝေးသော မြို့သို့ ခေါ်သွားရမည် ဆိုသော် ဖြစ်နိုင်ပါ့ မလား ၊ မိန်းကလေး က ယုံကြည်ပါ့မလား ၊ အခြား လူများ မြင်လျှင် တင့်တယ် ပါ့မလား ၊ မိတ်ဆွေ သူငယ်ချင်း လည်း မဟုတ် ၊ သိဖူးမြင်ဖူးသည် လည်း မဟုတ် ၊ ရတနာပုံ စန်းတိုက် ဆိုတာ ဤလို တွေ့ မှုမြင်မှုမျိုး ကို ဆိုတာ ထင်ပါရဲ့ ဟု တွေးမိလေ၏ ။
ထိုသို့ စဉ်းစားနေစဉ် “ ကိုကို သွားရင် လည်း သွားရအောင်ပါ ၊ ကိုကို ကျေးဇူး ဘယ်တော့မှ မမေ့ပါဘူး ။ အိမ် ရောက်အောင် ပို့ပေးပါ ”
ထို စကား ကို ကြားလျှင် အင့်ဟင်တယ်လို့ပါကလား ( အကဲစမ်းသော အနေဖြင့် ) “ ခရီး က သုံးမိုင် ဝေးနေတယ် ၊ ခြေကျင် မလိုက်ဘဲ စက်ဘီး နှင့် လိုက်ခဲ့ ပါလား ” စွန့်၍ မေးလိုက်လေ၏ ။
“ ဒီလိုဖြင့် သာပြီး ကျေးဇူး တင်ပါတယ် ၊ ကိုကို ကျွန်မ ကို နင်းနိုင်ပါ့မလား ”
“ ရှေ့ တစ်ယောက် နောက် တစ်ယောက် အမြဲ တင် စီးနေသူပါ ၊ ခင်ဗျား .. မစီးတတ်ဘဲ နေမှာ ... ”
“ အို ဒါအတွက် မစိုးရိမ်ပါနဲ့ ၊ ကျွန်မ မောင်ကလေး နဲ့ ရှေ့ က အမြဲ စီးနေသူပါ ... ” ဆို၍ စက်ဘီး အနီးသို့ ကပ် လာလေ၏ ။
◾အတွေ့အာရုံ
ထိုသို့ စက်ဘီး စီး၍ လာစဉ် ကျွန်တော် ၏ စိတ်မှာ အလို ... ဘုရား ... ဘုရား ၊ ဟင်း .. နွေးခနဲ ... ဟင်း ... ဝါဂွမ်းကလေး လို တွေ့ ထူးပြီး ပန်ထား သော ပန်းနံ့ကလေးမှာ နှာခေါင်း အောက်တွင် ရောက် နေရကား မွှေးကြိုင်၍ နေပေ၏ ။ လိမ်းကျံ ထားသော သနပ်ခါး မှာ လည်း အလွန်တရာ မှ မွှေးကြိုင် လှသဖြင့် လူ့ပြည် မှာ မှ ဟုတ်ကဲ့လား သိကြားမင်း က ပဏ္ဍု တင်းပြီး ဖန်ဆင်း ၍ ပို့လိုက်သော နတ်သမီး လော အလို .. ဟင် ... ဆို၍ လက်ကိုင် နှင့် သူ ၏ လက်ကလေး ကို အုပ်ကိုင် မိလေ၏ ။ “ အလယ် ... အလယ် ... ကိုကို ကျွန်မ လက် ကို ဖိထားလိုက်တာ ” ဆိုသောစကား ကို စက်ဘီးတင်ပါး လွှဲ စီးလိုက်ရင်း မှ ပြော လိုက်လေ၏ ။
ထို မိန်းမပျိုကလေး ၏ ကျော တစ်ခုလုံး မှာ ကျွန်တော် ၏ ရင်ခွင် တွင်း ဝယ် ရှိရကား ရင်ဝ တစ်ခုလုံး မှာ ပူနွေးလျက် အာရုံကြော အားလုံးမှာ ဖိန်းရှိန်း နေလေ၏ ။ တစ်ခါတစ်ခါ ၌ တိမ်းယိမ်း သွားသော် လက် ကို တိမ်းစောင်း သဖြင့် ကိုယ်ချင်း မှာ သာ၍ ထိတွေ့ မိသော အခါ ကျွန်တော် ၏ ရင်ခွင်မှာ ဆား ထိသော တီ ကဲ့သို့ တွန့်လိမ်ပြီး သွားလေ၏ ။
ထိုသို့ ကြောက်ရဲရဲ နှင့် မတွေ့ဖူးသော ရသာ အာရုံ ကို ခံစားနေစဉ် ...
“ ကိုကို မောသလား ၊ ဒါဖြင့် နားပါဦးလား ၊ လကြီး က သာလိုက်တာ ”
ဆိုသော အသံသည် တစ်သက်လုံး မမေ့နိုင်သော အသံချွဲမျိုး ဖြင့် ပြောဆို လိုက် လေ၏ ။
ကျွန်တော် မှာ ကြိုးစား လျက် ဝီဝီ ဝီဝီ မြည်အောင် နင်းလိုသော ဆန္ဒ ရုတ်ခြည်း ပေါ်လွင်နိုးကြား လာလေ၏ ။
“ မောပါဘူးဗျာ ၊ စီးရဲ ရဲ့ မဟုတ်လား နင်း မလို့ ”
“ အို .... ကိစ္စမရှိပါဘူး ၊ တင်လိုက် တင်လိုက် ” ဟု အားပေးလေ၏ ။
ထိုအခါ ကျွန်တော် သည် မတိမ်းစောင်း ရအောင် လက်ကိုင် အတိ ထားလျက် အပြေးဆုံး နင်းမိ လိုက်လေ၏ ။ မောဟိုက် လာလေ၏ ။ မြို့ထဲ သို့ ဝင်မိပြီ ဖြစ်ရကား မနှေးမမြန် စီး နေစဉ် ...
“ ကိုကို ဟောဒါ ကျွန်မတို့ အိမ်ပဲ ” ဆို၍ အရပ် ခိုင်းလေ၏ ။ ထိုသို့ ရပ် လိုက်စဉ် စက်ဘီး မှာ ခဲကြီး ကို တက်မိသဖြင့် ယိုင် သွားလေ၏ ။ ယိုင် သွား စဉ် ကျွန်တော် ၏ ကိုယ် မှာ မိန်းမပျို အား အွတ်ခနဲ မြည်အောင် တိုက်မိလေ၏ ။
“ အို ... ကိစ္စ မရှိဘူး ၊ ကိုကို မလဲရင် ပြီးရော ၊ ကျေးဇူး တင်ပါတယ် ကိုကို ၊ ကျွန်မတို့ အိမ် ကို လာလည်ပါနော် ”
အံ့အားသင့်ကာ ငေး နေမိလေ၏ ။ ထို့နောက် သတိ ရကာ “ နာမည် ဘယ့်နှယ် ခေါ်သလဲ ”
“ ကျွန်မ နာမည် ... မမြကြည် ပါ ... လာလည်ပါနော် ကိုကို ” ... ဆို၍ မေမေ မေမေ ဟု ခေါ်ကာ အိမ်ပေါ် သို့ တက်သွားလေ၏ ။
ကျွန်တော် မှာ နောက်က ကျန်ရစ်နေလေ၏ ။
ထို့နောက် သတိ ရကာ အိမ်သို့ ပြန်လာရာ အိမ်တွင် မိတ်ဆွေ နှင့် အသင့် တွေ့ရသဖြင့် စကား မပြောနိုင်ဘဲ အိပ်ရာ ထဲ သို့ ဝင်ကာ စဉ်းစားခန်း ကို ထုတ်နေမိပေ၏ ။
နံနက် လင်းလျှင် လင်းချင်း ညဉ့် က အိမ် ကို ရှာရန် မည်သူ့ကို မျှ မပြော ဘဲ ထွက်လာရာ လိပ်မွေး ကျားချို ရှာသူကဲ့သို့ မျက်စိလည် နေလေ၏ ။
နောက် နေ့တိုင်း နေ့တိုင်း အုံ့ပုန်း လုပ်ကာ ရှာငြားလည်း ၎င်း အိမ် ကို မတွေ့ ရချေ ။ ထို့နောက် အရှက် မရှိဘဲ မိတ်ဆွေ စာရေးဆရာ ကို မေးကြည့် သော် မနေ့ က ရုံးစာရေးကြီး နဲ့ မင်္ဂလာ ဆောင်သွားပြီ ၊ ဒီကနေ့ ပဲ ကျွန်တော့် ဆီ နှုတ်ဆက် သွားသေးတယ် ဟု ပြန်ပြောသောအခါ ကျွန်တော် နှင့် မတွေ့ရလေခြင်း မိတ်ဆွေရယ် ဟု ပြောမိလေ၏ ။ အကြောင်း ကို ပြောပြလိုက်လေ၏ ။ အင်း ဖြစ်ရချက် နာသဗျာ ၊ ဒီလိုမှန်း သိရင် ဟိုနေ့ ထဲ က ဖြစ်ချင်သလို ဖြစ် ဆိုပြီး အင်း ... ဟု သက်ပြင်း ကို ရှူမိလေ၏ ။
တွေ့ဖူးတဲ့ မိန်းမပျို မမြကြည် ရေ ... မင်း အကြောင်း ဖြင့် အခုထိ နွေးနွေး နွေးနွေး နှင့် ရင် ထဲ မှာ အေးတုန်းပဲ ရှိသေးတယ် ကွဲ့ ၊ ( မေ့ဘူးနော် မေ့ဘူး ) အယ်ဒီတာကြီးရယ် ငွေ တစ်မတ် မွဲမွဲတေတေ မနှမြောပါဘူး ၊ ဒီ ဝတ္ထု ပါတဲ့ ဂျာနယ်အုပ် ကို သူ့ ဆီ ပို့လိုက်ပါနော် ၊ မမေ့ပါနဲ့ ၊ ကျေးဇူး မမေ့ပါဘူး ။
⎕ တလုံးစိန်
📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ
.
No comments:
Post a Comment