❝ အိပ်မက်တွေ ကို ဆုပ်ကိုင် ပိုင်ဆိုင်သူ ❞
သိမ်မွေ့အေးချမ်းမှု ကို ဒေါက်တာကိုကိုကြီး ရဲ့ အသွင် မှာ အစဉ် တွေ့မြင် ခံစားရတယ် ။
သူ ဟာ လွန်ခဲ့ တဲ့ နှစ် ၄ဝ လောက် ကတည်း က ဟန်ဂေရီ က Ph.D ရခဲ့ တဲ့ စိတ်ပညာပါရဂူ တစ်ယောက် ဖြစ်တယ် ။ ပြင်ဦးလွင် စစ်တက္ကသိုလ် မှာ စိတ်ပညာ ဌာနမှူး အဖြစ် တာဝန် ယူပြီး အငြိမ်းစား ယူခဲ့တယ် ။ သူ့ မိသားစု ဘဝ မှာ သူ့ ဇနီးသည် ဒေါ်ကြင်စိန် က စိတ်ပညာပါမောက္ခ ၊ စိတ်ပညာဌာန အကြံပေး ပညာရှင် ဖြစ်တယ် ။ သူ့ သားသမီးတွေ ကလည်း ထူးချွန် ရည်မွန်သူတွေ ဖြစ်ကြတယ် ။
ဒေါက်တာကိုကိုကြီး ဟာ အောင်မြင်တဲ့ ပန်းချီဆရာ တစ်ယောက် လည်း ဖြစ်တယ် ။
သို့ပေမယ့် သူ က အင်မတန် နှိမ့်ချတယ် ။ သူ ပိုင်ဆိုင် ထားတဲ့ အနုပညာ ၊ ဘွဲ့ ၊ မိသားစု ဘဝတွေ အပေါ် မှာ မာန်ဝင့် နေတာမျိုး မရှိပါဘူး ။
သူ နေထိုင်တဲ့ အိမ် က လည်း အင်မတန် ရိုးရှင်းတယ် ။ အသွားအလာ ရှုပ်ထွေး တဲ့ လမ်းမကြီး ဘေးမှာ ဖြစ်ပေမယ့် ဝင်းခြံ သီးခြား ဖြစ်လို့ သန္တိသုခ ရတယ် ။ ထင်ရှားတဲ့ ပန်းချီဆရာကြီး ဖြစ်ပေမယ့် ဧည့်ခန်း မှာ သူ့ ပန်းချီကားတွေ ကို နေရာ ပေးပြီး ချိတ်ဆွဲ ထားတာ မရှိဘူး ။ ပါမောက္ခ ဇနီးမောင်နှံ ရဲ့ နေအိမ် ဖြစ်ပေမယ့် ဘွဲ့ဝတ်စုံ အဆောင် အယောင် ဓာတ်ပုံ ဝင့်ကြွားမှု မတွေ့ရဘူး ။
သူတို့ နဲ့ ဆက်ဆံသူတွေ ငြိမ်းချမ်းမှု ကို ဝေမျှ ခံစားရနိုင်စေပါတယ် ။ ဆရာ့ ဘဝ ကို ကျွန်တော် သိချင် လို့ မေး တဲ့ အခါ ယခု လို ပြောပြပါတယ် ။
စစ်မဖြစ် ခင် ၁၉၃၇ မှာ ကျွန်တော် မွေးဖွားပါတယ် ။ ကျွန်တော့် မွေးတာ ဧပြီ ၂၂ ရက် ။ ဘာကြောင့် ဒါလေးကို ပြောမိတာလည်း ဆိုတော့ ကျွန်တော် တော်တော် လေး ကို လေးစားတဲ့ ကမ္ဘာ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ရှိပါတယ် ။ သူ က လည်း ဧပြီ ၂၂ ရက်မှာ မွေးပါတယ် ။
ကျွန်တော့် ဇာတိမြေ က ရွှေဘို နား က ရေဦးမြို့ ၊ မိဘ အလုပ်အကိုင် က မြို့သေးစတိုးဆိုင် ၊ ကုန်စုံဆိုင် ပေါ့ ။ စစ် မဖြစ်ခင် က မိုးညှင်းတောရ ဆရာတော်ကြီး က အင်မတန် တန်ခိုးကြီးတယ် ။ မိဘများ က လည်း မုံရွာ နား က မိုးညှင်းတောရ မှာ ဇရပ် ဆောက် လှူထားတာ ရှိတယ် ။ စစ် ဖြစ်ပြီ ဆိုတော့ မိဘများ မှာ ပြေးစရာ ခိုစရာ ဆိုပြီး ကိုယ့် ဇရပ်ကလေး ရှိရာ ခေါင်မိုးလေး ရှိရာ ပြေးခဲ့တာပေါ့ ။ စစ်အတွင်း ကာလ တစ်လျှောက်လုံး အဲသည် မှာ ပဲ ကျွန်တော်တို့ နေထိုင်ခဲ့ကြတယ် ။
ကျွန်တော် က ရှစ်နှစ် ၊ ကိုးနှစ်သား ။ မိုးညှင်း ဆရာတော်ဘုရားကြီး နေ့လယ် တရားပွဲ ကျင်းပတော့မယ် ဆိုရင် ဇရပ်ကြီး ထဲ မှာ အမျိုးသားတွေ က တစ်ဖက် ၊ အမျိုးသမီးတွေ က တစ်ဖက် သပ်သပ်စီ ထိုင်စောင့် နေကြတယ် ။ ကျွန်တော် က “ နိဗ္ဗာန်သို့ အလို့ငှာ ခင်းထားသော ဤ အခင်းပေါ် သို့ ကြွတော်မူပါ ဘုရား ” လို့ ဆိုပြီး ကြေးစည် ကို တီး လိုက်တယ် ။ ပရိသတ် အလယ် မှာ ခြောက်လက်မ လောက် မြင့်ပြီး နှစ်ပေ ၊ သုံးပေ လောက် ကျယ်တဲ့ လျှောက်လမ်း ကို သစ်သား အခင်း ခင်း ထားတယ် ။ ဆရာတော်ကြီး က အဲသည် အပေါ် က ကြွသွားတယ် ၊ ကျွန်တော် က နောက်က လိုက်ရတယ် ။
ဆရာတော်ကြီး က တရားဟော ပလ္လင် ပေါ် မှာ ထိုင် တော့ ကျွန်တော် က ပလ္လင် ရှေ့ ၊ စင်္ကြံလမ်း ထိပ်မှာ ထိုင်ရတယ် ။ ကလေး က အင်မတန် နက်နဲတဲ့ တရား တွေ ကို ဘယ်မှာ နာနိုင်မှာလဲ ။ တရား ပထမပိုင်း လေးပုံ တစ်ပုံ မှာ အိပ်ပျော် သွားတယ် ။ တရားဟော ပြီးတာ နဲ့ နောင် ဆို ကြေးမောင်း ထိုး ၊ ဒိုင်း ဆို စည် တီးလိုက် ရင် အိပ်ရာ က နိုးပြီး ဆရာတော် ဘုရားကြီး နောက် က လိုက် သွားတယ် ။
ကျွန်တော် နှစ်သက်တဲ့ ပန်းချီ ကို အင်မတန် နုနယ်ငယ်ရွယ် တဲ့ အရွယ် မှာ ရင်းနှီးကျွမ်းဝင် လိုက်ရတယ် ။ ကျွန်တော့် အစ်ကို အကြီးဆုံး ရဲ့ မိတ်ဆွေ က ကိုဥဂ္ဂါ ၊ နောင်ခါ ရဲမင်းကြီး ဦးဥဂ္ဂါ ဖြစ်သွားသူပေါ့ ။
ကျွန်တော့် အစ်ကို နဲ့ ကိုဥဂ္ဂါ က ပန်းချီ ဆွဲကြတယ် ။ ကျွန်တော် က ကလေး ဆိုတော့ ဘေး က ကြည့်တယ် ။ ဘုရားစေတီလေး ဆွဲတယ် ။ နောက် တစ်မျိုး ကတော့ ကလေးငယ် တစ်ယောက် ကတော့ ဗန္ဓုလဦးထုပ် အကြီးကြီး ဆောင်း ၊ ဟင်္သာခြေနင်းကြီး စီးပြီး လူကြီးမာန် နဲ့ နေတဲ့ပုံ ။
ဆရာတော်ဘုရားကြီး ဆီ မှာ နဂါးရုပ်တွေ ၊ ခြင်္သေ့ရုပ်တွေ ဆေးခြယ်တဲ့ ဆရာ ရှိတယ် ။ သူအို သူနာ သူသေ အရုပ်တွေ ၊ ဘုရား ထဲ မှာ ကနုတ်ပန်းတွေ ရေး ဆေးသုတ်တဲ့ တောသားကြီး တွေ ရှိတယ် ။ ကျွန်တော်တို့ ရဲ့ ယဉ်ကျေးမှု က အင်မတန် နုနယ်တဲ့ ကလေး တစ်ယောက် ကို ရိုက်ခတ် လိုက်တာ ။တော က ပန်းချီဆရာ ၊ ပန်းရန်ဆရာ ဟာ ကျွန်တော် ရဲ့ ပထမဆုံး impression ( ရိုက်ခတ် တဲ့ စိတ်ပိုင်းဆိုင်ရာ အထင်ကရ ) ပါပဲ ။
စစ်ကြီး ပြီးတော့ ရေဦး မှာ တစ်နှစ် လောက် ပဲ နေပြီး ကျွန်တော့် မိဘများ မန္တလေး သို့ ပြောင်းရွှေ့ပြီး နေကြတယ် ။ မန္တလေး ရောက် တော့ ကျွန်တော် နဲ့ ရွယ်တူတွေ အချို့က အားကစား လိုက်စားတာ တွေ့ ရတယ် ။ အချို့က ဂီတ လိုက်စားကြတယ် ။ ကျွန်တော့် ခန္ဓာကိုယ် ဖွဲ့စည်းပုံ က အဲဒါတွေ အတွက် အထောက် အကူ မပေးဘူး ။
စက်ဘီး တစ်စီး နဲ့ ဟိုသွား ၊ သည်သွား လုပ်ရင်း ပန်းချီဆရာတွေ ကို တွေ့တယ် ။ ရှေ့တော်ပြေးဝင်း ထဲ မှာ ဆရာကြီး ဦးဘသက်ဆီ သွားပြီး သူ ဆွဲတာ သွား ကြည့်တယ် ။ ဆရာကြီး က သူ့ လာ ရှုပ်တယ် လို့လည်း မမြင်ဘူး ။ သူ့ အလုပ် သူ လုပ် နေတာပဲ ။ ကျွန်တော် က ဆရာဦးစောမောင် ရဲ့ သားများ နဲ့ ကျောင်းနေ ဖက် မို့လို့ ဆရာ ပန်းချီ ဆွဲ နေတာ လည်း မြင်ရတယ် ။ နိပါတ်တော် လည်း ကြည့် ရတယ် ။ ဆရာဦးစံသင်း ဆွဲ တာ လည်း သွား ကြည့်တာပဲ ။
ကျွန်တော့် မိဘများ က ဆပ်ပြာ လုပ်တယ် ။ ဆပ်ပြာထုပ်တဲ့ စက္ကူ အတွက် တံဆိပ် လုပ်ဖို့ ဆရာဦးအောင်ချစ် က ရေး ပေးတယ် ။ ကျွန်တော် တို့ နေတဲ့ ၃၂ လမ်း ၊ ယွန်းတန်း ကို ဆရာဦးအောင်ချစ် လာတဲ့ အခါ လွယ်အိတ် ထဲ မှာ ဆွဲလက်စ ကားချပ်တွေ ပါတယ် ။ ကြည့်ရတယ် ။ သူ့ အိမ် လိုက်သွားတဲ့ အခါ သူ ဆွဲတာ ထိုင်ကြည့်တယ် ။
ကျွန်တော် ရဲ့ peer group လို့ ခေါ်တဲ့ အနီးကပ် အသက်ရွယ်တူ အုပ်စု က ဖိုးညို တို့ ၊ ပေါ်ဦး ( သက် ) တို့ သူတို့ က ပန်းချီ မှာ ပေါက်မြောက်ကြတယ် ။ ကျွန်တော် အခုလို ဖြစ်လာတာဟာ peer group က ရိုက်ခတ်တာ လည်း ပါတယ်လို့ ယုံကြည် ပါတယ် ။ သူငယ်ချင်းတွေ ရဲ့ ကျေးဇူး ကို မမေ့ဘဲ ပြန် ပြောတာပါ ။
Abstract Art ( စိတ္တဇပန်းချီ ) ကို ကျွန်တော် တော်တော်လေး နှစ်သက် ပါတယ် ။ Abstract ဆိုတာ ပုံ ဖျက်တာ မဟုတ်ဘူး ။ အနှစ် ကို နုတ်ယူ လိုက်တာ ။ အကောင်း ကို ရွေးထုတ်တာ ။ ဒါဟာ အဆန်းတကြယ် မဟုတ်ဘူး ။ ဖြစ်ရိုးဖြစ်စဉ် ပါပဲ ။ ကျွန်တော် က လူသားကောင်းစေချင်တယ် ။ Abstract Expressionism ( ခံစားမှု ကို ဦးစားပေး ဖော်ကျူးဟန် ) မှာ သူ့ မှာ ခံစားမှု ရပါစေ ဆိုတဲ့ စေတနာ ပါတယ် ။ ကျွန်တော် က သူ စိတ်ရှုပ် မသွားပါစေနဲ့ ၊ သူ့ မှာ ခံစားမှု ရပါစေ ဆိုတဲ့ စေတနာ ပါတယ် ။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးလို့ မန္တလေး ကို ကျွန်တော်တို့ ပြောင်းလာကြ ပြီးတော့ ဖာသာလဖုန်းကျောင်း မှာ နေတယ် ။ အဲသည် က ဆယ်တန်း အောင်ပြီး မန္တလေး တက္ကသိုလ် တက်ပါတယ် ။ ကျွန်တော် အင်မတန် ချစ်မြတ်နိုးတဲ့ ဆရာဒေါက်တာ စိန်တူ ဆိုတာ ရှိတယ် ။ ကျွန်တော့် ဘဝ မှာ ဆရာ့ ကို ကြည်ညိုတယ် ။ တက္ကသိုလ် ရောက် ကတည်း က ဆရာ က သူ့ အိမ် မှာ ထားတာ ၊ အတူတူ စားတာ ။
ဘွဲ့ရပြီး မန္တလေးတက္ကသိုလ် မှာ ကျောင်းဆရာ လုပ်ရင်း နိုင်ငံခြား ကို သွားရပါတယ် ။ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ် က Eotvos Loren တက္ကသိုလ် ကို သွား တက် ရပါတယ် ။
လူငယ်လေး တစ်ယောက် ရဲ့ စိတ်ဓာတ် ကို ထင်ဟပ် ရိုက်ခတ်ခဲ့တာလေး တစ်ခု ပြန် ပြောချင်ပါတယ် ။ လူထုဒေါ်အမာ က သူ ဥရောပ ခရီး သွားစဉ် က ဘူဒါပက်စ် ကို သွားခဲ့ပုံ ရေးသား ဖော်ထုတ်တယ် ။ ဓာတ်ပုံတွေ နဲ့ တကွ တွေ့ ရ တယ် ။ ဒါကို ကျွန်တော် တော်တော် စွဲလမ်း အားကျတယ် ။
ကျွန်တော် ကိုယ်တိုင် လေးနှစ် ကျော်ကျော် နေခဲ့ရတယ် ။ တစ်ရက် မှ ကျွန်တော် မဆုံးရှုံးဘူး ။ C.Jung ဆိုတဲ့ စိတ်ပညာရှင်ကြီး က ပြောဖူးတယ် ။ Dreams come true ကိုယ် ဆန္ဒ သိပ် ရှိတာတွေ ဟာ တစ်နေ့နေ့ မှာ ဖြစ်တယ် ။
ဆရာ ဒေါက်တာ စိန်တူ ရဲ့ အဆုံးအမ အတိုင်း ပေါက်မြောက် အောင် သင်ယူတယ် ။ ပြန် ရောက် တော့ လည်း ဆရာ့ ထံပါး မှာ ပြန်လည် တာဝန် ထမ်းဆောင်ပါတယ် ။
ကျွန်တော့် အဖေ က တော်တော်လေး သိုသိပ်တယ် ။ သူ့ ခံစားချက် ကို ဖော်ထုတ်လေ့ သိပ် မရှိဘူး ။ ကျွန်တော် နိုင်ငံခြား ပညာသင် သွားတော့မယ် ဆိုတဲ့ နေ့ က တော့ အိမ်ပေါက်လမ်းမ အထိ အဖေ လိုက်လာတယ် ။ ပြီးတော့ ကုက္ကိုပင်ကြီး အောက် မှာ ရပ်ပြီး ငါ့ သား ဟိုမှာ သွားတဲ့ အခါ စာ ရေးပါတဲ့ ပြောတယ် ။ ကျွန်တော် က လည်း တော်တော်လေး သဘောကျတယ် ။ နိုင်ငံရပ်ခြား သွားတဲ့အခါ ကင်းဝန်မင်းကြီး လည်း ခရီးသွားမှတ်တမ်း ရေးတယ် ။ ဆရာတင့်တယ် တို့ လည်း ရေးကြတယ် ။ သိပ္ပံမောင်ဝ လည်း အောက်စဖို့ဒ်သွား မှတ်တမ်း ရေးတယ် ။
ဆိုတော့ ကျွန်တော် လည်း ရေးမယ် ဆိုပြီး မှတ်သားလေ့လာ နေတာပေါ့ ။ တစ်ရက် ကျတော့ အဖေ့ ဆီ က စာ ရောက်လာတယ် ။ ငါ့သား နေ မှ ကောင်းရဲ့လား ။ ဘာကြောင့် အဖေ့ ဆီ စာ မရေးတာလဲ တဲ့ ။ သွားခါနီးတုန်းက အိမ်ရှေ့ မှာ သူ မှာ လိုက် တာ က အိမ် ကို ကျန်းမာကြောင်း စာ ရေးစေချင်တာ ။ ဒါလေးကို ကျွန်တော် အမြဲ သတိ ရတယ် ။ လူ တစ်ယောက် ဟာ ကိုယ့် ကိုယ် ကိုယ် အဟုတ်ကြီး မှတ်ရင် လွဲမှား တတ်တယ် ။
ဒေါက်တာ ကားဒေါ့လိုင်းရို့ခ်ျ ဆိုတဲ့ ဆရာကြီး က ကျွန်တော့် ကို ခေါ်တွေ့ တယ် ။ သူ က မြန်မာစာ ကြည့်ချင်တယ် တဲ့ ။ ပြစမ်းပါတဲ့ ။ ဒါနဲ့ ပတ်စပို့စာအုပ် မှာ ပုံနှိပ်ထားတဲ့ မြန်မာစာ ကို ပြလိုက်တော့ သိပ် လှတယ်တဲ့ ။ ပြီးတော့ မင်း မြန်မာ စကား ပြောစမ်းပါတဲ့ ။ ဘေး မှာ မြန်မာ လည်း မရှိဘူး ။ ဘယ်လို ပြောမလဲ ၊ မင်း ပြောချင်တာ ပြောပါတဲ့ ။
အဖေ ကျွန်တော် ဒီကို လာခါနီး မှာ ကျွန်တော့် အဖေ က စာ ရေးဖို့ မှာတာ ကို ကျွန်တော့် ရဲ့ အတွေ့အကြုံတွေ ကို စာအုပ်စာပေတွေ ထဲ မှာရေးဖို့ စုဆောင်း ကြိုးစားလို့ ပြောတယ် လို့ ထင်တာ ၊ ပြောလိုက်တာ က သူ့ ဆီ ကို ကျန်းမာချမ်းသာကြောင်း စာတိုက် က စာ ရေးဖို့ ပြောတာ ဖြစ်ကြောင်း ၊ အဲသည် အဖြစ်အပျက် ကို ပြောပြတယ် ။ ဆရာကြီး က နားစိုက်ထောင်ပြီး သိပ်လှတဲ့ ဘာသာစကား တဲ့ ၊ ကျွန်တော့် စိတ် မှာ လည်း သူ့ ကို ချစ်ခင် သွားတယ် ။ တန်ဖိုး လည်း ထားတယ် ။ သူ က ဘာအကြောင်း ပြောတာလဲ မေးတယ် ။ ကျွန်တော် က ဘာသာပြန် ပြီး ပြန် ပြော ပြတယ် ။
ဘူဒါပက်စ်မြို့ကြီး သာယာကြောင်း ၊ ကျွန်တော် စီးလာခဲ့ရတဲ့ လေယာဉ်ပျံ ကြီး ဘယ်လို ကြီးကျယ်ခမ်းနားကြောင်း ၊ ဇွန်းကြီး ခက်ရင်းကြီးတွေ နဲ့ ဘယ်လို စားသောက်ရကြောင်း ဆိုတာတွေ မဟုတ်ဘဲ ကိုယ့် အဖေ ပြောလိုက်တာလေး ပဲ ပြန် ပြောတာ ။ သူ တော်တော်လေး ဘဝင်ကျပုံ ရတယ် ။
ကံ ကောင်းချင် တော့ လည်း သည်လိုပါပဲ ။
☐ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment