❝ မျက်ဖြူတော့ ဆိုက်ပါပြီ ❞
( ကြပ်ကလေး )
( ၁ )
ကြော်ငြာ ကို ကြည့်၍ ကျွန်တော် အတော်ပင် ဝမ်းသာမိပါသည် ။
‘ အလိုရှိသည် ’
အင်္ဂလိပ်စကား ကို ကောင်းစွာတတ်သည့် ကလေး တစ်ယောက် အား မြန်မာစာ ကို အတန်းမြင့်မြင့် သင်ပေးနိုင်သူ အလိုရှိသည် ။ လျှောက်ထားသူ သည် ရန်ကုန်ကောလိပ်ကျောင်း မှ ဝိဇ္ဇာဘွဲ့ ရသူ ဖြစ်ရမည့် အပြင် မြန်မာစာ ကို လည်း နှံ့စပ်အောင် သင်ကြား နိုင်ရမည့် သူ ဖြစ် မည် ။ သတိ - သင်ပေး ရမည့် ကလေး မှာ မြန်မာစကား ကို မူ ရည်ရည်လည်လည် ပြောတတ်သည် ။ လစာ ကို အရည်အချင်း နှင့် အချိန်ကာလ အလိုက် ပေးပါမည် ။ စာတိုက်သေတ္တာ နံပါတ် ( ... ) သို့ လျှောက်လွှာ တင်သွင်းပါ ။
ကြော်ငြာ ကို ကြည့်၍ ကျွန်တော် အတော်ပင် ဝမ်းသာမိပါသည် ။ ထို့ကြောင့် လျှောက်လွှာကို ချက်ချင်းရေး၍ တင်လိုက်ရာ သုံးရက် ကြာသော ကာလ၌ အလုပ် ခေါ်ဆိုသော စာ ကို အိမ်လိပ်စာ နှင့် တကွ ပြန်လည် ရရှိပါသည် ။
( ၂ )
အိမ်ကြီး ကား နှစ်ထပ်အိမ် ဖြစ်၍ ကျယ်ဝန်း တိတ်ဆိတ်လှ၏ ။ ပိတ် ထားသော သစ်သား တံခါးကြီး ကို ကြည့်၍ ခေါက်ရ ကောင်းမလား ၊ ချောင်းဟန့်သံ ပေးရ ကောင်းမလား ဟု စဉ်းစားနေမိ ပါသည် ။ လူခေါ် ခေါင်းလောင်းကလေးများ ရှိလေမည်လား ဟု တံခါး ပတ်ဝန်းကျင် ကို ဟိုဟိုသည်သည် ကြည့်ပါသော်လည်း ကြိုးနှင့် တူသည့် တီကောင် ကို ပင် မတွေ့ ရပါချေ ။
တံခါးကိုပင် ခေါက်ရပါ တော့မည် ။ နောက်ထပ် အချိန်ဖြုန်း မနေ တော့ဘဲ တံခါး ကို အရှိန်ပြင်း စွာ ခေါက်လိုက်မိရာ ကိုယ့် အတတ် ကိုယ် စူးပြီး လက်ခေါက်များ ပင် နာသွားပါတော့သည် ။
သို့သော် အထဲ က ဘာသံမျှ မကြားရပါ ။ ထို့ကြောင့် ထပ် ခေါက်ရပါဦးမည် ။ ဤ တစ်ကြိမ်တွင် မူကား ခပ်ဖြည်းဖြည်း သာ ခေါက်တော့မည် ဟု လက်ကို မြှောက်လိုက်ကာ မှ တံခါးကြီး မှာ ကျွီခနဲမြည် ၍ ပွင့်ဟသွားလေ တော့ရာ ကျွန်တော့်မှာ ယောင်၍ မြှောက် ထားသော လက်ဖြင့် တံခါးအဝ မှ ထွက်ပေါ် လာသော အမွေးများ ကို ဆွဲလိုက်မိတော့၏ ။
“ အိုး ... အား ... ရှူး ”
အမွေးများ နောက်မှ မျက်နှာကြီး တစ်ခု ထွက်လာသည် တွင် မှ ကျွန် တော် ဆွဲမိသည် မှာ ကြောက်စရာကောင်းလှသော လူဝံတစ်ကောင် ၏ အမွေးများ မဟုတ်ဘဲ ကု,လားကြီး တစ်ယောက် ၏ မုတ်ဆိတ်မွေး မျှသာ ဖြစ်ကြောင်း သိမြင်နားလည် လာမိတော့သည် ။
“ ခင်ဗျား ဘာကြောင့် ကျွန်တော့် မေးစေ့ က ဆံပင်တွေ ကို ဆွဲသလဲ ”
ကု,လားကြီး က မြန်မာလို မေး၏ ။
“ အချိန် နည်းနေလို့ ဖြေရှင်းခွင့် မရတာကို ဝမ်းနည်းပါတယ် ။ ကလေး ကို မြန်မာစာ သင်ပေးဖို့ ကျွန်တော် လာခဲ့ပါတယ် ”
မြန်မာ ဖြစ်သော ကျွန်တော် က အင်္ဂလိပ်စကား ဖြင့် ပြန် ဖြေပါသည် ။ ကျွန်တော့် စကားကို ကြားရသောအခါ ကု,လားကြီး ၏ မျက်နှာမှာ သင်္ကြန် တွင်း က နိုင်လွန် အင်္ကျီ နှင့် ရေပက်ခံရသော မိန်းမပျို ၏ ကျောကုန်း ကဲ့သို့ ရှုံ့တွ သွားပြီးမှ ၎င်း မိန်းမပျို ၏ တင်ပါးကလေး ကဲ့သို့ ချောမွတ် ကြည်လင်လာ၏ ။
“ လာပါ လာပါ ... အထဲမှာ စကား ပြောရအောင် ”
သူ့ ဖိတ်ခေါ်ချက် အရ ကျွန်တော် လိုက်ပါသွားခဲ့၏ ။ ဧည့်ခန်းတွင် ကောင်းကောင်း မွန်မွန် နေရာ ပေး၍ အေးအေးဆေးဆေး ပင် စကား ပြောကြပါသည် ။
“ ခင်ဗျား ဘယ်ဒီဝီဇံ က အောင်ခဲ့သလဲ ”
သူ ဘာကို မေးသည် ကို ကျွန်တော် နားမလည်ပါ ။
“ ခင်ဗျား ဘာကို ဆိုလိုပါသလဲ ”
“ ခင်ဗျား ဘီအေ အောင်တာ ဘယ် ဒီဗီးရှင်း က အောင်လာ သလဲလို့ မေးတာ ”
“ ဪ .. ဒီဗီးရှင်း ကို ပြောတာလား ”
“ ဟုတ်တယ်လေ ၊ ဒီဗီးရှင်း ကို မြန်မာလို ဒီဝီဇံ လို့ ခေါ်တယ် မဟုတ်လား ”
“ ဟုတ်တော့ ဟုတ်တာပေါ့ ၊ ဒါပေမဲ့ စကား တစ်လုံး ကို နေရာတိုင်း မှာ အသုံးအနှုန်း နဲ့ ယှဉ်ပြီး သုံးရင် မှားတတ်တာပေါ့ ။ ဥပမာ - ဘတ္တားဆို တာ ထောပတ် မဟုတ်လား ။ ဖလိုင်း ဆိုတာ ယင်ကောင် ပေါ့ ။ ဒါပေမဲ့ ဘတ္တားဖလိုင်း ကို မြန်မာလို ' ထောပတ်ယင်ကောင် ' လို့ ပြန်ဆို လိုက်ရင် မြန်မာ မပြော နဲ့ ၊ ကျွန်တော် တောင် နားမလည်ဘူး ”
ကု,လားကြီး မှာ ကျွန်တော့် စကားကြောင့် ကြောင်တောင်တောင် ဖြစ် သွားရှာပါသည် ။
“ နေပါဦး .. ခင်ဗျား က ကော မြန်မာ မဟုတ်ဘူး လား ”
“ ဟုတ်တယ်လေ ၊ မြန်မာစစ်စစ် ပေါ့ ။ တစ်ပေါင် ယူရင် ခုနစ်ကျပ်ခွဲ ၊ နှ စ်ပေါင်ယူတော့ ဆယ့်လေးကျပ် ပဲတ င်းနဲ့ ရမယ်ဆိုတဲ့ မြန်မာစစ်စစ် ပေါ့ ”
“ ဘယ်က ပေါင်တွေ ၊ ခြေသလုံးတွေ ပါလာရတာလဲ ။ ခင်ဗျား စောစောက ပြောတော့ မြန်မာ မပြောနဲ့ ၊ ကျွန်တော် တောင် နားမလည်ဘူးဆို ”
“ အင်း ... ကျွန်တော် လျှာလည် ပြီး စကားတွေ မှားကုန်လို့ ပါ ”
“ ခင်ဗျား ကို အလုပ် ခန့် လိုက်ပြီ ။ ခင်ဗျား သိပ်တော်တယ် ။ ခင်ဗျား ပြောတဲ့ စကားတွေ ဟာ သိပ် အဆင့်အတန်း မြင့်တယ် ။ ကျွန်တော် ဘာမှ နားမလည်ဘူး ။ လခ တော့ နှစ်ရာ ယူပါ ။ ညခုနစ်နာရီ က ကိုးနာရီ အထိ လာလာသင်ပါ ။ ကျေနပ်ရဲ့ မဟုတ်လား ”
“ ကျေနပ်ပါတယ်ဗျာ ၊ ဒါထက် စာသင်မယ့် ကလေး ကော ”
ကု,လားကြီး မှာ သူ့ ရင်ဘတ် ကို ပုတ်ပြပါ၏ ။
“ ခင်ဗျား ရင်ဘတ် ဘယ်မှာ မေ့ကျန်ရစ်ခဲ့သလဲလို့ မေးတာ မဟုတ်ဘူး ဗျ ။ မြန်မာစာ သင်မယ့် ကလေး ကို မေးတာ ”
“ ဟုတ်တယ်လေ ၊ အဲဒါကို ဖြေ နေတာပေါ့ ။ ကျွန်တော် သင်မယ်လေ ဆရာ ”
ကျွန်တော့် မျက်နှာ မှာ ပေါက်သွားသော ဘောလုံး ကဲ့သို့ ရှုံ့ခွက်သွားသည် ဟု ထင်မိပါတော့ သည် ။
“ ခင်ဗျား က ကလေးလား ”
“ ကလေး တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ကြော်ငြာရမှာ ရှက်လို့ ကလေး လို့ ကြော်ငြာတာပါ ။ အခု မြန်မာစာ ကို ရုံးသုံး ဆိုတော့ ကျွန်တော် တတ်ချင်လာရတာပေါ့ ။ ကျွန်တော့် နာမည်က ဒေးဗစ် လေ ။ အဲဒီ နာမည် ကို မြန်မာ လို ပြန်ဆိုပေစမ်းပါ ”
အဲဒါမှ ကျပ်လှပါတော့သည် ။ ဘာသာပြန်စာပေအသင်း က တောင် နာမည် ကို ဘာသာပြန်ရိုး ထုံးစံ မရှိပါ ။ တစ်ခါတစ်ရံ တရားဟော ဓမ္မကထိက ပုဂ္ဂိုလ် အချို့ သော ပါဠိ အမည်များ ကို မြန်မာလို ပြန်လေ့ ရှိကြပါသ ည် ။
“ ဒေးဗစ် ကို မြန်မာ လို ပြန်ရမယ်လား ”
“ ဟုတ်ကဲ့ ... ဆရာ ”
“ ဒေးဗစ် ပဲ ပေါ့ဗျ ”
“ ဟာ ... ဒါ အင်္ဂလိပ်နာမည်ပဲ ။ တော်တော်ကြာ မြန်မာအစိုးရ က နာမည်တွေ မြန်မာ လို ပြန်ရမယ် ဆိုရင် ခက်မယ် ။ ရအောင်သာ ပြန်ပေးစမ်းပါ ”
ကျွန်တော် လခ နှစ်ရာကို အလွတ် မခံနိုင်ပါ ။ ကြိုးစားရပါတော့မည် ။
“ ဒေးဗစ် ကို မြန်မာလို ပြန်ရင် ‘ ငတိ ’ ၊ ပေါ့ဗျ ”
“ ဟင် ... ဘယ့်နှယ် နာမည် လဲ ။ မြန်မာလူမျိုးတွေ ကို ကျွန်တော် သိ သမျှ ထဲမှာ ဒီ နာမည်မျိုး လည်း မပါပါလားဗျ ”
“ ဘယ်ပါမလဲ ၊ မြန်မာတွေ က မွေး ကတည်းက မြန်မာ နာမည် မှည့် ထားတာ ၊ ခင်ဗျား နာမည် က ဘာသာပြန် နာမည်ကြီးပဲ ”
“ ဒါဖြင့် ဘာသာ မပြန်ပါနဲ့ တော့ ၊ ကျွန်တော့် ကို မြန်မာနာမည် စစ်စစ် သာ မှည့်ပေးပါ ဆရာ ”
ကု,လားကြီး မှာ လေသံ ပျော့သွားရှာပါသည် ။
“ ဪ ... မြန်မာနာမည် စစ်စစ် လား ၊ ရမယ် ... မြန်မာနာမည် စစ်စစ် မှ တစ်ပေါင် ခုနစ်ကျပ် ခွဲ ... ”
“ တော်ပါတော့ ဆရာ ၊ နာမည် ကို သာ ပြောပြပါ ”
“ ခင်မောင်ရင် ... လို့ မှည့်ပေါ့ ”
“ ဟာ ... နာမည် က သုံးလုံး တောင် လား ၊ သုံးလုံး ဟာ ရခိုင် နာမည် ဆို ”
“ တူတူပေါ့ဗျ ၊ ရခိုင် လည်း မြန်မာ ပဲဟာ ။ ဒါ ပြည်ထောင်စု ဗျ ”
ကျွန်တော် စားပွဲ ကို ပုတ်ရင်း ပြော လိုက်ပါသည် ။
“ ဒါ ပြည်ထောင်စု မဟုတ်ပါဘူး ။ ကျွန်တော့် စားပွဲပါ ”
ကု,လားကြီး က တစ်ပန်းသာ သွားပါတော့သည် ။ နောက်ဆုံးတွင် သူ့ နာမည် သူ ရွေးကာ ယဉ်ယဉ်ကျေး ပင် “ နောင်ဒိုင်း ” ဟု ကင်ပွန်းတပ်ခြင်း ခံယူ လိုက်ပါတော့သည် ။ ဒေးဗစ် ခေါ် နောင်ဒိုင်း မှာ မြန်မာစာ ကို တော်ရုံတန်ရုံ မျှသာ တတ်ချင်သူ မဟုတ်ပေ ။ ဆရာကြီးလုစ် တို့ လောက် တတ်ချင်နေသူ တစ်ယောက် ဖြစ်လေသည် ။ မြန်မာလင်္ကာများ ၊ စကားပြေများ ၊ လင်္ကာစပ် စကားပြေ များကို ကောင်းစွာ ထုတ်နုတ် တ်မြောက်ချင်သူ ဖြစ်ရကား ကကြီး ၊ ခခွေးတည်း ဟူသော သင်ပုန်းကြီး မှ စ၍ သင်ပေးရသော ကျွန်တော့် မှာ များ စွာပင် အခက် တွေ့နေရပါ တော့သည် ။
သို့သော် ' ဦးနောင်ဒိုင်း ' က လည်း အတော်ပင် ကြိုးစား ရှာပါသည် ။ ဤသို့ဖြင့် တစ်နေ့ တစ်လံ ပန်းကန် ၊ မီးဖိုချောင် ရောက် ဟူသော စနစ်ဖြင့် သင်ကြား လာခဲ့ပေရာ ကျွန်တော့် တပည့် မှာ များ စွာပင် တတ်မြောက် လာပြီ ဖြစ်၍ ကမ္မဝါစာ ကို ပင် ဖတ်နိုင် လာပြီ ဟု ယူဆ လာခဲ့ရပါတော့သည် ။ ခြောက်လ မျှ ကုန်ဆုံးခဲ့ ပြီးနောက် ကျွန်တော် အရည်အချင်းစစ် မေးပွဲ လုပ်မည် ဟု ရက်ချိန်း ပေး လိုက်ပါသည် ။ ဦးနောင်ဒိုင်း မှာ ကျွန်တော်၏ ဂရုစိုက် သင်ကြားမှုကြောင့် စာလုံးပေါင်းသ,တ်ပုံ တွင် များစွာ သေချာမှန်ကန်သူ ဖြစ်သည့် အပြင် များစွာသော သမာသ်နာမ် တို့ ၏ တစ်လုံးချင်း အဓိပ္ပာယ် များကို နားလည်ထားပြီ ဟု ယူဆရပါ၏ ။ မည်သို့ပင် ဖြစ်စေ စာမေးပွဲ လုပ်ကြည့် မှ အရည်အချင်း ကို သိရမည် ဖြစ်သဖြင့် စာမေးပွဲ လုပ်ရခြင်း ဖြစ်ပါသည် ။
ကျွန်တော် ၏ မေးခွန်းစာရွက် မှာ တစ်ရွက် သ,တ်သ,တ် ၊ သူ့ အဖြေစာရွက် မှာ တစ်ရွက် သ,တ်သ,တ် စီ ပင် ဖြစ်ငြား သော်လည်း စာရှုသူတို့ ရှင်းလင်းစေရန် မေးခွန်း တစ်လှည့် ၊ အဖြေ တစ်လှည့် ဖော်ပြ လိုက်ရပါသည် ။
မေးခွန်း ( ၁ ) ။ ။ အောက်ပါတို့ ကို ရှင်းလင်းပြပါ ။
( က ) ကံ
( ခ ) မူလ ၊ မူလီ
အဖြေ ။
( က ) ကံ ဆိုသည် မှာ ကုသိုလ်ကံ ၊ အကုသိုလ်ကံ ၊ လှော်ကားကန် နှင့် ဂျိုးဖြူ ကန်အပြင် များစွာ ကျန်ရှိနိုင်ပါသေးသည် ။
( ခ ) မူလ ဆိုသည် မှာ သစ်ပင်ရင်းမြစ် ဖြစ်၍ မူလီ မှာ အိမ်များ ၏ အောက်ခြေများ တွင် အများအပြား စုပ်ထားသည် ကို တွေ့နိုင်ပါသည် ။
မေးခွန်း ( ၂ ) ။ ။ အောက်ပါတို့ ကို တိုတိုတုတ်တုတ် ဖြေဆိုပါ
( ၁ ) လင်္ကာဒီပကျွန်း ပေါ် ၌ ဝိဇယ နှင့် ချစ်ကြိုးသွယ် သော ဘီလူးမ အမည် ကို ရေးပါ ။
အဖြေ ။ ။ မင်းသုဝဏ် ဖြစ်ပါသည်
( ၂ ) မဏိမေခလာ ဟူသည် အဘယ်နည်း ။
အဖြေ ။ ။ မာရ်နတ် ၏ ဆင် ဖြစ်ပါသည် ။
မေးခွန်း ( ၃ ) ။ ။ သူတော်ကောင်း ဥစ္စာ ခုနစ်ပါး ကို ဖော်ပြပါ ။
အဖြေ ။ ။ ပရိက္ခရာ ရှစ်ပါး မှ အပ် ကို နုတ်လိုက်လျှင် သူတော်ကောင်းဥစ္စာ ခုနစ်ပါး ကို ရပါသည် ။
မေးခွန်း ( ၄ ) ။ ။ အောက်ပါကဗျာ ကို ပိဏ္ဍတ္ထ ပြန်ဆိုပါ ။
စက်ရှင်ပတ်လည် ၊ ဝင်းဝင်းကြည်သား ၊ ကိုးမည်ရတနာ ၊ တည်ရာ အောင်ချက် ၊ ကျွန်းသန်လျက်ဝယ် ၊ ရှေးဆက်မြတ်ကျော် ၊ လောင်းရှင်တော်လျှင် ၊ သိမျှော်သစ္စာ ၊ ပွင့်ဆုရှာ၍ ၊ နတ်ရွာလူ့မြေ ၊ ကိုးကွယ်စေဟု ၊ ဘုံနေနတ်သား ၊ ရေချမ်းဖျားက ၊ နဂါးဗိမာန် ၊ လှူသောဟန်လျှင် ၊ သဏ္ဌာ န်မပြား ၊ ရွှေစင်သားဝယ် ၊ ထွားထွားပွင့်သစ် ၊ ပုလဲနှစ်သို့ ၊ သနစ်လွှဲပြော င် ၊ မွေရှင်ရောင်နှင့် ၊ တောက်ပြောင် မဆုံး ၊ နေ့ညဉ့်ဖုံးသည် ။ သောင်းလုံးပတ်လည် ရွှင်တော့သည်
အဖြေ ။ ။ ဝင်းဝင်းကြည် မည်သော မြန်မာမိန်းမ ၏ သား ၊ စက်ရှင် မည်သော တရုတ်ကလေး သည် ပတ်ချာလည် သဖြင့် ရတနာသုံးပါး ကို ခိုကိုးမည်ဟု ကြံစည်လေ၏ ။ အောင်ချက် ဆို သူ တည်ရာဖြစ်သော သန်လျက်ကုန်ဆုံးသည့် ဌာနဝယ် ၊ ရှေးအဆက်ဆက် က မ တ်ကျော်မည်သော ဘုရားအလောင်းတော် သည် သစ္စာပန်းပွင့်သည့် ဆု ကို ရှာဖွေသိမြင် ၍ နတ်တို့ ၏ ရွာ ဖြစ်သော လူတို့ ၏ မြေကြီး ၌ ကိုးကွယ်ပါစေဟု ဘုံကလေး နှင့် နေသည့် ရေချမ်း အမည် ရှိသော နတ်သား ဖျား စဉ် က နဂါးများ ဖြင့် ပြုလုပ် ထားသော တရုတ်ဗိမာန် ကို လှူသကဲ့သို့ ပုံသဏ္ဌာန် မပြားသော ( ဝါ ) လုံးသော ရွှေစင်ဖြင့် ပြုလုပ်သော သား ကို ဝယ် လေ၏ ။ ထို သား သည် ပွင့်သစ်စ ပန်းကဲ့သို့ ထွားထွားကြီး ဖြစ်နေသော ပုလဲနှစ်လုံး ကဲ့သို့ အဖြစ်သနစ်များ တောက်ပကုန်စင် နေသည့် မြွေအရှင် ၏ အရောင် ကဲ့သို့ မသေမချင်း တောက်ပ ကုန်စင်နေလေရာ နေ့ရော ညဉ့် ပါ သူ့ ကို ဖုံးထားလိုက်မှ ပတ်ဝန်းကျင် ၌ နေထိုင်ကြသော လူအယောက် တစ်သောင်းလုံး ပျော်ရွှင်ကြရလေတော့သည် ။
မေးခွန်း ( ၅ ) ။ ။ “ လသာသောည ” အကြောင်း ကို စာစီကုံးပါ ။
အဖြေ ။ ။ လသာသောည
လ သည် ကောင်းကင်၌ အမြင့်ကြီး ဖြစ်နေသည် ။ သူ သည် တိမ်တို့ ၏ ရှောင်ကြဉ်ခြင်း ခံရ သဖြင့် ကြည်လင်သန့်ရှင်း နေလေသည် ။ လေ သည် ထင်းရှူးပင်များ အကြား၌ ညည်းညူနေ၏ ။ ငွေပြားကြီး ခင်းထား သကဲ့သို့ ဖြစ်နေသော ကန်ရေပြင် ၏ ဆံပင်အကောက်လေးများ သည် မြင်ခြင်း ကို ခံနေရလေသည် ။
ငှက်ကလေး တစ်ကော င်သည် မိုးကောင်ကင် ၌ အမြင့်ကြီး ပျံသန်း နေရာမှ အောက်သို့ ဒိုင်ဗင် ထိုး ဆင်းလာခဲ့သည် ။ လရောင်ခြည်သည် ကန်ရေပြင် ကို နှုတ်ခမ်းချင်း စုပ်နေသော နေရာ၌ ငါးကလေး သည် လျှောတိုက်၍ သွားနေသည် ။
ည ၏ တိတ်ဆိတ်ခြင်း သည် ငါ ၏ တစ်ယောက်တည်း နေခြင်း နှင့် တွဲဖက် အဖော် ပြုလှာသည် ။
အိုး ... ဘယ့်ကလောက် နှစ်သက် အားရစရာ ကောင်းလှသည့် လ သာသော ည ဖြစ်ပါ သနည်း ။
( ၃ )
ဤကား ‘ ဦးနောင်ဒိုင်း ’ ၏ အဖြေလွှာများ ပေတည်း ။
မျက်ဖြူ တော့ ဆိုက်ပါပြီ ။
သို့သော် ဆရာ မကြိုက်ပါ ။
အဘယ့်ကြောင့် ဆိုသော် မျက်ဖြူဆိုက်သည် မှာ လူနာ မဟုတ်ပါ ။
ဆရာ သာ ဖြစ်ပါသည် ။
မျက်ဖြူ တော့ ဆိုက်ပါပြီ ။
သို့သော် ဆရာ မကြိုက်ပါ ။
လူနာ အစား ဆရာ က မျက်ဖြူ ဆိုက် နေရပါပြီ ။
▢ ကြပ်ကလေး
📖 နှစ်ငါးဆယ် ရွှေရတု တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း
.
No comments:
Post a Comment