Thursday, October 31, 2024

လေတွေ ကို ငွေ ဖြစ်စေသူ


 

❝ လေတွေ ကို ငွေ ဖြစ်စေသူ ❞

[ ကိုအောင်ကျော်ဦး ( ၄၁ နှစ် ) က ဆိုင်ကယ်ပွဲစား တစ်ယောက် ဖြစ်ပါတယ် ။ ဆိုင်ကယ် အဝယ်အရောင်း လည်း လုပ်တယ် ။ ရှမ်းပြည်နယ် နဲ့ တရုတ်ပြည် နယ်စပ် မူဆယ် - ရွှေလီ ကို သွားပြီး အမျိုးကောင်း အဖိုးချို ဆိုင်ကယ်တွေ ရှာဖွေ ဝယ်ယူ ခဲ့သူ ဖြစ်တယ် ။ မဟာရန်ကုန် က ဆိုင်ကယ်တွေ နယ် နှင် တော့ လည်း ရန်ကုန် ပြေးပြီး ဆိုင်ကယ် ဝယ်လိုက် မန္တလေး ပြန်ပြီး ဆိုင်ကယ် ရောင်းလိုက် လုပ် ခဲ့သူ ဖြစ်ပါတယ် ။

သူ က အာဝဇ္ဇန်း ရွှင် လို့ လူချစ်လူခင် များတယ် ။ စက်ဘီး စီး ပြီး ဆိုင်ကယ်ပွဲစား ဘဝ ထဲ ဝင် ခဲ့တဲ့ ကိုအောင်ကျော်ဦး ဟာ ယခုအခါ ကိုယ်ပိုင် ဆိုင်ကယ် ၊ ကိုယ်ပိုင် အိမ် ၊ တယ်လီဖုန်း နဲ့ တင့်တောင့်တင်တယ် နေနိုင်တဲ့ အခြေအနေ တစ်ခု ရခဲ့ပြီ ဖြစ်တယ် ။

သူ့ ဘဝ တစ်စိတ် တစ်ဒေသ က စိတ်ဝင်စား စရာပါ ။ သူ့ ဘဝ အကြောင်း ကို ကိုအောင်ကျော်ဦး က ပြောပြတယ် ။ ]

•••••   •••••   •••••

အရင်တုန်း က ကျွန်တော် က ဝန်ထမ်း ။ ကိုယ် နဲ့ ပတ်သက်တဲ့ လူတွေ ၊ ဥပမာ နယ် က အသိတွေ မန္တလေးမြို့ လာပြီး ဆိုင်ကယ် ဝယ် ချင်တယ် ၊ ရှာ ပေးပါ ၊ ပြောတဲ့ အခါ ရောင်းချင်တဲ့ သူ ရှိရာကို ကိုယ် က ခေါ် သွားတယ် ။ ကိုယ် က ဆိုင်ကယ် ကို နားမလည် ပေမယ့် သူတို့ ဟာ သူတို့ ကြည့်ရှုကြရင်း အလုပ်ဖြစ် သွားတော့ လုပ်ငန်း သဘော အရ ကိုယ့် ကို ငွေ နည်းနည်းပါးပါး ပေး ကြတယ် ။ ငွေကြေး ရတာ မျိုးလေးတွေ ရှိတော့ ဒီ လုပ်ငန်း ကို စိတ်ဝင်စား လာတယ် ။

၁၉၉၀ ခု ဝန်းကျင် မှာ ဝန်ထမ်း အလုပ် က ထွက်ပြီး ဆိုင်ကယ်ပွဲစား စ လုပ်တယ် ။ အဲဒီ တုန်း က ( အရောင်းအဝယ် လုပ်တဲ့ ) ဆိုင်ကယ်ဝိုင်း ရယ် လို့ ပီပီပြင်ပြင် မရှိသေးဘူး ။ ၁၈ လမ်း မှာ ကျွန်တော့် သူငယ်ချင်း ကိုစိုးနိုင် ရဲ့ ကျော်မေဃ ဆိုတဲ့ ဆံပင်ညှပ်ဆိုင် ရှိတယ် ။ ဆံပင်ညှပ်ဆိုင် ဆိုတော့ လူ က လည်း စုံတယ် ။ သတင်း လည်း စုံတယ် ၊ အိမ်မြေပွဲစား ၊ ဆိုင်ကယ်ပွဲစား ၊ ပွဲစား လည်း စုံတယ် ။ ဆိုင်ကယ် ရောင်းချင်တဲ့ လူ က သူ့ လိပ်စာလေး ရေးပေး ထားတယ် ။ ဝယ်ချင် တဲ့ သူ လာ တဲ့ အခါ ကျွန်တော်တို့ က စက်ဘီးလေး နဲ့ သွားပြီး ဆိုင်ကယ် လိုက် ပြရတာ ။

ဝယ်မယ့်သူ ကိုယ်တိုင် ဆိုင်ကယ် ကို နားလည်တာ လည်း ရှိတယ် ။ ကိုယ်တိုင် နားမလည် လို့ ဝပ်ရှော့ပ်ဆရာ ခေါ်လာပြီး ကြည့်တာမျိုး လည်း ရှိတယ် ။ သူတို့ က ပစ္စည်း ကြည့်ပြီး ဟာ အိတ်ဇော က လွဲတယ် ၊ မီးခွက် က မမှန်ဘူး ဆိုတာမျိုး ပြောတယ် ။ ကိုယ် က ဂဃဏန နားမလည် သေးဘူး ၊ သူတို့ ပြောတာ ပြတာ ကြည့်ပြီး မြင်ဆရာ ပညာ ယူရတာပေါ့ ။

အဲဒီ အချိန်တုန်း က ဆိုင်ကယ် အသစ်စက်စက် ပက်ကင် မှ သုံးသိန်း ခွဲလေးသိန်း ။ လတ်လတ် မှ တစ်သိန်းခုနှစ်သောင်း ရှစ်သောင်း ပဲ ရှိတာ ။ အရောင်းအဝယ် ဖြစ်ရင် ပွဲခ ထုံးစံ က နှစ်ထောင် သုံးထောင် ပေးရတယ် ။ ကိုယ် က စက်ဘီး နဲ့ လာတဲ့ ပွဲစား ၊ လမ်းလျှောက်ပွဲစား သာသာ ဆိုတော့ ပစ္စည်းရှင် က ထုံးစံအတိုင်း မပေးဘဲ တစ်ထောင် ပဲ ယူ ၊ တစ်ထောင့်ငါးရာ ပဲ ယူ ဆိုတာမျိုး သူ ပေး သလောက် သာ ကိုယ် က ယူရတာ ၊ ရတဲ့ ပွဲခ ကို မိတ်ဆွေတွေ နဲ့ ခွဲဝေ ယူ ကြတော့ ငါးရာ ခြောက်ရာ မျိုး ရတယ် ။ ဒီ ငွေ က လည်း အိမ် မှာ မီးဖိုချောင်စရိတ် တော့ ဖောဖောသီသီ သုံးနိုင်တယ် ။

မန္တလေးမြို့လယ် က ရွှေအိမ်စည် လက်ဖက်ရည်ဆိုင် မှာ လည်း ပွဲစားအမျိုးစုံ ထိုင် ကြတယ် ။ ရောင်းချင် သူ တွေ လည်း လာတယ် ။ တဖြည်းဖြည်း လည် လာတယ် ။ ကျွန်တော်တို့ က လည်း ကိုယ် လိုချင်တာ သွားရှာတာ တို့ လိုက် ဝယ်ပေး ရတာတို့ ရှိတယ် ။ ဟိုမှာ မိတ် လည်း အတန်အသင့် ရလာတယ် ။ အဲသည် မှာ ကျွန်တော်တို့ လက်တွဲ ဖို့ကမ်းလှမ်း တဲ့ လူ တစ်ယောက် ရှိတယ် ။ ကိုတိုင်းကျော် တဲ့ ။ ကျွန်တော် တို့ အတူ တွဲပြီး အလုပ်တွေ အများကြီး လုပ်ခဲ့တာ ယခုအထိပါပဲ ။

ရတဲ့ ငွေကလေး စုဆောင်း ထားတယ် ။ လေးငါးသောင်း စု မိတော့ ဆိုင်ကယ် အစုတ်ကလေး တစ်စီး ဝယ်တယ် ။ မြောက်ပြင် က ဝပ်ရှော့ပ်ဆရာ ကိုကျော်ဝင်း လက် ကို အပ်တယ် ။ ကိုကျော်ဝင်း က ပြင်ဖို့ လိုမယ့် စာရင်းလေး လုပ် ပေးတယ် ။ ကျွန်တော် က ပွဲခ ရတာလေးတွေ စုစုပြီး လိုမယ့် ပစ္စည်း ဝယ် ပေးတယ် ။ ပစ္စည်းစုံ တော့ ပြင်တယ် ။ ကိုကျော်ဝင်း က ပြင်ခ မယူဘူး ၊ ဒီလိုနဲ့ ဆိုင်ကယ် စီး လာ နိုင်တယ် ။ စက်ဘီး နဲ့ လုပ်ရကိုင်ရတဲ့ ဘဝ နဲ့ တော့ သိသိသာသာ ခြားနား သွားတယ် ။ လူတွေ ရဲ့ ယုံကြည်မှုလည်း ရလာတယ် ။ လုပ်သက် က လည်း ကြာလာ တော့ အသိအကျွမ်း လည်း များ လာတယ် ။ ရောင်းချင် တဲ့ သူ က သူ့ ပစ္စည်း ကို ယူ သွား ဆိုပြီး အပ်တယ် ။ ရောင်းပြီး မှ ငွေ ပေးရုံပဲ ။ ကျွန်တော် က လည်း ရောင်းသူရော ဝယ်သူ ပါ မနစ်နာ အောင် လုပ်ပေးလေ့ ရှိတယ် ။

ပွဲစား အလုပ် မှာ အဓိက က အကင်းပါး ဖို့ပဲ ။ ဝိုင်း ထဲ ဝင် လာတဲ့ သူတွေ ထဲ က ဘယ်သူ က ရောင်းမယ့်သူ ဘယ်သူ က ဝယ်မယ့် သူ ခွဲခြား သိဖို့လိုတယ် ။ ရောင်းမယ့် ဘီးတွေ ဘယ်သူ့ ထဲ မှာ ရှိတယ် ၊ ဘာအမျိုးအစား ဘယ်ဈေး မှတ် ထား ရတယ် ။ ဝယ်လက် က လာ မေးရင် ချပ်ခနဲ ချိတ် ပေး နိုင်ရတယ် ။

အလုပ် လုပ်ရာ မှာ ကတိသစ္စာ တည် ဖို့ လည်း အရေးကြီးတယ် ။ ကတိသစ္စာ မတည်လို့ ယုံကြည်မှု ပျက်သွားပြီ ဆိုရင် ဒီ လောက မှာ လုပ်စား လို့ မရတော့ဘူး ။

လုပ်သက် နဲ့ အတွေ့အကြုံ နဲ့ အလိမ် မခံရအောင် လည်း ဂရုစိုက်ရတယ် ။ ဒီနေ့ အထိတော့ အလိမ် တော့ မခံရဖူးသေးဘူး ။ ပညာတွေ ကတော့ ယူ လို့ မကုန်ဘူး ။

ဝိုင်း လာပြီး လိမ် သွားတဲ့ သူတွေ က လည်း နည်း မျိုးစုံပဲ ။ စတိုင်ကျကျ ကား နဲ့ လာတယ် ၊ ခါး မှာလည်း ဟမ်းဖုန်း ချိတ် ထားတယ် ။ ရောင်းမယ့်ဘီး ကို ကြည့် ပြီး စမ်း စီးကြည့်မယ်နော် လို့ ခွင့်တောင်းတယ် ။ စီး သွားတယ် ။ ကားသမား ကျန်ခဲ့တော့ ပွဲစား က လည်း စိတ်ချလက်ချ ပေး လိုက်တာပဲ ။ မြုပ်လေပေါ့ ပေါ်မလာ အတော်ကြာ ဇာတ်လမ်း ခင်းလို့ ကားသမား ကို မေးတော့ မှ သူ က လည်း တည်းခိုခန်း က တက္ကဆီ ၊ ငှားလို့ ပါ လာတာ တဲ့ ။ သွား ရော ၊ ရှင်းပေရော့ ပဲ ။

ဟိုတလော က လုပ်တဲ့ ဖော်မြူလာအသစ် က တော့ ငွေစက္ကူတွေ တစ်ထပ်ကြီး ၊ အစည်းလိုက် ၊ မြင်သာအောင် ကျွပ်ကျွပ်အိတ် နဲ့ ထည့် ယူလာတယ် ။ ဝတ္တုဇာတ်လမ်း တွေ ထဲ က လို စက္ကူတွေ ညှပ်ပြီး တစ်ထောင်တန် ၊ ငါးရာတန် တွေ အပေါ် က စီး လာတာ လည်းဖြစ်နိုင်တာပဲ ။

ဆိုင်ကယ် ကို ဈေးစကား ပြောပြီး မှ ငွေ မပြည့်သေးဘူး အိမ် လိုက် ယူပါ ဆိုပြီး ခေါ်တယ် ။ သူ က ရှေ့ က စီး ၊ ပွဲစား က နောက် က စီး ၊ လမ်းမှာ ဆိုင်ကယ်ဦးထုပ် မေးသိုင်းကြိုး ခလုတ်ဖြုတ် လိုက် တော့ ဦးထုပ် က လွင့်ကျ ကျန်ရစ်တယ် ။ နောက် က စီးလာတဲ့ ပွဲစား ကို ညီလေး သွား ကောက် ပေးပါဦး လို့ ခိုင်းတယ် ။ သွား လည်း ကောက်ရော ဆိုင်ကယ် ကို မောင်းယူ ပြေးရော ။

ကျွန်တော် က အလုပ် လုပ်ရာ မှာ လက်သင် ပွဲစားကလေး နဲ့ လည်း ပေါင်းတယ် ။ သူတို့ စပ် လာတဲ့ ဘီး ကို ပွဲခ ပီပီပြင်ပြင် ပေးတယ် ။ သူတို့ နဲ့ပတ်သက်တဲ့ ဘီး ရှိရင် သူများ မစပ်ဘဲ ကိုယ့် ဆီ ပဲ ယူ လာတယ် ။ ကိုယ် က လောဘ သိပ် မကြီး တော့ ကိုယ် နဲ့ အလုပ် လုပ်ချင်တဲ့ သူ ပိုများပြီး အကျိုး ခံစားရပါတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

.

No comments:

Post a Comment