❝ အသားစားသတ္တဝါ ❞
━━━━━━━━━━━━━━
သျှီ ( အင်ကြင်း )
━━━━━━━━━━━━━━
လူ တစ်ယောက် အတွက် နေ့စဉ် ရှောင်လွှဲ၍ မရသော ကိစ္စ သည် ‘ စားသောက်ရေး ’ ကိစ္စပင် ဖြစ်ပါ၏ ။ စား, ဝတ်, နေရေး ကိစ္စ သုံးရပ် တွင် အရေးအကြီးဆုံး ကိစ္စ သည် ‘ စာရေး ’ ဖြစ်သည် ။ စားဖို့ အတွက် အလုပ် လုပ်ရသည်ပဲ ဖြစ်စေ ၊ အလုပ် လုပ်ဖို့ အတွက် စားရသည်ပဲ ဖြစ်စေ အဓိက ကျသည် က စားခြင်းသည် အသက် ရှင်ရေး အတွက် သာ ဖြစ်ကြောင်း မည်သူမှ မငြင်းနိုင်ပါချေ ။
များသောအားဖြင့် လူတို့ သည် အစုံစား သတ္တဝါတွေ ဖြစ်သည် ။ စားလို့ ရတာ မှန်သမျှ စုံအောင် စားသည် ။ မြေကြီး က သီးပွင့် ပေးသော အသီးအနှံ ပန်းမန် တို့ကို စားကြသည် ။ ရေပေါ် ရေအောက် မြေပေါ် မြေအောက် သက်ရှိ သက်မဲ့တို့ ကို စားကြသည် ။ ခြေလေးချောင်း ၊ ခြေနှစ်ချောင်း သတ္တဝါ မှသည် ခြေ မရှိသော တွားသွား သတ္တဝါတွေပင် လူတွေ စားသုံးသော အာဟာရ မှာ ပါဝင်ကြသည် ။ ပုရစ် ၊ သင်ပေါင်းပိုး ၊ ခါချဉ် စသော အင်းဆက်ပိုးမွှားများ ကိုပင် အလွတ် မပေးကြပါချေ ။
အချို့လူတွေ က ဘာသာရေး အရ အသားငါး လုံးဝမစားဘဲ အသီးအနှံ တစ်မျိုးတည်း ရာသက်ပန် စားသောက်ကြသည် ။ အချို့က မီးလွတ် အာဟာရများ ကို စားကြသည် ။
‘ လျှာရင်း မျက်အောင် ၊ ဘာဟင်း ချက်ရ ကောင်းမလဲ ’ ဟု နေ့စဉ် စဉ်းစားရင်း နေ့မီး ညမီး ဆက်အောင် တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် ချက်ပြုတ်စီမံရင်း ပျော်ရွှင် နေသော အိမ်ရှင်မ, တွေရှိသလို တစ်နေ့တာ ဈေးဖိုး ကို ကိုင်ကာ ဈေးလည် ရင်း ခေါင်းခြောက် စိတ်ညစ် ရသော အိမ်ရှင်မ, တွေ လည်း ရှိကြပါသည် ။ စီးပွားရေး အခြေအနေ နှင့် ဝါသနာ အရ ခြားနား သွားသည် ထင်ပါ၏ ။
မရွှေမိ သည် ချက်ပြုတ်စီမံရေး မှာ အတော်ပင် ဝါသနာ ခေါင်းပါး လွန်းသော မိန်းမ တစ်ယောက် ဖြစ်ပါလိမ့်မည် ။ ဖြည့်လို့ ဘယ်တော့မှ မပြည့်နိုင်သော ဝမ်းတစ်ထွာ ကို ပိုင်ဆိုင်ခွင့် ရသော လူသားတို့ သည် ကံဆိုးပေစွ ဟု မကြာခဏ တွေးမိသည် ။ သူမ ၏ အိမ် မှာ လူ လေးယောက် ဝမ်း လေးထွာ ဆိုတော့ လူ လေးကိုယ် အကြိုက် တစ်မျိုးတည်း ဖြစ်မည့် ဟင်းတစ်ခွက် ကို စီမံရတာ မလွယ်လှပါ ။
ဘုန်းတော်ကြီးတွေ လို နံနက်စာ တစ်နပ်ပဲ စားကြရင် အကောင်းသား ။ ကုန်ကျစရိတ် လည်း သက်သာ ၊ ချက်ပြုတ်ရသော အလုပ် လည်း သက်သာ ။ ညစာ အတွက် ချက်ပြုတ်ခြင်း ၊ စားသောက်ခြင်း စသော ကိစ္စတွေ မှာ အသုံးပြုရမည့် အချိန် တွေ ကို အခြား မိမိဝါသနာပါရာ အလုပ်တွေ လုပ်နိုင်မည် ။ စားစရိတ်သက်သာ သဖြင့် ချွေတာရာလည်း ရောက်မည် ။ သို့သော် နေ့စဉ် ကျင့်သုံးသင့်သော ငါးပါးသီလ ကိုပင် လုံခြုံအောင် မထိန်းနိုင်သော ပုထုဇဉ် လူသားတွေ အတွက် ‘ ဝိကာလဘောဇနာ ’ ဆိုသော ညစာ မစားခြင်းဟူသည့် သီလ ကို ခါးသီး ပေလိမ့်မည် ။ ‘ ညစာ အငတ်ခံနိုင် မှတော့ ဘုန်းကြီး ဝတ်တော့မှာပေါ့ ’ ဆိုသည့် လူတွေ က လည်း အများသား ။
နဂိုက တည်းက ‘ အိမ်ရှင်မ ’ အလုပ်တွေ ကို ဝါသနာ မပါသော မရွှေမိ သည် မြင့်မားလာသော အသားငါး ဈေးတွေကို မော်ကြည့်ရင်း ငြီးငွေ့စိတ်ပျက်လာသည် ။ ငွေ လည်း သက်သာ ၊ အချိန် လည်း သက်သာသော သက်သတ်လွတ် ဟင်းလျာများ သာ စားကြမည် ဆိုလျှင် ကောင်းပေစွ ။
ထို့ကြောင့် ထင်ပါ၏ ။ ယခု ခေတ်မှာ သက်သတ်လွတ် စားခြင်းတွေ များစွာ ခေတ်စားလာတာ သတိထားမိသည် ။ အချို့က ဘာသာရေးနှင့် နှီးနွယ်၍ အချိန် ကာလ တစ်ခု သတ်မှတ်ကာ အဓိဋ္ဌာန် တစ်ခုဖြင့် စားခြင်း ဖြစ်သည် ။ အချို့က ရာသက်ပန် သက်သတ်လွတ် စားခြင်း ဖြစ်သည် ။ အချို့က မိမိ မွေးနေ့မှာ သက်သတ်လွတ် စားသည် ။ သက်သတ်လွတ် ကို နှစ်ပေါင်းများစွာ ကတည်း က စားလာခဲ့သော စာရေးဆရာကြီး ဦးစိုးသင်း က ပြောပြဖူးပါ၏ ။
“ သက်သတ်လွတ် စားတာ တော်တော် အကျိုးရှိတယ် ဗျ ၊ လူကို ကျန်းမာ စေတယ် ၊ ရုပ်ကို စင်ကြယ်စေတယ် ၊ လောဘ ၊ ဒေါသတွေ ကို လည်း ပယ်သတ်နိုင်တယ် ၊ အစာ ကြေညက်လွယ်ပြီး ရောဂါကင်းတယ် ၊ အသက် ရှည်စေတယ် ၊ ကောင်း တယ် သိပ်ကောင်းတယ် ”... တဲ့ ။
မရွှေမိ ၏ ဦးလေး တစ်ယောက် ကတော့ သက်သတ်လွတ် စစ်စစ် စားခြင်း မဟုတ်ပါ ။ သူ က ကုန်းသတ္တဝါ ကို ရှောင်ကြဉ်ပြီး ရေသတ္တဝါ ကို စားသုံးသည် ။
ဘာကြောင့်လဲ ဟု မေးတော့ -
“ ကုန်းသတ္တဝါ က လူနဲ့ နီးစပ်တယ် ၊ လူတွေ ကုသိုလ် လုပ်ပြီး အမျှဝေရင် သာဓု ခေါ်နိုင်ပြီး တိရစ္ဆာန်ဘဝ က ကျွတ်လွတ် နိုင်တယ်လေ ၊ ရေသတ္တဝါ က လူ နဲ့ ဝေးတော့ အမျှဝေ လည်း မကြားနိုင်ဘူး ၊ သာဓု မခေါ်နိုင်ဘူး မဟုတ်လား ” ဟု ရှင်းပြ တတ်သည် ။ သူ ၏ ယူဆချက် မည်မျှ မှန်ကန်သည် ကို မပြောနိုင်ပါ ။ သို့သော် ဦးလေး သည် ကြက်ဥ ကိုတော့ အသက် မရှိသော ဓာတ်ဥ အဖြစ် သက်သတ်လွတ် မှာ ထည့်သွင်းကာ စားသောက်သူ ဖြစ်လေ၏ ။ ပြီးတော့ မရွှေမိ ၏ သူငယ်ချင်း တစ်ယောက် ရှိသည် ။ သူ က သက်သတ်လွတ် စားသော ရက်များ အတွင်း မလွှဲမရှောင်သာ အသားဟင်း တစ်ခုခု ကို စားရမည့် ကိစ္စမျိုး ကြုံလာလျှင် ရက် ချေးငှားပြီး စားသည် ဆိုကာ သက်သတ်လွတ် စားသောရက် ကို ပြန် တိုးလိုက်ခြင်းဖြစ်သည် ။
“ အိမ် မှာ စားတော့ သက်သတ်လွတ် ၊ အလှူအိမ် မှာ အလကား စားရရင် သက်သတ်လွတ် မလွတ်ပါဘူး ” ဆိုသော ကာတွန်းရုပ်ပြောင် ထဲက လူတွေ လည်း အပြင် မှာ အမှန်ရှိ ပေလိမ့်မည် ။
မရွှေမိ တွေးမိသည် က သက်သတ်လွတ် စားခြင်း ဖြင့် မီးဖိုချောင်စရိတ် သက်သာမည် ။ ဆူလွယ်နပ်လွယ် အသီးအနှံ ကို ချက်ရခြင်း ဖြစ်သဖြင့် အချိန်ကုန် သက်သာသလို လူလည်း သက်သာမည် ။ အစာ ကြေညက်လွယ်ပြီး ရောဂါကင်းမည် ၊ အသက်ရှည်မည် ၊ ရုပ်ကို နုပျိုစေမည် ။ ဒေါသ ၊ မောဟ ၊ တရားတွေ လျော့နည်း လာမည် ။ မေတ္တာ ၊ ဘာဝနာ ပွားများ နေသော ပုဂ္ဂိုလ်များ အတွက် သက်သတ်လွတ် စားခြင်းဖြင့် ပို၍ ထိရောက် အောင်မြင်နိုင်လိမ့်မည် ဟု တွေးမိသည် ။
မရွှေမိ သည် သက်သတ်လွတ် စားသော ဓလေ့ ကို အားကျလာသည် ။ လက်တွေ့ ကျင့်သုံး ကြည့်ရန် အိမ်သားတွေ ကို စည်းရုံးနိုင်လျှင် ပို၍ အကျိုးရှိလိမ့်မည် ဟု စဉ်းစားမိကာ ပထမဆုံး သမီး နှင့် သား ကို အရင် မဲဆွယ်သည် ။ အလှမက်ပြီး ခန္ဓာကိုယ် မဆူဖြိုးစေရန် ထိန်းသိမ်း နေသော သမီးကြီး က “ စမ်းကြည့်တာပေါ့ မေမေ ” ဟု စိတ်မပါ့တပါ ပြောသည် ။ သူမ က လှချင်ပေမယ့် အစား က မက်သေးတာကိုး ။
သမီးကြီး ထက် ပိုပြီး အစားကောင်းကောင်း မက်တတ်သော သား က ခါးခါး သီးသီး ငြင်းဆန်လေ၏ ။
“ သား က အများကြီး မစားရရင် နေပါစေ ၊ နည်းနည်းပဲ စားရစားရ အသား ဟင်း တစ်ခွက် မပါရင် ထမင်း မစားတတ်တာ မေမေ သိလျက်သားနဲ့ ”
“ ဒါကြောင့် လူတွေ ရဲ့ ခံတွင်းကို တိရစ္ဆာန် ပေါင်းစုံ ရဲ့ သင်္ချိုင်းလို့ ပြောကြတာ ပေါ့ ၊ ရွံစရာကြီး ”
“ ဟင့်အင်း ... သား မရွံဘူး ”
“ မင်း အသားတွေ စားလွန်းလို့ ဝတုတ်ကြီး ဖြစ်ပြီး ဖက်တီးပုတ်လို့ အပြောင် ခံရတာ မရှက်ဘူးသား ”
“ မရှက်ပါဘူး ၊ ဝတာ ကို သား ကြိုက်တာပဲ ”
အစားမက်လွန်းသော သား ကို လက်လျှော့ကာ မဲတစ်မဲ ရလိုရငြား ခင်ပွန်း ဖြစ်သူ ကို မျက်နှာချိုသွေး စည်းရုံးကြည့်သည် ။
“ လူတစ်ယောက် ရဲ့ နေ့စဉ် စားသုံးမှု ထဲမှာ အသားဓာတ် ကို မဖြစ်မနေ လိုအပ်တယ်ကွ ၊ လူ့ဘဝ မှာ ကျန်းမာရေး ဟာ အရေးအကြီးဆုံးပဲ ၊ ကိုယ်တို့ အခုလို မိသားစု ကျန်းမာ နေကြတာဟာ အာဟာရ ပြည့်ပြည့်ဝဝ စားပြီး ဥတု နဲ့ မျှတအောင် နေကြလို့ပဲ ”
သူ့ ပုံစံက လိုက်လျောမည့် အနေအထား မရှိလေတော့ အသားဓာတ် ကို ပဲအမျိုးမျိုး စားခြင်းဖြင့် ရနိုင်ကြောင်း မရွှေမိ ရှင်းမပြတော့ပါ ။ မရွှေမိ နှင့် သမီး နှစ်ယောက်တည်း သက်သတ်လွတ် စားကြရန် စီစဉ်လိုက်သည် ။
မရွှေမိ က တော့ ပိုမို ခိုင်မြဲမှု ရှိစေရန် လေးဆယ့်ငါးရက် တိတိ ဘုရား မှာ လှူဒါန်းပြီး ဓိဋ္ဌာန် လိုက်လေ၏ ။
သက်သတ်လွတ် ဟင်းလျာတွေ က တကယ် စားကြည့်တော့ မနည်းပါချေ ။ ဘူး ၊ ဖရုံ ၊ သခွား ၊ မုန်ညင်း ၊ မုန်လာဥ ၊ ပန်းမုန်လာ ၊ နိုကိုဥ စသော ရာသီပေါ် အသီးအနှံများကို ကြော်စားမလား ၊ ပေါင်းစားမလား ရသည် ။ ပဲ အမျိုးမျိုး ကို ပဲနှပ် ၊ ပဲပြုတ် ၊ ပဲဟင်းချို ချက်စား၍ ရသည် ။ မျှစ်ပေါ်ချိန်မှာ မျှစ်သုပ် ၊ မျှစ်ကြော် လုပ်စားနိုင်သလို မျှစ်ချဉ်ဟင်းလည်း ချက်စား၍ ရသည် ။ “ တစ်နှစ်တစ်ခါ ပေါ်လို့လာ ငါသာ မင်းလောင်း ထီးဖြူဆောင်း ” ဆိုသော ဝါဆိုမှိုကြီးများ ပွင့်ချိန်ဆို ဘာပြော ကောင်းမလဲ ။ ချင်း နှင့် ငရုတ်သီး နိုင်နိုင်ထည့်ကာ ကန်စွန်းညွန့် အုပ်ပြီး စားရလျှင် ထမင်း အမြိန်ဆုံး ဟင်းတစ်ခွက် ပင်တည်း ။ ပြီးတော့ မြန်မာ့ရိုးရာ အစားအစာ များ ဖြစ်သော နှမ်းပတ်ချဉ် ၊ ပုန်ရည်ကြီး စသည် တို့ကို ရှောက်ရွက် နိုင်နိုင်ဖြင့် နှမ်းဆီမွှေးမွှေး သုပ် စားလျှင် ကြိုက်တတ်ပါက တစ်ခွက်တည်း နှင့် ဟင်း ဖြစ်သည် ။
သက်သတ်လွတ်ဟင်း အမည်ပေါင်း များစွာ ကို ချက်ပြုတ်စားနိုင် သော်လည်း အစားအသောက် ဇီဇာ မကြောင်သော မရွှေမိ က လက်ဖက်သုပ် တစ်မျိုး ၊ တို့ဟူးကြော် တစ်ပွဲ နှင့်လည်း ထမင်းတစ်နပ် ပြီးသွားတတ်သည် ။ မအေ နှင့် အတူ သက်သတ်လွတ် အတူစားမည့် သမီး ကလည်း တစ်ပတ်ခန့် အကြာ မှာ ဟိုသား အဖ နှင့် ပူးပေါင်း သွားလေပြီ ။ မရွှေမိ မှာ ကိုယ် က သက်သတ်လွတ် စားသော်လည်း သူတို့ သားအဖ သုံးယောက် အတွက် သက်သတ် မလွတ်သော အသား, ငါးမျိုးစုံ ကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ပေးနေရသဖြင့် ထို ဟင်းလျာများ ကို မြင်တွေ့ နေရသည် ၊ ထိတွေ့ နေရသည် ။ တစ်ခါတစ်ရံ ဆားအပေါ့အငန် မြည်းရန် စတိလေး ဖြစ်စေ လျှာပေါ် တင်ပြီးမှ ထွေးထုတ် ပစ်ရတာမျိုးလည်း ရှိသည် ။
ထိုသို့သော အခါမျိုးမှာ မှိုနှင့် မတည့်၍ မစားရန် တားမြစ်ထားသည့် ကြားမှ မှိုပေါ်ချိန်မှာ ပိဿာလိုက် ဝယ်ချက်စားတတ်သော အမေ့ ကို မရွှေမိ သတိရသည် ။
“ အမေ ကလည်းနော် မတည့်တာ ကိုမှ စားချင်တယ် ၊ ဒီ မှိုကို တစ်သက်လုံး အဝ စားခဲ့ပြီးပြီးပဲ ၊ ရှောင်လိုက်မှပေါ့ ”
မှိုစားပြီး ရောဂါ တက်သောအမေ့ ကို မရွှေမိ က အပြစ် တင်သလို ပြောလျှင် အမေ က -
“ ဟဲ့ ... တစ်သက်လုံး စားခဲ့ပြီးလို့ ကောင်းမှန်း သိလို့ မဖြတ်နိုင်တာပေါ့ ၊ ရောဂါသည်း မှ ဆေးစားပစ်မယ် ၊ မှို က တစ်နှစ် မှ တစ်ခါ စားရတာ ၊ မဖြတ်နိုင်ပါဘူး ” တဲ့ ။
ဪ ... ရသာတဏှာ သည် လွန်စွာ ဖြတ်ခဲလှပါတကား ။
မရွှေမိ သည် ဟို သားအဖ အတွက် အသား ဟင်းလျာများ ကို ချက်ပြုတ် စီမံရင်း အခါခါ တွေးမိသည် ။ ကောင်းမွန်သော အရသာ ကို စွဲလမ်းတပ်မက် စေတတ်သော ရသတဏှာ သည် သတ္တဝါ မှန်သမျှကို စွဲလမ်းစေသည်သာဖြစ်၏ ။ ထို့ကြောင့်ပင် အသားငါးမျိုးစုံ ကို ချိုချဉ်ငန်ဖန် ခါးဆိမ့် စသော အရသာ ခြောက်ပါး နှင့် ရောစပ် ဖန်တီးကာ စားသောက်ကြသည် ။ ဟင်းခတ်အမွှေးအကြိုင်များ အသုံး ပြုကာ အရသာ ကို ပို၍ သာ၍ ထက်မြက်ကောင်းမွန်အောင် ဖန်တီးကာ စားသုံးကြ သည် ။ အစားကောင်း မက်သူများကြောင့် မြို့ကြီးပြကြီးများ ၏ စားသောက် ဆိုင်ကြီးတွေ မှာ စားသုံးသူတွေဖြင့် စည်ကား နေကြတာ ဖြစ်မည် ။
ရသတဏှာ အပေါ် စွဲလမ်းခြင်း ကို သူတော်စင်များ က သက်သတ်လွတ် စားခြင်းဖြင့် ခြိုးခြံ ဖြတ်တောက်နိုင်ကြသည် ။ သာမန်ပုထုဇဉ်များ အတွက်တော့ လွယ်မည် မထင်ပါ ။ မရွှေမိ ၏ အမေ ပြောသလို တစ်သက်လုံး စားခဲ့ပြီးလို့ ကောင်းမှန်း သိနေတာ လွယ်လွယ်နှင့် ဘယ် ဖြတ်နိုင်ပါ့မလဲ ။
မရွှေမိ သည် သက်သတ်လွတ် အဓိဋ္ဌာန်ရက်များ အတွင်း မိမိ စိတ် ကို အမျိုးမျိုး ချိုးနှိမ်ပေးရသည် ။
ကိုယ့် အာဟာရ အတွက် သတ္တဝါတွေရဲ့ အသွေးအသားတွေ စားပေး ရမယ် ဆိုတာ မလုပ်သင့်တဲ့ ကိစ္စပဲ ။ ပံ့သကူသား ပေမယ့် ဝယ်သူ ရှိရင် ရောင်းကြတာပဲ ။ သတ္တဝါတွေ ကျန်းမာပါစေ ။ မိမိ ၏ အဓိဋ္ဌာန်ကို အောင်မြင်အောင် ထိန်းသိမ်းခြင်း ကား စွမ်းအင် တစ်မျိုးပင် ဖြစ်လေ၏ ။ သက်သတ်လွတ် ဟင်း ဖြင့် တင်းတိမ်ရောင့်ရဲ နိုင်ခြင်းသည် ရသတဏှာ ကို တစ်ဝက်တိတိ ချိုးနှိမ်ပယ်သတ်နိုင်ခြင်း ပေတကား ။ မိမိ ကိုယ်တိုင် အရသာ ထူးသော အသားငါး ဟင်းလျာများ ကို ကိုင်တွယ် ထိတွေ့ နေပါလျက် အဓိဋ္ဌာန် မကျိုးမပေါက်အောင် ထိန်းသိမ်းနိုင်ခြင်းသည် သီလတန်ခိုး ကို မြှင့်တင်ပေးခြင်း ဖြစ်၍ တန်ဖိုး ကြီးမားလှပေစွ ။
ဤသို့ ထိုသို့ ဤကဲ့သို့ မိမိစိတ်ကို ဆုံးမ ချိုးနှိမ်ရင်း မရွှေမိ ဓိဋ္ဌာန် ထားသော သက်သတ်လွတ် စားခြင်း လေးဆယ့်ငါးရက် သည် ပြည့်လုနီးနီး ဖြစ်ခဲ့လေပြီတည်း ။
ထမင်းစားပွဲ ပေါ်မှာ ဟင်းလျာတွေ က စုံလင်လှသည် ။
ဝက်အူမကြီးချက်ဆီပြန် ၊ ငါးခူာကျွတ်ကြော် ၊ ပုစွန်ချဉ်သုပ် ၊ ငါးခူခေါင်း နှင့် ချက်ထားသော ကင်ပွန်းချဉ်ရေဟင်း ၊ ငါးဘတ်မွှေချက် နှင့် တညင်းသီးပြုတ် ။
“ ဟ ... ဒီနေ့ မရွှေမိ တို့ အတော် ရက်ရောနေပါလား ။ ထမင်းဝိုင်း မှာ ဟင်းမျိုး ကို စုံလို့ ”
အိမ် က လူ က တအံ့တဩ ပြောသည် ။ အစား မက်သော သား က ဟင်းခွက်တွေ ကို စေ့စေ့ ကြည့်ပြီး -
“ ဘာ , အထိမ်းအမှတ် ရှိလို့လဲ မေမေ ၊ အိမ်မှာ ဘုန်းကြီးဆွမ်းကပ်တဲ့ နေ့က လွဲရင် အသားဟင်း တစ်မျိုး ထက် ပိုပြီး ချက်တာ ဒါဟာ ပထမဆုံးပဲ ”
“ စကား များလိုက်တာကွာ ၊ စားမှာ စားစမ်းပါ ”
“ ဒါနဲ့ အမေကြီး အတွက် သက်သတ်လွတ်ဟင်း မပါ, ပါလား ။ ကိုယ် လက်ဖက် သုပ် ပေးမယ်လေ ”
မရွှေမိ က ထမင်း နယ်ရင်း မျက်စောင်း ထိုးသည် ။ ပြီးမှ ဗလုံးဗထွေး ပြောလိုက်လေ၏ ။
“ ကိစ္စ မရှိဘူး ၊ ဒီနေ့ ကျွန်မ သက်သတ်လွတ် ထွက်တဲ့ နေ့ ”
▢ သျှီ ( အင်ကြင်း )
📖 အလင်္ကာရပ်ဝန်း ( ၇ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment