Friday, October 4, 2024

အဟောင်းအသစ် ရောင်းချသူ




 

❝ အဟောင်းအသစ် ရောင်းချသူ ❞

ပြည်မြို့ဇာတိ ကိုသန်းဌေး ဟာ ရန်ကုန်တက္ကသိုလ် တက်ပြီး ဘူမိဗေဒ အဓိက နဲ့ ဘွဲ့ရတယ် ။ ဘွဲ့လွန် တက်ဖို့ စောင့်ဆိုင်း ရင်း ကမာရွတ်လှည်းတန်း က ဘတ်စ်ကား မှတ်တိုင် ပလက်ဖောင်း မှာ စာအုပ်အဟောင်းဆိုင် သူ ဖွင့်ခဲ့တယ် ။ တနင်္သာရီ ကမ်းရိုးတန်း ကမ်းလွန် ပင်လယ်ပြင် မှာ UNDP ရဲ့ ခဲမဖြူ ၊ အဖြိုက်နက် တူးဖော် စမ်းသပ်မှုစီမံကိန်း မှာ ကိုသန်းဌေး အလုပ် ဝင် ဖြစ်တယ် ။

ပင်လယ်ပျော် ဖြစ်နေခိုက် အဲသည့်ကာလ ၁၉၇၄ ခုနှစ်မှာ နယ်မြေဒေသ မအေးချမ်းလို့ စီမံကိန်း ကို ယာယီ ရပ်နား လို့ မိဘ ရှိရာ ကို သူ ခေတ္တ ပြန်လာခဲ့ရတယ် ။

ဘူမိဗေဒသမား တစ်ယောက် ရဲ့ ရှေ့ ဆက်ရတဲ့  ဘဝ တစ်ကဏ္ဍ ကို ကိုသန်းဌေး က ယခုလို ပြောပြပါတယ် ။

••••• ••••• •••••

ကျွန်တော့် အဖေ က ပြည် မှာ ကုန်စုံဆိုင် ဖွင့်တယ် ။ ၁၉၆၄ ခုနှစ် မှာ ပြည်သူ့ပိုင် သိမ်း လိုက်တော့ လမ်းဘေး ရောက် သွားတာပေါ့ ။ ( ရယ်လျက် ) တကယ့်ကို လမ်းဘေး ရောက်သွားတာ ။ နေစရာ ကို မရှိတော့တာ ။

ကျွန်တော်တို့ အိမ် က ရှေ့ပိုင်း မှာ ဆိုင်ဖွင့်ပြီး နောက်ခြမ်း မှာ လူ နေတာ ။ အဲသည့်ဆိုင် ကို သိမ်းပြီး ရှေ့ က ပိတ် ပစ်လိုက်တယ် ။ ပြည်သူ့ဆိုင် ဆိုင်းဘုတ် တင် လိုက်တာ ။ ကျွန်တော်တို့ က နောက်ဖေးပေါက်ကလေး က ဝင်ပြီး နေရတာ ။

တက္ကသိုလ် မှာ ဒုတိယနှစ် ကို ကျွန်တော် တက်နေချိန် မှာ အဖေ့ အတွက် မန္တလေး မှာ အလုပ် ရတယ် ။ ၂၉ လမ်း က လေယာဉ်ပျံပွဲရုံ မှာ စာရင်းကိုင် ။

အဖေ က မန္တလေး မှာ အခြေချတော့မယ် ဆိုတော့ ကျွန်တော် လည်း မန္တလေး လိုက်လာတယ် ။ ကျွန်တော့် ရည်းစား မရီရီမြင့် က ပြည် က ၊ ကျွန်တော် က ရည်းစား ရှိရာ ပြည် ကို ခဏခဏ သွားတယ် ။ အဲသည့်တုန်း က ကားခ က လည်း နှစ်ဆယ် ပဲ ပေးရတာ ။ ဟင်္သာ တို့ ၊ ခေတ္တရာမန်း တို့ အားလုံး နှစ်ဆယ် ပဲ ။ ကြာတော့ အဖေ လည်း မျက်စိ နောက်တယ် ထင်ပါရဲ့ ။ ၁၉၇၆ ခုနှစ် မှာ မိန်းမ ပေးစား လိုက်တယ် ။

မိန်းမ ကို ပြည် ကနေ မန္တလေး ခေါ်လာတယ် ။ မန္တလေး မှာ အလုပ် မရှိဘူး ။ အဲသည့် အချိန်မှာ ဆည်တော်ကြီး စီမံကိန်း တို့ ၊ မိုးကုတ် ကျောက်မျက်ရတနာ ကော်ပိုရေးရှင်း တို့က ခေါ်တယ် ။ ဒါပေမဲ့ ဝန်ထမ်း မလုပ်တော့ဘူး လို့ နေတယ် ။

တရုတ်တန်းဈေး မှာ တိုလီမိုလီလေးတွေ လင်မယား နှစ်ယောက် ရောင်း ကြတယ် ။ နေ့ခင်းပိုင်း ပေါ့ ။ ညပိုင်း လည်း အားနေတာပဲ ၊ ညဈေးတန်း သွား ရောင်းကြမယ် ဆိုပြီး ဖိနပ် တို့ ၊ ကလေးဘောင်းဘီ တို့ ၊ ဂါဝန် တို့ ၊ ဆပ်ပြာ တို့ ၊ သွားတိုက်ဆေးတို့ ခင်းရောင်းကြတယ် ။ ကတ္တရာလမ်း ပေါ်မှာ နေရာ အတွက် တစ်ပေ လေးရာ ပေးပြီး ဝယ် ခင်းရတာ ။

ဈေးဝယ် ကို ဝယ်ချင် အောင် စကား တအား ပြောရတာ ။ စာအုပ် ရောင်းတာ က စကား သိပ် မပြောရဘူး ။ ဒါ ဘယ်လောက်လဲ တစ်ဆယ် ၊ စာအုပ် လှန်ကြည့် တော့ ဈေးရေးထားတယ် ။ တစ်ဆယ် ။ ပေးသွားတာပဲ ။ ဟိုဟာကျ တအား ပြောရ တာ ။ ဒါ ဘယ်လောက်လဲ ၊ ဆယ့်ငါးကျပ် ၊ တစ်ဆယ် မရဘူးလား ။ မရဘူး ။ ဆယ့်နှစ်ကျပ် ဆိုရင်ကော မကိုက်လို့ပါ ။ အတုလား ၊ အစစ်လား ၊ အရမ်း ပြောရ တာ ။ ဒါနဲ့ ဟိုပစ္စည်းတွေ ဖြုတ်ချလိုက်ပြီး စာအုပ် ရောင်းကြတယ် ။

စာအုပ်တွေ ကို သိန်းတန် စာနယ်ဇင်း တို့ ၊ တိုင်းသမ စာနယ်ဇင်း တို့ က ယူ ရောင်းတယ် ။ နောက်ပိုင်းကျ တိုင်းသမ စာနယ်ဇင်း နဲ့လည်း ဘော်ဒါ ဖြစ်သွား တယ် ။ သူတို့ ဆီ မှာ မရောင်းရတဲ့ ပုံ နေတဲ့ နှစ်ဆွေး လဆွေး တွေ ကျွန်တော် နဲ့ တွေ့ တော့ ရောင်းရတယ် ။ ကျွန်တော် က အဟောင်း အားသန်တော့ တိုင်းသမ ရောက် ရင် ချောင်ဂလောင် ထဲ က ဟာတွေ ဝင် မွှေတယ် ။ ဟိုအောက် ပိနေတာ ဘာတွေတုံး ၊ အကုန် ဆွဲထုတ်ပါဦး ။ သူတို့ က မရောင်းတော့ဘူး ဆိုပြီး သိမ်းထား ပေမယ့် အချို့ဟာတွေ က အမှန်အကန်တွေ ။ ကျွန်တော် က ယူ သွားပြီး ဖျော ၊ သူတို့ ကို လည်း သူတို့ ရောင်းဈေး နဲ့ ငွေသွင်း ။ ကိုယ့် အတွက် လည်း ကိုက် သူတို့ လည်း ဝန်ထုပ်ဝန်ပိုးတွေပေါ့ ။ သူတို့ ကလည်း ပျော်နေတာ ။ သူတို့ အတွက် အရှုပ်ထုပ်တွေ က ကျွန်တော့် အတွက် ရာသီစာတွေလေ ။ ဥပမာ ဆိုပါတော့ လူနှင့် လူ့ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားများ ဆိုတဲ့ စာအုပ် ၊ နိုင်ငံရေးသိပ္ပံ သင်တန်းသားတွေ လာရင် လိုတယ် ။ အထုပ်လိုက် ပေးရုံပဲ ။

စာအုပ် ရောင်းရာမှာ အသစ်သမား က လည်း အသစ်သန့်သန့် ပဲ ရောင်းချင်တာ ။ အဟောင်းသမား ကလည်း အဟောင်း သပ်သပ်ပဲ ရောင်းချင်တာ ။ ကျွန်တော် ကတော့ အဟောင်း နဲ့ အသစ် တွဲ ရောင်းတယ် ။ သည်လို ရောင်းတာ ကျွန်တော် ပထမဆုံး ဖြစ်မယ် ။

ညဈေးတန်း မှာ စာအုပ် ရောင်းရင်း မိတ်ဆွေကောင်း တွေ အများကြီး ကျွန်တော် ရခဲ့တယ် ။ ခေတ်ပြိုင် စာရေးဆရာတွေ မန္တလေး ညဈေးတန်း နဲ့ ပတ်သက် ကြတယ် ။ ပိုင်စိုးဝေ ၊ မောင်ကိုကို ( အမရပူရ ) ၊ ဂျူး ၊ လူမျိုးနော် ၊ ကြည်ဇော်ဝင်း ၊ နောင်ရိုး ၊ စုထား ၊ ပိုင်သ အကုန်လုံး လိုလိုပါပဲ ။ ဖြူမွန် တို့ ၊ ချမ်းအေး တို့ ၊ သိုက်ထွန်းသက် တို့ ၊ ဆူးငှက် တို့ အပါအဝင် ပေါ့ ။

ကျွန်တော့် နေရာ ကလည်း အမှန်အကန်ပဲ ။ ရှေ့တည့်တည့် က ဆီချက် ခေါက်ဆွဲဆိုင် ၊ ဘယ်ဘက် က မုန့်ဟင်းခါးဆိုင် ၊ မုန့်ဟင်းခါးဆိုင် နောက် က အရက်ဆိုင် ၊ ကျောဘက် က လက်ဖက်ရည်ဆိုင် ၊ ညာဘက် က အအေးဆိုင် ၊ လာသမျှ လူတွေ အားလုံး ပျော်တာပေါ့ဗျာ ။ ငွေ ၃ဝဝ ဖိုး ရောင်းရရင် တစ်ရာ့ငါး ဆယ်ဖိုး လောက် မြတ်တာကိုးဗျ ။ အဲသည့် အချိန် က လက်ဖက်ရည် တစ်ခွက် မှ ငါးမူး ။ ထပ်တစ်ရာ တစ်ချပ် ငါးမူး ။ ဆီချက် တစ်လုံး မှ နှစ်ကျပ် ၊ ကြိုက်တာယူ ၊ ကြိုက်သလောက်စား ။ စာအုပ် ရောင်းရလို့ ကတော့ စားပေရော့ပဲ ။ အဲသည့် အချိန် က ကျွန်တော်တို့ မှာ သားသမီး ကလည်း မရှိသေးဘူး ။

စာအုပ်တန်းကြီး ကလည်း စည် လာလိုက်တာဗျာ ။ မောင်သင်းပန် တို့ ၊ ကိုငြိမ်း တို့ လည်း စာအုပ် ထွက် ရောင်းကြတယ် ။ နောက်ဆုံးပိတ် ၂၈ လမ်းထိပ် မှာ ရောင်းနေတဲ့ ကိုထွန်းဦး တောင် ကျွန်တော် တို့ ၂၆ လမ်း ဘက် ပြောင်းလိုက် လာတယ် ။ ဆိုင်းတန်းမီးကြီး လောင် တော့ ညဈေးတန်း ကို တရုတ်တန်း ဘက် ပြောင်း ပစ်လိုက်တယ် ။ အရင် လောက်တော့ မစည်ကားတော့ဘူး ။

ကျွန်တော်တို့ ရန်ကုန် ဆင်းဆင်းပြီး စာအုပ် ဝယ်တယ် ။ အလျဉ်းသင့် သလို ဆင်းဝယ်တာ ။ ရန်ကုန် မှာ အဲသည့်အချိန် က စာအုပ်တွေ သိပ် ပေါတယ် ။ ရန်ကုန် မှာ ငါးကျပ် လောက်ပဲ ပေးဝယ်ရတဲ့ စာအုပ် ကို မန္တလေး မှာ ၃ဝ ၊ ၃၅ ကျပ် ရောင်း ရတယ် ။ ကျွန်တော်တို့ က ရိတ်တာ မဟုတ်ဘူး ။ သူ့ပေါက်ဈေး အမှန်ပဲ ။ မန္တလေး မှာ ၃ဝ ၊ ၃၅ ကျပ် ပေါက် နေတဲ့ စာအုပ် က ရန်ကုန် မှာ ငါးကျပ်ပုံ ထဲမှာ ။ ခြေမှာစကား ၊ လက်ဖျား ကဗျာ တို့ ၊ တောရိုင်းမြေ တို့ ၊ သပိတ်မှောက် ကျောင်းသား တို့ ရန်ကုန် မှာ လေး ၊ ငါးကျပ် ရောင်းတာ ။ ပစ္စည်း ဖောဖောသီသီ ရှိမှု မရှိမှု ကြောင့် ဈေးနှုန်း ဖြစ်နေတာ ။

ကျွန်တော်တို့ ပြန် ရောင်းစရာ စာအုပ် ရဖို့ စက္ကူပိဿာချိန်သမား ထဲ လည်း လိုက် နှိုက်ရတယ် ။ ပုလင်းဝင်း ဆို တစ်နေ့ နှစ်ခေါက်ပတ် နေတာ ။ ပုလင်းဝင်း ၊ မဲအိုးတန်း ၊ ညောင်ပင်ဈေး ၊ ဈေးချို အေရုံ ၊ ကေရုံ ၊ အယ်လ်ရုံ စာအုပ်ဟောင်း ရှိသမျှ နေရာ တစ်မြို့လုံး ပတ် နေတာ ။ အဲသည့် အရသာ ကလည်း သိပ် ကောင်းတယ် ။

အဝေးပြန် တွေဆို ကျွန်တော်တို့ သိပ် မက်တာ ။ အဝေးပြန် ဆိုတာက မြစ်ကြီးနား ၊ ကလေး ၊ တမူး ၊ ကောလင်း ၊ ဝန်းသို စတဲ့ ရပ်ဝေး က ပိဿာချိန် နဲ့ စက္ကူတွေ ဝယ်ပြီး မန္တလေးဒိုင် ပို့လိုက်တဲ့ ဟာ ။ အဲသည့် ထဲမှာ စာအုပ်ကောင်း တွေ အများကြီး ပါတတ်တယ် ။

အချို့ စာကြည့်တိုက် ဖျက်တာ ၊ စာအုပ်စင် ဖြိုတာ ၊ ကုန်သွယ်ရေး က ရှင်း ထုတ်တာတွေ ကျွန်တော်တို့ ဝယ်လို့ မနိုင်ဘူး ။ အချို့ ဝန်ထမ်းတွေ တစ်ရပ် တစ်ကျေး ပြောင်းရတဲ့ အခါ စာအုပ်တွေ သယ် မသွားနိုင်ဘူး ။ စင် ဖြိုရတာပဲ ။

ပုလင်းဝင်း စက္ကူပိဿာချိန် ရောင်းတဲ့ နေရာ ကို ကျွန်တော်တို့ မမက်လို့ မရဘူး ။ အဓိက စာအုပ် ရတာ ပိဿာချိန် ထဲ က ။ စက္ကူဟောင်းတွေ သူတို့ က တစ်ပိဿာ နှစ်ကျပ် ပြန် ရောင်းတယ် ။ ကျွန်တော်တို့ က စာအုပ် တစ်ပိဿာ ငွေတစ်ဆယ် ပေး ဝယ်တယ် ။

ရာဇသတ်ကြီး ဆိုရင် တကယ် ရှားတဲ့ စာအုပ် ပဲ ။ ပြန်လည်.မရိုက်ဘူး ။ H.GP ( အထက်တန်းရှေ့နေ ) ဖြေမယ့် လူတွေ က လိုချင်တယ် ။ Chamber ( တရားရုံး ) ဆင်းတဲ့ လူတွေ ကလည်း လိုချင်တယ် ။ ပုလင်းဝင်း မှာ ရလို့ ချိန် လိုက်ရင် ကျွန်တော် တို့ သိတယ် ။ တစ်ဆယ့်နှစ်ကျပ်ခွဲသား ရှိတယ် ။ တစ်ပိဿာ တစ်ဆယ်နှုန်း နဲ့ ဝယ်တော့ ငါးမတ် ပဲ ပေးရတယ် ။ ကျွန်တော်တို့ အဖုံး ဖုံးပြီး သေသေသပ်သပ် ဖြစ်အောင် ပြန်လုပ် ၊ ဆိုင်ပေါ် ရောက် သွားရင် အစိတ် ၊ သုံးဆယ် ပြေး မလွတ်ဘူး ။ မိတ္တဗလဋီကာ ဆိုရင် တစ်စုံလုံး မှ ၁၅ ကျပ်သား ။ ဝယ်တော့ တစ်ကျပ်ခွဲ ၊ နှစ်ကျပ် ၊ ရောင်းလိုက်ရင် သုံးဆယ် ။ ပုလင်းဝင်း ကို ကျွန်တော်တို့ မမက်လို့ မရဘူး ။

ညဈေး ရောင်းရင်း ကိုဘုန်းမြင့် ရယ် ၊ ကိုထွန်းထွန်း ရယ် ၊ ကျွန်တော် ရယ် သုံးယောက် တိုင်ပင်တယ် ။ သည်လိုပဲ ညဈေး ရောင်းနေရုံ နဲ့တော့ မအိုကေဘူး ။ နေ့ခင်း အရောင်းဆိုင်လေး တစ်ဆိုင် သားသားနားနား ဖွင့်ရင် အဆင်ပြေမယ် ပေါ့ ။ အဲသည်တုန်း က ကျွန်တော်တို့ မှာ ငွေတစ်သောင်း မရှိဘူး ။ ဆိုင်ခန်း က စပေါ် တစ်သောင်း ၊ လခ သုံးရာ ။ ကျွန်တော်တို့ သုံးယောက် စပ်တာ ငွေ မပြည့်ဘူး ။ ရှာရဖွေရတာ ပြာနှမ်း နေတာပဲဗျာ ။

နောက် ၈၄ လမ်း မှာ အခန်းလေး တစ်ခန်း ရတယ် ။ ဒေါင်းအိုးဝေ ဆိုတဲ့ နာမည် နဲ့ နေ့ခင်း ရောင်းတဲ့ စာအုပ်ဆိုင်လေး စုပေါင်း ဖွင့်ကြတယ် ။ ရောင်းရ သမျှ ကို စာအုပ် ထပ် ဝယ်ပြီး ဆိုင်ကလေး ထဲ ဖြည့် ၊ ဖြည့် ၊ ဖြည့် နဲ့ စားတောင် မစားလိုက်ရဘူး ။ ၁၉၈၄ ခု မန္တလေး ကို မီးကြီး အကြီးအကျယ် လောင်တော့ ဆိုင်ကလေး ပါသွားတယ် ။ မီး ဝါးလို့ ပွဲသိမ်းပြီး လမ်းဘေး ပြန် ရောက်သွားတာ ပေါ့ ။ ညဈေးတန်း မှာ ဈေးရောင်း ၊ ဈေးရောင်း ။

ကျွန်တော့် သူငယ်ချင်း ပန်းချီဆရာ ကိုချမ်းအေး က အိမ်ထောင် ကျတယ် ။ သူ့ မိန်းမ ဖြူမွန် က နေ့ခင်းဆိုင် ဖွင့်ရအောင် ပြောပြန်တယ် ။ ငွေကလေး ရှာဖွေ စုပေါင်းပြီး ၈၄ လမ်း ပေါ်မှာ အခန်းငှားတယ် ။ ဥတ္တရလွင်ပြင်အမည် နဲ့ ဆိုင်ကလေး စပ်တူ ဖွင့်ကြတယ် ။ ငွေစက္ကူ တရားမဝင် ကြေညာလိုက်တဲ့ အခါ ဆိုင် ရောင်းရငွေ အချို့ ပါသွားလို့ ဆိုင် က ခါးပြတ် သွားကရော ။ ဆိုင်ကို ကြိုးစား လည်ပတ်ပြီး နောက်ပိုင်းမှာ ကိုချမ်းအေး က ရှယ်ယာ ခွဲသွားတယ် ။ ယခုတော့ ဥတ္တရလွင်ပြင် စာအုပ်ဆိုင် ကို ကျွန်တော် တစ်ယောက် တည်း ဆက် လုပ်နေတယ် ။

ဆိုင် တကာ့ ဆိုင် ထဲမှာ ခိုးရတာ အလွယ်ဆုံး က စာအုပ် ပဲ ။ ခိုးတဲ့ သူတွေ က တော့ ခိုးသလား မမေးပါနဲ့ ။

တစ်ခါက ရတနာသုံးပါး ဂုဏ်ကျေးဇူး ဆိုတဲ့ စာအုပ်ကို ယူတဲ့ သူ က စင်ပေါ်  ကနေ လှစ်ခနဲ ယူပြီး သူ့  ကိုယ် မှာ အဝှက် ၊ ကျွန်တော် က လည်း စင်နောက် က အထွက် တည့်တည့်ကြီး တိုး ပါလေရော ။ ဘယ့်နှယ် လုပ်မလဲ ။ ကျွန်တော် က လည်း ရယ်သလို မောသလို နဲ့ ‘ မြင်တယ်နော် ’ လို့ ပြောလိုက်တယ် ။ သူ ကလည်း ရယ်ရွှန်းဖတ်ရွှန်း နဲ့ ‘ မြင်တော့လဲ ပြန် ထားရသေးတာပေါ့နော် ’ ဆိုပြီး ပြန်ထား သွားသဗျာ ။

အင်တာနက် အသုံးပြုနည်း ဆိုတဲ့ စာအုပ် ၊ ချာတိတ် တစ်ယောက် ဖတ် နေတယ် ။ ခဏနေ တော့ အခြား တစ်ယောက် ရောက်လာပြီး အင်တာနက် အသုံးပြုနည်း စာအုပ် ရှိသလား မေးတယ် ။ ရှိတယ် သည် စင်ပေါ်မှာ ၊ ရှာတယ် ၊ မတွေ့ ဘူး ။ သေသေချာချာ ထပ်ရှာတယ် ။ မရှိတော့ဘူး ။ ကိုယ့် ဆိုင် ကလည်း သုံးလေး အုပ် ဝယ် မတင်နိုင်ဘူး ။ စာအုပ်ဈေးတွေ က ကြီးလို့ သည်တစ်အုပ် ပဲ ဝယ်နိုင်တာ ။ ခုနက ရှိတယ် ။ ခု မရှိတော့ဘူး ။ ဒါနဲ့ ကဲ ချာတိတ် မင်းကို ရှာရမယ် ဆိုပြီး ရှာတော့ ကျောပိုးအိတ် ထဲ က တွေ့တယ် ။ ဆိုင်တံဆိပ်တုံး နဲ့ ။ ဘယ်အချိန် က ဘယ်လို ကျောပိုးအိတ် ထဲ ထည့် လိုက်သလဲ မသိဘူး ။ လျင်လိုက်တာ ။ ဘယ်လို ဖြစ်တာလဲ မေးတော့ ကျွန်တော် ယောင် သွားလို့တဲ့ ။ ကိုယ့် အိမ် မှာပဲ ကိုယ် ယောင်တာ ကောင်း တာကွာ ၊ သည် လာ မယောင်နဲ့ လို့ ပြောလိုက်ရတယ် ။

တချို့ကလည်း အတည် ပေါက်ဗျ ။ စာအုပ်စင် က စာအုပ်တွေ ရွေးတယ် ၊ ကောင်တာ စားပွဲမှာ စာအုပ်တွေ တစ်ထပ်ကြီး ပုံထားတယ် ။ ပြီးတော့ ထပ်ရွေး တယ် ။ လာပြီး ထပ်ပုံတယ် ။ နောက် စံဇာဏီဘိုလေး တစ်အုပ် ကို ယူလာပြီး ကောင်တာ မှာ ငွေရှင်းတယ် ။ ပြီးတော့ ခုနက ချထားတဲ့ စာအုပ် ထပ်ကြီး ခပ် တည်တည် ပွေ့ပြီး ထွက် သွားပါလေရောဗျာ ။

စာအုပ် ရောင်းတာ က တစ်အုပ် ရောင်းရ မှ ငါးရာခိုင်နှုန်း လောက်ပဲ မြတ် တာ ။ သူခိုး လက် ထဲ တစ်အုပ် ပါ သွားရင် သေရော ။

▢ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment