Sunday, October 13, 2024

မသာကိုယ်စားလှယ်

 

❝ မသာကိုယ်စားလှယ် ❞
━━━━━━━━━━━━━━━
        မောင်နှင်းပန်း
━━━━━━━━━━━━━━━
ကျွန်တော်တို့ အိမ် ၏ နောက်ဖေးဘက် လမ်းမ ဆီမှ သံဝေဂလင်္ကာများကို ရွတ်ဆိုသွားသံ ကြားတိုင်း ကျွန်တော့် စိတ်ထဲမှာ “ သွားပြန်ပြီ တစ်ယောက် ” ဟု မြည်တမ်းမိတတ် ပါသည် ။ လက်ရှိ ကျွန်တော် နေ သော ရပ်ကွက်ကလေး သည် ရေဝေးသုသာန် နှင့် အတန်ငယ် နီးသဖြင့် နေ့စဉ် နှင့် အမျှ ဆိုသလို ထို အသံ တွေ ကို ကြားရလေ့ ရှိပါသည် ။ လမ်းမကြီး ပေါ်တွင် အသုဘယာဉ်များ ၊ သေဆုံးသွားသည့် လူများကို သယ် ယူ၍ ရေဝေး အအေးခန်းသို့ ပို့ဆောင် ပေးနေသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးယာဉ်များ ၊ အသုဘ ချ လာစဉ် လိုက်လံပို့ဆောင် ပေးလေ့ ရှိသည့် ယာဉ်တန်း များ ကို တစ်နေ့မပြတ် တွေ့မြင်ရ တတ်လေ့ ရှိပါသည် ။ တစ်ခါတစ်ခါ တွင် ပျင်းပျင်း ရှိသဖြင့် လမ်းထိပ် ထွက် ၍ လက်ဖက်ရည်ဆိုင် ထိုင် နေလျှင် သော်လည်း ကောင်း ၊ တစ်ခါ တစ်ခါ သွားသွားလာလာ ဖြင့် ထို လမ်း ကို ဖြတ်မိလျှင် သော် လည်းကောင်း အသက် အရွယ် အမျိုးမျိုး ၊ ဆင်းရဲချမ်းသာ မကွဲပြား ၊ ကျားမ မရွေး သေဆုံးနေကြသည် ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ မြင်နေရတတ်ပါသည် ။ ထို့ကြောင့် ကျွန်တော့် အတွက် ထိုကိစ္စ သည် အတော့် ကို ယဉ်ပါးနေကျ ကိစ္စ ဟု ထင်မြင်မိပါသည် ။

ထို့နည်းတူ ဒီ ရပ်ကွက်ကလေး တွင် နေထိုင် ကြကုန်သော ရပ်ကွက်သူ ရပ်ကွက်သား အားလုံး အတွက်လည်း ယဉ်းပါး နေသော ကိစ္စသာ ဖြစ်ခဲ့ပါသည် ။ မည်သူမဆို ဒီ ရပ်ကွက်သား မှန်လျှင် မော်တော်ကား မှန်များ တွင် တပ်ဆင်ထားလေ့ ရှိသော ဦးဘယ်သူ ဒေါ်ဘယ်ဝါ အသက် ဘယ်လောက် ‘ ကောင်းမှု ’ ဆိုသည့် စာတန်းများ ကို ရင်တွင်း မှ ခံ စားချက် မပါဘဲ လိုက်လံ ဖတ်ရှု နေတတ်ခဲ့ပြီ ဖြစ်ပါ သည် ။

သို့သော် တစ်ခါတစ်ရံတွင် တော့ အသက် အရွယ် ငယ်ရွယ်လွန်းသေးသူများ ၊ ကျိုးကျိုးကျဲကျဲ နှင့် မဖြစ်ညစ်ကျယ် အသုဘများ ကို တွေ့လျှင် တော့ စိတ်မကောင်း ဖြစ်မိတတ်ပါသည် ။ ထို့ပြင် နာရေး နှင့် ပတ်သက်သော မည်သည့်မြင်ကွင်း ကို မဆို တွေ့မြင် လိုက်ရသည် နှင့် တစ်ပြိုင်နက် ကျွန်တော့် ရင်တွေ ဆတ်ဆတ်ခါမျှ လှုပ်ရှား သွားတတ်ပါသည် ။ စိတ် မျက်စိ တွင် ဘယ်လိုမှ မေ့ပျောက်နိုင်မည် မဟုတ်သော ပုံရိပ် အချို့ က လွန့်လွန့်လူးလူး ရုန်းကြွ လာတတ်သည် ။

ထိုသို့ သတိတရ ဖြစ်လာစေသည့် အဓိက ဇာတ်ဆောင် မှာ ကျွန်တော် ၏ အဘိုး သာ ဖြစ်ပါသည် ။ အမည်ရင်း မှာ ဦးဘိုးသီး ဖြစ်ပြီး အများစု က တော့ ‘ ဘကြီး ဘိုးသီး ’ ဟု ခေါ်လေ့ ရှိကြသည် ။ ကျွန်တော် မှတ်မိသည့် အရွယ် မှာ ပင် အဘိုး ၏ အသက် မှာ ခုနစ်ဆယ် ကျော်ကျော် ရှိနေခဲ့ပြီ ဖြစ်ပါသည် ။

လူပုံစံ မှာ တုတ်တုတ်ခိုင်ခိုင် တောင့်တောင့် တင်းတင်း ဖြစ်ပြီး ခေါင်း ကို ပြောင် နေအောင် အမြဲ တမ်း ရိတ်ထားလေ့ ရှိသည် ။ အသားညိုညို ၊ ဗိုက်ပူ ပူဆိုတော့ အဘိုး ၏ ပုံပန်းသဏ္ဌာန်မှာ မြင်သူတိုင်း အတွက် လွဲမှားစရာ မရှိအောင် ထူးခြားနေလေ့ ရှိသည် ။ ပို၍ ထူးခြားသည် က အဘိုး သည် ဘယ်အရပ် ကို သွားသွား အပေါ်အင်္ကျီ ပါလေ့ မရှိ ။ ဆောင်းရာသီ မှ လွဲလျှင် အဘိုး ကို အမြဲတမ်း နီးပါး ကိုယ်တုံးလုံး နှင့် တွေ့ရလေ့ရှိသည် ။ ဒါကိုက ကျွန်တော့် အဘိုး ၏ အမှတ်အသား တစ်ခုပင် ဖြစ်ပါသည် ။

သေချာသည် က ကျွန်တော့် အဘိုး တွင် ထူး ခြားသည့် ဝါသနာ တစ်ခု ရှိခဲ့သည် ။ ဒါမှမဟုတ် ပရဟိတ စိတ်ဓာတ် ရှိသူ ဟု လည်း ဆိုနိုင်ပါသည် ။ ထို စိတ်ဓာတ် ထို ဝါသနာနှင့် ပတ်သက်၍ ပတ်ဝန်းကျင် က ဝိုင်းဝန်း၍ အသိအမှတ်ပြု ထောမနာ ပေးထားသော ဘွဲ့ထူး တစ်ခု ရှိခဲ့သည် ။ ‘ မသာကိုယ်စားလှယ်ကြီး ’ တဲ့ ။ အဘိုး သည် ထို အမည်နာမ နှင့် လိုက်အောင် မသာကိစ္စ အသုဘ ကိစ္စများ တွင် အတော် ဝါသနာ ကြီးခဲ့သူ တစ်ဦး ဖြစ်ခဲ့ပါသည် ။

အဘိုးတို့ ခေတ် က ယခု ခေတ် လို မီးသင်္ဂြိုဟ် စက်တွေ ၊ အအေးခန်းတွေ မပေါ်သေး ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ မရှိသေး ။ လူသေပြီ ဆိုလျှင် မိမိ တို့ အိမ်ရှေ့တွင် လေးတိုင်စင် နှင့် သုံးရက် တန်သည် ၊ ငါးရက် တန်သည် စသည်ဖြင့် ထားပြီး မှ မြေချတတ် သည့် ခေတ် ဖြစ်သည် ။

ကျွန်တော် မှတ်မိသလောက် ထိုခေတ် က မသာကိစ္စ မှာ အတော် အလုပ်ရှုပ်သော ကိစ္စဖြစ် သည် ။ လူတစ်ဦး သေပြီ ဆိုလျှင် အစဉ်အလာ သဘော ၊ ရိုးရာသဘော တွေ ပါရသည် ။ မပါ၍ မဖြစ် ။ တစ်ယောက်ယောက် က ပထမဦးစွာ ဆရာဝန်တစ်ဦး ၏ ထောက်ခံချက် ကိုယူကာ နီးစပ်ရာ ဒေသန္တရ ၊ ဆေး ရုံ စသည် တို့ သို့ သွားကာ သေစာရင်း တောင်းရ သည် ။ ပြီးလျှင် သင်္ချိုင်းသို့ ပြေးကာ ခေါင်း မှာ ၊ ကျင်း အပ် ၊ သင်္ဂြိုဟ်မည့် အချိန်ညှိ ၊ ကား တတ်နိုင်သူ က ကား ငှား ၊ ကား မတတ်နိုင်သူ က ထမ်းချရန် စီစဉ်ရသည် ။

ပထမ တစ်ယောက် က ထိုကဲ့သို့ အချိန် ကုန် နေလျှင် အခြားသော တစ်ယောက် က အိမ်တွင် ကျန်ရစ်ခဲ့ကာ မသာရှင်ကိုယ်စား သေသူ ကို ရေချိုးပေး ။ ကြမ်း ခုနစ်ချောင်း သက်ငယ် ခုနစ်ပျစ် သဘောမျိုး ဝါးဖြင့် ကပ် ရက်ရသည် ။ ပြီးလျှင် မသာ ကို ခြေထိပ် လက်ထိပ် ကြိုးချည် ၊ အင်္ကျီ ပြောင်းပြန်ဝတ် စသဖြင့် အတော် အလုပ်ရှုပ်သည် ။

သို့သော် ကျွန်တော်တို့ ရပ်ကွက် ထဲ တွင် ထို အလုပ်မျိုး ကို အစမှ အဆုံးတိုင် ကျွမ်းကျင်သူ တစ်ဦး သာ ရှိသည် ။ ထို တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ကျွန် တော် ၏ အဘိုး ပင် ဖြစ်ပါတော့သည် ။

ကျွန်တော့် အဘိုး သည် ထို ကိစ္စမျိုးနှင့် ပတ်သက်လာ လျှင် အမြဲတမ်း ထကြွလုံ့လ ကြီးသူ တစ်ဦး ဟုလည်း ဆိုနိုင်ပါသည် ။ အဘိုး သည် ရပ်ကွက် ထဲ တွင် လူ တစ်ယောက် သေပြီ ဟူသော သတင်း ကို ကြား လိုက်ပြီ ဆိုသည်နှင့် တစ်ပြိုင်နက် ကျွန်တော်တို့ အိမ်ဦးခန်းရှိ ကွမ်းအစ် ထဲ မှ ကွမ်းသီးများ ကို တဖျောက်ဖျောက် ညှပ်ကာ ကွမ်း ကို တစ်ယာပြီး တစ်ယာ ဝါး ရင်း တမျှော်မျှော် ဖြစ် နေတတ်သည် ။

သိပ်မကြာမီ မှာပင် လူသေသည့် အိမ် မှ တစ်ယောက် ယောက် က မောကြီးပန်းကြီး အပြေးအလွှား နှင့် ရောက်လာကာ

“ ဘကြီးဘိုးသီး ကူညီပါဦး ” ဟု ဆိုလိုက် သည်နှင့် အဘိုး က ပါးစောင် ထဲ သို့ ကွမ်းတစ်ယာ ထိုးထည့်ကာ ပုဆိုးဟောင်း တစ်ထည် ကို ပခုံးပေါ် တွင် တင်ပြီး တက်တက်ကြွကြွ လိုက်ပါ သွားတတ်သည် ။

ထိုသို့ သွားပြီ ဆိုလျှင် အဘိုးတွင် ထုံးစံ အတိုင်း အပေါ်အင်္ကျီ ပါလေ့ မရှိ ။ ကျောဗလာ နှင့် ထီး ထီးမားမား သွားလေ့ရှိသည် ။ အဘွား ကတော့ အဘိုး ၏ လုပ်ရပ်ကို လုံးဝ လက်မခံ ။ အားလည်း မပေး ။ မကြာခဏ မြည်တွန်တောက်တီး တတ်သည် ။ သို့သော် အဘွား က တဗျစ်တောက်တောက် မည်မျှပင် ပြောနေပါစေ ၊ ထိုအချိန်တွင် တစ်စုံတစ်ယောက် က ‘ ဘကြီး ’ ရေ ဆိုလိုက်သည် နှင့် ‘ အေး ’ ဆိုကာ ဝမ်းသာ အားရ လိုက်ပါ သွားတတ်သည် ။

ဒီလို လိုက်သွားပြီ ဆိုလျှင် အဘိုး သည် မသာရှင် ဆီက အခကြေးငွေ ၊ စေတနာကြေး အစရှိသည့် မည်သည့် ငွေကြေး ကို မဆို တစ်ပြားတစ်ချပ် မျှ မယူ ဘဲ ခုနစ်ရက် ခုနစ်လီ လုပ်ကိုင်ပေးလေတော့သည် ။ အဘွား ကို လည်း ဘယ်အခါတွင် မှ တစ်လုံးတစ်ပါဒ ပြန် ပြောတတ်လေ့ ရှိသူ မဟုတ် ။ တစ်ခါတစ်ရံ တွင် တော့

“ မကျင် ဗျာ ... ခင်ဗျား ဗျာ ” ဟု ဆိုတတ် သည် ။ ဒါကိုက ကျွန်တော့် အဘိုး ၏ အပြင်းထန်ဆုံး တုံ့ပြန်မှုပင် ဖြစ်သည် ။ ယုတ်စွအဆုံး ကျွန်တော့် အဘိုး သည် နေထိုင်မကောင်း ဖြစ်၍ ဆေးထိုးဆေးသောက် လုပ်နေရပါစေ ၊ ထိုကိစ္စ အတွက် အိပ်ရာ မှ လူးလဲ ထကာ စေတနာပါပါ နှင့် လိုက် လုပ်ပေးတတ်သည် ။

သို့သော် ဤကိစ္စ သည် ပြဿနာ မဟုတ် သေး ။ ပြဿနာ အစစ် က ကျွန်တော့် အပါး တွင် ဖြစ်သည် ။ ပတ်ဝန်းကျင်ရှိ ကျွန်တော် နှင့် ရွယ်တူ သူငယ် ချင်းများက ကျွန်တော့် ကို နောက်တတ် ပြောင်တတ် ကြသည် ။ “ မင်းတို့ အဘိုး က မသာကိုယ်စားလှယ် ဆို ၊ တို့ အမေ က ပြောတယ် ။ မင်းတို့ အဘိုး က စဏ္ဍာလ တဲ့ ” ဆိုသော စကားများ သည် ကျွန်တော့် အတွက် မျက်နှာ တစ်ခုလုံး ထားစရာ နေရာ မရှိအောင် ရှက်ရသည့် အချိန်များ ပင် ဖြစ်ပါတော့သည် ။

ထို့ကြောင့် ကျွန်တော် က ကလေးပီပီ ရှက် ရှက်နှင့် အဘိုး ကို တားတော့ အဘိုး က ပါးစောင် ထဲ ရှိ ကွမ်းများ ထွက်ကျလာအောင် ကို တသိမ့်သိမ့် ရယ် ပါတော့သည် ။ ဘာကိုမှ တော့ ထွေထွေထူးထူး မပြော ။ ထို ပုံပန်းသဏ္ဌာန် တွေ က ကျွန်တော့် အဘိုးကို ယနေ့ အချိန်ထိ သတိရ နေစေသည် ။

( ၂ )

ထို ကိစ္စ နှင့် ပတ်သက်၍ ငယ်ရွယ်နုနယ်ခဲ့သော ကျွန်တော့် မှတ်ဉာဏ် ထဲ တွင် ပြင်းပြင်းထန်ထန် စွဲလမ်း နေခဲ့သော ပြဿနာ တစ်ခု ရှိနေခဲ့ပါသည် ။ ထိုပြဿနာ မှာ ကြားရသူတိုင်း ပါးစပ် အဟောင်းသား ဖြစ်ပြီး မယုံကြည်နိုင် လောက်အောင် အံ့သြသွားစေသည့် အဖြစ်အပျက်မျိုး ဖြစ်သည် ။

ထိုကိစ္စ မှာ ကျွန်တော့် အဘိုး သည် မကြီးမငယ် နှင့် အိမ် က ပျောက်သွားခဲ့ခြင်း ပင် ဖြစ်ပါတော့ သည် ။ အသက် ခုနစ်ဆယ်ကျော် အဘိုးကြီး တစ်ယောက် အိမ် မှ ရုတ်တရက် ပျောက်သွားခြင်းသည် မိသားစုဝင် တစ်ဦးဦး နှင့် စကားများ ကာ အိမ်ပေါ် မှ ဆင်းသွားခြင်းမျိုး မဟုတ် ။ လူငယ်တွေ လို တစ်နယ် တစ်ကျေးကို ခရီးထွက် သွားခြင်းမျိုးလည်း မဟုတ် သဖြင့် ကျွန်တော်တို့ မိသားတစ်စုလုံး မှာ ဘယ်မှာ လိုက်ရှာရမှန်း မသိ ။ တစ်ရပ်ကွက်လုံး ဟို လူ့ မေး ၊ ဒီ လူ့ စမ်း နှင့် စုံစမ်းခဲ့ သော်လည်း အဘိုး နှင့်ပ တ်သက်၍ ဘာ သဲလွန်စ မှ မရခဲ့ပါ ။

နောက်ဆုံးတွင် အဘွား က ရဲရဲရင့်ရင့် မျက်ရည်လည်ရွှဲဖြင့် ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်ချကာ အဘိုး ပျောက်သွားသည့် နေ့ မှ စ၍ ပြန်လည် တွက်ချက် ပြီး ရက်လည်ဆွမ်းသွတ် ဖို့ ပင် ပြင်ဆင်နေပါတော့ သည် ။ ထိုစဉ်က အဘွား ၏ ဆိုစကားအရ အဘိုး သည် သူ့ တစ်သက်တာအတွင်း ဤသို့ သွားတတ် လာတတ်ခြင်း လုံးဝ မရှိခဲ့ ။ မည်သည့် အရပ် သို့ သွား သွား အဘွား ကို အမြဲ ပြောသွားတတ်သူ ဟု သိရသည် ။

အခုတော့ အဘိုး ပျောက် နေသည်မှာ ဆယ်ရက် နီးပါး ရှိနေပြီဆိုတော့ အားလုံး က ခြေ မကိုင်မိ ၊ လက် မကိုင်မိ ဖြစ်နေကြသည် ။ သို့သော် အဘိုး အတွက် ရက်လည်ဆွမ်း သွတ်ရန် အတွက် ပစ္စည်း ပစ္စယတွေ ဝယ်ယူနေသည့် နေ့မှာပင် အဘိုး က မျက်နှာ မရွှင်မပျ ဖြင့် ပြန်ရောက်လာခဲ့သည် ။

ထုံးစံအတိုင်း ခါး ထဲ တွင်တော့ အင်္ကျီ မပါ ။ အဘိုး ၏ ပုံပန်းသဏ္ဌာန် မှာ အတော့်ကို ပင်ပန်းနွမ်း နယ်နေပုံ ပေါက်နေသည် ။ အမေ ၊ အဘွား နှင့် ကျွန်တော် တို့ က ဝမ်းသာအားရ ဝိုင်းဝန်း မေးမြန်းကြသည် ကိုပင် အဆင်ပြေအောင် ပြန် မပြောနိုင် ။ အိပ်ရာထဲ သို့ တစ်ခါတည်း တန်း ဝင်သွားခဲ့ပါသည် ။ သတင်း အကြား ဖြင့် ရောက်ရှိ လာကြသော ရပ်ကွက်ထဲ ၊ လမ်း ထဲရှိ ပရိသတ်များ ကို လည်း ပြန်၍ မပြောနိုင်ဘဲ အိပ်ရာ ထဲသို့သာ တစ်ခါတည်း တန်းဝင် သွားခဲ့ပါသည် ။

နောက်တစ်နေ့ ရောက်မှ အဘိုး က ကျွန်တော် တို့ ကို အေးဆေးစွာ ပြန်လည်၍ ပြောပြခဲ့ပါသည် ။ ဖြူး မြို့နယ် တွင် သေဆုံးခဲ့သော အသုဘ တစ်ခု ကို အစ မှ အဆုံးတိုင် လိုက် လုပ်ပေးခဲ့ပြီး ရက်လည် ပြီး မှ ပြန်လာခဲ့ခြင်း ဖြစ်သည် ဟု သိခဲ့ရပါသည် ။

ဘာပဲဖြစ်ဖြစ် အဘိုး ၏ ဇွဲ ကို ကျွန်တော် သဘောကျသည် ။ အိမ် မှ ထွက်သွား ကတည်း က အင်္ကျီ ပင် ပါမသွားသည့် အဘိုး က တစ်နယ်တစ်ကျေး တွင် ရက်ပေါင်းများစွာ နေထိုင် လုပ်ကိုင် ပေးပြီး အိမ် ပြန် ရောက်လာသည် အထိ ခါး ထဲ တွင် အင်္ကျီမ ကပ် နိုင်သေး ။ ဤမျှ လုံ့လကြီးခဲ့သည့် အဘိုး ၏ ပုံပန်း သဏ္ဌာန်ကို ယခုအချိန် တွင် နာရေးကူညီမှုကားများ ၏ တက်ကြွစွာ လှုပ်ရှား သွားလာနေသည် ကို မြင်တိုင်း သတိရ နေတတ်သည်မှာ မဆန်း ဟု ကျွန်တော် ထင်ပါ သည် ။

သေချာစွာ ဆိုရလျှင် တစ်ချိန်က ကျွန်တော့် အဘိုး ၏ စွမ်းဆောင်ရည်များ ထဲတွင် ကျွန်တော်တို့ မိသားစု အပြင် ရပ်ကွက်သူ ရပ်ကွက်သား အားလုံး အောချရ လောက်သည့် ကြိုးပမ်းမှု တစ်ရပ် ကလည်း ကျွန်တော့် အာရုံ ထဲတွင် ပြက်ပြက်ထင်ထင် ပြန်လည် မြင်ယောင် လာမိတတ်ပါသည် ။ ထို စွမ်းဆောင်မှု မှာ လည်း ထုံးစံအတိုင်း မသာကိစ္စ နှင့် ပင် ပတ်သက် နေလိမ့်မည် မှာ ယုံမှားစရာ မရှိပါ ။

ထိုစဉ်က သေဆုံးသူ မှာ အနာကြီးရောဂါသည် ဖြစ်နေသည် ။ ထို့ကြောင့် ဘယ်သူမှ မကိုင်ချင် မတွယ်ချင် ဖြစ်နေသည် ။ ယုတ်စွအဆုံး သေသူ ၏ မိသားစုပင်လျှင် အိမ်ပေါ်၌ ရှိ မနေကြ ။ ထိုအခါ သေသူ ၏ အနားတွင် ရောက်ရှိ နေသော ကျွန်တော့် အဘိုး ကိုယ်တိုင်လည်း သူ ကျွမ်းကျင်သည့် ကိစ္စကို ဆောင်ရွက်ရန်အတွက် ရွံ့တွန့်တွန့် ဖြစ်နေပုံရသည် ။ ပို၍ ဆိုး သည် က အချိန် ကြာမြင့်လာ လေလေ ရိရွဲနေသည့် သေသူ ၏ ခန္ဓာကိုယ် က ရွံရှာဖွယ် ကောင်းလာလေလေ ဖြစ်နေသည် ။

မထူးတော့သည့် အဆုံးတွင် အဘိုး သည် အနားရှိ ကလေးတစ်ယောက် ကို အရက်တစ်ပိုင်း ဝယ် ခိုင်းကာ တစ်ရှိန်ထိုး မော့သောက်ပြီး ၊ သေသူ ကို ပယ်ပယ်နယ်နယ် ဆွဲထူ ၊ တစ်ဦးတည်း မနိုင့်တနိုင် နှင့် ရေချိုး ပေးပြီး ချက်ချင်းဆိုသလို ဂုန်နီအိတ် နှင့် အထပ်ထပ် စွပ်ကာ ခေါင်းစပ်၍ သင်္ဂြိုဟ် ပစ်လိုက်ရ သည်တဲ့ ။ အကျိုးဆက် အနေဖြင့် ကျွန်တော့် အဘိုး သည် သုံးရက်လောက် အထိ မစားနိုင် မသောက်နိုင် ဖြစ် ကျန်နေခဲ့သည် ။ မသာရှင် ကတော့ ကျေဇူးတင် မဆုံး ။

( ၃ )

ကျွန်တော် အရွယ် ရောက် လာသည့် အခါတွင် တော့ အဘိုး ၏ ပရဟိတလုပ်ငန်း နှင့် ကျွန်တော် ၏ ရှက်စိတ် တို့ မှာ သိသိသာသာ အားပြိုင်လာခဲ့ပါတော့ သည် ။ ရပ်ကွက် ထဲ တွင် ကျွန်တော့် ကို လူကြီး တော်တော်များများ က မသိကြ ။ အကြောင်း တစ်စုံတစ်ရာ ကြောင့် ဈေးသွားဝယ်မိလျှင် ဖြစ်ဖြစ် ၊ လူကြီးများ က ခိုင်း၍ တစ်ခုခု ကို ဆောင်ရွက် ပေးရလျှင် ဖြစ်ဖြစ် ၊ ကျွန်တော့် ကိုမြ င်သမျှသော လူကြီး တော်တော်များများ က “ သား က ဦးဘိုးသီး မြေးလား ” ဟု မေးလာ ကြလေ့ ရှိပါသည် ။

ထို မေးခွန်းများ က ဘာ ရည်ရွယ်ချက် မျှ မရှိ သော်လည်း ကျွန်တော့် စိတ်ထဲတွင် ငယ်စဉ် ကတည်း က စွဲထင် နေခဲ့သော သူငယ်ချင်းများ နောက်ပြောင် ကြလေ့ ရှိသည့် “ မင်း အဘိုး က မသာကိုယ်စားလှယ် ဆို ” “ မင်းတို့ အဘိုး က စဏ္ဍာလ ဆို ” ဟူသော စကားရပ်များ က သာ တရစ်ဝဲဝဲနှင့် ကျွန်တော့် အာရုံ ထဲတွင် ပြန်လည် ပေါ်ပေါက် လာတတ်ခဲ့ပါသည် ။ ထို့ကြောင့် တစ်စုံ တစ်ယောက် က ကျွန်တော့် အား “ မင်း ဦးဘိုးသီး မြေး မဟုတ်လား ” ဟု မေးလိုက်တိုင်း ကျွန်တော့် ကို အရှက် ခွဲသည် ဟု ပဲ ထင်မြင်လာသည် အထိ ဖြစ်နေပါတော့သည် ။

နောက်ပိုင်းတွင် ကျွန်တော့် အဘိုး သည် အတိတ်ကံ အကျိုးပေး ကြောင့် သူ ဝါသနာ ပါသော ၊ တစ်သက်လုံး မက်မက်စက်စက် ဖက်တွယ် မြတ်နိုး လာခဲ့သော ၊ လူနတ် သာဓုခေါ်သည့် လုပ်ငန်း ဖြစ်သော ထို ပရဟိတလုပ်ငန်းများ ကို စွန့်လွှတ်ရန် အကြောင်း ဖန် လာခဲ့ပါတော့သည် ။ ထို အကြောင်း မှာ အဘိုး လေဖြတ် သွားခြင်းကြောင့် ဟု ဆိုရလိမ့်မည် ဖြစ်ပါသည် ။

ညာဘက် တစ်ခြမ်းလုံး လှုပ်ရှား၍ မရတော့သော အဘိုး ၏ အခြေအနေ ကို ကြည့်ရင်း ကျွန်တော် တို့ တစ်မိသားစုလုံး က စိတ်မကောင်းခြင်း ကြီးစွာ ဖြင့် တတ်နိုင်သမျှ ပြုစုကြပါသည် ။ ထို့ပြင် ရပ်ကွက်သူ ရပ်ကွက်သား အတော်များများ ကလည်း ကျွန်တော့် အဘိုး ကို ဆေးဝါး ၊ ငွေကြေး အစရှိသည့် အကူအညီ များ ပေးကြပါသည် ။ သို့သော် အဘိုး မှာ လေသမား တို့၏ ထုံးစံအတိုင်း လက်တစ်ဖက် တွဲလောင်းကျ ကာ စကား ပြောလျှင် ပီပီသသ မရှိတော့ ။ လမ်းလျှောက် လျှင် လည်း အနား တွင် အဖော် တစ်ယောက် နှင့် အတူ တောင်ဝှေး တစ်ချောင်း လည်း အမြဲ ပါရ သည် ။

ထိုအခါ အဘွား က “ ကဲ .. ဘာတတ်နိုင်သေးလဲ ” ဟူသော အကြည့်မျိုး ဖြင့် မကြာခဏ ကြည့် လေ့ရှိပါသည် ။ သို့သော် ကျွန်တော့် အဘိုး က မထိ တထိ ပြုံး နေတတ်ပါသည် ။ ထို အပြုံးထဲတွင် အဘွား ကို လှောင် သလိုလို ထီမထင် သလိုလို သဘောမျိုး ပင် ရိုးတိုးရိပ်တိတ် ပါနေခဲ့သည် ဟု ကျွန်တော် ထင် ခဲ့သည် ။

ထင်သည့် အတိုင်းပင် ကျွန်တော့် အဘိုး မှာ အာဂ အဘိုး ပင် ဖြစ်ပါတော့သည် ။ သူ ကိုယ်တိုင် က မလှုပ်နိုင် ၊ မရှားနိုင် ဖြစ်နေသည် မှန်သော်လည်း မသာ အိမ်တိုင်း က သူ့ကို လာ ခေါ်ကြတုန်းရှိသေးသည် ။ ထိုနည်းတူ အဘိုး ကိုယ်တိုင် ကလည်း မညည်းမညူ လိုက်ပါနေတုန်း ရှိသေးသည် ။ ဟိုနား ၊ ဒီနား ဆိုလျှင် အဘိုး ကို တစ်ယောက်ယောက် က လာရောက် တွဲငင် ကာ ခေါ်ဆောင်တတ်ကြပြီး အနည်းငယ် ခရီးဝေး လျှင် ဆိုက်ကား နှင့် ခေါ်တတ်ကြသည် ။

ထိုအခါ သူ ဝါသနာကြီး လှသည့်လုပ်ငန်း ကို အဘိုး ဘယ်လို လုပ်မလဲ ဟု ကျွန်တော်တို့ စဉ်းစား မိတော့ အဘိုး အတွက် လွယ်ကူလွန်း နေသည် ။ အဘိုး က အရှေ့အနောက် ဆင်ခြင်တွေးခေါ်ပြီး သန်း အောင် ဆိုသည့် လူငယ် တစ်ယောက် ကို စနစ်တကျ သင်ပြပေးရင်း သူ ၏ ပညာအမွေ ကို ဆက်ခံစေခဲ့ သည် ။ သန်းအောင် က လည်း အဘိုး ကဲ့သို့ပင် ဘယ် မသာ ကို ဖြစ်ဖြစ် မညည်းမညူ ကူညီလုပ်ကိုင် ပေးလေ့ ရှိသည် ။

ထိုအချိန်မျိုး တွင် အဘိုး က သန်းအောင် ၏ လက်ကျလက်န ကို ကြည့်ရင်း မကြာခဏ ဆိုသလို စကား တစ်ခွန်းကို မပီမသ ပြောတတ်လေ့ ရှိသည် ။

“ အဘ က သိပ် ကြာတော့မှာ မဟုတ်ဘူးကွ ။ သေတော့မှာ ။ မသေသေးလည်း ဘာမှ လုပ်နိုင်တော့တာ မဟုတ်ဘူး ။ ရှေ့လျှောက် သန်းအောင် ကို ပဲ အား ကိုးရတော့မှာ ”

ထိုသို့ အဘိုး ပြောပြီး သိပ် မကြာမီမှာ ပင် လူ တစ်ယောက် သေဆုံး သွားခဲ့သည် ။ သေဆုံးသွား သူ က ကျွန်တော့် အဘိုး မဟုတ်ဘဲ သန်းအောင် ဖြစ်နေသည် က အနည်းငယ် အံချော် နေသည့် ပြက်လုံး တစ်ခု ဖြစ်နေခဲ့ရပါသည် ။ ဖြစ်ပုံမှာ သန်းအောင် သည် အရက်သောက် ပြန်လာခဲ့ပြီး နောက် တစ်နေ့ တွင် နှိုး၍ မရတော့ခြင်း ဖြစ်သည် ။ သေချာသည် က အဘိုး ကိုယ်တိုင် သန်းအောင် အိမ် သို့ လိမ်ဖည် လိမ်ဖည် နှင့် သွား ကာ မျက်ရည် တဝဲဝဲဖြင့် လမ်းညွှန် ပြောဆိုပြီး ခုနစ်ရက် စေ့ မှ အိမ်သို့ ပြန်လာခဲ့သည် ။

သို့သော် အဘိုး ၏ မျက်နှာ က သိသိသာသာ မကောင်းတော့ ။ အသုဘ နှင့် ပတ်သက်သော ပညာအမွေ ကို သူ့ ဆီ က ဆက်ခံမည့်သူ မရှိတော့ သဖြင့် မျက်နှာ ပျက်ယွင်း နေခြင်း ၊ စိတ်မကောင်း ဖြစ်နေခြင်း ဖြစ်လိမ့်မည် ဟု ကျွန်တော်တို့ မိသားစုက ယုံကြည်ကြသည် ။

အဘိုး သည် နောက်ထပ် တပည့် တစ်ယောက် မွေး အပြီး တွင် သေဆုံးခဲ့သည် ။ ထိုအခါ အဘိုး ၏ ဈာပန ကို သူ ၏ ဒုတိယမြောက် တပည့် ဖြစ်သည့် ကိုလှဝင်း က တာဝန် ယူသည် ။ အစစ အရာရာ ချောမော အောင်မြင်သည့် အပြင် အဘိုး ဆုံးပြီ ကြား သဖြင့် တစ်လမ်းလုံး တစ်ရပ်ကွက်လုံး ရှိ လူတွေ အားလုံးနီး ပါး လာရောက် ကြသည် ။ ထို့ကြောင့် ကျွန်တော်တို့ အိမ် သည် ပွဲတော် တမျှ စည်ကား နေခဲ့သည် ။

ပို၍ သေချာသည် က အဘိုး ၏ ဈာပန နှင့် ပတ်သက်၍ မသာစရိတ် ဟူ၍ တစ်ပြားတစ်ချပ်မှ ကုန်ကျခြင်း မရှိခဲ့ပါ ။ သင်္ချိုင်း မှ ခေါင်းတလား မှ စ၍ ၊ မြေမြှုပ်သည့် ကျင်း ၊ သယ်ယူပေးမည့် ကားခ ၊ ယုတ်စွ အဆုံး ပန်းဖိုး ပင် မကုန်ကျခဲ့ပါ ။ လာလိုက်ကြသည့် လူတွေ မှာ လည်း မုန့်ဟင်းခါး အချိန် နှစ်ရာကျော် ကို မနက် ဆယ်နာရီ လောက် မှာ တင် ကုန်သွားခဲ့သည် ။ ဝေယျာဝစ္စကိစ္စများ နှင့် ပတ်သက်၍ လည်း ကျွန်တော် တို့ မိသားစု ထဲ က တစ်ဦးတစ်ယောက် မှ နှီး တစ်ချက် မချည်လိုက်ရပါ ။ ရေ တစ်ပုံး မခပ်လိုက်ရပါ ။ ဟင်း အိုးပင် တစ်ချက် မမွှေလိုက်ရပါ ။

မှတ်မှတ်ရရ အဘိုး မြေချသည့် နေ့ က အဖြစ် အပျက်တို့ သည် ယုံနိုင်စရာ မရှိအောင် အံ့ဩစရာ ကောင်း နေတော့သည် ။ ထိုနေ့က အဘိုး ကို မြေချမည့် အချိန် မှာ ညနေ သုံးနာရီ ဖြစ်သည် ။ သို့သော် အသုဘယာဉ် က သုံးနာရီ ကျော်သည် အထိ ရောက် မလာသေး ။ ထို့ကြောင့် သင်္ချိုင်း သို့ ကျွန်တော် က လိုက်သွားရ သည် ။ ထိုအခါ အဘိုး ကို တင်ဆောင်မည့် အသုဘယာဉ် ၏ ခေါင်းခန်း တွင် ထိုင်လျက် လိုက်ပါ လာခဲ့ ရသည် ။ ဒီတော့မှ ကျွန်တော် စဉ်းစားမိသည် က လက်ရှိ ကျွန်တော် ထိုင် နေသော ထိုင်ခုံ တွင် ကျွန်တော့် အဘိုး သည် အကြိမ်ပေါင်းများစွာ ထိုင်ခဲ့ဖူးသည် ။ အခေါက်ပေါင်း များစွာ စီးနင်းခဲ့ဖူးသည် ။

အနားပတ်လည် ကို ကြည့်လိုက်မိတော့ ကား က အတော့် ကို ဟောင်းနွမ်းပျက်စီး နေခဲ့ပြီဖြစ်သည် ။ တံခါးချက်တွေ က မကောင်းတော့သဖြင့် သွပ်နန်းကြိုး နှင့် ချည်နှောင် ထားရသည် ။ ကူရှင်တွေ လည်း မရှိ ။ ထို ကား ၏ အခြေအနေ မှာ ဟွန်း မှ လွဲလျှင် ကျန်သည့် အရာဝတ္ထုတွေ အားလုံး က မြိုင်မြိုင်ဆိုင်ဆိုင် အသံတွေ မြည် နေကြသည် ။ ကျွန်တော် က ထို ကားကြီး ကို စီး လာတော့ အသုဘ ပို့မည့် သူတွေ ထဲ က ထောမနာပြုသံ တစ်ချက် ကြားလိုက်ရသေးသည် ။ “ ပုံစံ က တော့ ဘကြီးဘိုးသီး အတိုင်းပဲ ” တဲ့ ။

ကျွန်တော် က ချိုင့်တွေ ၊ ဗွက်တွေ မှ နည်းနိုင်သမျှ နည်းသည့် လမ်း မှ မောင်းစေရသည် ။ ဒရိုင်ဘာ ဖြစ်သူ က လည်း အနည်းငယ် စိတ်မြန်ပုံ ရသည် ။ ဂီယာ အနုတ်အသိမ်း ကြမ်းသည် ။ ကလပ် အလွှတ် အပြု ညင်သာမှု မရှိ ။ ထို့ကြောင့် ကား မှာ စုတ်ရသည့် အထဲ သွားရင်းလာရင်း တစ်စစီ ပြုတ်ကျ ပျက်စီးသွာ မည် ကိုပင် စိုးရိမ်နေရသေးသည် ။

တစ်လမ်းလုံး ပြဿနာ မရှိခဲ့သော ဤ ကား သည် ကျွန်တော်တို့ လမ်းထိပ် ရောက်မှ စိတ်ညစ်ရ တော့သည် ။ အသုဘ ပို့မည့် ပရိသတ် မှာ လည်း တစ် ရပ်ကွက်လုံး ရှိ လူတွေ စုံစုံစေ့စေ့ ရောက်ရှိနေ သလို ပင် ထင်မှတ်ရအောင် ညို့နေတော့သည် ။ ဖြတ်သွား ဖြတ်လာကြသူ တို့ ကလည်း စိတ်ဝင်တစား ဖြင့် အမှတ်တမဲ့ လှမ်းကြည့်ရင်း ကျွန်တော့် အဘိုးမှန်း သိသွားသဖြင့် ချက်ချင်း လိုက်ပို့ရန် စောင့်ဆိုင်း နေသူတွေ လည်း ပါသည် ။

ထို လူအုပ် ကြား တွင် ဖြစ်သည့် ပြဿနာ က အသုဘယာဉ် ဗွက်နစ်ခြင်း ပင် ဖြစ်သည် ။ ပထမ တော့ ကိုရွှေဒရိုင်ဘာ က ဗွက် ကို ရုန်းကြည့်သေးသည် ။ မရ ။ ပို၍ပင် နစ်နေသေးသည် ။ နောက်ဆုံးတွင် ဘယ်လို မှ ရုန်းမရတော့သည့် အဆုံး မသာပို့ ပရိသတ်တွေ ထဲ က ယောက်ျားတွေ လေးငါးဆယ်ယောက်ခန့် ဝိုင်း လာကြကာ တွန်းကြသော်လည်း ထူး မလာ ။ နောက်ဆုံး တစ်ယောက် တစ်လက် ညီညီညာညာ ဖြင့် ထို ကားကြီး ကို ညာသံပေး ဝိုင်း မ ကာ ဗွက်လွတ်ရာ သို့ တရွေ့ရွေ့ ရွှေ့ပေး လိုက်ကြရတော့သည် ။

ထိုအချိန် မှ စ၍ အဘိုး ၏ စေတနာအလှ ကို ကျွန်တော် နားလည်သဘောပေါက် လာပြီး မသေခင် ဖြတ်သန်း ခဲ့သော လုံ့လ ကြောင့် အဘိုး ၏ သေပန်းပွင့် ပုံ ကိုလည်း ကြည်နူးပီတိ ဖြစ်ခဲ့ရပါသည် ။ ထို့ပြင် အဘိုး ၏ ဘဝ တစ်လျှောက်လုံး ဘယ်တုန်းကမျှ မထောက်ခံခဲ့ ဘူးသော အဘွား က ပင် ဆေးပေါ့လိပ်ကြီး ကို ငေါ့ရင်း ကနေ ဝမ်းပန်းတနည်း ထ၍ ကြွေးကြော်သည် ။

“ ရှင် သေတာ ကျွန်မ စိတ်မကောင်း ဖြစ်ရမယ့် အစား ၊ ဝမ်းသာလိုက်တာ ကိုဘိုးသီး ရယ် ဟီး ဟီး ” တဲ့ ။

ယခု ဆိုလျှင် ကျွန်တော့် အဘိုး ဆုံးခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်နှစ် ကျော် ကြာခဲ့ပါပြီ ။

အရွယ် ရောက် လာခဲ့ပြီ ဖြစ်သော ကျွန်တော့် အနေ နဲ့ လည်း ယခု အချိန် တွင် တစ်ယောက် ယောက် က ကျွန်တော့် ကို “ မင်း ဦးဘိုးသီး ရဲ့ မြေးလား ” ဟု မေးလာခဲ့လျှင် ကျွန်တော် အရင် လို မရှက်တော့ပါ ။ သိမ်ငယ်ခြင်း လည်း မဖြစ်တော့ပါ  ။ အဘိုး ၏ ဂုဏ် ကို ချီးမြှောက်ခြင်း ၊ အဘိုး ၏ ပရဟိတစိတ် နှင့် စေတနာ ကို မမေ့မလျော့ အသိအမှတ်ပြုခြင်း ဟု နား လည်လာပြီ ဖြစ်သည် ။

ထို့ကြောင့် မေးလာသူ ရှေ့ တွင် ကျွန်တော့် ရင် ကို သိသိသာသာ ကော့ပြီး ဟုတ်မှန်ကြောင်း ဝန်ခံ တတ်ပါသည် ။ သေချာသည် က လူ တစ်ယောက် ၏ ထင်ကျန်ရစ်ခဲ့သော နာမည် တစ်လုံး မှာ နှစ်ပေါင်းများ စွာ ကြာသည် အထိ ၊ လတ်ဆတ်စွာ ကျန်ရစ်နေခဲ့ သည်မှာ အံ့ဩစရာ ကောင်းလွန်းလှပါသည် ။

( ၄ )

သေချာသည် က အချို့သော သူများ သည် လူ ဆင်းရဲသော်လည်း အများကောင်းကျိုး အတွက် မိမိ ကိုယ်ကျိုး ကို မကြည့်ဘဲ စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည် ။ အချို့သော သူတွေ ကတော့ မည်သူ တစ်ဦး တစ်ယောက် ကို မျှ ဂရုမစိုက်ဘဲ မိမိ အတ္တ တံခွန် ထူ ဖို့ ကိုသာ အားသွန်ခွန်စိုက် ကြိုးစား နေတတ်ကြပါသည် ။ ခက်သည် က ကျွန်တော်တို့ လူ့လောကကြီး တွင် ဒီလို လူမျိုးတွေ လည်း အထိုက်အလျောက်တော့ လိုအပ် နေလိမ့်မည် ဟု ကျွန်တော် ထင်ပါသည် ။ သို့သော် ထိုသူမျိုးတွေ သိပ် များနေလျှင်တော့ လောက အတွက် မကောင်း ။

နောက်ဖေး လမ်း ဆီ မှ သံဝေဂလင်္ကာများ ကို ရွတ်ဆို သွားသံ ကြားလိုက်ရ ပြန်သည် ။ ကျွန်တော့် စိတ် ထဲ တွင် “ သွားပြန်ပြီ တစ်ယောက် ” ဟု မြည်တမ်း မိပြန်ပါသည် ။ ထို့ပြင် “ သူ့ ဆီ မှာ ဘာများ ပါသွား ပါလိမ့် ၊ ဒါမှမဟုတ် သူ ဘာတွေများ ထားခဲ့ပါလိမ့် ” ဟု တွေး နေမိပါသည် ။

▢ မောင်နှင်းပန်း

📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဧပြီလ ၊ ၂၀၁၂

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment