❝ အရောင် တစ်ရောင် ပေါ်မှ အရုပ် တစ်ရုပ် ၏ အရိပ် ❞
( ၁ )
အငြိမ့်အဖွဲ့ ၊ ဇာတ်အဖွဲ့ တွေ အတော် များများ မှာ ကျင်လည်ခဲ့ လုပ်ခဲ့ ကိုင်ခဲ့ ဖူးလို့ ခု လက်ရှိ အရွယ် အထိ လည်း ဇာတ် ထဲ မှာ ပဲ လုပ်နေဆဲမို့ လူပေလူတေကြီး ကလည်း ဖြစ်ပြန်တာကြောင့် နောက်ပြောင် ခေါ်ရာက နာမည်ရင်း ပျောက်ပြီး ‘ ဇာတ်ဆွေးကြီး ’ လို့ အမည် တွင် နေတယ် ။
ဇာတ်သဘာဝ ဇာတ်အထာ နဲ့ ဇာတ်သဘော ဇာတ် အကြော ကို တော့ ကျေလိုက် ညက်လိုက်သမှ အားလုံး က ကို သိသိသာသာ တစ်မျိုး ၊ မသိမသာ တစ်မျိုး ဆရာ တင်ကြရတယ် ။ ဇာတ်ဆွေးကြီး ကို လိုတဲ့ ဇာတ်ရုပ်မှာ လိုသလိုသာသုံး ၊ သူ့ ဇာတ်ရုပ် ကို သူ ပီပီသသ သရုပ် ဆောင် သွားနိုင်တာချည်းပဲ ။ ကြမ်းခိုင်း မလား ၊ လွမ်းခိုင်း မလား ၊ လူပြက်လုပ်ခိုင်း မလား ၊ မင်းသားကြီး ပဲ လုပ်ခိုင်း ဦးမလား ။ လျှာဖျားသံ ၊ လျှာရင်းသံ ၊ အာသံ ၊ နှာသံတွေ နဲ့ ခေါင်း ၊ ခါး ၊ ခြေ ၊ လက် ဟန်ချက် ညီညီ ကပြပြီး ပရိသတ် အာရုံ ကို ခေါ်နိုင် ထိန်းနိုင်တဲ့ ထိ ကို စွမ်းတယ် ။
ဒါပေမဲ့ ဘယ် ဇာတ်ရုပ် ကို မဆို ပုံသေ တာဝန် အဖြစ် နဲ့တော့ ထားလို့ မရဘူး ။ မငြီးငွေ့ သေးသမျှတော့ ပုံသေ ဇာတ်ရုပ် တစ်ရုပ် အနေနဲ့ လုပ်နေကိုင်နေ ပေမယ့် အဲဒီ ဇာတ်ရုပ် ကို ငြီးငွေ့ လာရင် ဇာတ်ရုပ် ပြောင်းခိုင်းတယ် ။ ပြောင်းခိုင်းလို့ ပြောင်းပေးရင် ပေး မပေးရင် အကြေးလှန် တော့တာပဲ ။ အကြေးလှန်တယ် ဆိုတဲ့ ဇာတ်စကား ကို အရပ်စကား နဲ့ အဓိပ္ပာယ် ဖလှယ်ရရင် ပညာသားပါပါ နဲ့ ထော်လော်ကန့်လန့်တွေ လုပ်လာတယ်လို့ ပြောရမှာပဲ ။
အတူ အလုပ် လုပ်ခဲ့ဖူးတဲ့ တချို့ အငြိမ့်ထောင် ဇာတ်ထောင်တွေ က ဇာတ်ဆွေးကြီး ကို ပြန် အရွဲ့တိုက်ပြီး ကားလိပ်တင် ကားလိပ်ချနေရာ မှာ ပစ္စည်း အတင်အချ နေရာတွေ မှာ ထားဖူးတယ် ။ ဇာတ်ဆွေးကြီး က ကျေကျေနပ်နပ် လက်ခံပြီး မငြီးငွေ့ သေး သမျှတော့ လုပ်တာပဲ ။ ဘာပဲ လုပ်ရလုပ်ရ ဘာပဲခိုင်းခိုင်း သဘောတူ ထားတဲ့ ညကြေး ကို တော့ အလျော့ လည်း မခံဘူး ။ ပို ဖို့ လည်း မလိုဘူး ။ ဒါ တစ်ချက် ကို တော့ သူ မူသေ ကိုင်ထား တယ် ။ စာချုပ် ထဲ မှာ လည်း ထည့် ချုပ်ထားတယ် ။
အိမ်ထောင် ကျဖူးပေမယ့် ဇာတ်ဆွေးကြီး မှာ သား ထောက်သမီးခံ မရှိဘူး ။ အိမ်ထောင်သက် လေးငါးနှစ် မှာ ကလေး မထွန်းကားခဲ့ဘူး ။ ကလေး က လည်း မရ ။ ဇာတ်ဆွေးကြီး ကလည်း ဖဲသမား လုံးလုံး အဖြစ် နဲ့ လင်သား တာဝန် မကျေလေတော့ အိမ်ထောင် ကွဲသွားတယ် ။
သည်ဘက် နောက်ပိုင်းမှာ ကြုံသလို ကျသလို ကြုံရာကျရာ မှာ အပူအပင် အကြောင့်အကျမဲ့ သွားလာ နေထိုင်စားသောက်တယ် ။ လင်မယား ကွဲကာစ တစ်နှစ် မရှိတတ် ရှိတတ်လောက်ထိ ဖဲပြတ် သွားပေမယ့် နောက် ပိုင်းမှာ ပြန် ကစား လာလိုက်တာ ခုချိန်ထိပဲ ။
ဇာတ်ဆွေးကြီး စွဲစွဲလမ်းလမ်း မူသေ ပုံသေ လုပ် တာ ဖဲသမား ဇာတ်ရုပ် တစ်ခုတည်း ပဲလို့ ဟိုလူ က ပြော ဒီလူ က ပြော ပြောကြတဲ့ အခါ ဘာမှ ပြန်မပြောဘဲ ပြုံးနေ တတ်တယ် ။ တကယ်လည်း ဖဲချပ် ကို ကိုင်ရ မှ ဖဲပွင့် ကို ကြည့်ရမှ ကစားမယ့် ဘက် မရှိရင် တစ်ယောက်တည်း လည်း ကစား နေတတ်တဲ့လူ ။
တစ်ခု တော်သေးတာ က သူ့ဇာတ် အလုပ်ဘက် မှာ တော့ ပျက်ပျက်ကွက်ကွက် မရှိဘဲ တာဝန် ကျေရှာတယ် ။ ဒါကြောင့်လည်း သူ့ ကို သုံးဖြစ်နေကြသေးတာ ။
( ၂ )
“ တို့ ခပ်ငယ်ငယ်တုန်း ကတော့ မင်းသား လည်း မင်းသား အရည်အသွေး ရှိမှ ၊ မင်းသမီး လည်း မင်းသမီး ပညာ စုံမှ ၊ လူပြက် ကလည်း လူပြက် ပီပီသသ ပြက် တတ်မှ ။ ခုခေတ် ကတော့ဖြင့် မဟုတ်တော့ပါဘူး ။ ဇာတ် စာ ကျက်ရမှာ ကိုပဲ သေးသိမ်နေ သလိုလို ၊ ကိုယ် ကပဲ အစစအရာရာ အလိုလို သိနေ တတ်နေ သလိုလိုနဲ့ ကိုယ့် အလုပ် ကိုယ့် ပညာကို လေးစားရ ကောင်းမှန်း ၊ ဆည်းပူးရ ကောင်းမှန်း တောင် မသိကြဘဲ တော်သလို ရော်သလို ပေါ့ပေါ့နေ ပေါ့ပေါ့လုပ် ပေါ့ပေါ့စားတဲ့ ခေတ်ပဲ ။ ကိုယ် တိုင် က ကိုယ့် အလုပ် ကို တန်ဖိုး မထားတော့ ဘယ်သူ က ကော ကိုယ့် အလုပ် ကို တန်ဖိုး ထားပါဦးမလဲ ။ ဒါ့ကြောင့် ဒီကနေ့ ခေတ် ဒီကနေ့ အခါမှာ အငြိမ့်တွေ ၊ ဇာတ်တွေ ကို ပရိသတ် က ဟိုတုန်း ဟိုအခါ က လောက် စိတ်ဝင်တစား အားမပေး ကြတာပေါ့ ။ ပြင်ချိန်တန် လို့မှ မပြင်ရင် ထမင်း ရှာ စားဖို့တောင် ပိုပြီး ခက်ခက်လာလိမ့်ဦးမယ် ”
“ ကဲပါ ... ဦးဇာတ်ဆွေးကြီး ရယ် ၊ မင်းသား မင်းသမီး နဲ့ လူပြက်ပညာတွေ ကို ရှင်းပြစမ်းပါ ၊ ကျွန်မတို့ မှတ်သား ကြရတာပေါ့ ”
ယိမ်းမင်းသမီး ရတနာကြည် က ဇာတ်ဆွေးကြီး ကို ရှင်းပြခိုင်းတယ် ။ ဇာတ်ဆွေးကြီး က ရတနာကြည် အပါ အဝင် သုံးယောက် စလုံးရဲ့ မျက်နှာ ကို စေ့စေ့တင်းတင်း ကြည့်ပြီး မှ မျက်နှာကြော ကို လျှော့လိုက်ပြီး...
“ မင်းသမီး က စပြောမယ် ၊ အသေအချာ နားထောင် ။ ပိုး ၊ မွေး ၊ မျှော် ၊ ခေါ် ၊ အောင် ၊ ဇော် ၊ လု ၊ ဘ ၊ ရူး ၊ အ ၊ သေ ၊ ပစ် တဲ့ ။ ဒါ မင်းသမီးကောင်း ဖြစ်ဖို့ တတ် ကို တတ်ရမယ့် ပညာတွေပဲ ။ ‘ ပိုး ’ ဆိုတာ က မိန်းမနောက်ပိုး ပိုးတတ်ရမယ် ၊ လင်ပိုး တတ်ရမယ် ။ ‘ မွေး ’ က သဏ္ဌာန် လုပ် သရုပ်နဲ့ တူအောင် ကလေး မွေးတတ်ရမယ် ။ ‘ မျှော် ’ လင်မျှော်တတ်ရမယ် ။ ‘ ခေါ် ’ လင်ကို ခေါ်တတ်ရမယ် ၊ လင်ခေါ်ရင် ထူးတတ်ရမယ် ။ ‘ အောင် ’ ဆိုတာက ရှင် မအောင်ဖြူဇာတ် ကို နိုင်အောင် ကနိုင်ရမယ် ။ ဘာဖြစ်လို့ ရှင်မအောင်ဖြူဇာတ် ကို နိုင်အောင် ကနိုင်ရမလဲ ဆိုတော့ ရှင်မအောင်ဖြူဇာတ် မှာ က အငိုအယို ၊ အရယ်အမော ၊ လင်ပစ်သားပစ် စတဲ့ စရိုက်အစုံ ပါတာကြောင့်ပဲ ။ ‘ ဇော် ’ ဇော်က ကတတ်ရမယ် ။ ‘ လု ’ လင်လု ၊ သားလု လုတတ် ရမယ် ။ ‘ ဘ ’ ဘီလူး က ကတတ်ရမယ် ။ ‘ ရူး ’ အရူးလို သရုပ်ဆောင် နိုင်ရမယ် ။ ‘ သေ ’ က လင်သေ ၊ သားသေ ၊ လူသေ အဲ ... အဲဒီ အသေကိစ္စမှာ အပူတိုက် နိုင်ရမယ် ။ ‘ ပစ် ’ ကတော့ လင်ပစ် ၊ သားပစ် ကို ဆိုလိုတာပဲ ။ လင်ပစ် သားပစ် ခံရလို့ ပူတဲ့ အပူမျိုး ကို သရုပ်ဆောင်နိုင်ရမယ် ။ ဒီလို အတတ်ပညာတွေ နဲ့ ပြည့်စုံတဲ့ မင်းသမီးမျိုး ကို မှ မင်းသမီးပညာ စုံတဲ့ မင်းသမီးကောင်း လို့ သတ်မှတ်ကြ တာ ”
“ အား ... မလွယ်ပါလား ဦးဇာတ်ဆွေးကြီး ရဲ့ ” လို့ ရတနာကြည် က စကား ဝင်ထောက်တယ် ။
“ ညည်းတို့ ခေတ် မှာ မင်းသမီး ဖြစ်ဖို့ က လွယ်ပါ တယ်အေ ၊ ကိုယ်လုံးကိုယ်ထည်လေး တောင့်တောင့်တင်းတင်း နဲ့ ကြာပစ် ကောင်းပြီး လက်ခုပ် တီးရင်း သံပြိုင် ဟစ် တတ်ရင် မင်းသမီး ဖြစ်နေတာပါပဲ ”
“ ဦးဇာတ်ဆွေးကြီး ကလည်း နှိမ်လိုက်တာ ၊ သမီးတို့ မင်းသမီးတွေ နေရာ မရတာတော့ ထည့် မပြောဘူး ။ ဘယ် မင်းသမီး က လက်ခုပ်ပဲ ထိုင် တီးချင်ပါ့မလဲ ”
“ ဟုတ်တော့ ဟုတ်ပါတယ် ။ ဒီ ကိစ္စလည်း ဇာတ်သဘင် မှာ ပြောင်းလဲဖို့ ကောင်းနေပြီ ။ ကဲ .. ဒါကို ထား တော့ ။ မင်းသမီး ပြီးရင် လူပြက်ကိစ္စ ဆက် ပြောမယ် ။ လူပြက် သို့မဟုတ် လူရွှင်တော် ပေါ့လေ ။ လေယူမျက်နှာ ၊ မူယာမချို့ ၊ ခေါ်ပို့ထိမိ ငါးမျိုးရှိ မှတ်ဘိ ပြက်လုံးကောင်း တဲ့ ။ ‘ လေယူ ’ ဆိုတာက လေယူလေသိမ်း ကောင်းရမယ် လို့ ဆိုလိုတာ ။ ‘ မျက်နှာ ’ က မျက်နှာထား ထားတတ် ရမယ် ။ ‘ မူယာမချို့ ’ ဆိုတာ ကတော့ ကိုယ်ဟန် အမူအရာ ကောင်းရမယ်လို့ ဆိုလိုတာ ။ ‘ ခေါ်ပို့ ’ က ပြက်လုံး ကို ခေါ်တတ် ပို့တတ်ရမယ် ။ ‘ ထိမိ ’ ကတော့ စကားလုံး ကို ထိထိမိမိ သုံးတတ်ရမယ် ။ အဲဒီ ငါးမျိုး ကို ပြည့်ပြည့်စုံစုံ နဲ့ ပြက်တဲ့ ပြက်လုံး ကိုမှ ပြက်လုံးကောင်း ဖြစ်တယ်လို့ ဆိုလို လိုက်တာပဲ ။ ဒါ အကျဉ်း လောက်ပဲ ရှိသေးတယ် ။ လူပြက် ပြက်ပုံပြက်နည်းတွေ ဆက် ပြောမယ်ဆိုရင် တစ်နေကုန် ပြောတောင် ပြီးမှာ မဟုတ်ဘူး ။ ကဲ ... မင်းသား ကို ဆက် ပြောမယ် နားထောင် ”
“ မင်းသား က တော့ ဦးဇာတ်ဆွေးကြီး ပြောမပြ လည်း ကျွန်တော် က တော့ သိပြီးသားပါ ”
ရတနာကြည် နဲ့ သင်းသင်းရီ က မီးထိုးသမား အောင်မောင်း ကို မျက်စောင်း ဝိုင်းထိုးကြတယ် ။
ဇာတ်ဆွေးကြီး ကတော့ ပြုံးပြီး ‘ ဆိုပါဦး ’ လို့ အောင် မောင်း ကို မေးဆတ် ပြတယ် ။
“ အသံတွေ ဟန်တွေ သိပ် ကောင်း နေဖို့ မလိုဘူး ။ လက်ချိုး ခြေချိုး အကွက်ကျကျ ကတတ်ဖို့ လည်း မလိုဘူး ။ ( တစ် ) ဗျိုင်းခုန် ခုန်တတ်ရင် ( နှစ် ) သီချင်း ကို အစလေးပဲ စပေးပြီး မင်းသမီးတွေ က လက်ခုပ်သံ နဲ့ သံပြိုင် ဟစ်ပေးရင် ( သုံး ) ဇာတ်ထောင် ဇာတ်ဆရာ ရဲ့ သားဖြစ်မယ်ဆိုရင် ဒါ မင်းသား ဖြစ်ပြီပဲပေါ့ ။ မဟုတ်ဘူး လား ကျွန်တော် ပြောတာ ။ လက်တွေ့ နီးနီးစပ်စပ် မှာ ကို ပြနိုင်တယ်နော် ။ ငြင်းဖို့ မကြိုးစားကြနဲ့ ”
အောင်မောင်း စကား ဆုံးတာနဲ့ အားလုံး ခွက်ထိုး ခွက်လှန် ကို ရယ်ကြတယ် ။ အောင်မောင်း ကိုယ့် ဇာတ် က ဇာတ်မင်းသား ကို စောင်းတုပ်မှန်း အားလုံး နားလည် နေကြတယ် ။ ဇာတ် နောက်ပေါက် အဝက ဝင် လာတဲ့ ဇာတ်ထောင် ဇာတ်ဆရာ တွေ ကို လှမ်း တွေ့လိုက်တာ ကြောင့် တစ်ယောက် နဲ့ တစ်ယောက် မျက်နှာရိပ် မျက်နှာကဲ ပြလိုက်ကြတယ် ။ ဇာတ်ထောင် က သူတို့ ကို စွေတောင် ကြည့် မသွားဘဲ သူ့လမ်းသူ သွားတယ် ။
“ ကဲ .. ကဲ ကိုယ့် အလုပ် ကိုယ် ဆက် လုပ်ကြတော့ ။ လုပ်စရာ မရှိလည်း နားကြ ၊ တော်တော်ကြာ ကျရင် ရေလုံပြုတ် နဲ့ စားကြရတော့မယ် ။ ပရိသတ် အမြင်မှာတော့ လှလှပပ နဲ့ အားကျစရာ ဘဝ ။ ဇာတ်ခုံ နောက်က တကယ့် ဘဝ ကို လာကြည့်စေချင်စမ်းတယ် ”
ဇာတ်ဆွေးကြီး က ဝိုင်း ကို သိမ်းလိုက်တယ် ။ ရတနာကြည် ၊ သင်းသင်းရီ နဲ့ အောင်မောင်း စကားဝိုင်း က ထတော့ သူ့ ထင်းရှူးသေတ္တာလေး ထဲ က ဖဲထုပ် ကို ထုတ်ပြီး ကု,လားဖန် ထိုးလိုက်တယ် ။ နှစ်ခါ သုံးခါလောက် ကု,လားဖန် ထိုးပြီးမှ ဖဲထုပ်ကို ကိုယ်ချိုး ကိုယ်ဝေ ဝေတယ် ။ ငါးအိမ်လုံး က ဖဲသုံးချပ်စီ ကို တကယ့်ဝိုင်းမှာ ကစား နေသလိုပဲ ပွတ်ပြီး အပွင့် ကြည့်တယ် ။ စိတ်အေး လက်အေးပဲ ။ ဘယ်ကိုမှ အာရုံ မလွင့်ဘူး ။
ဇာတ်ထောင် နဲ့ ဇာတ်မင်းသား သုတ်သီးသုတ်ပျာ နဲ့ ဇာတ်ရုံထဲ က ထွက်သွားတာ ကိုလည်း ဖဲချပ် ပေါ်မှာပဲ သူအာရုံစိုက် နေတာကြောင့် လုံးလုံး မသိလိုက်ဘူး ။ မနက် ထမင်းစားချိန် မှာ ထမင်းစားဖို့ ထမင်း သွားထည့် တော့မှ ဇာတ်ဆရာ ရဲ့ အမေ ရောဂါ ပြန် ထလာတဲ့ အကြောင်း ကြားရတယ် ။ ကိုယ့်မြို့ ကိုယ် ပြန် ကနေ တုန်းမို့ ကိုယ်ထိ လက်ရောက် ပြုစုခွင့် ရတာ တော်သေး ရဲ့ လို့ တွေးမိလိုက်သေးတယ် ။ ‘ နောက်နေ့ မနက် တော့ သတင်း သွားမေးဦးမှ ’ လို့ တခြား လူတွေ ကြားအောင် ပြော ခဲ့သေးတယ် ။
••••• ••••• •••••
“ တောက် ... လူကြီး ပြီး အချိန် မစီးတဲ့ လူကြီး ၊ ကျုပ် ဘွားအေ သာ တိမ်းပါး သွားရင်တော့လား ခင်ဗျား နဲ့ ကျုပ် အတွေ့ပဲ ”
ဇာတ်မင်းသား က ဇာတ်ဆွေးကြီး ကို လက်ညှိုး တငေါက်ငေါက် ထိုးပြီး ကြိမ်းတယ် ။ ဇာတ်ဆွေးကြီး က တစ်ခုခု ပြန် ပြောမယ်လို့ ပါးစပ် ပြင်ပြီးမှ ဘာမှ ပြန် မပြောဘဲ သက်ပြင်းချတယ် ။ ဇာတ်ဆွေးကြီး စိတ် ထိထိ ခိုက်ခိုက် နဲ့ ခံစားနေရတဲ့ ပုံပဲ ။
ဇာတ်ဆွေးကြီး ရှေ့က ဇာတ်မင်းသား ချာခနဲ လှည့် ထွက်သွား မှ ဘေးက ဝိုင်း မေးကြတယ် ။ ဇာတ်ဆွေးကြီး က ဘယ်သူ့ ကို မှ ဘာမှ မဖြေဘဲ မချိပြုံး ပြုံးပြတယ် ။ ပြီးတော့ ဝိုင်း မေးကြတဲ့ လူတွေ ကြားထဲ က ခပ်ဖြည်းဖြည်း ထ သွားတယ် ။
ညဦးပိုင်း ဇာတ် က ရတော့မယ့် အချိန် မင်းသား ပြင်ဆင်နေသခိုက် မှာ မင်းသား ရဲ့ လက်စွဲတပည့် နီတိုး ကို မင်းသား က အကျိုးအကြောင်း ပြောပြတော့မှ တစ်ဆင့် စကား တစ်ဆင့် ကြား နဲ့ အဖြစ်အပျက် ကို အားလုံး သိသွားကြတယ် ။ ကြားရတဲ့ သူတွေ အားလုံး အံ့ဩ သွားတယ် ။
“ မင်းသား စိတ်ဆိုးမယ် ဆိုရင်လည်း ဆိုး လောက်တယ် ။ ဦးဇာတ်ဆွေးကြီး က ဒီလောက်တောင် ဆိုတော့ လွန်တာပေါ့ ” လို့ တစ်ညီတည်း ဝေဖန် ကြတယ် ။
နောက်နေ့ ကျတော့ အဲဒီ အကြောင်း ကိစ္စ နဲ့ ပတ် သက်ပြီး ဇာတ်ဆွေးကြီး ကို စွေတဲ့ လူ က စွေ ၊ စောင်း တဲ့ လူ က စောင်းကြတယ် ။ ‘ လွန်တာပေါ့ ’ လို့ မကြား တကြား နဲ့ ပြောတဲ့ လူက ပြောတယ် ။ ဇာတ် ထဲ မှာ အသက် အကြီးဆုံး လည်းဖြစ် ၊ ဇာတ်ခေါင်းအုပ် ဇာတ်ဦးစီး လို ဖြစ်နေတဲ့ ဘထွေးမင်းခေါင် ကတော့ လူကြီး ပီပီသသ ‘ ဘယ်လို ဖြစ်တာလဲ ’ လို့ လေပြည်လေး နဲ့ မေး ရှာတယ် ။
“ ကျွန်တော့် မှာ ရှိတဲ့ ဖဲထုပ် အဟောင်း က ဟောင်း လွန်းတော့ ကု,လားဖန် ထိုးလို့ မကောင်းတော့ တာကြောင့် လူနာ သွား မေးရင်း ဖဲထုပ် အသစ် ဝယ် သွားမိတာပါ ။ ခါးပိုက် ထဲ ကို ဖဲထုပ် ထည့်ထားတာ မေ့ပြီး လူနာ မေးပြီး ပြန် အထမှာ ပုဆိုး ပြင် ဝတ်လိုက်တော့ ဖဲထုပ် က ကျသွား တာ ။ တစ်မျိုး ထင်စရာ ဖြစ်သွားတာပေါ့ ။ လူနာ ဘေးမှာ ရှင်းပြရင် မကောင်းတဲ့ စကားမို့ ဘာမှ ရှင်းပြ မနေတော့ဘဲ ကျွန်တော် ဖဲထုပ် ကောက်ပြီး ပြန်လာတာ ”
ဇာတ်ဆွေးကြီး စကား ဆုံးတော့ ဘထွေးမင်းခေါင် က ဘာမှ ပြောမနေတော့ဘဲ သက်ပြင်းပဲ ချပြီး လှည့်ထွက် သွားတယ် ။
ကံကောင်း ထောက်မစွာ ပဲ နောက် သုံးလေးငါးရက် ဇာတ်မကူး ခင် မှာ မင်းသား ရဲ့ ဘွားအေ ထူထူထောင် ထောင် ပြန် ဖြစ်လာတယ် ။ မင်းသား နဲ့ ဇာတ်ဆွေးကြီး ရဲ့ အဆက်အဆံ ကတော့ သိသိသာသာ ကို တန်း သွားတယ် ။ ဇာတ်ရာသီ ကုန်ရင်တော့ တစ်ယောက် နဲ့ တစ်ယောက် အစေး ကပ်ကြတော့မှာ မဟုတ်ဘူးလို့ ဘေးလူတွေ က ထင်ထားကြတယ် ။
ဒါပေမဲ့ ဇာတ်ရာသီ ကုန်ပြီး နောက် တစ်ရာသီ အတွက် စာချုပ် ချုပ်ကြတဲ့ အခါကျတော့ မင်းသား တို့ မိသားစု နဲ့ ဇာတ်ဆွေးကြီး ဘာမှ ဖြစ်မထားသလိုပဲ အသုံး ကြိုပေးတဲ့သူ က ပေး ယူတဲ့ လူ က ယူပဲ ။
( ၃ )
လုံးလုံးလျားလျား ဇာတ် နားရတဲ့ နှစ်လလုံးလုံး မှာ ဖဲဝိုင်းတွေ မှာပဲ ဇာတ်ဆွေးကြီး အချိန် ကုန်တယ် ။ အနိုင် အရှုံး ကတော့ နှဲသမားပါးစပ် လို ပိန်လိုက်ဖောင်းလိုက်ပဲ ။ ဇာတ် ပြန်တိုက်ဖို့ စုရုံးရမယ့် ရက် မရောက်ခင် တစ်ပတ် လောက် အလိုမှာ ဝမ်းမမှန် ၊ လေမမှန် နဲ့ ငုတ်တုတ် ဖျား ဖျားရာက အအိပ်မမှန် အစားမမှန် ခဲ့တဲ့ ဒဏ် ကပါ စု ထိသလို ဖြစ်ပြီး အိပ်ရာ ထဲ ဘုန်းဘုန်း ကို လဲတော့တယ် ။
ဇာတ်တိုက်ဖို့ စုရုံးရမယ့် ရက်မှာ အရောက် မသွား နိုင်တော့ဘူး ။ ရှိတဲ့ ငွေလေး ကြေးလေး ကို တတိတိ အကုန်ခံပြီး ဆေးဝါး ကုသပေမယ့် အခြေအနေ က ကောင်းမလာတဲ့ အပြင် ပိုလို့တောင် ဆိုးဆိုး လာတယ် ။ အမျိုးအဆွေ တွေ နဲ့ အနီးအနား ဝန်းကျင် ရပ်ဆွေရပ်မျိုး တွေ ကလည်း နိုင်သလောက် ဝိုင်းကူညီကြရှာပါတယ် ။ ဒါပေမဲ့ တစ်နေ့ ထက် တစ်နေ့ ပိုပို ဆိုးလာတယ် ။
ရောက်ရမယ့် အချိန် ရောက် မလာဘဲ ဇာတ်တိုက်ပြီး လုလု ရက်နှစ်ဆယ် တစ်လနီးနီး ထိ ဘာသတင်း အစအန မှ မကြားရ တာကြောင့် ဇာတ်ထောင် ဇာတ်ဆရာ ရိုးတိုးရွတ ဖြစ်လာတယ် ။ ကနဦး ထင်ထားသလို တခြား ဇာတ်အဖွဲ့ အငြိမ့်အဖွဲ့ တစ်ဖွဲ့ ဖွဲ့ ကို ပြောင်းသွား တာ မဟုတ်တာတော့ သေချာသလောက် ပဲလို့ ဆွေးနွေး ယူဆလာကြတယ် ။ ဘထွေးမင်းခေါင် က အကျိုးအကြောင်း ကို အသေအချာ သိရအောင် သူ နေတဲ့ အရပ် ကို လူလွှတ်ပြီး စုံစမ်းခိုင်းဖို့ ဇာတ်ထောင် ဇာတ် ဆရာ ကို အကြံ ပေးတယ် ။ မင်းသား က လူငယ်ပီပီ စိတ်မြန်လက်မြန်ပဲ ။ သူ့ တပည့် နီတိုး ကို စရိတ်ပေးပြီး ဇာတ်ဆွေးကြီး ဇာတိ အထက်အရပ် ကို သွား စုံစမ်းခိုင်း တယ် ။
ဇာတ်ဆွေးကြီး ဆီ နီတိုး မရောက် ခင် တစ်ရက် ကပဲ ဇာတ်ဆွေးကြီး ကို ဆွေမျိုးတစ်စု နဲ့ အရပ် က ဆေးရုံ တင် လိုက်ကြတယ် ။ နီတိုး ဇာတ်ဆွေးကြီး ကို ဆေးရုံပေါ် မှာ လိုက် တွေ့ ရတယ် ။ အားပေးစကား ပြောပြီး ဆေးကု စရိတ် ကို မဖြစ် ဖြစ်အောင် ယူလာမယ့် အကြောင်း နီတိုး က ပြောတော့ ဇာတ်ဆွေးကြီး က ခေါင်း မညိတ် ခေါင်း မခါဘဲ မျက်ရည် တလည်လည် နဲ့ ပြုံးပြတယ် ။ တစ်သက်လုံး ပေခဲ့တေခဲ့ သမျှ ဒဏ်ကို တစ်ပေါင်းတည်း စု ခံရသလိုမျိုး ဆိုတာ့ ယဲ့ယဲ့ကလေး မှ ခမျာ တကယ့် ကို ယဲ့ယဲ့လေးပဲ ။
နီတိုး ဇာတ်အဖွဲ့ ဆီ ပြန် ရောက်ပြီး အကျိုး အကြောင်း ပြောပြတယ် ။ အားလုံး စိတ်မကောင်း ကြဘူး ။ ဇာတ်သူဇာတ်သားတွေ အားလုံး ငွေစုထည့်ကြ တယ် ။ ဇာတ်ထောင် က ဇာတ်ထောင် သ,တ်သ,တ် မင်းသား ကလည်း မင်းသားသီးသန့်ငွေ အတော်များများ ထည့် ကြတယ် ။ နီတိုး နဲ့ နောက် တစ်ယောက် ကိုပါ အတူတွဲ ထည့်ပြီး ငွေပို့ ခိုင်းတယ် ။
နီတိုး တို့ ဆေးရုံ ကို ရောက်တဲ့ အချိန်မှာ ဇာတ်ဆွေးကြီး သတိ မရ တစ်ချက် ရ တစ်ချက် နဲ့ မြောနေရှာပြီ ။ ဇာတ်ဆွေးကြီး ဘေးမှာ စောင့်နေတဲ့ အမျိုးအဆွေ လူနာ စောင့်တွေ ကို အသံ မထွက်ဘဲ မေးထိုးပြီး အခြေအနေ မေးတော့ ခေါင်းခါ ပြကြတယ် ။ နီတိုး က သူ ပြန်ရောက် လာတဲ့ အကြောင်း နဲ့ ဆေးကုစရိတ် ငွေပါ ယူလာတဲ့ အကြောင်း ဇာတ်ဆွေးကြီး နားနားကပ် ပြောတယ် ။ ဒါပေမဲ့ ဘာမှ မကြားတော့ မသိတော့တဲ့ ပုံနဲ့ သေမင်း နဲ့ စစ်တလင်း မှာ စစ်ခင်း နေရရှာတယ် ။ နောက်ထပ် တစ်နာရီ ကျော်ကျော် လောက် ကျတော့ ဇာတ်ဆွေးကြီး ဇီဝိန် ချုပ်တယ် ။
အလောင်း ကို အိမ်ပြန် မသယ်ကြတော့ဘဲ ဆေးရုံ မှာတင် ပြင်ဆင်ပြီး နောက်နေ့ ကျတော့ ဆေးရုံ ကနေ သင်္ချိုင်းကုန်း ကို တန်းချတယ် ။ မြေချခါနီး မှာ နီတိုး က ဇာတ် ကို လာဖို့ မလိုတော့တဲ့ အကြောင်း လိပ်ပြာခွဲ ရတယ် ။ ဇာတ်ဆွေးကြီး အသုဘ က သူ့အရပ် မှာ မို့လား တော့ မသိဘူး အတော့် ကို စည်တယ် ။ သေပန်းပွင့်တယ် လို့များ ပြောရမလောက်ပဲ ။
နီတိုး နဲ့ သူ့ အဖော် က ဇာတ်က ပေးလိုက်တဲ့ ဆေးကု စရိတ် ကို အရပ် ကို အပ်တယ် ။ အရပ် လူကြီးတွေ က ဇာတ်ဆွေးကြီး မှာခဲ့တဲ့ အတိုင်း ဇာတ်ဆရာ ဆီ က ကြိုထုတ်ခဲ့တဲ့ အသုံးငွေ ကို အဲဒီ ငွေ ထဲ ကပဲ ပြန် နုတ်ပေး တယ် ။ နီတိုး တို့ က ယူဖို့ အကြောက်အကန် ငြင်းတယ် ။ ဒါပေမဲ့ သေသူ မှာခဲ့တဲ့ စကားမို့ မယူဘဲ မနေပါနဲ့လို့ အရပ်လူကြီးတွေ ကလည်း တစ်လေတည်း ထွက်တယ် ။ “ ဒါဖြင့် ငွေ ပါမလာရင် တော့ ကော ” လို့ နီတိုး က ကပ်ကပ်သပ်သပ် ပြန် မေးတယ် ။ လူ မလာရင် ဒါမှမဟုတ် လူ လာရဲ့ နဲ့ ငွေ မပါခဲ့ရင်တော့ ဟောဒီ ဖဲထုပ် ကိုပေး လိုက်ပြီး ရတဲ့ အကောက် နဲ့ အသုံး ကြိုငွေ ကို ပြန်ဆပ်ပေး ပါလို့ မှာခဲ့တဲ့ အကြောင်း ဖဲထုပ် တပြပြ နဲ့ နီတိုး ကို တစ်ယောက် က ပြန် ရှင်းပြတော့ နီတိုး ဆိုတာ ငို ပဲ ငိုရတော့ မလိုလို ၊ ရယ် ပဲ ရယ်ရတော့ မလိုလိုနဲ့ ဘာပြောလို့ ဘာလုပ်ရမှန်း မသိ ကို ဖြစ်သွားတယ် ။ ဇာတ်ဆွေးကြီး သူ့ အလုပ်ပေါ် သူ ကျွမ်းကျင် ကျေပွန်တတ်တာနဲ့ သူ့ အလုပ် ပေါ်မှာ သူ ထားတဲ့ မာန ကို နီတိုး ဇာစ်ဇာစ်မြစ်မြစ် နားလည် လိုက်တယ် ။
အရပ်လူကြီး တစ်ယောက် က ဟိုဘက် ဒီဘက် ကောင်းအောင် အသုံးကြိုငွေ တစ်ဝက် နဲ့ ဖဲထုပ် ကို နီတိုး က ယူသွားဖို့ ဝင်ဖျန်တယ် ။ “ ဒီမှာ ကစားဖို့ ဖဲထုပ် ကော ထားခဲ့ရဲ့လား ” လို့ နီတိုး က အရွှန်းဖောက် မေးတော့ တစ်ယောက် က ဖဲထုပ် နောက် တစ်ထုပ် ကို ပြပြီး “ ထားခဲ့ ပါတယ် ” လို့ အတည်ပေါက် ဝင်ဖြေတယ် ။ နီတိုး ဆိုတာ ကိုယ့် နဖူး ကို ကိုယ့် လက် နဲ့ ရိုက်ပြီး အအ တစ်ယောက် လို ဘာ ပြောရမှန်း မသိ ကို ဖြစ်သွားတယ် ။
ရက်လည် အောင် အထိ နေလို့ မဖြစ်တော့ အသုဘ မြေကျပြီး နောက် တစ်နေ့ မှာ အသုံး ကြိုငွေ တစ်ဝက် နဲ့ ဖဲထုပ် တစ်ထုပ် ယူပြီး နီတိုး ပြန်လာလိုက်တယ် ။ ဖဲထုပ် နှစ်ထုပ် လည်း ဝယ်ပေးခဲ့ လိုက်တယ် ။
( ၄ )
ဇာတ်အဖွဲ့ ရဲ့ လူစုံ သူစုံ မှာ နီတိုး က အကြောင်းစုံ ကို ပြောပြတော့ ငို လည်း ငိုကြ ၊ ရယ် လည်း ရယ်ကြတယ် ။ ဘထွေးမင်းခေါင် က “ ကြုံ မကြုံဖူးပေါင်ကွာ ” လို့ ငိုတော့ ရယ်တော့ မလိုနဲ့ မှတ်ချက် ဝင်ချတယ် ။ မင်းသား ဆိုတာ မျက်ရည် ပေါက်ခနဲ ပေါက်ခနဲ တောင် ကျတယ် ။ “ သေတ္တာမှောက် ပညာကုန် အကုန် တတ်တဲ့လူကြီး ” လို့ တဆွေးဆွေးတသသ ပြောရှာတယ် ။
ဘုန်းကြီးငါးပါး ပင့်ပြီး ဆွမ်းသွတ်တရားနာ အမျှ အတန်း ဝေကြတယ် ။ ဘုန်းကြီးတွေ ဆွမ်းဘုဉ်း ပေးပြီး ပြန်ကြတော့မှ လူတွေ ဆက် စားတယ် ။ စားပြီးတာနဲ့ ဇာတ်ဆွေးကြီး ရဲ့ ဖဲထုပ် နဲ့ ဖဲဝိုင်း ထိုင်တဲ့ လူက ထိုင်ကြ တယ် ။ နီးတိုး က “ အကောက် ကောက်ရဦးမလား ” လို့ ဇာတ်ထောင် ဇာတ်ဆရာ ကို လှမ်းမေးတယ် ။ ဇာတ် ဆရာ က “ ငါ ပြန် ရစရာ ငွေ ကို ပြည့်ပြည့်ဝဝ ပြန်ရပြီးပြီ လို့ ငါ အမှတ် ထားပါတယ် ။ သံသရာကြွေး သူ ငါ့ ကို ပေးစရာ လုံးလုံး မရှိပါဘူး ။ အကောက် လုံးဝ မကောက် ပါနဲ့ ” လို့ ပြန်ပြောတယ် ။
ဇာတ်အဖွဲ့ မှာ လူအများကြီး ပေမယ့် ဖဲထုပ် တစ်ထုပ်တည်း နဲ့ ပဲ ဝိုင်းဖွဲ့တယ် ။ ငါးယောက် က ထိုင် ကစား ကျန်တဲ့ လူ က ဘေးပေါက် က ကြိုက်တဲ့ အိမ် ကို ဝင်ထိုး ၊ မင်းသား ကိုယ်တိုင် က ဒိုင်လုပ်တယ် ။ ရှိတဲ့ လူ အားလုံး ဖဲကစား ချင်ကြတာ မဟုတ်တော့ ဖဲကစားချင် တဲ့ လူ အရေအတွက် နဲ့ ဖဲထုပ် တစ်ထုပ် တည်း နဲ့ လောက်တယ် ။
ဖဲဝိုင်း စစချင်း တစ်ဝိုင်း နှစ်ဝိုင်း မှာ ဒိုင် က ဝိုင်းလုံး ကျွတ် ကို စားရတယ် ။ မင်းသား ဆိုတာ ဇာတ်ဆွေးကြီး ကို တတပြီး တဟဲဟဲ နဲ့ ရွှင်နေတာပဲ ။ ဒါပေမဲ့ နောက် ပိုင်း မှာ တောက်လျှောက် ကို ဒိုင်ဖဲ သေတော့တာပဲ ။ ဘယ်သူ ပဲ ဘယ်အိမ် က ဝင် ထိုးထိုး ထိုး သလောက် ရနေ တော့ ဖဲ မကစားချင်လို့ ဘေးထွက်ထိုင် နေတဲ့ လူတွေ တောင် တစ်ယောက် လက် တစ်ယောက် ကမ်းပြီး ထိုးလာ ကြတယ် ။ မင်းသား ချွေးသီးချွေးပေါက်တွေ ကျပြီး ရှူးရှူးရှဲရှဲ ကို ဖြစ်လာတယ် ။ ဇာတ်ဆရာ က ဝိုင်းကို ရပ် ခိုင်းတယ် ။ မင်းသားက လက်ကာ ပြပြီး မရပ်ဘူး ။ တစ်သုတ် ငွေ ကုန်သွားရင် တစ်သုတ် ငွေ ထပ်ယူပြီး ထပ် ကစားတယ် ။ ထပ်ကစား လည်း ထပ်ရှုံးတာပဲ ။ ထိုးသားတွေ ကတောင် အချင်းချင်းတွေ ဆိုတော့ အားနာ လာပြီး လျှော့ ထိုးလာကြတယ် ။ တချို့ ဆို မျက်စိပျက် မျက်နှာပျက် နဲ့ ထိုးတောင် မထိုးကြတော့ဘူး ။ မင်းသား အိမ်ပြောင်း ထိုင်ပြီး ကစား ကြည့်တယ် ။ မထူးဘူး ။ ဖဲချိုးတဲ့ လူ ကို ပြောင်း ချိုးခိုင်းတယ် ။ ဒါလည်း ဆက်ရှုံး တုန်းပဲ ။
“ ကဲ .. ကဲ မဟုတ်တဲ့ နေရာ မှာ မင်း က လည်း ဇွဲကြီး မနေနဲ့တော့ ။ သုံးလေးသောင်း ရှုံးသွား တာလည်း ရှုံးပါစေတော့ ၊ နိုင်တဲ့ လူတွေ ကို လည်း စိတ် မခုနဲ့ ။ နိုင်နေ ထိုးနေ ရပေမယ့် မင်းကို အားနာပြီး ခမျာတွေလည်း မျက်စိပျက် မျက်နှာပျက် တွေ ဖြစ်ကုန် နေကြပြီ ။ သေသွား တဲ့ လူရဲ့ ဖဲထုပ် နဲ့ သေသွားတဲ့ လူကို လည်း တောင်ပြော မြောက်ပြောတွေ ပြော မနေနဲ့ဦး ”
ဇာတ်ဆရာ က ပြောပြောဆိုဆို နဲ့ ဖဲဝိုင်း အလယ် ကို ဝင် ရပ်ပြီး ဖဲထုပ် ကို သူ့ သား ဆီ က လက်ဖြန့် တောင်းလိုက် တယ် ။ မင်းသား က မကျေမနပ် နဲ့ ဖဲထုပ် ကို ပေးပြီး ဝိုင်း ထဲ က ထ ထွက်သွားတယ် ။ ဖဲထုပ် ကို ဇာတ်ဆရာ ကိုယ်တိုင် လေးငါးခြောက်ချပ် ဖြဲပြီး ကျန်တဲ့ လူတွေ ကို ပါ ဆက် ဖြဲခိုင်းတယ် ။ ဖြဲ ပြီး ရင် လွှတ်ပစ်လိုက်ကြဖို့ ပြောပြီး ဣန္ဒြေရရ ပဲ ဘထွေးမင်းခေါင် နားမှာ သွား ထိုင်နေလိုက်တယ် ။
“ ဇာတ်ဆွေးကြီး က မင်းသား တစ်ခါ က ကြိမ်းထား တာကို မကျေနပ်လို့ သေမှ အစွမ်းပြတာ ” လို့ တွတ်ထိုးတဲ့ လူ ကလည်း ထိုးတယ် ။ “ ဘဝတူ ဇာတ်သမားတွေ ဘက် က ပင်းတာ ” လို့ တိုးတိုးတိမ်းတိမ်း ပြောတဲ့ လူက ပြောကြသေးတယ် ။ ဇာတ်ဆရာ နဲ့ ဇာတ်မင်းသား ကို အကဲခတ်တဲ့ လူ က ခတ်တယ် ။
ဖဲကစား တုန်း ကလည်း လုံးဝ မပါတဲ့ နီတိုး ကတော့ ချောင်ထောင့် မှာ ငူငူငိုင်ငိုင် နဲ့ ရှင်စဉ် ကရော သေခါနီး အထိ လောကဇာတ်ခုံ ပေါ်မှာ စွဲစွဲလမ်းလမ်း ဇာတ်ရုပ် တစ်ရုပ် တည်း သရုပ်ဆောင်သွားတဲ့ ဇာတ်ဆွေးကြီး အကြောင်း ကို ပြန်ပြန်လှန်လှန် စဉ်းစား နေမိတယ် ။ ။
▢ ချစ်လှိုင်
📖 စာပေဂျာနယ်
အမှတ် ( ၁ဝ )
၁၉၉၅
.
No comments:
Post a Comment